သတင်းစကား
Vol. 012 Ch. 1168
ရီဖူရှင်းနှင့် ယောင်းချီတို့က နတ်သမီးကျွန်းတွင် စကားပြောနေကြသည်။ ထိုစဉ် အခြား ကျွန်းတစ်ခုတွင်လည်း သက်ဝင်လှုပ်ရှားနေ၏။
ထိုကျွန်းမှာ မင်းသား၅ဖြစ်သော ရှားလွင် ရှိနေသည့် ကျွန်းပင် ဖြစ်သည်။ ထိုအချိန်၌ တည်ခင်းဧည့်ခံပွဲသည် စတင်နေပြီဖြစ်ကာ လူတိုင်းက ထိုင်ကာ သူတို့၏ နှလုံးသားရေးရာ အကြောင်းများကို ပြောဆိုနေကြသည်။
နေရာအသီးသီးမှ အကျော်အမော်များလည်း ထိုကျွန်းသို့ ရောက်လာကြသည်။ ရွှမ်ယွင်နန်းတော်မှ လူများ၊ ကျူးထန်နန်းတော်၊ ထန်ကျိနန်းတော်၊ ချင်နန်းတော်၊ သူရာနန်းတော်နှင့် အခြားသော ပါရမီရှင်များ၊ တခြားနေရာများမှ တပည့်များလည်း ရောက်ရှိလာကြသည်။
မည်မျှပင် ထူးချွန်သူဖြစ်ပါစေ နောက်ဆုံး၌ အင်ပါယာရှားဘုံတွင် အင်ပါယာရှားကသာ အုပ်စိုးသည်။ ထိပ်တန်း အင်အားစုများသည် အင်ပါယာ၏ စီရင်မှုအောက်တွင်သာ ရှိ၏။ ထို့ကြောင့် မင်းသား ရောက်လာသည့်အခါ လိုက်နာရမည့် လောကဝတ်အရ လေးစားမှုကို ပြသရပေသည်။
ထပ်ပေါင်းပြောရလျှင် အိမ်ရှင်ဖြစ်သည့် ယောင်းထိုင်နန်းတော်ကလည်း သူတို့၏လူဖြစ်သည့် ရှန့်ထိုအဆင့်တန်ခိုးရှင် နတ်မိမယ်ယွင်ရှန်အား ကိုယ်စားလှယ်အနေဖြင့် စေလွှတ်ပေးရသည်။ သူမသည် ယောင်းထိုင်နန်းတော်တွင် မြင့်မားသော အဆင့်အတန်း ရှိ၏။ သူမ၏ အလှက ယောင်းချီကို မယှဉ်နိုင်သော်လည်း သူမသည်လည်း မူးမေ့စေနိုင်လောက်သည့် အလှပိုင်ရှင်လေးပင် ဖြစ်သည်။
သို့သော်လည်း လူအများက မြင်တွေ့လိုသည်မှာ ယောင်းချီသာ ဖြစ်၏။ နောက်ဆုံးတွင်တော့ ယောင်းထိုင်နန်းတော်မှ ထွက်လာသမျှ ကောလာဟလအားလုံးက ယောင်းချီ၏ အကြောင်းသာ ဖြစ်လေသည်။
“ကျုပ်က အပြင်ကို သိပ်မထွက်ဖြစ်တတ်ဘူး။ ဒီနေ့မှာတော့ ကျုပ်က အင်ပါယာရှားဘုံက ပါရမီရှင်တွေနဲ့ တွေ့ဆုံခဲ့ရတယ်။ ဘယ်လောက် ကောင်းလိုက်သလဲ။ ခွက်မြှောက်ကြတာပေါ့” မင်းသား၅ရှားလွင်က အပြုံးနှင့်အတူ သူ၏ အရက်ခွက်ကို မြှောက်သည်။ သူ၏ သိမ်မွေ့သော အမူအရာက ဆွဲဆောင်မှု ရှိလှသည်။
လူတိုင်းက ခွက်ကို မြှောက်လိုက်ပြီး အတူတကွ သောက်လိုက်ကြသည်။ ခွက်တွေကို ချလိုက်ပြီးနောက် တစ်စုံတစ်ယောက်က ရယ်မောကာ ပြောသည်… “အင်ပါယာရှားဘုံက နာမည်ကျော်အများစုက တခြားလူတွေ ပေးအပ်ထားတဲ့ ဘွဲ့နာမလေးကိုပဲ ပိုင်ဆိုင်ကြတာပါ။ ဒါကလည်း အရှင်မင်းသားနဲ့ မင်းသမီးလေးတို့ ဘယ်တုန်းကမှ ဒီကို အလည်အပတ် မလာရောက်ဖူးတာမို့ပါ။ မဟုတ်ရင် ကျွန်တော်တို့လိုမျိုး လူတွေအတွက် နေရာဘယ်ရှိပါ့မလဲ”
