← Chapters

အခန်း (၃၁၇)

Vol. 22 Ch. 317

အခန်း (၃၁၇)

Vol. 22 Ch. 317

လူတိုင်း၏လက်ထဲတွင် ရှိနေသောအရာများက ငွေစနှင့်ရွှေစများသာ ဖြစ်နေပြီး ထိုအရာနှစ်ခုစလုံး ငွေကြေးအနေနှင့် အသုံးပြု၍ ရသလို လျှို့ဝှက်လက်နက် အနေဖြင့်လည်း အသုံးပြု၍ ရနိုင်သည်။ ထိုအရာများကလွဲလျှင် မည့်သည်အရာမျှ ထူးခြားနေခြင်း မရှိချေ။

"ဒါက … "

ရွမ်ယုရှုက ရွှေပုတီးစေ့များ ပါဝင်နေသော အိတ်ထဲမှနေ၍ ကျောက်မျက်ကဲ့သို့ အရာလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာကို ရွှေဖြင့်ပြုလုပ်ထားပြီး အတွင်းထဲတွင် အခေါင်းပေါက် ဖြစ်နေသည်။ အလွန်ရှုပ်ထွေးသော ပုံစံတစ်ခု ဖန်တီးထားပြီး မိန်းမလှလေးများ သဘောကျနိုင်သည့် ပုံစံမျိုးဖြစ်၏။

"ဒါက ရွှေနဲ့အထူးပစ္စည်းတစ်ခုကို ပေါင်းစပ်ဖန်တီးထားတယ်။ စစ်ဆေးဖို့အတွက် တော်တော်လေး ခက်တယ်…"

ရွမ်ယုရှုက သေချာစစ်ဆေးကြည့်လိုက်ပြီး ကောက်ချက်ချလိုက်သည်။

ကျန်းကျိဝေက ထိုအရာကို ယူကြည့်လိုက်ပြီး ခဏကြာ လက်နှင့်ပွတ်ကြည့်လိုက်၏။

"ဒီထဲမှာ ဘာအနှစ်သာရမှ မပါဘူး။ ထူးခြားတဲ့ပစ္စည်းတစ်ခု ပေါင်းစပ်ပါဝင်နေတာပဲ ရှိတယ်…"

ပြောရမည်ဆိုလျှင် ထိုအရာက ထူးဆန်းသော ပုံသဏ္ဌာန်ရှိပြီး ပစ္စည်းကောင်းနှင့်ဖန်တီးထားသော သာမန်လက်ဝတ်ရတနာတစ်ခုသာဖြစ်သည်။

"ဒါက အဖွဲ့အစည်းတစ်ခုရဲ့ ထူးဆန်းတဲ့တံဆိပ်တစ်ခု ဖြစ်နိုင်တယ် … "

မုန့်ချီက ထင်မြင်ချက်ပေးလိုက်၏။ သူကတော့ စာအုပ်ပေါင်းများစွာကို ဖတ်ခဲ့ဖူးသည့်အတွက် တွေးခေါ်မျှော်မြင်နိုင်စွမ်း မြင့်မားသည်။

ထိုအရာကို စဉ်းစားကြည့်ပြီး ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်၏။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတံဆိပ်ထဲမှာ ထူးခြားတဲ့အနံ့တစ်ခုပါတယ်။ တကယ်လို့ ဒီတံဆိပ်ကိုသာ ယူထားမယ်ဆိုရင် နင့်ကို အလွယ်တကူ နောက်ယောင်ခံ လိုက်နိုင်လိမ့်မယ် … "

"ဟားဟားဟား … ဘာမျှ မစိုးရိမ်ပါနဲ့ … နင်က ဒါကို မှတ်မိသေးလား … "

မုန့်ချီက ဘယ်လက်တွင် ဝတ်ထားသော လေဟာနယ်လက်စွပ်ကို ပုတ်ပြလိုက်သည်။ အကယ်၍ သူသာ ထိုအရာကို လက်စွပ်ထဲသို့ ထည့်လိုက်မည်ဆိုလျှင် သူ့ကို နောက်ယောင်ခံ လိုက်ရန် ခက်ခဲသည်။ ကောင်းကင်မှတ်တမ်းမှ ပညာရှင် တစ်ယောက်ဆိုလျှင်ပင် မလွယ်ကူနိုင်ချေ။

"နောက်တစ်ကြိမ် သံသရာတာဝန်စတဲ့ အချိန်ကျရင် ငါတို့က သံသရာသခင်ကို မေးကြည့်လို့ ရနိုင်တယ်…"

မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

ကျန်းကျိဝေက သူ့ကို သတိပေးနေခြင်းသာဖြစ်ပြီး မုန့်ချီက အရာအားလုံးကို ပြင်ဆင်ထားကြောင်း မြင်သည့်အခါ နောက်ထပ်စကားတစ်ခွန်းမျှ မပြောတော့ပေ။ အစောပိုင်းတွင် ထွက်ပေါ်လာသော အသံများကြောင့် သိုင်းလောကမှ ပညာရှင်များနှင့် ယပ်တောင် (၆)လက်ကျောင်းမှ စုံစမ်းရေးမှူးများ ရောက်လာနိုင်သည်။

ထို့ကြောင့် သူတို့က ပစ္စည်းများကို လျင်မြန်စွာ ယူလိုက်ပြီး ကျန်းဟန်ချွန်၏ ခန္ဓာကိုယ်အပိုင်းအစများကို ရေထဲသို့ မျှောချလိုက်သည်။

…………..

ညနေစောင်းချိန်တွင် မုန့်ချီကတော့ သူရဲကောင်းကျောင်းဆောင်ထဲတွင် မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။ ဆူးချုံမည်းကြယ်နှင့် အမိုက်မှောင်တာအိုသခင်တို့က တိုက်ခိုက်နေကြသေးသည်ဟု ပြောကြသည်။ သို့သော် လူပေါင်းများစွာကတော့ စိတ်ဝင်စားခြင်း မရှိတော့သည့်အတွက် စားလိုက်သောက်လိုက်သာ ဖြစ်နေကြ၏။

"ရမ်ပင်ရှန့်က တော်တော်လေးကို သတိထားနေတာပဲ ။ သူက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတယ်…"

မုန့်ချီက သက်ပြင်းချလိုက်မိပြီး လမ်းပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သည်။

ထို့နောက် သူက ညောင်ပင်ကြီးရှိနေသော လမ်းကြားလေးဆီသို့ လျှောက်လာခဲ့၏။ တဖြည်းဖြည်း မှောင်မည်းလာသည့်အတွက် ညောင်ပင်ကြီး၏ အရိပ်ကလည်း ပို၍ အမှောင်ကျနေခဲ့သည်။

သစ်သားရုပ်တုများ ထွင်းထုနေတတ်သော အဘိုးအိုကတော့ မုန့်ချီကို စောင့်နေသည့်အလား တံခါးရှေ့တွင် ရပ်နေ၏။ သူ့လက်ထဲတွင် ဆောက်မရှိတော့သလို သစ်သားအပိုင်းအစနှင့် ရုပ်တုများလည်း မရှိတော့ပေ။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန်ဓားရှည်တစ်ချောင်းကို စိတ်ရှည်လက်ရှည် ကိုင်ထားသည်။ သူ့ပုံစံက လူတစ်ယောက်ကို စောင့်နေသလို ထင်မှတ်ရ၏။

"ဆရာကြီးက ငရဲကြီး(၉)ထပ်ရဲ့လမ်းကြောင်းကို ဓားနဲ့ ဖျက်စီးလိုက်တဲ့အချိန်မှာ တကယ်အံ့ဩဖို့ကောင်းတယ် … "

မုန့်ချီက သူ့ကို ချီးကျူးလိုက်သည်။ သူက ဟွမ်မေ့တောင်တန်း၏ တည်ထောင်သူ နှလုံးသားဓား လုကျိပင်ကို မမှတ်မိချင် ယောင်ဆောင်နေခဲ့၏။

ဆရာကြီးလုက အပြုံးနှင့်ပြောလိုက်သည်။

"ဒါက ငရဲကြီး(၉)သွယ်ရဲ့ အက်ကွဲကြောင်း‌လေးတစ်ခုပါပဲ။ တချို့မကောင်းဆိုးဝါး ဝိညာဉ်တွေက လူသားကမ္ဘာကြီးကို ပြန်လာဖို့ အမြဲတမ်းကြိုးစားနေတာ … "

သူက ခဏရပ်ပြီး ပြောလိုက်သည်။

"ကျင်းမြစ်ရဲ့ရေလှိုင်းပွဲတော်ပြီးသွားရင် လူလေးကို ပြောစရာရှိတယ်လို့ အဘိုးက ပြောခဲ့တယ်။ အခု လူလေးက အဲဒီစကားကို နားထောင်ချင်လား…"

မုန့်ချီက ရင်ဘတ်ရှေ့တွင်လက်တင်ပြီး ဦးညွတ်၍ ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ပြောပါ အဘိုး … "

