အခန်း (၃၀၂)
Vol. 21 Ch. 302
စွမ်းအားများက ငှားသုံး၍ ရသလို ဖယ်ရှား၍လည်း ရနိုင်သည်။ သို့သော် စွမ်းအားများ ပေါင်းထည့်နိုင်ခြင်း မရှိလျှင် လက်နက်ပုန်းတစ်ခုက ကလေးကစားစရာ တစ်ခုနှင့် ကွဲပြားမှု မရှိနိုင်တော့ပေ။
လက်နက်ပေါ်တွင် သုတ်လိမ်းထားသော အဆိပ်များက မည်သည့်နည်းလမ်းနှင့်မျှ မုန့်ချီအပေါ် သက်ရောက်စေနိုင်ခဲ့ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ သူက ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်အဆင့် (၇)ကို စတင်လေ့ကျင့်နေပြီ ဖြစ်သည်။ ထို့ကြောင့် သန့်စင်လက်နက်အဆင့် လက်နက်များကပင် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်တော့ပေ။
သူတို့က ရှားပါးသော အဆိပ်များ သို့မဟုတ် အဆိပ်မြူခိုးများကို မသုံးသရွေ့ သူ့ကို မည်သို့အဆိပ်ခတ်နိုင်မည်နည်း။ အကယ်၍ အဆိပ်ရသေ့၏ လက်နက်ပုန်းများကသာ သူ့အသက်ကို ခြိမ်းခြောက်နိုင်မည်ဆိုလျှင် သူက ချီစွမ်းအင်များနှင့် စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုပြီး ရန်သူကို အရင်ဆုံးစစ်ဆေးမည်ဖြစ်သည်။
သူက ကောင်းကင်အင်ပါယာ သိုင်းကျမ်းကဲ့သို့ ပြိုင်ဘက်ကင်း နတ်ဘုရားသိုင်းကျမ်းမျိုးကို လေ့ကျင့်ထားခြင်း မရှိသလို မီးတောက်သခင်ကဲ့သို့ လူသားနှင့် ကောင်းကင် ဆက်သွယ်နိုင်သော လူတစ်ယောက်လည်း မဟုတ်ပေ။
အဆိပ်ရသေ့က ကြမ်းပြင်ပေါ်သို့ မျက်နှာနှင့် လဲကျသွားသည့်အချိန်တွင် မုန့်ချီက သူ့ကိုကျော်ပြီး လေတိုက်ခတ်နေသော စြင်္ကံလမ်းထဲသို့ ပြေးဝင်သွားခဲ့၏။ မြွေဘုရင်က မည်သည့်အရာများ ဖြစ်နေကြောင်း သိသွားပြီး ထွက်မပြေးနိုင်သေးခင် သူက တားဆီးရမည်ဖြစ်သည်။
မုန့်ချီက ကိုယ်ဖော့ပညာကို အစွမ်းကုန် သုံးလိုက်ရာ ယွဲ့ကူ၏ မျက်လုံးထဲမှနေ၍ အရိပ်တစ်ခုသဖွယ် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းဟန်ချွန်ကလည်း ပတ်ဝန်းကျင်နှင့် ပေါင်းစပ်နေသလို ထင်မှတ်ရ၏။ သူက ပတ်ဝန်းကျင်၏ စွမ်းအားကို ငှားယူထားသည့်အတွက် ခြေတစ်လှမ်းအတွင်း သူနှင့် စြင်္ကံ၏ အကွာအဝေးက နည်းပါးသွားခဲ့သည်။
ခန်းမကြီးက တိတ်ဆိတ်သွားပြီး ယွဲ့ကူတစ်ယောက်တည်းသာ အလောင်းများ ကြားထဲတွင် ရှိနေ၏။ စက္ကန့်ပိုင်းလေးအတွင်း ဤနေရာတွင် ရှိနေသော စောင့်ရှောက်သူ (၂)ယောက်နှင့် လုပ်ကြံသူ (၁၀)ယောက်နီးပါး သေဆုံးသွားခဲ့သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းလွန်းလှ၏။
