← Chapters

အခန်း (၃၁၁)

Vol. 21 Ch. 311

အခန်း (၃၁၁)

Vol. 21 Ch. 311

ရွမ်မိသားစုမှ ရောက်လာသူအသစ်ကတော့ တကျူးကျောင်းဆောင်သို့ ရွမ်ယုရှုနှင့်အတူ ပါလာခဲ့သော မိသားစုအကြီးအကဲ ရွမ်ယောင်ကွမ်းဖြစ်သည်။ သူမ ငယ်ရွယ်စဉ် မြစ်အရှေ့ပိုင်း၌ သူမ၏ အလှတရားများကြောင့် နာမည်ကျော်ကြားသည်။

သူမက အိမ်ထောင်ရေးတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားရသည့်အတွက် ကျန်ရှိနေသော ဘဝတလျှောက်လုံး ထပ်မံလက်ထပ်ခဲ့ခြင်း မရှိချေ။ ထိုအချိန်ကတည်းကစပြီး သူမက ရုပ်ရည်အပေါ် အနည်းငယ်သာ အလေးထားတော့သည်။ သူမက ရွမ်ယုရှု၏ အဘွား‌လေးတစ်ယောက်လည်းဖြစ်သည်။

သူမ၏ နောက်တွင် ရပ်နေသည်မှာ အဝါရောင်ဝတ်စုံဝတ်ထားသော ကျန်းကျိဝေနှင့် အဖြူရောင်ဝတ်စုံဝတ်ထားသော ရွမ်ယုရှုတို့ ဖြစ်ကြသည်။ ကျန်းကျိဝေက လက်ထဲတွင် ဓားကို ကိုင်ထားပြီး အလွန်လှပနေသည်။

တစ်ဖက်တွင် ရှိသော ရွမ်ယုရှုကတော့ အေးစက်သော မိန်းမလှလေးတစ်ယောက် ပုံစံဖြစ်နေပြီး သူမကတော့ ‌ဗျပ်စောင်းတစ်ခုကို ပိုက်ထား၏။ မိုးဖွဲဖွဲလေး ရွာနေစဉ် သူတို့က လျှောက်လာနေသည်။ သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ လူသားကမ္ဘာပေါ်သို့ ကျရောက်လာသော နတ်သမီးနှစ်ပါးသဖွယ် ထင်မှတ်ရ၏။

"ကျိကျန်းဓားစံအိမ်က မိန်းကလေးကျန်းလည်း ရောက်လာတာပဲ … "

ထိုမိန်းကလေးနှစ်ယောက်က အချင်းချင်း ရင်းနှီးနေသည်ကို မြင်လိုက်ရသည့်အခါ ဝမ်စစ်ယွမ်က နားလည်သွားခဲ့သည်။

"ညီမလေးယုရှုက ဘာလို့ ဒီလိုအချိန်မျိုးမှာ တကျူးကျောင်းဆောင်ကို ရောက်လာတာလဲဆိုပြီး ငါက အံ့ဩနေခဲ့တာ။ ကြည့်ရတာတော့ ကိစ္စတွေက နည်းနည်းပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာပြီ…"

သူက နောက်ဆုံးစကားများကို ပြောသည့်အချိန်တွင် မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။ သူ၏ဖြူဖပ်ဖြူရော် မျက်နှာအမူအရာက သာမန်မဟုတ်တော့ဘဲ အနည်းငယ် ရူးသွပ်နေသလို ထင်မှတ်ရ၏။ သို့သော် သူ၏မျက်လုံးများကတော့ ထူးထူးခြားခြားကို တောက်ပနေသည်။

တစ်ဖက်တွင်တော့ ကျန်းဟန်ချွန်၏ အမူအရာက တဖြည်းဖြည်း ထူးဆန်းလာခဲ့၏။ သူက မယုံကြည်နိုင်သလို ခံစားနေရသည်။ ပုံမှန်အားဖြင့် သောကကြယ်ဖြစ်သော သူက မထင်မှတ်ထားသော အခြေအနေများ ၊ စိတ်ဓာတ်ကျဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်ရသည့်အချိန်မျိုးတွင်ပင် အမြဲလိုလို တည်ငြိမ်နေတတ်သည်။

