အခန်း (၃၁၉)
Vol. 22 Ch. 319
"လုံးဝမဖြစ်နိုင်ဘူး... "
သူ၏သိုင်းပညာက မိန်းကလေးများ၏ ယင်စွမ်းအားများနှင့် အားဖြည့်ရန် လိုအပ်ပြီး အလွန်ထူးခြားသော်လည်း လိပ်ပြာနက်က စွမ်းအားများ ပြည့်ဝနေသည်။ သူက သရဲတစ္ဆေများကို ဘာကြောင့် ကြောက်ရမည်နည်း။
သူကတော့ စိတ်ရှုပ်စေနိုင်သော အတွေးပေါင်းစုံကို ဖယ်ရှားလိုက်ပြီး ထိပ်တန်းပညာရှင် တစ်ယောက်နှင့် တွေ့နေရပြီ ဖြစ်ကြောင်း နားလည်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး နောက်ပြန်လှုပ်ရှားလိုက်၏။
ထိုအချိန်တွင် သူ၏အင်္ကျီလက်ထဲမှနေ၍ အဖြူရောင်မီးခိုးငွေ့များ ထွက်လာပြီး သူ၏ပတ်ပတ်လည်ကို လွှမ်းခြုံသွားခဲ့သည်။ သူ့လျှာအောက်တွင်တော့ ဖြေဆေးတစ်လုံးကို ထည့်ထားခဲ့၏။
အကယ်၍ သူ့နောက်တွင် ပညာရှင် တစ်ယောက်သာ ရှိနေမည်ဆိုလျှင် ခြေလက်များ ပျော့ခွေပြီး မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားပါလိမ့်မည်။ လိပ်ပြာနက်က သိုင်းကျမ်းတစ်ခုထဲမှနေ၍ အရိုးပျော့မြူခိုးပညာကို သင်ယူနိုင်ခဲ့သည်။
လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များကပင် ခဏကြာ ရှုလိုက်မိသည်နှင့် ခြေလက်များ အားပျော့သွားနိုင်သည်။ သူကတော့ မြေပေါ်သို့ တစ်စုံတစ်ခု ပြုတ်ကျသွားသည့် အသံမျိုး မကြားရသလို သူ့နောက်တွင် တစ်စုံတစ်ယောက် ရှိနေသည်ဟုလည်း မခံစားရပေ။
အလွန်အေးစက်သော လေလှိုင်းတစ်ခုကသာ သူ့လည်ပင်းဆီကို နောက်တစ်ကြိမ် ရောက်လာသည့်အတွက် သူ၏သွေးကြောများက အေးခဲသွားသလို ခံစားလိုက်ရသည်။ သူနောက်တွင် ရှိနေသူက အသက်အောင့်ထားခြင်းပေလော။ ထိုအရာကလည်း မည်သို့ ဖြစ်နိုင်မည်နည်း။
လိပ်ပြာနက်က သတိပေးခြင်းမရှိဘဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ့ပါးစပ်ထဲတွင်တော့ ဖြေဆေးက ရှိနေသေး၏။
သူက အမှန်တကယ်ကို သရဲတစ်ကောင်နှင့် တွေ့နေသည်ဟု ခံစားမိသည့်အတွက် ရင်ထဲတွင် လှုပ်ရှားလာခဲ့၏။ သူ့ကြောင့် မိန်းကလေးပေါင်း မြောက်မြားစွာ နာကြည်းချက်များနှင့် သေဆုံးသွားခဲ့ရသည်။ တချို့ကတော့ သေခါနီးအချိန်တွင် သူ့ကို ကျိန်ဆဲခဲ့၏။ သူတို့က သရဲအဖြစ် ပြောင်းလဲပြီး သူ့ကို လက်တုံ့ပြန်ရန် ရောက်လာခြင်းပေလော။
တိတ်ဆိတ်မှုက သုဿန်အလား ဖြစ်နေသည်။ လိပ်ပြာနက်က သူ့အတိတ်ကို ပြန်စဉ်းစားမိသည့်အချိန်တွင် ခြေထောက် (၂)ဖက်က တုန်ယင်လာခဲ့၏။ သူက အပြစ်ကို ပြန်ပေးဆပ်ရမှာ ကြောက်နေခဲ့ပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။
