← Chapters

အခန်း (၃၁၈)

Vol. 22 Ch. 318

အခန်း (၃၁၈)

Vol. 22 Ch. 318

စားပွဲပေါ်တွင် စာရွက်တစ်ရွက်ကို ဖြန့်ချလိုက်ပြီးနောက် မုန့်ချီက မြောင်လင်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အသေးစိတ် စတင်ရေးသားလိုက်သည်။ သို့သော် သူကတော့ မသိသင့်သော အရာများကိုတော့ မပြောခဲ့ပေ။ ဥပမာအနေနှင့်ပြောရလျှင် ကျန်းဟန်ချွန်၏ အဖွဲ့အစည်းက ဒဏ္ဍာရီအဖွဲ့အစည်း ဟူသော အရာများ ဖြစ်သည်။

မည်သို့ဖြစ်စေကာမူ စာပါ အကြောင်းအရာများနှင့် သုံးသပ်ချက်များက မုန့်ချီ၏ ကိုယ်ပိုင်အထင်အမြင်များသာ ဖြစ်သည်။ ဥပမာအနေနှင့် ပြောရလျှင် ရွမ်မိသားစုက သူတို့ကို လာရောက်ကူညီပေးခဲ့သည်မှာ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က မိတ်ဆွေကောင်းများ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ကျန်းကျိဝေကတော့ မုန့်ချီနှင့် ရှောင်လင်ကျောင်းတော်တွင် တွေ့ဆုံခဲ့ပြီးနောက် ရင်းနှီးသော ဆက်ဆံရေးရှိသည်။ သူတို့က သိုင်းလောကတွင် လှည့်ပတ်သွားလာနေစဉ် နောက်တစ်ကြိမ် တွေ့ခဲ့ရပြီး မိတ်ဆွေကောင်းများ ဖြစ်နေသည်ဟု သတ်မှတ်နိုင်၏။

သူက နောက်ဆုံးစာကြောင်းကို ရေးပြီးသွားသည့်အချိန်တွင် မုန့်ချီက အစိမ်းရောင် တရားဝင် တံဆိပ်တုံးကို ထုတ်လိုက်ပြီး စာရွက်ပေါ်တွင် ရိုက်နှိပ်လိုက်သည်။ ထိုအရာက စာရွက်ပေါ်တွင် ရှုပ်ထွေးသော အနီရောင်အမှတ်အသားတစ်ခု ပေါ်လာစေပြီး ကူးချရန် ခက်ခဲနိုင်သည်။

"လျှို့ဝှက်သတင်းပေးစု…"

တံဆိပ်ပေါ်တွင် ထိုစကားလုံးကို ရေးသားထားသည်။ မုန့်ချီက ပြုံးလိုက်၏။ သူက စာကို ခေါက်လိုက်ပြီး ရင်ဘတ်ထဲတွင် သိမ်းထားလိုက်သည်။

ထို့နောက် သူ၏မျက်နှာအမူအရာကို ပြောင်းလဲပြီး လမ်းထဲမှ ထွက်သွားခဲ့၏။ အကြိမ်ပေါင်းများစွာ လှည့်ပတ်လိုက်ပြီးနောက် သူက သွားခဲ့ဖူးသော စုတ်တံအရောင်းဆိုင်သို့ ရောက်လာခဲ့သည်။ သူက လျှို့ဝှက်သင်္ကေတကိုသုံးပြီး လျှို့ဝှက်သတင်းပေး တစ်ယောက်ဖြစ်ကြောင်း ပြောပြလိုက်ပြီးနောက် ပြင်ဆင်ထားသောစာကို ပေးလိုက်သည်။ ထို့နောက် မတူညီသော နေရာများမှ သတင်းအချက်အလက်တစ်ချို့ကို ယူလာခဲ့၏။

ဤတာဝန်အတောအတွင်း မုန့်ချီက သူ၏အဆင့်အတန်းကို ထုတ်ဖော်ခဲ့ရခြင်း မရှိသည်မှာ ကံကောင်းသည်ဟု ခံစားမိနေခဲ့သည်။ လျှို့ဝှက်သတင်းပေး တစ်ယောက် ဖြစ်သည့်အတွက် ပြဿနာတစ်ခုကို ဖြေရှင်းနေသည့်အချိန်တွင် သူက လူဆိုးထိန်းတစ်ယောက်ဟု တစ်ခြားသူများကို ပြောရန် မသင့်တော်လှပေ။