ထိုစကားများက မိမိကိုယ်ကို ပြစ်တင်နှိမ့်ချခြင်း ဖြစ်သော်လည်း မည်သူကမှ မသင့်လျော်ဟု မခံစားမိကြချေ။ တစ်ဖက်လူ၏ အဆင့်အတန်းမှာ မြင့်မားပေ၏။ ဤသို့ နှိမ့်ချမှုမျိုးက ယဉ်ကျေးမှုအရ လုပ်ဆောင်သင့်ပေသည်။ ဤသည်ကို အလေးအနက် မှတ်ယူရန် မလိုပေ။
“ဒီလိုလည်း မဟုတ်ပါဘူး” ရှားလွင်က ပြုံးကာ ခေါင်းကို ခါယမ်းသည် … “အင်ပါယာရှားဘုံက နာမည်ကျော်တွေ ဖြစ်တဲ့အလျောက် ခင်ဗျားတို့ဟာ ဂုဏ်ယူဖို့ ထိုက်တန်တဲ့သူတွေပါ။ လီဟန်ဓားနန်းတော်ရဲ့ တပည့် ဝမ်ချွန်းကို ရှုံးနိမ့်စေခဲ့တဲ့ ရီဖူရှင်းကို ဥပမာယူရရင် သူက ရှီအဆင့်အနေနဲ့ ရှန့်ထိုတစ်ယောက်ကို အနိုင်ယူခဲ့တယ်။ ကျုပ်ဆို ဘယ်တော့မှ အဲလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့တွေက ရှန့်ထိုအဆင့်ကို ရောက်ပြီးသားဖြစ်တော့ လောကကြီးကို လုံလောက်တဲ့ ပါရမီကို ပြသခဲ့ပြီးပြီပဲ။ ခင်ဗျားတို့ရဲ့ ကျော်ကြားမှုတွေက ကိုယ်ပိုင်ပါရမီနဲ့ ခွန်အားကနေ ဖြစ်လာတာပါ။ ဒါကို ဘဝင်မြင့်တယ်လို့တော့ သတ်မှတ်လို့ မရဘူးမလား”
“ဒီတစ်ခေါက် ဝမ်ချွန်း ရောက်မလာပေမဲ့ ရီဖူရှင်းကတော့ ရောက်နှင့်နေပြီလို့ ကြားတယ်။ ဒီပြိုင်ဘက်ကင်းလူသားကို ကျုပ် သိပ်တွေ့ချင်မိတာပဲ။ သူ ဘယ်တော့လာမလဲ မသိဘူး” အေးတိအေးစက် လူငယ်တစ်ယောက်က မေးသည်။ ထိုလူငယ်သည် ရှားလွင်နှင့် မနီးမဝေးတွင် ထိုင်နေပြီး သူ့မျက်လုံးသည် ရှည်လျားကျဉ်းမြောင်းကာ မိန်းမဆန်သော အသွင်ရှိသည်။ သူ့ခန္ဓာကိုယ်မှ ထက်မြက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သည်လူငယ်မှာ သူရာနန်းတော်မှ သခင်လေးချူရှီး ဖြစ်သည်။
ထိုသို့ပြောပြီးနောက် သူ၏ အာရုံက နတ်မိမယ်ယွင်ရှန်ဘက်သို့ ရောက်လာခဲ့ကာ မေးသည်… “နတ်မိမယ် ကျွန်တော်တို့ ဘာလို့ ယောင်းချီကို မတွေ့သေးတာလဲ”
နတ်မိမယ်ယွင်ရှန်က နူးညံ့စွာ ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်… “ညီမ ယောင်းချီက ဆရာရီဆီကို သွားပါတယ်။ သူတို့က အရင်ကတည်းက ရင်းနှီးတာမို့ ဆရာရီ ရောက်လာတယ်လို့ ကြားတာနဲ့ ညီမက တန်းပြီး သွားတွေ့တော့တာပဲ။ အရှင့်သား ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
