← Chapters

အခန်း (၃၀၁)

Vol. 21 Ch. 301

အခန်း (၃၀၁)

Vol. 21 Ch. 301

အလွန်ထူးဆန်းပြီး အစွမ်းထက်သော ဓားသမား၏ ရုတ်တရက် ကယ်တင်ခြင်းကို ခံလိုက်ရသည့်အတွက် လီရှင်းကုံက အိပ်မက်မက်နေသလို ခံစားနေရသည်။ သူက ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး ဓားသမားကို ကျေးဇူးတင်ကြောင်း ပြသလိုက်၏။ မဟုတ်လျှင် သူ့ကို အထင်သေးသွားသလို ဖြစ်သွားနိုင်သည့်အတွက် သူ့စိတ်က ပြောင်းလဲသွားနိုင်၏။

သို့သော် လီရှင်းကုံက မအောင်မြင်ခဲ့ပေ။ ဓားသမား၏ နောက်လိုက်ကပင် စွမ်းအား အလွန်များပြားနေကြောင်း တွေ့လိုက်ရသည်။ သူကတော့ ထိုအစေခံထက်ပင် အဆပေါင်းများစွာ ပို၍ အားနည်းနေသေး၏။ အဆိုးဆုံး အခြေအနေကတော့ သူက ယခုထိ လှုပ်ရှား၍ မရနိုင်သေးခြင်း ဖြစ်သည်။ ထို့ပြင် လီရှင်းကုံက မည်သည့်အရာမျှ မလုပ်နိုင်သော်လည်း ဓားသမား၏နောက်လိုက်က သူ့ဒဏ်ရာကို ကုသပေးနေသည်။

"ဒီနောက်လိုက်က တော်တော်လေး အစွမ်းထက်တာပဲ…"

လယ်သမားတစ်ယောက်နှင့် တူသော ကျန်းဟန်ချွန်ကိုကြည့်ပြီး လီရှင်းကုံက ပို၍ပင် ထိတ်လန့်သွားခဲ့၏။

အဖြူဝတ်ဓားသမားက နောက်ကျောပေးထားသေးသော်လည်း နောက်ဆုံး အသက်ရှင်ကျန်နေသူက အလျင်စလို မလုပ်ရဲပေ။ သူက အထိတ်ထိတ် အလန့်လန့်နှင့် ပြန်ဖြေလိုက်၏။

"မြွေဘုရင်က ဟန်စန်းနမ်နဲ့ တခြားခေါင်းဆောင်တွေကို သိမ်းပိုက်ချင်နေတာ..။ သူ့ကို အစ်ကိုလီက ငြင်းဆန်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့ကသာ အစ်ကိုလီကို သတ်ပေးမယ်ဆိုရင် ငွေကြေးအမြောက်အများပေးမယ်လို့ ကတိပေးခဲ့တယ်... ။ ပြီးတော့ အစ်ကိုလီရဲ့နေရာနဲ့ တခြားခေါင်းဆောင်တွေရဲ့နေရာကိုတောင် ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်..။ ကျွန်တော်တို့က လောဘကို မထိန်းနိုင်တဲ့အတွက် စိတ်လွတ်သွားခဲ့မိတာပါ... "

"ငါက မင်းတို့ရဲ့အစ်ကိုလီ မဟုတ်တော့ဘူး... "

လီရှင်းကုံက ဒေါသထွက်နေသည်။ သူ့ဒဏ်ရာက နာကျင်နေခဲ့၏။

အသက်ရှင်ကျန်နေသူက ခေါင်းသာညိတ်နေပြီး နောက်တစ်ကြိမ် ထပ်မပြောရဲချေ။ သူက အဖြူဝတ်ဓားသမား၏ နောက်ကျောကို ခိုးကြည့်နေခဲ့၏။

"မြွေဘုရားက အခုလိုအချိန်မျိုးမှာ ဘာလို့ သူတို့ကိုသိမ်းပိုက်ဖို့ ရွေးချယ်ချင်ရတာလဲ.."

မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။ လေထဲတွင် တိုက်ခတ်နေသော နှင်းပွင့်လေးကဲ့သို့ ဓားထဲမှနေ၍ သွေးစက်များ ကျဆင်းလာနေခဲ့၏။

အသက်ရှင်ကျန်နေသူက ချက်ချင်း ခေါင်းခါပြလိုက်သည်။

"ကျွန်တော်က မြွေဘုရင်ရဲ့အစီအစဉ်ကို မသိပါဘူး..။ ဟန်စန်းနမ်နဲ့ ခေါင်းဆောင်လော်တို့က ပိုပြီးတော့ ရန်လိုလာတာကြောင့်လည်း ဖြစ်နိုင်တယ်..."

"ကောင်းပြီ။ တိတ်တိတ်လေး စောင့်နေပါ... "

မုန့်ချီက အမိန့်ပေးလိုက်သည်။

မုန့်ချီ၏အမိန့်ကို နာခံပြီး အသက်ရှင်ကျန်နေသူက သူ၏အကြောက်တရားများကို ဖိနှိပ်၍ လက်နောက်ပစ်ပြီး ရပ်နေခဲ့သည်။ သူကတော့ သွေးအေးဓားသမား၏ရှေ့တွင် အလစ်ချောင်း တိုက်ခိုက်မှုများကို မလုပ်ရဲပေ။

"မြောက်ပိုင်းလမ်းက ကျင်းမြစ်ဆီကို ဦးတည်နေတယ်... "

မုန့်ချီက လီရှင်းကုံကို စိုက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

လီရှင်းကုံ၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့၏။ သူက သေချာပြန်ဖြေလိုက်သည်။

"နဂါးတွေက မြစ်ကြီးထဲမှာရှိတယ်…”

“ဒါက ယပ်တောင်(၆)လက်ကျောင်းရဲ့လုပ်ဆောင်မှုပဲ ။ ငါ့ဆီကနေ သတင်းရတာနဲ့ ပညာရှင်တစ်ယောက် လွှတ်ပြီး ငါ့ကိုကယ်တင်ပေးခဲ့တယ်... ။ သူတို့ကို ထောက်ပံ့ပေးရတာ တကယ်ကောင်းတာပဲ ..”

“မြောက်ပိုင်းလမ်းနဲ့ပတ်သက်ပြီး ဘာသတင်းတွေရှိလဲ... "

အေးစက်သောအမူအရာမျိုး မရှိတော့သည့်အတွက် လီရှင်းကုံက အနည်းငယ် ပို၍ သက်သောင့်သက်သာ ဖြစ်သွားသည်။ သူ့ဆီတွင် မာနများတော့ ရှိနေသေး၏။

ကျန်းဟန်ချွန်၏ အကူအညီနှင့် လီရှင်းကုံက မတ်တပ်ရပ်လိုက်ပြီး အားတင်း၍ ပြုံးလိုက်သည်။

"နေ့စဉ်နေ့တိုင်း မြောက်ပိုင်းလမ်းထဲမှာ သတင်းတွေ ရှိနေတာပဲ ။ မဟုတ်ရင် မြောက်ပိုင်းလမ်းလို့ မခေါ်နိုင်တော့ဘူးလေ..။ လုပ်ကြံသူအသစ်တွေက တပည့်တွေ မွေးကြတယ်..။ လူတချို့ကလည်း နေ့စဉ်နေ့တိုင်း အသတ်ခံနေရတယ်... "

"ဒါက မြောက်ပိုင်းလမ်းထဲမှာ သမရိုးကျဖြစ်စဉ်တွေပဲ ။ ငါက ထူးဆန်းတာ တစ်ခုခုရှိလား မေးနေတာ... "

မုန့်ချီက သူ၏မေးခွန်းကို ပြောင်းလဲလိုက်သည်။

လီရှင်းကုံက စဉ်းစားပြီး ပြောလိုက်၏။

"ထူးဆန်းတာ တစ်ခုခုလား...”

