အခန်း (၃၁၄)
Vol. 21 Ch. 314
ဝမ်စစ်ယွမ်ကတော့ အရာအားလုံး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသလိုသာ ထင်မှတ်နေရသေးသည်။ သူက တွက်ချက်ခြင်းဓားကို အောက်စိုက်ထားပြီး အနည်းငယ် ချောင်းဆိုးလိုက်၏။ သူက အေးအေးဆေးဆေး ပြောလိုက်သည်။
"ကျေးဇူးပြုပြီး စလို့ရပြီ …"
သူက ကမ္ဘာမြေကြီးနှင့် တစ်သားတည်း ပေါင်းစပ်နေသလို ထင်မှတ်ရပြီး သဘာဝတရားကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ အရှိန်အဝါ စုဆောင်းရန်ပင် မလိုအပ်ဘဲ သူ့ပုံစံက အလွန်ကျယ်ပြန့်ပြီး ခန့်မှန်း၍ မရနိုင်သော သဘာဝတရားကြီးကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် တခြားတစ်ဖက်က မည်မျှ အစွမ်းထက်စေကာမူ ကွဲပြားမှု ရှိလာလိမ့်မည် မဟုတ်ချေ။
မုန့်ချီက နောက်ထပ်စောင့်မနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အချိန်ကြာကြာ စောင့်နေလေလေ လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်အပေါ် ပိုပြီးကြောက်စရာကောင်းသည်ဟု ခံစားမိလာပါလိမ့်မည်။ ကောင်းကင်ကြီးကို ရင်ဆိုင်ချင်သည်ဆိုလျှင် အနည်းဆုံး သူကတော့ အစွမ်းထက်ဆုံး အရှိန်အဝါတစ်ခုကို ဖယ်ရှားရန် လိုအပ်သည်။
သူ၏သိုင်းပညာက ကျန်းကျိဝေနှင့် အတော်လေး ကွဲပြား၏။ အကယ်၍ သူကသာ ခရမ်းမိုးကြိုးစွမ်းအားကို အသက်သွင်းပြီး ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်တို့ကို သုံးပြီး တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ၏ တိုက်ခိုက်မှုက ဝေ့ကျင်းအဆင့်နီးပါး ရောက်သွားနိုင်သည်။ သို့သော် ကျန်းကျိဝေ၏ စွမ်းဆောင်ရည်ကို မမီနိုင်သေးပေ။
အများဆုံး ဝမ်စစ်ယွမ်က ကမ္ဘာမြေကြီးနှင့် ဆန့်ကျင်နေသော သိုင်းကွက်ကို သုံးလာရန်သာ တွန်းအားပေးနိုင်သည်။ သူကတော့ အရိပ်များ၏ အချုပ်အနှောင်ကို လုံးဝ ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် မုန့်ချီက သူ့ကိုယ်သူ ကာကွယ်ရန် မလိုအပ်ပေ။
သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ဆွဲထုတ်လိုက်ပြီး ခုတ်လိုက်သည်။ ဓား၏ အရှိန်အဝါကို လိုက်၍ မုန့်ချီ၏ခန္ဓာကိုယ်နှင့် အကွာအဝေးက တခဏအတွင်း တိုတောင်းသွားသလို ထင်မှတ်ရသည်။
ဓားကို မြှောက်လိုက်သည့်အချိန်တွင် သူက ဝမ်စစ်ယွမ်၏ အဝေးတွင် ရှိနေသေး၏။ ကောင်းကင်ပြစ်ဒဏ်ဓားကို ခုတ်ချလိုက်သည့်အချိန်တွင်တော့ သူက အနားကို ရောက်လာခဲ့သည်။
မုန့်ချီ၏ နောက်ကျောဘက်တွင်တော့ တင်းကြပ်နေသယောင် ထင်မှတ်ရ၏။ အမှန်အတိုင်းပြောရရင်တော့ သူ၏ကြွက်သားများက တိတ်တဆိတ် ပြေလျော့နေပြီး ယင်နှင့် ယန် (၃)မျိုး ပေါင်းစပ်မှု သိုင်းကွက်ကို အသုံးပြုထားခြင်းဖြစ်သည်။