ထိုသို့ဆိုလျှင် သူက သာမန်အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်း (သို့မဟုတ်) စုံစမ်းရေးမှူးတစ်ယောက်သာ ဖြစ်သွားပါလိမ့်မည်။ ပုံမှန်အားဖြင့် ပြောရလျှင် သူ့ဆီ၌ လုံးဝမတတ်သာသော အခြေအနေမျိုး မဟုတ်ဘဲ သူ၏အဆင့်အတန်းကို လုံးဝထုတ်ဖော်လိမ့်မည် မဟုတ်ချေ။

လျှို့ဝှက်သတင်းပေးဟူသော အဆင့်အတန်းသာ ပေါ်သွားလျှင် သတ်ဖြတ်ရေးဓားစုမုန့်၏ ဂုဏ်သတင်းက ဆိုးရွားသွားနိုင်သည်။ သူက နောက်ပိုင်းအမှုတွဲများတွင်လည်း ပါဝင်ရန် အခွင့်အရေး မရှိနိုင်တော့ပေ။

သူက ငှားထားသော ခြံဝန်းထဲသို့ ပြန်ရောက်လာသည့်အချိန်တွင် တစ်စုံတစ်ခုကို ခံစားမိခဲ့ပြီး ပြောလိုက်၏။

"အစ်ကိုချီ.. ကျေးဇူးပြုပြီးထွက်လာခဲ့ပါ…"

ချီကျန်းရန်က ခြံဝန်းထဲမှနေ၍ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ သူကတော့ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"မင်းရဲ့အာရုံခံစွမ်းရည်တွေက ဒီလောက်ထိ တိုးတက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…"

"ဟုတ်တယ်.. ကျွန်တော်ရဲ့အာရုံခံစွမ်းရည်တွေက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်နီးနီး ကောင်းလာပြီ…"

မုန့်ချီက ထူးဆန်းစွာ ပြောလိုက်သည်။

ထို့နောက် သူက ပြုံးလိုက်၏။

"အစ်ကိုချီက နောက်ဆုံးမှ ရောက်လာခဲ့တာပဲ.."

ချီကျန်းရန်ကတော့ မုန့်ချီ၏စကားပြောဆိုပုံနှင့် ရင်းနှီးနေပြီဖြစ်သည်။ သူက အနည်းငယ် စဉ်းစားပြီး ပြောလိုက်၏။

"တကယ်လို့ ငါကသာ လှေနဲ့ စုန်ဆင်းလာမယ်ဆိုရင် အချိန်မီမရောက်မှာကို စိုးရိမ်နေခဲ့တာ။ ဒါကြောင့် ငါက နေ့ရောညပါ လမ်းလျှောက်လာခဲ့တယ်။ ဒါပေမဲ့ လမ်းပေါ်မှာ မကောင်းဆိုးဝါးတွေ၊ ဓားပြတွေ အများကြီးတွေ့ခဲ့ရတော့ အချိန်တော်တော်လေး ကုန်သွားတာပေါ့။ ငါက လှေနဲ့လာတာထက်တောင် ပိုပြီးတော့ နှေးသွားသေးတယ်။ မြစ်အရှေ့ပိုင်းကို ရောက်တဲ့အချိန်မှာ မြောင်လင်က ကိစ္စတွေကို ကြားခဲ့တယ်။ မိုင်တစ်ရာ ထိတ်လန့်ခြင်း သေသွားတာနဲ့ တုန်းရန်စံအိမ် ပျက်စီးသွားတဲ့ သတင်းမျိုးပေါ့…"

"အစ်ကိုချီ..

ဒီနေ့တော့ တော်တော်လေး စကားများနေသလိုပဲ။ အဲဒါက ပုံမှန်တိတ်ဆိတ်နေတတ်တဲ့ အစ်ကို့ရဲ့အကျင့်စရိုက်နဲ့ တော်တော်လေး ကွဲပြားနေတယ်…"

မုန့်ချီက မေးရိုးကို လက်သီးနှင့်ထုနေရင်း ပြောလိုက်သည်။

"အစ်ကိုချီက မကောင်းဆိုးဝါးတွေ ဓားပြတွေကို ရင်ဆိုင်ပြီး စိတ်လွတ်သွားတာများလား.."

ချီကျန်းရန်၏ မျက်နှာက ရှုံ့မဲ့သွားပြီး ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။

"ဒါက မင်းအထင်ကိုး.."

"ဒါပေမဲ့ အမှန်တရားတစ်ခုတော့ ရှိပါသေးတယ်.."

မုန့်ချီက သူတစ်ယောက်တည်းသာ နားလည်နိုင်သော ဟာသတစ်ခုကိုပြောပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။

သူက မေးလိုက်၏။

"အစ်ကိုချီ.. တစ်ခြားဘာအစီအစဉ်ရှိလဲ…."

"အစီအစဉ်လား.."