သူ၏စိုးရိမ်ထိတ်လန့်မှုက ခြေထောက်မှ ခေါင်းထိ ရောက်လာပြီး တစ်ကိုယ်လုံး ထုံကျင်လာခဲ့၏။ လိပ်ပြာနက်၏ခြေထောက်က ပျော့လာပြီး မျက်လုံးများက ပြူးကျယ်လာသည်။ သူက သတိလစ်သွားတော့မလို ဖြစ်လာခဲ့၏။
"မဟုတ်ဘူး...။ ငါ နောက်တစ်ကြိမ် ကြိုးစားရမယ်... "
သူက အလွန်ကောက်ကျစ်စဉ်းလဲပြီး သနားညှာတာမှုမရှိသော လူတစ်ယောက် ဖြစ်သည်။ သူက ခုခံရန် ခက်ခဲသော သရဲတစ်ကောင်နှင့် ကြုံတွေ့ရသည်ဟု ယုံကြည်ရန် ခက်ခဲနေ၏။
လခြမ်းပုံသဏ္ဍာန် လက်နက်တစ်ခုက လိပ်ပြာနက်၏ ဘယ်လက်ထဲမှနေ၍ အနောက်ဘက်သို့ အရှိန်ပြင်းစွာ ရောက်လာသည်။ လျှို့ဝှက်လက်နက်က ပျံသန်းသွားသော်လည်း မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။ ကြည့်ရသည်မှာ သူ့နောက်တွင် အမှန်တကယ် လူတစ်ယောက်မျှ မရှိသလို ထင်မှတ်ရသည်။
လက်နက်က သစ်သားနံရံကြီးကိုထိပြီး ရုတ်တရက် ပြန်ကန်လာသည့်အချိန်တွင် လိပ်ပြာနက်၏ အနောက်ဘက်သို့ ပြန်ရောက်လာခဲ့၏။ ထိုအရာကတော့ ပိုင်ရှင်ဆီကို ပြန်လာတတ်သော ဓားပျံတစ်မျိုး ဖြစ်သည်။
ထိုအရာက ခက်ခဲသော ပြိုင်ဘက်များကို ခုခံရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထိုအရာက ပုန်းနေသော ပြိုင်ဘက်များကို ဆွဲဆောင်ရန် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်၏။ ဓားပျံက လိပ်ပြာနက်ဆီသို့ပြန်လာပြီး မည်သည့်အရာကိုမျှ မထိဘဲ သူ့လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။
ထိုအချိန်တွင် အေးစက်သော လေလှိုင်းတစ်ခုက သူ့လည်ပင်းကို ထိတွေ့လာခဲ့သည့်အတွက် လိပ်ပြာနက်က အလွန်ကြောက်လန့်သွားခဲ့သည်။
သူက ပြန်လှည့်ကြည့်လိုက်ရာ ရှမိသားစုမှ သခင်မလေး(၆) က အလွန်အံ့သြနေကြောင်း မြင်လိုက်ရသည်။ သူမကတော့ သူ့ကို ထူးဆန်းသော အမူအရာနှင့် စိုက်ကြည့်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် သရဲတစ္ဆေ ကပ်နေသလို ထင်မှတ်ရ၏။
"မိတ်ဆွေ …
မင်းက ငါ့ကို မကျေမနပ် ဖြစ်နေသေးတယ်ဆိုတာ ငါသိပါတယ်..။ ဒါပေမဲ့ ငါတို့မှာ ဘာအငြိုးအတေးမှ မရှိဘူးလေ..။ ဘာလို့ငါ့ကို ဒုက္ခပေးနေရတာလဲ..။ တကယ်လို့ မင်းသာ ငါ့ကိုလွှတ်ပေးမယ်ဆိုရင် ငါက နှစ်စဉ်နှစ်တိုင်း မင်းအတွက် ငွေစက္ကူတွေ မီးရှို့ပေးဖို့ ကျိန်ဆိုပါတယ်..။ ပြီးတော့ မင်းရဲ့စိတ်ဝိညာဉ် လွတ်မြောက်ဖို့အတွက် ဘုန်းကြီးတွေကို အကူအညီတောင်းပေးပါမယ်... "