ဓားရှည်ကို ခုတ်ချလိုက်ပြီးနောက် ယင်နှင့်ယန်က အချင်းချင်းပေါင်းစပ်လာပြီး ပတ်ဝန်းကျင်က တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ မုန့်ချီကတော့ အမှန်တရားဖွေရှာ ဓားသိုင်းပညာကို ကြားဖူးထားခဲ့သည်မှာ ကြာခဲ့ပါပြီ။ ထို့ကြောင့် သူက ကိုယ်တိုင်ဖန်တီးထားခဲ့သော ဓားသိုင်းပညာကို ပထမဆုံး အသုံးပြုလိုက်သည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင်တော့ သူက ယင်နှင့်ယန် ပေါင်းစပ်မှုမှတစ်ဆင့် ဝမ်စစ်ယွမ်ကို လမ်းလွှဲလိုက်ခြင်းလည်းဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက်ကသာ အမှားဖြစ်သွားမည်ဆိုလျှင် မုန့်ချီက သူ၏ ဓားသိုင်းပညာကို သုံးပြီး ဇာတ်လမ်းကောင်းတစ်ပုဒ်ပြောပြနိုင်သည်။
"မဆိုးပါဘူး … "
မုန့်ချီက ပထမဆုံး တိုက်ခိုက်လိုက်သည်ကို မြင်သည့်အခါ ရွမ်ယောင်ကွမ်းက ပြောလိုက်သည်။ သူက ကမ္ဘာမြေကြီး၏ အနှစ်သာရ အခြေခံအဆင့်ကို ရောက်နေပြီဖြစ်၏။
ဝမ်စစ်ယွမ်က သူ့ဓားနှင့် မုန့်ချီ၏ ဓားထိပ်ဖျားဆီကို တည့်တည့် လှမ်းထိုးလိုက်သည်။
ထိုစွမ်းအားက အလွန်ထူးဆန်းသည်ဟု မုန့်ချီက ခံစားခဲ့ရ၏။ ယင်နှင့်ယန်က အချင်းချင်း ပေါင်းစပ်နေသည့်အချိန်တွင် အပျော့နှင့် အမာကလည်း အချင်းချင်း ပေါင်းစပ်နေ၏။ ပြောင်းလဲသွားသော စွမ်းအင်များက ဓား၏အရှိန်အဝါကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။
"ယင်နဲ့ယန်ပေါင်းစပ်မှုကို ယင်နဲ့ယန်ပေါင်းစပ်မှုသုံးပြီး ချိုးဖျက်တယ်… "
သခင်လေးဝမ်က မုန့်ချီ၏ဓားသွားပုံစံကို တိကျစွာ ဆုံးဖြတ်နိုင်ပြီး သူ၏ လှုပ်ရှားမှုများကို တားဆီးလိုက်ခြင်းဖြစ်သည်။ ဓားအရှိန်အဝါက ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။
ဝမ်စစ်ယွမ်က သူ့ဓားကို သုံးပြီး နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း မရှိချေ။ ထိုအစား သူက ဓားကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မုန့်ချီ၏ နောက်ထပ်တိုက်ခိုက်မှုကို စောင့်နေခဲ့သည်။ သူကတော့ သူ၏ အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် တရားမျှတမှု မရှိသော နည်းလမ်းများကို မသုံးချင်ခဲ့ပေ။
"ပထမဆုံး တိုက်ခိုက်မှု … "
သူက ပြောလိုက်၏။
သူတို့၏ စိတ်ဝိညာဉ်ကြားထဲတွင်လည်း တိုက်ပွဲတစ်ခု ရှိနေကြောင်း သိနေသည့်အတွက် ထိုအရာက သူ့ကို ဒေါသထွက်အောင် လုပ်နိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်သည်။ မုန့်ချီ၏ စိတ်အခြေအနေကတော့ တည်ငြိမ်အေးချမ်းနေသေးပြီး တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ထဲရှိ ဓားချီစွမ်းအင်များကို တည်ငြိမ်စွာ ထုတ်လွှတ်လိုက်သည်။
