← Chapters

အခန်း (၃၀၉)

Vol. 21 Ch. 309

အခန်း (၃၀၉)

Vol. 21 Ch. 309

ပုံမှန်အားဖြင့် ကျန်းဟန်ချွန်၏ ပုံစံက လယ်သမားလေး တစ်ယောက်နှင့် တူညီနေပြီး အသားမည်းမည်း ၊ မျက်ခုံးထူထူ ၊ မျက်လုံးပြူးပြူးနှင့် သာမန် ရွက်ကြမ်းရေကျို မျက်နှာပေါက်မျိုး ရှိနေသည်။

အကယ်၍ သူက လူသားနှင့် ကောင်းကင် တသားတည်းအဆင့်ကို သုံးထားမည်‌ဆိုလျှင်ပင် သက်သောင့်သက်သာ အေးအေးဆေးဆေး နေတတ်သော သူတော်စင် လယ်သမားတစ်ယောက်ကဲ့သို့သာ ထင်မှတ်ရသည်။ သူက လှပသော ရှုမျော်ခင်းများကိုသာ ကြည့်ရှုချင်နေသော လယ်သမားတစ်ယောက်ပမာ ခံစားရ၏။

သို့သော် ယခုတော့ သူက အပြုံးနှင့် စကားပြောနေပြီး သူ၏မျက်နှာပေါ်တွင် တည်ငြိမ်မှုများ ၊ ယုံကြည်မှုများ ရှိနေသည်။ သူက အလွန်တက်ကြွနေသည့်အတွက် လုံးဝမတူညီသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ ယုံကြည်ချက်ရှိမှုနှင့် ဉာဏ်ကောင်းမှုကြောင့် သူ့ပုံစံက တောသားတစ်ယောက်နှင့် လုံးဝ မတူတော့ပေ။

လူတစ်ယောက်၏မျက်နှာက ထိုလူ လုပ်ဆောင်သော လုပ်ရပ်ကို ပေါ်လွင်စေနိုင်သည်ဟူသော စကားအရ ကျန်းဟန်ချွန်က ဥပမာဖြစ်သည်။

"ကောင်းတာပေါ့ … "

မုန့်ချီက ဘယ်ဘက်လက်နှင့် ညာဘက်လက်ခုံကို ပွတ်နေပြီး လက်ထဲတွင်တော့ ဓားကို ကိုင်ထားသည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုမျှ ရှိမနေခဲ့ပေ။

ကျန်းဟန်ချွန်က သူ့ကို အပြုံးနှင့် ကျေးဇူးတင်စကားပြောလိုက်ပြီး ချိုးဖေးကို လှည့်ပြောလိုက်သည်။

"အစ်ကိုချိုး …

ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့က မကောင်းဆိုးဝါးကို သတ်ဖို့အတွက် အစ်ကိုနဲ့ ပူးပေါင်းဖို့ လိုပါသေးတယ်။ တကယ်လို့ မကောင်းဆိုးဝါးက လူမသတ်တော့ဘဲ အတွင်းစံအိမ်ကို ဖွင့်ဖို့အတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင်တောင် ကျွန်တော်တို့က အစ်ကို့ကို ထိခိုက်ခွင့်ပေးမှာ မဟုတ်ပါဘူး။ အဲဒီအကျိုးအမြတ်တွေ အားလုံးကိုလည်း ရမှာပါ။ တကယ်လို့ ကျွန်တော်တို့ကသာ ကံကောင်းပြီး သူ့ကို သတ်နိုင်ခဲ့မယ်ဆိုရင်တော့ အစ်ကိုက ပိုပြီးလုံခြုံပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ညီလေးစုက အစ်ကို့ကို ကာကွယ်ပေးလိမ့်မယ်လေ။ လူ (၃)ယောက်က အချင်းချင်း စောင့်ကြည့်နေတယ်ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး အခြေအနေပဲ။ တကယ်လို့ အစ်ကို သေသွားခဲ့မယ်ဆိုရင် သူက တစ်ယောက်တည်း သီးခြားဖြစ်သွားနိုင်တယ်။ စိတ်ဝိညာဉ်ကျိန်စာက အစွမ်းထက်ပေမဲ့ ပြည့်စုံမှုမရှိဘူး။ အနှေးနဲ့အမြန် အားနည်း‌ချက်တွေ ပေါ်လာမှာပဲလေ။ အခု ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ကတိကို တန်ဖိုးထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ တူညီတဲ့ ဦးတည်ချက်တစ်ခု ရှိနေလို့ပါပဲ…"

