← Chapters

အခန်း (၃၀၆)

Vol. 21 Ch. 306

အခန်း (၃၀၆)

Vol. 21 Ch. 306

မြင်းလှည်းထဲတွင် တစ်ခြားသူတစ်ယောက် ရှိနေသေးကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ သူမကတော့ ဖော်ရွေသော မျက်နှာထားရှိနေသည့် ဆံဖြူမိန်းမပျို တစ်ယောက်ဖြစ်၏။

သူမက ငယ်ရွယ်စဉ် အလွန်ထူးချွန်သော မိန်းကလေးတစ်ယောက် ဖြစ်နိုင်သည်။ လက်ရှိအချိန်တွင်ပင် သူမ၏မျက်လုံးလေးများက ကြည်လင်တောက်ပနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်း အနည်းငယ်လေးသာ ရှိ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် သူမက လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားနိုင်သလို ခံစားရ၏။

"အစားသရဲလေးရဲ့ အကြီးအကဲ.. "

မုန့်ချီက စိတ်ထဲတွင် တွေးနေမိသည်။

လေပြေလေညှင်းလေးတစ်ခု တိုက်ခတ်လာပြီး ပြတင်းပေါက် ဇာပုဝါက မြောက်သွားခဲ့၏။ ဇာပုဝါက လှုပ်ရှားသွားသော်လည်း ပြတင်းပေါက်ကို ဖုံးထားသေး၏။

ထိုအချိန်တွင် ဘေးပတ်လည်မှ သက်ပြင်းချသံများကြားလိုက်ရသည်။ သူတို့က ရွမ်ယုရှု၏ မျက်နှာကို မြင်တွေ့ခွင့်မရသည့်အတွက် စိတ်ပျက်နေကြပုံ ပေါ်၏။ သူမ၏အလှတရားကို မြင်လိုက်ရသူများကတော့ သူမက လနန်းတော်မှနတ်သမီးနှင့် တူညီသည်ဟူသော သတင်းများကို လက်ခံကြပါလိမ့်မည်။

သိပ်မကြာခင် မြင်းလှည်းက စားသောက်ဆိုင်ကို ဖြတ်ကျော်သွားပြီး တကျူးကျောင်းဆောင်ဆီသို့ သွားသော လမ်းအဆုံးတွင် ပျောက်ကွယ်သွားခဲ့၏။

နောက်ဆုံးတွင်တော့ တိုင်ဖေးနှင့် ကျန်းဟန်ချွန်တို့ကလည်း မြင်းလှည်းဆီမှ အကြည့်ခွာလိုက်ကြပြီး အပြုံးနှင့် ပြောလိုက်သည်။

"အပြင်မှာ သူ့ကို လူကိုယ်တိုင် မြင်လိုက်ရတော့ ပိုပြီးတော့ လှတာပဲ.."

သူတို့၏အမြင်အာရုံနှင့် အဆင့်အရ အလွန်ပါးလွှာသောဇာပုဝါလေးက မည်သည့်အရာကို ဖုံးကွယ်ထားနိုင်မည်နည်း။

"ငါတို့က သူ့ရဲ့စောင်းသံကို မကြားရတာ နှမြောဖို့ကောင်းတယ်.."

ကျန်းဟန်ချွန်က သက်ပြင်းချလိုက်မိသည်။

တိုင်ဖေးကလည်း တူညီစွာခံစားခဲ့ရ၏။ သူက စားပွဲခုံကို လက်နှင့်ပုတ်ပြီး ပြောလိုက်သည်။

"နန်းကုန်းမိသားစုက ပိုပြီးကံကောင်းဖို့ ငါလည်း မျှော်လင့်ပါတယ်.."

ခဏကြာပြီးနောက် သူတို့က ဖြစ်ခဲ့သည့် အကြောင်းအရာများကို ခေါင်းစဉ်ပြောင်းလိုက်သည်။ တိုင်ဖေးက ရေနွေးတစ်ခွက်ကိုယူပြီး ပြောလိုက်၏။

"မနေ့ညတုန်းက လှုပ်ရှားမှုတွေ တော်တော်လေးများတယ်။ မြေခွေးဘုရင်က တစ်ခြားနေရာကိုသွားပြီး ပုန်းနေလောက်ပြီ။ ကြည့်ရတာတော့ ငါတို့က သူ့ရဲ့တည်နေရာကို တွက်ချက်ဖို့အတွက် သခင်လေးဝမ် ဒါမှမဟုတ် ဝမ်ပုချီတို့ကို အကူအညီတောင်းရလိမ့်မယ် ထင်တယ်…"

အချိန်မီဆရာကြီးဟု နာမည်ကျော်ကြားသော ဝမ်ပုချီက တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်။ သူက ဆရာတစ်ယောက် ရှာဖွေနေရင်း ဝမ်မိသားစုဆီကို ရောက်လာခဲ့၏။ ဝမ်မိသားစုက သူ့ကို လမ်းညွှန်ချက်တစ်ချို့ ပေးခဲ့သည်။

