← Chapters

သီချင်းသံစဉ်

Vol. 012 Ch. 1170

သီချင်းသံစဉ်

Vol. 012 Ch. 1170

အားလုံးက သောက်စားရင်း ယောင်းထိုင် တည်ခင်းဧည့်ခံပွဲ၌ သူတို့ စိတ်ဝင်စားရာ အကြောင်းအရာများကို စကားစမြည် ပြောဆိုနေကြသည်။

ထိုအချိန် စားသောက်ပွဲတွင် နတ်မိမယ်လေးများ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြ၏။ ယောင်းထိုင်ဧည့်ခံပွဲ ရှေ့ဆုံးတွင် မိန်းကလေး ခုနစ်ယောက် ထွက်ပေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် ပြိုင်ဘက်ကင်းကာ မိန်းမောစေလောက်အောင် လှသည်။

“ယောင်းထိုင်နတ်မိမယ် ခုနစ်ဖော်” လူတိုင်းက ထိုခုနစ်ယောက်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ရေရွတ်သည်။

ယောင်းထိုင်နတ်မိမယ် ခုနစ်ဖော်သည် အင်ပါယာရှားဘုံတွင် အလွန်ပင် နာမည်ကြီးသည်။ သူတို့သည် ယောင်းထိုင်သမီးတော် နေရာအတွက် ရွေးချယ်ထားခြင်း ခံရသူများဖြစ်သည်။ ထို့ကြောင့်ပင် သူတို့အားလုံးသည် ပါရမီတွင် ဖြစ်စေ ရုပ်ရည်သွင်ပြင်တွင် ဖြစ်စေ အလွန် ထူးခြားလှသည်။

နတ်မိမယ် ငါးဦးသည် ရှန့်ထိုအဆင့် ဖြစ်ကာ သူတို့ထဲမှ တစ်ယောက်သည် ရှန့်ထိုအဆင့်၏ မိမိကိုယ်ကိုယ် သိနားလည်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နတ်မိမယ်ခုနစ်ဖော်က အစီအစဉ်တကျ  ထိုင်လိုက်ကြလျှင် သူတို့၏ ဝတ်စုံများက ကြမ်းပြင်တွင် ဝေ့ဝိုက်ပုံကျနေကာ ပန်းချီကား တစ်ချပ်ကဲ့သို့ မြင်ရပေသည်။

“သူတို့ ဒီမှာ ဘာလုပ်နေကြတာလဲ” လူအများက ပဟေဠိ ဖြစ်နေကြ၏။ ထိုအချိန်၌ များပြားသည့် မိန်းကလေးများက စင်မြင့်ထက်သို့ တက်လာကြ၏။ အလယ်မှ တစ်ယောက်သည် ဖီးနစ်အမြီးအသွင် ကြမ်းပြင်ပေါ်တွင် ရှည်လျားစွာ ပုံကာဝဲကျနေသည့် ဝတ်စုံကို ဝတ်ဆင်နေသည်။ ဝတ်စုံကြောင့် သူမ၏အနီးပတ်လည်ရှိ မြေပြင်မှာ မီးတောက်များ ကခုန်နေသကဲ့သို့ ထင်မှတ်ရ၏။

ထိုမိန်းကလေးမှာ ဖီးနစ်သရဖူနှင့် ကျက်သရေရှိကာ တင့်တယ်ပြီး အလွန်လှပပေသည်။ တောက်ပနေသည့် ဖီးနစ်အမြီးအသွင် ဝတ်စုံက သူမ၏ ကောက်ကြောင်းများကို ပေါ်လွင်စေပြီး ပြည့်စုံသည့် အသွင်သဏ္ဌာန် ဖြစ်ပေါ်စေသည်။ သူမက စင်မြင့်အလယ်သို့ လျှောက်လာပြီး လူအုပ်ကြီးကို ဝေ့ဝဲကြည့်သည်။ သူမ၏ အပြုံးသည် ညှို့ငင်ဖမ်းစားနိုင်ပြီး လူအများက ထိုအပြုံးအား ငေးမောနေကြသည်။