ချီကျန်းရန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ငါက သိုင်းပညာတိုးတက်အောင် မြှင့်တင်ဖို့အတွက် မြစ်အရှေ့ပိုင်းမှာရှိတဲ့ ပညာရှင်တွေကို စိန်ခေါ်ချင်ခဲ့တာ.."

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"အကြံကောင်းပဲ..။. ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာ။ သွားကြစို့.."

"မင်းက ဘယ်သူနဲ့ လက်ရည်စမ်းချင်လို့လဲ.."

ချီကျန်းရန်က မေးလိုက်သည်။

မုန့်ချီက နှုတ်ခမ်းကိုကိုက်ပြီး ပြောလိုက်၏။

"ကျွန်တော်က အင်ပါယာဓား(၅)သွယ် ချင်ယုကိုတော့ စဉ်းစားထားခဲ့တယ်။ ဒါပေမဲ့ သူက အိမ်ပြန်သွားပြီ…"

သူက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။

"ဒါကြောင့် အခုကျွန်တော့်ရဲ့ပစ်မှတ်က ယင်မြို့ရဲ့ပြင်ပအဆောက်အဦးမှာ ရှိနေတဲ့ ကြာပန်းသခင်လျှူစုပဲ။ ကျွန်တော်က ရှုံးမယ်ဆိုတာ သိပေမယ့် သူ့ကို စိန်ခေါ်ချင်တယ်။ ကျွန်တော်က ကျွန်တော့်ထက်ပိုပြီး အဆင့်မြင့်တဲ့ ပညာရှင်တွေနဲ့ လက်ရည်စမ်းမှပဲ ကျွန်တော်ရဲ့အစွမ်းက မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်."

"ဂိုဏ်းတူအစ်ကိုကြီး လျှူစုလား.."

ချီကျန်းရန်က အလွန်ရှုပ်ထွေးသော အမူအရာနှင့် မေးလိုက်သည်။

ကြာပန်းသခင်လျှူစုက ဟွမ်ဟွာဓားဂိုဏ်းထဲတွင် အတော်ဆုံးတပည့်များထဲမှ တစ်ယောက်ဖြစ်သည်။ သူက ငယ်စဉ်ကလေးဘဝတည်းက နာမည်ကျော်ကြားသည့်အတွက် သူနှင့် သက်တူရွယ်သူများက သူ့ကို အလွန်လေးစားအားကျကြသည်။

ချီကျန်းရန်က သာမန်တပည့်တစ်ယောက်သာ ဖြစ်နေသေးသည့်အချိန်တွင် သူက လျှူစု၏ ကြံ့ခိုင်မှုနှင့် အဆင့်အတန်းများကို လိုချင်နေခဲ့သည်။ ယခုတော့ သူ၏မိတ်ဆွေကောင်းက သူ့ရင်ထဲတွင် စံပြတစ်ယောက်ဖြစ်သော ဂိုဏ်းတူအစ်ကိုကြီးကို စိန်ခေါ်ချင်နေကြောင်း ကြားလိုက်ရသည့်အချိန်တွင် သူ့အနေနှင့် ထိတ်လန့်သွားသည်မှာ ပုံမှန်သာ ဖြစ်သည်။ သူက အိပ်မက်မက်နေသလို ခံစားနေရ၏။

"ဘယ်နှစ်နှစ်မှတောင် မရှိသေးဘူး..။ ညီလေးမုန့်ရဲ့အစွမ်းက ဒီလောက်တောင် တိုးတက်လာခဲ့တာလား။ ဒါဆိုရင် ငါကရော..။ ဂိုဏ်းတူအစ်ကိုကြီးလျှူစုနဲ့ ငါက ဘယ်လောက်တောင် ကွာခြားနေတာလဲ…"

မုန့်ချီက ချီကျန်းရန်၏အတွေးကို နားလည်နေသည့်အတွက် သူ့ကို အားပေးလိုက်သည်။

"အစ်ကိုချီ..

တံခါး(၈)ပေါက်ပွင့်ပြီး ခရမ်းကြယ်မြစ်သိုင်းကွက်ကို လေ့ကျင့်ပြီးသွားရင် အစ်ကိုကလည်း လျှူစုကို စိန်ခေါ်နိုင်ပါပြီ…"

လူငယ်မှတ်တမ်းတွေ ရှိနေသော ဖော်ပြချက်များနှင့် ယပ်တောင်(၆)လက်ကျောင်း၏ အချက်အလက်များအရ လျှူစုဆီတွင် တိုက်ခိုက်ရေးအတွေ့အကြုံများစွာ ရှိနေပြီး လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်နေသည်။ လက်ရှိအချိန်တွင် သူက သက်တော်ရှည်အင်မော်တယ်ဓားသိုင်းပညာကို အဆင့်မြင့်မြင့် လေ့ကျင့်ထား၏။

