အခန်း (၃၀၇)
Vol. 21 Ch. 307
သီချင်းသံရပ်သွားသည့် အချိန်တွင် မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး စွန့်ပစ်ခြံဝန်း၏ တခြားတစ်ဖက်ဆီသို့ လျှောက်သွားခဲ့သည်။ ထိုနေရာတွင် သူတောင်းစားများနှင့် ခွေးလေခွေးလွင့်များ နေထိုင်ကြ၏။
သီချင်းသံ ရပ်တန့်သွားသည်နှင့် သူက အမှောင်ထဲတွင် ရပ်နေလိုက်သည်။ ထို့နောက် ကျောက်တုံးတစ်တုံးနှင့် လမ်းဘေးခွေးများကို လှမ်းကန်လိုက်သည့်အတွက် ကျယ်လောင်သော ခွေးဟောင်သံများ ထွက်ပေါ်လာခဲ့သည်။ ညအချိန်တွင် ဆူညံသံက အလွန်ကျယ်လောင်လွန်းလှသည့်အတွက် အဝေးမှပင် ကြားနေရ၏။
မုန့်ချီနှင့် ခွေးများက အချင်းချင်း စိုက်ကြည့်နေကြပြီး သာယာနာပျော်ဖွယ် ရှိသော သီချင်းသံကို ရပ်တန့်သွားစေချင်ပုံ မရချေ။ ထိုအရာကလည်း သူတို့၏ အချက်ပြ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
သူမ စောင်းတီးပြီးသွားသည့်အချိန်တွင် သူ့ဘက်တွင်လည်း အရာအားလုံး အဆင်ပြေကြောင်း ကျယ်လောင်သော ခွေးဟောင်သံများနှင့် အချက်ပြရမည် ဖြစ်သည်။
ခွေးဟောင်သံ ရပ်သွားသည့်အချိန်တွင် အရာအားလုံးက နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြီး မုန့်ချီလည်း ခြံဝန်းထဲမှ အေးအေးဆေးဆေး ထွက်သွားခဲ့၏။
နောက်တစ်နေ့တွင် မုန့်ချီနှင့် ကျန်းဟန်ချွန်တို့က မြောက်ပိုင်းလမ်းထဲတွင် လှည့်ပတ်သွားလာနေပြီး ထူးဆန်းသောအရာ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့၏။ ယခင်တုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် လမ်းပေါ်၌ ကစားနေသော ကလေးငယ် အနည်းငယ်သာ ရှိတော့သည်။ လမ်းဘေးဈေးသည်များလည်း ပို၍ နည်းပါးသွား၏။
"မြွေဘုရင်က လုပ်ကြံသူခေါင်းဆောင်တစ်ယောက်လေ..။ ဒါကြောင့် အစွမ်းထက်မိသားစုတွေက သူ့ကို လွှတ်ထားကြတာ...။ ဒီတစ်ကြိမ်တော့ သူက နှလုံးသားမရှိတဲ့ လမ်းမှားပညာရှင်နဲ့ ပူးပေါင်းနေတယ်...။ ဒါက ခွင့်လွှတ်လို့မရဘူး... "
ကျန်းဟန်ချွန်က အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းတိုင်ဖေးဆီမှ ကြားရသော အရာများကို ပြန်လည်ပြောပြနေခဲ့သည်။
ထိုသို့ဆိုလျှင် သူတို့က မြွေဘုရင်၏ အင်အားစုများ အားလုံးကို အမြစ်မှ ဖယ်ရှားပစ်တော့မည်လော။ မုန့်ချီကတော့ ပြန်ပေးဆွဲခံရပြီး လုပ်ကြံသူများအဖြစ် လေ့ကျင့်ပေးခံထားရသော ကလေးငယ်များကိုသာ တွေးမိခဲ့သည်။
"လုပ်ကြံသူတွေနဲ့ သူတို့ရဲ့တပည့်တွေကရော ဘာတွေဖြစ်သွားပြီလဲ... "
ကျန်းဟန်ချွန်က ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
