ကိုးလက်မ ဝိညာဥ်အမြစ်
Vol. 1-8 Ch. 95
ဝမ်ပေါင်လဲ့မှာ အလွန်လျင်မြန်စွာ တိုက်ခိုက်လိုက်သောကြောင့် ဟွမ်ကွေ့အပါအဝင် အခြားကျောင်းသားများမှာ ကြောင်သွားကြသည်။ ဝမ်ပေါင်လဲ့သည် လူငယ်လေး၏ လက်ချောင်းကို ဆွဲယူလိုက်ပြီး ဖြစ်ကာ အပေါ်သို့ လှန်ချိုးလိုက်သည်။ လူငယ်လေး၏ လက်ချောင်းဆီမှတဆင့် စူးရှသည့် နာကျင်ခြင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
“ အား၊ လွှတ်စမ်း၊ လွှတ်စမ်း ”
လူငယ်လေးက ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ သူသည် ဘဝတစ်လျှောက်လုံး ဤသို့သော အတွေ့အကြုံမျိုး မခံစားရဖူးသောကြောင့် သူ့အော်သံမှာ အလွန်တရာ သနားစရာ ကောင်းလှသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကြောင့် တွန့်လိမ်လာသည်။
ဝမ်ပေါင်လဲ့က ဟွန့်ခနဲ ထေ့ငေါ့လိုက်သည်။ သူသည် မည်သူ့ကိုမျှ မထိဘဲ သိုသိုသိပ်သိပ်နေနေသည်။ သို့တိုင်အောင် ဤလူငယ်က အကြောင်းရင်း ရေရေရာရာ မရှိဘဲ သူ့ထံလာပြီး နှိမ့်ချလှောင်ပြောင်သည့် စကားများဖြင့် ရန်စနေသည်။
ဤအဖြစ်ကို သူ သည်းမခံနိုင်ပေ။ သူက မျက်လုံးပြူးကြည့်ကာ အော်ဟစ်လိုက်သည်။
“ မြန်မြန်လုပ်စမ်း၊ တခြားကျောင်းသားတွေ မှော်ဝင်နယ်မြေထဲကို ဝင်နေကြပြီ။ ငါ့ကို အဖေခေါ်စမ်း ”
ထိုလူငယ်၏ မျက်နှာမှာ ဖြူဖျော့နေပြီး ရုန်းကန်ချင်နေသည်။ သို့တိုင် ဝမ်ပေါင်လဲ့၏ ဆုပ်ကိုင်မှုမှာ ပြုတ်တူအလား မြဲမြံလှသည်။ သူ့အဆစ်များမှာ ခံနိုင်ရည် မရှိတော့သဖြင့် လူငယ်လေးမှာ သူလှုပ်လိုက်တိုင်း နာနေပြီး မရုန်းနိုင်တော့ပေ။
ထိုအခါကျမှ ကျောင်းသားအားလုံး သတိဝင်လာကြသည်။ သူတို့က မျက်လုံးပြူးကာ ကြောင်ကြည့်နေမိခဲ့ကြသည်။ ဝမ်ပေါင်လဲ့၏ တိုက်ကွက်မှာ မြန်လွန်းလှပြီး ထိုလူငယ်လေး၏ အော်သံမှာ ကူကယ်ရာမရှိ သနားစရာ ကောင်းလှသည်။
မှော်ဝင်နယ်မြေဝင်ပေါက်နှင့် နီးနေပြီဖြစ်သည့် ရှေ့မှ ကျောင်းသားတချို့ပင် အသံကြားကာ လှည့်ကြည့်လိုက်ကြသည်။ ထိုအခိုက် စကားပြောသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ ရန်ဖြစ်နေကြတယ်ဟေ့”
“ ဒီကောင်တွေ စိတ်မထိန်းနိုင်ကြတော့ဘူးလား။ မှော်ဝင်နယ်မြေထဲတောင် မဝင်ရသေးဘူး ”
ထိုကိစ္စကို ပြောနေကြစဉ် သမင်ဖြူတာအိုကျောင်းခွဲမှ ကျောင်းသားများက သူတို့ကျောင်းမှ လူတစ်ယောက် အရိုက်ခံနေရသည်ကို မြင်ကာ မခံမရပ်နိုင် ဖြစ်သွားကြသည်။ သူတို့က လျှောက်ထွက်လာပြီး ဝမ်ပေါင်လဲ့ကို အော်ဟစ်လိုက်သည်။
