← Chapters

အခန်း (၃၀၄)

Vol. 21 Ch. 304

အခန်း (၃၀၄)

Vol. 21 Ch. 304

ကျန်းဟန်ချွန်က မြွေဘုရင်ကို အလွန်အကျွံ တောင်းဆိုခဲ့ခြင်း မရှိချေ။ သူတို့၏အစီအစဉ်က စုံစမ်းစစ်ဆေးရန်သာ ဖြစ်သည်။

အခြေအနေကို ခဏကြာ စဉ်းစားပြီးနောက် မြွေဘုရင်၏ မျက်နှာအမူအရာက အနည်းငယ် ကျေနပ်သွား၏။

"ကောင်းပြီလေ "

ထို့နောက် သူက ကျန်းဟန်ချွန် တောင်းဆိုသည့်အတိုင်း ကျိန်ဆိုခဲ့သည်။ သူက ယနေ့ညတွင် လျှို့ဝှက်အသံပို့ဆောင်မှု သုံး၍မရသလို သူတို့ (၂) ယောက်ကို တိုက်ခိုက်၍လည်း မရချေ။ လမ်းတစ်ဝက်တွင် ထွက်ပြေးရန် ကြိုးစား၍လည်း မရနိုင်ပေ။

မြွေဘုရင် ကျိန်ဆိုပြီးမှသာ မုန့်ချီလည်း သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတွင်တော့ ဤကိစ္စက ပြေလည်သွားပြီ ဖြစ်၏။ ကျိန်ဆိုခြင်းဟူသည်မှာ လူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် ပင်မဝိညာဉ်ကို အခြေခံထားသည်။ ထို့ကြောင့် သူ၏စွမ်းအားကလည်း အလွန်အစွမ်းထက်သည်။

အတွင်းနှင့်အပြင် ကမ္ဘာကြီးများကို ပေါင်းစပ်လိုက်ပြီးနောက် လူတစ်ယောက်၏ ပင်မဝိညာဉ်က အဆပေါင်းများစွာ ပို၍အစွမ်းထက်လာနိုင်ပြီး သူ့ဆီတွင် လျှို့ဝှက်စွမ်းရည် အမြောက်အမြား ရှိလာနိုင်သည်။ သို့သော် အစွမ်းထက်သော ပညာရှင်များလျှင်ပင် ထိုကျိန်စာကို ဖယ်ရှား၍ မရသလို တန်ပြန် သက်ရောက်မှုကိုလည်း ခံနိုင်ရည် မရှိကြပေ။

မြွေဘုရင်ကတော့ ဝေ့ကျင်းတစ်ဝက်အဆင့်သာ ရှိနေသေး၏။ သူက အဆင့်မတက်ရသေးခင် လူသားနှင့် ကောင်းကင် ဆက်သွယ်မှုကိုပင် မရသေးပေ။ သူက ထိုကဲ့သို့ အဆင့်မြင့်သောအရာမျိုးကို မည်သို့ အသုံးချနိုင်မည်နည်း။ ထို့ကြောင့် မုန့်ချီက ပို၍စိတ်အေးသွားသလို ခံစားလိုက်ရသည်။

"ငါတို့က အခုပဲ အဲဒီခြံဝန်းထဲကို သွားကြမယ်... "

ပြဿနာတတ်နိုင်သည့် အချိန်ဆွဲမှုများကို ရှောင်တိမ်းရန် မုန့်ချီက မြွေဘုရင်နှင့် အလျင်အမြန် လိုက်လာခဲ့သည်။ သူကတော့ မြွေဘုရင်၏ လက်အောက်ငယ်သား တစ်ယောက်နှင့်မျှ ပေးမတွေ့ချင်ခဲ့ပေ။

မြွေဘုရင်ကလည်း ကန့်ကွက်နေခြင်း မရှိချေ။ သူက မုန့်ချီနှင့် ကျန်းဟန်ချွန်တို့၏ ရှေ့မှ လျှောက်သွားပြီး ကျောင်းဆောင်ငယ်လေး၏ဘေးမှ ထွက်လာခဲ့သည်။ လမ်းတလျှောက်တွင်တော့ သူက လက်အောက်ငယ်သား တစ်ယောက်ကိုမျှ ဆက်သွယ်ရန် ကြိုးစားခဲ့ခြင်း မရှိချေ။

သူတို့ (၃) ယောက် ကျောင်းဆောင်လေးထဲမှ ထွက်လာပြီး သိပ်မကြာခင် လှုပ်ရှားနေသော အဆောက်အဦးကြီးက သတ်မှတ်ချက်ကို ရောက်သွားပုံရ၏။ ‘ဝုန်း’ ဟူသောအသံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုကျသွားသည်။

