← Chapters

အခန်း (၃၁၂)

Vol. 21 Ch. 312

အခန်း (၃၁၂)

Vol. 21 Ch. 312

သိပ်မကြာခင် တံခါးကြီးက ငြိမ်သက်သွားခဲ့ပြီး တုန်းရန်တံဆိပ် အပိုင်းအစလေး (၃)ခုကတော့ အစိမ်းရောင်မြူခိုးများထဲတွင် ရှိနေခဲ့သည်။ ထိုအရာက တိမ်တိုက်နှင့် မြူခိုးများကြားထဲတွင် ရှိနေသော ကျောက်စိမ်းပြားကဲ့သို့ ဖြစ်နေပြီး ထူးခြားသော အလှတရားများ ပေါင်းစပ်ထားသလို ထင်မှတ်ရ၏။

လူတိုင်းက မှင်တက်နေကြသည့် အချိန်တွင် အတွင်းစံအိမ်၏ တံခါးက တဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ အလွန်‌လေးလံသော အချိန်ယန္တရားကြီးကို သယ်ဆောင်ထားရသည့်အလား ထိုအရာက ဘဝကြီးကို ထိုးဖောက်သွားသလို ထင်မှတ်ရ၏။

ထိုအချိန်တွင် ကျန်းဟန်ချွန် ၊ ဝမ်ပုချီ ၊ ရွမ်ယောင်ကွမ်းနှင့် တခြားလူများအားလုံးက တံခါး၏နောက်ဘက်တွင် ရှိနေသော အတွင်းထဲကို စိုက်ကြည့်နေကြသည်။ မည်သူကမျှ အရင်ဆုံး ဝင်မသွားရဲခဲ့ပေ။ မြောင်လင်တွင် ဖြစ်ပျက်ခဲ့သော အရာများက အမှန်တကယ် ထိုက်တန်နေမည်လော။

အမှောင်ထဲတွင် မုန့်ချီ ပထမဆုံး မြင်လိုက်ရသည်မှာ သေဆုံးသွားသော ကင်းခြေများကြီးတစ်ကောင်နှင့် တူညီနေသည့် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်သည်။ ထိုအရာက လေထဲတွင် ဒဏ်ရာကြီးတစ်ခုကဲ့သို့ ဆက်၍ ကြီးမားလာနေခဲ့၏။

အက်ကွဲကြောင်းထဲမှနေ၍ အနက်ရောင်အငွေ့များ ထွက်ပေါ်လာနေသည်ကို မုန့်ချီက မြင်လိုက်ရသည်။ ထိုနေရာတွင် တောင်တန်းများ ၊ မြစ်များ၏ မထင်မရှားပုံရိပ်များ ပေါ်လာပြီး နေ ၊ လနှင်ကြယ်များလည်း ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် အလွန်ပြင်းထန်လွန်းလှသော မကောင်းဆိုးဝါးချီစွမ်းအင်များက လေထဲတွင် စတင် ပျံ့နှံ့လာခဲ့၏။

ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်သော ရွမ်ယောင်ကွမ်းကပင် ခဏကြာ တုန်လှုပ်သွားခဲ့သည်။

"ငရဲကြီး (၉)ထပ် … "

အလွန်တိတ်ဆိတ်နေသော အခြေအနေတွင် ဝမ်စစ်ယွမ်က ရေရွတ်လိုက်မိသည်။

"ငရဲကြီး (၉)ထပ် ဟုတ်လား … "

မုန့်ချီကလည်း ချက်ချင်းပင် နားလည်သွားခဲ့၏။ တစ်ချိန်တည်းတွင် အမှောင်ထဲမှနေ၍ ဧရာမလက်ဝါးကြီးတစ်ခု ပေါ်လာပြီး ထိုအက်ကွဲကြောင်းကြီးကို ဆွဲကိုင်လိုက်သည်။

ထိုလက်ဝါးကြီးက အနက်ရောင်ဖြစ်၏။ အလင်းရောင် လုံးဝမရှိသည့်အတွက် ထိုလက်ဝါးကြီးက မျက်စိရှေ့တွင် ရှိနေသော အရာအားလုံးကို ဝါးမြိုနိုင်သလို ထင်မှတ်ရသည်။ ထိုအရာကြီး ပေါ်လာသည်နှင့် လေဟာနယ်က လှုပ်ရှားလာပြီး ပြန့်ကျဲသွားသော အနက်ရောင်အငွေ့များကလည်း လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာသည်။