“ ရပ်လိုက်စမ်း ”
“ ငါသူ့ကို သိတယ်။ သူက ကောင်းကင်တာအိုကျောင်းက ဝမ်ပေါင်လဲ့လေ။ သူ အရမ်းကို တရားလွန်နေပြီ ”
သမင်ဖြူတာအိုကျောင်းခွဲမှ ကျောင်းသားများက ရှေ့ထွက်လာစဉ် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများကလည်း အကျောမခံဘဲ ရှေ့တိုးလာကြသည်။ တခဏအတွင်း မှော်ဝင်နယ်မြေ၏ ဝင်ပေါက်အပြင်ဘက်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
“ သမင်ဖြူတာအိုကျောင်းခွဲနဲ့ ကောင်းကင်တာအိုကျောင်းတို့ ရန်ဖြစ်ကြတော့မယ်။ ငါ သမင်ဖြူတာအိုကျောင်းခွဲကို အမြင်ကပ်နေတာ တော်တော်ကြာပြီ။ သူတို့က ပါမောက္ခတွေကို အမြဲတမ်း ဖားပြီးတော့ တခြားတာအိုကျောင်းက လူတွေဆို အထင်သေးကြတာ။ ဝမ်ပေါင်လဲ့၊ ငါ မင်းကို ထောက်ခံတယ်ဟေ့ ”
“ ဟားဟား၊ ငါကြားဖူးတာတော့ အရင်တုန်းက မှော်ဝင်နယ်မြေ ဖွင့်တိုင်း တာအိုကျောင်းလေးကျောင်းက တိုက်ခိုက်ကြတယ်တဲ့။ ဒီတစ်ခါတော့ ငါတို့ အပြင်ဘက်မှာပင် တိုက်ခိုက်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ငါတို့အားလုံး မှော်ဝင်နယ်မြေထဲကို ရောက်သွားရင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းမယ်ထင်တယ် ”
ကျောင်းသားများက တစ်ယောက်နှင့် တစ်ယောက် ရန်စ ကြုံးဝါးကာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြစဉ် တာအိုကျောင်းများမှ ဆရာများနှင့် ကျင့်ကြံသူများက မျက်နှာပျက်သွားကြသည်။ ကောင်းကင်တာအိုကျောင်းတော်မှ သမားတော်အိုကြီးက မျက်ခုံးတွန့်ကာ အော်ဟစ်လိုက်သည်။
“ တော်စမ်း၊ မင်းတို့ အားလုံး အားယားနေကြတာလား။ မှော်ဝင်နယ်မြေထဲကို ချက်ချင်း ဝင်ကြစမ်း ”
သမားတော်ကြီးက စကားပြောစဉ် သူ့ဘေးမှ ထိုင်နေသည့် သမင်ဖြူတာအိုကျောင်းခွဲ ပါမောက္ခဖြစ်သည့် သက်လတ်ပိုင်း လူကလည်း အော်လိုက်သည်။ သူ့အကြည့်မှာ အားအပြည့်ဖြစ်ပြီး သူ့အသံမှာလည်း မိုးကြိုးသွားအလား ကျောင်းသားများ ကြားတွင် ဟိန်းထွက်သွားသည်။
“ တစ်ယောက်ယောက် စတိုက်တာနဲ့ မှော်ဝင်နယ်မြေ စမ်းသပ်ပွဲကို ဖျက်သိမ်းပစ်မှာ ”