နောက်ပိုင်းတွင်တော့ သူက မြစ်အရှေ့ပိုင်းတွင် အလွန်နာမည်ကျော်ကြားသော တွက်ချက်ရေးပညာရှင် တစ်ယောက် ဖြစ်လာခဲ့၏။ သူက အရာအားလုံးကို အချိန်မီ လုပ်ဆောင်နိုင်ပြီး အခွင့်အရေးတိုင်းကို ရယူနိုင်သည့်အတွက် လူတိုင်းက သူ့ကို ပုချီဟူသော သိုင်းလောက နာမည်ပေးခဲ့သည်။ သိပ်မကြာခင် သူကိုယ်တိုင်လည်း ထိုနာမည်နှင့် အသားကျသွားခဲ့သည်။

ယပ်တောင်(၆)လက်ကျောင်းကသာ သူ၏နာမည်အစစ်အမှန်ကို သိနေ၏။ ဝမ်ပုချီ၏ သိုင်းလောကနာမည်က လုံးဝနောက်ကျခြင်းမရှိဟု ဆိုလိုနေသည်။ ယခုတော့ သူက စုဥယျာဉ်ကို စောင့်ကြပ်နေသော ဝမ်မိသားစုအကြီးအကဲ တစ်ယောက်ဖြစ်နေ၏။ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်လည်းဖြစ်သည်။

သို့သော် သူက တစ်ပိုင်းတစ စိတ်ဝိညာဉ်လွှဲပြောင်းမှုကိုသာ သိထားသည့်အတွက် သူ၏တွက်ချက်ရေးစွမ်းရည်က ဝမ်စစ်ယွမ်နှင့် ကွာဟမှုရှိနေသေးသည်။ ဝမ်စစ်ယွမ်ကတော့ ပြောင်းလဲမှုကျင့်စဉ်ကို လေ့ကျင့်ထားပြီး လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်ကို ပိုင်ဆိုင်ထားသည်။

"ဒီတစ်ကြိမ်တော့ ကျွန်တော်တို့က သူ့ရဲ့တည်နေရာကို ဝမ်သခင်လေးဆီမှာ တွက်ချက်ခိုင်းရမယ့်အစား အစိမ်းရောင်လက်ပတ်ဝတ်ကိုင်ရဲ့ အကူအညီကိုပဲ စဉ်းစားရလိမ့်မယ်။ အရင်တစ်ခေါက် သခင်လေးဝမ်က ကျွန်တော့်အတွက် တွက်ချက်ပေးခဲ့ပေမယ့် ကျွန်တော်က သူ့ရဲ့အဖြေကို လျစ်လျူရှုခဲ့မိတယ်။ ကျွန်တော်က သူ့ကို နောက်တစ်ကြိမ် ဘယ်လိုများ မေးလို့ရတော့မှာလဲ.."

မုန့်ချီကတော့ ထိုအရာကို နောက်တစ်ကြိမ် မမြင်ချင်တော့ပေ။ အကယ်၍ တွက်ချက်ခြင်းသာ လိုအပ်ဦးမည်ဆိုလျှင် သူက ဟန်စန်းနန်၏အိမ်၌ ရှိနေခဲ့သည့်အချိန်တွင် တွက်ချက်ခိုင်းမည်ဖြစ်သည်။

သို့သော် မြေခွေးဘုရင်က အရှုပ်အထွေးတစ်ခု ဖန်တီးရန်သက်သက်သာ ကြိုးစားနေခြင်းဖြစ်ကြောင်း သူယုံကြည်နေခဲ့သည်။ အကယ်၍ သူကသာ အမှန်တကယ် တွက်ချက်ကြည့်လိုက်မည်ဆိုလျှင် နောက်တစ်ကြိမ် ကျားစေ့လေး တစ်စေ့အဖြစ် အသုံးချခံရနိုင်သည်။

တိုင်ဖေးက ခေါင်းညိတ်ပြလိုက်၏။

"ဒီကိစ္စကို ငါတာဝန်ပဲ ထားလိုက်ပါ။ မင်းတို့နှစ်ယောက်က မြောက်ပိုင်းလမ်းကိုပဲ ဆက်ပြီးစောင့်ကြည့်နေလိုက်…"

"ကိစ္စမရှိပါဘူး.."

မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က ငြင်းဆန်နေရန် အကြောင်းမရှိချေ။

တိုင်ဖေးက ရေနွေးခွက်ကို ကိုင်ပြီး သူ့ကိုယ်သူ လှောင်ပြောင်လိုက်၏။

"အဲဒါက တကယ့်ကို အသုံးမဝင်တာပါ။ ငါတို့က မြေခွေးဘုရင်ကို သတိပေးသလို ဖြစ်သွားပြီဆိုတော့ သူက သေချာပုန်းနေလောက်ပြီ။ သူက မြောက်ပိုင်းလမ်းထဲမှာရှိတဲ့ လူတွေနဲ့ ရောနေလောက်ပြီ…”

“လော်အဖွဲ့အစည်း၊ ဖျက်ဆီးရေးဂိုဏ်း၊ လေဟာနယ်မိန်းမပျိုဂိုဏ်း၊ ရက်စက်ခြင်းကျောင်းဆောင်၊ အသက်ပြောင်းလဲခြင်းဂိုဏ်းနဲ့ မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ် အဖွဲ့အစည်းတွေလည်း ခြေရှုပ်နေကြတယ်။ မြက်ခင်းပြင်နယ်မြေ၊ အနောက်ပိုင်းနယ်မြေ၊ အရှေ့ပင်လယ်နယ်မြေနဲ့ တစ်ခြားနေရာမှာရှိတဲ့ အင်အားစုတွေကတောင် အဲဒီနေရာမှာ သူတို့ရဲ့လူတွေ နေရာချထားတယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ အမှားလုပ်လိုက်မယ်ဆိုရင် သူတို့ကလည်း လှုပ်ရှားလာကြမှာပဲ…"

ထိုစကားကို နားထောင်နေရင်း မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲမှ (၅)ခုကို ရန်စမိခဲ့၏။ သူက သိုင်းလောကတွင် လူသစ်တစ်ယောက်သာဖြစ်သော်လည်း လူပေါင်းများစွာကို ပြဿနာရှာမိခဲ့သည်။ ထိုအရာက တရားမျှတမှုအတွက် တန်ကြေးတစ်ခုလည်း ဖြစ်နိုင်၏။

လော်အဖွဲ့အစည်းက သူ့ကို ဒေါသထွက်နေနိုင်၏။ အဘယ်ကြောင့်ဆိုသော် သူက နတ်ဆိုးမကို အရူးတစ်ယောက်သဖွယ် ဆော့ကစားခဲ့ခြင်းကြောင့်ဖြစ်ပြီး သူမက ယခုအချိန်အထိ ပြန်ပေါ်မလာသေးပေ။ ဖျက်ဆီးရေးဂိုဏ်းမှ လူနှစ်ယောက်ကလည်း တစ်ခြားသော သူ့နာမည်ဖြစ်သည့် လူကြီးလူကောင်းဓား၏လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။

လူဆိုးထိန်း စုကျိယွမ်က အသက်ပြောင်းလဲခြင်းဂိုဏ်း၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်ပြီး သူတို့၏ဝေ့ကျင်းအဆင့် ဖုတ်ကောင်ကို တားဆီးခဲ့သည်။ လေဟာနယ်မိန်းမပျိုဂိုဏ်းက ယခုအချိန်ထိ သူ့ကို သံသယမဝင်သေးသော်လည်း သူက ဆန်းကြယ်နတ်သမီးဆက်ခံသူ၏ သေဆုံးမှုအတွက် အနည်းငယ်တာဝန်ရှိသည်။

သူက ရက်စက်ခြင်းကျောင်းဆောင်ကိုတော့ စိုးရိမ်နေစရာ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူက ဒုတိယထန်သခင်လေး၏ မျက်နှာကို အသုံးမပြုသ၍ ရက်စက်ခြင်းကျောင်းဆောင်ကို စိုးရိမ်နေစရာ မလိုအပ်ပေ။

သူ့လက်ထဲတွင် လှည့်စားမှုများစွာ ရှိနေကြောင်း တွေးမိသွားသည့်အခါ မုန့်ချီက အတော်လေး ကျေနပ်နေခဲ့သည်။

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် တိုင်ဖေးက စုဥယျာဉ်သို့ ဦးတည်သွားခဲ့ပြီး ကျန်းဟန်ချွန်က မြောက်ပိုင်းလမ်းသို့ ဦးတည်သွားခဲ့သည်။ သူတို့က နှုတ်ဆက်သွားကြပြီး မုန့်ချီကတော့ သူငှားထားသောနေရာသို့ ပြန်လာခဲ့၏။

လမ်းချိုးအနည်းငယ်ကို ဖြတ်ကျော်လာပြီးနောက် သူက ချက်ချင်းပြန်လှည့်ပြီး သူရဲကောင်းကျောင်းဆောင်ဆီသို့ ထွက်လာခဲ့သည်။ သူက လူထူးလူဆန်း အဘိုးအိုဟု လူသိများသော ရန်ပင်ရှန့်ကို သံသယဝင်နေသည့်အတွက် စုံစမ်းရန် ဆုံးဖြတ်ထားသည်။

ထိုင်စောင့်နေခြင်းက အကျိုးမရှိသလို သံသယများက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်နိုင်သည်။

ကျောင်းဆောင်၏ရှေ့တွင် အစောင့်သစ်များ ရှိနေ၏။ ပဉ္စမအလွှာတွင် ရှိနေသော အစောင့်ကပင် လျှပ်စီးဓား ရှောင်ကျန်းဟိုင် မဟုတ်တော့ပေ။ သူ့နေရာတွင် ရေခဲလေလှိုင်း ကုန်းရှောင်ချီက အစားထိုး ရောက်နေခဲ့၏။