လေထဲတွင်လည်း မီးခိုးများ ၊ ဖုန်မှုန့်များ ထွက်ပေါ်လာပြီး ရေကန်၏အပေါ်ဘက် လေထဲတွင် အသံများ ကြားနေရသည်။ ရေကန်ထဲတွင်တော့ လုပ်ကြံသူ၏ အလောင်းများပင် မကျန်တော့ဘဲ အရိုးဖြူများသာ ကျန်နေတော့သည်။

ခဏကြာပြီးနောက် သူတို့ (၃) ယောက်က မြောက်ပိုင်းလမ်းကို ဖြတ်ကျော်ပြီး လုပ်ကြံသူခြံဝန်းဆီကို ရောက်လာခဲ့သည်။ ထိုခြံဝန်းတစ်ခုလုံးတွင် လုပ်ကြံသူများ ပုန်းအောင်းနေကြောင်း မုန့်ချီက ခံစားမိနေ၏။ သူတို့အားလုံးက အလွန်သတိထားနေကြသည်။

သို့သော် လုပ်ကြံသူတချို့က ခြေရာလက်ရာများ ပေါ်နေသည့်အတွက် သူတို့ပုန်းနေသည့် နည်းလမ်းများက အားနည်းချက်များ ရှိနေသည်။ ကြည့်လိုက်ရုံနှင့် သူတို့က လုပ်ကြံသူအသစ်များဖြစ်ကြောင်း မုန့်ချီက ပြောနိုင်သည်။

တစ်ဖက်တွင်တော့ သူတို့က အပြင်လူများ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် ခြေရာလက်ရာများကို ဖော်ထုတ်ထားခြင်း ဖြစ်နိုင်သည်။ ထိုအရာက ပို၍ကျွမ်းကျင်သော လုပ်ကြံသူများအတွက် အကောင်းဆုံး ပုန်းကွယ်မှုတစ်ခု ဖြစ်နိုင်သည်။

"ဒေါက် ဒေါက် ဒေါက် …"

မြွေဘုရင်က ဒေါသကို ဖိနှိပ်ပြီး တံခါးကို ခေါက်လိုက်သည်။ ပုန်းအောင်းနေသော လုပ်ကြံသူများအားလုံးက သူတို့၏အရှင်သခင်ကို မှတ်မိကြ၏။ သို့သော် ထိုအရာက သူလျှိုတစ်ယောက် ဖြစ်နိုင်သည့်အတွက် မည်သူကမျှ မလှုပ်ရဲကြပေ။

ခဏကြာပြီးနောက် တံခါးငယ်လေး ပွင့်လာပြီး သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာခဲ့၏။ သူက တလေးတစား ဦးညွတ်၍ ပြောလိုက်သည်။

"ဆရာကြီး…

ကျွန်တော်တို့ကို ခိုင်းစရာရှိလို့လား... "

လီရှင်းကုံက သတင်းဖြန့်ပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူက မြွေဘုရင်ကို လက်တုံ့ပြန်ချင်နေကြောင်း လူတိုင်းက သိနေကြ၏။ အကယ်၍ သူနှင့်သူ့လူများက စွမ်းအားနည်းပါးလျှင်ပင် ပုန်းကွယ်ပြီး မြွေဘုရင်၏ လက်အောက်ငယ်သားများကို တိုက်ခိုက်ရန် အခွင့်အရေး ရှိနေသေးသည်။

ထို့ကြောင့် မြွေဘုရင်က လီရှင်းကုံနှင့် သူ့လူများကို ဖြေရှင်းရန် နည်းလမ်းအတွက် လုပ်ကြံသူ ခြံဝန်းထဲသို့ ရောက်လာသည်ဟု သူက တွေးခဲ့မိသည်။ မြွေဘုရင်၏ နေအိမ်တွင် ဖြစ်ခဲ့သော ပြဿနာသတင်းများကတော့ ယခုအချိန်ထိ လုပ်ကြံသူခြံဝန်းထဲသို့ မရောက်သေးပေ။ အရာအားလုံးက အလွန်လျင်မြန်လွန်းလှပြီး သူတို့ (၃) ယောက်က မြန်မြန်ဆန်ဆန် ရောက်လာခဲ့ကြခြင်း ဖြစ်၏။

"အရင်ဆုံး အထဲကို သွားဝင်ကြစို့…"