ပါမောက္ခနှစ်ယောက်တို့ တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်မှ မှော်ဝင်နယ်မြေ အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲ ဖြစ်နေခြင်းများ ငြိမ်ကျသွားသည်။ ဝမ်ပေါင်လဲ့က သမင်ဖြူတာအိုကျောင်းခွဲမှ လူငယ်ကို စိုက်ကြည့်ကာ လက်လွှတ်လိုက်သည်။
ထိုအခိုက် လူငယ်လေး၏ နဖူးမှာ ချွေးသီးချွေးပေါက်များဖြင့် စိုရွှဲနေသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး ချက်ချင်းပင် နောက်ဆုတ်သွားသည်။ သူသည် ဝမ်ပေါင်လဲ့ကို မုန်းတီးစွာ ကြည့်လိုက်ပြီး မှော်ဝင်နယ်မြေထဲ၌ သူ့ကို တွေ့လျှင် အလွတ်မပေးရန် ဆုံးဖြတ်လိုက်သည်။ သူ့ကျောင်းမှ အခြားကျောင်းသားများက ဆွဲခေါ်သွားမှသာ သူက မှော်ဝင်နယ်မြေထဲသို့ ဝင်သွားသည်။
“ ရွံစရာ ကောင်းလိုက်တဲ့အကြည့်၊ ဒီကောင်က လက်စားချေချင်နေသေးတာလား ”
ဝမ်ပေါင်လဲ့က ဟွန့်ခနဲ နှာခေါင်းရှုံ့ကာ အကြည့်လွှဲလိုက်ပြီး အခြားသူများနှင့်အတူ မှော်ဝင်နယ်မြေထဲသို့ ဝင်သွားသည်။
ကျောင်းသားထောင်ချီက အိုအေစစ် မှော်ဝင်နယ်မြေထဲသို့ ဝင်သွားသောအခါ ကွင်းပြင်ထဲတွင် ရပ်နေသည့် တာအိုကျောင်းမှ လူများက ဝိညာဉ်စွမ်းအင်ကို ထိန်းညှိလိုက်ကြသည်။ မုန်တိုင်းကို ဖယ်ရှားလိုက်ပြီး သိကျွမ်းသူများကို လိုက်ရှာကာ စကားပြောကြသည်။ တချို့က ကျင့်ကြံရန် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။
ဤနေရာသည် အချိန်အကြာကြီး ဖွင့်ရန် မလိုအပ်ပေ။ လူတစ်ယောက်သည် အာနာပါနအဆင့်သို့ ရောက်သည်နှင့် အလိုအလျောက် အပြင်ဘက်သို့ ထုတ်ခံရမည် ဖြစ်သည်။ ကျောင်းသားအားလုံးနီးနီး ပြန်ရောက်လာသည်နှင့် ဤနေရာကို တစ်ကြိမ်ထပ်ဖွင့်ကာ မအောင်မြင်သည့် ကျောင်းသားများကို ထုတ်ပေးမည် ဖြစ်သည်။
ကျောင်းလေးကျောင်းမှ ပါမောက္ခများက အတူထိုင်လိုက်ကြသည်။ သူတို့က ပြုံးနေကြသော်လည်း အမှန်တကယ်တွင် တစ်ယောက်နှင့်တစ်ယောက် စိတ်ထဲမှ ယှဉ်ပြိုင်နေကြသည်။
“ ဒီတစ်ခါ လူဘယ်နှယောက် ရှစ်လက်မဝိညာဥ်အမြစ်ကို ရနိုင်မလဲ သိချင်မိတယ် ”
“ အရင်လိုပဲ ငါတို့လောင်းကြမလား ”
“ လောင်းမယ်လေ။ ရှစ်လက်မ ဝိညာဥ်အမြစ် အများဆုံး ရတဲ့သူက အနိုင်ပဲ ”
ပါမောက္ခလေးယောက်က ရယ်မောကာ စကားပြောနေကြရင်း လောင်းကြေး ပစ္စည်းများကို အသီးသီးထုတ်ကာ ဘေးကပ်ထားလိုက်ကြသည်။ ၎င်းတို့ထဲတွင် ဆေးလုံးများ၊ ပစ္စည်းများ၊ ဓမ္မအဆောင်များ ပါဝင်ပြီး မတူညီသည့် ပစ္စည်းများ ဖြစ်ကြသော်လည်း အားလုံးမှာ အလွန်တရာ အဖိုးထိုက်လှသည်။