လက်ရှိတွင် လူတိုင်းက သူမ၏ အလှအပတို့၌ ဖမ်းစားခံလိုက်ရပြီ ဖြစ်၏။ ရီဖူရှင်းလည်း မတ်တတ်ရပ်ကာ တခြားလူများကဲ့သို့ နတ်မိမယ်ကို ကြည့်သည်။ သူက ယောင်းချီသည် ထိုသို့ ကျက်သရေရှိကာ တင့်တယ်သော အလှအပရှိသည့် ပုံရိပ်ကို ဖော်ကျူးနိုင်သည်ကို အံ့အားသင့်နေမိသည်။

သူမကား အခြားသူမဟုတ် ယောင်းထိုင်နန်းတော်၏ သမီးတော် ယောင်းချီသာ ဖြစ်ပေသည်။ ထိုအခိုက်တွင် သူမသည် သူ့ကို ပြသဖူးသည့် နူးညံ့သိမ်မွေ့ခြင်းများ အားလုံး ကွယ်ပျောက်သွားပြီး သူမ၏ လက်အောက်ငယ်သားများကို စိုးမိုးနိုင်စွမ်းသော ဘုရင်မတစ်ပါးကဲ့သို့ တော်ဝင်ဆန်သည့် ကျက်သရေ တင့်တယ်မှုများသာ ရှိနေသည်။ သူမသည် မည်သူကမှ မရိုမသေပြုမူရန် မဝံ့ရဲစေသည့် တစ်စုံတစ်ယောက် ဖြစ်လာသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် ဧကရီရှောင်နှင့် ရှားရှင်းယွန်ကို အမှတ်ရမိသည်။ ထိုကဲ့သို့ အရှိန်အဝါ သဘာဝမျိုးအား သူမတို့သာ ထုတ်လွှတ်နိုင်စွမ်း ရှိသင့်ပေသည်။

သို့သော်လည်း ယောင်းချီသည် ထိုသို့တူညီသည့် စရိုက်သဘာဝကို ဆုပ်ကိုင်ထားနိုင်သည်။ သူမထံမှ ထွက်ပေါ်လာသည့် အရှိန်အဝါသည် အလွန်ပင် သဘာဝကျနေပေသည်။

ရီဖူရှင်းသာ မဟုတ်၊ လူအများသည်လည်း ယောင်းချီကို ထိုသို့ အရှိန်အဝါများ ထုတ်လွှတ်နိုင်မည်ဟု မသိခဲ့ကြပေ။ ဧည့်သည်တော်များသည် ပုံမှန်မြင်နေကျနဲ့ မတူဘဲ ကွဲပြားခြားနားကာ အင်အားပြည့်ဝသည့် ယောင်းချီ၏ အလှတွင် နစ်မျောနေကြသည်။

သူရာနန်းတော်၏ သခင်လေး ချူရှီးသည်လည်း အရှေ့ကို ရီဝေသော မျက်လုံးများဖြင့် ငေးကြည့်နေသည်။ ရှန့်ထိုတစ်ပါးအနေနဲ့ ခဏတာ မိန်းမောသွားသည့်အတွက် သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှု အခြေအနေမှာ သံသယဖြစ်စရာ ကောင်းလွန်းလှပေသည်။

သူက ယောင်းချီ၏ အလှတွင် အခြားလူများ မသိသည့် အခြားတစ်ဖက် ရှိကြောင်း သူ သိခဲ့သည်။ သူမ၏ နူးညံ့သိမ်မွေ့လှသည့် အလှအပများမှာ လောကကို လှစ်ဟပြထားသည့် လိမ်ညာ လှည့်စားသည့် အသွင်အပြင်သာ ဖြစ်သည်။ သူက ယောင်းချီကို နှစ်ပေါင်းများစွာ ပိုးပန်းခဲ့သော်လည်း ယောင်းချီနှင့် မည်သည့်အခါကမှ အမှန်တကယ် နီးစပ်ခဲ့ခြင်း မရှိပေ။ သူမ၏ ဖော်ရွေပြီး နူးညံ့သိမ်မွေ့သည့် အမူအရာတို့သည် သူမ၏ ပလွှားမောက်မာမှုကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ပြီး သူသည် သူမနှင့်ကြားက အကွာအဝေးကို သိသာစွာ ခံစားသိရှိနိုင်သည်။