အနက်ရောင်အငွေ့များကပင် ပျံ့နှံ့လာပြီး အက်ကွဲကြောင်းကလည်း ဆက်၍ ကြီးမားလာခဲ့၏။ အမှောင်ထုကြီး ဝါးမြိုလာပြီးနောက် မုန့်ချီနှင့် တခြားလူများက လေဟာနယ်ထဲတွင် လှုပ်ရှားနေသော မြစ်ကြီးတစ်စင်းကို မြင်လိုက်ရသည်။

ထိုမြစ်ထဲတွင် နီရဲနေသော သွေးများ စီးဆင်းနေသည်။ ထိုမြစ်ကြီးက မည်သည့်နေရာမှ ရောက်လာပြီး မည်သည့်နေရာကိုသွားမည်ဖြစ်ကြောင်း တစ်ယောက်မျှ မသိကြပေ။ အနက်ရောင်နေမင်းကြီးကလည်း အက်ကွဲကြောင်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေပြီး လေဟာနယ်တစ်ခုလုံး ပျက်စီးသွားတော့မည့် အရိပ်အယောင်မျိုး ပေါ်လာခဲ့၏။

အမှောင်လက်ဝါးကြီး ပေါ်လာသည့်အချိန်တွင် မုန့်ချီနှင့် တခြားလူများက နေရာမှ ရေွှ့ပင် မရေွှ့နိုင်ကြတော့ပေ။ သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များက အလွန်ကြောက်စရာကောင်းသော ခြိမ်းခြောက်မှုတစ်ခုကြောင့် ကြောက်လန့်သွားသလို ဖြစ်သွားခဲ့သည်။ လေဟာနယ်ကြီးကလည်း ဆက်တိုက်ကျုံ့လာနေသော လှောင်အိမ်ကြီးတစ်ခု ဖြစ်လာခဲ့၏။

"တော်တော်ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးဝိညာဉ်ပဲ…"

အနက်ရောင်နေလုံးကြီးက အနားသို့ ကပ်လာသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း လေးလံလာကြောင်း မုန့်ချီက ခံစားမိခဲ့သည်။ အလွန်ပြင်းထန်သော ဖိအားကြောင့် သူ၏အရိုး ၊ ကြွက်သားနှင့် ကိုယ်တွင်းကလီစာများက ထွက်ကျလာတော့မလို ခံစားလိုက်ရပြီး အချိန်မရွေး ပျက်စီးသွားတော့မလို ထင်မှတ်လာရသည်။

ထိုအချိန်တွင် တုန်းရန်စံအိမ်ကြီးတစ်ခုလုံးကတော့ အမှောင်ထုကြီးထဲကို လုံးဝကျရောက်သွားခဲ့၏။ ထိုနေရာတွင် အလင်းရောင် လုံးဝမရှိတော့သလို ဖြစ်လာခဲ့သည်။ အလင်းရောင်များက အက်ကွဲကြောင်းထဲသို့ ရောက်သွားပြီး အနက်ရောင်နေလုံးကြီးဆီသို့ ကျရောက်သွားခဲ့၏။

မြင့်တက်လာသော ဒီရေလှိုင်းများကလည်း ကြီးထွားလာပြီး (၁၀)ပေကျော် အမြင့်ရှိသော လှိုင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ မြောင်လင်၏ ပတ်ပတ်လည်တွင် ရှိနေသော တောင်တန်းများ ၊ မြစ်များ ၊ နေမင်းကြီးနှင့် အရာအားလုံးက ရောင်စုံအလွှာတစ်ခု လွှမ်းခြုံထားသလို အလွန်လှပလွန်းလှသည်။

……………

ညောင်ပင်ကြီး၏ ဘေးတွင် သစ်သားရုပ်တု ထွင်းထုနေသော အဘိုးအိုက သူ၏ ဆောက်နှင့် သစ်သားတုံးများကို အောက်သို့ ချလိုက်သည်။ သူက ကျင်းမြစ်ကြီး ရှိနေသည့်ဘက်ကို စိုက်ကြည့်နေပြီး သူ့ပုံစံကတော့ အတားအဆီးများ အားလုံးကို ဖောက်မြင်နေပုံ ရ၏။

ထို့နောက် သူ၏မျက်လုံးထဲတွင် နူးညံ့သော ခံစားချက်များ ပေါ်လာပြီး သက်ပြင်းချလိုက်မိသည်။

"ဟင်း … "

နောက်ဆုံးတော့ သူက အနက်ရောင်ဓားအိမ်ထဲတွင် ထည့်ထားသော ဓားရှည်ကို ကောက်ယူလိုက်သည်။

…………..