ပုံမှန်အားဖြင့် လျှူစုနှင့် ယှဉ်ပြိုင်ချင်သော သူတိုင်းက လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ရှိနေရန် လိုအပ်သည်။ မဟုတ်လျှင်လည်း ထူးခြားသော သိုင်းပညာများရှိရန် လိုအပ်၏။ မည်သို့ဖြစ်စေကာမူ လျှူစု၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ သိုင်းပညာ၊ စွမ်းရည်၊ ကြိုးစားအားထုတ်မှုနှင့် အတွေ့အကြုံများအားလုံးက အလွန်ထူးချွန်လွန်းလှသည်။ ဓမ္မကာရအဆင့် သိုင်းကွက်များမရှိဘဲ သူ့ကို အနိုင်ရရန် မလွယ်လှပေ။

မည်သို့ဖြစ်စေကာမူ မုန့်ချီ၏ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က ပြောင်းလဲမှုများ၊ လှည့်စားမှုများ ပြည့်နှက်နေပြီး သက်တော်ရှည်အင်မော်တယ်ဓားသိုင်းပညာထက် ပို၍အဆင့်မြင့်သည်။ သို့သော် သူ၏တိုက်ခိုက်ရေးအတွေ့အကြုံများကတော့ လျှူစုကို မမီနိုင်သည့်အတွက် သူက စိန်ခေါ်နိုင်သည်ဟုသာ သတ်မှတ်ထားသည်။

ချီကျန်းရန်၏ ဖရိုဖရဲကျင့်စဉ်ကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်သာ ရှိသေးသည်။ ထိုအရာက ပြင်ပကမ္ဘာကြီးကို ထိန်းချုပ်နိုင်၏။ ထို့ကြောင့် တံခါး(၈)ပေါက် ပွင့်သွားပြီးမှသာ သူ့အစွမ်းက လျုစုနှင့် အချိန်အတိုင်းအတာတစ်ခုထိ ရင်ဆိုင်နိုင်သည်ဟု မုန့်ချီက ပြောခဲ့ခြင်းဖြစ်သည်။ မည်သို့ဖြစ်စေကာမူ ချီကျန်းရန်က တံခါး(၈)ပေါက်အဆင့် ရောက်သည့်အချိန်တွင် လျှူစုက မည်သည့်အဆင့်ကို ရောက်နေမည်ဟု မည်သူကရော ပြောနိုင်မည်နည်း။

ချီကျန်းရန်က အနည်းငယ် သက်ပြင်းချလိုက်မိ၏။

"အခုချိန်ထိတော့ ငါက ဂိုဏ်းတူအစ်ကိုကြီးလျှူစုနဲ့ တိုက်ခိုက်ဖို့ သတ္တိနဲ့ ယုံကြည်ချက် မရှိသေးဘူး။ ဒါပေမဲ့ ငါက မင်းတို့ရဲ့တိုက်ပွဲကိုကြည့်ပြီး သင်ခန်းစာယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…"

သူကလည်း ယင်မြို့သို့ သွားရောက်ပြီး လမ်းတစ်လျှောက်တွင် ရှိနေသော ဉာဏ်အလင်းပွင့်မှု ပညာရှင်များကို စိန်ခေါ်လိုခြင်း ဖြစ်သည်။

"ကောင်းပြီလေ.. ယင်မြို့ရဲ့ ပြင်ပအဆောက်အဦးဆီကို သွားကြစို့…"

မုန့်ချီက ပြုံးလိုက်၏။

မြစ်အရှေ့ပိုင်းတွင် အဓိကပို့ဆောင်ရေးလမ်းကြောင်းက လှေဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့က လှပသော ရှုမျှော်ခင်းများကို ရှုစားနိုင်ပြီး ကမ်းစပ်တွင် စိုက်ထားသော အစိမ်းရောင် မိုးမခသစ်ပင်များ၊ တံတားငယ်လေးများ၏ အောက်တွင် စီးဆင်းနေသော ရေလှိုင်းများ၊ အဖြူရောင်နံရံများ ၊ အနက်ရောင်အုတ်ချပ်များနှင့် တည်ဆောက်ထားသော အဆောက်အဦးများကို ကြည့်ရှု၍ရနိုင်သည်။