ထို့နောက် သူက ထွက်ပြေးရန် အခွင့်အရေးအတွက် သူ၏ ဉာဏ်ပညာကို အသုံးချနိုင်ပါလိမ့်မည်။ ထို့ကြောင့် သူ့အတွက် နောက်ဆုံးအခြေအနေသို့ ရောက်နေလျှင်ပင် သူ့လို အကျင့်စရိုက် သူ၏စိတ်အခြေအနေများ ပေါ်မလာသင့်ပေ။

"ဒါက ဘယ်လိုဖြစ်ရတာလဲ… ဒါက ဘယ်လိုဖြစ်ရတာလဲ … "

သူကတော့ အိပ်မက်ဆိုးထဲတွင် တစ်ယောက်တည်း ပိတ်မိနေသလို ရေရွတ်နေမိသည်။

မုန့်ချီကတော့ သူ၏ သံသယများကို ရှင်းလင်းရန် အပြုံးနှင့် ပြောလိုက်၏။

"ကျိဝေကလည်း ဒီကိုရောက်နေတဲ့အတွက် ငါက ရှောင်ကျန်းဟိုင်ရဲ့နောက်ကိုလိုက်ဖို့ သူ့ကို အကူအညီတောင်းခဲ့တယ်။ ငါကတော့ မင်းကို အာရုံလွှဲဖို့အတွက် ကျားကွက်ခုံပေါ်မှာ မြင်ရတဲ့ ကျားစေ့လေးတစ်ခုအဖြစ် ဟန်ဆောင်နေခဲ့တယ်။ ဒါပေမဲ့ သူကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှောင်ကျန်းဟိုင်နဲ့ မြွေဘုရင်တို့ တိတ်တဆိတ် တွေ့ဆုံတာကို တွေ့သွားခဲ့တယ်။ အဲဒီနောက် ငါက မိန်းကလေးရွမ်နဲ့ စီနီယာရွမ်တို့ကို ဖိတ်ခေါ်ပြီး မင်းတို့ အားလုံးကို ဖမ်းဖို့ အခွင့်အရေး စောင့်နေခဲ့တာ…။ ငါ့ရဲ့အစီအစဉ်က တကယ့်ကို အကျိုးသက်ရောက်မှု ရှိသွားတယ်ထင်တယ်…"

ထိုအရာက သူ၏အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူကိုယ်တိုင်က ထိုအရာကို မျှော်လင့်မထားခဲ့ပေ။

"မဖြစ်နိုင်ဘူး …လုံးဝမဖြစ်နိုင်ဘူး …"

ကျန်းဟန်ချွန်ကတော့ ဖြစ်ပျက်နေသည့် အရာများကို မယုံကြည်နိုင်သေးပေ။

ရွမ်ယောင်ကွမ်းက သူမ၏ နဂါးခေါင်းတုတ်ကို လက်ထဲတွင် ပိုက်ထားရင်း မေးလိုက်၏။

"အပြင်ဘက်မှာရှိတဲ့ အရာအားလုံး အဆင်ပြေတယ်ဆိုတဲ့ အမှတ်အသားကို ပြောချင်တာလား … "

"ဟုတ်တယ် …သူတို့တွေက စံအိမ်ထဲကို ဝင်လာခါနီးအချိန်ထိ စောင့်ပြီးမှ ငါက သူတို့ကို သတ်ပစ်လိုက်တာ…"

ထို့ကြောင့် ကျန်းဟန်ချွန်က လျှို့ဝှက်အမှတ်အသားကို အပြင်ဘက်တွင် ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

ကျန်းကျိဝေက လမ်းကြားလေး၏ ဝင်ပေါက်တွင် သူမ၏ ခြေရာလက်ရာများ ချန်ထားခဲ့သည်မှာ ကံကောင်းသွား၏။ ထို့ကြောင့် အရာအားလုံး ကောင်းမွန်နေသည်ဟု တွေးခဲ့မိသည်။

မုန့်ချီကတော့ ကံကောင်းသွားသလို ခံစားလိုက်ရ၏။ အကယ်၍ သူ၏ အစီအစဉ်အပေါ် ယုံကြည်ချက်သာ မရှိလျှင် သူက ကျန်းဟန်ချွန်နှင့်အတူ စံအိမ်ထဲသို့ ဝင်လာရဲလိမ့်မည် မဟုတ်ချေ။