အနက်ရောင်နေလုံးကြီးက ဆက်လက်ချဉ်းကပ်လာသည့်အချိန်တွင် သူ၏ အတွေးများကပင် နှေးကွေးသွားကြောင်း မုန့်ချီက ခံစားလိုက်ရသည်။ သူက အထွဋ်အမြတ်တောင်ထိပ်ပေါ်တွင် လော်ဟန့်ဖုတ်ကောင်နှင့် ရင်ဆိုင်ရသည့် အချိန်တုန်းကထက်ပင် ပို၍ ဆိုးရွားနေခဲ့၏။

"အမှိုက်တွေက အမှိုက်တွေပဲ …။ ကမ္ဘာမြေကြီးက ကမ္ဘာမြေကြီးပဲ ။ ငရဲကြီး (၉)ထပ်က သီးခြားဖြစ်နေမှတော့ ဘာလို့ နောက်တစ်ကြိမ် ပြန်ပေါ်လာရသေးတာလဲ…"

မုန့်ချီ၏ နားထဲတွင် အလွန်ရင်းနှီးသော စကားသံတစ်ခုကို ကြားလိုက်ရသည်။

လေဟာနယ်အလွှာများက ပျက်စီးသွားပြီး ဓားအလင်းတန်းတစ်ခု ကျရောက်လာခဲ့၏။ ထိုပြောင်းလဲမှုကို သူ့အတွေးက လိုက်မမီနိုင်ခဲ့ပေ။ အသံကိုကြားပြီး ဓားအလင်းတန်းကို မြင်လိုက်ရပြီးနောက် သူ့မျက်လုံးထဲတွင် ကျန်နေခဲ့သည်မှာ အဖြူရောင်အလင်းတန်းများသာ ဖြစ်သည်။ နေလုံးကြီးက သူ့ရှေ့တည့်တည့်ကို ရောက်လာပြီး ကြောက်စရာကောင်းစွာ လောင်ကျွမ်းနေသလို မြင်ကွင်းမျိုးဖြစ်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး ဖိအားများ အားလုံးကလည်း ပျောက်ကွယ်သွား၏။ မုန့်ချီက ပြန်လည်စဉ်းစားနိုင်စွမ်း ရှိလာသည့်အချိန်တွင် သူ၏ အတွေးများကတော့ ရေလှိုင်းကြီးတစ်ခုသဖွယ် ထွက်ပေါ်လာခဲ့သည်။

"ဘာလို့ တုန်းရန်စံအိမ်ထဲမှာ ငရဲကြီး (၉)သွယ် ရှိနေရတာလဲ။ သူက နှစ်စဉ်နှစ်တိုင်း ရေလှိုင်းပွဲတော်ကြည့်ဖို့ ဒီနေရာကို ရောက်လာခဲ့တယ်။ သူက ဒီအက်ကွဲကြောင်း ထိန်းချုပ်လို့ မရတော့မှာကို ကာကွယ်ဖို့အတွက် စဉ်းစားနေတာများလား…”

“မဟုတ်ဘူး … သူက သစ္စာရှိတဲ့ လူတစ်ယောက်ပဲ..”

“သူက ရပ်ကြည့်မနေဘူး။ ဒါကို မြင်ရင် သူက ကူညီပေးနိုင်မှာပဲ။ တကယ်လို့ ပြောင်းလဲမှုတွေက ရွှမ်တျန်းဂိုဏ်းအတွက် မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်နေမယ်ဆိုရင်တောင် သူက အမှန်တရားအတွက် အကုန်လုံးကို တသမတ်တည်း သဘောထားမှာပဲ… "

အဖြူရောင်မြူခိုးများထဲတွင် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ မုန့်ချီက သူ့ကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည့်အချိန်တွင် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကျန်းဟန်ချွန်ကို ဝါးမြိုသွားခဲ့၏။