သူက ငယ်ရွယ်စဉ် ထူးချွန်ထက်မြက်မှု မရှိသော်လည်း ခိုင်မာသော အုတ်မြစ်တစ်ခု ရှိသည်။ လူအများစုကတော့ အသက်(၃၀)အရွယ်တွင် နံရံတစ်ခုကို တိုက်မိတတ်ကြ၏။ သို့သော် သူကတော့ အသက်(၃၉)နှစ်အရွယ်တွင် လူသားနှင့် ကောင်းကင်ဆက်သွယ်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ကုန်းရှောင်ချီ၏မျက်နှာက ပန်းကန်ပြားတစ်ချပ်ကဲ့သို့ ခပ်ပြားပြားဖြစ်နေပြီး အရပ်ရှည်ရှည်နှင့် မုတ်ဆိတ်ထူများ ရှိသည်။ သူ့လက်ထဲတွင်တော့ မြွေတစ်ကောင်ကဲ့သို့ လှံတစ်ချောင်းကို ကိုင်ထား၏။

သူက မုန့်ချီကို မှတ်မိသည့်အတွက် အတွင်းထဲကို ဝင်ခိုင်းလိုက်သည်။ ပုံမှန်အားဖြင့် မုန့်ချီက အခွင့်အရေးကို အရယူပြီး ထိုပညာရှင်များနှင့် လက်ရည်စမ်းချင်သည်။ သို့သော် သူ့ခေါင်းထဲ၌ စိုးရိမ်စရာများစွာရှိနေ၏။ ထို့ကြောင့် သူက ပဉ္စမအလွှာသို့ တည့်တည့်တက်သွားခဲ့၏။

မုန့်ချီက အလွန်ကျယ်ပြန့်လှသော ရှုမျှော်ခင်းများကိုကြည့်ပြီး စီးဆင်းနေသည့် မြစ်ကြီးကို စိုက်ကြည့်နေခဲ့သည်။ သူ၏အမြင်အာရုံက ကျယ်ပြန့်လာပြီး စိတ်ထဲတွင် လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရ၏။

ရန်ပင်ရှန့်က ပြတင်းပေါက်နားတွင် ထိုင်နေသည်။ သူက အပြာရောင်ဝတ်စုံနှင့် ဦးထုပ်ကို ဆောင်းထားပြီး မြေကြီးကို ငေးကြည့်နေခဲ့၏။ သူ့နောက်ကျောကို ကြည့်လိုက်မည်ဆိုလျှင် အထီးကျန်နေပုံရသည်။

သူ့ရှေ့တွင်တော့ မြေရေနွေးအိုးလေးတစ်လုံးကို ချထားပြီး မွှေးပျံ့သော လက်ဖက်ခြောက်ရနံ့များ ထွက်ပေါ်လာနေသည်။

မုန့်ချီက သူ့ဆီကို လျှောက်သွားပြီး ရန်ပင်ရှန့်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။ သူက တည်ငြိမ်စွာ မေးလိုက်သည်။

"ကျောင်းဆောင်သခင်ရမ်..

တစ်ခုခုများ ပြဿနာရှိနေလို့လား.."

ရမ်ပင်ရှန့်၏ မုတ်ဆိတ်ဖြူများက လှုပ်ရှားသွားပြီး သူက သက်ပြင်းချလိုက်သည်။

"မိတ်ဆွေတွေ သေဆုံးသွားတာက တကယ်ကို ဝမ်းနည်းဖို့ကောင်းတာပဲ။ ငါက သူတို့ကို အချိန်မီ ကူညီမပေးနိုင်ခဲ့တာ တကယ်နောင်တရမိတယ်။ ငါက သူတို့အတွက် လက်တုန့်ပြန်မပေးနိုင်တဲ့အတွက်လည်း မသက်မသာ ခံစားနေရတယ်။ သူတို့ကို သတ်သွားတဲ့သူက ပျောက်ကွယ်သွားခဲ့တယ်…"

မည်ကဲ့သို့သော လူမျိုးက ကျောင်းဆောင်သခင်ရမ်ကို ရန်စခဲ့သနည်းဟု မုန့်ချီက တွေးနေခဲ့သည်။

ရမ်ပင်ရှန့်က ခေါင်းခါပြီး မြေရေနွေးအိုးလေးကို ငှဲ့လိုက်၏။

"သိုင်းလောကဆိုတာ အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ ဒါကြောင့် နှစ်ပေါင်းများစွာအတွင်း ငါ့ဆီမှာ ရန်သူတွေ အများကြီးရှိခဲ့တယ်။ ငါတို့က တစ်လှေတည်း စီးနေတာပါ။ သခင်လေးစု.. မင်းကလည်း အခြေအနေအတူတူပါပဲ။ နာမည်ဖျက်ခံရပြီး မိုင်တစ်ရာထိတ်လန့်ခြင်းရဲ့လက်ထဲမှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့တယ်…”

“သိုင်းလောကသားတွေက အန္တရာယ်ကို ရှောင်တိမ်းလို့မှ မရနိုင်တာ…"