ယင်မြို့၏အနားတွင် ရှိနေသော မြို့ငယ်လေးသို့ ရောက်လာပြီးနောက် မုန့်ချီနှင့် ချီကျန်းရန်တို့က လှေပေါ်မှ ဆင်းလာပြီး လမ်းမပေါ်သို့ တက်လာခဲ့ကြသည်။ သူတို့က နောက်နေ့တွင် မြို့ထဲသို့ ဝင်ချင်နေသည့်အတွက် အနားယူပြီး အကောင်းဆုံး အခြေအနေနှင့် ယင်မြို့ထဲသို့ဝင်ရန် စဉ်းစားထားသည်။

ညက အတော်လေး ညဉ့်နက်နေပြီဖြစ်သည့်အတွက် တဖြည်းဖြည်း ပို၍အေးစက်လာခဲ့သည်။ ဆောင်းရာသီအအေးဓာတ်က သူတို့ကို တိုက်ခတ်နေသလို ခံစားနေရ၏။

မုန့်ချီနှင့် ချီကျန်းရန်တို့ကတော့ အလွန်လျင်မြန်စွာ ပြေးနေကြသည်။ သူတို့က ကိုယ်ဖော့ပညာ ပြိုင်ဆိုင်နေကြ၏။ တစ်ယောက်က လေအရိပ်ခြေလှမ်းသိုင်းနှင့် ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်တို့ကို သုံးထားသည်။ တစ်ခြားတစ်ယောက်ကတော့ ဖရိုဖရဲကျင့်စဉ်ထဲရှိ ကိုယ်ဖော့ပညာကို သုံးထားသည့်အတွက် သူတို့နှစ်ယောက်က သူမသာ ကိုယ်မသာ ဖြစ်နေကြ၏။

ရုတ်တရက်ဆိုသလို မုန့်ချီ၏မျက်လုံးထဲတွင် မီးတောက်တစ်ခု ပေါ်လာခဲ့သည်။ သူတို့၏ရှေ့တွင် လူစုလူဝေးကြီးက မီးတုတ်များကို ကိုင်ထားကြ၏။

"ဘာတွေဖြစ်နေတာလဲ.."

မုန့်ချီက အရှိန်လျှော့လိုက်ပြီး ချီကျန်းရန်လည်း နောက်မှလိုက်လာခဲ့သည်။

မုန့်ချီက ခေါင်းခါပြီး ပြောလိုက်၏။

"ကျွန်တော်လည်းမသိဘူး။ သွားကြည့်ကြစို့…"

သူ၏ပင်ကိုဗီဇကကို အလွန်စပ်စုတတ်သည်။ အနားသို့ ရောက်သွားသည့်အချိန်တွင် မုန့်ချီက လူဆိုးထိန်း ဝတ်စုံဝတ်ဆင်ထားသော လူတစ်ချို့ကို မြင်လိုက်ရသည်။ တစ်ချို့ကတော့ သိုင်းလောကသားများဖြစ်၏။ သူတို့က သစ်တောထဲတွင် ရှာဖွေရန်အတွက် မီးတုတ်များကို ကိုင်ထားကြသလို ထင်ရသည်။

"မိတ်ဆွေ..

ဒီမှာဘာတွေဖြစ်နေတာလဲ ပြောပြလို့ရနိုင်မလား…"

မုန့်ချီက အနားတွင် ရှိနေသော အနက်ဝတ်လူတစ်ယောက်ကို မေးလိုက်သည်။

ထိုလူက မုန့်ချီနှင့် ချီကျန်းရန်တို့ကိုကြည့်ပြီး မေးလိုက်၏။

"မင်းတို့က ဒီနေရာကနေ ဖြတ်သွားကြတာလား…"

"ဟုတ်ပါတယ်.."

မုန့်ချီက ထူးဆန်းစွာ ပြန်ဖြေလိုက်၏။ အနက်ဝတ်လူက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်၏။

"ပန်းသူခိုးလိပ်ပြာနက်က ဒီမြို့ထဲမှာ ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်ခဲ့တယ်။ သူက မိသားစုတွေထဲက မိန်းမပျိုလေးတွေကို မုဒိန်းကျင့်ပြီး သတ်ပစ်ခဲ့တယ်။ အခု သူက ရှမိသားစုထဲက သခင်မလေး(၆)ကို ခေါ်သွားပြီး ဒီသစ်တောထဲမှာ ပုန်းနေတယ်။ ငါတို့တွေက လူဆိုးထိန်းခေါင်းဆောင်ကို သတင်းပို့ထားပြီး သူ့ကိုရှာဖို့အတွက် ဒီမှာစောင့်နေကြတာ…"

"လိပ်ပြာနက်လား.."

မုန့်ချီက သူ့အကြောင်းကို မသိသလို ချီကျန်းရန်ကလည်း မသိခဲ့ပေ။

"မင်းတို့က မြစ်အရှေ့ပိုင်းကို ပထမဆုံးအကြိမ် ရောက်လာကြတာလား.."