"ဘယ်နေရာက ရောက်လာလဲဆိုတာ မှတ်မိတဲ့သူတွေကိုတော့ အိမ်ပြန်ပို့ကြတယ်... ။ ကျန်တဲ့သူတွေကိုတော့ ယပ်တောင် (၆) လက်ကျောင်းက လူဆိုးထိန်းတွေအဖြစ် လေ့ကျင့်ပေးကြတယ်..။ လက်မှာ သွေးစွန်းနေတဲ့ လူတချို့ကလည်း ကျောင်းထဲမှာပဲ ရှိနေတယ်.။ တခြားလူတွေကတော့ ဟန်စန်းနမ်နဲ့ ခေါင်းဆောင်လော်တို့ရဲ့ လက်အောက်ကို ရောက်သွားကြပြီ…"
မုန့်ချီကတော့ တရားမဝင်ကိစ္စများ လုပ်ဆောင်ခိုင်းသော ကလေးငယ်များကိုသာ တွေးနေမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ မြွေဘုရင်၏လေ့ကျင့်မှုက အတော်လေး ဆိုးရွားသည်။ သူတို့က ထူးထူးခြားခြား မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။
အိမ်သို့ပြန်ရောက်လာသည့်အချိန်တွင် ညမှောင်နေပြီ ဖြစ်သည်။ သူက ရုတ်တရက် ရပ်လိုက်၏။ သူက သံသယဖြစ်ဖွယ် မရှိသော နေရာတွင် အမှတ်အသားတချို့ကို တွေ့လိုက်ရသည်။ ထိုအမှတ်အသားက ထူးဆန်းပြီး သစ်ခွပန်းပင်၏ ပွင့်ဖက်များကဲ့သို့ ဖြစ်သည်။
သူက အိမ်သို့ ဆက်၍ လျှောက်လာခဲ့၏။ သူက ပုံမှန်လုပ်ရိုးလုပ်စဉ် ကိစ္စများကို လုပ်ဆောင်လိုက်ပြီးနောက် စားစရာနှင့် သောက်စရာအတွက် အနီးအနားတွင် ရှိသော စားသောက်ဆိုင်သို့ သွားခဲ့သည်။ သူက ညနက်သည့်အချိန်ထိ ပြန်လာခဲ့ခြင်း မရှိချေ။
သူက အလွန်စည်ကားသော မြောင်လင်၏ လမ်းမများပေါ်တွင် လှည့်ပတ်သွားလာနေသည်။ သူက လူအုပ်ကြီးထဲတွင် သွားနေရာမှ ရုတ်တရက် လမ်းကြောင်း ပြောင်းလိုက်၏။ တစ်စုံတစ်ယောက်က သူ့နောက်ကို ခြေရာခံလိုက်လာသလို ထင်မှတ်ရသည်။
သူက ညောင်ပင်ကြီး ရှိနေသော လမ်းကြားလေးထဲသို့ ဝင်သွားခဲ့၏။ ပန်းပုထုသည့် အဘိုးအိုကတော့ တံခါးကို ပိတ်ထားခဲ့သည်မှာ ကြာခဲ့ပါပြီ။ မုန့်ချီက သူ့ကို မနှောင့်ယှက်တော့ပဲ ယခင်တစ်ခေါက်တွင် သူ ရှောင်တိမ်းခဲ့သော ခြံဝန်းထဲသို့ ဦးတည်သွားခဲ့၏။
သူက ခြံစည်းရိုးကို ကျော်တက်လိုက်သည့်အချိန်တွင် ဓားအလင်းတန်းတစ်ခုက ကောင်းကင်ကြီးပေါ်သို့ ပျံတက်သွားပြီး အမှောင်ထုကြီးက လင်းလက်သွားသည်။ ထိုအရာက အလွန်လျင်မြန်လွန်းလှသည့်အတွက် အရိပ်များသာ ကျန်နေခဲ့၏။
ထိုဓားအလင်းတန်းက ရှောင်ကျန်းဟန်၏ လျှပ်စီးဓားနှင့် တူညီသည်။ သူကလည်း ကောင်းကင်ပြစ်ဒဏ်ဓားကို ဆွဲထုတ်လိုက်၏။ ဓားမောက်ချီစွမ်းအင်များ တောက်ပလာပြီး မိုးကြိုးစပါးအုံးမြွေက အသက်ဝင်လာခဲ့သည်။ အလွန်လေးလံသော ဓားမောက်က သူလက်ထဲတွင်တော့ အလေးချိန်မရှိသလို ထင်မှတ်ရ၏။ ဓားမောက်နှင့် ဓားရှည်တို့က တိုက်ခိုက်လိုက်မိသည့်အချိန်တွင် လှုပ်ရှားမှုတစ်ခုမျှ ပေါ်မလာခဲ့ပေ။
"မဆိုးပါဘူး... ။ နင်က တော်တော်လေး သတိထားနေတာပဲ…"
ကျန်းကျိဝေက ခြံဝန်းအလယ်တွင် ရပ်နေပြီး သူမ၏ အဝါရောင်ဝတ်စုံလေးက လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။
မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည်လိုက်ပြီး ပြုံးလိုက်သည်။
"နင်က ငါ့ကို ဒီလိုပုံစံမျိုးနဲ့ နှုတ်ဆက်မယ်ဆိုတာ ငါသိနေရုံလေးပါ... "
