← Chapters

အခန်း (၃၀၅)

Vol. 21 Ch. 305

အခန်း (၃၀၅)

Vol. 21 Ch. 305

မုန့်ချီက ဧည့်သည်တစ်ယောက်ကဲ့သို့ လုပ်ဆောင်နေခြင်း မရှိချေ။ သူက ဝမ်စစ်ယွင်နှင့် ဟန်စန်းနမ်တို့ဆီသို့ အေးအေးဆေးဆေး လျှောက်သွားခဲ့ပြီး ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။

သူက စားပွဲပေါ်တွင် ရှိနေသော ရေနွေးခွက်တစ်ခုကို အေးအေးဆေးဆေး ကောက်ယူလိုက်ပြီး ရေနွေးအိုးထဲမှ ရေနွေးငှဲ့ထည့်လိုက်၏။ အိုးထဲတွင် ရှိနေသော လက်ဖက်ခြောက်က ကျောက်စိမ်းရောင် ပေါက်နေသည်။

အတွင်းထဲတွင်လည်း သစ်ရွက်လေးတချို့ လွင့်မျောနေပြီး တချို့ကတော့ ခွက်အောက်ခြေတွင် ရှိနေကြသည်။ ထိုအရာက ရေကစားနေသော မိန်းမလှလေးများကိုပင် အမှတ်ရသွားစေနိုင်၏။ အလွန်မွှေးပျံ့သော ရနံ့တစ်ခုက လေထဲတွင် လွှမ်းခြုံလာပြီး နှုတ်ခမ်းတွင်လည်း ချိုမြမြ အရသာတစ်ခု ရနေသည်။

ရေနွေးနှင့် ပတ်သက်ပြီး မည်သည့်ဗဟုသုတမျှ မရှိလျှင်ပင် မုန့်ချီကတော့ ချီးကျူးလိုက်မိ၏။

"တကယ်ကောင်းတဲ့ လက်ဖက်ခြောက်ပဲ ... "

သူက ပြောလိုက်၏။

"ဒီလက်ဖက်ခြောက်ကို ကွမ်လင်း ယွဲ့ရေကန်ထဲမှာရှိတဲ့ ချန်းလုံ(၉)မျိုး လက်ဖက်ပင်ကနေ ခူးထားတာ။ အဲဒီအရာကို ရနိုင်တာ တစ်နေရာပဲ ရှိတယ်…"

ဟန်စန်းနမ်က အလွန်လှပသော မျက်လုံးလေးများနှင့် ဝမ်စစ်ယွမ်ကို ကြည့်နေခဲ့သည်။ ဝမ်စစ်ယွမ်ကတော့ ခြေဟန်လက်ဟန်နှင့် တုံ့ပြန်ခဲ့ခြင်း မရှိချေ။

မုန့်ချီက အပြုံးနှင့် ဆက်ပြောလိုက်၏။

"ပထမတော့ ငါတို့တွေက မြေခွေးဘုရင်ကို ရှာနေတာပဲ။ ဒါပေမဲ့ အဲဒီအစား လက်(၈)ချောင်း နဂါးပျံနဲ့ တခြားလူတွေကို သတ်သွားတဲ့ မကောင်းဆိုးဝါးကို တွေ့လိုက်ရတယ်။ ကြည့်ရတာ ငါ့အတွက် တော်တော်လေးကို ထူးထူးဆန်းဆန်း တိုက်ဆိုင်နေသလိုပဲ..”

“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်မှာ ဟန်စန်းနမ်နဲ့ ခေါင်းဆောင်လော်တို့က ပူးပေါင်းဖို့ ကြိုးစားတဲ့အတွက် မြွေဘုရင်က တခြားလူတွေကို ပွင့်ပွင့်လင်းလင်း သိမ်းပိုက်လာတယ်။ ဒါကြောင့် ငါနဲ့ ကျန်းဟန်ချွန်တို့က သူ့ကို အရင်ဆုံး ရှာဖွေဖို့ အကြောင်းပြချက် ရသွားခဲ့တယ်။ ငါတို့က ကံကောင်းသွားတယ်လို့ ဝန်ခံရမှာပဲ..”

“ဒါပေမဲ့ တစ်ကြိမ်မှာ ကံကောင်းသွားတာက သာမန်ပါပဲ။ ဒါပေမဲ့ နှစ်ကြိမ်ဆိုရင်ရော ။ ဒီလောက်တိုက်ဆိုင်နေတာက ကံတရားလား။ ပြီးတော့ သခင်လေးဝမ်က ထောင်ချောက်ဆင်ဖို့အတွက် မြေခွေးဘုရင်ကို ရှာဖို့ အခွင့်အရေး မယူခဲ့တာလည်းတော်တော်ထူးဆန်းနေတယ်။ အဲဒါကြောင့် ငါက ဒီကိုရောက်နေတာပဲ…"