သူက မုန့်ချီနှင့် ယာယီ ပေါင်းစပ်နေသလိုမျိုး ပြောဆိုနေပြီး ချိုးဖေးကို သူတို့နှင့် ပူးပေါင်းရန် ဆွဲဆောင်နေခဲ့သည်။ ချိုးဖေးကတော့ သူ့စကားကြောင့် အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး မုန့်ချီကို စိုက်ကြည့်လိုက်၏။

"ငါတို့က သူ့ကို ပူးပေါင်းလာအောင် ပြောဖို့အတွက် တစ်ကြိမ်တည်း ဆွဲဆောင်လို့ ရဖို့ မလွယ်ဘူး…"

ကျန်းဟန်ချွန်က မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

ထိုအချိန်တွင် မုန့်ချီကတော့ သူ့ကို တည့်တည့်စိုက်ကြည့်နေပြီး အပြုံးနှင့် ပြောလိုက်သည်။

"ငါကတော့ မင်းရဲ့စကားကို လက်မခံနိုင်ဘူး … သောကကြယ် .."

"သောကကြယ် … ဟုတ်လား … "

ချိုးဖေးက ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။

သူ့မျက်လုံးထဲတွင်တော့ ကျန်းဟန်ချွန်က အတော်လေးကို ဉာဏ်နီဉာဏ်နက်များသော်လည်း မြောင်လင်တစ်ခွင်လုံးတွင် ပြဿနာရှာနေသော သောကကြယ် ဖြစ်မည်ဟု လုံးဝ မတွေးမိခဲ့ပေ။

ကျန်းဟန်ချွန်၏ မျက်နှာပေါ်ရှိ အပြုံးက ပြောင်းလဲသွားခြင်းမရှိဘဲ သူ့ကို ယုံကြည်ချက်ရှိရှိ စိုက်ကြည့်လိုက်သည်။

"ငါက သောကကြယ်ဆိုတာကို မင်းက ဘယ်အချိန်တုန်းက စပြီးသံသဝင်လာတာလဲ…"

သူကတော့ ငြင်းဆန်ရမည့်အစား ထူးဆန်းစွာ ဝန်ခံလိုက်သည်။

သူက လက်နောက်ပစ်ထားပြီး အေးအေးဆေးဆေးသာ ရပ်နေခဲ့၏။ သူ့ပုံစံက သူတို့နှင့် ဆွေးနွေးတိုင်ပင်နေသလို ထင်မှတ်ရသည်။ သို့သော် သူက အချိန်မရွေး တိုက်ခိုက်နိုင်ကြောင်း ချိုးဖေးနှင့် မုန့်ချီတို့နှစ်ယောက်စလုံး သိနေကြ၏။

"ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီအတွေးမျိုး ပေါ်လာတာ သိပ်မကြာသေးပါဘူး။ မင်းက ထောင်ချောက်တွေ၊ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်ဖို့ သခင်လေးဝမ်ကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ မင်းကိုယ်တိုင်ကတော့ မမြင်ရတဲ့ ကျားစေ့လေးတစ်စေ့အဖြစ် ပြောင်းလဲပစ်လိုက်ပြီး ကျားကွက်ခုံပေါ်ကို ဝင်ရောက်လာခဲ့တယ်။ ဒီအရာတွေ အားလုံးရဲ့နောက်ကွယ်မှာ ရှိနေတာက မင်းဖြစ်နေတဲ့အတွက် ငါလည်း တကယ့်ကို အံ့ဩမိတယ်…"

မုန့်ချီက ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ထားရင်း အပြုံးနှင့် ပြန်ဖြေလိုက်သည်။

သူ၏ အနက်ရောင်ဝတ်စုံများကတော့ ရေဖွဲဖွဲလေး စိုနေသည့်အတွက် အနည်းငယ် ကပ်နေသည်။ သူကတော့ စိုးရိမ်ထိတ်လန့်နေခြင်းမရှိဘဲ မိတ်ဆွေတစ်ယောက်ကို စကားပြောသလို ပြောနေခဲ့၏။