လိပ်ပြာနက်က သူ၏အကြောက်တရားများကို ထိန်းချုပ်ရန် ခက်ခဲနေသည့်အတွက် တုန်တုန်ယင်ယင်နှင့် ပြောနေခဲ့သည်။
သို့သော် တုံ့ပြန်မှုမရှိဘဲ အေးစက်သော လေးလှိုင်းတစ်ခုသာ တိုက်ခိုက်နေသည့်အတွက် လိပ်ပြာနက်က အလွန်ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။
"ငါ ငါက ရက် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်ပါဘူး..။ ငါက မင်းကိုသတ်ခဲ့မိတယ်..။ ဒါပေမယ့် အခု ငါတို့က အခြေအနေ မတူတော့ဘူး..။ ငါ့ကို သတ်လိုက်လို့လည်း ဘာအကျိုးမှ မရှိပါဘူး..။ ကျေး ကျေးဇူးပြုပြီး ငါ ငါ့ကို လွှတ်ပေးလို့ရမလား... ။ ဒါဆိုရင် ငါက မင်းအတွက် နှစ်စဉ်နှစ်တိုင်း ငရဲပြည်မှာ သုံးလို့ရတဲ့ငွေကြေးတွေ ပို့ပေးလို့ ရပါတယ်... "
လိပ်ပြာနက်ကတော့ အလွန်ကြောက်လန့်နေသည့်အတွက် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ သူ၏စိတ်နေစိတ်ထားနှင့် အစွမ်းက အားနည်းမှု မရှိသော်လည်း ထိုကဲ့သို့ ထူးဆန်းသော အခြေအနေကို ရင်ဆိုင်ရသည့် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တိုင်းကတော့ ကြောက်လန့်သွားမည်သာ ဖြစ်သည်။
ထို့ပြင် သူကတော့ ဆိုးရွားသောလုပ်ရပ်များစွာကို လုပ်ဆောင်ခဲ့၏။ ထို့ကြောင့် သူက စိတ်ပိုင်းဆိုင်ရာ ပျက်စီးသွားရသည်မှာ သဘာဝသာ ဖြစ်သည်။
ရုတ်တရက်ဆိုသလို ပြင်းထန်သော လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး သစ်သားတံခါးက ပွင့်သွားခဲ့သည်။ အရိပ်တစ်ခုကလည်း အခန်းထဲသို့ ဝင်လာခဲ့၏။ သူကတော့ ခံစားချက်ကင်းမဲ့နေသော လူသေတစ်ယောက်ကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။
လိပ်ပြာနက်ကတော့ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ပြီး သေးများပင် ထွက်ကျလာခဲ့၏။ သူက နောက်ပြန်ဖင်ထိုင်လျက် လဲကျသွားပြီး သတိလစ်သွားမတတ် ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် လက်တစ်ဖက်က သူ၏နောက်ကျော အလယ်တည့်တည့်ကို ဖိနှိပ်လိုက်ကြောင်း ခံစားလိုက်ရပြီး မြောက်မြားလွန်းလှသော စွမ်းအင်များက သူ၏အကာအကွယ် ချီစွမ်းအင်များထဲသို့ တိုးဝင်လာခဲ့သည်။
ထိုစွမ်းအားများက သူ၏ဒန်တျန်ကို ဖျက်ဆီးလိုက်ပြီး သူ၏ပင်မသွေးကြောများကို ဖျက်ဆီးပစ်လိုက်သည်။ ယခုတော့ သူ၏သိုင်းပညာများအားလုံး ပျက်စီးသွားခဲ့ရ၏။ လိပ်ပြာနက်က သတိလစ်သွားပြီး ခေါင်းထဲတွင် အတွေးများ ပျောက်ကွယ်သွားခဲ့သည်။
"အစ်ကိုချီ ..