သခင်လေးဝမ်ကသာ အနည်းငယ် သက်ရောက်ခံရမည်ဆိုလျှင် မုန့်ချီက သူ၏ ဓားသိုင်းပညာကို သုံးပြီး ဇာတ်လမ်းဆင်၍ ရနိုင်သည်။ ကျန်းဟန်ချွန်နှင့် ပထမဆုံး တိုက်ခိုက်ခဲ့သည့် ကျေးဇူးကြောင့် မုန့်ချီက လူသားနှင့် ကောင်းကင်တသားတည်းအဆင့်၏ သက်ရောက်မှုကို အလွန်အမင်း မခံခဲ့ရပေ။
ကောင်းကင်ပြစ်ဒဏ်ဓားက အလွန်လေးလံသည်။ ထိုသို့ဆိုရာတွင် သူ၏ဓားပုံစံက ပေါ့ပါးပြီး လှပ၏။ ဓားချက် တစ်ချက်ချင်းဆီ လှုပ်ရှားသွားသည့်အချိန်တိုင်း ပြောင်းလဲမှုများ ဖြစ်လာစေနိုင်သည်။ ပြောင်းလဲမှုတစ်ခုချင်းဆီတိုင်းက သူ့ခေါင်းထဲတွင် အပြောင်းအလဲလွယ်သည်ဟု သတ်မှတ်နိုင်ခဲ့သည်။
ကြည့်ရသည်မှာ ထိုပတ်ဝန်းကျင်တွင် သူတို့၏ မမေ့နိုင်စရာ အတိတ်အကြောင်းများကို ပြန်လည်တွေးတောမိလာကြပြီး သူတို့၏ ခံစားချက်များက မတည်ငြိမ်နိုင်တော့ပေ။ ဓားချီစွမ်းအင်များကလည်း မီးခိုးများကဲ့သို့ သူတို့၏ ခေါင်းထဲတွင် ကြီးထွားလာခဲ့ကြ၏။
ထင်ထားသည့်အတိုင်း တောင်တန်းနှင့်မြစ်များ ၊ ကမ္ဘာမြေကြီး၏ အရှိန်အဝါများကတော့ မုန့်ချီ၏ ခေါင်းထဲကို တန်ပြန်တိုက်ခိုက်လာခဲ့သည်။ ထိုအရာအားလုံးကလည်း လျှို့ဝှက်စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့၏။
မုန့်ချီကတော့ ကောင်းကင်ကြီးအောက်တွင် ရပ်နေပြီး အရာအားလုံးကို မော့ကြည့်နေရသလို ခံစားလိုက်ရသည်။ ယခင် အတွေ့အကြုံများကြောင့် မုန့်ချီက သူ၏ခံစားချက် ပြောင်းလဲမှုကို ချက်ချင်းထိန်းချုပ်နိုင်ခဲ့၏။
သူက သတိပြန်ဝင်လာခဲ့သည့်အချိန်တွင် ဝမ်စစ်ယွမ်က ပြုံးနေသည်ကို မြင်လိုက်ရသည်။ သိပ်မကြာခင် သူက တွက်ချက်ခြင်းဓားကို ထူးဆန်းစွာ ဆွဲထုတ်လိုက်ပြီး မုန့်ချီ၏ ဘယ်ဘက်နံရိုးဆီကို တည့်တည့်လှမ်းထိုးလိုက်၏။
ထိုနေရာက မုန့်ချီ ကာကွယ်ရန် ခက်ခဲသော နေရာတစ်ခုဖြစ်ပြီး ဓားအရှိန်အဝါအတွက် အဓိကသော့ချက်တစ်ခုလည်း ဖြစ်သည်။ အကယ်၍ မုန့်ချီကသာ အဖိုးတန် တွက်ချက်ခြင်းဓား၏ ထိုးစိုက်မှုကို ခံရမည်ဆိုလျှင် သူ၏ ရွှေခေါင်းလောင်း အကာအကွယ်ကပင် အသုံးမဝင်နိုင်တော့ပေ။
"သူက သက်ရောက်မှု မခံရတာလား …ဒါမှမဟုတ် ငါ့ထက် မြန်မြန်ဆန်ဆန် သတိပြန်ဝင်လာတာလား … "
မုန့်ချီက တွေးနေမိသည်။
"ဒါမှမဟုတ် ငါ့ရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က အဆင့်ကန့်သတ်မှုကြောင့် လူသားနှင့် ကောင်းကင်တစ်သားတည်းအဆင့်ရဲ့ ချေဖျက်မှုကို ခံလိုက်ရတာလား … "
ဓားချီစွမ်းအင်များကို ရုတ်သိမ်းလိုက်သည့်အချိန်တွင် ပြောင်းလဲမှုများကလည်း ရပ်တန့်သွားပြီး ကောင်းကင်ပြစ်ဒဏ်ဓားက ဆက်၍ ရောက်မလာတော့ပေ။