မုန့်ချီက သူ့ကို စိုက်ကြည့်နေကြောင်း သိနေသည့်အတွက် ကျန်းဟန်ချွန်က သူ့ကို အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူလည်း ပျောက်ကွယ်သွားခဲ့၏။

"သံသရာတံဆိပ် … "

မုန့်ချီက ထိုအရာကို အံ့ဩနေခဲ့ခြင်း မရှိပေ။ သို့သော် တည်ငြိမ်နေခြင်းလည်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင်တော့ သူ ခန့်မှန်းထားသည့်အရာတစ်ခု ဖြစ်လာခဲ့၏။ သူက သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

"အင်မော်တယ်တွေ ဒဏ္ဍာရီတွေက သံသရာအရှင်သခင်နဲ့ သေချာပေါက် ပတ်သက်နေတာပဲ။ ဘယ်လိုပတ်သက်မှုမျိုးလဲ ဆိုတာကတော့ စစ်ဆေးကြည့်ဖို့ လိုအပ်လိမ့်မယ်။ သူတို့ထဲက အဖွဲ့သားတွေကတော့ သံသရာခရီးသွားတွေ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့က တခြားပုံစံတစ်မျိုးနဲ့ ပေါ်လာတာလည်း ဖြစ်နိုင်တယ်…”

“ချူးကွမ်နဲ့ မြွေဘုရင်တို့ကတော့ ဒဏ္ဍာရီအဖွဲ့ အကြောင်းကို နည်းနည်းလေးပဲ သိနိုင်လောက်တယ်။ သူတို့က လာဘ်ထိုးတာတွေ ပူးပေါင်းတာတွေ ခြိမ်းခြောက်တဲ့ လှည့်စားမှုတွေကို သုံးပြီး သူတို့ရဲ့လက်အောက်ခံတွေကို တိုးတက်အောင် လုပ်နေကြတာ…"

ကျန်းဟန်ချွန်က ယုံကြည်ချက်ရှိနေသည်ကို မြင်သည့်အခါ မုန့်ချီကတော့ အနည်းငယ် ပြုံးလိုက်မိ၏။

"မင်းမှာ သံသရာတံဆိပ်တစ်ခု ရှိနေတဲ့အတွက် မင်းက ဒီလောက်တည်ငြိမ်နေတာပဲ။ နဂိုကတည်းက ငါ တွေးထားပြီးသားပါ။ သောကကြယ်မှာ အစီအစဉ် မရှိတာ ဖြစ်နိုင်ပါ့မလား။ ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးဝမ်က သံသရာတံဆိပ်အကြောင်းကို မသိရင်တောင် ငါတို့က မသိဘဲ နေမှာလား …"

သို့သော် တာဝန်ပေးအပ်သော ကမ္ဘာကြီးထဲကို ရောက်လာခဲ့ရသည့်အချိန်တွင် သံသရာတံဆိပ်ကို အသုံးပြုခြင်းနှင့် သံသရာအရှင်သခင်၏ ပြန်လည်ဆွဲခေါ်ခြင်းကို ခံယူရသည့် အခြေအနေက လုံးဝမတူညီခဲ့ပေ။ သူတို့က နာရီပေါင်းများစွာ ကြာလျှင် သေချာပေါက် ပြန်လာရမည်ဖြစ်သည်။

ဥပမာအနေနှင့် ပြောရလျှင်တော့ သူတို့က ယဲ့တူ၌ ရှိနေသည့်အချိန်တွင် အကယ်၍ ကူရှောင်စန်းကသာ ကောင်းကင်ခုံးရုံး၏ တံခါးထဲသို့ ဝင်သွားပြီး ချက်ချင်းပြန်လာခဲ့မယ်ဆိုရင် သူမက အဖြစ်အပျက်သတင်းများကို ကြားသော ဝေ့ကျင်းအဆင့် ပညာရှင်များ၏ အဖမ်းခံရပါလိမ့်မည်။

ယခင်တစ်ခေါက် မုန့်ချီက သံသရာတံဆိပ်ကို သုံးခဲ့သည့်အချိန်တွင် ညသန်းခေါင် ဖြစ်သည်။ သူ ပြန်ရောက်လာသည့်အချိန်တွင် နေမြင့်နေပြီဖြစ်၏။ ထိုအရာက သူတို့၏ နောက်သို့ လိုက်နေသည့်အရာများကို အလွယ်တကူ မျက်ခြေဖြတ်ပေးနိုင်သော အချိန်ကွာဟမှုတစ်ခုလည်း ဖြစ်သည်။