မုန့်ချီက မချိပြုံးပြုံးပြီး ပြောလိုက်သည်။ ရမ်ပင်ရှန့်က သူနာမည်ဖျက်ခံရသည့် အဖြစ်အပျက်ကို ပြန်ပြောလိမ့်မည်ဟု သူလည်း မယုံကြည်နိုင်ခဲ့ပေ။

ရမ်ပင်ရှန့်က သူ့ကိုယ်သူ ထိန်းချုပ်ပြီး နေလိုက်၏။

"ဒါပေမဲ့ မင်းက တကယ်အစွမ်းထက်ပါတယ်။ ဒါကြောင့်လည်း မင်းက သေခြင်းတရားကနေ လွတ်မြောက်နိုင်တာပဲ…"

"ကျောင်းဆောင်သခင်က လာမြှောက်နေတာပဲ ။ ကျွန်တော့်ဆီမှာ ဓားကောင်းတစ်လက်ရှိနေရုံပါပဲ…"

မုန့်ချီက ရမ်ပင်ရှန့် ဆက်ပြောမည့်စကားကို စောင့်နေရင်း ရိုရိုကျိုးကျိုး ပြန်ဖြေလိုက်သည်။

ရမ်ပင်ရှန့်က လက်ကာပြပြီး ထပ်ပြောလိုက်၏။

"တကယ်လို့ မင်းက အကောင်းဆုံးဓားကို ပိုင်ဆိုင်ထားမယ်ဆိုရင်တောင် ထူးခြားတဲ့အစွမ်းမျိုး မရှိရင် အသုံးမဝင်ဘူးလေ။ လူသားနဲ့ ကောင်းကင်တစ်သားတည်းအဆင့်ကို ရောက်နေတဲ့ လူတစ်ယောက်ရဲ့လက်ထဲကနေ တံခါး(၆)ပေါက် တံခါး(၇)ပေါက်အဆင့် ပညာရှင် ဘယ်နှစ်ယောက်များ လွတ်မြောက်နိုင်မှာလဲ။ ပြီးတော့ အဲဒီအချိန် အစွမ်းထက်တဲ့ လေလှိုင်းတွေလည်း တိုက်ခတ်နေခဲ့တယ်။ ဝေ့ကျင်းအဆင့် ပညာရှင်မျိုးကပဲ အဲဒီလိုအစွမ်းထက်တဲ့ လေလှိုင်းတွေ ဖန်တီးနိုင်တာ။ သခင်လေးစုရဲ့အစွမ်းက တကယ့်ကို ထူးခြားပါတယ်.."

"ကျောင်းဆောင်သခင်ရဲ့ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကြည့်ရတာ ကျောင်းဆောင်သခင်က အဲဒီညမှာ ရှိနေသလိုပဲ.."

မုန့်ချီက စစ်ဆေးရန် ကြိုးစားနေခဲ့သည်။

ရမ်ပင်ရှန့်က ရယ်လိုက်၏။

"အဲဒီညတုန်းက ငါက ဝမ်ပုချီနဲ့ သူရဲကောင်းကျောင်းဆောင်ထဲမှာ ရေနွေးသောက်နေတာ။ မြို့ထဲမှာရှိတဲ့လူတိုင်းက အဲဒီလေလှိုင်းတွေကို ခံစားမိနိုင်တာပဲလေ။ ငါက နည်းနည်းလေးနှေးသွားတဲ့အတွက် အခြေအနေကို မတားဆီးနိုင်ခဲ့တာပါ…"

"ဒါဆိုရင် သူက ဒီပြဿနာမှာ တကယ်ပဲမပါဘူးလား။ ဒါမှမဟုတ် သူက ဒီနေရာမှာ ရှိနေတယ်လို့ တမင်တကာရည်ရွယ်ပြီး ပြောနေတာလား…"

ရမ်ပင်ရှန့်၏ ရှင်းပြမှုကြောင့် မုန့်ချီ၏သံသယများက ပျောက်ကွယ်သွားခဲ့ခြင်းမရှိချေ။ သို့သော် သူကတော့ ဂရုမစိုက်သည်အလား ဆက်၍ မေးနေခဲ့၏။

စကားပြောလိုက်ပြီးနောက် ရမ်ပင်ရှန့်က သူ၏သိုင်းလောကအတွေ့အကြုံများကို ဝေမျှပေးနေခဲ့သည်။ သူက အကြိမ်ပေါင်းများစွာ အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့ရသော်လည်း အဆုံးတွင်တော့ ဘေးမသီရန်မခ လွတ်မြောက်ခဲ့၏။

မုန့်ချီကလည်း သေမင်းပင်လယ်ကန္တာရထဲတွင် သူ၏အတွေ့အကြုံများကို ဝေမျှပေးလိုက်သည်။ သူ၏ပထမဆုံး ရန်သူဖြစ်ခဲ့သော အန်ကုံရှဲ့က မည်မျှအစွမ်းထက်ကြောင်း ပြောခဲ့၏။ သူနှင့်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ခြားလူများကပင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့ကြသည်။

"သေမင်းပင်လယ်.. ဟုတ်လား။ ချမ်းနင် အဆင်ပြေရဲ့လား… "

ရမ်ပင်ရှန့်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“ကျောင်းဆောင်သခင်က ချုချမ်းနင်ကို သိနေတာလား..”