အစ်ကို ခြောက်လိုက်တာ အရမ်းကြောက်သွားပြီး သတိတောင်လစ်သွားပြီ…"
မုန့်ချီက ခံစားချက်ကင်းမဲ့နေသော ချီကျန်းရန်ကို စိုက်ကြည့်လိုက်သည်။
ချီကျန်းရန်ကတော့ သူ့လက်ထဲတွင် ရွှေနဂါးဓားကို တင်းတင်းဆုပ်ကိုင်ထားရင်း မျက်နှာအမူအရာက လှုပ်ရှားနေသည်။ ထိုသို့ဆိုလျှင် အစောပိုင်းတွင် ဆော့ကစားနေသည်မှာ မည်သူပေနည်း။
မုန့်ချီ ရောက်လာသည့်အချိန်တွင် ရှမိသားစုမှ သခင်မလေး(၆)က စိတ်သက်သာရာ ရသွားခဲ့သည်။ သူက မြေခွေးဘုရင်၏ နည်းလမ်းကို အသုံးချခဲ့၏။ သူက လိပ်ပြာနက်၏ ချီစွမ်းအင်နှင့် ကြွက်သားများ တုံ့ပြန်မှုကို အာရုံခံနိုင်သည့်အတွက် ထိုအချက်ကို အသာစီးယူ၍ ရနိုင်သည်။
သူက ပတ်ဝန်းကျင်နှင့် ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်ကိုသုံးပြီး လိပ်ပြာနက်ကို အိပ်မက်ဆိုးကြီးတစ်ခုထဲသို့ ကျရောက်စေခဲ့သည်။ ထို့ကြောင့် သူက တိုက်ခိုက်ခံရကြောင်း သိနေသော်လည်း မည်သူက တိုက်ခိုက်မှန်း မသိခဲ့ပေ။ ထိုကဲ့သို့ အခြေအနေမျိုးတွင် သာမန်ပညာရှင်တိုင်း၏ စိတ်က ထိန်းချုပ်၍ မရနိုင်ဘဲ ပြိုလဲသွားနိုင်၏။
မုန့်ချီက ထိပ်တန်းပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်လိုက်သည့်အချိန်တိုင်း သူတို့၏နည်းလမ်းများကို လေ့လာရန် အကောင်းဆုံးကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။ ထိုအရာက သူ၏လေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်၏။
"သခင်မလေး(၆)…
အပြင်ကိုထွက်ပြီး တခြားသူတွေနဲ့ သွားတွေ့ကြရအောင်... "
မုန့်ချီက လိပ်ပြာနက်ကို ဆွဲခေါ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ချီစွမ်းအင်များ ပို့ဆောင်လိုက်သည်။ သူ့ကိုတော့ နောက်ထပ်ထိန်းချုပ်ရန် အခွင့်အရေး အနည်းငယ်လေးပင် မပေးတော့ပေ။
မုန့်ချီက လိပ်ပြာနက်ကို လှည့်စားလိုက်ကြောင်း မြင်သည့်အခါ မိန်းမပျို၏ အကြောက်တရားများ ၊ စိုးရိမ်မှုများက သိသိသာသာ ပျောက်ကွယ်သွားခဲ့သည်။ သူမက မျက်ရည်များကို သုတ်လိုက်ပြီး ရင်ဘတ်ရှေ့တွင် လက်တင်၍ လှလှပပ ဦးညွှတ်လိုက်သည်။
"သခင်လေးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်..။ ကျေးဇူးပြုပြီး သခင်လေးတို့ရဲ့နာမည်ကို ပြောပြလို့ရမလား..."