ညပိုင်းလေအေးများ တိုက်ခတ်လာသည့်အချိန်တွင် ကျောစိမ့်အောင် အေးသွားသည့် ခံစားမှုတစ်ခု ရလိုက်သည်။ ယွဲ့ကူကတော့ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူက မကောင်းဆိုးဝါးတစ္ဆေများ အသက်နှုတ်ယူခြင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းပေလော။
ထိုဓားသိုင်းပညာက သဘာဝတရားကြီး၏ စွမ်းအားများ ရှိနေသလို ထင်မှတ်ရသည်။ လေတိုက်ခတ်နေသော စြင်္ကံလမ်းလေးက အသားစား ငါးများ ပြည့်နေသည့် ရေကန်တစ်ခုကို ဖြတ်ကျော်သွားရပြီး မြွေဘုရင် ပိုင်ဆိုင်သော ကျောင်းဆောင်ငယ်လေးဆီကို ဦးတည်သွားသည်။
သူတို့က အမှောင်ထဲတွင် မီးရောင်တစ်ခုမျှ မမြင်ရသည့်အတွက် သူအိပ်ပျော်နေကြောင်း သိသာနေသည်။ မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က စြင်္ကံ၏ တစ်ဖက်ဆီတွင် နေရာယူထားပြီး အလွန်လျင်မြန်သော အရှိန်နှင့် ပြေးလာကြသည်။
မုန့်ချီကတော့ သူ့ကိုယ်သူ ကာကွယ်ထားပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ထားသည်။ သူ၏ဓားရှည်ဖြစ်စေ ကျန်းဟန်ချွန် ကိုယ်တိုင်ဖြစ်စေ ပတ်ဝန်းကျင်နှင့်ပေါင်းစပ်နေခဲ့၏။ သူ၏စိတ်ဝိညာဉ်ကလည်း ကြည်လင်သန့်ရှင်းနေပြီး ရပ်တန့်နိုင်မည့်အရာ ရှိပုံမရချေ။
သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် သူ၏ ဓားရှည်နှင့် ရုတ်တရက် အောက်ဘက်ကို ထိုးစိုက်လိုက်သည်။ စြင်္ကံ၏အောက်ဘက်တွင် လုပ်ကြံသူတစ်ယောက်က ရေလှိုင်းနှင့် အရိပ်များကို အကာအကွယ်ယူ၍ ပုန်းနေခဲ့သည်။ သူက လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ပြီး အဖြူဝတ်ဓားသမား ချည်းကပ်လာမည့်အချိန်ကို စောင့်နေခဲ့၏။
"အခွင့်အရေး တစ်ခုပဲ … "
မုန့်ချီက သူ့အပေါ်မှဖြတ်ကျော်သွားသည့်အချိန်တွင် သူက ချက်ချင်း ခုန်ထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်က ကြမ်းပြင်နှင့် ကပ်နေပြီး မုန့်ချီ၏ ဒန်တျန်ရှိရာကို ဓားနှင့် ထိုးစိုက်ရန် ပြင်ဆင်လိုက်၏။
ထိုအချိန်တွင် သူ့မျက်စိထဲ၌ ဓားအရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူ၏လည်ပင်းဆီမှ နာကျင်မှုကို ခံစားလိုက်ရ၏။ သူက လည်ပင်းကို လက်နှင့်အုပ်ပြီး အောက်တွင် ရှိနေသော ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ အနီရောင် ရေလှိုင်းများလည်း ပျံ့နှံ့လာပြီး အသားစားငါးများက သူ့အနားကို လျင်မြန်စွာ ကပ်လာ၍ အသွေးအသားများကို စားသုံးနေကြ၏။