"ပြီးတော့ ငါက ဘယ်လိုမျိုးပဲ တုံ့ပြန်ပါစေ အဆုံးမှာတော့ ထောင်ချောက်ထဲကိုပဲ ကျရလိမ့်မယ်လို့ သခင်လေးဝမ်က အမြဲပြောခဲ့တယ်။ ဒီစကားက ငါ့ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ထိပ်ဆုံး (၁၀)ယောက်ထဲမှာ ရှိနေတဲ့ သခင်လေးတွေက ဘာလို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မဆင်မခြင် လုပ်တတ်တာလဲဆိုတာ နားလည်သွားတယ်။ သူတို့က ငါ့ကို စကားပြောဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူးလေ…"

ကျန်းဟန်ချွန်က အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒီထောင်ချောက်ထဲမှာ ခံရသူနဲ့ စီစဉ်သူက အရေးအကြီးဆုံး အရာနှစ်ခုပဲ။ တကယ်လို့ စီစဉ်သူက ပြောင်းလဲမှုတချို့သုံးပြီး ထောင်ချောက်ဖန်တီးလိုက်မယ်ဆိုရင် ခံရသူက ဘာပဲလုပ်လုပ် ထောင်ချောက်ထဲမှာပဲ အဆုံးသတ်သွားရလိမ့်မယ်။ အဲဒီနောက်မှာတော့ စီစဉ်သူက ခံရသူကို သတ်ဖို့ အခွင့်အရေးပေါ်လာအောင် သူကိုယ်တိုင် ဖော်ထုတ်ပေးနိုင်တယ်။ အဲဒီအချိန်ကျရင်တော့ ခံရသူက မဆင်မခြင် လုပ်မိတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရလိမ့်မယ်..”

“တကယ်လို့ ငါကသာ လေလှိုင်းစံအိမ်ကို မသွားခဲ့ဘဲ ငါ့ရဲ့ခြံဝန်းကို ပြန်သွားခဲ့မယ်ဆိုရင် အခေါင်းထဲမှာ နောက်ထပ် အလောင်းတစ်ခုကို တွေ့ရလိမ့်မယ်။ ပြီးရင်တော့ ငါက ခံရသူနဲ့ ထိပ်တိုက်ရင်ဆိုင်ရလိမ့်မယ်…"

မုန့်ချီက သက်ပြင်းချလိုက်မိသည်။

"မင်းက ငါ့ကို ချက်ချင်း မသတ်နိုင်တဲ့အတွက် မင်းကိုယ်မင်း ခံရသူတစ်ယောက်အဖြစ် ပြောင်းလဲပြီး ငါ့ကို မင်းနဲ့ပူးပေါင်းဖို့ တိုက်တွန်းခဲ့တယ်။ ပြီးတော့ ငါကိုယ်တိုင် သိမ်မွေ့လွန်းလှတဲ့ မင်းရဲ့ထောင်ချောက်ထဲကို ရောက်သွားခဲ့တာပဲ…"

ချိုးဖေးကတော့ ထောင်ချောက်များ ၊ လှည့်ကွက်များကို လေ့လာရန် ရည်ရွယ်ချက်နှင့် သူတို့၏ စကားကို အလေးထား နားထောင်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူက ရန်သူကို မိတ်‌ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားနိုင်၏။

ကျန်းဟန်ချွန်က အပြုံးနှင့်ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် … "

သူ့ဆီတွင် ရူးသွပ်ဖွယ် ယုံကြည်မှုများ ရှိနေပြီး သူတို့နှစ်ယောက်၏ ရှေ့တွင်ပင် ဖိအားများ ရှိနေပုံ မရပေ။

"တကျန်းအဖွဲ့အစည်းက ရှန့်အဆင့် ခေါင်းဆောင် ချူးကွမ် သူ့ကိုယ်သူ သတ်သေသွားတဲ့အချိန်မှာလည်း နောက်ကွယ်မှာ မင်း ရှိနေတာ (၁၀၀)ရာခိုင်နှုန်း သေချာတယ်။ ဒါပေမဲ့ ငါက မင်းကို သောကကြယ်လို့ လုံးဝ တွေးမထားမိခဲ့ဘူး…"

မုန့်ချီက သူ့အတွေးများ ပြောင်းလဲလာပုံကို ဖြည်းညင်းစွာ ပြောပြလိုက်သည်။

"ငါက တစ်ခုခုကို ဖော်ထုတ်နိုင်ပြီး ချူးကွမ်ကို ရှာနိုင်လိမ့်မယ်လို့ မင်းက တွေးမထားခဲ့ဘူး မဟုတ်လား … "

