← Chapters

အခန်း (၃၁၅)

Vol. 21 Ch. 315

အခန်း (၃၁၅)

Vol. 21 Ch. 315

မိုးကြိုးများ ပေါက်ကွဲလာသည့်အချိန်တွင် အသံများက သူတို့၏ နားထဲသို့ ထိုးဖောက်လာပြီး အဝေးထိအောင် ပျံ့နှံ့သွားခဲ့သည်။ ဓားချီစွမ်းအင်များက အလွန်တောက်ပသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ဝမ်စစ်ယွမ်ဆီသို့ ပျံသန်းလာသည်။ သူ၏ ခန္ဓာကိုယ်ကြီးက အလွန်ကြီးမားသော ပါးစပ်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရ၏။

ရွမ်ယောင်ကွမ်းနှင့် ဝမ်ပုချီတို့က မျက်မှောင်ကြုတ်လိုက်မိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ထိုကဲ့သို့ ပြောင်းလဲမှုမျိုးကို လုံးဝမထင်ထားခဲ့ကြပေ။ ဝမ်စစ်ယွမ်က ချီစွမ်းအင်စီးဆင်းမှုနှင့် ကြွက်သားများကိုသုံးပြီး သူတို့ကို လှည့်စားမည်ဆိုလျှင် လက်ခံပေး၍ ရနိုင်သေးသည်။ သို့သော် သတ်ဖြတ်ရေးဓား စုမုန့်ကလည်း ထိုသို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့က မတွေးမိကြပေ။

ထိုကဲ့သို့ ဓားသွားနှင့် ရင်ဆိုင်ရသည့်အခါ ဝမ်စစ်ယွမ်က အံ့ဩသွားခြင်း မရှိသလို ဒေါသထွက်သွားခြင်း မရှိချေ။ သူက လူသားနှင့်ကောင်းကင် တစ်သားတည်း အဆင့်တွင် ရှိနေသေး၏။ သူ့ဓားဆီမှ နက်မှောင်သော ဓားချီစွမ်းအင်တချို့ ထွက်ပေါ်လာခဲ့သည်။

ထိုဓားချီစွမ်းအင်များက အလွန်လျင်မြန်လွန်းလှသည့်အတွက် မုန့်ချီကို အသံတိုးတိုးနှင့် တိုက်ခိုက်လိုက်သလို ဖြစ်နေ၏။ လေထဲ၌ လွင့်နေသော သစ်ရွက်များကပင် ဖြတ်ပစ်ခံလိုက်ရ၏။ ဝမ်စစ်ယွမ်က ခုခံရမည့်အစား သူ့အသက်ကို စွန့်စားပြီး တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည်ဟု မုန့်ချီလည်း မထင်ထားခဲ့ပေ။

ဓားချီစွမ်းအင်များက အလွန်လှပသော စက်ဝိုင်းလေးသဖွယ် လှုပ်ရှားသွားပြီး စကြဝဠာကြီး၏ စည်းမျဉ်းများ ပါဝင်နေခဲ့သည်။ ဓား၏ အစွမ်းကလည်း အလွန်ကြောက်စရာကောင်း၏။ ထိုအရာက အမှားအယွင်းမရှိဘဲ အနီးဆုံးလမ်းကြောင်းအတိုင်း တည့်တည့်ထွက်သွားခဲ့သည်မှာ စီစဉ်ထားသည့်အတိုင်း ထင်မှတ်ရသည်။

ဓားချီစွမ်းအင်များနှင့် ဓားအလင်းတန်းတို့က မုန့်ချီနှင့် ဝမ်စစ်ယွမ်တို့ကို အသီးသီး တိုက်ခိုက်မိနိုင်၏။ သူတို့နှစ်ယောက်လုံးကလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်ကြသည်။

သို့သော် ဓားချီစွမ်းအင်က ပို၍လျင်မြန်သည်ဟု မုန့်ချီက ခံစားမိခဲ့သည်။ ဓားအလင်းတန်းက ဝမ်စစ်ယွမ်ကို မတိုက်ခိုက်ရသေးခင် ဓားချီစွမ်းအင်က သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားနိုင်၏။ ထိုသို့ဆိုလျှင် သူက ဓားအလင်းတန်းကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။

ဝမ်စစ်ယွမ်ကတော့ နန်းတော် (၉)ခုနှင့် ပါးကွ (၈)ကွက် စည်းမျဉ်းများ ပါဝင်နေသော ခြေလှမ်းသိုင်းကို သုံးပြီး သေစေနိုင်လောက်သော မုန့်ချီ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်မှာ သေချာသည်။ သို့သော် သူ့ဆီတွင်လည်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်တို့ ရှိနေသည်။