ဆရာကြီးလုက အလွန်တည်ငြိမ်အေးချမ်းစွာ ပြောလိုက်သည်။

"လူလေး …

မင်းရဲ့ကံကြမ္မာအရ မင်းက စွန့်စားမှုတွေ အများကြီး လုပ်ခဲ့ရမယ် ထင်တယ်။ ပြီးတော့ မင်းက အကြိမ်ပေါင်းများစွာမှာ ကံဆိုးမှုကနေ ကံကောင်းမှုကို ပြောင်းလဲနိုင်ခဲ့တယ်။ အဲဒါက မှန်ရဲ့လား … "

"ဟုတ်ပါတယ် … အဲဒါ အမှန်ပါပဲ … "

မုန့်ချီ၏ အမူအရာက လေးနက်လာခဲ့သည်။

ဆရာကြီးလုက သက်ပြင်းချပြီး ပြောလိုက်၏။

"ဒါပေမဲ့ လူလေးရဲ့ကံတရားဆိုတာ လူလေးဆီကနေ ‌မြစ်ဖျားခံတာမဟုတ်ဘူး။ အမြစ်မရှိတဲ့ သစ်ပင်ကြီးတစ်ပင်လိုပဲ အဲဒီအရာကို တစ်ယောက်ယောက်က တမင်ရည်ရွယ်ပြီး လုပ်ပေးနေတဲ့ အရာမျိုးုပဲ ။ ဒါမှမဟုတ်ရင်လည်း အဲဒီအရာက ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေထက် ကျော်လွန်နေတယ်။ အဲဒီအရာကတော့ လောင်ကျွမ်းနေတဲ့ မီးတောက်တစ်ခုနဲ့ တူတယ်။ အဆုံးသတ်မှာတော့ အန္တရာယ်ရှိနိုင်ပြီး ဘာမှမရှိတော့တဲ့အဖြစ်ကို ပြောင်းလဲသွားနိုင်တယ်…"

"ဒါက သံသရာအရှင်သခင်ရဲ့ စွမ်းရည်တွေကို ပြောချင်နေတာလား ။ သံသရာတာဝန်တွေနဲ့ လဲလှယ်မှုတွေ ၊ စွန့်စားခန်းတွေက ကမ္ဘာအသီးသီးမှာ ရှိနေတဲ့အတွက်ကြောင့်လား …ဒါမှမဟုတ် အနတ္တလို တခြားအကြောင်းပြချက် ရှိနေလို့လား … "

မုန့်ချီ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်လာပြီး ရင်ထဲတွင် မုန်တိုင်းထန်နေခဲ့သည်။

"ဆရာကြီးက ကျွန်တော့်ကို ညွှန်ကြားပေးလို့ ရနိုင်မလား … "

မုန့်ချီကတော့ ဇဝေဇဝါဖြစ်နေမှုနှင့် ထိတ်လန့်မှုကို ခက်ခက်ခဲခဲ ဖယ်ရှားလိုက်ရသည်။

ဆရာကြီးလုက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်၏။

"လူလေးရဲ့ကိုယ်ပိုင်လမ်းကြောင်းကို လူလေးကိုယ်တိုင်ပဲ လျှောက်သင့်တယ်။ ဒီပန်းပုရုပ်လေးကတော့ လူလေးအတွက် လက်ဆောင်ပဲ။ ဒါက ဘေးကနေ လူတစ်ယောက် စောင့်ကြည့်ပေးနေသလို ခံစားရနိုင်တယ် … "

သူက မုန့်ချီကို ပန်းပုရုပ်ကလေး ပေးလိုက်သည်။ ထိုပန်းပုရုပ်‌လေးက လေထဲသို့ ခုန်နေသော မုန့်ချီ၏ ပန်းပုရုပ်ကလေး ဖြစ်၏။ မုန့်ချီက ပန်းပုရုပ်ကလေးကို ယူလိုက်ရာ ဈေးထဲတွင် ရောင်းချသော တခြားပန်းပုရုပ်များနှင့် ကွဲပြားမှုမရှိကြောင်း တွေ့လိုက်ရသည်။ သို့သော် သူက ထိုအရာကို အထင်မသေးရဲပေ။ ထို့ကြောင့် သူက သိမ်းထားလိုက်၏။

"ကျေးဇူးတင်ပါတယ် အဘိုး… "

ဆရာကြီးလုက သူ့ကို အသိအမှတ်ပြုလိုက်ပြီး နှလုံးသားဓားကို ကိုင်၍ အဝေးသို့ လွင့်မျောသွားခဲ့သည်။ ထိုအချိန်တွင် သူ၏ အစိမ်းရောင်ပုံရိပ်ကလည်း လူပင်လယ်ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး အရိပ်အယောင်ပင် မကျန်ခဲ့တော့ပေ။

မုန့်ချီက သူ့အတွေးများကို ဖယ်ရှားပြီး သက်ပြင်းချလိုက်မိ၏။

"ငါက အဲဒီအဆင့်ကို ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ ဒီတော့ အဲဒီအရာကို စိုးရိမ်စရာ မလိုပါဘူး … "

……………….