နတ်မိမယ်ယွင်ရှန် ပြန်ဖြေသည်ကို ကြားလိုက်ရသောအခါ လူတိုင်းတွင် ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာသည်။
ယောင်းချီက ရီဖူရှင်းကို သွားတွေ့သည်လား။
ယောင်းထိုင် တည်ခင်းဧည့်ခံပွဲက ယောင်းချီအတွက် တာအိုလက်တွဲဖော် ရွေးချယ်မှုနဲ့ ပတ်သက်သည်ဟု အပြင်ဘက်တွင် ပျံ့နေသည့် ကောလာဟလတွေက ဆိုသည်။ အခု သူမက ရီဖူရှင်းဆီကို သွားလည်သည်ဆိုခြင်းက မည်သို့သော အဓိပ္ပာယ်နည်း။
ယောင်းချီ၏နှလုံးသားက နားခိုရမည့် နေရာ ရှာတွေ့ပြီးသားဟု ဆိုလိုသည်လား။
ထို့အပြင် အင်ပါယာရှားဘုံမှ နာမည်ကျော်များအားလုံး ဤနေရာသို့ စုရုံးရောက်ရှိနေသည်။ သို့ပေမဲ့ ယောင်းထိုင်နန်းတော်၏ သမီးတော်က ရီဖူရှင်း တစ်ယောက်တည်းကိုသာ သွားတွေ့လေသည်။ ထိုအဓိပ္ပာယ်က ရီဖူရှင်းကို အခြားလူများထက် အလေးပေးသည်ဟု ဆိုလိုခြင်းလော။
ထို့အပြင် ယနေ့တွင် အင်ပါယာရှားဘုံမှ တော်ဝင်မင်းသားလည်း တက်ရောက်ခဲ့သည်။
ရီဖူရှင်း၏ပါရမီက ပြိုင်ဘက်ကင်းသည် ဆိုလျှင်ပင် သူသည် အင်ပါယာရှားဘုံမှ ပြည်သူတစ်ယောက်သာ ဖြစ်သည်။
မည်သို့ပင် ဖြစ်စစေ ယောင်းချီနှင့် ရီဖူရှင်းတို့ နှစ်ယောက်လုံး ရောက်လာသင့်နေပြီ ဖြစ်၏။
“ကိစ္စမရှိဘူး” ရှားလွင်က အလေးမထားဟန်ဖြင့် ပြုံးလျက် ပြောသည်… “နတ်မိမယ်ယောင်းချီနဲ့ ရီဖူရှင်းက သူငယ်ချင်းဟောင်းတွေ ဆိုမှတော့ ဒီလိုပဲ ဖြစ်သင့်ပါတယ်။ ယောင်းထိုင်နန်းတော်က ယောင်းထိုင် တည်ခင်းဧည့်ခံပွဲကို ကျင်းပတဲ့ အိမ်ရှင်ဖြစ်ပြီး ကျုပ်ကတော့ ဧည့်သည် တစ်ယောက်ပါပဲ။ ဒါကြောင့် နတ်မိမယ်က ကျုပ်ကို ဒီလောက် အလေးမထားပါနဲ့”
“နားလည်ပေးလို့ အရှင့်သားကို ကျေးဇူးတင်ပါတယ်” နတ်မိမယ်ယွင်ရှန်က အပြုံးလေးဖြင့် ခေါင်းညိတ်သည်။
စားသောက်ပွဲမှာ ပျော်စရာ ကောင်းပေသည်။ လူတိုင်းက စိတ်လက်ပေါ့ပါးစွာဖြင့် ပုံမှန်အတိုင်း ပြောဆိုနေကြသည်။
တစ်ချိန်လုံးတွင် ထန်ကျိနန်းတော်မှ မိုဝမ်သည် ရှားလွင်ကို ကြည့်နေ၏။ သူ့မျက်လုံးက မည်သည့်လှုပ်ခတ်မှုမှ မရှိသော်လည်း စိတ်ထဲတွင်ကား ရှားလွင်က ယောင်းထိုင်နန်းတော်ကို လာရောက်သည့် အကြောင်းရင်းကို စဉ်းစား တွေးတောနေ၏။
သူ့တွင် တခြားလူများထက် ပို၍ သိနားလည်ထားသည့် အကြောင်းများ ရှိပေသည်။