မုန့်ချီက ဓားရှည်နှင့် လုပ်ကြံသူကို သတ်ပစ်လိုက်ပြီးနောက် အပေါ်မှ အက်ကွဲသံ တစ်ခုကို ကြားလိုက်ရသည်။ စြင်္ကံ၏အပေါ်မျက်နှာကြက်က ပျက်စီးသွားပြီး ခေါင်းပေါ်မှ အနက်ဝတ်လူတစ်ယောက် ကျဆင်းလာခဲ့၏။ သူက ဓားတစ်လက်ကို လက်နှစ်ဖက်နှင့် ကိုင်ထားပြီး မုန့်ချီ၏ လည်ပင်း ဘယ်ဘက်အခြမ်းကို တိုက်ခိုက်လိုက်သည်။
သူကတော့ ထိုအခွင့်အရေး ရရှိရန်အတွက် သူ့အဖော် သေသွားသည်ကို ရက်စက်စွာ ကြည့်နေခဲ့ရသည်။ ဓားသမား၏ဓားက သူ့အဖော်ကို ထိုးစိုက်လိုက်သည့်အချိန်တွင် သူ့ကို ကာကွယ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် လုပ်ကြံသူက လျှပ်စီးကြောင်းတစ်ခုကို မြင်လိုက်ရ၏။ လျှပ်စီးကြောင်းက အလွန်အမင်းကို တောက်ပလွန်းလှ၏။ သူ့ကို စောင့်နေသည်မှာ မုန့်ချီ၏ လည်ပင်း မဟုတ်ဘဲ ဓားတစ်လက်ဖြစ်နေသည်။ ထိုဓားက အလွန်အမင်းကို လျင်မြန်လွန်းလှသည့်အတွက် အနက်ဝတ်လူက ဓားကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင် ဓားက ဓားအိမ်ထဲသို့ ပြန်ရောက်သွားခဲ့သည်။
ထိုဓားက ထူးဆန်းသော ပုံသဏ္ဌာန်ရှိပြီး ငွေရောင်လျှပ်စီးကြောင်း တစ်ခုကဲ့သို့ ဖြစ်သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ် အလယ်မှ၍နေ၍ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး သူ၏ နှလုံး ၊ အသည်း ၊ ကျောက်ကပ်နှင့် အဆုတ်များက မြေပေါ်သို့ တစ်စစီ ပြုတ်ကျသွားခဲ့သည်။
မုန့်ချီက ဘယ်လက်တွင် ဓားရှည်ကို ကိုင်ထားပြီး ညာလက်တွင် ဓားမောက်ကို ကိုင်ထားသည်။ သူကတော့ ဖြတ်ကျော်လာသော လုပ်ကြံသူများကို လှည့်ပင်မကြည့်ခဲ့ချေ။ လေထဲတွင် သူ၏အဖြူရောင်ဝတ်စုံက တဖျတ်ဖျတ် လွင့်နေပြီး သွေးများ ပေသွားခဲ့ခြင်း မရှိပေ။ သူက ကျောင်းဆောင်ငယ်လေး၏ နယ်မြေထဲကို ရောက်လာခဲ့သည့်အချိန်တွင် ရုတ်တရက် ရပ်လိုက်၏။
ထိုအချိန်တွင် စြင်္ကံ၏အောက်ဖက် လက်ရန်းအပြင်ဘက်မှနေ၍ အရိပ်များ ခုန်ဝင်လာခဲ့၏။ သူတို့၏ ဓားအလင်းတန်းများက အဖြူရောင်ပိုးမျှင်များကဲ့သို့ လှုပ်ရှားနေကြသည်။ သူတို့က ပူးပေါင်းတိုက်ခိုက်လိုက်ကြမည်ဆိုလျှင် အသက်ရှင်ရန် အခွင့်အရေး ရှိနေသေး၏။ သို့သော် သူတို့၏ ဓားပိုက်ကွန်ထဲတွင် လူတစ်ယောက်မျှ မဖမ်းမိခဲ့ပေ။
မုန့်ချီက သူတို့တိုက်ခိုက်သည့် နယ်မြေ၏ အပြင်ဘက်တွင် အချိန်မီ ရပ်တန့်နိုင်ခဲ့သည်။ တစ်လက်မလေးပင် ဝင်သွားခဲ့ခြင်း မရှိပေ။ ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခု တောက်ပလာသည့်အတွက် အရိပ် (၃)ခုက သူတို့၏လည်ပင်းကို လက်နှင့် အုပ်၍ နောက်ပြန်လဲကျသွားခဲ့၏။