မြွေဘုရင်က ခေါင်းဆောင်တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ သူက ဒေါသများကို ပြသခဲ့ခြင်း မရှိချေ။

သက်လတ်ပိုင်းလူကြီးက စကားမပြောတော့ပေ။ သူက မြွေဘုရင်၏ နောက်တွင် ရှိနေသော လူ (၂) ယောက်အကြောင်းကိုလည်း မမေးဘဲ ပုန်းအောင်းနေသည့် လုပ်ကြံသူများ ပြည့်နှက်နေသော အိမ်ထဲသို့ ခေါ်လာခဲ့၏။

မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က မြွေဘုရင်၏နောက်မှ လိုက်လာကြသည်။ သူတို့က ပတ်ပတ်လည်ကို သတိထား၍ ကြည့်နေပြီး မြွေဘုရင်၏ လှုပ်ရှားမှုများကို ပို၍ သတိထားပြီး စောင့်ကြည့်နေကြ၏။ သူက လက်ဟန်ခြေဟန်နှင့် သတင်းပို့ဆောင်လိုက်မှာကို သူတို့က ကြောက်လန့်နေကြသည်။

လုပ်ကြံသူခြံဝန်း၏ တာဝန်ခံကိုယ်တိုင်ကလည်း ကျွမ်းကျင်သော လုပ်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ၏အငွေ့အသက်များကိုသာ လုံးဝ ဖုံးကွယ်ထားမည်ဆိုလျှင် သူ့ပုံစံက သာမန်လူတစ်ယောက်နှင့် ကွဲပြားမှု မရှိတော့ပေ။ သူက လူအုပ်ကြီးထဲကို အလွယ်တကူ တိုးဝင်ပျောက်ကွယ်သွားနိုင်သည်။

မုန့်ချီက သူ၏စိတ်ဝိညာဉ်များကို ဖြန့်ကျက်လိုက်ပြီး ချီစွမ်းအင်စီးဆင်းမှုနှင့် ကြွက်သားများ တုံ့ပြန်မှုကို အာရုံခံကြည့်လိုက်သည့်အခါ ထိုလူ၏အစွမ်းက တံခါး (၇)ပေါက်အဆင့်သာ ရှိကြောင်း သိနေ၏။ သူက အတွင်းကမ္ဘာကြီးကို ကောင်းမွန်စွာ ဖန်တီးထားနိုင်ပြီ ဖြစ်သည်။ အကယ်၍ သူက တခြားလူများထက် ပို၍အစွမ်းထက်နေလျှင်ပင် သူ့ကို အလွယ်တကူ လုပ်ကြံ၍ ရနိုင်သေးသည်။

သူတို့က အရေးကြီးကိစ္စများ ဆွေးနွေးတိုင်ပင်တတ်သော အခန်းထဲသို့ ရောက်လာသည့် အချိန်တွင် တာဝန်ခံက လက် (၂) ဖက်ကို ဘေးသို့ချလိုက်သည်။ သူက ထောင့်နေရာတွင် တိတ်တဆိတ်ရပ်နေပြီး မြွေဘုရင်၏ လမ်းညွှန်မှုကို စောင့်နေခဲ့၏။

"ဒီက သခင်လေးက သူ့တူလေးကို လိုက်ရှာနေတာ.။ သူ့တူလေးကို ဒီမှာပြန်ပေးဆွဲထားတယ်လို့ ပြောနေတယ်..။ သူ့တူလေးကို စစ်ဆေးကြည့်ဖို့အတွက် သူ့ကို ခေါ်သွားလိုက်ပါ..။ ဘာမှဖုံးကွယ်မထားနဲ့ ။ သူပြောတဲ့အရာတွေအားလုံးကိုပဲ နားထောင်ပါ... "

လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မုန့်ချီပြောနေသော စကားအတိုင်း မြွေဘုရင်က ပြောလိုက်သည်။

တာဝန်ခံက ကြေးစားလုပ်ကြံသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက အထွန့်တတ်ခြင်း ၊ ပြန်မေးခြင်းမရှိဘဲ ပြောလိုက်၏။

"ကောင်းပါပြီ မြွေဘုရင် …"

ကျန်းဟန်ချွန်က မြွေဘုရင်၏နောက်တွင် ရပ်နေခဲ့ပြီး မုန့်ချီနှင့် တာဝန်ခံတို့ကတော့ အခန်းထဲမှ ထွက်သွားကြသည်။ သူတို့က လုပ်ကြံသူများ အိပ်စက်နေသော နေရာသို့ ဦးတည်သွားကြ၏။