ဓားရှည်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ဝမ်စစ်ယွမ်က နောက်တစ်ကြိမ်ပြောလိုက်၏။
"ဒုတိယတိုက်ခိုက်မှု … "
မုန့်ချီဆီတွင် အရှိန်အဝါများ မြင့်တက်လာပြီး လေးလေးနက်နက် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက ဓားမောက်ကို ထူးဆန်းစွာ ကိုင်လိုက်၏။ ဓားစွမ်းအင်များကလည်း တစ်လွှာပြီးတစ်လွှာ ဆင့်လာသည့်အတွက် မိုးကြိုးများကဲ့သို့ ဖြစ်လာခဲ့သည်။
ထိုဓားက လှုပ်ရှားမှုများ ၊ လေစီးကြောင်းများ အားလုံးကို စုပ်ယူလိုက်ပြီးနောက် ကမ္ဘာမြေကြီးက ပို၍ သေးငယ်လာသလို ထင်မှတ်ရသည်။ ဤကမ္ဘာကြီးထဲတွင် ဓားချီစွမ်းအင်တစ်ခုတည်းသာ ရှိနေတော့သလို မြင်လိုက်ရ၏။
ထိုအရာက ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကို မုန့်ချီ၏ ကိုယ်ပိုင်နည်းလမ်းနှင့် အသုံးပြုလိုက်ခြင်းဖြစ်သည်။ အကယ်၍ ဤနေရာ၌ ကောင်းကင်ပြစ်ဒဏ်ဓားသာ မရှိလျှင် သူ၏အစစ်အမှန် နောက်ကြောင်းက ပေါ်သွားနိုင်သည်။
အထူးသဖြင့် သူကသာ ထိုသိုင်းကွက်၏ မူလပုံစံအတိုင်း အသုံးချလိုက်မည်ဆိုလျှင် ဝမ်ပုချီကဲ့သို့သော အတွေ့အကြုံရှိ ပညာရှင်များက မှတ်မိသွားပါလိမ့်မည်။ ထိုဓားသိုင်းပညာကတော့ စွမ်းအားနှင့် ဓားသိုင်းပညာ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ပြသနိုင်ခဲ့သည်။ ထိုအရာက လေဟာနယ်ကို ဖျက်ဆီးပြီး ကမ္ဘာမြေကြီးကို ထက်ခြမ်းခွဲပစ်ချင်ပုံရ၏။
ဝမ်စစ်ယွမ်က နောက်တစ်ကြိမ် လက်မြှောက်ပြီး ဓားကို ဆွဲထုတ်လိုက်၏။ ဓားက လေလှိုင်းများကို တစ်ခုပြီးတစ်ခု ထိုးဖောက်သွားခဲ့သည်။ သူ့ဓားက ပြင်းထန်သော လေလှိုင်းထဲတွင် ရှိနေသည့် သစ်ရွက်လေးတစ်ရွက် ၊ ရေစီးကြောင်းထဲတွင် ရှိနေသော ငါးလေးတစ်ကောင်ပမာ ထင်မှတ်ရပြီး သာမန်လူများပင် မထိန်းချုပ်နိုင်သော နေရာများကို အလွယ်တကူ ထိုးဖောက်၍ မုန့်ချီ၏ လက်ကောက်ဝတ်ဆီကို ရောက်လာခဲ့သည်။
မုန့်ချီက ချက်ချင်း နောက်ပြန်ဆုတ်လိုက်ရ၏။ သူ့ဓားကိုလည်း ရုတ်သိမ်းလိုက်ရသည်။
"တတိယ တိုက်ခိုက်မှု … "
စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသော ဝမ်စစ်ယွမ်၏ မျက်နှာက တဖြည်းဖြည်း ပြန်ဖြူလာပြီး စိတ်လှုပ်ရှားမှုများကလည်း စတင်ပျောက်ကွယ်လာခဲ့သည်။ တိုက်ခိုက်မှု (၃)ကြိမ် ပြီးဆုံးသွားခဲ့၏။
ဝမ်စစ်ယွမ်ကတော့ ခုခံရမည့်အစား တိုက်ခိုက်မှုကိုသာ သုံး၍ မုန့်ချီ၏သိုင်းကွက်များကို နောက်ဆုတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူ့ပုံစံက အေးအေးဆေးဆေး ဖြစ်နေပြီး လက်အောက်ငယ်သားကို လမ်းညွှန်နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