တချို့က တိုင်လုံးကြီးကို ဖြည်းညင်းစွာ မှီထားကြပြီး တချို့က ရေကန်ထဲကို အရှိန်ပြင်းစွာ ကျသွားကြသည်။ တဗွမ်းဗွမ်း မြည်သံများကလည်း နေရာအနှံ့ ထွက်ပေါ်လာနေ၏။ ရေထဲတွင် ရှိနေသော ကြာပန်းများ ပျက်စီးသွားပြီး လှိုင်းလုံးလေးများ ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှနေ၍ သွေးများ စိမ့်ထွက်လာခဲ့၏။ ငါးများ လှုပ်ရှားသံများ ၊ အသားစားနေသည့်အသံများလည်း ကြားနေရသည်။
တစ်ဖက်တွင်တော့ ကျန်းဟန်ချွန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့၏။ သူက ချီစွမ်းအင်များကို အပြင်ဘက်သို့ ပို့ဆောင်ပြီး ညာလက်ဝါးနှင့် ရိုက်ချလိုက်သည်။ ထို့ကြောင့် အလွန်ကြမ်းတမ်းသော လေလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ သူက ဘယ်လက်ဝါးကိုလည်း လျင်မြန်စွာ တွန်းထုတ်လိုက်ပြီး သူ ဖန်တီးထားခဲ့သော လေစီးကြောင်းများနှင့် ပေါင်းစည်းလိုက်သည်။
"ဝှစ် …ဗုန်း… "
ချီစွမ်းအင်များက အလွန်ကြောက်စရာကောင်းသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းဟန်ချွန်၏ ရှေ့တည့်တည့်တွင် လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေခဲ့သည်။
"ဘုန်း … ဘုန်း … "
စြင်္ကံလမ်းက လှုပ်ရှားနေပြီး အရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာကြ၏။ ထိုလူများ၏ရင်ဘတ်က ကျွံသွားပြီး အရိုးများက ပျက်စီးသွားကြသည်။ သူတို့က ရေကန်ထဲသို့ ပြုတ်ကြသွားကြပြီး ငါးများ၏ အစာဖြစ်သွားကြသည်။ ထိုအရာက ရိုးရှင်းပြီး ရက်စက်ကြမ်းကြုတ်သော်လည်း အလွန်လျင်မြန်လှ၏။
ကျန်းဟန်ချွန်က ကျောင်းဆောင်ငယ်လေး၏ ဝင်ပေါက်သို့ ရောက်ရှိလာသည့် အချိန်တွင် မုန့်ချီကို မီလာခဲ့သည်။ သူတို့တွေ တစ်ယောက်မျှ တံခါးကို မသုံးကြပေ။ ထိုအစား လေထဲတွင် လွှဲခိုပြီး အတောင်ပံဖြန့်လာသော သိမ်းငှက်များကဲ့သို့ မြွေဘုရင်၏ အခန်းရှိနေသော ပထမထပ်ကို ခုန်တက်လိုက်ကြသည်။
ထိုအချိန်တွင် ပထမထပ်မှနေ၍ အနက်ရောင်လူရိပ်တစ်ခု ခုန်ဆင်းလာခဲ့၏။ ထိုလူက သူတို့ဆီကို တည့်တည့်ခုန်ချလာပြီး သူတို့ကတော့ လေထဲတွင် ရှိနေသည့်အတွက် မည်သည့်စွမ်းအားကိုမျှ မသုံးနိုင်ကြပေ။ သူက လက်နှစ်ဖက်တွင် ကိုင်ထားသော ဓားများကိုသုံး၍ ကြမ်းတမ်းခက်ထန်စွာ တိုက်ခိုက်လိုက်သည်။