“အထူးဆန်းဆုံးအရာကတော့ ဟန်စန်းနမ်နဲ့ ခေါင်းဆောင်လော်တို့က ပူးပေါင်းနေတယ် ထင်တယ်..။ ဒါကြောင့် မြွေဘုရင်က သူတို့ကို တိုက်ခိုက်ဖို့ လှုပ်ရှားနေတာ... ။ မြွေဘုရင်နဲ့ ဟန်စန်းနမ်တို့ (၂) ယောက်လုံးက ပုံမှန်မဟုတ်ဘူး..။ မြွေဘုရင်ဆီမှာ လုပ်ကြံသူတွေ လေ့ကျင့်ပေးနေတဲ့ ခြံဝန်းတစ်ခုရှိတယ်..။ ပုံမှန်ဆိုရင်တော့ သူက အဲဒီနေရာကို (၁) လ (၂) ကြိမ်လောက်ပဲ သွားတယ်..။ ဒါပေမယ့် ဒီရက်တွေအတွင်း နေ့တိုင်းသွားနေတယ်..။ ဟန်စန်းနမ်ကတော့ လမ်းအဆုံးမှာ သူ့ရဲ့ချစ်သူနေတဲ့ အိမ်တစ်အိမ်ရှိတယ်..။ ဒီလထဲမှာတော့ သူက ဘယ်သူနဲ့မှမတွေ့ဘဲ မနေ့ညကအထိ အဲဒီမှာပဲ နေခဲ့တယ်... "

ကျန်းဟန်ချွန်ကတော့ နောက်လိုက်ကောင်း တစ်ယောက်ကဲ့သို့ သူတို့၏စကားကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"မြွေဘုရင်က သူတို့ကို သိမ်းသွင်းချင်နေတယ်ဆိုရင် ခြံဝန်းထဲကို သွားတာက ကျိုးကြောင်းဆီလျော်နိုင်တယ် မဟုတ်လား... "

"မဟုတ်ဘူး ။ အဲဒါက ဟန်စန်းနမ်ကို သတိပေးသလိုပဲ ဖြစ်သွားလိမ့်မယ်... "

လီရှင်းကုံက မြွေဘုရင်၏အကြောင်းကို သေချာသိနေသည့်အလား ငြင်းဆန်လိုက်သည်။

"တကယ်လို့ သူသာ တစ်ခုခုလုပ်ဖို့ စီစဉ်ထားတယ်ဆိုရင် ဘာမှအချက်မပြဘဲ လုပ်ဆောင်လိမ့်မယ်...။ ဒီတစ်ကြိမ် ငါ့လူတွေ သစ္စာဖောက်သလိုမျိုးပေါ့... "

မုန့်ချီက မတ်မတ်ရပ်လိုက်၏။ မှေးမှိန်နေသော ဖယောင်းတိုင် အလင်းအောက်တွင် သူ၏အဖြူရောင်ဝတ်စုံက အေးခဲနေသလို ခံစားရသည်။

"တခြားအရာတွေ ရှိသေးလား..။ သာမာန်မိသားစုတွေထဲမှာရော ထူးဆန်းတဲ့အရာတွေ ဖြစ်ခဲ့သေးလား... "

မြက်ခင်းစိမ်းနယ်မြေမှ သူလျှိုများက သာမန်လူများ ၊ ဈေးဆိုင်များထဲတွင် အယောင်ဆောင် ဖုံးကွယ်ထားနိုင်သည်ဟု မုန့်ချီက တွေးမိခဲ့သည်။ သူတို့က မြောက်ပိုင်းလမ်း၏ အခြေအနေကို အခွင့်ကောင်းယူပြီး မည်သူမျှ သတိမထားမိပဲ သတင်းအချက်အလက်များ စုဆောင်းနေနိုင်၏။

"သာမန်မိသားစုတွေလား..။ မြောက်ပိုင်းလမ်းပေါ်မှာ သာမန်မိသားစုရှိနိုင်ပါ့မလား... ။ ဒီနေရာမှာ နေတယ်ဆိုမှတော့ သာမန်မဟုတ်နိုင်တော့ဘူးလေ... "

လီရှင်းကုံက ပြန်ဖြေလိုက်သည်။

"တစ်ယောက်ယောက်ကရော သတင်းစုံစမ်းဖို့ ကြိုးစားနေတာရောရှိလား... "

မုန့်ချီက တည့်တည့်သာ မေးလိုက်၏။

သူ့စကားက ထူးဆန်းသော်လည်း လီရှင်းကုံက ချက်ချင်း နားလည်သွားခဲ့သည်။ သူက ခေါင်းခါပြလိုက်၏။

"ထူးခြားတာတော့ မရှိဘူး..။ မြောက်ပိုင်းလမ်းပေါ်မှာ သတင်းက ငွေပဲ ။ ငွေနဲ့ပတ်သက်ပြီး ထူးဆန်းတာ မရှိမှတော့ ပျံ့နှံ့လာတဲ့ သတင်းတွေကလည်း ပုံမှန်ပဲလေ... "