"ငါ့နာမည်က စုမုန့် ။ ဒါကတော့ ဟွမ်ဟွာဓားဂိုဏ်းက ချီကျန်းရန်လို့ခေါ်တယ်... ။ ငါတို့က ယင်မြို့ကိုသွားမဲ့အချိန် လမ်းမှာ မိန်းကလေးရဲ့အကြောင်းတွေ သိခဲ့ရတာ... "
မုန့်ချီကတော့ သူ၏နာမည်ကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ သူက ကြာပန်းသခင်ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ရန် စဉ်းစားထားခဲ့သည်။
မိန်းမပျို၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့၏။
"သခင်လေးက သတ်ဖြတ်ရေးဓား သခင်လေးစုပဲ ။ ဒါကြောင့်လည်း လိပ်ပြာနက်က ပြန်ပြီးမတိုက်ခိုက်နိုင်ခဲ့တာ..။ သခင်လေးတို့ (၂) ယောက်လုံးက တကယ့်ကို သူရဲကောင်းတွေပါပဲ ။ ကျွန်မရဲ့မိသားစုက သခင်လေးတို့ကို သေချာပေါက် ဆုလက်ဆောင်ပေးမှာပါ... "
သူမက ပြောလိုက်သည်။
"ငါတို့က လုပ်သင့်တဲ့အရာကို လုပ်ခဲ့တာပါ..။ ငါတို့က ဘာကြောင့် မိန်းကလေးရဲ့ ဆုလာဘ်ကို လက်ခံရမှာလဲ..."
မုန့်ချီကတော့ တည်ငြိမ်သော သခင်လေးတစ်ယောက်ကဲ့သို့ ပြုမူနေပြီး လိပ်ပြာနက်၏ ပစ္စည်းများကို လျှို့ဝှက်ပြီး ရှာဖွေနေသည်။
သူက လျှို့ဝှက်လက်နက် (၁၀) ခု ၊ အရိုးပျော့ဆေးရည် (၂) ပုလင်း ၊ ဖြေဆေး (၄)လုံးနှင့် မေ့ဆေးဖြန်းထားသော လက်ကိုင်ပုဝါများစွာ ၊ မိန်းမပျိုများ၏ အတွင်းပစ္စည်းများစွာကို တွေ့လိုက်ရသည်။
သူက မိန်းမပျိုကို ဖြေဆေးတစ်လုံး ပေးလိုက်သည့်အတွက် သူမက လှုပ်ရှားနိုင်စွမ်း ရှိလာသည်။ ထို့နောက် သူတို့က သူမကို ခေါ်ပြီး သစ်တောထဲမှ ထွက်လာခဲ့၏။
လူဆိုးထိန်းဝမ် ၊ လင်းပေါင်ကျိ ၊ ရှမိသားစု အကြီးအကဲနှင့် တခြားလူများက လမ်းကြောင်းစီစဉ်ပြီး ရှာဖွေရန် အဖွဲ့ခွဲနေကြသည်။ သူတို့က မီးတုတ်များကို ကိုင်ထားပြီး သစ်တောထဲသို့သွား၍ လိပ်ပြာနက်ကို ဖမ်းဆီးရန် ပြင်ဆင်ထားခဲ့သည်။
သူတို့က သစ်တောထဲမှ ထွက်လာသော မိန်းမပျိုနှင့် လူငယ် (၂) ယောက်ကို မြင်သည့်အခါ ရပ်လိုက်ကြသည်။ သူတို့က ထူးဆန်းစွာ ဝတ်ဆင်ထားသော လူတစ်ယောက်ကို သယ်လာသော ခပ်ချောချော လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူ့ပုခုံးပေါ်တွင် ရှိနေသော လူကတော့ လိပ်ပြာနက်နှင့် တူညီနေ၏။