မုန့်ချီက လေထဲတွင် သူ့ဓားကို မြှောက်လိုက်၏။ ထိုအချိန်တွင် သံချင်း ထိခိုက်သံကို ကြားလိုက်ရပြီး ဓားတစ်လက်ကို တားဆီးနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူက အောက်ဘက်သို့ ပြန်ကျလာခဲ့၏။
"ဟား ..ဟား…… "
ထိုလူကတော့ သူ၏အလစ်ချောင်း တိုက်ခိုက်မှုကို ကျေနပ်နေပုံရသည်။ ဆူညံသံများက သူ့သခင်ကို သတိပေးလိုက်သလို ဖြစ်နိုင်ပြီး လျှို့ဝှက်လမ်းကြောင်းမှ ထွက်ပြေးရန် အချိန်လုံလောက်သည်။
လက်ရှိအချိန်တွင် သူတို့နှစ်ယောက်က လေထဲ၌ ရှိနေသည့်အတွက် သူ့ကို တန်ပြန်တိုက်ခိုက်ရန် စွမ်းအားစုစည်း၍ မရနိုင်ပေ။ သူက ထိုအခွင့်အရေးကို အရယူပြီး အောင်အောင်မြင်မြင် ထွက်သွားနိုင်၏။
ထိုအချိန်တွင် အပြာရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ဓားအလင်းတန်းတစ်ခုက သူ့ဆီကို ရောက်လာခဲ့သည်။ ဓားထိပ်ဖျားက သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားခဲ့၏။
"သူက ဓားကို ဘယ်လိုဆွဲထုတ်လိုက်တာလဲ…"
ထိုအချိန်တွင် အရာအားလုံးက နက်မှောင်သွားခဲ့ပြီး သူ့ခေါင်းထဲတွင် ပေါ်လာသော မြင်ကွင်းများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
အဖြူဝတ်ဓားသမားက သူ့ဓားနှင့် လေထဲသို့ လှမ်းပစ်လိုက်ခြင်းဖြစ်သည်။ ထိုဓားက လက်နက်ပုန်းတစ်ခုကဲ့သို့ သူ့ဆီကို ချက်ချင်း ပျံသန်းသွားခဲ့ခြင်းဖြစ်၏။ ဓားသမား တစ်ယောက်က သူ့ ဓားကို ဘာကြောင့် ထိုကဲ့သို့ သုံးနိုင်ရသနည်း။
မုန့်ချီက အားသုံးလိုက်သည့်အတွက် မြေပြင်ပေါ်သို့ ပို၍လျင်မြန်စွာ ကျဆင်းလာနေကြောင်း ခံစားနေရသည်။ သူက သွေးကြောဓားနှင့် လှမ်းပစ်လိုက်ခြင်း ဖြစ်၏။ ထို့နောက် သူက ဓားမောက်နှင့် နံရံကို ထိုးစိုက်လိုက်ပြီး အားယူ၍ အပေါ်သို့ ပြန်ခုန်တက်နိုင်ခဲ့သည်။ သူက ငှက်ဖြူကြီးတစ်ကောင်ကဲ့သို့ ပထမထပ်ပေါ်တွင် ဆင်းသက်နိုင်ခဲ့၏။
အနက်ရောင်လူရိပ်ကတော့ ကျောင်းဆောင်လေး၏ ဝင်ပေါက်ရှေ့တွင် ပြုတ်ကျသွားခဲ့သည်။ သူ၏ခြေလက်များက အရိုးမပါသူ တစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း သူက နာကျင်မှုကို မခံစားမိတော့ပေ။ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။
ကျန်းဟန်ချွန်ကတော့ အပေါ်သို့ တက်ရန် အနည်းငယ် နှေးကွေးသွားသည့်အတွက် အနက်ရောင်လူရိပ်က သူ့ကို ဖြတ်ကျော်သွားသည့်အချိန်မှသာ သူက ထိုလူအပေါ်သို့ နင်းပြီး အားယူလိုက်ရသည်။
ထိုအချိန်တွင် ရေကန်ထဲသို့ ကျသွားသော ပထမဆုံး လုပ်ကြံသူ၏ အရိုးများက စတင်ပေါ်ပေါက်လာခဲ့သည်။
………..
