ခေတ်တစ်ခေတ်၏ပြောင်းလဲတိုးတက်မှု
Vol. 95 Ch. 1327
အခန်း (၁၃၂၇) ခေတ်တစ်ခေတ်၏ပြောင်းလဲတိုးတက်မှု
“ကိစ္စတစ်ခုက ရှင့်ရဲ့မေးခွန်းအတော်များများကို ဖြေရှင်းပေးလိုက်နိုင်တယ် ဟုတ်လား”
လင်ချင်းက ကောင်းဟန်ကိုကြည့်ရင်း မေးလိုက်သည်။
ကောင်းဟန်က ပြုံးလိုက်ရင်း...
"ငါမသိတာတွေအများကြီးရှိတယ်ဆိုတော့ မေးခွန်းတွေရှိတာက ပုံမှန်ပဲလေ”
လင်ချင်းက သူ့ကိုကြည့်လိုက်ပြီး ခေါင်းခါယမ်းလျှက် နှုတ်ဆိတ်နေလိုက်သည်။ သူမက အနည်းငယ် အံ့အားသင့်ဟန်ရှိသည့်တိုင် စိတ်ဝင်စားဟန်တော့ မပြပေ။
သူမက...
“တောင်ပိုင်းချန်စန်းဧကရာဇ်က ရန်ကျောက်ကဲ ဒါမှမဟုတ် တာအိုရောင်းရင်း’ချန်’ တို့နဲ့ ဆက်သွယ်ဖို့ စီစဉ်နေတာလား”
ပြင်ပတာအိုကျင့်ကြံသူများအပေါ် ရန်ကျောက်ကဲတို့ထားရှိသည့်အမြင်က မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ တို့နှင့် မတူကွဲပြားသည်။
ရန်ကျောက်ကဲ၏အဘိုး’ရန်ရှင်းထန်’ ၊ သူ၏မိခင်’ရွှယ်ချူးချင်’ ၏ ဆရာဘွားဘွား ‘ရှောက်ကျွင်းဟွမ်’ တို့က တောင်ပိုင်းချန်စန်းဧကရာဇ်ဘက်သို့ ပိုယိမ်းသူများ ဖြစ်ကြသည်။
အထူးသဖြင့် အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများကို သူတို့က ဖယ်ရှားပစ်ချင်ကြသည် အမှန်ပင်။
ကောင်းဟန်နှင့် လင်ချင်းတို့က ရန်ကျောက်ကဲတို့အုပ်စုနှင့် တာအိုစကြာဝဠာတွင် အထက်ဘုံကမ္ဘာကိစ္စအတွက် ရင်ဆိုင်ခဲ့ကြသော်လည်း ၊ ဤသည်က သူတို့တစ်ဦးချင်းစီ၏အစီအစဉ်များကြောင့်သာဖြစ်ပြီး သူတို့၏လိုအပ်ချက်များကြောင့်သာ ပဋိပက္ခဖြစ်ခဲ့ကြခြင် ဖြစ်သည်။
တစ်နည်းအားဖြင့် ဤသည်က အကျိုးအမြန်အတွက် တိုက်ပွဲဖြစ်သည်။
ယေဘုယျအားဖြင့် နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်နေခြင်း မဟုတ်ပေ။
ရန်ကျောက်ကဲတို့ဘက်က တိုက်ပွဲအနိုင်ရပြီး ဆုံးရှုံးမှုမရှိခဲ့သည့်အတွက် သူတို့အနေဖြင့် ဤသည်ကို စိတ်ထဲသိပ်မထည့်ထားပေ။
သို့သော် ကောင်းဟန်၏ ကိုယ်ခွဲဖြစ်သော ‘ယန်ချဲ့’ က ယခင်က ချန်ရွှမ်ကျုန်းကို လုပ်ကြံခဲ့ဖူးသဖြင့် သူတို့ကြားမှဆက်ဆံရေးကတော့ အက်ကြောင်းထင်သွားခဲ့သည်။
“သူတို့ထပ်ပြီးပေါ်လာတဲ့အထိ စောင့်ကြည့်တာပေါ့”
ကောင်းဟန်က ပြုံးရင်း ဆြိသည်။
“သူတို့က ပြင်ပဗလာနယ်ထဲမှာ လွင့်မျောနေကြတယ် ၊ ပြီးတော့ ငါတို့မှာရှိတဲ့သဲလွန်စကလည်း နည်းတယ်ဆိုတော့ သူတို့ကို ရှာဖို့ဆိုတာ ခက်ခဲလွန်းတယ်။"
လင်ချင်းက...