"ဒါက လိပ်ပြာနက်ပဲ…"
မုန့်ချီက ထိုလူကို သူတို့၏ရှေ့တွင် ပစ်ချလိုက်သည်။
"ဒါ ဒါ ဒါက အရမ်းမြန်လွန်းတယ်... "
သူတို့က ပြောစရာစကားလုံး မရှိအောင် ထိတ်လန့်သွားသည်။ သူတို့၏ မီးတုတ်များကတော့ ဖြည်းညင်းစွာ လောင်ကျွမ်းနေသေး၏။
မိသားစုအကြီးအကဲက ပထမဆုံး သတိပြန်ဝင်လာခဲ့သည်။
"ဖူအာ အဆင်ပြေရဲ့လား... "
မိန်းမပျိုက သူမ၏အဖေကို မြင်လိုက်ရသည့်အချိန်တွင် မျက်ရည်လည်ရွှဲနှင့် သူမ၏အကြောက်တရားများကို ပြောပြခဲ့သည်။
"အ အဖေ သမီးက အဆင်ပြေပါတယ်..။ ဒီက သခင်လေး (၂) ယောက်ရဲ့ ကျေးဇူးကြောင့် လိပ်ပြာနက်က မအောင်မြင်ခဲ့ဘူး... "
"ဒီလူက တကယ်ပဲ လိပ်ပြာနက်လား... "
သူတို့က မုန့်ချီတို့ကို အံ့အားသင့်စွာ ကြည့်နေမိကြသည်။ သူတို့ သစ်တောထဲသို့ ဝင်သွားပြီး လိပ်ပြာနက်ကို ဖမ်းဆီးခဲ့သည်မှာ အချိန်ပင် သိပ်မကြာသေးပေ။
အဖေဖြစ်သူက သူ့သမီးကို နှစ်သိမ့်လိုက်သည်။ သူက မုန့်ချီနှင့် ချီကျန်းရန်တို့ကို ခေါင်းညိတ်ပြလိုက်ပြီး သူတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်၏။ ထို့နောက် ပြဿနာ၏ အရင်းအမြစ်ဖြစ်သော လိပ်ပြာနက်ဆီကို လျှောက်သွားပြီး ပြောလိုက်သည်။
"လူဆိုးထိန်းဝမ် …
လူဆိုးထိန်းဝမ်က ဥပဒေအရ လိပ်ပြာနက်ကို အပြစ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်... "
လူဆိုးထိန်းဝမ်က အံကြိတ်ပြီး ပြောလိုက်၏။
"သူ့ကို ခန္ဓာကိုယ်တစ်စစီ ဖျက်ဆီးပြီး သေဒဏ်ပေးရမယ်..."
"သခင်လေး (၂) ယောက် …
သခင်လေးတို့ရဲ့နာမည်ကို သိခွင့်ရှိမလား... "
မိန်းမပျို၏အဖေက လက် (၂) ဖက်ဆုပ်၍ မေးလိုက်သည်။
မိန်းမပျိုက မျက်ရည်များကိုသုတ်ပြီး ပြန်ပြောလိုက်၏။
"အဖေ …
ဒါက သခင်စု သတ်ဖြတ်ရေးဓားလေ ၊ ဒါကတော့ ဟွမ်ဟွာဓားဂိုဏ်းက သခင်လေးချီပါ... "
"ဟေ... "
လူအုပ်ကြီးထဲမှနေ၍ အလားတူ အာမေဍိတ်အသံများ ထွက်လာခဲ့သည်။
"သတ်ဖြတ်ရေးဓားကိုး…။ဒါကြောင့်လည်း လိပ်ပြာနက်က အဖမ်းခံလိုက်ရတာ... ။ သူတို့(၂) ယောက်က တကယ်ပဲ နာမည်ကျော်ထိုက်ပါပေတယ်..”