လခြမ်းရေကန်၏ အလယ်တွင် …

တန်းငါးဖမ်းလှေဟုခေါ်သော လှေတစ်စင်း ရှိနေသည်။

"ဧည့်သည်တို့ …

ဟိုမှာရှိနေတာကတော့ တကျန်းအဖွဲ့အစည်းရဲ့ ဂိုဏ်းခွဲတစ်ခုပါ …။ ဒါကြောင့် ကျွန်မတို့က ဒီနယ်မြေထဲမှာ ရွက်လွှင့်နေတာ ပိုပြီးကောင်းပါတယ်..”

ငယ်ရွယ်သော ငါးဖမ်းသမလေးတစ်ယောက်က ရင်းနှီးစွာ ပြောလိုက်သည်။

သူမကတော့ ထိုငါးဖမ်းလှေ၏ ပိုင်ရှင်ဖြစ်ပြီး နေလောင်ထားသော အသားအရည် ရှိနေသည်ကိုပင် ချောမောလှပနေသေးသည်။

မုန့်ချီက အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး လက်ထဲတွင် ဓားရှည်တစ်ချောင်းကို ကိုင်ထားသည်။ သူ၏ ကောင်းကင်ပြစ်ဒဏ်ဓားကိုတော့ နောက်ကျောတွင် သယ်ဆောင်ထားရမည့်အစား လေဟာနယ်လက်စွပ်ထဲတွင် သိမ်းထားခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

"ငါတို့တွေက ဘယ်နေရာမှာ ရွက်လွှင့်ရမယ်ဆိုတာ ဂရုမစိုက်ပါဘူး။ ငါတို့က ဂဏန်းစားဖို့ပဲ တွေးနေတာ … "

ငါးဖမ်းသမလေးက အပြုံးနှင့် ပြောလိုက်သည်။

" ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲ။ ကောင်းပါပြီ … ကျွန်မက အဲဒီအရာတွေကို အဆင်သင့်ပြင်ပေးပါ့မယ်.. "

သူက ပြန်လှည့်ကြည့်လိုက်ရာ ရွမ်ယုရှုက တစ်စုံတစ်ခုပြောချင်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမ စိတ်ပျက်သွားမှာကို စိုးရိမ်နေသည့်အတွက် မုန့်ချီက အလျင်အမြန် ဝင်ပြောလိုက်သည်။

"ဆောင်းဦးရာသီ လေထုက လတ်ဆတ်ပါတယ်။ ဒီအချိန်က ဂဏန်းစားပြီး အရသာခံဖို့အတွက် အကောင်းဆုံးပဲ ။ တန်းငါးဖမ်းလှေက အရသာရှိတဲ့ ဂဏန်းအသားနဲ့ ထူးခြားတဲ့ အချဉ်အရသာကြောင့် နာမည်ကျော်တာ နှစ်ပေါင်း(၁၀၀)လောက် ရှိနေပြီ။ ဒီပုံစံက မြောင်လင်မှာ အကောင်းဆုံးအရာတွေထဲက တစ်ခုလို့တောင် ပြောနိုင်တယ်။ ဒါကြောင့် ငါက ဒီလှေတစ်စီးလုံးကို ငှားဖို့အတွက် ငွေအများကြီး အကုန်ကျခံထားတာ … "

သူက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ရွမ်ယုရှုနှင့် ကျန်းကျိဝေတို့ကို ချီးကျူးပေးရန် တောင်းဆိုနေသလို ထင်မှတ်ရသည်။

သူ့ကိုကြည့်ပြီး ကျန်းကျိဝေက ကျယ်လောင်စွာ ရယ်လိုက်၏။ တခြားလူများက ထိုကဲ့သို့စကားမျိုး ပြောသည်ကို ကြားသည့်အချိန်တွင် သူမက အတော်လေး မသက်မသာ ခံစားခဲ့ရသည်။ သို့သော် ကိုရင်လေးက ထိုကဲ့သို့ ထူးထူးဆန်းဆန်း ပြောနေသည့် အချိန်တွင်တော့ အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားမိနေ၏။ သူ့ပုံစံက လူတိုင်းနှင့်လိုက်လျောညီထွေရှိနိုင်ပြီး ရှက်ရွံ့နေသည့် ပုံစံမျိုးလည်း မရှိပေ။