ကျန်းဟန်ချွန်က နောက်တစ်ကြိမ် မှင်တက်သွားသော်လည်း သူမ မျက်မှောင်ကြုတ်နေမိသည်။

သူက စဉ်းစားပြီး ပြောလိုက်၏။

"မဖြစ်နိုင်ဘူး … လုံးဝ မဖြစ်နိုင်ဘူး … "

ရွမ်ယောင်ကွမ်းက ဒေါသတကြီး ပြောလိုက်၏။

"မကောင်းဆိုးဝါးက တကယ်ပဲ အစွမ်းထက်တယ်။ ဒါပေမဲ့ သူက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးလေ…"

သူမက အဘိုးကြီးကျုံးကို အနိုင်ရသွားသည့်အတွက် ကျန်းဟန်ချွန်က မယုံကြည်နိုင်သလို ဖြစ်နေသည်ဟု သူမက တွေးခဲ့မိ၏။ ကောင်းကင် (၃)သွယ် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူမက ဝမ်ပုချီထက်ပင် ပို၍ အစွမ်းထက်သည်။ အကယ်၍ အဘိုးကြီးကျုံးက ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်ပြီး အဖိုးတန်လက်နက်တစ်ခု ပိုင်ဆိုင်ထားမည်ဆိုလျှင်ပင် သူ သေချာပေါက် ရှုံးနိမ့်ရပါလိမ့်မည်။

ထိုအရာကလည်း အကြောင်းပြချက် နှစ်ခု ရှိသည်။ တစ်ခုကတော့ သူက အဖိုးတန်လက်နက်ကို ပြီးပြည့်စုံစွာ အသုံးချနိုင်ခြင်း မရှိချေ။ ဒုတိယတစ်ခုကတော့ သူက သူ့ထက် အဆပေါင်းများစွာ အဆင့်မြင့်သော ရန်သူကို တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

ဝမ်စစ်ယွမ်ကတော့ ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး စိတ်လှုပ်ရှားရာမှ သတိပြန်ဝင်လာခဲ့၏။

"စီနီယာယွမ် …

သူ မယုံကြည်နိုင်ဘူးပြောတာ အဲဒီအရာ မဟုတ်ပါဘူး။ ဒါက စမ်းသပ်မှု တစ်ခုဆိုမှတော့ စစ်ဆေးသူတစ်ယောက် မရှိဘဲ ဖြစ်နိုင်ပါ့မလား…"

ရွမ်ယောင်ကွမ်းက မှင်တက်သွားခဲ့သည်။

"ဒါဆိုရင် အဘိုးကြီးကျုံးဘက်မှာ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ရှိနေသေးတယ်လို့ ပြောချင်တာလား။ အဲဒီလို အခြေအနေမျိုးဆိုရင်တော့ ငါက သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး…"

"ဟုတ်တယ် … "

ပြန်ဖြေလိုက်သည့်သူက မုန့်ချီဖြစ်သည်။

သူက ဝမ်စစ်ယွမ်ကို ကြည့်ပြီးပြောလိုက်၏။

"အဆန်းကြယ်ဆုံး အဖွဲ့အစည်းတစ်ခုဆိုရင်တောင် သူတို့က စမ်းသပ်မှုတစ်ခုအတွက် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ကို သုံးမှာမဟုတ်ဘူး။ အဲဒါက ဆုံးရှုံးမှုကြီးတစ်ခုလို့ မတွေးမိဘူးလား…"

သူက ရပ်လိုက်ပြီး ကျန်းဟန်ချွန်ကို လှည့်ကြည့်လိုက်သည်။

"မင်းက သခင်လေးဝမ်ကို ထောင်ချောက်ဆင်ဖို့အတွက် ကြိုးစားခဲ့ပြီး သခင်ကြီးလော်ကို ပစ်မှတ်ထားခဲ့တယ်။ မင်းရဲ့တာဝန်ပြီးဆုံးဖို့က မင်းရဲ့ပစ်မှတ်ပဲ။ ဒါပေမဲ့ မင်းက မင်းရဲ့စစ်ဆေးသူကိုလည်း သက်သေပြချင်သေးတယ် မဟုတ်လား။ ဒါပေမဲ့ စီနီယာရွမ်က အဘိုးကြီးကျုံးကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ စစ်ဆေးသူက ဘာကြောင့် မလှုပ်ရှားခဲ့တာလဲဆိုတာကိုတော့ မင်းက နားမလည်နိုင်ဘူး…"