သူ၏ လေသံက ပိုးသားလေးပမာ ပျော့ပျောင်းလွန်းလှပြီး သူ့အပြုံးက သိမ်မွေ့ညင်သာလှသည်။ သူ၏ဝတ်စုံကလည်း စွတ်စွတ်ဖြူနေပြီး ဓားကို ဒူးပေါ်တွင် ကန့်လန့်ဖြတ် တင်ထားသည်။ မုန့်ချီက ဒေါသမရှိဘဲ အေးအေးဆေး‌ဆေးနှင့် ပြောနေခြင်းဖြစ်၏။

"မင်းက ဒီကိုလာရမယ်ဆိုတာ ကောင်းကောင်းကြီး သိနေတာပဲ။ အနည်းဆုံးတော့ မင်းက ဉာဏ်ကောင်းတယ်ဆိုတာ ပြနေပါသေးတယ်…"

ဝမ်စစ်ယွမ်က သူ့ကို ပြန်ဖြေလိုက်သည်။

မုန့်ချီ၏မျက်နှာက အနည်းငယ် ရှုံ့မဲ့သွား၏။

"ဟုတ်တယ် ။ ငါ သတိထားမိတဲ့ အရာတွေကို တခြားလူတွေလည်း သတိထားမိမှာပဲလေ..”

“အဲဒါက ငါတို့လုပ်ချင်နေတဲ့အရာ အတိအကျပဲလေ…"

ဝမ်စစ်ယွမ်က မတင်မကျ ပြန်ဖြေလိုက်ပြီး သူ၏မျက်နှာအမူအရာက ခံစားချက် ကင်းမဲ့နေသည်။ သူ့ပုံစံက ယခင်တုန်းက အတိုင်းသာဖြစ်၏။ ထိုလူက သူ့ကို အယောင်ပြနေသည်ဟု မုန့်ချီက ခံစားနေရ၏။

မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်သည်။

"ငါက မင်းလို တွက်ချက်တတ်တဲ့ သူတွေနဲ့ တခြားလူတွေအပေါ် လှည့်စားတတ်တဲ့ လူတွေကို အရမ်းမုန်းတယ် …"

သူ၏ စကားသံထဲတွင် ဒေါသများ ပါဝင်နေခြင်းမရှိပေ။

ဟန်စန်းနမ်က ဝင်ပြောလိုက်၏။

"ငါလည်း အတူတူပဲ… "

ဝမ်စစ်ယွမ်က နှစ်ကြိမ်ချောင်းဆိုးလိုက်မိပြီး သူ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး စိတ်ဝင်စားမှုတစ်ခု ပေါ်လာသည်။

"ဒါဆိုရင် နောက်ပိုင်း ငါတို့ အချင်းချင်း ရင်ဆိုင်တဲ့အချိန်ကျရင် မင်းက ဘာလုပ်မှာလဲ.."

မုန့်ချီက ထိုအရာကို သေချာစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"ပထမဆုံး ငါက တွက်ချက်ခြင်းစွမ်းရည်ကို သင်ကြားဖို့လိုတယ်။ ငါက အဲဒီစွမ်းရည်ကို ပြည့်ပြည့်ဝဝ ကျွမ်းကျင်ဖို့တော့ မလိုအပ်ပါဘူး။ ငါက ငါ့ကိုယ်ငါ ကာကွယ်ဖို့လောက်ပဲ သိထားရင် လုံလောက်ပြီ…"

"ဟုတ်တယ် …။ အဲဒါက အလိမ်အညာတစ်ခုပဲ…"

မုန့်ချီက တစ်ယောက်တည်း စိတ်ထဲတွင် တွေးလိုက်မိသည်။

သူ့ဆီတွင် တွက်ချက်ခြင်းစွမ်းရည်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အလွယ်တကူ ပုန်းနေနိုင်တယ်။ သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို အဆင့် (၇)အထိ လေ့ကျင့်ပြီးသွားပြီဆိုလျှင် ကိုယ်တွင်းကမ္ဘာကြီးနှင့် တစ်သားတည်းဖြစ်သွားအောင် လုပ်ဆောင်နိုင်သည်။ ထိုစွမ်းရည်နှစ်မျိုး ပူးပေါင်းလိုက်မည်ဆိုလျှင် သူက အန္တရာယ်များကို ရှောင်တိမ်းသွားနိုင်၏။

ထိုအရာက လူသားနှင့် ကောင်းကင်တသားတည်း အခြေအနေကိုသုံးပြီး မြေခွေးဘုရင် ပုန်းအောင်းနေသကဲ့သို့ လုပ်ဆောင်၍ ရနိုင်သည်။ လွန်ခဲ့သော (၃)လ အတွင်း မုန့်ချီ၏ အကြီးမားဆုံး အကျိုးအမြတ်ထဲမှ တစ်ခုကတော့ လေ့ကျင့်ရန် အချိန်ရခဲ့ခြင်းဖြစ်သည်။

ယခင် (၃)လနှင့် သံသရာကမ္ဘာကြီးထဲတွင် လေ့ကျင့်သည့် အချိန်(၃)လကို ပေါင်းစည်းလိုက်မည်ဆိုလျှင် စုစုပေါင်း နှစ်ဝက်ခန့် အချိန်ရ၏။ ထို့ပြင် သူက သာမန်ခန္ဓာကိုယ်ကိုလည်း ဖယ်ရှား၍ ရခဲ့သည်။

အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကလည်း တံခါး (၄)ပေါက်ကို ဖြတ်ကျော်လာပြီးနောက် ယခု သူက တံခါး (၆)ပေါက် အဆင့်ကို ရောက်နေသည်။ ယခု သူက နံပါတ်(၈) သွေးကြော၏ သွေးကြောမှတ်များ စုစည်းမှုကလည်း ပြီးဆုံးခါနီးနေပြီဖြစ်၏။ နောက်ဆုံးတွင်တော့ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၇)ကလည်း နောက်ထပ် တစ်နှစ်ခွဲအတွင်း ပြီးဆုံးသွားနိုင်ပါလိမ့်မည်။

တစ်ဖက်တွင်တော့ သူက လက်နှစ်ဖက်ကျင့်စဉ်ကိုလည်း ကျွမ်းကျင်နေပြီဖြစ်သည်။ မုန့်ချီက စိတ်ဝိညာဉ်ကျင့်စဉ်ကို တစ်ယောက်တည်း လေ့ကျင့်ပြီး အချိန်ကုန်နေခြင်းကလည်း မသင့်တော်တော့ပေ။

သို့သော် သူက ယခုအချိန်ထိ တံခါး (၉)ပေါက်အဆင့်ကို မရောက်သေးသလို လူသားနှင့် ကောင်းကင်ဆက်သွယ်မှု မရှိသေးသည့်အတွက် အနာဂတ်တွင် တည်ငြိမ်သော အုတ်မြစ်တစ်ခုကို တည်ဆောက်ရန် မဖြစ်နိုင်သေးပေ။

ဟယ်ကျူး ၊ ဝမ်စစ်ယွမ်နှင့် တခြားလူများက အဆင့်တက်ရန် နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည်ကိုကြည့်ပြီး သူ့ဆီတွင်လည်း အချိန်အလုံအလောက် ရှိနေသေးသည်ဟု တွေးထားခဲ့သည်။ သူကိုယ်တိုင်ကလည်း အလားတူ အခြေအနေမျိုးတွင် နောက်ကျကျန်နေခဲ့မည် မဟုတ်ချေ။

အကယ်၍ သူသာ သတိပေးချက်များ မရခဲ့လျှင် အန္တရာယ်များကို ရှောင်တိမ်းနိုင်သည်။ သူက သူ့အဖော်များနှင့် အမြဲလိုလို ပူးပေါင်းလုပ်ဆောင်ချင်နေသော လူတစ်ယောက် မဟုတ်ချေ။

"မဆိုးပါဘူး … ပြီးတော့ရော… "

ဝမ်စစ်ယွမ်ကတော့ မုန့်ချီ၏အစီအစဉ်ကို စိတ်ဝင်စားနေပုံရ၏။

"ပြီးတော့လား …ပြီးတော့ ငါက သိုင်းပညာ ကြိုးစားပြီး မင်းကို ကျော်သွားအောင် ကြိုးစားမှာပေါ့။ ပြီးရင်တော့ အခွင့်အရေးယူပြီး မင်းကို တိုက်ရိုက်စိန်ခေါ်မယ်။ ငါတို့ရဲ့ တိုက်ပွဲက တည့်တိုးဆန်ပြီး ထူးဆန်းသင့်တယ်။ မင်းကို လှည့်ကွက်တွေ ဆင်ခွင့် မပေးနိုင်ဘူး။ ပြီးရင်တော့ ငါက မင်းကို လှလှပပကြီး အနိုင်ယူပြမယ် … "

မုန့်ချီက ပြန်ဖြေလိုက်၏။

"ခစ် … ခစ် … ခစ် "

ဟန်စန်းနမ်က မနေနိုင်ဘဲ ရယ်လိုက်မိသည်။

“တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အကြံတစ်ခုပါလား ။ ပွင့်လင်းတယ် ။ အချုပ်အနှောင်တွေ မရှိဘူး။ ဒါက သခင်လေးဝမ်ကို တကယ်ပဲ အနိုင်ရစေနိုင်ပါလိမ့်မယ်။ စုမုန့် … နင်က တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ပဲ…"

ဝမ်စစ်ယွမ်၏ အပြုံးက အနည်းငယ် တည်ငြိမ်သွားသည်။

"မင်းက စွမ်းအားအရပဲ ငါ့ကို အရင်ဆုံး အသာစီးရဖို့ ကြိုးစားပါဦး။ မဟုတ်ရင် မင်းကိုယ်တိုင် အရှက်ကွဲရလိမ့်မယ်…”

တည့်တိုးဆန်ပြီး ရက်စက်ကြမ်းကြောက်သော လူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသော မုန့်ချီ၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။

"ဒါကတော့ ငါကိုယ်တိုင်လည်း စိုးရိမ်နေတဲ့အရာပါပဲ … "