မုန့်ချီက အံကြိတ်လိုက်ပြီး သူ၏အမူအရာက လေးနက်လာခဲ့၏။ သူက ဘေးသို့ ရှောင်လိုက်ပြီး သူ၏ပင်မသွေးကြောများကို ကာကွယ်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံလာပြီးနောက် သူကတော့ နောက်မဆုတ်ခဲ့ပေ။ သူက ဓားသွားကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။

ဝမ်စစ်ယွမ်ကလည်း အရိပ်တစ်ခုသဖွယ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူက လေထဲသို့ ခုန်လိုက်ရာ ဓားချီစွမ်းအင်များက မြောက်တက်လာပြီး ကောင်းကင်ပြစ်ဒဏ်ဓားဆီသို့ ဦးတည်သွားခဲ့သည်။

"ချွင် … "

ထိုအသံက ခေါင်းလောင်းတီးသကဲ့သို့ ထွက်ပေါ်လာခဲ့၏။

ဓားချီစွမ်းအင်များက မုန့်ချီကို ဖြတ်ကျော်သွားခဲ့ပြီး ကောင်းကင်ပေါ်သို့ ဆက်တက်သွားခဲ့သည်။ ထိုအချိန်တွင် သူ၏ကောင်းကင်ပြစ်ဒဏ်ဓားကတော့ အလွန်ပြင်းထန်သော စွမ်းအားများကြောင့် လေထဲတွင် မြောက်တက်သွား၏။

အလွန်တောက်ပသော ဓားချီစွမ်းအင်များကလည်း ဝမ်စစ်ယွမ်၏ ရှေ့ဘက် ကောင်းကင်ပေါ်သို့ ရောက်လာသည့်အချိန်တွင် လေထဲ၌ ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားခဲ့သည်။

ထိုလှုပ်ရှားမှုများ အားလုံးထဲတွင် အနည်းငယ်လေး မှားယွင်းသွားသည်နှင့် လုံးဝ ကျရှုံးသွားနိုင်သည်။ သို့သော် နောက်ဆုံးတွင်တော့ ပြဇာတ်ဆန်ဆန် ပြီးဆုံးသွားခဲ့သေး၏။ ဓားချီစွမ်းအင်များနှင့် ဓားအလင်းတန်းတို့ နှစ်ခုစလုံးက အောင်မြင်ခဲ့ခြင်း မရှိချေ။

ဝမ်စစ်ယွမ်က ထိုအရာကို ကြိုတင်မျှော်လင့်ထားသလို ထင်မှတ်ရ၏။ သူကတော့ ကံကြမ္မာကို ပြောင်းလဲနိုင်သော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူက အစ ၊ အလယ် ၊ အဆုံး အရာအားလုံးကို စီစဉ်ထားခဲ့၏။

ထို့ကြောင့် မုန့်ချီနှင့် ဝမ်စစ်ယွမ်တို့ကို အချင်းချင်း လူခွဲရန် စဉ်းစားနေသော ရွမ်ယောင်ကွမ်းနှင့် ဝမ်ပုချီတို့က စိတ်အေးသွားကြသည်။

သို့သော် သူ့ဓားက ကောင်းကင်ပြစ်ဒဏ်ဓားကို လေထဲသို့ မြှောက်လိုက်သည့် အချိန်တွင် ဝမ်စစ်ယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ကောင်းကင်ပြစ်ဒဏ်ဓားကို အတွင်းအားနှင့် ထိန်းချုပ်ထားခြင်း မရှိကြောင်း တွေ့လိုက်ရ၏။ ထိုအရာက ဓားချီစွမ်းအင်များ သက်သက်သာ ဖြစ်နေသည်။

သူ၏ဓားက ကောင်းကင်ပြစ်ဒဏ်ဓားကို ရင်ဆိုင်မိလိုက်သည့်အချိန်တွင် ကောင်းကင်ပြစ်ဒဏ်ဓားက အလွန်ပေါ့ပါးလှသည့်အတွက် လေထဲသို့ အလွယ်တကူ မြောက်သွားခဲ့သည်။ အကယ်၍ မုန့်ချီ၏ ချီစွမ်းအင်များက ကောင်းကင်ပြစ်ဒဏ်ဓားထဲ၌ မရှိလျှင် မည်သည့်နေရာ၌ ရှိနေသနည်း။

"ဒါ ထောင်ချောက်ပဲ … "