လမ်းကျဉ်းလေးထဲတွင် ရှိနေသော အမှတ်အသားကလည်း သူတို့၏ အချက်ပြတစ်ခု ဖြစ်သည်။ ကျန်းကျိဝေက မြို့ထဲသို့ ရောက်လာသည်နှင့် အမှတ်အသားတစ်ခု ချန်ထားမည် ဖြစ်၏။ ထို့နောက် သူတို့က ဤခြံဝန်းထဲတွင် တွေ့ဆုံကြမည် ဖြစ်သည်။
"ဟုတ်လား..။ နင်က အသက်ထိန်းသိမ်းသူနဲ့ အချိန်အကြာကြီး ကုန်ခဲ့လို့များ နင့်ရဲ့ဦးနှောက်တွေက တုံးသွားတာလား..."
သူမက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး စနောက်လိုက်သည်။
မုန့်ချီက ရယ်လိုက်၏။
"ငါတို့က အချင်းချင်း သိနေတာ နှစ်တော်တော်လေးကြာနေပြီ ။ တကယ်လို့ ငါက ဒါကိုတောင် မသိဘူးဆိုရင် ဘယ်လိုမိတ်ဆွေမျိုး ဖြစ်တော့မှာလဲ... "
"နှစ်တော်တော်လေးကြာသွားပြီလား... "
ကျန်းကျိဝေက သူ့ကို ကြည့်လိုက်ပြီး အနည်းငယ် အထီးကျန်သွားသလို ခံစားလိုက်ရ၏။
သူမက လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ဟုတ်တယ်..။ အရင်တုန်းကတော့ နင်က ငါ့ထက် တော်တော်လေး အရပ်ပုတယ်... ။ ဒါပေမယ့် အခုတော့ ငါ့ထက်တောင် ပိုပြီး အရပ်ရှည်ခဲ့ပြီ…"
"အဲဒီလောက် အသေးစိတ်ကိုတော့ မမှတ်မိဘူး... "
မုန့်ချီက အနည်းငယ် ရှက်ရွံ့သွား၏။
ခဏကြာ စကားပြောလိုက်ပြီးနောက် မုန့်ချီက အရေးကြီးသော ကိစ္စများကိုဦးတည်၍ ပြောလိုက်သည်။
"ကျိဝေ …
နင်က မနက်ဖြန်ကျရင် တကျန်းကျောင်းဆောင်ကိုသွားပြီး ယုရှုနဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေးရှာကြည့်သင့်တယ်... "
ရွမ်ယုရှုနှင့် အပြင်တွင် သူနှင့် လုံးဝမတွေ့ဖူးသော လူတစ်ယောက် ဖြစ်သည့်အတွက် ပထမဆုံး တွေ့သည့်အချိန်တွင် သူမနှင့် သူမမိသားစု၏ အကူအညီကို တောင်းယူ၍ မရနိုင်ပေ။ ထိုအရာက အလွန်သံသယဝင်စရာကောင်းသည်။ အကယ်၍ ကျန်းကျိဝေက ကြားလူတစ်ယောက်အဖြစ် လုပ်ဆောင်ပေးမည်ဆိုလျှင်တော့ အဓိပ္ပါယ်ရှိနိုင်သည်။
ကျန်းကျိဝေက လက်ရှိမျိုးဆက်တွင် အလွန်ထူးချွန်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမက ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဆက်ခံသူတစ်ယောက် ဖြစ်နေသည့်အပြင် သူမ၏ဆရာကလည်း နောက်ကြောင်းရှင်းသော အစွမ်းထက် ထိပ်သီးပညာရှင် တစ်ယောက် ဖြစ်သည်။ သူမက အထက်တန်းလွှာမိသားစုမှ လူတိုင်း မိတ်ဆွေဖြစ်ချင်သော လူတစ်ယောက် ဖြစ်၏။
ထို့ကြောင့် တွေ့တွေ့ချင်း ရွမ်ယုရှုက သူမနှင့် ရင်းနှီးနိုင်သည်မှာ ပုံမှန်သာ ဖြစ်သည်။ ထို့နောက် သူမက ရွမ်မိသားစု၏ အကူအညီကို တောင်းဆိုလိုက်မည်ဆိုလျှင် သူတို့က ဝမ်းမြောက်ဝမ်းသာ ကူညီပေးနိုင်၏။
"ကောင်းပြီလေ..။ ငါက သူနဲ့ နောက်တစ်ကြိမ် မိတ်ဆွေဖြစ်ဖို့ ကြိုးစားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။ အစ်ကိုချီက ဘယ်အချိန်ရောက်လာမှာလဲ..."
ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်သည်။
"သူက နည်းနည်းတော့ဝေးတယ်..။ ဒီတော့ သူက အချိန်မီရောက်မလာနိုင်ဘူး... "
မုန့်ချီက အလေးအနက် ထပ်ပြောလိုက်၏။
"တခြားကိစ္စတစ်ခု ရှိသေးတယ်..။ နင်က နောက်ထပ်ရက်အနည်းငယ်အတွင်း လူတစ်ယောက်ကို ခြေရာခံဖို့ ကူညီပေးပါ... "
"ဘယ်သူလဲ... "
ကျန်းကျိဝေက ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။
"လျှပ်စီးဓားရှောင်ကျန်းဟိုင်... "
မုန့်ချီက ပြန်ဖြေလိုက်ပြီး မြွေဘုရင် ၊ အဘိုးကြီးကျုံးနှင့် သူတွေ့ခဲ့သည့် အရာများကို ပြန်ပြောလိုက်သည်။
ကျန်းကျိဝေက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
"ကြည့်ရတာ သံသယဝင်စရာကောင်းတယ်..”
“ငါက ဒီအရာတွေအားလုံးရဲ့ နောက်ကွေ့မှာရှိတဲ့သူကို အာရုံလွှဲထားမယ်..။ နင်ကတော့ အမှောင်ထဲကနေ ရှောင်ကျန်းဟိုင်ရဲ့နောက်ကို လိုက်ကြည့်နေလိုက်..။ သူတို့က ဒီလိုဖြစ်လာမယ်ဆိုတာ သိမှာ မဟုတ်ဘူး... "
မုန့်ချီက လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
"ငါက အဲဒီမကောင်းဆိုးဝါးတွေကို အံ့သြသွားအောင် လုပ်ရလိမ့်မယ်... "
ယှဉ်ပြိုင်လိုစိတ် အလွန်ပြင်းထန်နေသော သူ့ပုံစံကို မြင်လိုက်ရသည့်အခါ ကျန်းကျိဝေက မနေနိုင်ဘဲ ရယ်လိုက်မိသည်။
နောက်ထပ် ရက်အနည်းငယ် အတောအတွင်း မုန့်ချီက ကျန်းဟန်ချွန်နှင့်အတူ မြောက်ပိုင်းလမ်းထဲတွင် လှည့်ပတ်သွားလာနေခဲ့သည်။ သူက သူတို့၏ အာရုံစိုက်မှုကို ယူဆောင်မည်ဟု ပြောခဲ့သည်မှာ စုဥယျာဉ်ထဲသို့ သွားမည်ဟု ဆိုလိုနေခြင်း မဟုတ်ချေ။ ထိုအရာက သခင်လေးဝမ်နှင့် စီစဉ်သူကို ပို၍ သံသယဝင်လာစေနိုင်သည်။
ထူးဆန်းသော ဖြစ်စဉ်များ၏နောက်ကွယ်တွင် လက်မည်းကြီးတစ်ခုရှိသည်ဟူသော ဆိုရိုးစကား ရှိခဲ့ဖူး၏။ ထို့နောက် သူက နောက်ထပ် အကျိုးမဲ့နေ့ရက်များစွာ ကုန်ဆုံးသွားပြန်သည်။
မုန့်ချီက သူငှားထားသောအိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရ၏။
"အစ်ကိုကျန်း ဘာများဖြစ်လို့လဲ... "
ရောက်လာသူက ကျန်းဟန်ချွန် ဖြစ်သည်။ သူတို့က လွန်ခဲ့သော နာရီဝက်ကမှ တွေ့ထားခြင်း ဖြစ်သည့်အတွက် မုန့်ချီက အနည်းငယ် ထူးဆန်းနေ၏။