ဝမ်စစ်ယွမ်က သူ၏သဘောထား သိသွားမှာ မုန့်ချီက စိုးရိမ်နေခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ၏ အစစ်အမှန် ရည်ရွယ်ချက်လည်းဖြစ်၏။ သူက ကန့်လန့်ကာ နောက်ကွယ်မှနေ၍ ရုပ်သေးများသဖွယ် ဆောင်ရွက်ရခြင်းကို အလွန်သဘောကျသည်။ အခွင့်အရေးပေးမည်ဆိုလျှင်တော့ ထိုလူကို သေချာပေါက် တိုက်ခိုက်အနိုင်ရရန် ကြိုးစားရမည်ဖြစ်၏။

ဟန်စန်းနမ်က ပြောလိုက်သည်။

"နင်တို့ နှစ်ယောက်နဲ့ အနာဂတ်အကြောင်း ဆွေးနွေးနေရမည့်အစား ငါက စောင်းတီးပြရင် မကောင်းဘူးလား…”

ဝမ်စစ်ယွမ်က သူ၏ရေနွေးခွက်ကို မြှောက်လိုက်ပြီး တစ်ငုံချင်းဆီ သောက်လိုက်သည်။ သူက ပြန်မဖြေခဲ့ပေ။

မုန့်ချီကလည်း ကန့်ကွက်စရာ မရှိသည့်အတွက် အေးအေးဆေး‌ဆေး ဆက်ထိုင်နေ၏။

ထိုအချိန်တွင် (၇) ကြိုးတပ် ဝမ်ဝူဗျတ်စောင်းက ဟန်စန်းနမ်၏ ရှေ့တွင် ပေါ်လာခဲ့၏။ ထိုစောင်း၏ ကိုယ်ထည်ပေါ်တွင် လက်စွပ်ကွင်းလေးများ ရှိနေပြီး အက်ကွဲနေသလို ပုံဖော်ထားသည်။

အဆင်တန်ဆာ ဝတ်ဆင်ထားခြင်း မရှိသော လက်ချောင်းလေးများက စောင်းကြိုးကို လှပစွာ တီးခတ်လိုက်၏။ သာယာနာပျော်ဖွယ် တေးဂီတသံတစ်ခုက လေထဲတွင် ပျံ့နှံ့နေခဲ့သည်။ သူမ၏ အလှတရားများနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ထိုအရာက အလှပဆုံး မြင်ကွင်းတစ်ခု ဖြစ်လာနိုင်၏။ တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ရပ်ကလည်း ခန်းမထဲတွင် ပြည့်နှက်လာပြီး စိတ်ထဲတွင် ငြိမ်းအေးသွားစေနိုင်သည်။

သီချင်းသံ ပြီးဆုံးသွားသည့်အချိန်တွင် ပန်းပွင့်ခန်းမထဲ၌ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ ဝမ်စစ်ယွမ်က လက် (၅)ချောင်းကို လှုပ်ရှားလိုက်ပြီး ဂီတသင်္ကေတများကို ဖမ်းဆုပ်မိရန် ကြိုးစားနေပုံရသည်။

"စုစု …

မင်းရဲ့ဗျပ်စောင်းစွမ်းရည်က နောက်တစ်ကြိမ် တိုးတက်လာတာပဲ။ ဒါပေမဲ့ ရွမ်မိသားစုက ပါရမီရှင် မိန်းကလေးကိုတော့ မမီသေးဘူး။ မင်း တီးလိုက်တာ အဲဒီ ဂီတသံစဉ်ပဲ မဟုတ်လား။ ဒါပေမဲ့ သူ့ရဲ့ အနှစ်သာရကို မဖမ်းဆုပ်မိသေးဘူး…"

သူ၏ စကားကြောင့် မုန့်ချီကပင် ဘာပြောရမှန်း မသိတော့ပေ။ ထိုလူငယ်က သူ၏ မိန်းကလေးကို ထိုကဲ့သို့ စကားမျိုး ပြောသင့် မသင့် မသိခြင်းပေလော။ ဟန်စန်းနမ်၏ ဗျပ်စောင်းစွမ်းရည်က ငွေဇွန်းကိုက်ပြီး ကြီးပြင်းလာခဲ့သော ရွမ်ယုရှုကို မယှဉ်နိုင်ပေ။ ဝမ်စစ်ယွမ်က မိန်းမပျိုတစ်ယောက်၏ နှလုံးသားကို မည်သို့ရယူသင့်ကြောင်း နားမလည်ခြင်းပေလော။

ဟန်စန်းနမ်၏ မျက်နှာလေးက မည်းမှောင်သွားခဲ့ပြီး မျက်နှာပေါ်ရှိ အပြုံးကလည်း ပျောက်ကွယ်သွားသည်။ သူမက အေးစက်စွာ ပြောလိုက်၏။

"ငါ့ရဲ့ ဗျပ်စောင်းစွမ်းရည်က အထက်တန်းလွှာ မိသားစုက သခင်မလေးကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ သူက ဗျပ်စောင်းပါရမီပါပြီး မျိုးရိုးစဉ်ဆက် နတ်ဘုရားစွမ်းရည်တွေ သင်ပေးခံထားရတာ။ ငါက ဘယ်သူလဲ … ငါက အရာအားလုံးကို ကိုယ့်ဘာသာပဲ ကြိုးစားခဲ့ရတာ။ ငါက သူနှင့်ယှဉ်ပြိုင်နိုင်ပါ့မလား။ နင်က သူ့ရဲ့အရည်အချင်းကို ဒီလောက်တောင် သဘောကျနေမှတော့ လန်းယာ့ကိုသွားပြီး သူတီးတာပဲ နားထောင်လိုက် … "