ထိုအချိန်တွင် သူ့ဆီသို့ ရောက်လာသော ဓားအလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။

ထိုဓားအလင်းတန်းက ရိုးရှင်းပြီး ပြောင်းလဲမှုမရှိချေ။ ဓား၏ရှေ့တွင် စိတ်ဝိညာဉ်တစ်ခု ပျံသန်းလာနေသည်မှာ ကောင်းကင်နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရ၏။ မုန့်ချီက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ထောင်ချောက်ဆင်ထားပြီး သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် ကြိုးစားထားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက သွေးကြောဓားကို ဆွဲထုတ်ပြီး တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့သည်။

အကယ်၍ သူကသာ စွန့်လွှတ်ခြင်းကျင့်စဉ်ကို မသုံးခဲ့လျှင် ဝေ့ကျင်းအဆင့် သိုင်းကွက် (၂)ကွက်ခွဲ သုံးနိုင်သည်။ သို့သော် သံသရာမြေကွက်လပ်ထဲတွင် (၃)လအကြာ လေ့ကျင့်ခဲ့ပြီးနောက် သူ့အစွမ်းက သိသိသာသာ တိုးတက်လာခဲ့၏။ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်ကလည်း တိုးတက်လာခဲ့ပြီး အချိန်တိုလေးအတွင်း ဝေ့ကျင်းအဆင့် သိုင်းကွက် (၃)ကွက် အသုံးပြုနိုင်သည်။

ထိုအရာက သူ၏ နောက်ဆုံး အခွင့်အရေးဖြစ်ပြီး နောက်ဆုံး သိုင်းကွက်လည်း ဖြစ်သည်။ အကယ်၍ ထိုအရာသာ အလုပ်မဖြစ်လျှင် သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးလိုက်မည်ဆိုလျှင်လည်း ကျရှုံးရဦးမည်သာ ဖြစ်သည်။

မုန့်ချီ၏ စိတ်ကတော့ ရေလှိုင်းများကဲ့သို့ ကြည်လင်နေပြီး မျက်လုံးများက တည်ငြိမ်နေသည်။ ဝမ်စစ်ယွမ်က ထိုကဲ့သို့ အခြေအနေကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ဦးမည်ဟု သူက လက်မခံနိုင်ခဲ့ပေ။

ဓားအလင်းတန်းက အလွန်လှပသော်လည်း မိုးကြိုးပမာ လျင်မြန်လွန်းလှသည်။ ထိုမြင်ကွင်းက အလွန်လှပလွန်းလှပြီး အိပ်မက်တစ်ခုထဲမှ ထွက်လာသလို ထင်မှတ်ရ၏။ အိပ်မက်က အဆုံးမသတ်သေးခင် ဓားက ဝမ်စစ်ယွမ်ကို ပစ်မှတ်ထားလိုက်သည်။ ထိုအရာက အလွန်တောက်ပသော အလင်းတန်းတစ်ခု ဖြစ်၏။

ရွမ်ယောင်ကွမ်းနှင့် ဝမ်ပုချီတို့က ထိုကဲ့သို့ ပြောင်းလဲမှုတစ်ခုကို မျှော်လင့်မထားခဲ့ပေ။ သူတို့က တိုက်ပွဲကို ရပ်တန့်ရန် ဆန္ဒရှိနေသော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။ အခြေအနေက အလွန်ပြင်းထန်လွန်းလှသည့်အတွက် သူတို့က သူတို့၏ အစွမ်းကို သုံးပြီး မုန့်ချီနှင့် ဝမ်စစ်ယွမ်တို့ကို လူခွဲရန်သာ ဖြစ်နိုင်တော့သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ချိုးဖေးက အလွန်အံ့ဩသွားခဲ့၏။ သူ့မျက်လုံး သူပင် မယုံကြည်နိုင်ခဲ့ပေ။ သူက တိုက်ပွဲထဲတွင် နောက်ထပ်ပြောင်းလဲမှုများ ပေါ်လာလိမ့်မည်ဟု တွေးမထားခဲ့သော်လည်း ထိုအရာက လှည့်စားမှုတစ်ခု ဖြစ်နေပြန်သည်။

ကျန်းကျိဝေ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူမက မုန့်ချီ၏ လုပ်ရပ်အတွက် အလွန်ကျေနပ်နေခဲ့သည်။

ရွမ်ယုရှု၏ ပါးလေးနှစ်ဖက်က အနည်းငယ် လှုပ်ရှားသွားသော်လည်း သူမက သိပ်မကြာခင် တည်ငြိမ်သွားခဲ့သည်။