ကျန်းဟန်ချွန်က ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး ပုံမှန်ပြန်ဖြစ်သွားသည်။ သူက မုန့်ချီနှင့် ဝမ်စစ်ယွမ်တို့ကို ကြည့်ပြီး သူတို့ကို နားလည်အောင် ကြိုးစားနေပုံရ၏။

"မင်းပြောတာမှန်တယ်။ ဆူးချုံမည်းကြယ်က ဘာလို့ စီနီယာရွမ်ကို တားဆီးဖို့ မကြိုးစားခဲ့တာလဲဆိုတာ ငါ နားမလည်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စမ်းသပ်မှုကျရှုံးတာက အစွမ်းထက်တဲ့ အဖွဲ့သားတစ်ယောက်ကို ဆုံးရှုံးရတာထက် ပိုပြီးတော့ ကောင်းသေးတယ်လေ… "

သူက မီးတောက်သခင်ကို ကယ်တင်ရန် အလွန်နောက်ကျခဲ့သည်။ ထိုကဲ့သို့ ရလဒ်မျိုး ရလာမည်ဟု မည်သူကရော တွက်ချက်ထားမည်နည်း။ ထို့ပြင် သူလည်း ထိုနေရာ၌ ရှိနေခဲ့သည်။ ဆူးချုံမည်းကြယ်က မီးတောက်သခင်ကို မကယ်ခဲ့ပေ။

အကယ်၍ မီးတောက်သခင်ကသာ အန္တရာယ်ရှိနေပြီဆိုလျှင် သူက စုမုန့်ကို ကူညီချင်ယောင်ဆောင်ပြီး မီးတောက်သခင်ကို ထွက်ပြေးရန် အခွင့်အရေး တစ်ခု ဖန်တီးပေး၍ ရသည်။ သို့သော် စုမုန့်က မီးတောင်သခင်ကို ထိုမျှ လျင်မြန်စွာ သတ်ပစ်လိုက်မည်ဟု မည်သူကရော သိနေမည်နည်း။

မုန့်ချီကတော့ မြေခွေးအိုကြီး သွမ့်ရှန်ဖေးကဲ့သို့ ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"ဟုတ်တာပေါ့ … သူ့ကို အကြီးအကဲက ပစ်ပယ်သွားတာလေ … "

ဝမ်စစ်ယွမ်က အနည်းငယ် မှင်တက်သွားခဲ့၏။

"မင်းက သိနေတာလား … "

မုန့်ချီတစ်ယောက်တည်းကသာ သိနေခြင်းမဟုတ်ပေ။ ကျိဝေနှင့်ယုရှုတို့လည်း သိနေခဲ့၏။ မဟုတ်လျှင် သူတို့က အဘိုးကြီးကျုံးကို တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

သူက အပြုံးနှင့် ပြောလိုက်၏။

"ဟုတ်တာပေါ့ …။ ဒါတွေ အားလုံးက ငါတို့ကို မင်းကိုယ်တိုင် သတိပေးခဲ့တဲ့ ကျေးဇူးပဲလေ…"

"မင်းက အဲဒါကို သတိထားမိခဲ့တာလား … "

ဝမ်စစ်ယွမ်၏ မျက်နှာအမူအရာက ပို၍ပင် ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူက ထူးထူးခြားခြားကို စိတ်လှုပ်ရှားနေခဲ့သည်။ မုန့်ချီကတော့ မည်သည့်အရာမျှ မလုပ်ခဲ့သော်လည်း အရာအားလုံးကို ခန့်မှန်းနိုင်ခဲ့သည်။

သူက စိတ်ထဲတွင် ရယ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်၏။

"မြေခွေးဘုရင်က ဘယ်မှာလဲ … "

"သူက သူရှိရမည့် နေရာမှာ ရောက်သွားပြီ … "

ဝမ်စစ်ယွမ်၏ အမူအရာက ပို၍ပင် ရူးသွပ်လာသလို ထင်မှတ်ရ၏။ သူ၏ လေသံကလည်း တဖြည်းဖြည်း အေးစက်လာသည်။