လီရှင်းကုံက သတင်းသစ်များ မရထားကြောင်း မုန့်ချီက သိသွားသည်။ ထို့ကြောင့် သူက အပြုံးနှင့် ပြောလိုက်၏။

"မင်းက မြွေဘုရင်ကို ပြောချင်တဲ့ စကားလုံးရှိလား... "

လီရှင်းကုံ၏ မျက်နှာပေါ်တွင် မာနများ ပြည့်နှက်လာသည်။ လီရှင်းကုံက ခဏရပ်လိုက်ပြီး ရှုပ်ထွေးစွာ ပြောလိုက်၏။

"မင်း ငါ့ကို တောင်းပန်မှာလား...”

“တကယ်လို့ သူကသာ မင်းကိုသိမ်းသွင်းချင်တယ်ဆိုရင် သေချာပေါက်ပေးဆပ်ရမှာပဲ ။ ငါတို့က အဲဒီလောက်ရင်ဆိုင်ဖို့ မလွယ်ဘူးလေ... "

ဓားသမားတစ်ယောက်၏ အရည်အချင်းမျိုး ရှိနေသည့်အတွက် မုန့်ချီက မြွေဘုရင်ကို စိတ်ဝင်စားခြင်း မရှိချေ။

သူက လျှို့ဝှက်အသံပို့ဆောင်မှုကိုသုံးပြီး ကျန်းဟန်ချွန်နှင့် ဆက်သွယ်လိုက်၏။

"ထူးဆန်းတဲ့လူ (၂) ယောက်ကို အရင်ဆုံး စုံစမ်းကြည့်ရအောင်..."

"ကောင်းပြီလေ ။ မြေခွေးဘုရင်က ဘယ်နေရာမှာ ပုန်းနေလဲဆိုတာ ငါတို့မသိမှတော့ ငါတို့သာ အလျင်စလို လှုပ်ရှားလိုက်မယ်ဆိုရင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားနိုင်တယ်..။ ငါတို့က အရင်ဆုံး မြွေဘုရင်ပုန်းနေတဲ့နေရာကို ရှာတာ ပိုကောင်းမယ်..။ ဒါပေမယ့် သူက ဟန်စန်းနမ်ရဲ့အိမ်မှာ ပိုပြီးရှိနိုင်မယ်လို့ ထင်တယ်..။ ဘယ်လိုပဲဖြစ်ဖြစ် မြွေဘုရင်ကလည်း လုပ်ကြံသူခြံဝန်းထဲကို ဆက်တိုက်သွားနေတာ အကြောင်းပြချက် ရှိနိုင်တယ်... "

ကျန်းဟန်ချွန်က သူ၏ထင်မြင်ချက်ကို ပြောပြလိုက်သည်။

"ဟုတ်တယ် ။ ကျွန်တော်လည်း အဲဒီလိုပဲတွေးမိတယ်..။ ဒါပေမယ့် အခုကျွန်တော်တို့က မြွေဘုရင်ဆီကိုသွားဖို့ တရားဝင် အကြောင်းပြချက်ရှိတယ်လေ..။ ကျွန်တော်တို့က မြေခွေးဘုရင်က သတိပေးသလို မဖြစ်နိုင်တော့ဘူး..။ ကျွန်တော်တို့သာ မြန်မြန်လှုပ်ရှားလိုက်မယ်ဆိုရင် မြွေဘုရင်ရဲ့နောက်မှာရှိနေတဲ့ လူကို ဖမ်းနိုင်လိမ့်မယ်..."

မုန့်ချီက ရယ်လိုက်သည်။

မြွေဘုရင်က လီရှင်းကုံ၏လူများကို အသုံးချပြီး သစ္စာဖောက်ရန် တိုက်တွန်းခဲ့သည်။ သူတို့က သူ့ကို လုပ်ကြံသတ်ဖြတ်ရန်ပင် ကြိုးစားခဲ့၏။ ထိုအတွက် ပေးဆပ်ရပါလိမ့်မည်။ ထိုအရာက မြောက်ပိုင်းလမ်းထဲတွင် သာမန် ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုဟုသာ လူတိုင်းက သတ်မှတ်ကြပါလိမ့်မည်။

စဉ်းစားကြည့်လိုက်ပြီးနောက် ကျန်းဟန်ချွန်က ပြောလိုက်၏။

"ကောင်းပြီလေ…."