ဝမ်စစ်ယွမ်က လှုပ်ရှားလိုက်၏။ သူ၏ခြေထောက်က နန်းတော် (၉)ခု ခြေလှမ်းအတိုင်း နောက်သို့ တရွတ်တိုက် လျှောသွားသည်မှာ ရေပေါ်တွင် ပျံသန်းနေသလို ထင်မှတ်ရသည်။ သို့သော် ဓားအလင်းတန်းက အလွန်နီးကပ်နေသည့်အတွက် သူလည်း ရှောင်တိမ်းနိုင်ခြင်းမရှိပေ။

ရုတ်တရက် ဆိုသလို သူ၏တွက်ချက်ခြင်းဓားက ပျောက်ကွယ်သွားခဲ့၏။ သို့သော် အမှန်တကယ် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ နောက်သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။

သူ့ဓား၏လက်ကိုင်က ဓားထိပ်ဖျားအဖြစ် လုပ်ဆောင်ပြီး ဓားထိပ်ဖျားကတော့ ဓားလက်ကိုင်အဖြစ် လုပ်ဆောင်နေခဲ့သည်။ ထိုအရာက ကျားတစ်ကောင် နေထိုင်သော လှိုဏ်ဂူဝင်ပေါက်ထဲသို့ နောက်ပြန်ဝင်သွားသလိုမျိုး ဖြစ်သည်။

ပတ်ဝန်းကျင်တွင် မြူခိုးများ လွှမ်းခြုံထားသည့်အတွက် သူတို့၏ မြင်ကွင်းထဲတွင် မည်သည့်အရာကိုမျှ မမြင်ရတော့ပေ။ အလွန်သိပ်သည်းသော မြုခိုးများထဲတွင် အံ့ဩစရာကောင်းသော ဓားအလင်းတန်းတစ်ခုက သက်တန့်ကြီးတစ်ခုသဖွယ် လင်းလက်လာခဲ့၏။ ထိုအလင်းတန်းက အလွန်တောက်ပလွန်းလှသည့်အတွက် ထိုမြင်ကွင်းက စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခုသဖွယ် ဖြစ်လာခဲ့၏။

မြူခိုးများက ရုတ်တရက် ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးက ရှင်းလင်းသွားသည်။ ဝမ်စစ်ယွမ်၏လက်က ဓားထိပ်ဖျားကို ကိုင်ထားပြီး ဓားက သူ့လည်ပင်းကို ပစ်မှတ်ထားနေသည်။ ဓားလက်ကိုင်ကိုတော့ အဖြူအနက် သွေးကြောဓားက ဖိနှိပ်ထား၏။

ဝမ်စစ်ယွမ်က တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည့်အတွက် ဝမ်ပုချီနှင့် ရွမ်ယောင်ကွမ်းတို့ နှစ်ယောက်စလုံးက စိတ်အေးသွားကြသည်။ နောက်ဆုံးတွင်တော့ မုန့်ချီက ဝမ်စစ်ယွမ်ကို ခုခံအောင် တွန်းအားပေးနိုင်ခဲ့သည်။

"သိုင်းကွက် (၉)ကွက် …

ငါ့ကို အနိုင်ပေးလို့ ကျေးဇူးတင်ပါတယ်…"

မုန့်ချီကတော့ စိတ်လှုပ်ရှားမှုနှင့် ကျေနပ်မှုကြောင့် မျက်လုံးများ နီရဲနေခဲ့သည်။ သူက သိုင်းကွက် တစ်ကွက်တည်းသာ ဝမ်စစ်ယွမ်ကို ခုခံအောင် တွန်းအားပေးနိုင်ခဲ့သော်လည်း သူ့အတွက်တော့ အလွန်ကြီးမားသော တိုးတက်မှုကြီးတစ်ခု ဖြစ်သည်။

အကယ်၍ သူကသာ နောက်ပိုင်းတွင် ဝမ်စစ်ယွမ်ကဲ့သို့ ပညာရှင်မျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် အတွေ့အကြုံ ရှိနေပြီဖြစ်သည့်အတွက် သူတို့၏ သနားညှာတာမှုကို မလိုအပ်တော့ပေ။

ဝမ်စစ်ယွမ်၏ ဖြူဖပ်ဖြူရော် မျက်နှာလေးက နောက်တစ်ကြိမ် နီရဲလာပြီး သူက ချောင်းဆိုးလိုက်ရပြန်သည်။ အချိန်တော်တော်ကြာပြီးနောက် သူ၏ချောင်းဆိုးခြင်းက ရပ်တန့်သွားခဲ့၏။ သူက မုန့်ချီကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး ပြောလိုက်သည်။