“ငါက ဒီနေ့ ခံစားချက် မကောင်းဘူး။ ကျေးဇူးပြုပြီး ထွက်သွားကြပါတော့…"

သူမက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး အနောက်ဘက် ခြံဝန်းထဲမှ ထွက်ခွာသွားခဲ့သည်။

ဝမ်စစ်ယွမ်ကတော့ သူ၏အင်္ကျီကို ခါလိုက်ပြီး တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်၏။ သူက မုန့်ချီကို ပြောလိုက်သည်။

"အဓိကအဖြစ်အပျက်တွေက ရက်အနည်းငယ်အတွင်း စလိမ့်မယ်။ မင်းလည်း သတိထားနေပါ..”

သူကတော့ လက်ရှိအဖြစ်အပျက်အပေါ် ဝမ်းနည်းနေခြင်း မရှိသလို အပြစ်ရှိသလို ခံစားနေရခြင်းလည်း မရှိချေ။ ထိုစကားလုံးများကို ပြောပြီး သူလည်း ထွက်ခွာသွား‌ခဲ့သည်။

"တကယ့်ကို နားလည်ရခက်တဲ့လူပဲ… "

ထိုလူက သိပ်မကြာခင် ချောင်းဆိုးပြီး သေသွားပါစေလို့ မုန့်ချီက မျှော်လင့်နေခဲ့သည်။

သူက မသိချင်ယောင်ဆောင်ပြီး ပြန်မေးလိုက်၏။

"အစောပိုင်းမှာ မင်းရဲ့တွက်ချက်မှုတွေက ဟန်ဆောင်နေတာ မဟုတ်လား…”

“မြေခွေးဘုရင်က သေချာပေါက် မြောက်ပိုင်းလမ်းထဲမှာ ရှိတယ်။ ဒါပေမဲ့ အခုလို ကိစ္စတွေကြောင့် သူက အဲဒီမှာ ဆက်ပြီး ပုန်းနေဦးမယ်လို့ ထင်နေတာလား…"

ဝမ်စစ်ယွမ်က ယုံကြည်ချကိရှိရှိ ပြောလိုက်သည်။

မုန့်ချီက နောက်ထပ်‌ မေးခွန်းမမေးတော့ဘဲ လက်ထဲတွင် ဓားကိုကိုင်ပြီး ထွက်သွားခဲ့သည်။

“အဓိကပွဲက စတော့မယ်ဆိုမှတော့ ရက်အနည်းငယ်အတွင်း ပြီးသွားတော့မှာလား..”

…………….

နောက်တစ်ရက်‌တွင်တော့ အစိမ်းရောင်လက်ပတ်ဝတ် တိုင်ဖေးက မုန့်ချီနှင့် ကျန်းဟန်ချွန်တို့ကို စားသောက်ဆိုင်တစ်ခုဆီသို့ ဖိတ်ခေါ်ပြီး သူတို့၏ အကူအညီအတွက် ကျေးဇူး‌တင်နေခဲ့သည်။

"ငါတို့က မြေခွေးဘုရင်ကို ရှာမတွေ့ခဲ့ပေမဲ့ နတ်ဆိုးတစ်ကောင်ကိုတော့ ဖော်ထုတ်နိုင်ခဲ့တယ်။ မင်းတို့ နှစ်ယောက်စလုံးက ဒီတစ်ကြိမ် တော်တော်လေး အကျိုးဆောင်ခဲ့ကြတယ်။ တကယ်လို့ နောက်ပိုင်း မင်းတို့က အကူအညီ လိုအပ်လာမယ်ဆိုရင် ငါတို့ ယပ်တောင် (၆)လက်ကျောင်းကို ပွင်ပွင့်လင်းလင်း အကူအညီ တောင်းလို့ရပါတယ်… "

အရက်ခွက်ကို ကိုင်ပြီး တိုင်ဖေးက သူတို့နှစ်ယောက်ကို ဂုဏ်ပြုလိုက်သည်။

ကျန်းဟန်ချွန်က အရက်သောက်ပြီး ပြုံးလိုက်၏။

"အဲဒီနတ်ဆိုးက ရက်စက်ကြမ်းကြုတ်ပြီး ရိုင်းစိုင်းတယ်။ သူ့ကို ဖော်ထုတ်လိုက်နိုင်တာက ကျွန်တော်တို့ရဲ့အသက်တွေကို ကယ်တင်သလိုပဲလေ။ အစိမ်းရောင်လက်ပတ်ဝတ်တိုင် … သူက ဘယ်နေရာကလဲ ။ သူနဲ့ပတ်သက်ပြီးတစ်ခုခု သိထားသေးလား.. "

မုန့်ချီ၏မျက်နှာပေါ်တွင်လည်း အလားတူ စိတ်ဝင်စားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