အလွန်အေးစက်သော ဓားသမားက သူ့အတွက် လက်တုံ့ပြန်ပေးမည်ကို ကြားသည့်အခါ လီရှင်းကုံက စိတ်အေးသွားခဲ့သည်။ သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်နေသည့်အတွက် သူက သွေးအေးသော လူတစ်ယောက် ဖြစ်ခဲ့၏။ သူက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

"မဟုတ်သေးဘူး ။ မြွေဘုရင်မှာ နောက်လိုက်တွေ အများကြီးရှိတယ်.။ သူတို့တွေထဲမှာ စောင့်ရှောက်သူ (၄) ယောက်လည်း ရှိတယ်..။ သူတို့တွေဆီမှာ ထိပ်သီးသိုင်းပညာတွေ ရှိနေပြီး တံခါး (၉) ပေါက်တောင် ပွင့်နေကြပြီ ။ သူတို့ကို အနိုင်ရဖို့မလွယ်ဘူး..။ ပြီးတော့ သူ့ရဲ့အိမ်ထဲမှာ နေရာတိုင်း လုပ်ကြံသူတွေ ရှိနေတယ်..။ အဲဒါက နဂါးတစ်ကောင်ရဲ့ ရေကန်ထဲကို ဝင်သွားရသလို အန္တရာယ်များလွန်းတယ်..”

“ပြီးတော့ မြွေဘုရင်ရဲ့သိုင်းပညာကလည်း ခန့်မှန်းကြည့်လို့မရဘူး..။ သိပ်မကြာခင် နှစ်တွေအတွင်း သူက ဘယ်သူနဲ့မှ မတိုက်ခိုက်ခဲ့တဲ့အတွက် ဘယ်အဆင့်ကို ရောက်နေလဲဆိုတာ ဘယ်သူမှမသိဘူး... ။ ပြီးတော့ သူ့ရဲ့နောက်ကွယ်မှာ ပညာရှင် တစ်ယောက်ရဲ့ အထောက်အပံ့ရှိနိုင်တယ်... "

မုန့်ချီက သူ့စကားကိုနားထောင်ပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။

"သူက အိုနေပြီ…"

မုန့်ချီ၏ မာနကြောင့် လီရှင်းကုံက ပြောစရာစကားလုံးများ ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီ ပြောသည့်စကားက မှန်နေသည်။ ယခု မြွေဘုရင်က အသက် (၇၀)ရှိနေပြီဖြစ်၏။ သူက အလွန်အိုမင်းနေသည်။ အကယ်၍ သူက ဝေ့ကျင်းအဆင့်ကို မရောက်သေးလျှင်ပင် သူ၏ကျဆုံးခန်းကို ကျရောက်လာနေပြီ ဖြစ်၏။ သူက ယခင်တုန်းကကဲ့သို့ အစွမ်းထက်နေဦးမည်ဆိုလျှင် စွမ်းအားမည်မျှ ကျန်နေဦးမည်နည်း။

အကယ်၍ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်မည်ဆိုလျှင်လည်း ဟန်စန်းနမ်နှင့် တခြားလူများကို သတ်ပစ်လိုက်သည်မှာ ကြာလောက်ပါပြီ။ ထို့ကြောင့် မုန့်ချီတို့က မည်သည့်အရာကိုမျှ စိုးရိမ်နေရန် မလိုအပ်ပေ။

လီရှင်းကုံက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်၏။ မုန့်ချီက ဆုံးဖြတ်ချက်ချထားကြောင်း သူမြင်နေရသည်။

"ဒီလိုအန္တရာယ်များတဲ့ နေရာတစ်ခုကို အလေးမထားမှတော့ မိတ်ဆွေက ရဲစွမ်းသတ္တိရှိတယ်လို့ ပြောပြနေတယ်..။ ငါက တကယ့်ကို ရှက်မိပါတယ်..။ ငါက မင်းကို မယှဉ်နိုင်ဘူး... ။ ဒီတော့ သက်ဆိုင်တဲ့သတင်းအချက်အလက်တွေပဲ ပြောပြပေးမယ်...”