“သခင်လေးစု …
သခင်လေးက တော်တော်လေး နာမည်ကြီးနေတာပဲ ။ သခင်လေးက မြောင်လင်မှာ မိုင်တစ်ရာထိတ်လန့်ခြင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကတည်းကစပြီး မြစ်အရှေ့ပိုင်းမှာ နာမည်ကျော်ကြားနေခဲ့တာ..။ ကျွန်တော်က သခင်လေးကို အိမ်လည်လိုက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်...။ ပြီးတော့ ကျေးဇူးတင်ကြောင်း ပြသဖို့အတွက် စားသောက်ပွဲတစ်ခု ကျင်းပပေးချင်တယ်... "
အဖေဖြစ်သူက ပြောလိုက်သည်။
"စားသောက်ပွဲတော့ မလိုပါဘူး... ။ ကျွန်တော်တို့က ခဏအနားယူပြီး မနက်ဖြန် ယင်မြို့ကို သွားတော့မှာပါ... "
မုန့်ချီက သူ၏ဖိတ်ခေါ်မှုကို မငြင်းခဲ့ပေ။ သူက သူ့ကိုယ်သူ အလေးမဲ့ မဆက်ဆံချင်ပေ။ သူကတော့ တည်းခိုဆောင်တစ်ခုတွင် နေထိုင်ရမည့်အစား ခြံဝန်းတစ်ခုထဲတွင် နေထိုင်ခြင်းက ပိုကောင်းသည်ဟု တွေးမိသည်။ မည်သို့ဖြစ်စေကာမူ လက်ရှိအခြေအနေအရ သူတို့က ယာယီနားခိုရန် နေရာတစ်ခု ရနိုင်သည်။
"ယင်မြို့ဟုတ်လား... "
ထိုလူက အပြုံးနှင့် ပြောလိုက်သည်။
"ကျွန်တော်က သခင်လေးတို့ခရီးသွားဖို့ ကုန်ကျစရိတ်တွေပေးဖို့ စီစဉ်ထားပါတယ်... ။ ဒါပေမယ့် သခင်လေးက ယင်မြို့ကို သွားချင်နေမှတော့ ကျွန်တော် ကိုယ်တိုင် လိုက်ပို့ပေးပါမယ်..။ တကယ်လို့ ကျွန်တော်သာ သခင်လေးတို့ကို လိုက်ပို့မယ်ဆိုရင် အဲဒီမှာရှိတဲ့မြို့ခံတွေကလည်း ကူညီပေးမှာပါ... "
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူကတော့ တစ်ညတာ ကောင်းကောင်းအိပ်စက်နိုင်မည်ဆိုလျှင် အားအင်အပြည့်နှင့် နိုးထလာနိုင်၏။
ရှမိသားစုမှ အဖေဖြစ်သူနှင့် သမီးဖြစ်သူတို့က အလျင်အမြန် ထွက်သွားတော့မည့် အချိန်တွင် သူက ချီကျန်းရန်ဆီကို လျှောက်သွားရန် ပြင်လိုက်သည်။
"သခင်လေးစု…
ကျွန်တော်က အမှုတစ်ခုကို ဆုံးဖြတ်ပေးဖို့အတွက် သခင်လေးရဲ့အကူအညီကို တောင်းချင်တယ်... "
အဖေဖြစ်သူက တလေးတစား မေးလိုက်သည်။
မုန့်ချီက ပြုံးလိုက်၏။
"ကျွန်တော့်လို အပြင်လူတစ်ယောက်က ကူညီပေးနိုင်ပါ့မလား... "
အဖေဖြစ်သူက ခေါင်းခါပြလိုက်၏။
"လူငယ်မှတ်တမ်းထဲမှာ အတော်ဆုံး တိုက်ခိုက်ရေးသမားတစ်ယောက်ဆိုမှတော့ သခင်လေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို လူတိုင်း သိနေတာပဲ ။ သခင်လေးက ဒီနေရာမှာ လူစိမ်းတစ်ယောက်ဆိုမှတော့ သခင်လေးရဲ့ဆုံးဖြတ်ချက်တွေက ဘက်မလိုက်ဘူးဆိုတာ အကုန်လုံးက သိမှာပဲလေ... "