ကျန်းဟန်ချွန်က သူ့ကိုယ်သူ ထိန်းချုပ်ပြီး အပြုံးနှင့်ပြောလိုက်သည်။

"ဟုတ်တယ် ။ မင်းက ချူးကွမ် ပေါ်လာအောင် လုပ်နိုင်လိမ့်မယ်လို့ လုံးဝ မတွေးမိခဲ့ဘူး။ မဟုတ်ရင် ငါက သူ့ကို အစောပိုင်းကတည်းက သတ်ပစ်လိုက်တယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်ကြောင့် လူသေတစ်ယောက်ကပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးနိုင်တယ်ဆိုတာ ငါ သင်ခန်းစာ ရသွားခဲ့တယ်။ အဲဒီအချိန်မှာ ငါက မင်းတို့ကို လမ်းလွှဲဖို့အတွက် ချူးကွမ်ကို သတ်ပစ်လိုက်ရတာပဲ…"

"ဒါကြောင့် ငါတို့က အစိမ်းရောင်လက်ပတ်ဝတ်တိုင်ကို ရှာဖွေနေတဲ့အချိန်မှာ မင်းက မင်းရဲ့လက်အောက်ငယ်သားတွေကို လျှို့ဝှက်အသံပို့ဆောင်မှုနဲ့ အမိန့်ပေးခဲ့တာ မဟုတ်လား … "

"မင်းက နောက်တစ်ကြိမ် မှန်သွားပြန်ပြီ…."

ကျန်းဟန်ချွန်ကတော့ အေးအေးဆေးဆေး ပြောလိုက်သည်။

"ငါက ချူးကွမ်ကို ထွက်ပြေးခိုင်းဖို့ စီစဉ်ထားပါသေးတယ်။ ဒါပေမဲ့ ငါ တံခါးထဲက ထွက်လာတဲ့အချိန်မှာ မင်းတို့ကို လမ်းလွှဲဖို့အတွက် အစီအစဉ်ပြောင်းလိုက်တယ်။ ပြီးတော့ သခင်လေးဝမ်နဲ့လည်း ဆက်ပြီး တိုက်ခိုက်ချင်နေသေးတယ်လေ။ ဒါမှလည်း မင်းတို့က သတိပြန်ဝင်လာတဲ့အချိန်မှာ သောကကြယ်က လက်တုံ့ပြန်ပေးမယ်ဆိုတဲ့ စကားက အမှားကြီးဆိုတာ နားလည်သွားမှာလေ။ ဒီတော့ မင်းတို့က သောကကြယ်ကို ထပ်ပြီး အလေးထားမှာ မဟုတ်‌တော့ဘူး…”

“ဒါပေမဲ့ သခင်လေးဝမ်ကတော့ အလေးထားမယ်ဆိုရင် ငါ့ရဲ့လှည့်ကွက်ကို ချက်ချင်း သိသွားမှာပဲ။ ပြီးတော့ အဲဒါက ငါ ပေးလိုက်တဲ့ စိန်ခေါ်မှုတစ်ခုဆိုတာလည်း သိသွားလိမ့်မယ်။ ဒါကြောင့် သူက ငါနဲ့ ယှဉ်ပြိုင်ဖို့ ပိုစိတ်ဝင်စားလာနိုင်ပြီး တခြားအရာတွေကို လျစ်လျူရှုသွားနိုင်တယ်…"

မုန့်ချီက သက်ပြင်းချလိုက်၏။

"ငါက ရုတ်တရက် တွေးမိသွားပြီး အဲဒါက ထောင်ချောက်တစ်ခုဆိုတာကို ဖော်ထုတ်နိုင်ခဲ့တာ ကံကောင်းသွားတာပေါ့။ နောက်တစ်နေ့ မင်း ငါ့ကို သတိပေးလိုက်တဲ့အချိန်မှာ မင်းက သံသယဝင်စရာ ကောင်းနေခဲ့တယ်။ ငါက မင်းရဲ့ရည်ရွယ်ချက်ကို ဖော်ထုတ်ချင်တဲ့အတွက် မင်းနဲ့ ကစားပွဲလေးတစ်ခု ကစားလိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ မင်းနဲ့သခင်လေးဝမ်ရဲ့ယှဉ်ပြိုင်မှုက အစစ်အမှန် ရည်ရွယ်ချက် မဟုတ်နိုင်ဘူးဆိုတာ သိနေလို့ပဲလေ… "