ကျန်းဟန်ချွန်က ပတ်ပတ်လည်သို့ စိုးရိမ်တကြီး စိုက်ကြည့်နေပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"မြောက်ပိုင်းလမ်းက မိတ်ဆွေတစ်ယောက်က ချိုးဖေးကိုမြင်ခဲ့တယ်လို့ပြောတယ်... "
"ချိုးဖေး ဟုတ်လား... "
မုန့်ချီက သူ့ကို ဤနေရာတွင် ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟုတ်တယ်..။ သူက သူ့ကိုယ်သူ ဖုံးကွယ်ထားပေမယ့် မြောက်ပိုင်းလမ်းပေါ်မှာ ထက်မြက်တဲ့မျက်လုံးတွေ ရှိတယ်..။ ငါက သူ့ကိုစောင့်ကြည့်ဖို့ ခိုင်းထားတဲ့အတွက် သူတို့က သူ့ကိုမှတ်မိနေကြတာ... "
ကျန်းဟန်ချွန်က တည်ငြိမ်နေပုံရသော်လည်း သူမြင်နေရသည့် အရာများကို စိတ်လှုပ်ရှားစွာ ပြောပြနေသည်။
မုန့်ချီက အသက်ပြောင်းလဲခြင်းဂိုဏ်း၏ လျှို့ဝှက်ချက်ကြီးတစ်ခုကို ထုတ်ဖော်ခဲ့သည့် အတွက် အနာဂတ်တွင် ဖြစ်လာနိုင်သော ပြဿနာများကို ဖယ်ရှားချင်နေသည်။ သူက မေးလိုက်၏။
"သူက ဘယ်နေရာကို သွားခဲ့တာလဲ... "
"သူက ကျင်းမြစ်ကမ်းဆီ သွားတာကို ငါ့မိတ်ဆွေက တွေ့ခဲ့တယ်..။ ဒါပေမယ့် သူ့အနားကို ကပ်မသွားရဲဘူး..။ ငါတို့က သွားပြီး စစ်ဆေးကြည့်ကြရင် မကောင်းဘူးလား... "
ကျန်းဟန်ချွန်က အကြံပေးလိုက်သည်။
မုန့်ချီက ငြင်းဆန်နေခြင်းမရှိသည့်အတွက် သူတို့ (၂) ယောက်က ကျင်းမြစ်ကမ်းဆီသို့ ထွက်လာခဲ့ကြသည်။
"သူက ဒီလမ်းကနေ သွားတယ်လို့ ပြောခဲ့တယ်... "
ကျန်းဟန်ချွန်က သစ်တောထဲကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဒီနေရာမှာ ပျောက်ကွယ်သွားတာ... "
"သူ့နောက်ကို တစ်ယောက်ယောက်လိုက်လာတာ သတိထားမိသွားလို့လား... "
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
ကျန်းဟန်ချွန်က တိတိကျကျ ပြန်မဖြေနိုင်ခဲ့ပေ။ သစ်တောထဲတွင်တော့ ကလေးငယ်များ ကစားထားသည့် အမှတ်အသားများစွာ ရှိနေသည်။ သူတို့ (၂)ယောက်က ခြေရာလက်ရာများကို ဂရုတစိုက် ရှာဖွေနေခဲ့ကြ၏။
ကျန်းဟန်ချွန်က ရုတ်တရက်ရပ်လိုက်ပြီး အမှောင်ထဲတွင်ရှိနေသော သစ်ပင်တစ်ပင်ကြီးအရိပ်ကို လှမ်းပြလိုက်သည်။
"ဟိုကိုလှမ်းကြည့်လိုက်ဦး... "
မုန့်ချီက လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် အဝါရောင် ပြောင်းလဲနေသော ပေါင်းပင်များကို မြင်လိုက်ရသည်။ သူတို့ကို ကြည့်ရသည်မှာ ညှိုးခြောက်နေသလို ဖြစ်နေ၏။ သို့သော် တချို့သော ပေါင်းပင်များကတော့ ညှိုးခြောက်နေသော်လည်း အစိမ်းရောင် အငွေ့အသက်များ ရှိနေသေးသည်။