သို့သော် ပြန်လာရသည့်နေရာကတော့ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ မည်သည့်အရာများ ဖြစ်နေကြောင်း ရန်သူက မသိမှတော့ ထိုနေရာတွင် နာရီမည်မျှ စောင့်နေနိုင်မည်နည်း။

ထို့ပြင် သံသရာကမ္ဘာကြီးထဲတွင် သူတို့၏စွမ်းအားများ တိုးတက်မှုကို မပြောနှင့် သူတို့ဆီတွင် ကံကြမ္မာအမှတ် အလုံအလောက်ရှိမည်ဆိုလျှင် ပြန်လာသည့်အချိန်၌ သူတို့၏ ခြေရာလက်ရာကို ဖျောက်ပစ်နိုင်သေးသည်။ သူတို့ကို တခြားလူများ မမြင်ရစေရန် အဆောင်များ သို့မဟုတ် အကာအကွယ်များ လဲလှယ်၍ ရနိုင်၏။

ထိုသို့ဆိုလျှင် ရန်သူက တိုက်တိုက်ဆိုင်ဆိုင် စောင့်နေမည်ဆိုလျှင်ပင် သူတို့ကတော့ အတားအဆီးမရှိ ထွက်သွား၍ ရနိုင်သည်။

မုန့်ချီက အန္တရာယ်ကြောင့် သံသရာတံဆိပ်ကို သုံးသည့်အချိန်တွင် ပို၍ ကောင်းမွန်စွာ ပြင်ဆင်ထားရန် လိုအပ်သည်ဟု တွေးမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ သတိထားခြင်းက ဘေးကင်းလုံခြုံစေနိုင်၏။

"ငါက ကျန်းဟန်ချွန်ရဲ့ရှေ့မှာ အဲဒါကို မသုံးခဲ့တာ ကံကောင်းသွားတယ်…"

သူက စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ သူက ထွက်ပြေးရန် အခွင့်အရေးတစ်ခု ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် သူပြန်လာသည့်အချိန်က တိကျမှုမရှိချေ။ သူက အဆောင်၏ အကူအညီကိုလည်း အသုံးပြုနိုင်သေး၏။

"မင်းက ငါ့ကို နောက်ကျောဓားနဲ့ ထိုးချင်နေတာပဲ။ ဒီတစ်ကြိမ်တော့ မင်းရဲ့အလောင်းကို စောင့်နေတာက ငါပဲ ဖြစ်ရမယ်။ ငါက ဒီလောက်တောင် စိတ်သဘောထား သေးသိမ်တယ် မဟုတ်လား … "

အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် ကင်းခြေများကြီးကဲ့သို့ ဖြစ်နေသော ငရဲကြီး (၉)ထပ် အက်ကွဲကြောင်းကြီးကလည်း စတင်သေးငယ်လာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

"ဆရာကြီးလုလား … "

ဝမ်ပုချီက မြောင်လင် ရှိရာကို ပြန်လှည့်ကြည့်လိုက်သည်။

မြောက်ပိုင်းကျိုးအင်ပါယာရှိ ဟွမ်မေ့တောင်တန်း၏ တည်ထောင်သူ ဆရာကြီးလုက နှလုံးသားဓားကို ကျွမ်းကျင်နေပြီး အင်မော်တယ် ဓမ္မကာရအဆင့်ကို ရရှိထားသည်။ သူက ကောင်းကင်အင်မော်တယ်မှတ်တမ်းတွင် အဆင့် (၄)ဖြစ်ပြီး ဤကမ္ဘာကြီးထဲတွင် အတော်ဆုံး ဓားသမားတစ်ယောက်ဖြစ်၏။

ဝမ်စစ်ယွမ်ကတော့ လုံးဝရူးသွပ်သွားသလို ထင်မှတ်ရသည်။ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်အတွက် ရင်ထဲတွင် လှုပ်ရှားနေခဲ့၏။

"ဒါကြောင့်ကိုး … ဒါကြောင့်ကိုး … "