"မင်းရဲ့လှုပ်ရှားမှုက စိတ်ဝင်စားစရာပဲ…"

ကြိုတင်ခန့်မှန်း၍ မရနိုင်သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ့ပုံစံက အနည်းငယ် ပို၍ ရူးသွပ်နေသလို ထင်မှတ်ရသည်။

ပြောင်းလဲမှုကျင့်စဉ်က စကြဝဠာ ၊ လူသားကမ္ဘာနှင့် သက်ရှိများ အားလုံး၏ စည်းမျဉ်းများကို လေ့လာရသော ပညာရပ်ဖြစ်သည်။ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကတော့ အန္တရာယ်များကို ရှောင်တိမ်းရန် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရသည့် အရာတစ်ခုဖြစ်၏။

သူက သက်ပြင်းချလိုက်မိသည်။

"မင်းက ပစ္စည်းတစ်ခု ရွေးလို့ရပြီ… "

" ငါက ဘာကို ရွေးရမလဲ … "

ယခုတစ်ကြိမ်တော့ မုန့်ချီက ဆွေးနွေးသည့်အစား ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို ကြည့်ပြီး မေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ် … "

ဤနေရာတွင် ဓားသိုင်းပညာ ၊ အဖိုးတန်ဓားနှင့် အလားတူ ပစ္စည်းများ မရှိသည့်အတွက် ကျန်းကျိဝေက အလွန်အမင်း ဂရုမစိုက်ခဲ့ပေ။ သူမက ပြုံးပြလိုက်၏။

သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ရွမ်ယုရှုကလည်း ပြောလိုက်သည်။

"ဒါကတော့ နင့်အပေါ်ပဲ မူတည်မယ်…"

သူက ထိုစကားများကို ကြားဖူးသည်ဟု ဘာကြောင့် ခံစားနေရသနည်း။ အကယ်၍ သူသာ တစ်ခုခုကို ‌ရွေးချယ်လိုက်မည်ဆိုလျှင် သူမက သူ၏ရွေးချယ်မှုကို ချက်ချင်း ငြင်းဆန်လိုက်နိုင်သည်။

မုန့်ချီက စိတ်ထဲတွင် ကျိန်ဆဲလိုက်မိပြီး ပုံမှန်အတိုင်းသာ ပြောလိုက်၏။

"လေဟာနယ် လက်စွပ်ဆိုရင်ရော ဘယ်လိုလဲ … "

မုန့်ချီက ထိုအရာကို ရွေးချယ်ရန် အကြောင်းပြချက် နှစ်ခုရှိသည်။ လေဟာနယ် လက်စွပ်က အလွန်အသုံးဝင်ပြီး ကံကြမ္မာအမှတ်များနှင့် လဲလိုက်မည်ဆိုလျှင် ခရမ်းရောင်ပေတံနှင့် တူညီသော တန်ဖိုးတစ်ခု ရှိသည်။ ထို့ပြင် ထိုအရာက လောင်းကြေးတစ်ခုအဖြစ်လည်း ထိုက်တန်၏။ အကယ်၍ လက်စွပ်ထဲတွင်သာ ပစ္စည်းပေါင်းများစွာ ရှိနေမည်ဆိုလျှင် သူ့အတွက် ပိုကောင်းနိုင်သည်။

ကျန်းကျိဝေက ပြောလိုက်၏။

"နင်က တိုက်ပွဲကို အနိုင်ရခဲ့တာပဲ။ ဒီတော့ နင်ပဲ ဆုံးဖြတ်ပေါ့ … "

ရွမ်ယုရှုက နှုတ်ခမ်းကို မဲ့လိုက်၏။

"အဲဒီအထဲမှာ ရှေးဟောင်းအဖိုးတန်သစ်ပင်မျိုးစေ့တွေ ရှိနိုင်တာလည်း ဖြစ်နိုင်တာပဲလေ…"

မုန့်ချီက ပြုံးလိုက်မိသည်။ သူမကတော့ ရှေးဟောင်းပစ္စည်းများကိုပင် စားသောက်ချင်နေပုံ ရသည်။

ဝမ်စစ်ယွမ်က မုန့်ချီကို အပြုံးနှင့် ကြည့်နေခဲ့၏။

မုန့်ချီက အတွင်းခန်းထဲသို့ ဝင်သွားပြီး လက်စွပ်လေးကိုသာ ယူလိုက်သည်။ လက်စွပ်လေးက အနက်ရောင်ဖြစ်ပြီး ထူးခြားမှုမရှိချေ။ ရွမ်ယုရှုနှင့် ကျန်းကျိဝေတို့၏ အကူအညီနှင့် မုန့်ချီက လက်စွပ်ပေါ်တွင် ရှိနေသော စကားလုံးများကို မှတ်မိသွား၏။