"မင်းက ငါ့ကို အစောပိုင်းကတည်းက သံသယဝင်နေခဲ့တာပဲ။ငါ့အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီလောက်ကိစ္စတွေ အများကြီး ကြုံခဲ့ပြီးသွားတဲ့အချိန်မှာ ငါတို့က မိတ်ဆွေဖြစ်တာ ပိုကောင်းပါတယ်။ မင်းက ငါ့အတွက်တော့ အထူးခြားဆုံး မိတ်ဆွေတစ်ယောက်ပါပဲ…"

ကျန်းဟန်ချွန်က သူ့ကို ချီးကျူးနေသယောင် ထင်မှတ်ရသည်။

"ဟုတ်တယ် … ဘဝဆိုတာက ငါတို့ရဲ့ အရည်အချင်းတွေကို ပြသရတဲ့ ပြဇာတ်တစ်ခုပဲ…."

မုန့်ချီက ရင်ထဲတွင် တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။

"အစ်ကိုချိုးနဲ့ လက်(၈)ချောင်း နဂါးပျံတို့ရဲ့ အဖြစ်အပျက်တွေကို နားလည်ပြီးသွားတဲ့အချိန်မှာ မင်းက တုန်းရန်စံအိမ်ကို ပစ်မှတ်ထားနေတယ်ဆိုတာ ငါသိခဲ့တယ်။ ဒါပေမဲ့ မင်းက ရည်ရွယ်ချက် ပြည့်သွားအောင် ဘယ်အရာကို အားကိုးချင်နေတာလဲ။ မင်းက ရိုးရှင်းတဲ့ကိစ္စကို ရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့တယ်။ သခင်လေးဝမ် ၊ ချင်ယုနဲ့ တခြားသူတွေတောင် ပါဝင်လာခဲ့တယ်။ အဲဒါက ဘာအတွက်လဲ … "

"ဟုတ်တယ် … အဲဒါက ဘာအတွက်လဲ "

ကျန်းဟန်ချွန်က ရယ်ကာမောကာနှင့် ပြန်မေးလိုက်ပြီး အလွန်ကျေနပ်နေပုံရသည်။

မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

"နဂိုတုန်းကတော့ ကျောင်းဆောင်သခင်ရမ်က ဘာလို့ သက်ပြင်းချပြီး စိတ်ပျက်နေသလဲဆိုတာ ငါ နားမလည်ခဲ့ဘူး။ သူက သူ့ရဲ့မိတ်ဆွေတွေကို ကာကွယ်မပေးနိုင်တဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်နေခဲ့တာ။ ငါ သေချာစုံစမ်းကြည့်လိုက်တဲ့အချိန်မှာ လက် (၈)ချောင်း နဂါးပျံနဲ့ တိမ်တောင်တန်းက သိမ်းငှက် (၃)ကောင်က သူ့ရဲ့မိတ်ဆွေတွေ ဖြစ်နိုင်တယ်။ ဒီနေရာမှာတော့ တကယ်လို့ မင်းကသာ သူတို့ကို ပေါ်ပေါ်ထင်ထင် သတ်ပစ်လိုက်မယ်ဆိုရင် အရမ်းထူးဆန်းတဲ့ ကျောင်းဆောင်သခင်ရမ်က မင်းကို လိုက်ပြီး သတ်ပစ်နိုင်တယ်..”

“ဒါကြောင့် သူ မရိပ်မိအောင် မင်းက အနီးအနားမှာရှိတဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ခဲ့တယ်။ အထူးသဖြင့် သခင်လေးဝမ်ပဲ ။ မင်းက အဓိပ္ပာယ်မရှိတဲ့ အရာတွေကို လုပ်ဖို့အတွက် တော်တော်လေး အချိန်ပေးခဲ့တယ်။ သခင်လေးဝမ်ကိုပဲ ဥပမာ ထားလိုက်ပါတော့။ မင်းက သူနဲ့ ထောင်ချောက်တွေ ယှဉ်ပြိုင်မယ်လို့ စိန်ခေါ်ခဲ့တယ်။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင်တော့ အစ်ကိုချိုးနဲ့ လက် (၈)ချောင်း နဂါးပျံတို့ကို သတ်ပစ်ချင်နေတဲ့ မင်းရဲ့အစစ်အမှန်ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့အတွက် သူတို့နဲ့ အာရုံလွှဲချင်နေတာပဲ။ ပြီးရင်တော့ မင်းက တုန်းရန်တံဆိပ် အပိုင်းအစ နှစ်ခုကို ခိုးယူလို့ ရသွားပြီ။ နောက်ဆုံးမှာတော့ အတွင်းစံအိမ်ထဲမှာရှိတဲ့ ရတနာတွေကို ရနိုင်ပြီလေ.."