“စောင့်ရှောက်သူ(၄) ယောက်ရဲ့ခေါင်းဆောင်က အဆိပ်ရသေ့ပဲ ။ သူက တံခါး (၉)ပေါက် မပွင့်သေးဘူး..။ ဒါပေမယ့် လက်နက်ပုန်းသုံးတဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်..။ သူနဲ့တိုက်ခိုက်ခဲ့ဖူးတဲ့ ပညာရှင်တစ်ယောက်က တိုက်ပွဲအတွင်း လက်နက်ပုံး (၈၁) ခုထိ မှန်ခံခဲ့ရတယ်..”

“အသူရာလက်ဝါးကတော့ အရမ်းအစွမ်းထက်တဲ့ တံခါး (၉) ပေါက်အဆင့် ပညာရှင်တစ်ယောက်ပဲ ။ သူက ဆေးလုံးတွေကိုသုံးပြီး စွမ်းအားမြှင့်တင်ထားတဲ့ ပညာရှင်တွေထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်..”

“အကြီးမားဆုံး ခေါင်းကိုက်စရာကတော့ မြွေဘုရင်ပဲ ။ တစ်ခုခု ထူးဆန်းတဲ့အရာတွေ ဖြစ်လာရင် သူက လျှို့ဝှက်လမ်းကြောင်းကနေ ထွက်ပြေးသွားနိုင်တယ်..။ လူတစ်ယောက်က သိုင်းလောကမှာ ကြာကြာနေလေလေ ပိုပြီးတော့ ကြောက်တတ်လာလေလေပဲ…"

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။

"ငါသိတယ် ။ အခုတော့ မင်းက တိတ်တဆိတ် တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကို လူတိုင်းသိအောင်ဖြန့်လိုက်..။ မင်းက မြွေဘုရင်နဲ့ ပြဿနာရှိနေတယ်ဆိုတဲ့ အကြောင်း မြောက်ပိုင်းလမ်းထဲမှာရှိတဲ့ လူတိုင်းသိသွားပါစေ ။ ပြီးတော့ မင်းက အချိန်မရွေး သူ့ကို လက်တုံ့ပြန်မယ်ဆိုတဲ့အကြောင်းပါ ဖြန့်လိုက်... "

"ငါ အခုချက်ချင်း လုပ်လိုက်မယ်... "

ထိုမျှအေးစက်ပြီး အစွမ်းထက်သော ဓားသမားနှင့် ရင်ဆိုင်ရသည့်အချိန်တွင် လီရှင်းကုံကလည်း နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့သည်။

မုန့်ချီက ပြန်လှည့်ပြီး အသက်ရှင်ကျန်နေသူကို ပြောလိုက်၏။

"မင်းက ငါတို့နဲ့ သွားရမယ်... "

အသက်ရှင်ကျန်နေသူက မုန့်ချီ၏မျက်လုံးကို ပထမဆုံးအကြိမ် မြင်ခဲ့ရ၏။ မုန့်ချီ၏ မျက်လုံးများက ဓားတစ်လက်ကဲ့သို့ နက်ရှိုင်းလွန်းလှပြီး ရေခဲနှင့် နှင်းများကဲ့သို့ အေးစက်နေသည်။ သူက ငြင်းဆန်ရဲခြင်းမရှိဘဲ မုန့်ချီ၏အမိန့်ကို နာခံခဲ့ရ၏။

………..

မြွေဘုရင်၏အိမ်က မြောက်ပိုင်းလမ်းတွင် တည်ရှိနေသည်။ ထိုနေရာက အလွန်ကြီးမားလွန်းလှပြီး အလွန်ရှုပ်ထွေးသော ထောင်ချောက်များ ရှိနေ၏။ သူနေထိုင်သောနေရာတွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုလည်း ရှိသည်။

ထိုနေရာက ကွင်းပြင်ကြီးတစ်ခု ခြားထားပြီး လျှို့ဝှက်တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် တခြားခြံဝန်းနှင့် လမ်းကြောင်းများ ဆက်သွယ်ထားသည်။

တံခါးဝတွင် ..