အခြားလူများ သိထားသည်မှာ အနောက်ဘက်ဒေသ၏ အရှင်မနှင့် ဧကရီရှောင်တို့ အကြားတွင် အင်ပါယာရှားဘုံ၏ နံပါတ်တစ် အလှရှင်ဘွဲ့ကို ပြိုင်ဆိုင်မှုရှိသည်ကိုသာ သိကြပြီး တခြားသော လျှို့ဝှက်ချက်များအား မသိကြပေ။
အင်ပါယာရှား၊ အနောက်ဘက်ဒေသ၏ အရှင်မနှင့် ဧကရီရှောင် တို့သုံးဦးတွင် လူမသိသော ဇာတ်လမ်းတစ်ပုဒ် ရှိပေသည်။
ရှားလွင်နှင့် အချိန်တချို့ ဖြုန်းပြီးနောက် ရီဖူရှင်းနှင့် ယောင်းချီကို မစောင့်တော့ဘဲ လူတိုင်းက ကိုယ်စီ အသီးသီး ထွက်ခွာသွားကြသည်။ သို့သော်လည်း မင်းသား၅က အလေးမထားပေ။
ရှားလွင်ရှိနေသည့် နေရာမှ ထွက်ခွာလာသူများသည် အဝေးတစ်နေရာမှ လာသည့် သိမ်မွေ့ညင်သာ၍ ငြိမ်းချမ်းသော ကြိုးတပ်တူရိယာအသံကို ကြားလိုက်ကြရသည်။ ထိုဂီတသံစဉ်တွင် ဝိညာဉ်စွမ်းအားများ ပါဝင်နေပြီး သူ၏စွမ်းရည်က မြင့်မားကာ သံစဉ်အသွားမှာ ညက်ညောလှသည်။ ထို့ကြောင့် လူအများက သွားနေရာမှ ရပ်ကာ နားမထောင်ဘဲ မနေနိုင်အောင် ဖြစ်ကြရ၏။
“ဒီဂီတသံက ငြိမ်သက်ပြီး လှပတယ်။ ယောင်းထိုင်နန်းတော်ရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ပြီး အံဝင်ခွင်ကျဖြစ်နေတဲ့အပြင် လူတွေကိုလည်း ရသအမြင် ခံစားရစေတယ်။ ဘယ်သူကများ တီးခတ်နေတာပါလိမ့်” တစ်ယောက်က နတ်မိမယ်ယွင်ရှန်ကို မေးသည်။
“ယောင်းချီက ယောင်းထိုင်နန်းတော်ရဲ့ သမီးတော်အနေနဲ့ မြင့်မားတဲ့ အရည်အချင်း အများကြီး ရှိတယ်။ သူမက တူရိယာတီးခတ်တာအပြင် အကနဲ့အဆိုပိုင်းမှာလည်း တော်တော်လေး ကောင်းတယ်” နတ်မိမယ်ယွင်ရှန်က ပြန်ဖြေလိုက်သည်… “ဂီတအသံကနေ ဆုံးဖြတ်ရမယ်ဆိုရင် ဆရာရီရှိနေတဲ့ ကျွန်းကနေ ထွက်လာနေတာပဲ။ ညီမ ယောင်းချီက ဆရာရီနဲ့ ဂီတအနုပညာကို ဆွေးနွေးနေတာ ထင်တယ်”
ရီဖူရှင်း၏ ကု့ချင်းတီးခတ်ခြင်း ပါရမီက အတော်လေး ကျော်ကြားလေသည်။ ရှောင်အဘိုးအို၏ မွေးနေ့ပွဲ၌ ရီဖူရှင်းသည် လီဟန်ဓားနန်းတော်မှ တန်ခိုးရှင်များကို ကု့ချင်းသံစဉ်တစ်ပုဒ်ဖြင့် မောင်းထုတ်ခဲ့၏။
ထို့ကြောင့် ယောင်းချီ လာတွေ့သည့်အခါ သူတို့နှစ်ယောက် ဂီတအကြောင်း ဆွေးနွေးသည် ဆိုခြင်းမှာ အကျိုးအကြောင်း ဆီလျော်ပေသည်။
သို့သော်လည်း သူတို့နှစ်ယောက်၏ရင်းနှီးမှုက လူအများကို စိတ်မသက်မသာ ဖြစ်စေသည်။
သူတို့အားလုံးက ဧည့်သည်တော်များ ဖြစ်ကြသော်လည်း ခွဲခြား ဆက်ဆံခံရလေသည်။
ယနေ့ ရောက်ရှိလာသည့် လူတို့မှာ ယောင်းချီနှင့် ပတ်သက်၍ အနည်းနှင့်အများ စိတ်ဝင်စားကြပေသည်။