"ဒီရက်တွေအတောအတွင်း မြွေဘုရင်ရဲ့လူတွေက ဘယ်မှာပုန်းနေတာလဲ... "

ခြံဝန်းထဲမှ ထွက်သွားသည်နှင့် မုန့်ချီက မေးလိုက်သည်။ သူက လှည့်စားထားသော အဖြေတစ်ခုရမရ သိချင်နေခဲ့၏။

အကယ်၍ ထိုအရာက အလုပ်မဖြစ်လျှင် သူက တာဝန်ခံ၏ အရှိန်အဝါကို ဖိနှိပ်ပြီး လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်နှင့် သူ၏စိတ်ဝိညာဉ်ကို အသုံးချရန် စဉ်းစားထား၏။

လုပ်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် သူက ထူးချွန်ထက်မြက်သော နတ်ဘုရားစွမ်းရည်တစ်ခုခုကို လေ့ကျင့်ထားလျှင်ပင် သူ၏စိတ်ဝိညာဉ်ထဲ၌ သေချာပေါက် ဟာကွက်တစ်ခု ရှိနိုင်သည်။

တာဝန်ခံက ရပ်လိုက်၏။ ထို့နောက် မြွေဘုရင်၏ ညွှန်ကြားမှုကြောင့် သူက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

"လျှို့ဝှက်လမ်းကြောင်းထဲမှာတော့ ရှိတယ်...။ အဲဒီကိုသွားတဲ့ ဝင်ပေါက်ကတော့ ကျွန်တော်တို့ ထွက်လာခဲ့တဲ့ အခန်းထဲမှာ... "

တာဝန်ခံက ထိုလူကို လုံးဝ မမြင်ဖူးချေ။ ထိုအရာက အဖြူဝတ် ဓားသမား၏ တူလေးပေလော။

"တကယ်ပဲ လျှို့ဝှက်လမ်းကြောင်းထဲမှာ လူတစ်ယောက် ပုန်းနေတာပဲ…"

မုန့်ချီက မြေခွေးဘုရင်၏ သဲလွန်စကို တွေ့ရပြီဟု ခံစားမိလိုက်သည်။ သူက ချက်ချင်းပင် ပြန်လှည့်ပြီး အခန်းဆီသို့ ပြေးသွားခဲ့၏။

ထိုအချိန်တွင် မြွေဘုရင်၏အော်သံကို ကြားလိုက်ရသည်။

"ပြေးတော့... "

သူ့စကားမဆုံးသေးခင် အိမ်ပေါင်းများစွာက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့သည်။ အမိုးပေါ်မှနေ၍ အုတ်ကြွပ်များ ပြုတ်ကျလာပြီး ခြံဝန်းကြီးထဲတွင် ပျက်စီးသွားခဲ့သည်။

မုန့်ချီက မလှုပ်ရှားရသေးခင် အရိပ်တစ်ခုက ပြတင်းပေါက်ကိုကျော်ပြီး တစ်ဖက်သို့ ထွက်ပြေးသွားခဲ့သည်။ သူက ခြံဝန်းနံရံကို ခုန်ကျော်သွားခဲ့ပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက မြွေဘုရင်ကလွဲလျှင် တခြားလူတစ်ယောက် မဟုတ်ပေ။

မြွေဘုရင်၏ အသံကိုကြားသည့်အခါ မုန့်ချီ၏ နောက်တွင် ရှိနေသော လုပ်ကြံသူတာဝန်ခံက ပထမတွင် ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူလည်း လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။

မုန့်ချီက မြွေဘုရင်ကို တားဆီးရန် ကြိုးစားနေသည့်အချိန်တွင် သူကတော့ အခွင့်အရေးကို အရယူပြီး ခြံဝန်း၏ရှေ့မှ ထွက်ပြေးသည့်အတွက် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းဟန်ချွန်ကလည်း ပြတင်းပေါက်မှ ခုန်ထွက်လာခဲ့၏။ မြွေဘုရင် ပျောက်ကွယ်သွားသည့်အတွက် သူက အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

“မြွေဘုရင်က သတိမပေးဘဲ ရုတ်တရက် ထွက်သွားမယ်လို့ ငါလည်း မထင်ထားခဲ့ဘူး..။ သူက တစ်ခုခု လွဲနေတာကို သတိထားမိသွားလို့လား..."