တဖြည်းဖြည်းနှင့် ကျန်းဟန်ချွန်၏ အပြုံးက ရပ်တန့်သွား၏။

"မင်း နားလည်သွားတာက တော်တော်လေး နောက်ကျနေတာ နှမြောဖို့ကောင်းတယ်။ အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာက အစစ်အမှန်ရည်ရွယ်ချက်ကို ဘယ်လောက်ဖုံးကွယ်ထားနိုင်မလဲ ဆိုတဲ့အပေါ် မူတည်နေတယ်။ ကျန်တဲ့လူတွေအားလုံးကတော့ ထောင်ချောက်ထဲမှာ ရောက်နေရတာပဲ…"

ထိုအရာက သောကကြယ် နားလည်ထားသော ထောင်ချောက်များ ၊ လှည့်စားမှုများ ဖြစ်သည်။

မုန့်ချီက သူ့ကို အလေးထား၍ ပြောလိုက်၏။

"ပြီးတော့ မင်းက ငါ့ကို သတ်ချင်နေတယ်။ ဒါမှမဟုတ် အသုံးချချင်နေတယ်။ မင်းရဲ့ အစီအစဉ် ပထမပိုင်းမှာတော့ မင်းက ငါ့ကို သခင်လေးဝမ်နဲ့ နီးစပ်‌စေချင်ခဲ့ပြီး သူ့ရဲ့ အာရုံစိုက်မှုကို ရအောင် လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ ကျောင်းဆောင်သခင်ရမ်က အစစ်အမှန် သောကကြယ်ဖြစ်ပြီး မင်းရဲ့သူဌေးပုံစံမျိုး လမ်းလွှဲခဲ့တယ်…”

“လျှပ်စီးဓားရှောင်ကျန်းဟိုင်က ဒီအစီအစဉ်တစ်ခုလုံး နားလည်ဖို့အတွက် ငါ့ကို ကူညီပေးခဲ့တာပဲ။ မင်းက မင်းရဲ့လူတွေကို လွှတ်ပြီး လူ (၃)ယောက်ကို အလွယ်တကူ သတ်နိုင်မှတော့ ဘာလို့ သူ့ကို မင်းရဲ့လက်အောက်ခံ သူလျှိုတစ်ယောက်အဖြစ် ဆက်ချန်ထားရသေးတာလဲ။ မင်းက တကယ့်ကို သောကကြယ်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်။ မင်းက အချင်းချင်း ဖုံးကွယ်ပေးထားနိုင်တဲ့ အရာပေါင်းများစွာကို သုံးပြီး ထောင်ချောက်တစ်ခု စီစဉ်နိုင်ခဲ့တယ်…”

“ငါက ကျောင်းဆောင်သခင်ရမ်ကို သံသယဝင်အောင် မင်း လုပ်နိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ မင်းက ငါ့ကို အာရုံလွှဲပြီး သခင်လေးဝမ်ကို အတွေးထောင်ချောက်တစ်ခု ပေးချင်နေလို့ပဲ။ မင်းက သေချာပေါက် သံသယ အဝင်ခံရနိုင်တဲ့အတွက် ငါတို့ရဲ့မျက်လုံးထဲမှာ အပြစ်မရှိဘူးဆိုတာ ပေါ်စေချင်တာ။ သေချာ လေးလေးနက်နက် စဉ်းစားကြည့်လိုက်မယ်ဆိုရင် ဒါက လက်အောက်ငယ်သားကို အသုံးချပြီး ကိုယ့်ရဲ့နာမည်ကို ရှင်းလင်းချင်တဲ့ နည်းလမ်းမျိုးပဲ။ ဒါက ပိုပြီးတော့ သံသယဝင်စရာကောင်းတယ် မဟုတ်လား "

မုန့်ချီကလည်း ထိုကစားပွဲထဲတွင် ပါဝင်လာကြောင်း လူထူးလူဆန်း အဘိုးအို ရမ်ပင်ရှန့်က သိသွားခဲ့သည်မှာ အတော်လေး ကံကောင်းသွားသည်။ ထို့ကြောင့် သူက ချူချမ်းနင်နှင့် သိသည်ဟု တမင်ကတာ ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ မဟုတ်လျှင် သူက ကျန်းဟန်ချွန်တို့နှင့် အပေါင်းအဖော်များ ဖြစ်မည်ဟု မုန့်ချီက သတ်မှတ်မိပါလိမ့်မည်။