အနက်ဝတ်လူက ချက်ချင်း နားလည်သွားသည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်..။ လိပ်ပြာနက်က တော်တော်လေး နာမည်ကြီးလို့လား…"

သူကတော့ ယပ်တောင်(၆)လက်ကျောင်း၏မှတ်တမ်းများထဲတွင် ထိုနာမည်ကို လုံးဝမမြင်ဖူးချေ။ သို့သော် ထိုမှတ်တမ်းများထဲတွင်တော့ ဝေ့ကျင်းအဆင့် သို့မဟုတ် ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အတော်ဆုံးပညာရှင်များ၏ အကြောင်းကိုသာ မှတ်တမ်းတင်ထား၏။

"သူက မြစ်အရှေ့ပိုင်းကို နာမည်ဖျက်နေတာ…"

အနက်ဝတ်လူက သက်ပြင်းချလိုက်၏။

"သူက တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်ပဲ။ သူ့ရဲ့သိုင်းပညာက သာမန်ပေမယ့် သူက ကိုယ်ဖော့ပညာ ကျွမ်းကျင်တယ်။ ပုန်းအောင်းတဲ့နေရာမှာလည်း ကျွမ်းကျင်ပြီး လျှို့ဝှက်လက်နက်တွေ အသုံးပြုတတ်တယ်။ ဒါကြောင့် သူက မိန်းကလေးတွေကို အောင်အောင်မြင်မြင် မုဒိန်းကျင့်ပြီး ထွက်ပြေးနိုင်တာ။ သူ့ကြောင့် မိန်းကလေးတွေ ဘယ်လောက်များများ ပျက်စီးသွားပြီလဲဆိုတာတောင် မပြောတတ်တော့ဘူး။ ငါတို့ကို မုန်းတဲ့စိတ်ကြောင့် သူကလည်း မိန်းကလေးတွေကို မုဒိန်းကျင့်ပြီးသွားရင် ရက်ရက်စက်စက် သတ်ပစ်တတ်တယ်…"

သိုင်းပညာနယ်ပယ်တွင် ယောကျ်ားနှင့်မိန်းမ ကွာဟမှုက အလွန်အမင်းကို သေးငယ်သည်။ ထိုလူများကတော့ စိတ်ထားပွင့်လင်းကြ၏။ အထက်တန်းလွှာ မိသားစုများမှလွဲလျှင် သိုင်းလောကသားများကတော့ အပျိုစင်ဘဝ ဆုံးရှုံးသွားသော မိန်းကလေးများကို အထင်မသေးကြပေ။ သို့သော် လိပ်ပြာနက် လုပ်ဆောင်ခဲ့သောအရာများက သူတို့၏ခံနိုင်ရည်စွမ်းထက် ကျော်လွန်နေခဲ့၏။ ထို့ကြောင့် တစ်ခြားလူများက ပန်းလိပ်ပြာဟုခေါ်သော်လည်း သူကတော့ လိပ်ပြာနက်ဟုသာ နာမည်ပေးထားသည်။

ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းတစ်ယောက်ဟု သတ်မှတ်ထားသော မုန့်ချီကတော့ အလွန်ဒေါသထွက်ပြီး အော်မေးလိုက်သည်။

"သူက ဘယ်မှာလဲ.."

"သူက သစ်တောထဲကိုဝင်သွားတယ်…"

အနက်ဝတ်လူက သူတို့ကို သတိပေးလိုက်၏။

"အမှောင်ထဲမှာ လိပ်ပြာနက်ရဲ့ လျှို့ဝှက်လက်နက်တွေက တော်တော်လေးကို အကျိုးသက်ရောက်မှုရှိတယ်။ တကယ်လို့ မင်းတို့က ငါတို့ကို ကူညီပေးချင်တယ်ဆိုရင် ငါတို့အဖွဲ့တွေ စုစည်းပြီးတဲ့အချိန်အထိ စောင့်နေတာ ပိုကောင်းတယ်။ ပြီးတော့ သူတို့နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့က အချင်းချင်း ဂရုစိုက်နိုင်ကြတာပေါ့..”