သူမ၏သရုပ်မှန်က ဘာလဲ။

ချူရှီး ပြန်၍ စိတ်တည်ငြိမ်လာပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် တောက်ပသည့် အပြုံးကို မြင်နိုင်၏။ သူက ထိုသို့တွေးလျှင် ယောင်းချီ၏ အလှအပကို ပို၍ပင် နှစ်သက် စွဲမက်လာတော့သည်။ ဤကဲ့သို့ အမျိုးသမီးကသာ သူ၏အာရုံစိုက်ခံရမှုနှင့် ထိုက်တန်လေသည်။

သူသည်သာ သူမကို နားလည်နိုင်စွမ်း ရှိပေသည်။

ယောင်းချီက စင်မြင့်ပေါ်တွင် ထိုင်ချလိုက်သည့်အတိုင်း သူမ၏ ဝတ်စုံက မြေပြင်တွင် ဝဲကာပုံကျနေသည်။ ရှန့်ထိုအဆင့် နတ်မိမယ်နှစ်ဦးက သူမ၏ ဘေးတစ်ဖက်စီ၌ ရပ်နေသည်။

ထိုမြင်ကွင်းက ယောင်းထိုင်နန်းတော်တွင် ယောင်းချီ၏ အဆင့်အတန်းကို ပို၍ နားလည်လာစေသည်။

သူမသည် ယောင်းထိုင်နန်းတော်၏ သမီးတော်ဖြစ်သော်လည်း သူမ၏ ကျင့်ကြံမှုက အားနည်းနေပြီး ရှန့်ထိုတစ်ပါး ဖြစ်လာရန် လိုအပ်နေဆဲ ဖြစ်သည်။ သူမ၏ အဆင့်အတန်းက သမီးတော် ဖြစ်နေလျှင်ပင် သူမ၏ စီနီယာရှန့်ထိုများ ရှေ့တွင် ထိုသို့ပြုမူ ဆက်ဆံသည်မှာ မဖြစ်သင့်ပေ။

သို့သော်လည်း ထိုအခိုက်တွင် အရာအားလုံးက သဘာဝကျကျ ဖြစ်ပျက်နေသည်ဟု ထင်ရပြီး သူမက ထိုသို့သော အနေအထားကို ခံယူထိုက်သည့် အဆင့်အတန်းဟု ထင်မြင်ရပေသည်။

ဆိုလိုသည်မှာ သမီးတော်ယောင်းချီသည် ယောင်းထိုင်နန်းတော်၏ နောင်လာမည့် အရှင်သခင်အဖြစ် ရွေးချယ်ခံထားရပြီး ထိုဆုံးဖြတ်ချက်မှာ ပြန်မပြောင်းတော့ဟု အဓိပ္ပာယ်ရလေသည်။ အနောက်ဘက်ဒေသ၏ အရှင်မက ပွဲတော်ကို မလာရောက်သည့်အတွက် သူမသည် ယောင်းထိုင်နန်းတော်၏ ဘုရင်မပင် ဖြစ်သည်။

ရီဖူရှင်း၏ အတွင်းစိတ်ထဲတွင် ပေါ်လာသော အကြောင်းအရာ တချို့ကြောင့် အနည်းငယ် တုန်လှုပ်နေသလို ခံစားရသည်။ ထိုမြင်ကွင်းသည် သူ့ကို အတော်လေး ထိတ်လန့်စေလေသည်။

ယောင်းချီသည် မနေ့က သူရှိရာ ကျွန်းသို့ ပထမဆုံးအကြိမ် လာလည်ခဲ့ခြင်း ဖြစ်သည်။ သူမသည် နူးညံ့လှပပြီး ကု့ချင်းတီးခတ်ရသည်ကို နှစ်သက်သော အေးဆေးတည်ငြိမ်သည့် မိန်းမပျိုလေး ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူမသည် ထူးကဲသာလွန်လှပြီး ဘုရင်မတစ်ပါးသဖွယ် ထင်မြင်ရပေသည်။

နှိုင်းယှဉ်ကြည့်လေ သိသာစွာ ကွဲပြားလေ ဖြစ်သည်။

ထို့အပြင် ယောင်းချီသည် သူ့အနားတွင် ရှိနေသည့်အချိန်၌ ထိုတစ်ဖက်ခြမ်းကို ပြသခြင်း မရှိခဲ့ပေ။ သူမ၏ အဆင့်အတန်းက ဤမျှလောက် မြင့်မားသည်ကိုပင် သူ မသိရှိခဲ့ပေ။