မုန့်ချီက အမှန်တကယ်လည်း ကျော်ကြားသည်။ သို့သော် အဖေဖြစ်သူကတော့ အစောပိုင်းတွင် ချီကျန်းရန်ကို လျစ်လျှူရှုထားမိခဲ့၏။ ထို့နောက် သူက ဟွမ်ဟွာဓားဂိုဏ်းမှ တပည့်များလည်း အလွန်ထူးခြားသည်ဟု ထပ်ဖြည့်ပြောခဲ့သည်။
"ဟူး... နာမည်ကျော်ဖြစ်ရတာ တကယ်ကိုအကျိုးရှိတာပဲ…"
ထိုကဲ့သို့ အရာမျိုးကို ကြုံလိုက်ရသည့်အချိန်တွင် မုန့်ချီကတော့ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
"ဒါဆိုရင် အဲဒါက ဘာကိစ္စလဲ... "
"လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက လက်ရွေးစင်စုဆောင်းရေးဂိုဏ်းခေါင်းဆောင် သေသွားခဲ့တယ်..။ သူ့ရဲ့အငယ်ဆုံးတပည့်က လူသတ်တရားခံလို့ သံသယရှိနေတယ်..။ သူက ဂိုဏ်းထဲကနေ ထွက်ပြေးသွားပြီး ပုန်းနေခဲ့တယ်... ။ အကြီးဆုံးတပည့်နဲ့ ခေါင်းဆောင်ရဲ့သားကတော့ ခေါင်းဆောင်နေရာအတွက် တိုက်ခိုက်နေကြတယ်... ။ အဲဒီအချိန်မှာ အငယ်ဆုံးတပည့်က ပြန်လာပြီး သူ့ရဲ့အပြစ်ကင်းစင်မှုကို ပြသလိမ့်မယ်လို့ ဘယ်သူကရော ထင်ထားမှာလဲ..။ သူက သူ့အတွက် မျှမျှတတ ဆုံးဖြတ်ပေးဖို့ နယ်မြေခံပညာရှင်တွေကို တောင်းဆိုထားတယ်... "
အဖေဖြစ်သူက အကြောင်းအရင်းကို အကြမ်းဖျင်း ပြောပြလိုက်သည်။
မုန့်ချီက ပြောလိုက်၏။
"သူက တိုက်ခိုက်ပြီး ထွက်ပြေးသွားတာလား..။ ဒါဆိုရင် အငယ်ဆုံးတပည့်က ကျန်တဲ့သူတွေအားလုံးထက်တောင် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်နေတယ်လို့ ဆိုလိုတာလား... "
"အဲဒီကောင်လေးက ဂိုဏ်းကို ရောက်မလာခင် သိုင်းပညာတချို့ သင်ခဲ့တယ်... "
သမီးဖြစ်သူက ဝင်ဖြေလိုက်သည်။
"ကျွန်တော်နားလည်ပြီ ။ သူက ဘယ်လိုသိုင်းပညာမျိုးကို သင်ခဲ့လဲဆိုတာ သိလား... "
မုန့်ချီကတော့ စုံစမ်းရေးမှူး တစ်ယောက်ကဲ့သို့ မေးနေခဲ့သည်။
အဖေဖြစ်သူက ပြောလိုက်၏။
"ကျွန်တော်လည်း မသိဘူး..။ သူ့ဆီမှာ ထူးချွန်တဲ့ခွန်အားရှိနေတယ် ဆိုတာပဲ သိတယ်..။ သူက ရှောင်လင်ကျောင်းတော်အနားမှာ မုဆိုးတစ်ယောက်အနေနဲ့ အသက်မွေးခဲ့ဖူးတယ်..။ သူ့မိသားစုတွေ သေသွားတဲ့အချိန်မှာ သူက သူတောင်းစားတစ်ယောက် ဖြစ်လာခဲ့တယ်..။ ပြီးတော့ သူက တောင်ဘက်ကို ရောက်လာချိန်မှာ သူ့ရဲ့စွမ်းရည်ကို သဘောကျတဲ့အတွက် လက်ရွေးစင်စုဆောင်းရေးဂိုဏ်းက လက်ခံလိုက်တာ... "
"ရှောင်လင်ကျောင်းတော်အနားက မုဆိုးတစ်ယောက်လား... "
မုန့်ချီက အံကြိတ်လိုက်မိသည်။ ထိုအငယ်ဆုံးတပည့်က သူ့နှင့် မထင်မှတ်ထားသော ကံကြမ္မာတစ်ခု ရှိနေပုံရသည်။
Translated by Hein Htet