“လိပ်ပြာနက်က အရမ်းကို သတိရှိတယ်။ သူက နာမည်ကျော် အထက်တန်းလွှာ မိသားစုတွေကို ရန်မစတတ်ဘူး။ ဒါပေမဲ့ ရှမိသားစုကတော့ ယင်မြို့ထဲမှာရှိတဲ့ မေ့မိသားစုနဲ့ အရမ်းရင်းနှီးတယ်။ ဒါကြောင့် သူတို့က အကူအညီပေးဖို့ လူလွှတ်လိုက်တာ။ ငါတို့ရဲ့ပင်မတာဝန်က လိပ်ပြာနက်ကို ခြောက်လှန့်ပြီး ရှမိသားစုက သခင်မလေး(၆)ကို အနိုင်မကျင့်အောင်တားဆီးဖို့ပဲ…”

“မင်းတို့က သူနဲ့တွေ့ပြီဆိုရင် အကူအညီ လှမ်းတောင်းလိုက်။ လူဆိုးထိန်းခေါင်းဆောင်ဝမ်၊ သူရဲကောင်းလင်းပေါင်ကျိနဲ့ တစ်ခြားတံခါး(၉)ပေါက်အဆင့် ပညာရှင်တွေ ရောက်လာပြီး လိပ်ပြာနက်ကို တိုက်ခိုက်ကြလိမ့်မယ်…"

သူ၏စကားများအရ သူတို့က ရှမိသားစု၏ သခင်မလေး(၆)ကို ကယ်တင်ရန် အချိန်မရှိကြပေ။ သူတို့လုပ်နိုင်သည်မှာ သူမအတွက် လက်တုံ့ပြန်ပေးရန်သာ ဖြစ်၏။

ထိုစကားကို ကြားသည့်အခါ မုန့်ချီကတော့ စကားတစ်ခွန်းမျှမပြောဘဲ သစ်တောထဲသို့ ပြေးဝင်သွားခဲ့သည်။ ချီကျန်းရန်ကလည်း သူ့နောက်မှ လိုက်သွားခဲ့၏။

"ဟေ့ ဟေ့…."

အနက်ဝတ်လူက ကျယ်လောင်စွာ အော်ခေါ်လိုက်သော်လည်း သူတို့ကတော့ မကြားသ‌ယောင် ထင်မှတ်ရသည်။

လူအုပ်ကြီးထဲမှ တစ်ခြားသူများကလည်း လှုပ်ရှားသံများကို ကြားလိုက်ရ၏။ သူတို့ကလည်း သူ့အသံကြားသည့်နေရာသို့ လိုက်ကြည့်နေကြသည်။

အနက်ဝတ်လူက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်၏။

"ကြည့်ရတာ သူတို့နှစ်ယောက်က မဆင်မခြင် လုပ်တတ်တဲ့သူတွေပဲ.ဖြစ်မယ်."

သစ်တောထဲတွင် မုန့်ချီက သဲလွန်စများရှာဖွေရန် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ထားသည်။ ပတ်ပတ်လည်တွင် မှောင်မည်းနေသော မြင်ကွင်းများက သူ၏နှလုံးသားထဲတွင် ရေကန်တစ်ခုပမာ ပေါ်နေခဲ့၏။ သဲလွန်စများ ရှာဖွေနေရင်း လူတစ်ယောက်၏ အော်ဟစ်အကူအညီတောင်းသံကိုကြားလိုက်ရသည်။

သူက ချက်ချင်းပင် ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်နှင့် လေနတ်ဘုရား ခြေလှမ်းသိုင်းတို့ကိုသုံးပြီး ပြေးထွက်သွားခဲ့သည်။ သူက အလွန်လျင်မြန်လွန်းလှသည့်အတွက် အရိပ်တစ်ခုသာ ပေါ်နေခဲ့၏။ ချီကျန်းရန်ကတော့ အဝေးတွင် ကျန်နေခဲ့သည်။

အော်သံကတော့ သစ်တောကြီး၏ အနက်ပိုင်းတွင် ရှိနေသော သစ်သားအိမ်လေးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုသစ်သားအိမ်လေးက မုဆိုးများ ယာယီနားခိုတတ်သော နေရာတစ်ခု ဖြစ်သည်။

အိမ်လေးထဲတွင်တော့ ပန်းရောင်ဂါဝန်ရှည် ဝတ်ဆင်ထားသော မိန်းမပျိုလေး တစ်ယောက်က သူမ၏ရင်ဘတ်ကို လက်နှစ်ဖက်နှင့် ကာကွယ်ထားသည်။ သူမက နောက်သို့ ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်သွားပြီး ကျယ်လောင်စွာ အကူအညီတောင်းနေခဲ့၏။ သူမက လိပ်ပြာနက်၏ သွေးကြောပိတ်ခြင်းကို ခံထားရသည့်အတွက် သိုင်းပညာကိုသုံးပြီး ခုခံ၍ မရနိုင်ပေ။