“တာအိုရောင်းရင်း’စော’ နဲ့ တာအိုရောင်းရင်း’ချန်’ တို့က ရှင့်ကို ဘယ်လိုမြင်လဲဆိုတာ ပြောစရာမလိုတော့ဘူး ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့က ရှင့်အပေါ် အမြင်ကောင်းမှာမဟုတ်တော့ဘူး ၊ ရှင့်ရဲ့တည်ရှိမှုက သူတို့ကို သံသယဝင်စေမှာပဲ”
ကောင်းဟန်က အေးဆေးစွာဖြင့်...
“ဒါဖြင့် ငါ့ဘက်ကရော...”
“ဒီမေးခွန်းကို တာအိုရောင်းရင်း’ကျန်း’ ကို သွားမေးသင့်တယ်”
လင်ချင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“တာအိုရောင်းရင်း’ချန်’ ကလည်း အဖြေပေးနိုင်မယ်ထင်ပါတယ်”
ထိုစကားများကိုကြားသော်လည်း ကောင်းဟန်၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
“တာအိုရောင်းရင်း’ချန်’ အတွက် ကိစ္စရပ်တွေ ပြောင်းလဲသွားတာ ငါမျှော်လင့်တာထက်ပိုပြီး မြန်ဆန်းသွားတယ် ၊ ဒါတွေအားလုံးဖြစ်ပြီးသွားတဲ့နောက် ငါက မိတ်ဆွေလေး’ချူးလီလီ’ နဲ့ မိတ်ဆွေလေး’ကျဲ့မင်ခုန်’ တို့ကိုရှာဖွေပြီး ဘာများလုပ်ပေးနိုင်လဲ ကြိုးစားကြည့်ခဲ့ပါတယ်”
ပြောရင်း သူက ခေါင်းငုံ့ပြီး ရယ်မောလိုက်သည်။
“ပြီးတော့ ရန်အိမ်တော်က ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားက အရမ်းကိုပါးနပ်လွန်းတယ် ၊ ဘယ်သူက တောင်းဆိုနေတာလဲတောင် ငါ သေချာမသိတော့ဘူး”
လင်ကျင်းက မည်သည့်စကားမှမဆိုဘဲ ကောင်းဟန်ကို လှမ်းကြည့်လိုက်သည်။
“ရှင့်ရဲ့အခြေအနေ... ရှင့်ဒဏ်ရာတွေကို အရင်ဆုံး ပြန်ကုသလိုက်တာ ကောင်းမယ်ထင်တယ်”
သူမက ရိုးရှင်းစွာပင် စကားဆိုလိူက်သည်။
“တာအိုရောင်းရင်း’စော’ က ဒီတစ်ခေါက် အတော်လေး ပြဿနာရှာလိုက်တယ် ၊ ဗုဒ္ဓဘာသာတွေဘက်က အမတခုံရုံးကို တိုက်ခိုက်ချင်ပေမယ့် ခဏလောက် နောက်ဆုတ်သွားတယ် ၊ ဒါက ပြင်ပတာအိုကျင့်ကြံသူတွေ တာအိုရောင်းရင်း’စော’ ကို လိုက်ရှာနိုင်ဖို့ အချိန်ပေးလိုက်တာပဲ”
“တာအိုရောင်းရင်း’စော’ က အရမ်းကို ပြင်းထန်တယ် ၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ပြင်ပတာအိုကျင့်ကြံသူတွေပဲဖြစ်ဖြစ် သူ့လိုလူမျိုးကို အသက်ရှင်နေတာ မြင်ချင်ကြမှာမဟုတ်ဘူး"
လင်ချင်းက...