စင်မြင့်ပေါ်မှ နေရာသည် အနောက်ဘက်ဒေသ အရှင်မ၏ ထိုင်ခုံနေရာဖြစ်ကာ  ယောင်းထိုင်နန်းတော်၏ သခင်မဖြစ်သည့် သူသာ ထိုင်သင့်သော နေရာဖြစ်သည်။

ယနေ့တွင် အနောက်ဘက်ဒေသ အရှင်မက ပွဲတော်သို့ လာရောက်ရန် ပျက်ကွက်ခဲ့ပြီး ယောင်းချီက ထိုနေရာတွင် ထိုင်နေ၏။

ထိုအဓိပ္ပာယ်မှာ ယောင်းချီသည် ယောင်းထိုင်နန်းတော် အတွင်းတွင် အနောက်ဘက်ဒေသ အရှင်မကိုယ်စား ပြောရေးဆိုခွင့် ရှိသူ ဖြစ်သည်ဟု ဆိုလိုသည်။

“ကျွန်မ ယောင်းချီက အားလုံးကို ယောင်းထိုင်နန်းတော်ကို ဖိတ်လိုက်တဲ့သူပါ။ ယောင်းထိုင်နန်းတော်မှာ အားလုံးကို တွေ့ခွင့်ရတာ ကျွန်မရဲ့ ကံကောင်းခြင်းပါပဲ” သူမက တက်ရောက်လာသူများကို ရည်ညွှန်း၍ ပြုံးကာ ပြောသည်။

ဤတည်ခင်း ဧည့်ခံပွဲကို အနောက်ဘက်ဒေသ အရှင်မက ကျင်းပခြင်း မဟုတ်ဘဲ ယောင်းချီက စီစဉ်ကျင်းပခြင်း ဖြစ်သည်ကို လူအုပ်ကြီးက နားလည်လိုက်၏။

သူတို့၏ ခန့်မှန်းချက် အတိုင်းပင် ယောင်းချီက အနောက်ဘက်ဒေသ အရှင်မအား ကိုယ်စားပြုနိုင်သည်။ သူမက ယောင်းထိုင် တည်ခင်းဧည့်ခံပွဲကိုပင် သူမ ကိုယ်တိုင် ဦးဆောင်ကျင်းပနိုင်စွမ်း ရှိသည်။

သို့ဆိုလျှင် အနောက်ဘက်ဒေသ အရှင်မ အဘယ်ကြောင့် ပေါ်မလာသည်ကို အံ့ဩစရာ မဟုတ်တော့။

“ယောင်းထိုင် တည်ခင်းဧည့်ခံပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က ဘာများလဲ ကျုပ် သိခွင့်ရှိမလား  ... နတ်မိမယ်” ထန်ကျိနန်းတော်၏ မိုဝမ်က မေးသည်။ အင်ပါယာရှားဘုံတွင် ပျံ့နှံ့နေသည့် ကောလာဟလများမှာ ယောင်းထိုင်တည်ခင်းဧည့်ခံပွဲ ကျင်းပခြင်းသည် ယောင်းချီအတွက် တာအိုလက်တွဲဖော် ရွေးချယ်ရန် ဖြစ်သည်ဟု ဆိုသည်။ သည်ပွဲကို ကိုယ်တိုင် ကျင်းပရခြင်းမှာ အမှန်တကယ်ပင် သူမ၏ လက်တွဲဖော်ရွေးချယ်ဖို့ အတွက်လား ဆိုသည်ကို လူအများက သိလိုကြသည်။

မိုဝမ်၏ မေးခွန်းကို ကြားသည့်အခါ လူအများသည် စိတ်ဝင်စားမှုကြီးစွာနှင့် ယောင်းချီကို ကြည့်လိုက်ကြသည်။

ထိုအခိုက်တွင် အားလုံးက စိတ်လှုပ်ရှားရ၏။ မည်သူမဆို သူမကို လွှမ်းမိုးနိုင်စွမ်းရှိပါက ယောင်းထိုင် တည်ခင်းဧည့်ခံပွဲတွင် လွှမ်းမိုးနိုင်စွမ်း ရှိလိမ့်မည်။

ယောင်းထိုင်နန်းတော်၏ သမီးတော်သည် အနာဂတ်တွင် နန်းတော်သခင်မ ဖြစ်လာရန် သတ်မှတ်ထားပြီးပုံ ရသည်။