"အရင်တုန်းကတော့ သခင်လေးဝမ်က လိမ်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူးလို့ ငါက တွေးထားခဲ့တာ ။ အမှန်တရားကို ပြောနေတာက မင်းရဲ့ရည်ရွယ်ချက်ကို ရဖို့ကူညီပေးနိုင်မယ်လို့ ထင်ထားတာ ။ ဒါကြောင့် မြေခွေးဘုရင်က မြောက်ပိုင်းလမ်းထဲမှာ ရှိတယ်လို့ မင်းပြောလိုက်တဲ့အချိန်မှာ သူက အဲဒီမှာပဲ သေချာပေါက် ရှိနေမယလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ငါတို့ သွားလိုက်တဲ့အချိန်မှာတော့ မြွေဘုရင်နဲ့ အဘိုးကြီးကျုံးကိုပဲ တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ငါတို့က တခြားအခြေအနေတစ်မျိုးနဲ့ စဉ်းစားမိသွားတယ်။ မြေခွေးဘုရင် မြောက်ပိုင်းလမ်းထဲမှာ ပုန်းအောင်းနေတာက တိုက်ဆိုင်မှုတစ်ခု ဖြစ်မသွားနိုင်ဘူးလား။ ဒါမှမဟုတ် အဲဒါကရော လှည့်ကွက်တစ်ခုပဲလား…”

“ဘယ်လိုပဲဖြစ်ဖြစ် မြောင်လင်က အရမ်းကို ကြီးမားတဲ့ နေရာကြီးတစ်ခုပဲလေ။ ဒီတော့ ပုန်းနေဖို့ နေရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ မြောက်ပိုင်းလမ်းကတော့ တော်တော်လေးကို ရှုပ်ထွေးနေပြီး ပုန်းဖို့အကောင်းဆုံး နေရာတစ်ခုပဲ။ ဒါကြောင့်လည်း အစ်ကိုကျန်းက သံသယ မဝင်ခဲ့တာ … "

မုန့်ချီကတော့ ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ထားရင်း တည်ငြိမ်စွာ ရှင်းပြနေသည်။

"အဲဒါက တိုက်ဆိုင်မှုဖြစ်ပြီး သခင်လေးဝမ်က မလိမ်ဘူးလို့ ယူဆလိုက်မယ်ဆိုရင် ငါက ကောက်ချက်တစ်ခုကို အလွယ်တကူ ချနိုင်တယ်လေ။ မြေခွေးဘုရင်ကို ပုန်းနေဖို့ အမိန့်ပေးလိုက်တာက မင်းကိုယ်တိုင်ပဲ။ ငါက အဲဒါကို နားလည်သွားတဲ့အချိန်မှာ သူက ဘာလို့ ရွှမ်တျန်းဂိုဏ်းရဲ့ ဆက်ခံသူကို အလစ်ချောင်းပြီး တိုက်ခိုက်ခဲ့သလဲဆိုတာ နားလည်သွားတယ်။ သူက မြစ်အရှေ့ပိုင်းကနေ အသက်ရှင်ရက် ထွက်သွားဖို့ စိုးရိမ်မနေဘူးလား။ သူက တခြားသူတွေကို ရူးရူးမိုက်မိုက် လုပ်ကြံတတ်ပေမဲ့ သူ ရန်မစသင့်တဲ့ လူမျိုးကို ရန်မစတတ်ဘူး။ ဒါက သူ့ရဲ့အကျင့်စရိုက်တစ်ခုပဲ။ အဲဒါက မြက်ခင်းပြင်ကနေ အလယ်ကုန်းမြေကြီးကို ရောက်လာတဲ့အတွက်ကြောင့်လည်း ပြောင်းလဲသွားမှာ မဟုတ်ဘူး…”

“ဒါကြောင့် ငါ့ရဲ့ခန့်မှန်းချက်အရဆိုရင် သူက မြောင်လင်ကို ရောက်လာတဲ့အချိန်မှာ မင်းက သူ့ကို တားဆီးလိုက်တယ်။ ပြီးတော့ သူနဲ့အပေးအယူ တစ်ခုလုပ်ခဲ့တယ်။ သူက ချင်ယုကို တိုက်ခိုက်ဖို့ ကူညီပေးရမယ်။ ပြီးတော့ လမ်းမှာအဆင်ပြေရင် ငါ့ကို သတ်‌ပေးရမယ်။ ဒါဆိုရင် သူ့ရဲ့သတ်ဖြတ်ရေးဝါသနာကိုလည်း ဖြည့်ဆည်းပေးသလို ဖြစ်သွားမယ်။ ဒါပေမဲ့ မင်းက ဘာလို့ ချင်ယုကို တိုက်ဖို့ သူ့ကို ခိုင်းလိုက်ရတာလဲ။ မင်းက သူ့ကို စမ်းသပ်နေတာလို့ပဲ ငါတွေးမိတယ်…"