အကယ်၍ အထက်ပါ အဖြစ်အပျက်များဖြစ်ခဲ့မည်ဆိုလျှင်ပင် မုန့်ချီက သူတို့၏ အစစ်အမှန် ပစ်မှတ်ကို အတည်ပြုနိုင်မည် မဟုတ်သလို ရှောင်ကျန်းဟိုင်ကိုလည်း စောင့်ကြည့်မိမည် မဟုတ်ချေ။

တစ်ဖက်တွင်လည်း ထိုကဲ့သို့ သုံးသပ်မှုများကြောင့် ချိုးဖေးက အလွန်အံ့‌ဩနေသလို ခံစားနေရ၏။ တခြားတစ်ဖက်တွင်လည်း သူက သိုင်းလောကခရီးလမ်းတွင် သောကကြယ်နှင့် အသက်ထိန်းသိမ်းသူတို့ကို မတွေ့ခဲ့ရသည်မှာ ကံကောင်းသွားသည်ဟု ခံစားမိခဲ့၏။ မဟုတ်လျှင် ရန်သူကိုပင်မသိလိုက်ဘဲ သေဆုံးသွားရပါလိမ့်မည်။

ကျန်းဟန်ချွန်က ပင့်သက်ရှိုက်လိုက်သည်။

"မင်းက ငါထင်ထားတာထက် ပိုပြီးတော့ ဉာဏ်ကောင်းနေတာပဲ…”

“အခုတော့ ဖြေရှင်းစရာ လျှို့ဝှက်ချက်တစ်ခုပဲ ကျန်တော့တယ်။ ငါတို့က ရက်ပေါင်းများစွာကြာ အတူတူ‌လှုပ်ရှားခဲ့တာဆိုတော့ မင်းက ရက်စက်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးလို့ ငါ ယုံတယ်။ မင်းက ဘာလို့ ကျန်းတပိုကို သတ်ပစ်ရတာလဲ…"

မုန့်ချီက သက်ပြင်းချလိုက်မိသည်။

ကျန်းတပို သေသွားသည့်အချိန်တွင် သူ့ပုံစံက ကြောက်လန့်နေမှုထက် မယုံကြည်နိုင်သော အမူအရာမျိုး ဖြစ်နေခဲ့သည်။ မုန့်ချီ၏ မျက်လုံးထဲတွင်တော့ သူ၏ အစ်ကိုဝမ်းကွဲက သူ့ကို ဘာကြောင့် သတ်သနည်းဟု နားမလည်နိုင် ဖြစ်နေပုံရသည်။

နောက်ဆုံးတွင်တော့ ကျန်းဟန်ချွန်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု ၊ မကျေမနပ်ဖြစ်မှုနှင့် သနားမှုများ ပြည့်နှက်နေ၏။

"လောင်းကစားဝိုင်းမှာ အကြီးအကျယ် ရှုံးနိမ့်သွားတဲ့အတွက် သူက သူသိထားတဲ့ အရာတွေကို ရမ်ပင်ရှန့်ဆီမှာပြောပြီး ငါ့ကို သစ္စာဖောက်ခဲ့တယ်။ မူလအစီအစဉ်အရ ငါက တာ့ရှင်မှာရှိတဲ့ ငါ့ရဲ့အိမ်လေးထဲမှာပဲ အေးအေးဆေးဆေး ဆက်နေသင့်တာ။ ပြီးတော့ သခင်လေးဝမ်နဲ့ စိန်ခေါ်ဖို့ စဉ်းစားချင်ခဲ့တာ။ ပြီးရင်တော့ ငါက နေ့စဉ်နေ့တိုင်း မြောင်လင်မှာရှိတဲ့ အခြေအနေတွေကို စစ်ဆေးပြီး မြောင်လင်မှာ ကြီးကြီးမားမား ပြဿာနာတွေ ဖြစ်စေချင်ခဲ့တာ။ ဒါဆိုရင် ငါတို့က လက်(၈)ချောင်း နဂါးပျံနဲ့ အစ်ကိုချိုးကို သတ်လိုက်မယ်ဆိုရင်တောင် အမှန်တရားကို ဖုံးကွယ်ထားနိုင်သေးတယ်..”