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က တာအိုရောင်းရင်း’စော’ ကိုလိုက်ရှာနေတယ် ၊ အမတခုံရုံးကမိစ္ဆာတွေကလည်း ရန်ကျောက်ကဲနဲ့ အဂ္ဂိရတ်ခန်းမကို လိုက်ရှာနေကြတယ်”
သူမက ဆက်ပြောသည်။
“ပြီးတော့ သူတို့က ရှင်နဲ့ကျွန်မကိုလည်း ပစ်မှတ်ထားနေသေးတယ်”
သူတို့နှစ်ယောက်က ရှောက်ကျွင်းဟွမ် မည်သည့်နေရာတွင်ရှိကြောင်း တိတ်တဆိတ်ရှာဖွေနေခဲ့ပြီးမှ လတ်တလောတွင် ပြဿနာကြီးတစ်ခုလုပ်သွားသည့် စောမင်ကျန့်နှင့် တူညီခြင်း မရှိပေ။
ကောင်းဟန်နှင့်လင်ချင်းက အမတခုံရုံးနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများ လိုက်လံရှာဖွေသည်ကို နှစ်ပေါင်းထောင်နှင့်ချီပြီး ခံနေရပြီးသား ဖြစ်၏။
“မီလဲ့ကိုယ်တော်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို တမိန်သက်သက် အချိန်ပိုပေးထားပေမယ့် သူက သိပ်ပြီး ရက်ရောမှာတော့ မဟုတ်ဘူး”
ကောင်းဟန်က အားပြုပြီး မတ်တတ်ရပ်ရင်း ဆိုလိုက်သည်။
“မကြာခင် သုခဘုံနဲ့ အမတခုံရုံးကြားမှာ နောက်ထပ်စစ်ပွဲတစ်ခု စတင်တော့မယ်”
လင်ချင်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ လရောင်ခြည်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းတန်းက ကောင်းဟန်ကိုဝန်းရံသွားပြီး ပြင်ပဗလာနယ်တစ်လျှောက် ခရီးဆက်ရန် ခေါ်ဆောင်သွားသည်။
“ဒီမိစ္ဆာတွေကြားကတိုက်ပွဲက ကျွန်မတို့အတွက် အခွင့်ကောင်းတစ်ခုဖြစ်ပေမယ့် တခြားသူတွေ ကြားထဲက အခွင့်အရေးယူသွားမှာကိုလည်း သတိထားရမယ်"
လင်ချင်းက ခရီးဆက်ရင်း ပြောလိုက်သည်။
“အရင်က သိုသိုသိပ်သိပ်နေခဲ့ကြတဲ့ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ လမ်းမှန်ဗုဒ္ဓဘာသာကျင့်ကြံသူတွေလည်း အခု လှုပ်ရှားမှုတွေ စတင်နေကြပြီ”
“အမတခုံရုံးကမိစ္ဆာတွေ ဒီတစ်ခေါက် အကြီးအကျယ် ထိခိုက်သွားတယ် ၊ ဗုဒ္ဓဘာသာအတုတွေရဲ့ တိုက်ခိုက်မှုကိုတားဆီးဖို့ သူတို့ဘက်က အကူအညီရှာမှာပဲ ၊ ဒီလိုသာဖြစ်လာရင် ဗုဒ္ဓဘာသာအတုတွေကလည်း သူတို့ကိုကူညီပေးမယ့်သူကို ရှာမှာပဲ”
ကောင်းဟန်က ပြုံးလိုက်ရင်း...
“နတ်မိစ္ဆာတွေက လှုပ်ရှားဖို့ အသင့်ဖြစ်နေပြီ ၊ ဒါမှ သူတို့ တရားဝင်ပြန်ပေါ်လာပြီး သူတို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြုလုပ်နိုင်မှာပေါ့”
“တစ်ဖက်မှာတော့ အနောက်ဒေသ သူတော်စင်ဘုံက အရမ်းအစောကြီး လှုပ်ရှားချင်တဲ့ပုံမပေါ်ဘူး ၊ ဒါပေမဲ့ သူတို့ အတင်းအကျပ် ဖိအားပေးခံရတာပဲ”
သူက လင်ချင်းကိုကြည့်ရင်း..
“ငါ့ဒဏ်ရာက ပြန်ကောင်းဖို့ အချိန်အများကြီးလိုလိမ့်မယ် ၊ နောက်ပိုင်းကိစ္စတွေအတွက် မင်းကိုပဲ ဒုက္ခပေးရတော့မယ် ထင်တယ်”
လင်ချင်းက...
“ရှင့်ဒဏ်ရာပြန်ကောင်းလာတဲ့အထိ အချိန်လုံလောက်မယ်မထင်ဘူး”
ကောင်းဟန်က အရေးမစိုက်ဟန်ဖြင့်...
“ဒါဆို ဒဏ်ရာနဲ့ပဲ တိုက်ပွဲဝင်ရမယ်ထင်တယ်”
သူက ဟန်ဆောင်ကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း...
“လောလောဆယ်တော့ ဒီပစ္စည်းလေးကို လူတစ်ယောက်ဆီပို့ပေးဖို့ ကူညီပေးပါ”
လင်ချင်းက နောက်သို့လှည့်ကြည့်လိုက်ပြီး ကောင်းဟန်ပေးသည့်ပစ္စည်းကို လက်ခံယူလိုက်သည်။
ထိုပစ္စည်းကို ခဏမျှကြည့်ပြီးနောက် သူမက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ...”