တိုင်ဖေးက ခဏကြာ စဉ်းစားပြီး ပြန်ဖြေလိုက်၏။

"မင်းတို့တွေက ဒီကိစ္စထဲမှာ ပတ်သက်နေပြီဆိုမှတော့ မင်းတို့ကို သတင်းတချို့ ပြောလို့ရပါတယ်။ အဲဒီမကောင်းဆိုးဝါးက ရန်းရှမှာ အရင်ဆုံးပေါ်လာပြီး အလောင်းတွေနဲ့ လေ့ကျင့်နေတာ။ သူက အသက်ပြောင်းလဲခြင်းဂိုဏ်းနဲ့ ပတ်သက်မှုတချို့လည်း ရှိနေလောက်တယ်။ အသက်ပြောင်းလဲခြင်းဂိုဏ်းက လူတွေက သူ့နောက်ကို လိုက်နေတာ။ ဒါကြောင့် သူက ချိုးဖေးရဲ့ နောက်ကနေ လိုက်သွားခဲ့တာ။ ကြည့်ရတာတော့ ရန်းရှမှာဖြစ်ခဲ့တဲ့ ကိစ္စတွေ အတောအတွင်း သူ့ရဲ့နတ်ဆိုးပညာက သိပ်မကျွမ်းကျင်သေးဘူး။ အခုတော့ သူက အဲဒါကို ကျွမ်းကျင်နေသလိုပဲ…"

"သူက ကျွမ်းကျင်သွားပြီလား … "

မုန့်ချီက စိတ်ထဲတွင် တွေးလိုက်မိသည်။ အဘိုးကြီးကျုံးက ထိုအရာကို လုံးဝကျွမ်းကျင်ရန် ခရီးရှည်ကြီး လိုနေသေးသည်။

ကျန်းဟန်ချွန်က စိတ်ထဲတွင် သက်ပြင်းချလိုက်၏။

"အဲဒါက ဘယ်လိုနတ်ဆိုးပညာမျိုးလဲ…"

အဘိုးကြီးကျုံးက ဤကိစ္စထဲတွင် ပါဝင်ပတ်သက်လာသည်မှာ ကံကြမ္မာဟုသာ ပြောရပါလိမ့်မည်။ သူကတော့ သတင်းအချက်အလက်များကို စုဆောင်းရန် စိတ်ဝင်စားသူ တစ်ယောက်သာ ဖြစ်သည်။

"ငါတို့မှာ အဲဒီအရာနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေတော့ မရှိဘူး… "

တိုင်ဖေးက ပြန်ဖြေလိုက်သည်။

သူတို့ စကားပြောနေစဉ် စားသောက်ဆိုင်၏ အောက်ဘက်မှနေ၌ ဆူဆူညံညံ အသံများ ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ ထိုအသံများက အဝေးမှ ရောက်လာပုံ ရ၏။ အဝေးတွင် ကိစ္စတစ်ခု ဖြစ်နေပုံရသည်။

အစိမ်းရောင် လက်ပတ်ဝတ် တိုင်ဖေးက အုတ်အုတ်ကျက်ကျက် ဖြစ်နေသည့်နေရာကို လှမ်းကြည့်လိုက်၏။ သူက အလွန်အံ့ဩသွားခဲ့သည်။

"ရွမ်မိသားစုက သခင်မလေး ရောက်လာတာပဲ…"

"ဪ … "

မုန့်ချီကလည်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ‌မြင်းလှည်းတစ်စီးက လမ်းအစွန်မှနေ၍ ဖြည်းညင်းစွာ ရောက်လာကြောင်းမြင်လိုက်ရသည်။

မြင်းလှည်း၏ ပြတင်းပေါက်က ပွင့်နေသော်လည်း ထိုနေရာတွင် ဇာပုဝါလေး ကာထားသည့်အတွက် အတွင်းထဲကို မမြင်ကြရပေ။ အလွန်လျှို့ဝှက်ဆန်းကြယ်သော မိန်းမပျို၏ အဆင့်အတန်းနှင့် ရုပ်ရည်က အနီးအနားတွင် ဖြတ်သွားဖြတ်လာများကို စိတ်ဝင်စားစေနိုင်၏။

ထို့ကြောင့် သူတို့က စိတ်ဝင်တစား ကြည့်နေကြလေသည်။ မြင်းလှည်းတွင် ပန်းနှင့် ပတ်သက်သော အဆင်တန်ဆာ အနည်းငယ်ကလွဲလျှင် တခြားမည်သည့်အရာမျှ ဆင်ယင်ထားခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်းသာဖြစ်သည်။ ထိုအရာက သာမန်သာ ဖြစ်သည့်အတွက် စိတ်ဝင်စားခြင်း မခံရ‌သင့်ပေ။

သို့သော် မြင်းလှည်း၏ ဘေးတစ်ဖက် တစ်ချက်ဆီတွင် စောင့်ကြပ်နေသော အစေခံများကြောင့်သာ မဟုတ်လျှင် တခြားလူများက ကြည့်ပင် လှည့်ကြည့်ကြလိမ့်မည် မဟုတ်ပေ။