သူက အလွန်အစွမ်းထက်သော ပြိင်ဘက်တစ်ယောက်ဖြစ်သည့်အတွက် သူ့အတွေးအားလုံးကို မြင်နိုင်သည်ဟု မုန့်ချီက တွေးနေနိုင်သည်။ မုန့်ချီကတော့ အရှုံးမပေးချင်သေးပေ။ ထိုကဲ့သို့အရာနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူက စိတ်ပျက်သွားခြင်း မရှိဘဲ ခေါင်းထဲတွင် အကြံဉာဏ်များစွာ ပေါ်လာခဲ့သည်။
“အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို သုံးပြီး စီးဆင်းနေတဲ့ ချီစွမ်းအားတွေကို ဖုံးကွယ်ရမှာလား …မဟုတ်သေးဘူး … ။ မြေခွေးဘုရင်က သူနဲ့တစ်ကြိမ် ပူးပေါင်းခဲ့ဖူးတယ်။ ဒီလို မူမမှန်မှုမျိုးက သူ့ကို သတိထားမိအောင် လုပ်သွားနိုင်တယ်။ တကယ်လို့ မှန်ကန်တဲ့အချိန်သာ မဟုတ်ဘူးဆိုရင် ငါက အဲဒါကို သုံးလိုက်တာနဲ့ အခွင့်ကောင်းကို ဆုံးရှုံးရလိမ့်မယ်…”
“ငါက ဘာလုပ်သင့်လဲ။ ငါက သူ့ကို ဇာတ်လမ်းဆင်လို့လည်း မရနိုင်ဘူး..”
ရုတ်တရက်ဆိုသလို ကျန်းဟန်ချွန်နှင့် ဝမ်စစ်ယွမ်၏ စကားလုံးများက မုန့်ချီ၏ နားထဲတွင် ပြန်ပေါ်လာခဲ့သည်။
"ပူးပေါင်းကြံစည်မှုတစ်ခု အောင်မြင်ဖို့အတွက် အဓိကသော့ချက်က အစစ်အမှန် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားဖို့ အဓိကပဲ… "
"မင်းပြောတဲ့ စကားက မှန်တယ်…။ ထောင်ချောက်တစ်ခုရဲ့ အဓိကတာဝန်က မင်းရဲ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားဖို့ပဲ။ ဒါကြောင့် မင်းဆီမှာ ရည်မှန်းချက်တွေ ရှိနေမယ်ဆိုရင်တောင် မင်းက အခြေအနေကို ပြောင်းလဲဖို့ ဘယ်လိုပဲလုပ်လုပ် ငါးမျှားချိတ်ကို မင်းလာပြီး ကိုက်မယ့်အချိန်အထိ ငါက စောင့်နေနိုင်တယ်…"
ဓားသမားများကလည်း စစ်တုရင်ကစားသလို ပုံပြင်ပြောသလို လုပ်ဆောင်ရခြင်း ဖြစ်သည်။ ထိုအရာနှစ်ခုတွင် ထောင်ချောက်များ ၊ လှည့်ကွက်များ လိုအပ်သလို ဓားပညာတွင်လည်း အတူတူသာ ဖြစ်သည်။
“ငါ့ရဲ့ရည်ရွယ်ချက်က ဝမ်စစ်ယွမ်ကို သိုင်းကွက်တစ်ကွက် ခုခံအောင် လုပ်ဖို့ပဲ။ ပြီးတော့ သူ့ကို အနိုင်ရဖို့ပဲ။ ဒါကြောင့် ရည်ရွယ်ချက်က အရမ်းရှင်းလင်းတယ်..”
“ဝမ်စစ်ယွမ်ဆီမှာ သူ့ရဲ့ကိုယ်ပိုင်အတွေးတွေ ၊ အစီအစဉ်တွေ ရှိနေတယ်။ သူက ငါကိုယ်တိုင် သူ့ရဲ့ထောင်ချောက်ထဲ ရောက်လာတဲ့အချိန်ထိ အေးအေးဆေးဆေး စောင့်နေခဲ့တာ ။ ဒါကြောင့် ငါ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွေက အချိန်ကျလာရင် နှောင့်ယှက်ခဲ့လိုက်ရပြီး အားနည်းချက်တွေကိုလည်း ငါက ဖမ်းဆုပ်လို့ မရနိုင်တာ။ ငါက ငါ့ရဲ့အစစ်အမှန် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရမယ်။ ဝမ်စစ်ယွမ်ကို လှည့်စားဖို့အတွက် ငါ့ကိုယ်ငါ အရင်ဆုံး အောင်အောင်မြင်မြင် လှည့်စားဖို့လိုတယ်..”