မုန့်ချီက မေးလိုက်သည်။

သူက လေးလေးနက်နက် သက်ပြင်းချလိုက်မိ၏။ ရမ်ပင်ရှန့်က ရယ်လိုက်သည်။

"သူကလည်း မြစ်အရှေ့ပိုင်းမှာ နာမည်ကျော်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ ဒါပေမဲ့ နောက်ပိုင်းမှာ သူက သေသလားရှင်သလား ဘယ်သူမှ မသိကြဘူး။ ဒါကြောင့် သူနဲ့ပတ်သက်တဲ့သတင်းတွေက ပျောက်ကွယ်နေတာ.."

သူက သက်ပြင်းချလိုက်မိ၏။

"ကျွန်တော် နားလည်ပါပြီ.."

မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

သူတို့စကားပြောနေသည်မှာ ညနက်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ မုန့်ချီက ဆင်ခြေပေး၍ ထွက်လာခဲ့သည်။ သူက ကျောင်းဆောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည့် အချိန်တွင် ရမ်ပင်ရှန့်အပေါ် သူ၏သံသယများအားလုံး ပျောက်ကွယ်သွားခဲ့၏။

သူက ပဉ္စမအလွှာ၏ တံခါးနားသို့ ရောက်လာခဲ့သည့်အချိန်တွင် ကုန်းရှောင်ချီက ရုတ်တရက် ပြောလိုက်သည်။

"သခင်လေးစု..

ကျောင်းဆောင်သခင်က တစ်ယောက်တည်းဝမ်းနည်းနေတာ တော်တော်လေး ကြာနေပြီ။ ဒီနေ့ သခင်လေးစု ရောက်လာတာ ကံကောင်းသွားတယ်…"

"ကျွန်တော်တို့က ဒီအတိုင်း စကားပြောရုံပါပဲ…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။ ထိုအရာက အမှောင်ထုကို ထွန်းလင်းပေးလိုက်သကဲ့သို့ ထင်မှတ်ရသည်။

ချင်ယုနှင့် စကားပြောသည့်အချိန်တွင် ရှိနေသည်မှာ ရမ်ပင်ရှန့် တစ်ယောက်တည်းသာ မဟုတ်ချေ။ လျှပ်စီးဓားရှောင်ကျန်းဟိုင်လည်း ရှိနေသေး၏။ အခေါင်းဆိုင်မှ လူ(၃)ယောက်၏ သေဆုံးမှုက သူတို့၏မျက်ခုံးတည့်တည့်တွင် ဓားတစ်လက် ထိုးဖောက်သွားခြင်းကြောင့်ဖြစ်သည်။

"ရမ်ပင်ရှန့်က သူ့ကို ခိုင်းစေထားတာလား။ ဒါမှမဟုတ် သူက ရမ်ပင်ရှန့်ကို သစ္စာဖောက်သွားတာလား.."

"အစ်ကိုကုန်း..

အစ်ကိုရှောင်ကျန်းဟိုင်က ဘယ်မှာနေလဲဆိုတာသိလား။ ကျွန်တော်က သူနဲ့ဓားသိုင်းပညာ ဆွေးနွေးချင်လို့ပါ…"

မုန့်ချီက ဟန်ဆောင်ပြီး မေးလိုက်သည်။

ကုန်းရှိုကျိက ရှုပ်ထွေးစွာ ပြန်မေးလိုက်၏။

"ဓားသိုင်းပညာဆွေးနွေးဖို့လား..”

“ရှောင်ကျန်းဟိုင်ကို ဓားတောင်ထုတ်မရအောင် ဖိအားပေးနိုင်တာက ဘယ်သူလဲ…"

သူကစိတ်ထဲတွင် တွေးလိုက်မိ၏။

မုန့်ချီက ရယ်လိုက်သည်။

"သိပ်မကြာခင်အတွင်း ကျွန်တော်က အမြန်တိုက်ခိုက်ရတဲ့ ပုံစံတစ်မျိုးကို လေ့လာထားခဲ့တယ်။ အဲဒါကြောင့် အစ်ကိုရှောင်နဲ့ စမ်းသပ်ကြည့်ချင်လို့ပါ။ အရှိန်အရ ဘယ်သူက အသာစီးရမလဲ သိချင်လို့ပါ…"

ထို့နောက် သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ဆွဲထုတ်လိုက်သည်။ သူက ကုန်းရှောင်ချီဆီသို့ ဓားကို အလင်းတန်းသဖွယ် လှမ်းထိုးလိုက်သည့်အခါ ကုန်းရှောင်ချီကတော့ ဓားသွားကိုပင် မမြင်ရပေ။

"တော်တော်မြန်တာပဲ.."