ဝမ်စစ်ယွမ်က နောက်တစ်ကြိမ် ချောင်းဆိုးလိုက်မိသည်။ နီရဲနေသော သူ၏ လက်ကိုင်ပုဝါက နောက်တစ်ကြိမ် သွေးစွန်းသွားပြန်သည်။ အချိန်ခဏကြာမှသာ သူ၏ ချောင်းဆိုးခြင်းက ရပ်တန့်သွားပြန်၏။

"ငါက တစ်ခုခုကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့် သူ့ကို စမ်းသပ်ခဲ့တာ။ ရလဒ်ကြောင့် ငါက တုန်းရန်စံအိမ်အပေါ် ပိုပြီး ယုံကြည်ချက်ရှိလာတယ်။ ပြီးတော့ ဒီလိုရှားပါးတဲ့ အခွင့်အရေးကို အရယူပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းထဲမှာရှိတဲ့ အဖွဲ့သားတွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တယ်…”

“မင်းက ငါ့ရဲ့အစီအစဉ်တွေကို ဒီလောက်ထိ ဖော်ထုတ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါကတော့ ငါ ထင်ထားတာထက်တောင် ကျော်နေတယ်။ ငါက မင်းကို တကယ်ပဲ လျှော့တွက်လိုက်မိပြီ…"

သူက ပြောလိုက်သည်။ ဝမ်စစ်ယွမ်က မုန့်ချီကို ကြည့်နေသည့်အချိန်တွင် တည်ငြိမ်ပြီး တန်းတူညီသော ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။

မုန့်ချီကတော့ ထိုအကြည့်ကို တိတ်တဆိတ် လက်ခံလိုက်၏။ ထိုအရာက သူ၏ တွက်ချက်ခြင်း စွမ်းရည်နှင့် သက်ဆိုင်ခြင်း မရှိပေ။ ချင်ယုနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု လွဲမှားနေသောအရာကို စတင်စဉ်းစားပြီး နောက်ပိုင်းလှည့်ကွက်များကို နားလည်လာခဲ့ခြင်းဖြစ်၏။

ကျန်းဟန်ချွန်က တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

"ချင်ယုက သံသယရှိနေတဲ့အတွက် သူ့ကို စမ်းသပ်တာကို ဘာလို့ ငါက သတိမထားမိခဲ့ရတာလဲ … "

ထိုအရာကတော့ သူ မသိသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ထို့ကြောင့် သူက ထိုအရာကို မခန့်မှန်းမိခြင်းဖြစ်၏။ မုန့်ချီက သူ့ကို စိတ်ထဲတွင် တွေးလိုက်၏။

ကျန်းဟန်ချွန်၏ စကားသံ ပျောက်ကွယ်သွားသည့်အချိန်တွင် လေထဲ၌ အလွန်နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး မီးခိုးနှင့် တိမ်တိုက်များ ပျောက်ကွယ်သွားသည်။ ထိုအရာက စံအိမ်၏ ပတ်ဝန်းကျင်ကို ဖြတ်တောက်လိုက်ပြီး အမှောင်ထုကြီးနှင့် ဆက်သွယ်ပေးလိုက်၏။

အမှောင်ထဲတွင် ခရမ်းရောင် နန်းတွင်းဝတ်စုံဝတ်ဆင်ထားသော အရိပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ သွေးကြောမှတ်တိုင်းက တောက်ပနေပြီး နတ်ဘုရားတစ်ပါးအဖြစ် ပေါင်းစည်းထားသလို ထင်မှတ်ရ၏။

နတ်ဘုရားများက ညကောင်းကင်ကြီးပေါ်တွင် ပိုးမျှင်များ ရက်လုပ်နေသော ကြယ်များကဲ့သို့ ဖြစ်နေပြီး တလက်လက် တောက်ပနေခဲ့၏။ ကြယ်ပေါင်း(၃၆၅)လုံးက လှုပ်ရှားနေပြီး ကြယ်တာရာကောင်းကင်ကြီးတစ်ခု ဖြစ်ပေါ်လာ၍ စံအိမ်ကြီးတစ်ခုလုံးက လှုပ်ရှားနေခဲ့သည်။