ရွမ်ယုရှုက ကြာပန်းရေနွေးကို အရသာခံပြီး ပြောလိုက်သည်။

"အထက်တန်းလွှာ မိသားစုတွေမှာ သူတို့ရဲ့ကိုယ်ပိုင်လှေတွေရှိကြတယ်။ စားသောက်ဖို့အတွက်လည်း စားဖိုမှူးတွေကို ပြင်ဆင်ခိုင်းလိုက်ရုံပဲ…"

မုန့်ချီက ထိုစကားကို ကြိုတင်ခန့်မှန်းမိသည့်အတွက် လက်ကာပြလိုက်သည်။

"အဲဒါက ဘယ်လောက်တောင် ပြဿာနာများလိုက်လဲ ။ အခု ငါတို့က ဒီနေရာမှာ အစေခံတွေ ၊ ထူးဆန်းတဲ့သူတွေ ဝိုင်းနေရမည့်အစား အရသာရှိတဲ့ စားစရာကိုပဲ လွတ်လွတ်လပ်လပ် စားလို့ရတယ်လေ …"

"နင်က အဲဒါပဲ ပြောမယ်ဆိုတာ ငါသိတယ်…"

ရွမ်ယုရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဒါလည်း မဆိုးပါဘူး…"

မုန့်ချီက ပို၍ပင် ဂုဏ်ယူသွားခဲ့၏။

"ပြီးတော့ ဘယ်လိုလဲ။ ငါက နင့်ကို မုန့်ကျွေးမယ်လို့ ပေးထားတဲ့ကတိလည်း မပျက်ဘူး မဟုတ်လား … "

"ဟုတ်ပါပြီ …။ ငါကတော့ ကြားထဲကနေ အမြတ်ထုတ်ရမှာပဲ.."

ကျန်းကျိဝေက အပြုံးနှင့်ဝင်ပြောလိုက်သည်။

မုန့်ချီက တံတွေးမြိုချလိုက်ပြီး ပြန်လှည့်လာခဲ့သည်။

"မဟုတ်ပါဘူး …။ ငါက နင့်ကိုလည်း မုန့်လိုက်ကျွေးဖို့ အစီအစဉ် ရှိပါတယ်။ မိတ်ဆွေတွေ စုပြီး ဂဏန်းနဲ့ အရက်ကို အရသာခံရတာ တကယ်ပျော်ဖို့ကောင်းတယ်.."

ကျန်းကျိဝေက စ နောက်လိုက်ခြင်းသာ ဖြစ်သည့်အတွက် သူမက ‌မုန့်ချီ ခေါင်းစဉ်ပြောင်းလိုက်ခြင်းကို တားဆီးနေခြင်း မရှိပေ။ သူမက အပြုံးနှင့် ပြောလိုက်၏။

"မြောင်လင်ဂဏန်းက နာမည်ကျော်တယ်လေ။ ငါက ဂိုဏ်းခွဲမှာ ရှိတဲ့အချိန် အကြိမ်ပေါင်းများစွာ စားခဲ့ဖူးတယ်။ အဲဒါက တကယ်ကောင်းပါတယ် ။ ဒါပေမဲ့ လတ်ဆတ်တဲ့ဂဏန်းနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ အရသာက တော်တော်လေး ကွာခြားလိမ့်မယ်။ ဘာလို့လဲဆိုတော့ လမ်းခရီးမှာ အချိန်အကြာကြီး ထိန်းသိမ်းထားရလို့လေ … "

"ဟုတ်တယ် … "

ရွမ်ယုရှုကလည်း ထောက်ခံလိုက်သည်။ ကြည့်ရသည်မှာ သူမက နောက်ထပ် မစောင့်နိုင်တော့သလို ထင်မှတ်ရ၏။

သူတို့ (၃)ယောက်က စကားပြောနေသည့်အချိန်တွင် ငါးဖမ်းသမလေးက ပေါင်းထားသော အနီရောင်ဂဏန်းများကို ဗန်းကြီးတစ်ခုနှင့် ထည့်ပြီး သယ်ဆောင်လာခဲ့သည်။

"ဒါက အထူးပြုလုပ်ထားတဲ့ အချဉ်နဲ့ ပစ္စည်းတွေပါ။ ဒါကတော့ လခြမ်းငါး … ပြီးတော့ ဒါကတော့ အိမ်ချက်ဆန်အရက်ပါ ။ တကယ်လို့ ဒါနဲ့ တွဲသောက်လိုက်မယ်ဆိုရင် ဂဏန်းအရသာက ပိုပြီးတော့ ကောင်းသွားနိုင်ပါတယ်…"