သူ တီးတိုးရွတ်ဆိုနေသော စကားများကို မည်သူကမျှ နားမလည်နိုင်ကြပေ။

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကတော့ အံ့ဩနေကြခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် မြောင်လင်တွင် နှလုံးသားဓားဟု ယူဆရသော ထိပ်သီးပညာရှင် တစ်ယောက်နှင့် တွေ့ခဲ့ရကြောင်း မုန့်ချီက သူတို့ကို ပြောပြထားသည်။

ဤအချိန်အတောအတွင်း ကျန်းကျိဝေက ဆရာကြီးလုဆီကို သွားလည်ပတ်ရန် စဉ်းစားထားခဲ့၏။ သို့သော် သူမက အကြိမ်ပေါင်းများစွာ စဉ်းစားကြည့်လိုက်ပြီးနောက် ထိုအရာကို လက်လျှော့လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမက ကိုယ်တွင်းကမ္ဘာကြီးကို ရှာဖွေနေဆဲသာ ဖြစ်သည်။ ထို့ကြောင့် သူမက ဓားသိုင်းပညာမှ ရရှိထားသော သင်ခန်းစာများကို ပို၍ရယူနိုင်လေလေ ပိုကောင်းလေလေဖြစ်သည်။ အကယ်၍ သူမကသာ သူမထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်သော ဓားသမားတစ်ယောက်နှင့် တွေ့လိုက်ရမည်ဆိုလျှင် သူမ၏လမ်းကြောင်းက အလွယ်တကူ သွေဖယ်သွားနိုင်သည်။

ထို့ကြောင့် သူမက ထိုအချိန်ကာလကို ဖြတ်ကျော်ပြီးမှသာ ပြန်လည်စဉ်းစားခြင်းက ပိုကောင်း၏။ သူမ၏ဆရာဆီသို့ ပြန်သွားရန်ပင် အစီအစဉ် မရှိခဲ့ပေ။

"သိုင်းလောကကို ခြေမချတာ (၁၀)နှစ်ကျော်ရှိပြီ။ ဒါပေမဲ့ ဓားချက်တစ်ချက်တည်းနဲ့ ငရဲကြီး (၉)ထပ်ရဲ့လမ်းကြောင်းကို ဖျက်စီးပစ်နိုင်ခဲ့တယ်…"

ရွမ်ယောင်ကွမ်းက သက်ပြင်းချလိုက်မိသည်။

သူတို့အားလုံးက ကျန်းဟန်ချွန် ပျောက်ကွယ်သွားခြင်းကို သိနေကြ၏။ သို့သော် မည်သည့်သဲလွန်စမှ မကျန်ခဲ့သည့်အတွက် သာမန်အတိုင်း ထွက်ပြေးသွားသည်ဟုသာ သတ်မှတ်ထားခဲ့သည်။

ငရဲ(၉)ထပ် အက်ကွဲကြောင်း ပျောက်ကွယ်သွားသည့်အချိန်တွင် အတွင်းစံအိမ် ပွင့်လာခဲ့သည်။ ထိုနေရာတွင်တော့ ကျောက်တုံးအိပ်ရာတစ်ခုနှင့် ကျောက်တုံး စားပွဲခုံတစ်ခုသာ ရှိ၏။ ထိုနေရာ၏ ပိုင်ရှင်က နတ်ဘုရားဂုဏ်ပုဒ်ကို ရရှိနေသော လူသားဓမ္မကာရ တစ်ယောက်အစား ထိပ်သီးတာအိုသခင်တစ်ယောက်သာ ဖြစ်ပုံရသည်။

အိပ်ရာပေါ်တွင်တော့ မည်သည့်အရာမျှ မရှိဘဲ ကျောက်စားပွဲလေးပေါ်တွင် ပစ္စည်း (၄)မျိုး ရှိနေသည်။ အစိမ်းရောင်စာအုပ်တစ်အုပ် ၊ ခရမ်းရောင်ပေတံတစ်ချောင်း ၊ ပတ်ပတ်လည်တွင် အနက်ရောင်အငွေ့များ လွှမ်းခြုံနေသော ရွှေရောင်မီးတောက်တစ်ခုနှင့် လက်စွပ်တစ်ကွင်း …