“ရှင်တို့အားလုံးကို သီချင်းတစ်ပုဒ် နားထောင်စေချင်ပါတယ်” ယောင်းချီက ပြောသည်။

ထိုစကားက လူအများကို ပဟေဠိဖြစ်စေသည်။ သီချင်းတဲ့လား။

ယောင်းချီက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

ယောင်းထိုင် တည်ခင်းဧည့်ခံပွဲသည် ယောင်းထိုင်နန်းတော်တွင် ကျင်းပသည့် ပွဲတော်ကြီး ဖြစ်သည်။ အခုကြည့်ရသည်ကတော့ သူမအတွက် အင်ပါယာရှားဘုံ တစ်ခုလုံး၏ ပါရမီရှင်များကို ဖိတ်ကြားသည်မှာ အနည်းငယ် ပေါ့တန်တန်နှင့် ဖြစ်ကတတ်ဆန်း နိုင်နေသည်။

“ဘာသီချင်းများလဲ” ချူရှီးက မေးသည်။

ဘာသီချင်းမျိုးမို့လို့ ယောင်းချီက ယောင်းထိုင် တည်ခင်းဧည့်ခံပွဲအထိပါ ကျင်းပရတာလဲ။

“ဒီသီချင်းကို ဆရာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ရရှိခဲ့တာပါ။ အင်ပါယာရှားဘုံမှာတော့ ကြားရခဲပြီးတော့ ရှင်တို့ စိတ်မပျက်စေရဘူးလို့ အာမခံပါတယ်” ယောင်းချီက အပြုံးလေးနှင့် ပြောလိုက်ကာ အများ၏ စိတ်ဝင်စားမှုကို သိမ်းပိုက် လိုက်နိုင်သည်။

ယောင်းချီ၏ အသံအနေအထားအရ သည်သီချင်းက သာမန်ထက် ထူးကဲလှသည့် သီချင်းတစ်ပုဒ် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ယောင်းချီက ဤသီချင်းသည် အင်ပါယာရှားဘုံတွင် ကြားရခဲ့သည်ဟု ဆိုသည်။

ဆိုလိုသည်မှာ  အချို့သော လူအနည်းငယ်သာ ယခင်က သည်သီချင်းကို နားထောင်ဖူးကြသည်။

“နတ်မိမယ်က ဒီလိုပြောတယ် ဆိုမှတော့ ကျုပ်က တကယ်ကို စိတ်ဝင်စား နေပါပြီ” ပန်းပေါင်းစုံတောင်ကြား သခင်လေးက ပြုံးကာ ပြောသည်။ သူက သူမတူအောင် ချောမောလှသည်။ သူ့အပြုံးကလည်း လူအများကို ညှို့ယူဖမ်းစားနိုင်၏။

“ဒါပေမဲ့ သီချင်းက နည်းနည်း ထူးခြားတာမို့လို့ စိတ်မပူဘဲ စားသောက်ပွဲကို အရင်ဆုံး ဆင်နွှဲလိုက်ကြပါ။ နောက်မှ သီချင်းကို တီးခတ်ပြပါ့မယ်။ မဟုတ်ရင် အားလုံးရဲ့ စားသောက်ပွဲက ပျော်ရွှင်မှုကို လုယူလိုက်သလိုဖြစ်ပြီး ဒီကိုရောက်လာရတဲ့ ဖိတ်ခေါ်ချက်က အလဟဿ ဖြစ်သွားမှာ စိုးမိပါတယ်” ယောင်းချီက ဆက်ပြောသည်။

လူစုကြီးက ပို၍ပင် သိလိုစိတ် ပြင်းပြသွားကြသည်။

သီချင်းက ထူးကဲသည်လား။

သူမ ပြောသည် သူတို့ထဲက တချို့လူများမှာ သည်သံစဉ်၏စွမ်းအားကို ခံနိုင်ရည်မရှိဟု ဆိုလိုသည်လား။

အင်ပါယာရှားဘုံတစ်ခွင်မှ လူအုပ်ကြီးမှာ ပို၍ပင် သိလိုစိတ်များ ပြည့်နှက်လာသည်။ သူတို့ထဲက လူအများစုမှာ ရှန့်ထိုအဆင့်သို့ ရောက်ရှိနေပြီးသား ဖြစ်သည်။ သူမက ထိုသို့ပြောလျှင် သူတို့၏ သိလိုက်စိတ်အာသီသမှာ ပိုပြင်းထန်လာသည်။