သူတို့က လုပ်ကြံသူခြံဝန်းထဲသို့ ရောက်နေသည့်အတွက် ထိုအရာက အချည်းနှီးဖြစ်သွားသည်ဟုလည်း သတ်မှတ်၍တော့ မရနိုင်ပေ။

"ဘာကိုမှ ဖုံးကွယ်မနေဘဲ သူပြောတဲ့စကားအတိုင်း နားထောင်ပါ ဆိုတဲ့စကားစုက သူ့ကို သတိပေးလိုက်တာ ဖြစ်နိုင်တယ်..။ ပြီးတော့ ငါတို့လူကွဲသွားတဲ့အချိန်ထိ သူ့ရဲ့လက်အောက်ငယ်သားကို တည်တည်ငြိမ်ငြိမ် ညွှန်ကြားနေတယ်..။ နောက်ဆုံး သူကိုယ်တိုင်ထွက်ပြေးသွားပြီး လျှို့ဝှက်လမ်းကြောင်းထဲမှာ ပုန်းနေတဲ့သူကို သတိပေးလိုက်တယ်... "

မုန့်ချီက အခြေအနေကို သေချာ သုံးသပ်ကြည့်နေသည်။

တစ်ချိန်တည်းတွင် သူက အစိမ်းရောင်လက်ပတ်ဝတ် တိုင်ဖေးပေးခဲ့သော အချက်ပြကို ထုတ်လွှတ်လိုက်၏။ ကောင်းကင်ပေါ်တွင် မီးရှူးမီးပန်းတစ်ခု တောက်ပသွားခဲ့သည်။ ထိုအရာက ကစားစရာတစ်ခုပမာ ထင်မှတ်ရသော်လည်း တိကျသော သင်္ကေတတစ်ခု ရှိသည်။

သူတို့က လျှို့ဝှက်လမ်းကြောင်း၏ ထွက်ပေါက်ကို အချိန်မီ ပိတ်ဆို့နိုင်မည် မဟုတ်ချေ။ သို့သော် သူတို့၏တာဝန်ကိုတော့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဦးမည် ဖြစ်၏။ ထို့ပြင် မုန့်ချီက လမ်းကြောင်းထဲသို့ အလွန်စလို ဝင်သွားလိုခြင်း မရှိချေ။

ထိုနေရာတွင် မြေခွေးဘုရင်ကဲ့သို့ အစွမ်းထက်ထိပ်တန်းပညာရှင်တစ်ယောက် ပုန်းနေနိုင်သေးသည်။ သူကတော့ လျှို့ဝှက်လမ်းကြောင်း၏ အမှောင်ထဲတွင် လုပ်ကြံသတ်ဖြတ်ရာ၌ ကျွမ်းကျင်သော လူတစ်ယောက်နှင့် တိုက်ခိုက်လိုခြင်း မရှိချေ။ ထို့ပြင် ထိုနေရာ၌ ထောင်ချောက်များ တပ်ဆင်ထားနိုင်ချေလည်း ရှိသည်။

သစ်တောထဲသို့ မဝင်ခင် သတိထားရမည်ဖြစ်ပြီး လျှို့ဝှက်လမ်းကြောင်းများကလည်း အတူတူသာ ဖြစ်သည်။ သူတို့ (၂) ယောက်က အခန်းထဲတွင် ခဏကြာ ရှာဖွေနေခဲ့ပြီး နံရံပေါ်တွင် ရှိနေသော စင်ပေါ်ရှိ ပန်းအိုးတစ်လုံးကို ရွှေ့လိုက်သည်။

ထိုအချိန်တွင် နံရံ၏နောက်တွင် ရှိနေသော အုတ်များက ပွင့်သွားပြီး အောက်သို့ ဆင်းသွားသည့် လှေကားတစ်ခု ပေါ်လာခဲ့သည်။ လမ်းကြောင်းထဲတွင် အလင်းရောင်မရှိဘဲ လုံးဝကို မှောင်နေခဲ့၏။

ခဏကြာပြီးနောက် ငွေတံဆိပ်လူဆိုးထိန်း ယုဝမ်ယွမ် ရောက်လာသည်။ သူ့ပုံစံက အလွန်လေးနက်နေပြီး မုန့်ချီနှင့် ကျန်းဟန်ချွန်တို့ကို အသေးစိတ် မေးနေသည်။ ထို့နောက် သူက လျှို့ဝှက်လမ်းကြောင်းထဲသို့ ရဲတင်းစွာ ဝင်သွားခဲ့၏။