စာအုပ်၏ ပတ်ပတ်လည်တွင် အစိမ်းရောင်လေဟာနယ်များ ရှိနေပြီး ထိုအရာက အင်မော်တယ်စာအုပ်တစ်အုပ်ပမာ ထင်မှတ်ရသည်။ မုန့်ချီ၏ မျက်လုံးထဲတွင်တော့ ထိုအရာက အဖိုးတန်ဆုံးအရာတစ်ခုဖြစ်ပြီး တုန်းရန်နတ်ဘုရား၏ စိတ်ဝိညာဉ်လွှဲပြောင်းမှု ဖြစ်နိုင်သည်။

"တုန်ဟွာစာအုပ်စိမ်း … "

လူတစ်ယောက်က ထိုစာအုပ်နာမည်ပေါ်တွင် ရှိနေသော ရှေးဟောင်းစကားလုံးများကို နားလည်နေသည်။ ရွမ်ယောင်ကွမ်းနှင့် ဝမ်ပုချီတို့ကလည်း အနည်းငယ် ရှုပ်ထွေးနေကြ၏။

ဝမ်စစ်ယွမ်ကတော့ စိတ်လှုပ်ရှားနေသော်လည်း သူ့အသံက တည်ငြိမ်နေသေး၏။

"အင်ပါယာတစ်ယောက်ရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုဆိုမှတော့ တုန်ဟွာစာအုပ်စိမ်းက အရမ်းတော့ မကောင်းဘူး။ ဒါပေမဲ့ အသုံးမဝင်တာလည်း မဟုတ်ဘူး..”

“ဒါက ပင်မစံအိမ်မဟုတ်မှတော့ တုန်းရန်နတ်ဘုရားတွေ အလွယ်တကူဖတ်နိုင်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်မယ်ထင်တယ်…"

မုန့်ချီကတော့ သူ၏သုံးသပ်ချက်ကို ပြင်ဆင်ပေးရန် ကြိုးစားလိုက်သည်။

ထို့ကြောင့် ဝမ်စစ်ယွမ်က အသုံးဝင်ကြောင်း ပြောသည့်အချိန်တွင် ထိုအရာက ဝေ့ကျင်းအဆင့်ကျင့်စဉ်တစ်ခု ဖြစ်နိုင်သည်ဟု တွေးခဲ့မိသည်။ စာအုပ်၏ ဘေးတွင်တော့ ခရမ်းရောင်တိမ်တိုက်များ လွှမ်းခြုံနေသည့် ကျောက်စိမ်းပေတံ တစ်ခုရှိသည်။ ထိုအရာကတော့ အဖိုးတန်လက်နက်တစ်ခုဟု သတ်မှတ်နိုင်၏။

"နေမီးတောက်အဆီအနှစ် … "

ရွမ်ယောင်ကွမ်းက လောင်ကျွမ်းနေသော မီးတောက်ကို စိုက်ကြည့်နေခဲ့သည်။

ဝမ်ပုချီက သက်ပြင်းချလိုက်မိ၏။

"တကယ်လို့ ငါတို့ကသာ နှစ်ပေါင်းတစ်ထောင်လောက် စောပြီး တွေ့ခဲ့ရမယ်ဆိုရင် ဒီမီးတောက်အဆီအနှစ်က နတ်ဘုရားလက်နက်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ စွမ်းအားကုန်ဆုံးသွားပြီဆိုမှတော့ ဒါက အဖိုးတန်လက်နက်တစ်ခုပဲ ဖြစ်နိုင်တော့မယ်…"

ထိုလက်စွပ်လေးကတော့ လေဟာနယ်လက်စွပ်တစ်ခု ဖြစ်ကြောင်း ရွမ်ယုရှုနှင့် ကျန်းကျိဝေတို့က မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောပြလိုက်သည်။ ထိုပစ္စည်း (၄)ခုထဲတွင် သူ့တန်ဖိုးက ခန့်မှန်းကြည့်ရန် အခက်ခဲဆုံးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အတွင်းထဲတွင် မည်သည့်အရာရှိနေကြောင်း မည်သူမျှ မသိကြချေ။ အကယ်၍ မည်သည့်အရာမျှ မရှိလျှင်တော့ ထိုအရာက တန်ဖိုးအနည်းဆုံး ဖြစ်နိုင်သည်။ အကယ်၍ ထိုအထဲတွင် စုဆောင်းမှုများစွာ ရှိနေမည်ဆိုလျှင်တော့ တခြားအရာ (၃)ခုထက် ပိုသာနိုင်၏။