မုန့်ချီက ချက်ချင်းပင် အတွေးတစ်ခု ရသွားခဲ့သည်။
(၄)ကြိမ်မြောက် တိုက်ခိုက်မှုကတော့ ပုံမှန်အတိုင်းသာ ရောက်လာခဲ့၏။ သူ့ဓားက လျှပ်စီးကြောင်းတစ်ခုပမာ လျင်မြန်လွန်းလှသည်။ ထိုဓားက အသံတစ်ခုနှင့်အတူ ဝမ်စစ်ယွမ်ဆီသို့ ရောက်လာခဲ့သည်။
ထိုဓားက လျှပ်စီးကြောင်းပမာ အလွန်လျင်မြန်သော ဓားတစ်လက်ဖြစ်ပြီး ကျန်းဝူအင်ပါယာ၏ အုတ်ဂူထဲတွင် ဟွမ်ဖူတောင်၏ လေ့ကျင့်မှုနှင့် သူနားလည်ထားခဲ့သော ကောင်းကင်မိုးကြိုး (၅)သွယ်ထဲမှ အနှစ်သာရတစ်ခု ဖြစ်သည်။
ဝမ်စစ်ယွမ်ကတော့ အဘိုးအိုတစ်ယောက်ကဲ့သို့ သူ့ဓားကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။ အလွန်လျင်မြန်သော မုန့်ချီ၏ဓားကွက်နှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့ဓားက နောက်မှ လှုပ်ရှားသော်လည်း ပစ်မှတ်ကို အရင်ဆုံးထိသည်။ ထိုအရာက အလွန်ထူးဆန်းသော ပုံစံနှင့် ကောင်းကင်ပြစ်ဒဏ်ဓားကို ဖယ်ရှားနိုင်ခဲ့၏။
ကောင်းကင်ပြစ်ဒဏ်ဓားပေါ်ရှိ အားနည်းသော ချီစွမ်းအင်များက မုန့်ချီ၏ ဓားထဲကို ပြန်ရောက်သွားခဲ့သည်။ သူက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံးပြီး ဓားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ထို့နောက် ကိုယ်ဖော့ပညာကို သုံး၍ ရှောင်တိမ်းလိုက်ရ၏။
"(၄)ကြိမ်မြောက် တိုက်ခိုက်မှု … "
ဝမ်စစ်ယွမ်က အနည်းငယ် ချောင်းဆိုးလိုက်ပြီး သူ့အသံက အလွန်တည်ငြိမ် အေးစက်နေသည်။
မုန့်ချီကတော့ ဒေါသထွက်နေခြင်း မရှိသလို အလျင်လိုနေခြင်း မရှိချေ။ သူက ဓားရှည်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းတိုက်ခိုက်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တော့ လျင်မြန်ခြင်း မရှိသလို နှေးကွေးခြင်းလည်း မရှိပေ။
သို့သော် ပတ်ပတ်လည်ရှိ လေစီးကြောင်းများက ပျက်စီးသွားခဲ့ပြီး ဓား၏အလေးချိန်က တောင်တန်းကြီးများကဲ့သို့ ထင်မှတ်ရသည်။ ကျယ်လောင်သော အသံများလည်း ကြားနေရ၏။ ထိုအရာကလည်း အနှစ်သာရ (၅)မျိုးထဲမှ တစ်ခု ဖြစ်သည်။ ထိုအရာက ဟွမ်ဖူတောင်၏ သိုင်းပညာဆီမှ အသွင်ပြောင်းလာခြင်း ဖြစ်သည့်အတွက် အရှိန်ဓားသိုင်းနှင့်ယှဉ်လိုက်လျှင် သန့်စင်မှု မရှိခဲ့ပေ။
ယခင်ဓားကွက်ကဲ့သို့ လေလှိုင်းများက စုပ်ယူခံလိုက်ရသည်။ ကြည့်ရသည်မှာ တစ်ဖက်လူက မည်သို့ တုံ့ပြန်စေကာမူ သူကတော့ အလွယ်တကူ ရင်ဆိုင်နိုင်ပုံရ၏။ ဝမ်စစ်ယွမ်က တွက်ချက်ခြင်းဓားကို ထုတ်သုံးနေရသော်လည်း သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိတော့ပေ။