"ဒါက ယင်ချီစွမ်းအင်တွေရဲ့ သက်ရောက်မှုကြောင့်ပဲ ။ ဒါက အသက်ပြောင်းလဲခြင်းဂိုဏ်းရဲ့ လုပ်ရပ်လို့ ပြောလို့ရတယ်... "
မုန့်ချီက ပြောလိုက်၏။
"သူတို့က တကယ်ပဲ ဒီနေရာကို ဖြတ်သွားခဲ့တယ်... "
သူတို့ (၂) ယောက်က ဆက်လက်ရှာဖွေနေခဲ့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။ မြက်ပင်များကလွဲလျှင် တခြားသော ခြေရာလက်ရာများကတော့ ပျောက်ကွယ်နေခဲ့၏။
သစ်တော၏ တခြားတစ်ဖက်တွင်တော့ ကျင်းမြစ်ကြီး ရှိသည်။ မြစ်ကမ်းတွင်တော့ အလွန်ကြီးမားသော အစိမ်းရောင် ကျောက်တုံးကြီးတစ်တုံး ရှိသည်။ ကျန်းဟန်ချွန်၏ အမူအရာက ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရ၏။ သို့သော် အမှောင်ထဲတွင် ဖြစ်နေသည့်အတွက် သူတို့က ရှာဖွေမှုကို ရပ်တန့်လိုက်ကြသည်။
သူက လမ်းကျဉ်းလေး၏ ဝင်ပေါက်သို့ ပြန်ရောက်လာသည့် အချိန်တွင် မုန့်ချီက တစ်နေရာတွင် ရှိနေသော အမှတ်အသားတစ်ခုကို မြင်လိုက်ရ၏။ ထို့ကြောင့် သူက ကျန်းကျိဝေနှင့် တွေ့ခဲ့ဖူးသော ခြံဝန်းဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။
ယခုတစ်ကြိမ်တော့ သူမက ဓားထုတ်ခဲ့ခြင်း မရှိချေ။ သူမက ဓားကို ပေါင်ပေါ်တွင် ကန့်လန့်ဖြတ်တင်ထားပြီး တင်ပျဉ်ခွေ ထိုင်နေခဲ့၏။
"ငါက ရှောင်ကျန်းဟိုင်ရဲ့နောက်ကို လိုက်သွားတဲ့အချိန်မှာ သူက လူတစ်ယောက်ကို သွားတွေ့တာ တွေ့ခဲ့ရတယ်... "
သူမကတော့ ရှောင်ကျန်းဟိုင်၏နောက်သို့ လိုက်ခဲ့ရသည့် အခက်အခဲကိုတော့ ပြောပြခဲ့ခြင်း မရှိချေ။
မုန့်ချီ၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့၏။
"အဲဒါသူလား...။ စိတ်ဝင်စားစရာပဲ ။ ကျိဝေ … ငါက ဒီကိစ္စမှာတော့ နင့်ကိုပဲ အားကိုးရတော့မယ်... ။ ကျေးဇူးပြုပြီး ဆက်ကူညီပေးပါဦး... "
"ငါပဲ ဒါကိုကိုင်တွယ်လိုက်ပါ့မယ်...။ အခု ငါက ယုရှုနဲ့ တော်တော်လေး ရင်းနှီးနေပြီ ။ ဒါကြောင့် ငါက ရွမ်အကြီးအကဲတွေကို အကူအညီတောင်းလို့ရပြီ ။ ဒါပေမယ့် ငါက အချိန်ယူပြီး စုံစမ်းရဦးမယ်...။ သူက ဘာလိုချင်နေတာလဲဆိုတာ ကြည့်ကြသေးတာပေါ့... "
ကျန်းကျိဝေက ပြန်ဖြေလိုက်၏။
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
"ကြည့်ရတာ နင်က ငါထင်ထားတာထက်တောင် ပိုပြီးတော့ စဉ်းစားတတ်သေးတယ်..."
……………..