များသောအားဖြင့် သမင်ဖြူတာအိုကျောင်းက အနိုင်ရလေ့ရှိသော်လည်း ဤတစ်ကြိမ်တွင် သမားတော်အိုကြီးနှင့် မဟာမြစ်တာအိုကျောင်းမှ ပါမောက္ခတို့က ယုံကြည်ချက် ရှိနေကြသည်။ မကြာမီ သူတို့လေးယောက်၏ အလောင်းအစားပွဲကို စတင်လိုက်သည်။
ကွင်းပြင်ထဲရှိ လူများက စောင့်ဆိုင်းနေကြစဉ် မှော်ဝင်နယ်မြေ ဝိညာဥ်အမြစ်ရွာထဲ၌ ကျောင်းသားထောင်ချီတို့မှာ ထူးဆန်းသည့် မြင်ကွင်းကြောင့် တအံ့တဩ ဖြစ်ကုန်ကြသည်။
ဝိညာဥ်အမြစ်ရွာ၏ ကောင်းကင်မှာ အပြင်ဘက်မှ ကောင်းကင်နှင့် မတူပေ။ ကောင်းကင်မှာ သက်တံ့အမြောက်အမြား စီတန်းလှည့်လည်နေသည့်အလား အရောင်စုံနေကာ ကောင်းကင်တစ်ခွင်လုံး တောက်ပနေသည်။
မြေပြင်မှာလည်း ထူးခြားနေသည်။ ကန္တာရ သဲမြေမဟုတ်တော့ဘဲ မြက်ပင်များ လွှမ်းနေသည့် အိုအေစစ်တစ်ခု ဖြစ်သည်။ အဝေးတွင် တောင်စဉ်တန်းများ၊ မြစ်များနှင့် သစ်တောများကို မြင်နေရသည်။
ထို့ထက်ဝေးဝေး ဝိညာဥ်အမြစ်ရွာ၏ အလယ်ဗဟို၌ တောင်တန်းကြီးတစ်ခု၏ ပုံရိပ်ကို မှိန်ပျပျ မြင်နိုင်သည်။ ထိုတောင်မှာ ကျောက်သားတောင်မဟုတ်ဘဲ ကျိုးပဲ့ကျလာသည့် အပိုင်းအစ တစ်ခု ဖြစ်သည်။
“ ဝိညာဥ်အမြစ်ရွာ၊ ငါ သေချာပေါက် ရှစ်လက်မဝိညာဥ်အမြစ်ကို ရအောင် ယူမယ်”
“ ငါ လွန်ခဲ့တဲ့ နှစ်နှစ်တည်းက အဆင့်မြင့်ကျွန်းကို ဝင်လို့ ရနေတာ။ ဒါပေမဲ့ ဒီနေရာ ဖွင့်ဖို့ကို စောင့်နေခဲ့တာ။ ဒီတစ်ခေါက် ငါ သေချာပေါက် ရှစ်လက်မဝိညာဥ်အမြစ်ကို ရအောင် ယူမှာ ”
ကျောင်းသားအားလုံး စိတ်လှုပ်ရှား တက်ကြွနေကြသည်။ ယခု အခွင့်အရေးမှာ ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း သူတို့အားလုံး နားလည်ကြသည်။ ဤအခွင့်အရေးကို ကောင်းစွာ အသုံးချပြီး အကျိုးအမြတ်များ ရရှိခဲ့လျှင် အနာဂတ် ကျင့်ကြံရာတွင် အခြေခံ အုတ်မြစ်ခိုင်မာသွားမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် သွေးများ ဆူပွက်လာသည့်အလား ခံစားလိုက်ရသည်။ အခြေအနေကို သုံးသပ်ပြီးနောက် လူအားလုံးလိုလို ရှေ့သို့ တဟုန်ထိုး သွားနေကြကြောင်း သတိထားမိလိုက်သည်။ တချို့မှာ တစ်ဦးတည်းသွားနေကြပြီး တချို့က သုံးဦးမှ ငါးဦးအထိ အဖွဲ့များ ဖွဲ့ကာ သွားနေကြသည်။ ခေတ္တစဉ်းစားနေပြီး သူ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအခိုက် ရုတ်တရက် သူ့ဘေးမှ လူများက အလန့်တကြား အော်လိုက်ကြသည်။