ငါးဖမ်းသမလေးက သူတို့ကို ဝမ်းမြောက်ဝမ်းသာ ပြောပြနေခဲ့သည်။

ထိုအရာကို ရနံ့ခံကြည့်လိုက်ပြီး ရွမ်ယုရှု၏ လက်နှစ်ဖက်က တပြိုင်နက်တည်း လှုပ်ရှားသွားခဲ့၏။ သူမကတော့ နောက်ထပ် စောင့်နေနိုင်တော့ပုံ မရချေ။

"ရေကန်ပေါ်မှာ ရွက်လွှင့်နေရင်း အခင်ဆုံးမိတ်ဆွေတွေနဲ့ အရသာရှိတဲ့စားစရာတွေ စားရတာက ငါ့ဘဝမှာ အပျော်ဆုံးအရာတွေထဲက တစ်ခုပဲ…လာ ခွက်တိုက်မယ်…"

မုန့်ချီက ဆန်အရက် တစ်ခွက် ငှဲ့လိုက်ပြီး ခွက်တိုက်လိုက်သည်။

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ဆီတွင် အလွန်နက်ရှိုင်းသော အတွင်းအားများ ရှိနေကြ၏။ ထို့ကြောင့် သူတို့က မူးသွားမှာကို ကြောက်နေစရာ မလိုတော့ပေ။ သူတို့ကလည်း သူတို့၏ခွက်များကို မြှောက်လိုက်ကြ၏။

ဆောင်းဦးရာသီ လေလှိုင်းက အလွန်ကြည်နူးစရာကောင်းပြီး အေးမြနေသည်။ ရေကန်ပေါ်တွင် ရှိနေသော လှိုင်းဂယက်လေးများကြောင့် မြင်ကွင်းကအလွန်လှပနေ၏။ ထိုကဲ့သို့ အခြေအနေမျိုးတွင် လွတ်လွတ်လပ်လပ်နှင့် စားသောက်နိုင်သည်မှာ အမှန်တကယ်ကို ရှားပါးသော ခံစားမှုတစ်ခုဖြစ်သည်။

ရွမ်ယုရှုက ခွက်ကို ပြန်ချလိုက်ပြီး ဂဏန်းကို ယူလိုက်သည်။ သူမက ဂဏန်းကို လျင်မြန်စွာ ခွာလိုက်၏။ တခဏအတွင်း အဆီတဝင်းဝင်းနှင့် ဂဏန်းအသားများ ပေါ်လာခဲ့သည်။ သူမက အလွန်စားချင်နေပုံရသည်။ သို့သော် သူမ၏ လှုပ်ရှားမှုများက အလွန်လှပသော ပန်းချီကားတစ်ချပ်သဖွယ်ဖြစ်နေ၏။ သူမက ဂဏန်းအသားကို အချဉ်တို့ပြီး ပျော်ရွှင်စွာ စားလိုက်သည်။

"တော်တော်ကောင်းတာပဲ … တကယ့်ကို နာမည်ကျော်ထိုက်ပါတယ်…"

သူမ၏အမူအရာနှင့်မှတ်ချက်ကြောင့် မုန့်ချီကလည်း ဗိုက်ဆာလာခဲ့သည်။ သူက ဂဏန်းကို ကြည့်လိုက်သည့်အချိန်တွင် သူမကဲ့သို့ ခွာထုတ်ရန် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကတော့ သူလည်း အစာသွပ်ထားသော ဂဏန်းများကို စားခဲ့ဖူးသည်။

ကျန်းကျိဝေက ပြုံးလိုက်ပြီး ဂဏန်းတစ်ကောင်ကို ယူလိုက်၏။ ထို့နောက် သူမ၏ ညာလက်ပေါ်တွင် မှောက်ထားလိုက်သည်။ ရုတ်တရက်ဆိုသလို ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ဂဏန်းအခွံက အက်ကွဲ၍ ဘေးသို့ ကျသွားခဲ့၏။ အတွင်းထဲတွင် အသားများ ပေါ်လာခဲ့သည်။

"ဒါက ဂိုဏ်းခွဲမှာ စားရတဲ့ ဂဏန်းထက် တကယ်ကို ပိုပြီး အရသာရှိတယ်…"