“အခွင့်အရေး နောက်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ငါက တာ့ရှင်မှာ ရှိနေမှတော့ တုန်းရန်စံအိမ်က အစစ်အမှန် ပစ်မှတ်ပဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူးလေ။ ဒါပေမဲ့ မီးတောက်သခင်က သူ သစ္စာဖောက်သွားတာကို တွေ့သွားခဲ့တယ်။ ပြီးတော့ မြောင်လင်ဆီ ပြန်လာဖို့ ငါ့ကို စာပို့ခဲ့တယ်…”

“ငါက ပေါ်သွားပြီဆိုမှတော့ ဒီပြဿာနာထဲမှ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါရတော့တာပေါ့။ ငါကိုယ်တိုင် တခြားလူတွေရဲ့အာရုံစိုက်မှုကို ရဖို့အတွက် မင်းနဲ့ ပူးပေါင်းခဲ့တယ်။ ပြီးတော့ အစ်ကိုချိုးရဲ့လုပ်ရပ်တွေကနေတဆင့် လက်(၈)ချောင်း နဂါးပျံရဲ့ တည်နေရာကို စုံစမ်းခဲ့တယ်…"

မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်သည်။

"အဲဒါပဲလား … "

သူက မျက်နှာပျက်သွားခဲ့၏။

"ရုတ်တရက်ပေါ်လာတဲ့ အတွေးတစ်ခုကြောင့် မင်းက သောကကြယ်ဆိုတာကို ငါက တွေးမိသွားတာ။ အဲဒီနောက်မှာတော့ မင်းကိုယ်တိုင်က တခြားသူတွေကို လှည့်စားတဲ့ အတွေးမျိုး တွေးနေတယ်ဆိုတာ ငါ နားလည်သွားခဲ့တယ်။ ဒါက မင်းရဲ့ လှည့်ကွက်ပဲ မဟုတ်လား။ ဒါပေမဲ့ မင်းရဲ့အစီအစဉ်က ပြည့်စုံမှု မရှိဘူး။ မျက်နှာပြင်တစ်ဖက်ကိုပဲ ဖုံးကွယ်ထားဖို့ လုံလောက်တယ်။ မင်းရဲ့လုပ်ဆောင်မှုတွေက လူတစ်ယောက် တွေးနိုင်တာထက် ကျော်နေပါတယ်။ မဟုတ်ရင် မင်းရဲ့ရည်ရွယ်ချက်ကို ဘယ်လိုလုပ်ပြီး ဖုံးကွယ်ထားနိုင်မှာလဲ..”

“မင်းကသာ နောက်ထပ် အခွင့်အရေးတစ်ခု ရသွားမယ်ဆိုရင် သခင်လေးဝမ်က မင်းနဲ့ပတ်သက်ပြီး သေချာပေါက် သံသယဝင်နေမှာပဲလေ။ အခွင့်အရေး (၃)ခုကို မတူညီတဲ့ နေရာတွေမှာ သိမ်းထားတာမျိုးမှ မဟုတ်ဘူးဆိုရင် မင်းက အတွင်းစံအိမ်ကို တိတ်တဆိတ်ဖွင့်ပြီး ရတနာတွေကို ယူသွားနိုင်မှာ မဟုတ်ဘူးလေ.."

မုန့်ချီက သူ့ကို အပြုံးနှင့်ပြောလိုက်သည်။

"ပြီးတော့ အခုလို တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိတဲ့ အမူအရာကြောင့် ငါ့ရဲ့ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့တယ်…"

ချိုးဖေးက ထိုစကားကို ရုတ်တရက် နားလည်သွားပြီး မုန့်ချီကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။

"မင်းပြောချင်တာက … "

"ဟုတ်တယ် … အဘိုးကြီးကျုံးက သူ့ရဲ့ မဟာမိတ်ပဲ.."

မုန့်ချီက ကျန်းဟန်ချွန်ကို စိုက်ကြည့်လိုက်သည်။

ကျန်းဟန်ချွန်က လက်ခုပ်တီးပြီး အပြုံးနှင့် ပြောလိုက်၏။

"မင်းက တော်ပါတယ်။ တကယ့်ကို တော်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ပတ်သက်မှုက မှားနေတယ်။ ငါတို့က တစ်ဖွဲ့တည်းသားတွေ …။ မဟာမိတ်တွေ မဟုတ်ဘူး.."

Translated by Hein Htet

All Chapters