"ဆူးချုံမည်းကြယ် … "

ကျန်းဟန်ချွန်က တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

ခရမ်းရောင်နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော ပညာရှင်က လက်သီးနှင့် ထိုးလိုက်သည့်အချိန်တွင် ကြယ်(၃၆၅)ပါးကလည်း တပြိုင်နက်တည်း လှုပ်ရှားလာကြသည်။ ကမ္ဘာမြေကြီးတစ်ခုလုံးက လှုပ်ရှားလာသလို ထင်မှတ်ရပြီး ကြယ်တာရာ ကောင်းကင်ကြီးကလည်း လှုပ်ရှားလာခဲ့သည်။ အလင်းရောင်များ ပို၍ပင် တောက်ပလာခဲ့၏။

ထိုအင်ပါယာနှင့် မျက်နှာချင်းဆိုင်တွင်တော့ အလွန်တောက်ပသော ဓားတစ်ချောင်းကို ကိုင်ထားသည့် ကလေးမျက်နှာ တာအိုသခင် တစ်ယောက်ရှိသည်။ သူ့ဓားဆီမှ စွမ်းအားများ တောက်ပလာသည့်အချိန်တွင် မုန့်ချီက အဖြူရောင်နှင့် အနက်ရောင်ကိုသာ မြင်လိုက်ရသည်။ ဤကမ္ဘာကြီးထဲတွင် ရှိနေသော အနီ ၊ အစိမ်း ၊ ခရမ်းရောင်နှင့် လိ‌မ္မော်ရောင်များက ပျောက်ကွယ်နေ၏။

သူ့စိတ်ကပင် ယခင်တုန်းကလို လျင်မြန်စွာ တွေးတောနိုင်ခြင်း မရှိတော့ပေ။ သူက အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိလိုက်ရဘဲ သူ၏အာရုံခံအင်္ဂါများက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

သူက အစောပိုင်းကဲ့သို့ တူညီသော မီးခိုးများ ၊ တိမ်တိုက်များကို မြင်လိုက်ရသော်လည်း လူသစ် နှစ်ယောက်ပေါ်လာသည့် လက္ခဏာကို မတွေ့ခဲ့ရပေ။

ကျန်းကျိဝေက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်၏။ အစောပိုင်း တိုက်ခိုက်ခဲ့သည့် အရာက (၂၃)ကွက် ဓားသိုင်းကွက်ကို လေ့ကျင့်ရာတွင် သူမအတွက် အဖိုးမဖြတ်နိုင်သော အကူအညီ တစ်ခု ပေးလိုက်သလို ခံစားလိုက်ရသည်။

မုန့်ချီကတော့ အဝေးမှနေ၍ တာအိုသခင်ကို မြင်လိုက်ရသည်။ သူကတော့ ရွှမ်တျန်းဂိုဏ်းမှ အမိုက်မှောင်တာအိုသခင်ဖြစ်ကြောင်း သိသွား၏။ သူကလည်း မြေပြင်မှတ်တမ်းတွင် ရှိနေသော တာအိုသခင်တစ်ယောက်ဖြစ်၏။

ချင်ယုက ကောင်းကင်ခုံရုံးမှ ပျောက်ဆုံးသွားသော နည်းလမ်းနှစ်ခုကို ရှာတွေ့သည်ဟု ပြောခဲ့သည့်အချိန်တွင် တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု မုန့်ချီက တွေးမိခဲ့သည်။ ထိုအရာက မီးတောက် (၉)သွယ် ကောင်းကင်ချုပ်နှောင်ခြင်းစွမ်းရည်နှင့် သောကကြယ်၏ ကိုယ်ပျောက်စွမ်းရည် ဖြစ်သည်။

သောကကြယ်နှင့် မီးတောက်သခင်တို့၏ ပျောက်ဆုံးနေသော နည်းလမ်းများကြောင့် သူက ဒဏ္ဍာရီများ အကြောင်းကို အလွယ်တကူ သတိထားမိခဲ့သည်။ ရွှမ်တျန်းဂိုဏ်းကလည်း ထိုသို့ မတွေးမိခြင်းပေလော။