အသက်ရှင်ကျန်နေသူက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။ သူက မုန့်ချီ၏အမိန့်ကို ဆန့်ကျင်မိမှာ အလွန်ကြောက်လန့်နေခဲ့သည်။ သူက တံခါးကို တတောက်တောက် ခေါက်လိုက်၏။

ထိုအချိန်တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်က တံခါးငယ်လေးကို လာဖွင့်လိုက်သည်။ သူက စကားပြောတော့မည့်အချိန်တွင် အဖြူဝတ် ဓားသမားနှင့် သူ၏လက်ထောက်တို့ကို သတိထားမိသွား၏။

"ဘာတွေဖြစ်နေတာလဲ... "

သူက လူစိမ်းများစွာကို မြင်လိုက်ရသည့်အတွက် အလွန်ထိတ်လန့်သွားခဲ့သည်။

"ငါက သူတို့ကို ကူညီပေးဖို့ ဒီနေရာကိုရောက်လာခဲ့တာ... "

မုန့်ချီက တည်ငြိမ်ပြတ်သားစွာ ပြောလိုက်သည်။ မုန့်ချီက နတ်ဘုရားတစ်ပါးနှင့် တူညီသည်ဟု ထိုလူက ခံစားနေရ၏။ မုန့်ချီ၏ အရှိန်အဝါကြောင့် သူက မုန့်ချီ၏စကားကို ယုံကြည်နေခဲ့သည်။

"ဪ... မင်းက သူတို့ကို ကူညီပေးဖို့ ဒီနေရာရောက်လာတာလား..."

"လီရှင်းကုံက ဟန်စန်းနမ်ကို တိတ်တဆိတ် အကူအညီ တောင်းထားတဲ့အတွက် ငါတို့က မအောင်မြင်ခဲ့ဘူး...”

အသက်ရှင်ကျန်နေသူက မူလပြင်ဆင်ထားသည့်အတိုင်း ပြောလိုက်သည်။

"ဟုတ်လား ၊ ဒါဆိုရင် ငါက မင်းကို စောင့်ရှောက်သူတွေနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်... "

ထိုလူက အံ့သြသွားခဲ့၏။

ယနေ့ည တာဝန်ကျနေသော စောင့်ရှောက်သူ (၂) ယောက်က အဆောက်အဦးငယ်လေး၏အနားတွင် ရှိနေသော ခန်းမထဲတွင် ထိုင်နေခဲ့သည်။ ထိုနေရာက မြွေဘုရင်၏အခန်းနှင့် စြင်္ကံတစ်ခုစာ အကွာအဝေး ရှိ၏။

စြင်္ကံထဲတွင်တော့ အစွမ်းထက်သော လုပ်ကြံသူများစွာ ပုန်းအောင်းနေကြသည်။ ခန်းမထဲတွင်လည်း လုပ်ကြံသူပေါင်းများစွာက အမှောင်ထဲတွင် ပုန်းအောင်းနေကြ၏။

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ဆံပင်အဝါရောင်ရှိသော လူတစ်ယောက်က ဘယ်ဘက်တွင် ရှိနေသော ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူက လက် (၂) ဖက်ကို အင်္ကျီအိတ်ထဲတွင် ထည့်ထား၏။ သူကတော့ အသူရာလက်ဝါး ဖြစ်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်တော့ ဆံပင်တိုတိုနှင့် လူတစ်ယောက် ရှိသည်။ သူ၏မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုရှိနေ၏။ သူကတော့ အဆိပ်ရသေ့ ဖြစ်သည်။

မုန့်ချီတို့အနားကို ရောက်လာသည့်အချိန်တွင် အသူရာလက်ဝါးက မတ်တပ်ရပ်လိုက်သည်။

"သူတို့က ဘယ်သူတွေလဲ... "

"သူတို့က ယွဲ့ကူရဲ့ အကူအညီတွေပါ... "

တံခါးစောင့်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"အကူအညီတွေ ဟုတ်လား... "

အဆိပ်ရသေ့က မျက်မှောင်ကြုတ်လိုက်မိသည်။

ချက်ချင်းဆိုသလိုပင် သူက မုန့်ချီဆီသို့ ခုန်ချလိုက်၏။ သူ့ဆီမှလက်နက်ပုံးများလည်း ပျံသန်းလာခဲ့သည်။ သူတို့ကတော့ ကျောက်တုံးများ ၊ အပ်များ ၊ သံချောင်းများ ၊ မြားများ ၊ ခက်ရင်းခွများ စသည့် လက်နက်မျိုးစုံ ဖြစ်နေသည်။ သူတို့အားလုံးက အပြာရင့်ရောင် အလင်းတန်းများ ၊ အစိမ်းရောင်အလင်းတန်းများ ၊ တောက်ပနေခဲ့၏။