သူက ရှုပ်ထွေးသော နည်းလမ်းများကို သုံးရမည့်အစား စိတ်ဝိညာဉ်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။ သူက ထိုစာသားများကို ရွတ်ဆိုလိုက်ပြီး သွေးစက်တချို့ချ၍ လက်စွပ်ကို ဖွင့်လိုက်၏။

သူက လက်စွပ်အတွင်းထဲကို စစ်ဆေးကြည့်မိသည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ လက်စွပ်အတွင်းထဲတွင် ရှိနေသော နယ်မြေက ကြီးမားမှုမရှိပေ။ (၈)ပေပတ်လည်ရှိပြီး (၃)လက်မ အမြင့်သာ ရှိသည်။ အတွင်းထဲတွင်တော့ ပစ္စည်းတစ်ခုသာ ရှိပြီး အလယ်တွင် သိုင်းကျမ်းပုံစံ စာအုပ်တစ်ခု လွင့်မျောနေခဲ့သည်။

"အဲဒါက ဘာလဲ … "

မုန့်ချီက ထိုစာအုပ်ကို မယူခဲ့ပေ။

ဝမ်စစ်ယွမ်က ခရမ်းရောင်ပေတံကို ယူသွားပြီး သူတို့ကို နှုတ်ဆက်ထွက်ခွာသွားမှသာ တခြားလူများကို မေးလိုက်သည်။ သူကတော့ ထိုသိုင်းကျမ်းပေါ်တွင် ရေးသားထားသော စကားလုံး တချို့ကို ဖတ်မိသည်။ ထိုအရာကို အလွန်လှပသော လက်ရေးနှင့် ရေးထား၏။ ထိုစကားလုံးများက လေးထောင့်ဆန်ပြီး အေးစက်နေသည်။

"ငါက ဘယ်သူလဲ … ဘယ်သူက ငါလဲ … "

ရွမ်ယောင်ကွမ်း၏ မျက်လုံးထဲတွင်လည်း ရှုပ်ထွေးနေခဲ့သည်။

"ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်က ဘာလဲ…"

အကယ်၍ ထိုအရာကသာ လေ့ကျင့်မှုတွင် နားလည်ထားသော အရာများဆိုလျှင် ဘာကြောင့်လေဟာနယ်လက်စွပ်ထဲတွင် ထည့်သိမ်းထားရသနည်း။ ထိုအရာကို ကြည့်ရသည်မှာ သာမန်စကားလုံးများသာ ဖြစ်ပုံရသည်။

ထိုစကားလုံးထဲတွင် စကြဝဠာ၏ နိယာမများ ပါဝင်နေခြင်း မရှိသလို တုန်းရန် အနှစ်သာရများလည်း ပါဝင်နေခြင်း မရှိပေ။

"အဲဒီစကားလုံးတွေမှာ တခြားအဓိပ္ပါယ်လည်း ရှိနေနိုင်တယ် …"

မုန့်ချီက ခေါင်းခါပြလိုက်ပြီး စာအုပ်ကို လေဟာနယ်လက်စွပ်ထဲတွင်သာ ထားခဲ့လိုက်သည်။

ထို့နောက် ရွမ်ယောင်ကွမ်းက အနီရောင်ကျောက်မျက်ရတနာများ စီခြယ်ထားသည့် လက်နက်တစ်ခုကို ထုတ်ပေးလိုက်သည်။ ထိုလက်နက်က တံမြက်စည်းတစ်ခုကဲ့သို့ ထင်မှတ်ရ၏။

"ဒါကတော့ မကောင်းဆိုးဝါးရဲ့ ပိုင်ဆိုင်မှုတွေပဲ..”