ကျန်းကျိဝေက ရှောင်လင်ကျောင်းတော်၏ ဗုဒ္ဓခန်းမထဲ၌ ရှိနေခဲ့သည့်အချိန်တွင် ဂိုဏ်းအသီးသီးမှ အကြီးအကဲများ စုစည်းပြီး အင်မော်တယ်များ ၊ ဒဏ္ဍာရီများ၏ အကြောင်းကို ဆွေးနွေးခဲ့ကြောင်း ကိုယ်တိုင်မြင်ခဲ့ရသည်။ ထို့ပြင် ရွှမ်တျန်းဂိုဏ်းက ချင်ကျင်း၏ သေဆုံးမှုကြောင့် သူတို့အပေါ် အလွန်မုန်းတီးနေခဲ့သည်။

အမိုက်မှောင် တာအိုသခင်ကတော့ အလွန်ဒေါသကြီးသည်ဟု နာမည်ကျော်ကြား၏။ ထိုကဲ့သို့ အ‌ခြေအနေမျိုးတွင် သူတို့က သဲလွန်စတစ်ခုကို တွေ့ရသည်နှင့် ရေကုန်ရေခမ်း စုံစမ်းကြပါလိမ့်မည်။ သူတို့က ချင်ယု၏ အသက်ကို စတေးရန် စေလွှတ်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့်လည်း သူတို့က သံသရာမြေကွက်လပ်ထဲ၌ ရှိနေခဲ့သည့်အချိန်တွင် မုန့်ချီနှင့် ကျန်းကျိဝေတို့က ချင်ယုကို သံသယ ဝင်နေကြခြင်း ဖြစ်သည်။ ရွှမ်တျန်းဂိုဏ်းတွင် အစီအစဉ်တစ်ခုရှိနေမည်ဟု သူတို့က လက်ခံထားကြ၏။

သို့သော် အပေါ်ယံလျှို့ဝှက် ဆွေးနွေးရာတွင် သက်သေမရှိဘဲ ဒဏ္ဍာရီများ ၊ အင်မော်တယ်များကို လုံးဝ မသိနိုင်ပေ။ ထို့ကြောင့်လည်း အန္တရာယ်မရှိဆုံး ချင်ယုက အန္တရာယ်အရှိဆုံး လူတစ်ယောက်ဖြစ်ကြောင်း ကျန်းဟန်ချွန်က မတွေးမိခဲ့ခြင်းဖြစ်သည်။

မြေပြင်မှတ်တမ်းမှ ပညာရှင်များ၏ လှုပ်ရှားမှုကို ခန့်မှန်းလိုက်သည့်အချိန်တွင် သူတို့၏ တွက်ချက်မှုကလည်း မတိကျနိုင်တော့ပေ။ ချင်ယုက သူနှင့်လေ့ကျင့်သည့် အချိန်တွင်ဖြစ်စေ မြေခွေးဘုရင်၏ အလစ်ချောင်းတိုက်ခိုက်မှုကို ခံရသည့် အချိန်တွင်ဖြစ်စေ မုန့်ချီက သူ၏သရုပ်ဆောင်စွမ်းရည်ကို သတိထားမိခဲ့သည်။

ဘဝဟူသည်မှာ လူတိုင်း သရုပ်ဆောင်နေကြသော ပြဇာတ်တစ်ပုဒ်သာဖြစ်၏။ တာအိုသခင်ငယ်လေး တစ်ယောက်ကပင် ထိုမျှကောက်ကျစ်စဉ်းလဲသည်။

ထိုအချိန်တွင် မြစ်ရေများက မြင့်တက်လာပြီး ဒီရေလှိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက်ဆိုသလို အတွင်းစံအိမ်၏တံခါးဆီမှ အလွန်သိပ်သည်းသော အစိမ်းရောင် အလင်းတန်းများ တောက်ပလာခဲ့၏။

ကျန်းဟန်ချွန် ၊ ရွမ်ယောင်ကွမ်းနှင့် ချိုးဖေးတို့ဆီတွင် ရှိနေသော တုန်းရန်တံဆိပ် အပိုင်းအစ (၃)ခုကလည်း ထိန်းချုပ်၍ မရတော့ဘဲ အလင်းစက်များအဖြစ် ပြောင်းလဲပြီး တံခါးဆီသို့ ပျံသန်းသွားခဲ့လေသည်။

Translated by Hein Htet

All Chapters