မုန့်ချီက သူ့ဓားကို ရုတ်သိမ်းလိုက်သည့်အချိန်တွင် ကုန်းရှောင်ချီက သူ၏မြွေလှံကို လှုပ်ရှားနိုင်ရုံသာ ရှိသေးသည်။ သူက မုန့်ချီ၏စွမ်းရည်ကို အမှန်တကယ် လေးစားသွားမိ၏။

"ညီလေးကျန်းဟိုင်က ကျောင်းဆောင်ရဲ့ဘယ်ဖက်အခြမ်းမှာ နေတယ်.."

"ကျေးဇူးတင်ပါတယ် အစ်ကိုကုန်း…"

မုန့်ချီက သူ့ဓားကိုရုတ်သိမ်းလိုက်ပြီး သူ့အိမ်ကို ထွက်ခွာသွားခဲ့သည်။

ရှောင်ကျန်းဟိုင်က အရင်နှစ်များအတွင်း လွတ်လွတ်လပ်လပ်သာ နေထိုင်ခဲ့သည်။ ထို့ကြောင့် သူက ကျောင်းဆောင်မှ အစောင့်အနည်းငယ်နှင့် နေရာတစ်နေရာကို ငှားရမ်းထားခဲ့၏။

မုန့်ချီက သူလာရသည့် အကြောင်းပြချက်ကို ပြောပြလိုက်သည့်အခါ သူတို့အထဲမှတစ်ယောက်က သူ့ကိုဝင်ခွင့်ပေးလိုက်သည်။ ထို့ကြောင့် မုန့်ချီက တံခါးကို တွန်းဖွင့်လိုက်၏။ ထိုအချိန်တွင် တံခါးနား၌ ဓားသိုင်းလေ့ကျင့်ရန် ကြိုးစားနေသော ရှောင်ကျန်းဟိုင်ကို မြင်လိုက်ရသည်။

မုန့်ချီကို မြင်သည့်အခါ သူက အလွန်အံ့ဩသွားပုံရ၏။

"သခင်လေးစုလား.. "

ရှောင်ကျန်းဟိုင်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း မုန့်ချီက ချက်ချင်းရိပ်မိသွားခဲ့၏။ သူက ပြောလိုက်သည်။

"ကျွန်တော်က အရှိန်ဓားသိုင်းတစ်ခုကို အခုလေးမှ သင်ထားခဲ့တာ။ အဲဒါကြောင့် အစ်ကိုရှောင်နဲ့ လက်ရည်စမ်းချင်လို့ပါ… "

"အရှိန်ဓားသိုင်းပုံစံလား.."

ရှောင်ကျန်းဟိုင်က စိတ်သက်သာရာရသွားပုံပေါ်သည်။

"ကောင်းပြီလေ.."

သူက ဓားကို အလွန်လျင်မြန်စွာ ဆွဲထုတ်လိုက်ရာ အရိပ်တစ်ခုသာ မြင်လိုက်ရ၏။

ဓားနှစ်လက် တိုက်ခိုက်သွားသည့်အချိန်တွင် သူ့ဓားက မုန့်ချီ၏ရင်ဘတ်ကို ချိန်ထားခဲ့သည်။ ဓားမောက်စွမ်းရည်များကလည်း လှုပ်ရှားနေပြီး ရပ်ကြည့်နေသူများ၏ မျက်လုံးထဲတွင် အေးခဲသွားသလို ခံစားလိုက်ရ၏။ သို့သော် သူတို့၏နားထဲတွင် ဓားနှစ်လက် တိုက်ခိုက်သည့်အသံက ကြားနေရသည်။

"တော်တော်မြန်တာပဲ.. "

သူတို့က သေချာအာရုံစိုက်ကြည့်နေကြ၏။

"တော်တော်လေးကို ကျေနပ်ဖို့ကောင်းတယ်။ "

အမြန်ဓားကို တားဆီးလိုက်ပြီးနောက် သူက ကျေနပ်သည့်အမူအရာနှင့် ပြန်လှည့်သွားခဲ့သည်။

ရှောင်ကျန်းဟိုင်ဆီတွင် အစွမ်းထက်သော စိတ်စွမ်းအားရှိသည်။ ထို့ကြောင့် သူက သူ၏စွမ်းအားများကို အသုံးချရာတွင် မုန့်ချီထက် အားနည်းနေခဲ့ခြင်းမရှိချေ။ ထို့ပြင် ပတ်ပတ်လည်၌ လူပေါင်းများစွာ ရှိနေ၏။ အကယ်၍ သူသာ အတင်းအကြပ် မေးမြန်းလိုက်မည်ဆိုလျှင် သူ့ကို သတိပြုမိသွားနိုင်သည်။

ထို့ကြောင့် သူကတော့ တစ်ခြားသဲလွန်စများကို ရှာဖွေရန်သာ ဆုံးဖြတ်လိုက်၏။ မုန့်ချီက သူ့နေရာသို့ ပြန်လာသည့်အချိန်တွင် စုဥယျာဉ်မှ ပြန်လာသော တိုင်ဖေးကို တွေ့လိုက်ရသည်။

"အစိမ်းရောင်လက်ပတ်ဝတ် တိုင်..