"ဒါက ပါရမီရှိတယ်လို့ နာမည်ကျော်ကြားတဲ့ ရွမ်မိသားစု သခင်မလေးလား … "

ကျန်းဟန်ချွန်က မြင်းလှည်းကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူ၏ လေသံထဲတွင် စိတ်ဝင်စားမှုများ ပြည့်နှက်နေ၏။

မုန့်ချီလည်း အံ့ဩချင်ယောင် ဆောင်လိုက်သည်။

"ရွမ်မိသားစုက သခင်မလေးလား ဘာလို့ သူက ဒီကိုရောက်လာတာလဲ…”

“မြောင်လင်မှာရှိတဲ့ နန်ကုန်းမိသားစုနဲ့ ရွမ်မိသားစုက တော်တော်လေးကို ရင်းနှီးတယ်လေ။ သူက တကျူးကျောင်းဆောင်မှာ အမွှေးတိုင်ထွန်းဖို့ ရောက်လာတယ်လို့ ကြားတယ်။ ဒါကြောင့် သူတို့က အစေခံတွေကို လမ်းဖွင့်ပေးဖို့အတွက် ခိုင်းထားတာ.. "

တိုင်ဖေးက ရှင်းပြလိုက်၏။

"အမွှေးတိုင်ထွန်းပြီး ပူဇော်ဖို့လား။ ကြည့်ရတာ သူက ဒီကိုလာဖို့ တော်တော်လေး ကြိုးစားထားတယ် ထင်တယ်။ ဒါကြောင့်လည်း သူက တိတ်တဆိတ် လာမလည်ခဲ့တာပဲ။ ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး…”

မုန့်ချီက တစ်ယောက်တည်း တွေးလိုက်ပြီး ပြန်မေးလိုက်၏။

"ဘာလို့ သူက တကျူးကျောင်းဆောင်မှာ အမွှေးတိုင်ထွန်းပြီး ပူဇော်ဖို့ လိုတာလဲ.."

"ပြောရမယ်ဆိုရင် သခင်မကြီးရွမ်က သူ့ကို ကိုယ်ဝန်ရှိနေတဲ့အချိန် ကျင်းမြစ်ရဲ့ ရေလှိုင်းပွဲတော်ကို လာကြည့်ခဲ့တယ် ။ သူက အဲဒီအချိန် တကျူးကျောင်းဆောင်ထဲမှာ အမွှေးတိုင် ပူဇော်ခဲ့တဲ့အတွက် သခင်မလေးရွမ်ဆီက ဗျပ်စောင်းပါရမီ ပါလာခဲ့တာ။ အခု ကျင်းမြစ်ရဲ့ရေလှိုင်းပွဲတော် နောက်တစ်ကြိမ်ရောက်တော့မယ်ဆိုတော့ သူက ‌အမွှေးတိုင်လာထွန်းတာ ပုံမှန်ပါပဲ…"

တိုင်ဖေးက ပြောလိုက်သည်။

"သူက ကျန်းတုံမှာရှိတဲ့ မိန်းကလေးတွေ အားလုံးထဲမှာ အလှဆုံး မိန်းကလေး‌တစ်ယောက်လို့လည်း ပြောကြတယ်။ သူ့ရဲ့အလှက လနတ်သမီးကိုတောင် ယှဉ်နိုင်တယ်လို့ ပြောကြတာပဲ။ ဒါကြောင့် အဲဒီမှာရှိတဲ့ လူအုပ်ကြီးက စိတ်ဝင်တစား ကြည့်နေကြတာ…"

အထက်တန်းလွှာ မိသားစုတစ်ခုမှ သခင်မလေးများက သာမန်တပည့်များနှင့် အဆင့်အတန်း ကွာခြားလှသည်။ သူတို့က သိုင်းလောကထဲတွင်ပင် အဆင့်နိမ့်သော သိုင်းလောကသားများနှင့် ဆက်ဆံသည်မှာ ရှားပါး၏။

မြင်းလှည်းကတော့ အထက်တန်းလွှာမိသားစုများ လိုအပ်ချက်ကို ဖုံးကွယ်နိုင်သည့် အရာမျိုးဖြစ်သည်။ သာမန်သိုင်းလောကသားတစ်ယောက်က ထိုအရာကို အလွယ်တကူ ရရှိကြမည်လော။

"ရွမ်သခင်ကြီးက အမိန့်ထုတ်ခဲ့ဖူးတယ်။ ရွမ်ယုရှုကို လက်ထပ်ချင်တဲ့သူက သူတို့မိသားစုထဲကိုပဲ သေချာပေါက် ဝင်ရလိမ့်မယ်။ အဲဒီတောင်းဆိုမှုကြောင့်သာ မဟုတ်ရင် တခြားအထက်တန်းလွှာ မိသားစုမှာရှိတဲ့ သခင်လေးတွေက လန်းယာ့မှာရှိတဲ့ ဂီတရေလှိုင်းစံအိမ်ကို ရောက်နေလောက်ပြီ…"