ကျန်းဟန်ချွန်ကလည်း မီးတုတ်တစ်ခုကို ယူလိုက်သည်။ သူနှင့် မုန့်ချီတို့က ပုခုံးချင်းယှဉ်၍ လျှောက်လာပြီး ယုဝမ်ယွမ်၏နောက်မှ လိုက်လာခဲ့၏။ သူတို့က ဖြစ်ခဲ့သည့်အရာများကို အသေးစိတ်ပြောပြလိုက်ပြီးနောက် လျှို့ဝှက်လက်နက်များ၊ ထွက်ပေါ်လာနိုင်သည့် ထောင်ချောက်များကို သတိထားနေသည်။

လှေကားပေါ်မှ ဆင်းလာပြီးနောက် လျှို့ဝှက်လမ်းကြောင်းက ပို၍ကျယ်လာသည်။ စိုထိုင်းထိုင်းအထိအတွေ့လည်း ရနေသည်။

"တစ်ဖက်မှာရှိတဲ့ ထွက်ပေါက်က ကျင်းမြစ်ထဲမှာပဲ ။ အဲဒီထွက်ပေါက်က ပွင့်နေပြီ.."

ယုဝမ်ယွမ်က စိတ်ပျက်သွားပုံရ၏။ အနည်းငယ် အချိန်နှောင့်နှေးနေသည့်အတွက် လျှို့ဝှက်လမ်းကြောင်းထဲတွင် ပုန်းနေသူက အလျင်အမြန် ထွက်သွားခဲ့သော်လည်း သဲလွန်စကျန်နေသေးရန် မျှော်လင့်နေခဲ့သည်။

သူတို့ (၃) ယောက်က ရေများစိုစွတ်နေသော နယ်မြေထဲတွင် လှည့်ပတ်ရှာဖွေနေပြီး ကျောက်တုံးအခန်း အနည်းငယ်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှ တစ်ခုကတော့ တစ်ဝက်ခန့် ပိတ်နေ၏။ တခြားအခန်းများကတော့ လုံးဝဖွင့်ထားပြီး အထဲတွင် ကျောက်တုံးအိပ်ရာနှင့် ကျောက်စားပွဲများကဲ့သို့ အသုံးအဆောင်များသာ ရှိသည်။

ယုဝမ်ယွမ်က တစ်ဝက်ပိတ်ထားသော တံခါးကို တွန်းဖွင့်လိုက်သည်။ နောက်ဆုံးတွင်တော့ ကျောက်တုံးအခန်း၏ အတွင်းထဲတွင် ရှိနေသော အရာများကို မြင်လိုက်ရ၏။

သူတို့ (၃) ယောက်က ပင့်သက်ရှိုက်လိုက်မိသည်။ နောက်ဆုံးသော ကျောက်တုံးအခန်းထဲတွင် လူသားအရေခွံများကို သပ်သပ်ရပ်ရပ် ချိတ်ဆွဲထား၏။ ထိုလူသားအရေခွံများက အသွေးအသားမရှိ အရိုးများ မရှိချေ။ သူတို့က သက်ရှိ တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ ခွာယူလိုက်သလို မဟုတ်ဘဲ စုတ်ဖြဲထားသည့် လက္ခဏာမျိုး မရှိချေ။ အရေပြား၏ အတွင်းထဲတွင် ရှိနေသူက ရုတ်ချည်း ပျောက်ကွယ်သွားသလိုမျိုး ထင်မှတ်ရသည်။

ထိုမြင်ကွင်းကြောင့် ဤနေရာတွင် မည်သူပုန်းနေကြောင်းကို မုန့်ချီက နားလည်သွားသည်။ ထိုအရာက မြေခွေးဘုရင် မဟုတ်ဘဲ ကောင်းကင်နှင့် နတ်ဆိုးသိုင်းပညာ လေ့ကျင့်ထားသော အဘိုးကြီးကျုံး ဖြစ်သည်။

"တကယ်သူပါပဲလား... "

သို့သော် အဘိုးကြီးကျုံးက ချိုးဖေး၏ နောက်သို့ အချိန်ကြာမြင့်စွာ လိုက်လံခြေရာခံနေကြောင်း စဉ်းစားသွားခဲ့သည်။ ထိုလူက တုံးရန်စံအိမ်နှင့် ပတ်သက်ပြီး အလွန်အမင်းကို စိတ်ဝင်စားနေခဲ့၏။ ထို့ကြောင့် သူက မြောင်လင်တွင် ပေါ်လာသည်မှာ သာမန်သာ ဖြစ်သည်။

"တော်တော်လေးအစွမ်းထက်တဲ့ မကောင်းဆိုးဝါးတစ်ယောက်ပဲ…"

ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ယုဝမ်ယွမ်ကလည်း လူသားအရေပြားပေါ်တွင် ရှိနေသော အမှတ်အသားများကိုကြည့်ပြီး တူညီစွာ ဆုံးဖြတ်နိုင်ခဲ့သည်။

အဘိုးကြီးကျုံးနှင့် မြွေဘုရင်တို့ (၂) ယောက်လုံးက ဝေ့ကျင်းတစ်ဝက်အဆင့် ဖြစ်ကြသော်လည်း သူတို့၏စွမ်းအားကွာဟမှုက အလွန်ကြီးမားသည်။ ထိုအရာက လူသားနှင့်ကောင်းကင် တသားတည်းအဆင့်နှင့် သာမန်တံခါး (၉) ပေါက်အဆင့် ပညာရှင်တစ်ယောက်၏ ကွာဟမှုထက်ပင် ပို၍ ကြီးမားနိုင်သေးသည်။

"ဒါက လက် (၈) ချောင်းနဂါးပျံနဲ့ တိမ်တောင်တန်းက သိမ်းငှက် (၃) ကောင်ပဲ…"

ကျန်းဟန်ချွန်က မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘယ်လို... "

ယုဝမ်ယွမ်က အံ့သြသွားခဲ့၏။

လက် (၈) ချောင်းနဂါးပျံက နာမည်ကျော် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ သူက ချိုးဖေးထက်ပင် ပို၍အစွမ်းထက်၏။ သို့သော် ထိုမကောင်းဆိုးဝါး၏ လက်ထဲတွင် သေဆုံးသွားခဲ့သေးသည်။ မကောင်းဆိုးဝါး၏အစွမ်းက အနိမ့်ဆုံး ဝေ့ကျင်းအဆင့်နီးပါး ရောက်နေသည်ဟု ဆိုနိုင်သည်။

"သူတို့ပဲ ။ ဒါကြောင့်လည်း အခင်းဖြစ်ပွားတဲ့နေရာမှာ သွေးစီးကြောင်းတွေ မတွေ့ရတာ..။ ဒါကြောင့်လည်း သူတို့က ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့တာပဲ.."

မုန့်ချီ ကိုယ်တိုင်လည်း အလွန်ထိတ်လန့်နေခဲ့သည်။ အဘိုးကြီးကျုံး၏အစွမ်းက အလွန်တိုးတက်လာပုံရ၏။ ကောင်းကင်နှင့် နတ်ဆိုးသိုင်းပညာက လူတစ်ယောက်ကို လျင်မြန်စွာ တိုးတက်စေနိုင်သော မကောင်းဆိုးဝါးလမ်းစဉ် စွမ်းရည်တစ်ခု ဖြစ်သည်။ ပညာရှင်များ၏ အသွေးအသားကိုသာ လုံလုံလောက်လောက် စုပ်ယူနိုင်မည်ဆိုလျှင် အစောပိုင်း၌ အလွန်လျင်မြန်စွာ တိုးတက်လာနိုင်သည်။

လူသားအရေပြားတစ်ခုကို လက်ညှိုးထိုးပြပြီး ကျန်းဟန်ချွန်က ရှင်းပြလိုက်သည်။

"လက် (၈) ချောင်းနဂါးပျံရဲ့ မျက်ခုံးတည့်တည့်မှာ မှဲ့တစ်လုံးရှိတယ်..။ ငါက သူနဲ့တိုက်ခိုက်ဖူးတဲ့အတွက် မှားစရာ မရှိဘူး..။ ကြည့်ရတာ အခွင့်အရေးက အဲဒီကြောက်စရာ မကောင်းဆိုးဝါးရဲ့လက်ထဲကို ရောက်သွားပြီ ထင်တယ်... "

သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မုန့်ချီကို ပြောလိုက်သည်။

ယုဝမ်ယွမ်က သေချာ စဉ်းစားကြည့်လိုက်ပြီးနောက် တည်ငြိမ်သွားခဲ့၏။

"ဒီကိစ္စက တဖြည်းဖြည်း ပိုပြီးပြဿနာများလာပြီ ။ ငါက ဌာနချုပ်ကို လူလွှတ်ပြီး အကူအညီတောင်းရတော့မယ်... "

ခဏကြာ ရှာဖွေလိုက်ပြီးနောက် သူတို့က တခြားသဲလွန်စများကို မတွေ့ရပေ။ သူတို့ (၃) ယောက်က လျှို့ဝှက်လမ်းကြောင်းထဲမှ ထွက်လာပြီး လူဆိုးထိန်းများ ၊ စုံစမ်းရေးမှူးများက ကျန်ရှိနေသော လုပ်ကြံသူများကို ဖြေရှင်းခိုင်းလိုက်သည်။