***
တာအိုစကြာဝဠာတစ်နေရာ ၊ အထက်ဘုံကမ္ဘာ၏ ပဋိက္ခလှိုင်းလုံးများနှင့် ဝေးကွာသောနေရာတွင် သီးခြားနေရာတစ်ခု ရှိနေသည်။
ထိုနေရာ၏ ရှုမျှော်ခင်းများက အလွန်တရာလှပပြီး အထက်ဘုံကမ္ဘာမှ ခွန်လွန်တောင်နှင့်ပင် ဆင်တူသည်။
ပြောရလျှင် တစ်စုံတစ်ယောက်က ခွန်လွန်တောင်မှ ရှုခင်းများကို ဤနေရာသို့ ရွှေ့ပြောင်းထားသည်နှင့် ဆင်တူသည်။
ထိုနေရာ၏ အလယ်ဗဟိုတွင် မြင့်မားသော တောင်ထွတ်တစ်ခု ရှိနေသည်။
အထက်ဘုံကမ္ဘာမှ ခွန်လွန်တောင် ရှုခင်းများကို ရင်းနှီးသိကျွမ်းသူတစ်ယောက် ဤတောင်ကို တွေ့မြင်မည်ဆိုလျှင် ချက်ချင်းမှတ်မိသွားမည် ဖြစ်၏။
အကြောင်းမှာ ဤနေရာသည် အထက်ဘုံကမ္ဘာတွင် ထင်ရှားသော သူတော်စင်နယ်မြေတစ်ခု ဖြစ်နေသောကြောင့်ပင်။
ချန်းဟွာတောင်ထွတ်။
ဟုတ်ပေ၏။
အတိတ်တစ်ချိန်က အထက်ဘုံကမ္ဘာ၏ နယ်မြေ(၁၀)ခုအရှင်သခင်များ၏ ခေါင်းဆောင် ၊ အထက်ရပ်ထိပ်တန်းအရှင်သခင်၏ ကျောက်ဂူအိမ်တော်တည်ရှိရာ ချန်းဟွာတောင်ထွတ်ပင် ဖြစ်သည်။
အမှန်တော့ ချန်းဟွာတောင်ထွတ်သည် အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင်တွင် တည်ရှိနေဆဲ ဖြစ်သည်။
ဤနေရာတွင်ရှိနေသည့် ချန်းဟွာတောင်ထွတ်က တစ်စုံတစ်ယောက်က တုပဖန်းတီးထားခြင်းသာ ဖြစ်၏။
လက်ရှိအချိန်မှာတော့...
ကြောက်ရွံ့တုန်လှုပ်နေဟန်ရှိသော လူငယ်တစ်ယောက်က ခရမ်းရောင်အဝတ်အစားများဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ရှေ့တွင် စိတ်မသက်မသာဟန်ဖြင့် မတ်တတ်ရပ်နေသည်။
“အစ်ကိုကြီး...”
ခရမ်းရောင်ဝတ်လူငယ်၏မျက်နှာအမူအရာက ပျင်းရိပျင်းတွဲပုံစံမျိုးရှိနေသော်လည်း သူ၏စကားသံကတော့အ နည်းငယ် စိတ်ရှုပ်ထွေးနေဟန် ရှိသည်။
“ကိစ္စရပ်တွေကို ထပ်ခါထပ်ခါလုပ်ရတာ ငါဘယ်လောက်မုန်းတယ်ဆိုတာ မင်းသိပါတယ်”
သူ့စကားဆုံးသွားသည်နှင့် လှုပ်ရှားမှုတစ်ခုပင် တွေ့မြင်ရခြင်းမရှိဘဲ ချန်းဟွာတောင်ထွတ်နှင့်ဆင်တူသည့်တောင်ထွတ်ကြီးမှာ လေထဲတွင် ပျောက်ကွယ်သွားပြီး မြူမှုံတစ်စပင် ကြွင်းကျန်ရစ်ခြင်း မရှိတော့ပေ။
ချန်ခွန်းဟွာကတော့ ကူရာကယ်ရာမဲ့စွာဖြင့်ပင် အစ်ကိုဖြစ်သူချန်ချန်းဟွာကို ကြည့်နေမိသည်။
သူတို့က ညီအစ်ကိုအရင်းများဖြစ်ကြသော်လည်း ချန်ခွန်းဟွာတွင် ချန်ချန်းဟွာကဲ့သို့ ထူးဆန်းသည့်စရိုက်လက္ခဏာများ မရှိပေ။