ကျန်းဟန်ချွန်က ပြောလိုက်သည်။

သူ၏ စကားထဲတွင် ဝမ်းနည်းမှုများ ပြည့်နေပုံရ၏။ သူကတော့ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်း မရှိချေ။ သူ့လို တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်နှင့် အထက်တန်းလွှာ မိသားစုတစ်ယောက်၏ ကြားထဲတွင် မမြင်ရသော အတားအဆီး တစ်ခုက ထာဝရ ရှိနေနိုင်သည်။

တိုင်ဖေးက သက်ပြင်းချလိုက်၏။

"မိန်းကလေးရွမ်ရဲ့ အလှတရားက ကျန်းတုံတစ်ခွင်မှာ ပျံ့နှံ့နေတာ။ သူ့ရဲ့ဗျပ်စောင်းစွမ်းရည်ကလည်း ဒဏ္ဍာရီဆန်တယ်။ ဒါပေမဲ့ ငါကတော့ ကိုယ်တိုင် မကြားဖူးသေးဘူး။ ဒီတစ်ကြိမ်တော့ နန်ကုန်းမိသားစုနဲ့ ပတ်သက်မှုအရ ကံကောင်းရင် သူ့ရဲ့အလှကို မြင်နိုင်ပြီး သူ့ရဲ့ဗျပ်စောင်းစွမ်းရည်ကိုလည်း ကြားရနိုင်တယ်.. "

သူပြောနေသည့် စကားအရ ကျန်းတုံနယ်မြေထဲတွင် သူမ၏ ဗျပ်စောင်းသံကို မကြားဖူးသူက တစ်သက်လုံး နောင်တရမည်ဟု ဆိုလိုနေသည်။ သူက တစ်နေ့နေ့တွင် လော့ရန်သို့ ပြန်သွားပြီးနောက် ထိုအရာကို အမေးခံရလျှင် သေချာပေါက် လှောင်ပြောင်ခံရပါလိမ့်မည်။

ကျန်းဟန်ချွန်က ခေါင်းခါပြလိုက်၏။

"အထက်တန်းလွှာ သခင်မလေးတွေက လမ်းဘေးဖျော်ဖြေသူတွေ မဟုတ်ဘူး ။ သူက ရင်းနှီးတဲ့မိတ်ဆွေတွေကို သီခြားတီးပြတာမျိုး မဟုတ်ရင် တစ်ယောက်တည်းပဲ တီးမှာ မဟုတ်လား…"

သူက ခဏရပ်ပြီး ထပ်ပြောလိုက်သည်။

"ငါက နောက်ပိုင်း သူနဲ့တွေ့နိုင်ဖို့ မျှော်လင့်မိပါတယ်။ ပြီးတော့ လန်းဟွမ်ကောင်းကင်တေးသွား (၁၂)သွယ်ကို နားထောင်ချင်သေးတယ်…."

ထိုအရာက သာမန်ဗျပ်စောင်းစွမ်းရည်တစ်ခု မဟုတ်ချေ။ မုန့်ချီကတော့ သူတို့၏ စကားကို နားထောင်ပြီး ရင်ထဲတွင် ပြုံးလိုက်မိသည်။

ထိုအချိန်တွင် အလွန်ပြင်းထန်သော လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး မြင်းလှည်းပြတင်းပေါက်တွင် ရှိနေသော ဇာပုဝါလေးက မြောက်သွား၏။ အတွင်းထဲတွင် ရှိနေသော လူကိုလည်း မြင်လိုက်ရသည်။

လမ်းပေါ်တွင် ရှိနေသော လူတိုင်းက အတွင်းထဲတွင် ရှိနေသော မိန်းမလှလေးကို ငေးကြည့်နေကြ၏။ ပုံမှန်အခြေအနေမျိုးတွင်တော့ သူတို့က အထက်တန်းလွှာ မိသားစုတစ်ခုမှ သခင်မလေးတစ်ယောက်ကို မြင်တွေ့ရရန် မလွယ်လှပေ။

တိုင်ဖေးနှင့် ကျန်းဟန်ချွန်တို့ကလည်း လှမ်းကြည့်နေမိကြသည်။ မြင်းလှည်းထဲတွင် ရှိနေသော မိန်းမပျိုက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက မတ်မတ်ထိုင်နေပြီး အလွန်အေးစက်တည်ငြိမ်သည်။

သူမဆီတွင် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် ကြည်လင်နေသော အသားအရည်ရှိနေပြီး မျက်နှာလေးကတော့ အဖြူရောင်ဇာပုဝါ၏ အောက်တွင် ပျောက်ကွယ်နေသည်။ သူမ၏အလှကို ရှင်းရှင်းလင်းလင်း မမြင်ရလျှင်ပင် သူမက စွဲမက်ဖွယ် မိန်းမလှလေး တစ်ယောက်ဖြစ်ကြောင်း ခံစားမိနေကြ၏။ လူအုပ်ကြီးကတော့ သူမ၏ အလှတရားများကြောင့် အံ့ဩမှင်တက်နေကြ၏။

မုန့်ချီက ပြုံးလိုက်မိသည်။

"နောက်ဆုံးတော့ ဒီအစားသရဲလေးက တကယ်ရောက်လာပြီပဲ…"

Translated by Hein Htet

All Chapters