ကောင်းကင်ပြစ်ဒဏ်ဓားက တိုက်ခိုက်တော့မည်ကို မြင်သည့်အခါ သူက ဓားကို လေထဲသို့ မြှောက်လိုက်ပြီး စည်းမျဉ်းတစ်ခုအတိုင်း လှုပ်ရှားလိုက်သည်။ ထိုအရာကတော့ အိပ်တန်းပြန်လာသော ငှက်များကဲ့သို့ ဖြစ်နေသည်။ သိပ်မကြာခင် ထိုဓားက မုန့်ချီ၏လည်ပင်းကို ဦးတည်နေခဲ့၏။
မုန့်ချီက ဓားကို ကန့်လန့်ဖြတ်ထား၍ ဝမ်စစ်ယွမ်၏ တွက်ချက်ခြင်းဓားကို တားဆီးလိုက်ရသည်။
"(၅)ကြိမ်မြောက် တိုက်ခိုက်မှု … "
ဝမ်စစ်ယွမ်က တီးတိုးပြောလိုက်၏။
"တကယ်ကောင်းတဲ့ ဓားသိုင်းပညာပဲ … "
မုန့်ချီက သူ့ကိုယ်သူ မှတ်ချက်ပေးလိုက်ပြီး သူမြင်နေရသည့်အရာများကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေသည်။
တစ်ချိန်တည်းတွင် ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ထူးဆန်းစွာ တိုက်ခိုက်လိုက်ပြန်သည်။ သူက အလွန်နှေးကွေးစွာ လှုပ်ရှားနေခဲ့၏။
သို့သော် မျက်နှာချင်းဆိုင်တွင် ရှိနေသော ချိုးဖေးကတော့ ထိုသိုင်းကွက်ထဲမှ လွတ်မြောက်ခြင်း မရှိနိုင်တော့သလို ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းကွက်ထဲတွင် ပြောင်းလဲမှုများစွာ ရှိနေသလို ခံစားနေရ၏။ အကယ်၍ အမှားတစ်ခုခု လုပ်လိုက်မိသည်နှင့် ချိုးဖေးက အန္တရာယ်ကျရောက်သွားနိုင်သည်။
သူကတော့ မိုးကြိုးနှင့် လျှပ်စီးများကို ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရပြီး ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့၏။ သူ့အရှိန်က ပတ်ဝန်းကျင်၏ နှေးကွေးမှုကို ဖယ်ရှားပစ်နိုင်သည်။ အရာအားလုံးကလည်း တခဏအတွင်း လျင်မြန်လာခဲ့၏။
ဝမ်စစ်ယွမ်က ထိုဓားကို ပြောင်းလဲမှုအားလုံး ပေါ်လာခွင့်မပေးခဲ့ပေ။ သူ၏ မျက်လုံးများက တောက်ပလာပြီး ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။
"ချွင် … "
တွက်ချက်ခြင်းဓားက ကောင်းကင်ပြစ်ဒဏ်ဓား၏ ဓားသွားကို ရင်ဆိုင်လိုက်ရသည်။
ပြောင်းလဲမှုအားလုံး ပျောက်ကွယ်သွားပြီး မည်သည့်အရာကိုမျှ တွက်ချက်၍ မရနိုင်တော့ပေ။ ထိုဓားချက်ကလည်း ပကတိလက်ညှိုးကဲ့သို့ အံ့ဩစရာကောင်းသော အကျိုးသက်ရောက်မှုရှိသည်။
"(၆) ကြိမ်မြောက် တိုက်ခိုက်မှု … "
ဝမ်စစ်ယွမ်က နောက်တစ်ကြိမ် သူ့ဓားကို အေးအေးဆေးဆေး ရုတ်သိမ်းလိုက်၏။ ထိုသို့ဆိုရာတွင် သူ၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
ရွမ်ယောင်ကွမ်းနှင့် ချိုးဖေးတို့က အတော်လေး အံ့ဩနေကြ၏။ ပထမဆုံး (၃) ကြိမ် တိုက်ခိုက်လိုက်ပြီးနောက် သတ်ဖြတ်ရေးဓား စုမုန့်က တိုက်ခိုက်နေခြင်း မဟုတ်တော့ဘဲ ဤနေရာတွင် အသိအကျွမ်းတစ်ယောက်နှင့် ဓားသိုင်းလေ့ကျင့်နေသလို ပို၍ ထင်မှတ်လာရသည်။