တချို့က မုန့်ချီဆီသို့ တည့်တည့် ပျံသန်းသွားခဲ့သည်။ တချို့ကတော့ အချင်းချင်း တိုက်မိသွားကြ၏။ တချို့က လေထဲတွင် တစ်ပတ်လည်လာပြီးနောက် မုန့်ချီ၏နောက်ကျောကို တိုက်ခိုက်လိုက်ကြသည်။ ထိုအရာများအားလုံးက မမြင်ရသော ပိုက်ကွန်ကြီးသဖွယ် ဖြစ်နေသည့်အတွက် မုန့်ချီတို့က ရှောင်တိမ်းရန် ခက်ခဲနေသည်။

ကျန်းဟန်ချွန်က အသူရာလက်ဝါးကို ရှေ့ထွက်ပြီး ရင်ဆိုင်လိုက်၏။ အသက်ရှင် ကျန်နေသူကတော့ တစ်ကိုယ်လုံး တုန်လှုပ်နေပြီး မျက်နှာပေါ်တွင် ချွေးစေးများ ပြည့်နှက်နေသည်။ သို့သော် ဓားသမားတစ်ယောက် ဖြစ်သည့်အတွက် ရှောင်တိမ်းနေရမည့်အစား သူ့ဓားနှင့် အဆိပ်ရသေ့ဆီသို့ ပြေးဝင်သွားခဲ့၏။

မုန့်ချီဆီမှ ဓားအလင်းရောင်များ တောက်ပလာပြီး လျှို့ဝှက်လက်နက်များက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့သည်။ လျှို့ဝှက်လက်နက် အများစုကတော့ မုန့်ချီကို တိုက်ခိုက်လိုက်မိ၏။ ရုတ်တရက်ဆိုသလို လျှို့ဝှက်လက်နက်များက လာလမ်းအတိုင်း ပြန်ရောက်သွားကြလေသည်။

အဆိပ်ရသေ့က ရပ်သွားခဲ့ပြီး အဆိပ်အပ်များနှင့် တခြားပစ္စည်းများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူ၏မျက်နှာက လျင်မြန်စွာ မည်းနက်သွားခဲ့ပြီး သူ၏ကိုယ်ပိုင်သိုင်းပညာနှင့် သတ်ဖြတ်ခံလိုက်ရသည့်အတွက် အလွန်အံ့သြနေပုံရသည်။

"ဘုန်း... "

ခန်းမထဲတွင် ရှိနေသော လုပ်ကြံသူများ အားလုံးကလည်း မုန့်ချီ ခတ်ထုတ်လိုက်သော လက်နက်ပုန်းများ အားလုံးကြောင့် အသတ်ခံလိုက်ရသည်။

ကျန်းဟန်ချွန်နှင့် တိုက်ခိုက်နေသည့်အချိန်တွင် အသူရာလက်ဝါးက အနည်းငယ် သတိမထားမိခဲ့ပေ။ သူက ဖောင်းကားနေသော ညာလက်နှင့် ရိုက်ထုတ်လိုက်၏။ ထိုအထဲတွင် သွေးရနံ့ အနည်းငယ် ပါဝင်နေသည်။

ကျန်းဟန်ချွန်က သူ၏လက်သီးကို ဖြန့်လိုက်သည်။ ထို့နောက် အသုရာလက်ဝါး၏ လက်ကောက်ဝတ်ကို ဖမ်းလိုက်၏။ သူက ထိုသိုင်းကွက်ကို အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ထားသလို ထင်မှတ်ရသည်။ ထို့နောက် ကျန်းဟန်ချွန်က မြွေတစ်ကောင်ကို ကိုင်ထားသည့်အလား သူ့လက်ကို ဆွဲခါပစ်လိုက်သည်။

"ဂျွတ်…ခွပ်... "

အသူရာလက်ဝါး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အရိုးများအားလုံး ပြုတ်ထွက်သွားခဲ့၏။ သူက မြေပေါ်သို့ ပြုတ်ကျပြီး မျက်လုံးပြူး၍ သေဆုံးသွားခဲ့လေသည်။

အသက်ရှင်ကျန်နေသူကတော့ အလွန်ထိတ်လန့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။ မုန့်ချီနှင့် ကျန်းဟန်ချွန်တို့၏ရှေ့တွင် စောင့်ရှောက်သူများက ကလေးငယ်များကဲ့သို့ ဖြစ်နေကြလေသည်။

Translated by Hein Htet.

All Chapters