ကျန်းကျိဝေက ချီးကျူး၍ ပြောလိုက်သည်။

မုန့်ချီကလည်း အကြံရသွားပြီး သူမ၏ နည်းလမ်းအတိုင်း ချီစွမ်းအင်များကို သုံးလိုက်သည်။ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ထဲတွင် စွမ်းအားများ ပြည့်နေသည့်အတွက် ဂဏန်းအခွံက ချက်ချင်း ကွဲသွားခဲ့သည်။

မုန့်ချီက ဂဏန်းအသားကို အချဉ်ရည်ထဲနှစ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အရသာခံကြည့်နေခဲ့၏။ ထိုအရာက အမှန်တကယ်ကို ထူးခြားသော အရသာမျိုးရှိသည်။

ရွမ်ယုရှုကလည်း ထိုအရာကို ကြည့်နေခဲ့၏။ သူမက ဒုတိယမြောက်ဂဏန်းကို ယူပြီး ချီစွမ်းအင်များနှင့် အခွံကို ခွာလိုက်ပြန်သည်။ သူမကတော့ မူလပုံစံအတိုင်း ဂဏန်းများကို ဆက်၍ စားနေခဲ့သည်။

"သူတို့စားတာ တော်တော်မြန်တာပဲ… "

နာရီဝက်ခန့်ကြာပြီးနောက် ဂဏန်းများအားလုံး ကုန်သွားသည်။ မုန့်ချီကတော့ စားပွဲခုံကို တတောက်တောက် ခေါက်နေပြီး သီချင်းအေးအေးလေး ညည်းနေခဲ့၏။

ထိုအချိန်တွင် ရွမ်ယုရှုက သူမ၏လက်ကို သုတ်လိုက်ပြီး စားပွဲပေါ်တွင် အိပ်တန်းတက် ဇာမဏီ‌ဗျပ်စောင်းကို တင်လိုက်သည်။ သူမ၏လက်ထဲမှ ထွက်ပေါ်လာသော တေးဂီတသံက အတော်လေးကို သာယာနာပျော်ဖွယ် ကောင်းလှသည်။

မုန့်ချီကတော့ သူ့အသံကို တိုးလိုက်ပြီး နောက်သို့ မှီ၍ အေးအေးဆေးဆေး နားထောင်နေခဲ့၏။ ကျန်းကျိဝေကလည်း ဓားရှည်ကို ပေါင်ပေါ်တွင် တင်ပြီး တိတ်တဆိတ် နားထောင်နေခဲ့သည်။

ခဏကြာပြီးနောက် လေလှိုင်းများ တိုက်ခတ်လာပြီး အစိုဓာတ်များ ပါလာခဲ့၏။ ရွမ်ယုရှုက စောင်းတီးခြင်းကို ရပ်တန့်ပြီး တီးတိုးပြောလိုက်သည်။

"ငါက မနက်ဖြန် လန်းယာ့ကို ပြန်တော့မယ်။ ကြည့်ရတာတော့ ငါက အသက် (၁၈)နှစ် မပြည့်ခင် သိုင်းလောကမှာ လှည့်ပတ်သွားလို့ မရလောက်ဘူး…"

"ကောင်းပြီလေ ။ ဒါဆို နောက်တစ်ကြိမ် သံသရာတာဝန် လုပ်တဲ့အချိန်ကျရင် ငါ နင့်ကို ထပ်ပြီး မုန့်ဝယ်ကျွေးမှာပေါ့ … "

မုန့်ချီက သူမကို နှစ်သိမ့်လိုက်သည်။

ကျန်းကျိဝေကလည်း သက်ပြင်းချပြီး ဓားရှည်ကို ယူ၍ ပြောလိုက်သည်။

"ကြာပန်းသခင်က ရောက်မလာခဲ့ဘူး။ မိုင်တစ်ရာထိတ်လန့်ခြင်း ရောက်မလာခင် သူက မြောင်လင်မှာရှိတဲ့ ရလဒ်တွေကို သိသွားတဲ့အတွက် ပင်လယ်ကမ်းခြေကို ပြန်သွားတာပဲ ဖြစ်မယ်။ အင်ပါယာဓား (၅)သွယ်ကလည်း ပြန်သွားပြီ။ စီနီယာရှို့ကျူနဲ့ မြေခွေးဘုရင်တို့ကလည်း ပျောက်နေတယ်။ ငါကတော့ သူရဲကောင်းတွေ အားလုံးကို စိန်ခေါ်နိုင်ဖို့ တွေးထားခဲ့တာ …"

ဆူးချုံမည်းကြယ်ဆီတွင် အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေသည့်အတွက် အမိုက်မှောင်တာအိုသခင်ကို နောက်ပြန်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့သည်။