ကျင်းမြစ်၏ ရေလှိုင်းပွဲတော်က (၂) ရက်အတွင်း ကျင်းပတော့မည် ဖြစ်သည်။ ညအချိန်တွင် ကျန်းဟန်ချွန်က မုန့်ချီ၏တံခါးကို နောက်တစ်ကြိမ် လာခေါက်ပြန်သည်။
"အစ်ကိုကျန်း ဒီလိုညအချိန်ကြီးကျမှ ကျွန်တော်က ဘာလုပ်ပေးရဦးမလဲ... "
မုန့်ချီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ကျန်းဟန်ချွန်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး တွေဝေမှုတစ်ခု ပေါ်လာခဲ့၏။ သို့သော် ခဏကြာ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
"ညီလေးစု ..
ငါက မင်းကို တုန်းရန်စံအိမ်ဆီ အတူသွားဖို့အတွက် ဖိတ်ခေါ်ချင်တယ်... "
သူက မုန့်ချီအပေါ် အခေါ်အဝေါ် ပြောင်းလဲလိုက်ပြန်သည်။
"တုန်းရန်စံအိမ် ဟုတ်လား... "
မုန့်ချီကတော့ အံ့သြသွားသလို အမူအရာနှင့် မေးလိုက်၏။
ကျန်းဟန်ချွန်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်..။ အဲဒါက ငါပြောပြောနေတဲ့ အခွင့်အရေးပဲ ။ ကျင်းမြစ်ကြီးရဲ့ ရေလှိုင်းပွဲတော်မစခင် (၂) နာရီအတွင်း စံအိမ်ထဲကိုဝင်ဖို့ အခွင့်အရေးရှိတယ်... ။ ချိုးဖေးနဲ့ မကောင်းဆိုးဝါးက ဒီအခွင့်အရေးကို လက်လွတ်ခံကြမှာ မဟုတ်ဘူး... ။ သူတို့က အစွမ်းထက်တဲ့ အကူအညီတွေနဲ့ စံအိမ်တံခါးကို ဖွင့်ပြီး ဝင်သွားကြလိမ့်မယ်..။ ငါကတော့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပဲ ။ ငါ့မှာ မိတ်ဆွေတွေ အများကြီးရှိပေမယ့် အစွမ်းထက်တဲ့သူကတော့ အရမ်းနည်းတယ်..။ ပြီးတော့ အစွမ်းထက်တဲ့သူတွေကလည်း အဖွဲ့အစည်းတွေကဆိုတော့ သူတို့နဲ့ အဆင်မပြေနိုင်ဘူး... ။ ညီလေးစု … မင်းက ထိပ်ဆုံး (၁၀) ယောက်ထဲကို ရောက်နိုင်တဲ့ ပညာရှင်တစ်ယောက်ရဲ့အစွမ်းမျိုး ရှိတယ်..။ တကယ်လို့ ငါတို့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့က မကောင်းဆိုးဝါး ၊ ချိုးဖေးနဲ့ အသက်ပြောင်းလဲခြင်းဂိုဏ်းတို့ကို ရင်ဆိုင်နိုင်တယ်..။ အရေးကြီးဆုံးအရာကတော့ မင်းက ဝေ့ကျင်းအဆင့် အစွမ်းထက်ပညာရှင်တွေကို ဖိတ်ခေါ်မှာ မဟုတ်ဘူးလို့လည်း ငါယုံကြည်တယ်... ။ မင်းက ရှောင်လင်ကျောင်းတော်ကနေ ထွက်လာပြီးနောက် မင်းရဲ့ကျင့်ကြံမှုကို ဆုံးရှုံးသွားခဲ့ရတယ်... ။ ဒါကြောင့် မင်းက ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး... "
သူကတော့ ရိုးရိုးသားသား ပြောပြနေသည်။
မုန့်ချီဆီတွင် နောက်ကြောင်းမရှိသည့်အတွက် ဝေ့ကျင်းအဆင့် ပညာရှင်များ၏ တိုက်ပွဲထဲတွင် မည်သည့် အခွင့်အရေးမျှ မရနိုင်ပေ။ သူက မုန့်ချီကို တခြားသော အကူအညီ ရှာဖွေရန် အခွင့်အရေးလည်း မပေးခဲ့ပေ။