“ကျေးဇူးပြုပြီး အဲဒါတွေကို သိမ်းထားလိုက်ပါ။ စီနီယာ မရှိဘူးဆိုရင် ကျွန်တော်တို့က မကောင်းဆိုးဝါးကို သတ်နိုင်မှာတောင် မဟုတ်ဘူး… "

မုန့်ချီက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

ရွမ်ယောင်ကွမ်းက ရယ်လိုက်၏။

"မင်းက အဲဒီလောက်ထိ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားဖို့ မလိုပါဘူး။ ငါက အငယ်တွေကို အနိုင်ကျင့်တတ်တဲ့ လူတစ်ယောက်မလို့လား …။ ငါက တုန်ဟွာစာအုပ်စိမ်းကို ဖတ်ခွင့်ရပြီး အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည် ဖော်စပ်နည်းကို ရပြီဆိုမှတော့ သူတို့ထဲက တစ်ခုပဲ ယူတော့မယ်။ မင်းက တခြားတဲ့ ပစ္စည်းတွေကိုတော့ ခွဲပေးလိုက်လို့ရတယ် … "

သူမက ပြောလိုက်ပြီး အဖိုးတန်လက်နက်ကို ယူထားလိုက်သည်။ သူတို့ (၃)ယောက်တော့ ကံကြမ္မာအမှတ်များ လဲလှယ်ရန်သာ အလိုရှိ၏။ ထို့ကြောင့် အများအပြား စဉ်းစားနေခဲ့ခြင်း မရှိချေ။ ကျန်းကျိဝေက ချွမ်ယွမ်ပုလဲလုံးကို ယူလိုက်ပြီး ရွမ်ယုရှုက စာအုပ်ကို သူမ၏လေဟာနယ်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

မုန့်ချီနှင့် ကျန်းကျိဝေတို့ကတော့ သံသရာအရှင်သခင်ဆီ၌ အမှတ်များနှင့် မလဲခင် စာအုပ်တစ်အုပ်လုံးကို ဖတ်ရန် စဉ်းစားထားခဲ့သည်။ ထိုအရာက သူတို့၏ တခြားသော ကျင့်စဉ်များတွင် အထောက်အကူဖြစ်နိုင်ပြီး အဖိုးတန်သိုင်းကွက်တချို့ကိုပင် မှတ်တမ်းတင်ထားနိုင်သည်။

"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ် … "

ရွမ်ယောင်ကွမ်းက ပြောလိုက်ပြီး သူမ၏ အမူအရာက လေးနက်လာခဲ့သည်။

"မကောင်းဆိုးဝါးက မသေခဲ့ဘူး …"

"ဘယ်လို … အဘိုးကြီးကျုံးက အသက်ရှင်နေသေးတာလား … "

ကျန်းကျိဝေက ခေါင်းညိတ်ထောက်ခံလိုက်သည်။

ရွမ်ယောင်ကွမ်းက သက်ပြင်းချလိုက်၏။

"သူ့မှာ တော်တော်လေး ထူးခြားတဲ့ မကောင်းဆိုးဝါး စွမ်းအား တစ်ခုရှိတယ်။ ပြီးတော့ သေချင်ယောင်ဆောင်တဲ့နေရာမှာလည် တော်တော်လေး ထူးခြားတယ်။ သူသေပြီလို့ ထင်ထားတဲ့အတွက် ငါက သူ့ရဲ့ခန္ဓာကိုယ်ကို သုံးပြီး မကောင်းဆိုးဝါး ချီစွမ်းအင်တွေကို ဖယ်ထုတ်ဖို့ စဉ်းစားထားတာ ။ ဒါပေမဲ့ ငါက အသက်ပြောင်းလဲခြင်းဂိုဏ်းက တပည့်တွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ သူက သေချင်ယောင်ဆောင်ပြီး ထွက်ပြေးသွားခဲ့တယ်။ ဒါကြောင့်လည်း ငါက နောက်ကျနေခဲ့တာ … "

အဘိုးကြီးကျုံးရဲ့ အလောင်းသာ မရှိလျှင် ရွမ်ယောင်ကွမ်းက ကျန်းဟန်ချွန်ကို မည်သို့ အာရုံခံနိုင်မည်နည်း။ မည်သို့ဖြစ်စေကာမူ ကောင်းကင်နှင့်နတ်ဆိုး သိုင်းပညာက အလွန်ထူးခြားသည်။

"ဒါကြောင့်ကိုး … "

မုန့်ချီက တွေးလိုက်မိ၏။ သူကတော့ ဤနေရာတွင် အချိန်တော်တော်ကြာ တိုက်ခိုက်နေပြီးမှသာ စီနီယာရွမ် ရောက်လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူကသာ အဘိုးကြီးကျုံးနှင့် ထပ်တွေ့ရမည်ဆိုလျှင် သူ့ကို နောက်ထပ်အခွင့်အရေး ထပ်မပေးရန် စဉ်းစားထားခဲ့၏။ သူ့ကို သေချာပေါက် သတ်ပစ်ရမည်ဖြစ်သည်။