"ဒီနေ့ည လှုပ်ရှားမှုက တော်တော်လေးကိုကြီးတယ်..။ ဒါကြောင့် ဟန်စန်းနမ်ကလည်း တစ်ခုခုကို သတိထားမိမှာ သေချာတယ်... ။ အခုအချိန်မှာ ငါတို့က ဘာမှမလုပ်တော့တာ အကောင်းဆုံးပဲ …"

ယုဝမ်ယွမ်က ကောင်းကင်ကြီးပေါ်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

မုန့်ချီနှင့် ကျန်းဟန်ချွန်တို့ကလည်း ထိုဆုံးဖြတ်ချက်အတွက် အဆင်ပြေကြ၏။ သူတို့(၃)ယောက်က မြောက်ပိုင်းလမ်းထဲမှ ထွက်လာပြီး သူတို့၏နေရာအသီးသီးသို့ ပြန်သွားခဲ့ကြလေသည်။

"ငါတို့က မြေခွေးဘုရင်ကိုရှာဖို့ ကြိုးစားခဲ့ပေမယ့် အဘိုးကြီးကျုံးကိုပဲ ရှာတွေ့ခဲ့တယ်..။ ဒါက တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ဘူး... "

မုန့်ချီက တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။

သူက ချက်ချင်း ပြန်လှည့်လာပြီး မြောက်ပိုင်းလမ်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူက ဓားကိုကိုင်ပြီး လမ်းမရှည်ကြီးကို ဖြတ်ကျော်၍ ဟန်စန်းနမ်၏ သီးသန့်နေအိမ်ဆီသို့ ရောက်လာခဲ့သည်။

ထိုနေအိမ်လေးထဲတွင် အနီရောင်မီးအိမ်များကို သေသေသပ်သပ် ချိတ်ဆွဲထားခဲ့၏။ တံခါးနားတွင်တော့ အစေခံမိန်းကလေးတစ်ယောက် ရပ်နေသည်။

"သခင်လေးစု ကျေးဇူးပြုပြီး လိုက်ခဲ့ပါ... "

မုန့်ချီကို မြင်လိုက်ရသည့်အတွက် အစေခံမိန်းကလေးက အံ့ဩနေပုံ မရချေ။ သူမက သူ့ကို အချိန်တော်တော်ကြာ စောင့်နေသည့်အလား ဦးညွှတ်ပြီး အထဲသို့ ဖိတ်ခေါ်လိုက်သည်။

မုန့်ချီက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက အစေခံမိန်းကလေး၏နောက်မှ လိုက်သွားခဲ့၏။ သူတို့က ပင်မတံခါး၏ အပြင်ဘက်မှ ကွေ့ပတ်သွားပြီး ပန်းပွင့်ခန်းမထဲသို့ ရောက်လာခဲ့သည်။

ခန်းမထဲတွင်တော့ လူ (၂) ယောက် ထိုင်နေ၏။ တစ်ယောက်ကတော့ အရပ်ရှည်ရှည် နှာခေါင်းချွန်ချွန်နှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမကတော့ မြောက်ပိုင်းလမ်းထဲတွင် အကြီးဆုံးခေါင်းဆောင် တစ်ယောက်ဖြစ်သည့် ဟန်စန်းနမ် ဖြစ်သည်။ သူမ၏ ရုပ်ရည်ကိုကြည့်ပြီး သူမက မည်သူဖြစ်ကြောင်း မပြောနိုင်ပေ။

သူမ၏ မျက်နှာချင်းဆိုင်တွင်တော့ အဖြူရောင်ဝတ်စုံ ဝတ်ထားသော လူငယ် တစ်ယောက် ရှိသည်။ သူကတော့ ပါးစပ်ကို လက်နှင့်အုပ်၍ သိမ်မွေ့စွာ ချောင်းဆိုးနေ၏။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး နေမကောင်းရာမှ ပြန်သက်သာလာသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

သူက အပြုံးနှင့် ပြောလိုက်၏။

"မင်းက ဒီကိုလာရမယ်ဆိုတာ သိနေသေးတာပဲ…"

ထိုအရာကတော့ သခင်လေးဝမ်ကလွဲလျှင် တခြားလူ မဖြစ်နိုင်ပေ။

Translated by Hein Htet

All Chapters