“ကျွန်တော်တို့ကို မစောင့်ခိုင်းပါနဲ့တော့ နတ်မိမယ်ယောင်းချီ  ... ကျေးဇူးပြုပြီး တီးခတ်ပါတော့” လူအုပ်ထဲမှ တစ်ယောက်က ပြောသည်။

သူတို့ထဲမှ ဘယ်သူကမှ ယောင်းထိုင်နန်းတော်ကို စားသောက်ရန် သက်သက်နှင့် လာရောက်ကြသူများ မပါရှိပေ။

သည်သီချင်းက ယောင်းချီ၏စမ်းသပ်ချက် ဖြစ်နိုင်မလား။

“ဟုတ်တယ် ... တီးခတ်ပါတော့ ... နတ်မိမယ်” တစ်ယောက်က ပြုံးကာ ပြောသည်။

ရှားလွင်က ယောင်းချီကို တိတ်တဆိတ်သာ ကြည့်နေ၏။

အင်ပါယာရှားဘုံ၏ မင်းသားတစ်ပါး ဖြစ်နေလျှင်ပင် သူက သည်နေ့မှာ သိပ်အလေးထားမှုကို မရရှိပေ။ ယမန်နေ့က သူ့အား နတ်မိမယ်လေးများ လာရောက် ကြိုဆိုသည်ကလွဲလျှင် ယောင်းချီက သူ့ကို ထူးထူးခြားခြား တစ်ချက်မျှပင် မကြည့်ခဲ့။

ယောင်းထိုင်နန်းတော်တွင် သူ၏ အဆင့်အတန်းမှာ အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံရသင့်သော်လည်း ထိုသို့ ဖြစ်မလာခဲ့။

သို့သော်လည်း သူက များစွာ ဂရုမစိုက်နေဘဲ တည်ငြိမ်စွာပင် ရှိနေ၏။

တစ်ဖက်တွင် သူက ယောင်းထိုင် နန်းတော်သို့ ပျော်ပွဲဆင်နွှဲရန် လာရောက်ခြင်း မဟုတ်ပေ။

ယောင်းချီက လူအုပ်၏ သြဘာပေးသံကို ကြားလျှင် ပြုံး၍ ပြောသည် … “ဒီလိုဆိုမှတော့ ကျွန်မ စလိုက်ရတော့မလား”

“စ လိုက်ပါတော့ နတ်မိမယ်” လူတိုင်းက ခေါင်းညိတ်သည်။

ယောင်းချီက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကု့ချင်းက သူမအပြင် သူမရှေ့မှ နတ်မိမယ် ခုနစ်ဖော်ရှေ့တွင် ထွက်ပေါ်လာသည်။

နတ်မိမယ်ခုနစ်ဖော်ကလည်း တစ်ချိန်တည်းတွင် တီးခတ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။

“စလိုက်ကြရအောင်” ယောင်းချီက ပြောသည်။ သူမ အမိန့်ပေးပြီးနောက် ဂီတသင်္ကေတများကို စတင် တီးခတ်လိုက်ကြပြီး ခုနစ်ယောက်ထဲမှ အလယ် တစ်ယောက်သည်လည်း ကြိုးများကို ထိတွေ့ကာ အခြားလူများနှင့်အတူ ဆက်လက် တီးခတ်သည်။

သံစဉ်က ကခုန်နေပြီး ပွဲလာပရိသတ်၏ နားအတွင်းသို့ စိမ့်ဝင်သွားသည်။ တေးသွားတွင် ဝိညာဉ်စွမ်းအားများ ပါဝင်နေ၏။