မြွေဘုရင်က အလွန်အသက်ကြီးနေပြီ ဖြစ်သည်။ သူ၏ အရေပြားက ရွတ်တွနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေသည်။ တခြားလူများ ကြည့်မနေသည့် အချိန်တွင် တည်ငြိမ်နေပုံရသော သူ့လက်နှစ်ဖက်ကပင် တုန်ယင်နေခဲ့၏။ ထို့ပြင် သူ့ဆီ၌ စိတ်ဝိညာဉ်စွမ်းအား အလုံအလောက် မရှိတော့လျှင် ဆက်တိုက် မောပန်းနေသလို ခံစားနေရသည်။
ထို့ကြောင့် သူက စောစောအိပ်ပြီး စောစောထတတ်၏။ တစ်ခါတစ်ရံ ရက်ပေါင်းများစွာ အိပ်စက်တတ်သည်။ မူလတုန်းကတော့ သူက လုပ်ကြံသူတစ်ယောက်ဖြစ်ပြီး သစ္စာဖောက်မှုများ ၊ လုပ်ကြံသတ်ဖြတ်မှုများကြားထဲတွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။
သူက တစ်ဆင့်ခြင်း သူ၏အုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ပြီး တခြားလူများ၏ အကူအညီနှင့် မြွေလက်သီးသိုင်းကို အောင်မြင်သွားခဲ့သည်။ ထိပ်တန်းသိုင်းပညာတစ်ခုကို အောင်အောင်မြင်မြင် ကျွမ်းကျင်လာပြီးနောက် သူက မြောင်လင်တွင် နာမည်အကျော်ကြားဆုံး ပညာရှင်များထဲမှ တစ်ယောက်ဖြစ်လာသည်။
သို့သော် ထိုကဲ့သို့ သမိုင်းကြောင်းတစ်ခုကြောင့် သူက အလွန်သံသယဝင်တတ်သည်။ သူ အယုံကြည်ရဆုံးဖြစ်သော စောင့်ရှောက်သူ (၄)ယောက်ကိုပင် သူနှင့် (၃)ပေအကွာအဝေးအတွင်း ကပ်လာခွင့် မပေးပေ။ သူအိပ်နေသည့်အချိန်တွင်လည်း မည်သူ့ကိုမျှ ကျောင်းဆောင်ထဲသို့ ဝင်ခွင့်မပေးပေ။
အများဆုံး တံခါးကို စောင့်ကြပ်နေသော လူတစ်ယောက်သာ ရှိသည်။ တခြားလူများကတော့ ကျောင်းဆောင်ထဲမှ ထွက်သွားရ၏။ အနားသို့ ရောက်လာသူတိုင်းက သူ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထိုအရာက ဟာသတစ်ခုလည်း မဟုတ်ချေ။ တစ်ကြိမ်တွင်တော့ သူက အိပ်ချင်ယောင်ဆောင်ပြီး သစ္စာဖောက်များကို စစ်ထုတ်ခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ခွင့်ပြုချက်မရှိဘဲ သူ့အနားသို့ ကပ်လာသော လူယုံအနည်းငယ်ကို သတ်ပစ်မိခဲ့သည့်အတွက် သူ့လက်အောက်ငယ်သားများက ကြောက်လန့်သွားခဲ့ကြသည်။
ရေထဲသို့ ပြုတ်ကျသည့်အသံများ ၊ တဒုန်းဒုန်းအသံများ ၊ သံချင်း ထိခိုက်သံများက သူ့နားထဲသို့ ကျရောက်လာသည့်အတွက် သူလည်း အိပ်နေရာမှ နိုးလာခဲ့သည်။ အသံများက အမှန်တကယ် ရှိနေသလို မထင်ရဘဲ ပုံရိပ်ယောင်များကဲ့သို့ ဖြစ်နေ၏။
သူကတော့ အသက်ကြီးနေသည့်အတွက် အိပ်စက်ရန် ပို၍ အချိန်ယူရသည်။ အသံများက အပြင်ဘက်မှ ထွက်လာကြောင်း သေချာသွားပြီးနောက် သူလည်း သတိထား၍ မတ်တပ်ရပ်လိုက်၏။ သူက အသံများကို သေချာနားထောင်နေပြီး သူ၏ စိတ်ဝိညာဉ်ကို အပြင်ဘက်သို့ ပို့ဆောင် စစ်ဆေးကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက အခန်း၏ ဝင်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။ သူက အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး လူတစ်ယောက်ကို လှမ်းခေါ်လိုက်၏။