"ငါက မြေခွေးဘုရင်ကို လိုက်ရှာဖို့အတွက် နင့်ကို ဖိတ်ခေါ်ဖို့ စဉ်းစားထားတာ ။ ဒါပေမဲ့ အခုတော့ ငါ့ဆီမှာလည်း ဘာသဲလွန်စမှ မရှိတော့ဘူး။ အဲဒါလည်း အဆင်‌ပြေပါတယ်။ မြစ်အရှေ့ပိုင်းမှာ သူရဲကောင်းတွေအားလုံး စုံတဲ့အချိန်ကျရင် ငါတို့က သူတို့နဲ့ စိန်ခေါ်ဖို့ အခွင့်အရေး ရှိပါသေးတယ်…"

မုန့်ချီက နှစ်သိမ့်သည့် အသံနှင့် ပြောလိုက်သည်။

ကျန်းကျိဝေက အပြုံးနှင့်ပြောလိုက်၏။

"ငါလည်း သိပါတယ်။ ဒါပေမဲ့ ငါက မြစ်အရှေ့ပိုင်းကနေ ခဏထွက်သွားရဦးမယ်။ မြောင်လင်ဂိုဏ်းခွဲမှာရှိတဲ့ ကျိကျန်းဓားစံအိမ်ရဲ့တာဝန်ခံက ငါ့ကို သတင်းပို့ထားတယ်။ ငါက သေဆုံးသွားတဲ့ တိုင်ရှန်အကြီးအကဲရဲ့ မိသားစုဝင်တစ်ယောက် မွေးနေ့ပွဲကို သွားဖို့ ကျုံးကျိုးကို သွားရဦးမယ် ။ အချိန်မကျန်တော့ဘူးဆိုတော့ ငါလည်း မနက်ဖြန်ထွက်သွားတော့‌မယ်။ နင်ရော ဘာလုပ်မှာလဲ ကိုရင်လေး … "

ဆုံစည်းပြီးသွားလျှင် ခွဲခွာရမည်မှာ ဓမ္မတာသာဖြစ်သည်။ မုန့်ချီကတော့ ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး ပြောလိုက်၏။

"ငါ့မှာ ဘာတာဝန်မှာ မရှိဘူး။ ဒါပေမဲ့ ငါက အစ်ကိုချီကို စောင့်ရဦးမယ်။ တကယ်လို့ ဒီနေရာမှာ ဘယ်သူမျှမရှိတော့ရင် သူက ဝမ်းနည်းသွားရလိမ့်မယ်…"

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုတော့လည်း ကောင်းတာပေါ့ …။ ငါက တစ်လ နှစ်လအတွင်း မြစ်အရှေ့ပိုင်းကို ပြန်လာခဲ့မယ်…"

ငါးဖမ်းလှေကြီးက ကမ်းစပ်ဆီသို့ ပြန်ကပ်လာခဲ့သည်။ ရွမ်ယုရှုနှင့် ကျန်းကျိဝေတို့က အတူတူဆင်းသွားကြပြီး တကျူးကျောင်းဆောင်ဆီသို့ လျှောက်သွားကြ၏။

အရက်သောက်ထားသော မုန့်ချီကတော့ သူတို့နှင့် ရွှေရောင်ရေကန်ကြီးကို ကြည့်ပြီး စားပွဲခုံကို တတောက်တောက် ခေါက်၍ ကျယ်လောင်စွာ သီချင်းဆိုလိုက်သည်။

"ရေစီးကြောင်းတွေဆိုတာ အရှေ့ဘက်ကိုပဲ စီးဆင်းနေပြီး …

သူရဲကောင်းတွေ ဆိုတာကလည်း အချိန်နဲ့အမျှ လှုပ်ရှားနေကြရတယ် … "

သူ့အသံက အလွန် ကျယ်လောင်လွန်းလှသည့်အတွက် လူတော်တော်များများက အသံကြားရာကို လှည့်ကြည့်လိုက်ကြသည်။ ရွမ်ယုရှုနှင့် ကျန်းကျိဝေတို့ကလည်း ခြေလှမ်းကို နှေးလိုက်ပြီး နားထောင်ကြည့်လိုက်ကြ၏။

သို့သော် မုန့်ချီကတော့ ရှက်ရွံ့သွားရမည့်အစား အနှောင်အဖွဲ့ကင်းကင်းနှင့် ပျော်ရွှင်စွာ သီချင်းဆိုနေခဲ့လေသည်။

"သိုင်းလောကမှာ အဖြစ်အပျက်တွေ အများကြီးပဲ…

အရာအားလုံးက လေနှင့်အတူ ပျောက်ကွယ်သွားရတယ် … "

Translated by Hein Htet.

All Chapters