သံစဉ်က ညင်သာပြီး သက်သောင့်သက်သာ ရှိကာ ကြားရသည်ကို ကြည်နူး နှစ်သက်စေသည်။ အလွန် လှပသည့် ပန်းချီကားတစ်ချပ်ထဲသို့ ဝင်ရောက်သွားသလို ခံစားလိုက်ကြသည်။ သူတို့က လောကအပြင်ဘက် တစ်နေရာတွင် တစ်ယောက်တည်း ထိုင်နေသလိုပင် ဖြစ်သည်။ ထိုနေရာတွင် စီးဆင်းနေသည့် ရေနှင့် တံတားလေး ရှိသည်။ အလှကလေးများမှာ ထိုနေရာတွင် ဂီတကို တီးခတ်နေကြသည်။ အရာအားလုံးက သက်သောင့်သက်သာ ရှိပြီး သူတို့သည် မိန်းမောနေကာ ခံစားချက်၌ နစ်မြုပ်နေကြသည်။

ရီဖူရှင်းသည် သူ့ကိုယ်သူ ပန်းချီတစ်ချပ်အတွင်း၌ ရှာဖွေတွေ့ရှိသည်။ သူက ပွဲကြည့်စင်မြင့်ထက်တွင် မှီထိုင်နေပြီး သူ့အနီးရှိ ထိုနေရာတွင် တောင်တန်းများနှင့် မြစ်များ ရှိကာ ခံစားချက်ကို လန်းဆန်းနေစေသည်။ ဂျီယူ၏ ပုံရိပ်က သူ့ရှေ့တွင် ပေါ်လာသည်။ သူမ၏ အပြုံးက သူ့ဝိညာဉ်ကိုပင် တသိမ့်သိမ့် တုန်စေသည်။

ထိုပုံရိပ်က သိပ်ကို လှပပြီး တစ်စုံတစ်ယောက်ကို ဤနေရာ၌ ထာဝရ နေလိုစိတ်ဖြစ်ရန် ဆွဲဆောင်နိုင်သည်။

“ပုံရိပ်ယောင်” ထိုအတွေးက ရီဖူရှင်း၏ စိတ်ထဲတွင် ဖြတ်သွားသည်။ သူက သူ၏ အာရုံများကို အလျင်အမြန် ပြန်လည် စုစည်းသည်။ ထိုသံစဉ်က နားဆင်သူတို့ကို ထူးဆန်းသည့် နယ်မြေသို့ ပို့ဆောင်လိုက်ပြီး သူတို့သည် ထိုနယ်မြေအတွင်းသို့ လိုလိုလားလားပင် ဝင်ရောက်သွားသည်။ နားဆင်သူသည် ထိုသံစဉ်ကို ကြားသည်နှင့် သူတို့၏ ခံစားချက်များကို လှုပ်နှိုးကာ အိပ်မက်နယ်မြေထံသို့ ခေါ်ဆောင် သွားတော့သည်။

ထို့အပြင် ထိုစိတ်ကူးယဉ် အိပ်မက်နယ်မြေသည် သူတို့၏ အတွေးခံစားချက်များ အပေါ်တွင် အခြေခံပြီး ဖန်တီးထားခြင်းကြောင့် တစ်ယောက်နှင့်တစ်ယောက် တွေ့ကြုံရသည်မှာလည်း ကွဲပြားပေသည်။

ဂီတသံစဉ်က ဆက်လက် ကခုန်နေပြီး နားဆင်သူတို့၏ ဝိညာဉ်အသိများက တဖြည်းဖြည်း နစ်မြုပ်လာကာ သတိမပြုမိပါဘဲနှင့် သူတို့၏ ခံစားမှုများ နိုးထလာကြသည်။

တချို့လူများမှာ သူတို့ မသိလိုက်ပါဘဲနှင့် စိတ်ခံစားချက်များထဲတွင် ကောင်းကောင်း နစ်မြုပ်နေကြသည်။ ရီဖူရှင်းလည်း တစ်ခဏမျှ ထိုသို့ ဖြစ်ခဲ့ကာ သတိထားမိလိုက်သည့် အချိန်မှာတော့ သူက မျက်မှောင်ကြုတ်သည်။

ယင်းကား ဆန္ဒဖြစ်သည်။ ထိုသံစဉ်က နားဆင်သူတို့၏ စိတ်ဆန္ဒကို တိုးမြင့်လာစေသည်။

သူက စတင်ကာ ခံနိုင်ရည် ရှိလာသော်လည်း သံစဉ်၏ အသံက ကြမ်းတမ်းကာ မြင့်တက်လာသည်။ ဂီတတီးလုံးတိုင်းက နားထောင်သူတို့၏ ဆန္ဒတို့ လောင်ကျွမ်းလာစေရန် ရည်ရွယ်ထားပုံရ၏။