"ဘာဖြစ်တာလဲ … သွားစစ်ဆေးပြီး ငါ့ကို မြန်မြန် သတင်းပြန်ပို့စမ်း … "
"ကောင်းပါပြီ … "
ဘယ်ကမှန်း မသိသော အဖြေတစ်ခုထွက်လာခဲ့သည်။
သူ့အခန်းတံခါး ပွင့်သွားသည်ကို မြင်သည့်အချိန်တွင် မြွေဘုရင်၏ မျက်လုံးများက လှုပ်ရှားသွားခဲ့၏။ အဖြူဝတ်ဓားသမားတစ်ယောက်က ဓားတစ်လက်နှင့်အတူ သူ့အခန်းထဲသို့ ဝင်လာခဲ့သည်။
သူ၏မျက်နှာပေါက်က အလွန်ချောမောခန့်ညားသည်။ အလွန်တည်ငြိမ်သော သူ့ဆီမှနေ၍ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာနေ၏။ သူ့ပုံစံက လက်ထဲတွင် ကိုင်ထားသော ဓားကဲ့သို့ ထက်မြက်ပြီး အေးစက်နေသည်။ ထိုအရာက မိတ်ဆွေ မဟုတ်ဘဲ ရန်သူသာဖြစ်၏။
သူ၏ အဝတ်အစားများတွင် ဖုန်မှုန့်များ ၊ သွေးများ မရှိဘဲ ဖြူစင်ပုံစံ သန့်ရှင်းနေသေးသည်။ ထိုအရာက ရှင်းလင်းရန်ပင် မလိုအပ်သော ဓားတစ်ချောင်း၏ ထက်မြက်မှုကို ပြသနေ၏။
မြွေဘုရင်က မှင်တက်သွားခဲ့သည်။ သူကတော့ ယခုလေးမှ ဆူညံသံများကြောင့် နိုးလာခဲ့ခြင်းဖြစ်ပြီး ဓားသမားက သူ့တံခါးကို ရောက်လာခြင်းပေလော။
“သူက ဒီလောက်တောင် မြန်တာလား ။ ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ..”
သူ၏စိတ်ဝိညာဉ်စွမ်းအားများက လှုပ်ရှားလာသော်လည်း မြွေဘုရင်က လျှို့ဝှက်လမ်းကြောင်းထဲသို့ ဝင်သွားရဲခြင်း မရှိချေ။ သူက ရန်သူကို နောက်ကျောပေးထားရမည်ဆိုလျှင် အလွန်အန္တရာယ်များနိုင်သည်။
သူ့ရင်ထဲတွင်တော့ လှုပ်ရှားနေခဲ့၏။ တိုက်ခိုက်သူ၏ လျင်မြန်မှုကြောင့် သူလည်း အလွန်ထိတ်လန့်သွားခဲ့သည်။ သူကတော့ အိပ်ပျော်နေရာမှ နိုးထလာသော အချိန် လုံလောက်စေရန်အတွက် အတားအဆီးများစွာကို လုပ်ဆောင်ထားခဲ့သည်။ ယခုတော့ ထိုအရာများအားလုံးက အလွယ်တကူ ပျက်စီးသွားခဲ့၏။
တိုက်ခိုက်သူက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်ဆိုလျှင်ပင် သူကတော့ လျှော့မတွက်ရဲပေ။
"တကယ်လို့ ခင်ဗျားကသာ ကိုယ့်ကိုယ်ကိုယ် သွေးကြောပိတ်လိုက်မယ်ဆိုရင် ကျုပ်က ခင်ဗျားကို ထိခိုက်အောင်မလုပ်ဘူး…"
မုန့်ချီက သူ့ကို ဓားရှည်နှင့် အေးစက်စွာ ပြောလိုက်သည်။
မြွေဘုရင်က အလွန်ဒေါသ ထွက်သွားခဲ့၏။ သူက သိုင်းပညာ တတ်မြောက်ခဲ့သည့် အချိန်ကတည်းကစပြီး ထိုကဲ့သို့ စကားမျိုးကို မကြားဖူးချေ။ အထူးသဖြင့် ဉာဏ်အလင်းပွင့်မှုအဆင့်သာရှိသော လူငယ်တစ်ယောက်ဆီမှ ဖြစ်သည်။
သူ၏ မျက်နှာက မည်းမှောင်လာခဲ့၏ ။
"မင်းက ဘယ်သူလဲ။ မင်းက ဘာလို့ဝင်လာရတာလဲ…"