သူက အထက်ဘုံကမ္ဘာမှ ချန်းဟွာတောင်ထွတ်က သက်သောင့်သက်သာရှိပြီး အေးချမ်းသည်ဟု ခံစားရကာ ရှုမျှော်ခင်းများကလည်း လှပသည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် သူက ချန်းဟွာတောင်ထွတ်နှင့်တူညီသည့်အရာအားလုံး ဤနေရာတွင် ဖန်တီးထားခဲ့ခြင်းပင်။
ပုံမှန်အားဖြင့် ချန်ချန်းဟွာက ဒီကိုလာလေ့ မရှိသည်ဖြစ်ရာ ချန်ခွန်းဟွာအတွက် မည်သည့်ပြဿနာမှ မရှိခဲ့ပေ။
သို့သော် ယနေ့မှာတော့ သူ့အစ်ကို ပြန်ရောက်လာခဲ့ပြီး သူဖန်တီးထားသည့် ရှုမျှော်ခင်းကိုမြင်သည့်အခါ ရလဒ်က ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သွားခဲ့သည်။
တောင်ထွတ်တစ်ခုလုံးပျောက်ကွယ်သွားပြီး ထူထပ်သည့်တောအုပ်သာလျှင် ကျန်ရစ်ခဲ့သည်။ ယခုတော့ ဤသီးခြားနယ်မြေက ဘာမှမရှိတော့သလို ခံစားရစေသည်။
ချန်ချန်းဟွာက စိတ်မသက်မသာဖြစ်ဟန်မရှိတော့ဘဲ မည်သည့်အရာကိုမှဂရုမစိုက်သည့် ပျင်းရိပျင်းတွဲပုံစံ ပြန်ဖြစ်သွားသည်။ သူက တောအုပ်ထဲမှ လက်တန်းပါသောထိုင်ခုံတစ်ခု ထုတ်ယူလိုက်ပြီး ထိုင်ခုံထက်တွင် ထိုင်လိုက်သည်။
ချန်ခွန်းဟွာက...
“အစ်ကိုကြီး ဒီနေ့ ဘာလို့ ဒီကိုရောက်လာတာလဲ”
“မင်းကို ပစ္စည်းတစ်ခု ပေးစရာရှိလို့...”
ချန်ချန်းဟွာက ပျင်းရိပျင်းတွဲအမူအရာဖြင့်ပင် စကားဆိုလိုက်သည်။
“ဒါနဲ့... မင်း လူသားအထွတ်ထိပ်အဆင့်ကိုတက်ဖို့ ဘယ်လောက် ယုံကြည်မှုရှိလဲ”
ထိုမေးခွန်းကိုကြားတော့ ချန်ခွန်းဟွာ ခဏမျှ အံ့အားသင့်သွားပြီး...
“လောလောဆယ်တော့ ကျွန်တော့်ရဲ့ကျင့်ကြံခြင်းစွမ်းအား လုံလောက်အောင် မစုဆောင်းရသေးဘူး ၊ လူသားအထွတ်ထိပ်အဆင့်ကိုတက်ရောက်ဖို့က နတ်ဘုရားတံခါးကိုဖွင့်လှစ်ရတာလောက် အန္တရယ်မများပေမယ့် ကျွန်တော် စိတ်ချရအောင်တော့ ထပ်ပြီး ကျင့်ကြံချင်သေးတယ်”
ချန်ချန်းဟွာက အရေးမစိုက်ဟန်ဖြင့်...
“မင်းက ကိုယ့်ကိစ္စတော့ကိုယ် နားလည်သားပဲ”
ထို့နောက် သူက ပစ္စည်းတစ်ခုထုတ်ယူပြီး ချန်ခွန်းဟွာဆီသို့ ပစ်လွှတ်လိုက်သည်။
“သိုင်းသူတော်စင် ဒဿမအဆင့်ကိုရောက်မှာ မင်း ဒီပစ္စည်းကို အသုံးပြုလို့ရနိုင်လိမ့်မယ်”
ထိုပစ္စည်းက ရှေးဟောင်း ကြေးနီပေတံတစ်လက်ဖြစ်သည်။
ချန်ချန်းဟွာက ထိုပေတံကို ပစ်လွှတ်လိုက်သည့်အခါ ပေတံက မြေကြီးထက်သို့မကျဘဲ လေထုထဲတွင် မျောလွင့်နေခဲ့သည်။
ထို ရှေးဟောင်းပေတံကိုကြည့်ပြီး ချန်ခွန်းဟွာ ခဏမျှ မှင်တက်လျှက် သတိလက်လွတ်ဖြစ်သွားသည်။
သူ သတိပြန်ဝင်လာသည့်အခါ အသက်ရှူသံများ လျှင်မြန်လာခဲ့သည်။
ဤသည်က အမတမှော်ဝင်ပစ္စည်း “ထျန်းရှင်းပေတံ” ပင် မဟုတ်ပါလား။