"ဆရာကြီးလုက အပြင်ဘက်မှာ ရှိတယ်။ ဒီတော့ ငါတို့က အချင်းချင်း ပြဿာနာ မဖြစ်ချင်တော့ဘူး…"

ရွမ်ယောင်ကွမ်းက ရုတ်တရက် ပြောလိုက်သည်။ သူမက ဝမ်မိသားစုနှင့် ယှဉ်ပြိုင်လိုခြင်းမရှိပေ။

ဝမ်ပုချီကလည်း စံအိမ်အပြင်ဘက်တွင် တဖြည်းဖြည်း ပြန်ပေါ်လာသော မီးခိုးငွေ့များကို ကြည့်ပြီး ပြောလိုက်၏။

"အဲဒါအဆင်ပြေတယ်…။ ပြီးတော့ စံအိမ်ရဲ့အကာအကွယ်က ပျက်စီးသွားပြီဆိုတော့ သိပ်မကြာခင် တခြားလူတွေ ရောက်လာတော့မယ်…"

အကယ်၍ သူတို့သာ တိုက်ခိုက်နေမည်ဆိုလျှင် တခြားသူ‌များက အခွင့်အရေးရသွားနိုင်မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

ဝမ်စစ်ယွမ်က သူ၏ လှေပေါ်မှနေ၍ ကမ်းစပ်ဆီသို့ ဆင်းလာခဲ့သည်။ သူ၏ ပါးနှစ်ဖက်က နီရဲနေခဲ့၏။

"ကျွန်တော်တို့က ဒီပစ္စည်းတွေကို ဘယ်လိုခွဲဝေကြမလဲ … "

ရွမ်ယောင်ကွမ်းက မုန့်ချီကို လှမ်းကြည့်လိုက်သည်။ မည်သို့ဖြစ်စေကာမူ သူမက အကူအညီလာပေးခြင်းဖြစ်၏။

"ငါ့မှာ ဘာအတွေးမှမရှိဘူး…"

မုန့်ချီက လောဘမရှိသော လူတစ်ယောက်ဖြစ်သည်။ လက်ရှိ သူ့ဘက်တွင် အသာစီးရနေသော်လည်း ထိုအရာက သူတို့အားလုံး ရထားသော အရာဖြစ်၏။ သခင်လေးဝမ်ကလည်း သူ၏ဂုဏ်သတင်းကို အပျက်ခံမည် မဟုတ်ချေ။

သို့သော် မုန့်ချီက အရင်ဆုံး မေးခွန်းထုတ်လိုက်၏။

"ဘယ်သူအရင်ဆုံး ယူမှာလဲ… "

လက်ထဲတွင် ဓားကို ကိုင်ထားရင်း ဝမ်စစ်ယွမ်က လည်ချောင်းရှင်းလိုက်၏။ ထို့နောက် သူက ကျန်းကျိဝေနှင့် မုန့်ချီတို့ကို ကြည့်လိုက်သည်။

"ဒီလိုလုပ်မယ်လေ …။ ဆရာကြီးနှစ်ယောက်ကို ဖယ်ထားပြီး ငါတို့က နှစ်ပွဲ တိုက်ခိုက်မယ်။ မင်းတို့ဘက်က တစ်ယောက်ပြီးတစ်ယောက် လူလွှတ်နိုင်တယ်။ တကယ်လို့ မင်းတို့ကသာ ငါ့ကို သိုင်းကွက် (၁၀)ကွက်အတွင်း ခုခံအောင် လုပ်နိုင်မယ်ဆိုရင် ငါ ရှုံးတယ်။ ငါက တိုက်ပွဲတစ်ပွဲ ရှုံးသွားပြီးတိုင်း မင်းတို့ အရင်ဆုံး ရွေးချယ်ခွင့်ရှိမယ်…”

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် စိတ်ဝိညာဉ်တိုက်ပွဲက စတင်လာခဲ့၏။ ကျန်းကျိဝေနှင့် မုန့်ချီတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး သူမက ရှေ့ထွက်လာခဲ့သည်။

"ကောင်းပြီလေ …"

ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်ကတော့ ဓားအိမ်ထဲတွင် ထည့်ထားသော ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေ၏။

Translated by Hein Htet

All Chapters