“ ကောင်းကင်ကို မော့ကြည့်လိုက်စမ်း ”
“ ဒါက.... ”
အလန့်တကြား ရေရွတ်သံများမှာ ဆက်လက် ထွက်ပေါ်လာနေပြီး ဝမ်ပေါင်လဲ့သည်လည်း ခေါင်းမော့ ကြည့်လိုက်သည်။ ကောင်းကင်တခွင် မျက်နှာမဲ့ ပုံရိပ်တစ်ခု လမ်းလျှောက်သွားလာနေသည်ကို မြင်လိုက်ရသည်။
ဤပုံရိပ်မှာ မျက်နှာမရှိသော်လည်း ပုံစံအရ ယောကျ်ားတစ်ယောက်ဟု သိနိုင်သည်။ သူ့ပုံရိပ်မှာ ပုံရိပ်ယောင်ကဲ့သို့ ဝေဝါးနေသည့်တိုင် ထိုပုံရိပ်၏ ခန္ဓာကိုယ်ထဲတွင် အမြစ်သဏ္ဍာန် အရာတစ်ခု ရှိနေသည်ကို တွေ့နိုင်သည်။
ထိုအမြစ်မှာ အလွန်ရှည်လျားပြီး ကိုးလက်မခန့် ရှိသည်။
ထိုပုံရိပ်မှာ ကျောင်းသားအားလုံးကို ထိတ်လန့်သွားစေသည့် ဖိအားတစ်မျိုးကို ထုတ်လွှတ်နေသည်။ ၎င်းပုံရိပ်မှာ ဘုရင်တစ်ပါးက သူ့ကိုယ်ပိုင်ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည့်အလား ဖြည်းညင်းတည်ငြိမ်စွာ လျှောက်လှမ်းနေသည်။ သူ၏ ဖိအားနှင့် ပေါင်းလိုက်သောအခါ ကျောင်းသားအားလုံး၏ အမြင်တွင် ထင်ရှားသိသာနေသည်။
၎င်းပုံရိပ်မှာ အားလုံးကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်နေသည်ဟု ထင်ရသည်။
“ ကိုးလက်မ.... အဲဒါ ကိုးလက်မ ဝိညာဥ်အမြစ်ပဲ”
“ မင်းမေဘ ငါတို့ ဝိညာဥ်အမြစ်ရွာထဲ ရောက်ရောက်ချင်းကို နာမည်ကျော် ကိုးလက်မဝိညာဥ်အမြစ် တွေ့လိုက်ရတာပဲ ”
“ ဝိညာဥ်အမြစ်တွေ အားလုံးက ကံကြမ္မာရေစက်ဆုံမဲ့သူကို မတွေ့ခင် မျက်နှာမရှိကြဘူး။ အား၊ နှမြောစရာပဲ။ ကိုးလက်မဝိညာဥ်အမြစ်ကို စုပ်ယူဖို့ လူတွေ အများကြီးက ကြိုးစားကြပေမဲ့ မအောင်မြင်ကြဘူး ”
ကျောင်းသားအားလုံး၏အကြည့်မှာ ကိုးလက်မဝိညာဥ်အမြစ်၏ မျက်နှာမဲ့ပုံရိပ်ဆီသို့ ရောက်သွားကြပြီး နှမြောတသ ဖြစ်နေကြသည်။ သူတို့သည် ထိုပုံရိပ် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားပြီး ဖိအားလျော့သွားမှ အကြည့်လွှဲလိုက်ကြသည်။
ဝမ်ပေါင်လဲ့မှာလည်း ရင်တဒိတ်ဒိတ် ခုန်နေပြီး အသက်ရှူသံများ မြန်နေသည်။ သို့ရာတွင် ရှစ်လက်မသည် လူသား၏ ခံနိုင်ရည်အရှိဆုံး ဖြစ်ကြောင်း နားလည်ထားသည်။ ဤကိုးလက်မ ဝိညာဥ်အမြစ်ကို ကြည့်ရုံသာ ကြည့်နိုင်ပြီး မစုပ်ယူနိုင်ပေ။