"မကောင်းဆိုးဝါးက ရက်စက်ကြမ်းကြုတ်တယ်..။ တော်တော်လေးလည်း အစွမ်းထက်တယ်..။ချိုးဖေးကလည်း ပြင်ဆင်နေတာ တော်တော်လေးကြာနေပြီ။ တကယ်လို့ သူရောက်မလာဘူးဆိုရင် ဘယ်လိုလုပ်မလဲ... "
ကျန်းဟန်ချွန်က ရယ်လိုက်သည်။
"အခုချိုးဖေးက ဘယ်နေရာမှာ ပုန်းနေလဲဆိုတာသိလား... "
"အစ်ကိုကျန်းက သိနေတာလား... "
မုန့်ချီက အံ့အားသင့်စွာ မေးလိုက်၏။
သူက ခေါင်းညိတ်ပြလိုက်သည်။
"သူက အသက်ပြောင်းလဲခြင်းဂိုဏ်းက လူတွေနဲ့အတူ သစ်တောထဲမှာ ပေါ်လာတဲ့ အချိန်ကတည်းက ငါသိနေတာ..။ သူက စံအိမ်ထဲမှာ ပုန်းနေတာ... ။ အတွင်းစံအိမ်ထဲကို ဘယ်သူမှ ဝင်မရပေမယ့် အပြင်ပိုင်းစံအိမ်ကိုတော့ ဝင်လို့ရနိုင်သေးတယ်လေ... "
"အစိမ်းရောင်ကျောက်တုံးကြီးလား... "
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။
"ဟုတ်တယ်…"
ကျန်းဟန်ချွန်က တိကျစွာ ပြန်ဖြေလိုက်၏။
"ဒါကြောင့် ဒီနေ့ည အတွင်းစံအိမ်ဖွင့်ဖို့ အခွင့်အရေးတစ်ခု ရှိတယ်..။ မင်းက ငါနဲ့လိုက်မှာလား... "
ခဏကြာ စဉ်းစားနေပြီးနောက် မုန့်ချီက ပြန်ဖြေလိုက်သည်။
"ကျွန်တော်လိုက်မယ်... "
သူတို့က အတွင်းစံအိမ်ထဲသို့ ဝင်ရောက်ပြီးသွားလျှင် အချင်းချင်း ထိခိုက်အောင် မလုပ်ကြောင်း ကျိန်ဆိုလိုက်ပြီးနောက် မြစ်ကမ်းတွင် ရှိနေသော အစိမ်းရောင် ကျောက်တုံးကြီးဆီသို့ ထွက်သွားခဲ့သည်။
ကျန်းဟန်ချွန်က နောက်ယောင်ခံ လိုက်လာခြင်းရှိမရှိ ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေသည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီးချလိုက်ပြီး အစိမ်းရောင် ပစ္စည်းလေးတစ်ခုကို ထုတ်လိုက်၏။ ထိုအရာက ရွှေ ၊ သစ်သားနှင့် ကျောက်စိမ်းများ ပေါင်းစပ်ဖန်တီးထားသလို ထင်မှတ်ရသော်လည်း မည်သည့်တွင်းထွက်ပစ္စည်းမျှ မဟုတ်ချေ။
ထိုအရာအားလုံးက ပစ္စည်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ ထင်မှတ်ရ၏။ ထိုအရာလေးက ကျောက်တုံးကြီးနှင့် ထိသွားခဲ့သည့်အချိန်တွင် အလင်းရောင်များ ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်က တောက်ပသွားသည်။
"ငါ့အင်္ကျီကို ကိုင်ထားလိုက်... ။ ဒီတုန်းရန်တံဆိပ်အပိုင်းအစမရှိရင် မင်းက အထဲကို ဝင်နိုင်မှာ မဟုတ်ဘူး... "
ကျန်းဟန်ချွန်က ပြောလိုက်သည်။
"ဒီလိုဆိုရင်တော့ သခင်လေးဝမ်နဲ့ သူ့လူတွေ ရောက်လာရင်တောင် သူတို့က ကြည့်နေရုံပဲ တတ်နိုင်တော့မယ်... "
မုန့်ချီက ကျန်းဟန်ချွန်၏ ပုခုံးကိုကိုင်လိုက်ပြီး ကျောက်တုံးကြီးဆီသို့ လျှောက်သွားခဲ့သည်။
ထို့နောက် အပြာရောင်အလင်းတန်းများ တောက်ပလာပြီး သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးက လည်ပတ်လာခဲ့လေ၏။
Translated by Hein Htet.