ရှားအင်ပါယာဘုံ၏ လူငယ်မျိုးဆက် အမျိုးသမီးများထဲတွင် ရှားရှင်းယွန်သည် မည်သူမျှ စိတ်မကူးဝံ့သည့် သူမျိုး ဖြစ်၏။ ယောင်းချီသည် ရှားရှင်းယွန်အပြင် အလွန် ထူးချွန်ထက်မြက်သော မိန်းမပျိုဖြစ်ကာ ပြိုင်စံရှားအောင် ချောမော၏။ ထို့အပြင် ကောလာဟလများအရ ယောင်းထိုင်နန်းတော်သည် စုံတွဲကျင့်ကြံခြင်းအတွက် ကျင့်စဉ်များ ပိုင်ဆိုင်ပြီး အားလုံးက ထိုသို့ ကျင့်ကြံနိုင်ရန် စိတ်ကူးယဉ်ကြ၏။
သို့သော် ပြိုင်ပွဲကား မစတင်မီကပင် နောက်ကောက် ကျနေနှင့်ပြီး ဖြစ်၏။
ချူရှီး၏ မျက်ခုံးများက မြင့်တက်သွားသည်။ ယခင်က သူသည် ယောင်းချီကို ပိုးပန်းဖူးသော်လည်း ယောင်းချီသည်ကား မည်သည့်အခါကမှ သူနှင့် ရင်းနှီးစွာ မနေခဲ့ပေ။
ချူရှီးက ရှေ့သို့ လှမ်းလိုက်လျှင် ကျွန်း၏ အရှေ့မှ ရေကန်လေးအတွင်းရှိ ဖောင်ပေါ်သို့ ခြေကျသည်။ ယောင်းထိုင်နန်းတော် အတွင်းရှိ များပြားလှသော နတ်သမီးကျွန်းလေးများကို မရေတွက်နိုင်သည့် ရေကန်များဖြင့် ဆက်သွယ်ထားသည်။
ဂီတသံ ထွက်ပေါ်လာရာ ဘက်သို့ ရှေးရှုကာ ဖောင်သည် လေးညှို့မှ လွှတ်သည့် မြားသဖွယ် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွား၏။
ထိုမြင်ကွင်းကို လူအများက စိတ်ဝင်စားစွာ ကြည့်ကြ၏။ ထို့နောက် တခြားလူများကလည်း ဖောင်များပေါ်သို့ ခြေချလိုက်ကြကာ ရေကန်ကို ဖြတ်၍ ရှေ့သို့ ရွေ့လျား လိုက်ကြတော့သည်။
ရေကန်ထဲမှ လှိုင်းလေးများမှာ ဂီတသံ ထွက်ပေါ်လာရာသို့ စီးဆင်းနေသည်။ ထိုအချိန်တွင် ဖောင်ငယ်လေးများက သံစဉ်လာရာသို့ ရွေ့လျားသွားနေကြသည်။
ဖောင်တစ်ခု အပေါ်တွင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ ချောမောသည့် လူငယ်လေးတစ်ယောက်သည် တင်ပျဉ်ခွေထိုင်လိုက်လျှင် သူ့အရှေ့တွင် ကု့ချင်းတစ်လက် ပေါ်လာသည်။ သူက ကု့ချင်းအား စတင် တီးခတ်သည်။
ကု့ချင်းသံစဉ်က သိမ်မွေ့နူးညံ့ပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေကာ အခြားကျွန်းထံမှ ဂီတသံစဉ်နှင့် အချင်းချင်း ပဲ့တင်ထပ်နေသည်။ ထိုဂီတပညာရှင်များ၏ ဂီတစွမ်းရည်မှာ ထူးချွန်ကြောင်း ထင်ရှားလှပေသည်။
သူတို့နှစ်ယောက်သည် ကျယ်ဝန်းသော အကွာအဝေးတစ်ခုကို ဖြတ်သန်း၍ တီးခတ်နေခြင်း ဖြစ်သော်လည်း သံစဉ်နှစ်ခုသည် ပူးပေါင်း ဖျော်ဖြေနေသကဲ့သို့ ထင်မှတ်ရကာ သာယာ ကြည်နူးဖွယ်ကောင်းသည့် လိုက်လျောညီထွေဖြစ်မှုကို ဖန်တီးနေသည်။