သူတို့သည် ဝင်ဝင်ချင်းမှာပင် ကိုးလက်မ ဝိညာဥ်အမြစ်ကို ကြုံတွေ့လိုက်ရသောကြောင့်လားမသိ။ သူတို့အားလုံး ပို၍ စိတ်တက်ကြွလာကြသည်။ မကြာမီ ကျောင်းလေးကျောင်းမှ ကျောင်းသားများက လူစုခွဲကာ ဝိညာဥ်အမြစ်ရွာထဲ၌ သူတို့နှင့် ရေစက်ဆုံမည့် ဝိညာဥ်အမြစ်ကို ရှာဖွေကြတော့သည်။
ကျိုးရိဖန်၊ ကျောက်ယမုန့်၊ ချန်းကျစ်ဟန်နှင့် အခြားသူများမှာ သူတို့ဘာသာ ထွက်သွားကြသည်။ ဝမ်ပေါင်လဲ့သည် တုမင်အား သူနှင့်အတူ သွားမလားဟု မေးရန် ကြံထားသော်လည်း တုမင်က သူ့ဘာသာ ထွက်သွားလေသည်။
သူတို့အားလုံးက အသီးသီး ထွက်သွားကြသည်ကို တွေ့ရပြီးနောက် ဝမ်ပေါင်လဲ့မှာ ခဏစဉ်းစားလိုက်ပြီး ဦးတည်ရာတစ်ခုသို့ လျင်မြန်စွာ ထွက်ခွာသွားသည်။
ဝိညာဥ်အမြစ်ရွာမှာ အလွန် ကြီးမားလှသည်။ ကျောင်းလေးကျောင်းမှ လူလေးထောင် ရှိနေသည့်တိုင် လူစုခွဲပြီးနောက် အခြားသူများ၏ အရိပ်အယောင်များကို မတွေ့ရတော့ပေ။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ပထမရက် ကုန်လွန်သွားသည်။
ဤတစ်ရက်တာအတွင်း တချို့ ကံကောင်းသူများက သူတို့နှင့် ရေစက်ဆုံသည့် တစ်လက်မ ဝိညာဥ်အမြစ်များကို တွေ့ကြုံရသော်လည်း အများစုမှာ ရှာဖွေနေဆဲ ဖြစ်သည်။ သူတို့၏ ဝိညာဥ်အမြစ်များကို ရှာတွေ့လျှင်ပင် တစ်လက်မ မဟုတ်လျှင် အသုံးမဝင်ပေ။ တစ်လက်မအမြစ်ကို တွေ့သည့်တိုင် ရေစက်မဆုံ၍ ဝိညာဥ်အမြစ်က သူတို့ကို မရွေးချယ်လျှင် အချည်းနှီးပင် ဖြစ်သည်။
“ငါ့ရဲ့ ရေစက် တစ်လက်မ ဝိညာဥ်အမြစ်လေးရေ၊ ဘယ်ရောက်နေလဲ ”
ထိုအခိုက် ဝမ်ပေါင်လဲ့သည် ဝိညာဥ်အမြစ်ရွာ၏ သစ်တောတွင်း တစ်နေရာ၌ မုန့်ထိုင်စားကာ စိတ်ပျက်လက်ပျက်နှင့် ပတ်ဝန်းကျင်ကို လေ့လာကြည့်နေသည်။
တစ်ရက်ကြာသွားသည့်တိုင် သူသည် ကံဆိုးပြီး အဘယ့်ကြောင့် ဝိညာဥ်အမြစ် တစ်ခုမျှ မတွေ့သည်ကို မသိတော့ပေ။ နောက်ဆုံးနည်းလမ်းအနေဖြင့် သူက အပြင်ဘက်နေရာများမှ ဝိညာဥ်အမြစ်ရွာ၏ ဗဟိုဆီသို့ ဦးတည်ကာ ရှာဖွေလိုက်သည်။
ဝမ်ပေါင်လဲ့မှာ စိတ်ညစ်ညစ်ဖြင့် သစ်တောထဲမှာ နောက်ထပ်တစ်နာရီခန့် လျှောက်နေသည်။ မွန်းကြပ်စပြုလာစဉ် ရုတ်တရက် ဝမ်ပေါင်လဲ့က ရပ်တန့်လိုက်သည်။ သစ်ပင်ကြီးတစ်ပင်အောက်တွင် မလှုပ်မယှက် လေထဲတွင် ဝဲနေသည့် မျက်နှာမဲ့ ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ပြီး မျက်လုံးပြူးသွားသည်။
မလှုပ်ရှားသည်မှာ ပြဿနာမရှိသော်လည်း ထိုပုံရိပ်ထံမှ ထူးဆန်းသည့် ရယ်သံကြီး ထွက်လာနေသည်။