သူမ၏ ရှေ့တွင်တော့ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ရပ်နေသည်။ သူက မျက်နှာဖုံးကို ချွတ်လိုက်ရာ ဖြူဖတ်ဖြူရော် မျက်နှာတစ်ခု ပေါ်လာ၏။ သူ့ပုံစံက ကြည့်ကောင်းသော်လည်း အလွန်အကျွံ မိန်းမလိုက်စားနေသည့် အတွက် အသက်(၃၀) (၄၀)အရွယ်ကဲ့သို့ ထင်မှတ်ရသည်။

"နင် ကြိုက်သလောက် အော်လိုက်စမ်းပါ။ ဘယ်သူကများ ဒီသစ်တောထဲကို ဝင်လာရဲမှာလဲ။ တကယ်လို့ သူတို့ ဝင်လာရဲမယ်ဆိုရင်တောင် နင့်ကိုလာပြီး အကူအညီပေးတဲ့အချိန်ကျရင် ငါတို့ရဲ့ပျော်စရာအချိန်လေးကလည်း ပြီးသွားလောက်ပြီ…"

လိပ်ပြာနက်ကတော့ သူမဆီကို အလျင်စလို ခုန်ဝင်သွားခြင်း မရှိချေ။ သူကတော့ စိတ်ဓာတ်ကျနေသော မိန်းကလေးများကို ကြည့်ရန် အလွန်စိတ်ဝင်စားသည်။

ရှမိသားစုမှ သခင်မလေး(၆)ကတော့ သူမ၏လျှာကို ကိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားလိုက်သည်။ သူမက သွေးကြောပိတ်ခံထားရသည့်အတွက် အလွန်အားနည်းနေသည်မှာ ကံဆိုးသွား၏။ သူမ ကိုက်လိုက်သည့်အတွက် ဒဏ်ရာအသေးလေးသာ ပေါ်လာခဲ့သည်။

"အခုတော့ ငါတို့က ချစ်တင်းနှောဖို့ အချိန်ရောက်ပြီ…"

လိပ်ပြာနက်က တဏှာရမ္မက်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရ၏။ သူက လက်နှစ်ဖက်ကိုပွတ်ပြီး သူမဆီသို့ ဖြည်းညင်းစွာ ကပ်လာခဲ့သည်။

ရှမိသားစုမှ သခင်မလေး(၆)ကတော့ နောက်သို့ ကပ်သွားရင်း နံရံသို့ ရောက်သွားပြီ ဖြစ်သည့်အတွက် ရပ်သွားခဲ့၏။

"အသုံးမဝင်ဘူး..။ ငါတို့က ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ကြရအောင်။ တကယ်လို့ ငါသာ နင့်ရဲ့ခန္ဓာကိုယ်ကို ကျေနပ်မယ်ဆိုရင် နင့်ကို မသတ်ပါဘူး…"

လိပ်ပြာနက်က ပြီတီတီ ပြုံးလိုက်သည်။

ထိုအချိန်တွင် သခင်မလေး(၆)၏ မျက်လုံးက လိပ်ပြာနက်၏နောက်ဘက်ကို စိုက်ကြည့်လိုက်၏။

လိပ်ပြာနက်က ရယ်ပြီး ပြောလိုက်သည်။

"ဒီလှည့်ကွက်က ငါ့အတွက် အသုံးမဝင်ဘူး။ ငါ ကလေးဘဝတည်းက အဲဒီအရာတွေ လုပ်လာခဲ့တာ…"

ရုတ်တရက်ဆိုသလို အလွန်အေးစက်သော လေလှိုင်းတစ်ခုက သူ့လည်ပင်းဆီသို့ ရောက်လာသည့်အတွက် သူလည်း တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ သိုင်းပညာရှင် တစ်ယောက်၏ မသိစိတ်ကြောင့် သူက ဓားကို နောက်ပြန်လွှဲယမ်း တိုက်ခိုက်လိုက်သော်လည်း ထိုနေရာတွင် မည်သည့်အရာမျှ မရှိခဲ့ပေ။

သူက ချက်ချင်း နောက်သို့ လျင်မြန်စွာ ပြန်လှည့်လိုက်သော်လည်း အိမ်ငယ်လေး၏ အတွင်းနှင့်အပြင်တွင် လူတစ်ယောက်မျှမတွေ့ရပေ။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည့်အချိန်တွင် အေးစက်သော လေလှိုင်းတစ်ခုက သူ့လည်ပင်းဆီသို့ နောက်တစ်ကြိမ် ရောက်လာကြောင်း ခံစားမိလိုက်ပြန်သည်။ သူက ယခင်တုန်းကထက်ပင် ပို၍အေးစက်သွားသလို ခံစားလိုက်ရ၏။

"ငါက သရဲတစ်ကောင်နဲ့ တွေ့နေရတာလား…"

တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားခဲ့သည်။

Translated by Hein Htet.

All Chapters