“ပန်းပေါင်းစုံတောင်ကြား သခင်လေး ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်” တစ်ယောက်က ကု့ချင်းတီးနေသည့် လူငယ်ကို မြှောက်ပင့် ပြောဆိုသည်။ သူသည် အနောက်ဘက်ဒေသရှိ ပန်းပေါင်းစုံတောင်ကြားမှ နတ်မိမယ်များက မြေတောင် မြှောက်ပေးခဲ့သော ပြိုင်ဘက်ကင်း လူသားဖြစ်သည်။ သူ့ကို ပန်းပေါင်းစုံတောင်ကြား သခင်လေးဟု ခေါ်သည်။ သူသည် ချောမောခန့်ညားကာ ထူးချွန်ထက်မြက်သော ပါရမီရှိသည်။
ကျွန်းများအကြားမှ ရေကန်များ၏ မြင်ကွင်းမှာ ရှင်းလင်းပြီး အဆုံးအစကင်းမဲ့၏။ တစ်ခါတစ်ရံ ပန်းပွင့်များက ကြွေကျပြီး ရေကန်ပေါ်၌ မျောနေကာ မြင်ကွင်းကို ပိုပြီး ပနံသင့်စေသည်။ သစ်ရွက်ပုံဖောင်များက ဆက်လက်၍ မျောနေဆဲဖြစ်သော်လည်း ချူရှီးရဲ့ ဖောင်ကတော့ နတ်သမီးကျွန်းတစ်ခု၏ အပြင်ဘက်၌ ရပ်တန့်သွားသည်။ သူက ဖောင်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်လျက် ကျွန်းပေါ်သို့ ကြည့်နေသည်။
ကု့ချင်းသံစဉ်သည် ဤနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
နတ်သမီးကျွန်းပေါ်မှ တစ်စုံတစ်ယောက်သည် ထိုနေရာသို့ လှမ်းကြည့်လိုက်သည်တွင် တုတ်ချောင်းကဲ့သို့ တောင့်တင်းစွာ ရပ်နေသော ချူရှီးကို မြင်သွားခဲ့သည်။ သူကား ထိုနေရာတွင် ရုပ်တုအလား ငြိမ်သက်စွာ ရပ်နေလေသည်။
နတ်သမီးကျွန်းပေါ်တွင် ရီဖူရှင်းက ဂီတကို တိတ်ဆိတ်စွာ နားဆင်နေပြီး သူ့အရှေ့မှ မိန်းမလှလေးက တီးခတ်နေသည်။ ဤမြင်ကွင်းမှာ အမှန်တကယ် လှပသည့် ပန်းချီကားတစ်ချပ် ဖြစ်၏။ သူက ယောင်းချီသည် ဂီတတွင် သည်မျှ ထူးချွန်နေမည်ဟု မထင်ထားခဲ့ပေ။
မာနကြီးကြီး မင်းသမီးငယ်လေးနှင့် မည်သို့မည်ပုံ နှိုင်းယှဉ်ပါစေ၊ ယောင်းချီသည် ပို၍ မိန်းကလေးဆန်ကာ ဆွဲဆောင်မှု ရှိလေသည်။
ထိုအချိန်၌ ကျန်ကျောင်းက သူတို့ထံသို့ လမ်းလျှောက်လာသည်။ ရီဖူရှင်းသည် ထိုအခိုက်တွင် အပြင်လောကမှ အခြေအနေများကို သတိထားမိကာ သူ့အား လက်လှမ်းပြသည်။ ချူရှီးက ရန်လိုမှု အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထို့အပြင် ပန်းပေါင်းစုံတောင်ကြား သခင်လေးထံမှ ဂီတသံစဉ်ကိုလည်း သူကားနေရရာ သူကလည်း အခြေအနေကို မသိစရာ မကြောင်းမရှိပေ။