လူအများ၏ မျက်ဝန်းများက ပြောင်းလဲသွားသည်။ ထိုအခိုက်၌ နတ်မိမယ်အဖွဲ့သည် လူတိုင်း၏ ရှေ့သို့ ရောက်ရှိလာသည်။ နတ်မိမယ် တစ်ဦးချင်းစီသည် ညှို့ငင်ဆွဲဆောင်နိုင်သည့် ဝတ်စုံများ ဝတ်ဆင်ထားပြီး ညို့ငင်သည့် အပြုအမူများဖြင့် စတင် ကပြကြသည်။ သူတို့၏ စွဲမက်ဖွယ် လှုပ်ရှားမှုများက လူအများ၏ မျက်လုံးများတွင် တပ်မက်မှုများ ဖြစ်ပေါ်လာပြီး သူတို့၏ တက်မက်မှုဆန္ဒများ အပေါ်တွင် အရှုံးပေးပြီး သူတို့ကိုယ်သူတို့ ပုံရိပ်ယောင် နယ်မြေအတွင်းသို့ နစ်မြုပ် သွားစေတော့သည်။

သံစဉ်က ရီဖူရှင်း၏ စိတ်အတွင်းသို့ တိုးဝင်လာသည်။ သူသည်လည်း အလွန်ပင် ညှို့ငင်နိုင်စွမ်းရှိသည့် စွဲမက်ဖွယ် အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ သူသည် ဂျီယူ၏ ပုံရိပ်က သူ့ထံသို့ လျှောက်လာနေသည်ကို မြင်လိုက်ရသောအခါ သူ ပြုံးလိုက်မိသည်။ သူသည် မိန်းကလေးဆန်စွာ ဝတ်စားထားသည့် ရှားရှင်းယွန်ကို မြင်သည့်အခါ အံ့အားသင့်မှုကြောင့် မတ်တတ် မေ့သွားတော့၏။ သူက အလွန်ပင် ညှို့မြှူနိုင်ပြီး ဆွဲဆောင်မှု ရှိလှသည့် ယောင်းချီက သူ့အနားသို့ တိုးကပ်လာသည်ကိုလည်း မြင်လိုက်ရသည်။

ထို့အပြင် အရှေ့ဘက်ပြည်နယ်၏ နံပါတ်တစ် အလှပိုင်ရှင် ဖြစ်သော ကျက်သရေရှိလှသည့် မှန်နန်းသခင်ကိုပင် တွေ့လိုက်ရသည်။ သူမကို ကြည့်ရသည်မှာ အလွန့်အလွန်ကို လှပပြီး မူးမေ့ရီဝေ သွားစေနိုင်သည်။

မိန်းကလေးများသည် ကိုယ်တိုင်ပင် သူ့လက်မောင်းတွင်းသို့ တိုးဝင်လာကြသည်။ သူသည် ထိုလှပသည့် ပုံရိပ်နွံတွင်း ဆက်လက်၍ ခြေလှမ်းရန် ဆန္ဒရှိလာသည်။

သူ့ဝိညာဉ်အသိတို့က ခုခံနိုင်စွမ်းတို့ကို လက်လျှော့တော့မည့်ပုံ ပေါ်လာသည်။ သူ့သွေးတို့က ဆူပွက်လာ၏။ သံစဉ်က ဆက်လက် တီးခတ်နေဆဲ ဖြစ်ကာ ဂီတနုတ်တိုင်းက သူ၏ ခုခံနိုင်စွမ်းအသိများကို ချေမွနေကာ ကိုယ့်အသိစိတ်ကို ဆုံးရှုံးခွင့် ပြုလိုက်စေတော့မည့် ပုံပေါ်လာသည်။

“တကယ့်ကို ကြောက်စရာကောင်းတဲ့ သံစဉ်ပဲ” ရီဖူရှင်း စိတ်အတွင်းမှာ အတွေးတစ်ချက် ဖြတ်ကာ ပေါ်လာသည်။

ရီဖူရှင်း၏ ဘေးမှ ရှားလွင်သည်လည်း အပြင်းအထန် ရုန်းကန်နေရသည်။ သူက ဤသီချင်းမှာ အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ် ဖြစ်မည်လားဟု တွေးမိနေ၏။

***

All Chapters