သူက ဝမ်စစ်ယွမ်ကို ခုခံလာအောင် တွန်းအားပေးရန် ယုံကြည်ချက် မရှိတော့သည့်အတွက် တခြားသော အကျိုးအမြတ်များ ရရှိအောင် ရွေးချယ်နေခြင်းပေလော။
"ငါ့ဓားရဲ့ အရသာကို မြည်းကြည့်လိုက် … "
မုန့်ချီက မိုးခြိမ်းသံပမာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဓား၏ အရှိန်အဝါကလည်း မြင့်တက်လာပြီး လေဟာနယ်နှင့် အရာအားလုံးကို လွှမ်းခြုံလာခဲ့သည်။ ထိုဓားချက်တွင်တော့ မုန့်ချီက ယင်နှင့်ယန် (၃)မျိုး ပေါင်းစပ်ခြင်း သဘောတရားများကို ပေါင်းစပ်ထားသလို တိုက်ခိုက်မှုနှင့် ခုခံမှု သဘောတရား နှစ်ခုစလုံး ပါဝင်နေသည်။ ထိုအရာက တိုက်ခိုက်မှုဖြစ်သော်လည်း ခုခံနိုင်ပြီး အပြန်အလှန် အကျိုးသက်ရောက်မှု ရှိသည်။ ထို့ကြောင့် ခန့်မှန်းရန် ခက်ခဲ၏။
ဝမ်စစ်ယွမ်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့ဓားနှင့် စက်ဝိုင်း၏ အလယ်ကို လှမ်းထိုးလိုက်သည်။ ထိုအရာက မည်မျှပြောင်းလဲစေကာမူ မပြောင်းလဲသော အရာတစ်ခု အမြဲတမ်းရှိသည်။ ကောင်းကင်ကြီးတွင် မည်သည့်အရာမျှ မရှိသော်လည်း စည်းမျဉ်းများရှိ၏။
"ဘုန်း … "
ဓားရှည်နှင့် ဓားမောက်တို့ ရင်ဆိုင်လိုက်မိပြီး ဓားမောက် အရှိန်အဝါများက ပျက်စီးသွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ပြစ်ဒဏ်ဓားက စည်းမျဉ်းများကို ချိုးဖျက်လိုက်ပြီး ဓားချီစွမ်းအင်များက လျှပ်စီးကြောင်းများအဖြစ် စုစည်းသွားခဲ့သည်။ ထို့နောက် မုန့်ချီ အချိန်တော်တော်ကြာ ဖုံးကွယ်ထားခဲ့သော ရည်ရွယ်ချက်တစ်ခုက ရုတ်တရက် ပေါ်လာခဲ့၏။
မုန့်ချီက အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်နှင့် လေဟာနယ်၏ နောက်ကွယ်တွင် သူ၏ ရည်ရွယ်ချက်ကို အောင်အောင်မြင်မြင် ဖုံးကွယ်ထားနိုင်ခဲ့သည်။
ဓားချီစွမ်းအင်များ ပေါက်ကွဲလာပြီးနောက် ကောင်းကင်ကြီးက မည်းမှောင်သွား၏။ ငွေရောင်အလင်းတန်းများစွာကလည်း လှုပ်ရှားလာပြီး ဓားချီစွမ်းအင်များထဲတွင် ပေါင်းစပ်လာခဲ့သည်။ ထိုစွမ်းအင်များက နဂါးကြီးတစ်ကောင်ကဲ့သို့ ဝမ်စစ်ယွမ်ဆီကို အလွန်လျင်မြန်စွာ ပျံသန်းသွားခဲ့၏။
ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများကလည်း ထိုကောင်းကင်ကြီး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသလို ထင်မှတ်ရသည်။ သူတို့နှစ်ယောက်၏ အကွာအဝေးက အလွန်နီးကပ်နေ၏။ ထွက်ပေါ်လာသည်နှင့် ဓားချီစွမ်းအင်များက ချက်ချင်း ချဉ်းကပ်လာခဲ့သည်။
"ငါ့ဓားသွားရဲ့အရသာကို မြည်းကြည့်လိုက်ဦး… "
လေထဲတွင် ထိုအော်သံကသာ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့၏။
Translated by Hein Htet.