စံအိမ်က ပွင့်သွားသည့်အတွက် ပညာရှင်ပေါင်းများစွာက အလျင်အမြန် ရောက်လာနေကြသည်။ မုန့်ချီတို့ကတော့ သူတို့ရောက်မလာခင် ထွက်သွားခဲ့ကြ၏။ အချိန်တော်တော်ကြာပြီးနောက် ထိုလူများက လက်ဗလာနှင့် ပြန်ထွက်လာကြပြီး ထိုနယ်မြေကြီးတစ်ခုလုံးကလည်း တည်ငြိမ်အေးချမ်းသွားခဲ့သည်။

ကျန်းဟန်ချွန်က ရုတ်တရက် ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်က ကြည်လင်နေပြီး သူ၏ အငွေ့အသက်များလည်း ထွက်ပေါ်လာခြင်း မရှိသည့်အတွက် မည်သူကမျှ သူ့ကို မမြင်ရသလို မကြားနိုင် အာရုံခံနိုင်ခြင်းလည်း မရှိပေ။ သူက ထိုလျှို့ဝှက်ပစ္စည်းအတွက် သူ၏ပိုင်ဆိုင်မှုများအားလုံးကို ရောင်းချခဲ့ရ၏။ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ရန်သူက သတိထားမိမည် မဟုတ်ချေ။

သူက ချက်ချင်းပင် ရှေ့သို့ လှမ်းခုန်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ထောင်ချောက်တစ်ခု ရှိနေမှာကို ကြောက်လန့်နေခြင်းကြောင့် ဖြစ်သည်။ သူက မြေပြင်ကို လက်ညှိုးနှင့် ထိကြည့်လိုက်ပြီး မည်သည့်ခြေရာလက်ရာမှ မတွေ့ရသည့်အတွက် မတ်တပ်ရပ်လိုက်၏။

ထိုနေရာတွင် တိတ်ဆိတ်နေပြီး မိုးများ ရွာကျနေသည်။ လူလည်း တစ်ယောက်မျှ မရှိတော့ပေ။

ကျန်းဟန်ချွန်ကတော့ အနည်းငယ် စိတ်အေးသွားခဲ့၏။ သူက သစ်သားတံတားပေါ်တွင် အေးအေးဆေးဆေး လျှောက်လာပြီး စံအိမ်ကို ဖြတ်ကျော်၍ ထွက်ပေါက်ဆီကို ရောက်လာခဲ့သည်။

မည်သူကမျှ သူ့ကို ပုန်းအောင်းတိုက်ခိုက်နေခြင်း မရှိသည့်အတွက် သူတို့က သံသရာတံဆိပ်၏ လျှို့ဝှက်ချက်ကို သိပုံမရပေ။ သူက သက်ပြင်းချလိုက်ပြီး အပြင်သို့ ထွက်လာခဲ့၏။

ကောင်းကင်ကြီးပေါ်တွင် တိမ်တိုက်များ လှုပ်ရှားနေပြီး အလွန်လှပသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ကျန်းဟန်ချွန်က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရုတ်တရက် အောက်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။ အစိမ်းရောင်ကျောက်တုံးကြီး၏ ပတ်ပတ်လည်တွင် ရှိနေသော ရွှံ့များကို တူးထုတ်ထားပြီး အောက်ဘက်ရှိ မြစ်ကြီးနှင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။

"သွားပြီ …"

ကျန်းဟန်ချွန်က ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူက လမ်းတဝက်မှ ပြန်လှည့်ရန် ခက်ခဲနေသည့်အတွက် ထွက်ပြေးရန်သာ ဆုံးဖြတ်လိုက်သည်။

သို့သော် ရေများက သူ၏ ခြေကျင်းဝတ်ပေါ်ကို ကျော်လာခဲ့သည်။ ထိုရေများက အနည်းငယ် လှုပ်ရှားသွား၏။ ထိုအရာက ဆိုးရွားသော သင်္ကေတတစ်ခုဖြစ်ကြောင်း ကျန်းဟန်ချွန်က သိနေသညိ။

ထိုအချိန်တွင် သူက ရုတ်တရက်ဆိုသလို အနက်ဝတ် လူငယ်လေး တစ်ယောက်ကို မြင်လိုက်ရ၏။ သူ့ပုံစံက ချောမောခန့်ညားပြီး လက်ထဲတွင်တော့ ဓားတစ်ချောင်းကို ကိုင်ထားသည်။ သူက အပြုံးနှင့်ပြောလိုက်၏။

"အစ်ကိုကျန်း …

ကျွန်တော်က အစ်ကိုကျန်းကို အချိန်အကြာကြီး တလေးတစား စောင့်နေခဲ့ရတာ …"

Translated by Hein Htet

All Chapters