တွက်ချက်တာက ဘယ်လိုဖြစ်သွားပြီလဲ…"

မုန့်ချီက မေးလိုက်သည်။

တိုင်ဖေးက မချိပြုံး ပြုံးပြီးပြောလိုက်၏။

"ငါက သူ့ကိုရှာမတွေ့ခဲ့ဘူး။ ကြည့်ရတာ သူက မြောင်လင်ကနေ ထွက်သွားပြီထင်တယ်…"

"အဲဒီလိုလား.."

မုန့်ချီကတော့ ပို၍ပင် သံသယဝင်နေမိသည်။

"မြေခွေးဘုရင်တိုင်ရှန်က ဒီလိုမျိုးပဲ ထွက်သွားတော့မှာလား.."

တိုင်ဖေးက သေချာစွာ ခေါင်းညိတ်ပြလိုက်၏။

"ရွမ်မိသားစုက သခင်မလေးကလည်း နန်းကုန်းမိသားစုရဲ့ဖိတ်ခေါ်မှုကို ငြင်းဆန်ပြီး တကျူးကျောင်းဆောင်ထဲမှာပဲ နေထိုင်တယ်လို့ ပြောတယ်။ ကြည့်ရတာတော့ သူတို့ဆီကနေလည်း သတင်းကောင်းကြားရမယ့်ပုံမပေါ်ဘူး…"

"နှမြောစရာပဲ.. "

မုန့်ချီက ပြောလိုက်သည်။

သူက အိမ်သို့ ရောက်တော့မည့်အချိန်တွင် သူ့ကိုယ်သူ ရုပ်ဖျက်ပြီး မြို့ထဲ၌ သွားလာနေခဲ့သည်။ ခဏကြာပြီးနောက် သူက စွန့်ပစ်ထားသောခြံဝန်းတစ်ခုထဲသို့ ခိုးဝင်နေပြီး တိုင်လုံးကြီးတစ်ခုကိုမှီ၍ ထိုင်နေခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက် တစ်ဖက်ခြံထဲမှနေ၍ စောင်းသံတစ်ခုကို ကြားလိုက်ရသည်။ ထိုစောင်းသံက သူ၏နှလုံးသားကို တည်ငြိမ်အေးချမ်းသွားစေနိုင်၏။

"ဒါက ကောင်းကင်တေးဂီတတစ်ခုပဲ.."

ထိုအရာက သံသရာတာဝန်လုပ်ဆောင်နေစဉ် အတောအတွင်း မုန့်ချီ တောင်းဆိုထားခဲ့သော နောက်ခံတေးဂီတသံဖြစ်သည်။ လွန်ခဲ့သော(၃)လအတွင်း ထိုတေးဂီတသံက သူတို့ တည်ငြိမ်အေးချမ်းကြောင်း အချက်ပြမှုတစ်ခုဖြစ်၏။ အကယ်၍ သူတို့ကသာ ထိုဂီတသံကို ကြားရမည်ဆိုလျှင် အရာအားလုံး အဆင်ပြေသည်ဟု ဆိုလိုနိုင်သည်။

တစ်ဖက်တွင် ရှိနေသော ခြံဝန်းက မြောင်လင်ရှိ ရွမ်မိသားစု၏ လျှို့ဝှက်စံအိမ်တစ်ခု ဖြစ်သည်။ ထိုနေရာတွင် လျှို့ဝှက်လမ်းကြောင်းများ၊ စက်ယန္တရားများနှင့် လျှို့ဝှက်လက်နက်များရှိသည်။

ရွမ်ယုရှုက သူမ၏နောက်သို့ ဝေ့ကျင်းအဆင့် အကြီးအကဲတစ်ယောက် လိုက်လာမည်ဆိုလျှင် တကျူးကျောင်းဆောင်ထဲ၌ နေချင်ယောင်ဆောင်ပြီး ထိုစံအိမ်ထဲတွင် တိတ်တဆိတ် နေထိုင်မည်ဟု ပြောခဲ့ဖူးသည်။

အလွန်တည်ငြိမ်သောစောင်းသံကြောင့် သူ့စိတ်ထဲတွင် ငြိမ်းအေးနေသလို ခံစားနေရ၏။ သူက စောင်းသံတိုးတိုးကို နားထောင်နေရင်း ည၏ တည်ငြိမ်အေးချမ်းမှုကို ခံစားနေရသည်။ သူက မြောင်လင်တွင် ဖြစ်ပျက်နေသော ပြဿနာများ၊ အန္တရာယ်များကိုပင် ယာယီမေ့လျော့သွားခဲ့သည်။

ယနေ့တွင် ကောင်းကင်ပေါ်၌ လမင်းကြီးက ထိန်ထိန်သာနေခဲ့၏။

Translated by Hein Htet.

All Chapters