သူ့စကား မဆုံးသေးခင် သူက အလွန်လျင်မြန်သော အရှိန်နှင့် မုန့်ချီဆီကို ပြေးဝင်သွားခဲ့သည်။ သူ့ပုံစံက မြွေတစ်ကောင်နှင့် တူညီနေပြီး စွမ်းအားများကို အပြင်ဘက်မှ စစ်ဆေးကြည့်ရန် လုံးဝမဖြစ်နိုင်ပေ။
အခန်းထဲတွင် အရိပ်များ လှုပ်ရှားနေပြီး သူတို့က ရုတ်တရက် အသက်ဝင်လာသလို ထင်မှတ်ရ၏။ သူတို့က ပုံရိပ်ယောင်များကဲ့သို့ မုန့်ချီကို ပတ်ပတ်လည်မှ တိုက်ခိုက်လိုက်ကြသည်။ မြွေဘုရင်က အရိပ်များနှင့်ပေါင်းစပ်နေသည့်အတွက် သူ့ကို စစ်ဆေးကြည့်ရန် ခက်ခဲသည်။ ထိုအရိပ်တိုင်းက သူ ဖြစ်နိုင်၏။
သူက ရှေ့သို့ ပြေးဝင်လာသည့်အချိန်တွင် ဓားအလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ သူ၏ ပြိုင်ဘက်ကလည်း သူ့လို တူညီသော နည်းလမ်းတစ်ခုကို အသုံးပြုလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
ဓားသမားက သူ့ကို အာရုံလွှဲရန် စကားပြောနေစဉ် ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ လျှပ်စီးကြောင်းတစ်ခုက အလွန်လျင်မြန်သော အရှိန်နှင့် တောက်ပလာခဲ့၏။
အရိပ်များက သူ့အနားသို့ ရောက်တော့မည့်အချိန်တွင် မုန့်ချီက သူ့ဓားကို မြှောက်လိုက်သည်။ မြွေဘုရင်က အသက်ကြီးပြီး ပျက်စီးနေသည့်အတွက် သူ့စွမ်းအားအများစုကို မသုံးနိုင်သော်လည်း သူက ဝေ့ကျင်းတစ်ဝက် အဆင့် ပညာရှင် တစ်ယောက်ဖြစ်သည်။ သူ၏အဆင့်အရ မုန့်ချီက သူ၏ စွမ်းအားများနှင့် ကြွက်သားများ၏ လှုပ်ရှားမှုကို အာရုံခံရန် ခက်ခဲနေသည်။
မြွေဘုရင်၏ စွမ်းအားများက ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေပြီး သားကောင်ကို ကိုက်ရန် စောင့်ဆိုင်းနေသည့် အဆိပ်မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူနှင့် အရိပ်များကို ခွဲခြားရန် လုံးဝမဖြစ်နိုင်ပေ။
မုန့်ချီကတော့ သူ၏ မသိစိတ်ကို အားကိုးပြီး အရိပ်ထဲတွင် လှုပ်ရှားနေသော သူ၏ဓားကို ယုံကြည်နေခဲ့၏။ သူ့ဓားက အရိပ်များကို ဖယ်ရှားလိုက်သည့်အချိန်တွင် တစ်စုံတစ်ခုကို တိုက်ခိုက်လိုက်မိသည်။ သူက ဓားကို ရေပြင်ညီအတိုင်း လွှဲယမ်းတိုက်ခိုက်လိုက်၏။
ထိုအခါ မြွေဘုရင်၏ အရိပ်က ပြန်ပေါ်လာခဲ့သည်။ သူက အဆိပ်မြွေတစ်ကောင်ကဲ့သို့ အရိုးရှိပုံမရဘဲ မုန့်ချီ၏ ဓားကို ရှောင်တိမ်း၍ သူ့ကို ကျော်သွားခဲ့သည်။ သူက သူသေကိုယ်သေ တိုက်ခိုက်ရန် စိတ်ကူးမျိုး မရှိခဲ့ပေ။
တိုက်ခိုက်သူက မည်သူဖြစ်မှန်း မသိသည့် အခြေအနေမျိုးတွင် သူ့စိတ်ထဲ၌ ထွက်ပြေးရန်သာ ဆန္ဒရှိနေသည်။ သိုင်းလောကတွင် ကြာကြာနေလေလေ ပို၍ကြောက်တတ်လာလေလေ ဖြစ်သည်မှာ သာမန်သာ ဖြစ်၏။
Translated by Hein Htet