ယောင်းထိုင် တည်ခင်းဧည့်ခံပွဲသို့ လာသူများထဲတွင် လိုအင်ဆန္ဒရှိ၍ လာသူများရှိသလို သည်အတိုင်း အတွေ့အကြုံရရန်သာ လာသူများလည်း ရှိပေသည်။
တစ်စုံတစ်ခုကို လိုသူများအတွက်တော့ ထိုရလိုမှုအတွက် ပြိုင်ဆိုင်ခြင်း၊ ရန်လိုတိုက်ခိုက်ခြင်းများ ရှိမည်ဖြစ်သော်လည်း မည်သည့် ရည်ရွယ်ချက်မှ မရှိသူများအတွက်မူကား ပြဿနာများနှင့် ကင်းဝေးပေသည်။
ယောင်းချီသည် များပြားလှစွာသော ရန်လိုမှုများအား ဆွဲဆောင် နိုင်လေသည်။
အတန်ကြာလျှင် ဂီတသံစဉ်က ပြီးဆုံးသွားခဲ့သည်။ ယောင်းချီက ညင်သာစွာ ပြုံးလျက် မေးသည်…“ဘယ်လိုနေလဲ ဆရာရီ”
“တကယ့်ကို ကောင်းမွန်ပါတယ်” ရီဖူရှင်းက ချီးမွမ်းသည်။
ယောင်းချီက ပြုံးလျက် ပြောသည်… “ဆရာရီရဲ့ ချီးမွမ်းမှုက ယောင်းချီကို အချိန်အကြာကြီး စိတ်ချမ်းသာစေမှာပါပဲ”
“ကျုပ်က နတ်မိမယ်ဆီမှာ တခြား ရည်ရွယ်ချက်တစ်ခု ရှိမယ်ထင်တာ” ရီဖူရှင်းက ပြုံးရင်း ခေါင်းယမ်းသည်။
ယောင်းချီက ရီဖူရှင်း ဆိုလိုသည်ကို နားလည်သွားပြီး နှစ်လိုဖွယ် ကြည့်သည်… “ကိစ္စက ဒီလိုဖြစ်လာပြီဆိုမှတော့ ယောင်းချီက ဆရာရီကို ဒီည ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး”
သူမက ပြောပြီးသည်နှင့် ပေါ့ပါးစွာ လှုပ်ရှားလျက် ထိုနေရာမှ မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
ယောင်းချီ ထွက်သွားပြီးနောက် အပြင်ဘက်မှ သံစဉ်မှာလည်း ရပ်တန့်သွားသည်။ ချူရှီး၏ဖောင်ကလည်း အနောက်သို့ ပြန်၍ ရွေ့လျားသွားကာ မကြာခင်တွင် ပျောက်ကွယ် သွားတော့သည်။
သူတို့ ထွက်သွားပြီးနောက် လူတစ်ယောက် ကျွန်းပေါ်သို့ ရောက်လာပြီး တွေ့ခွင့်တောင်းသည်။ ထိုလူသည် မင်းသား၅ လွှတ်လိုက်သည့် လူ ဖြစ်သည်။
“ရှန့်ထိုရီကို ဂါရဝပြုပါတယ်” သတင်းပို့သူက ပြောပြီး ဦးညွှတ်သည်။
“အရှင်မင်းသားက အမိန့်ပေးစရာ တစ်ခုခုများ ရှိလို့လား” ရီဖူရှင်း မေးသည်။
“အရှင့်သားက ကိုယ်တိုင် လာရောက်တွေ့ဆုံဖို့ အစီအစဉ်ရှိပေမဲ့ ရှန့်ထိုရီရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက် မဖြစ်စေချင်တာနဲ့ ကျွန်တော့်ကို ကိုယ်စား သတင်းပို့စေ လိုက်ပါတယ်”
ရီဖူရှင်းက ပြောသည်… “အရှင့်သားက တစ်ခုခုများ အမှာရှိလိုက်တယ် ဆိုတော့ ကျုပ်ကို ပြောပါဦး”
“အရှင်မင်းသားက ရှန့်ထိုရီအနေနဲ့ နတ်မိမယ်ယောင်းချီကို စိတ်မကူးဖို့ အမှာပါးလိုက်ပါတယ်” သတင်းပို့သူက ပြောသည်။
***