အခန်း (၃၂၀)
Vol. 22 Ch. 320
လက်ရွေးစင်စုစည်းခြင်းဂိုဏ်း၏ ခန်းမထဲတွင် ထိုင်ခုံ (၆)ခု ရှိနေသည်။ ထိုင်ခုံများပေါ်တွင် ယပ်တောင်(၆)လက်ကျောင်းမှ လူဆိုးထိန်း ခေါင်းဆောင်ဝမ် ၊ သူရဲကောင်း လင်းပေါင်ကျိ ၊ ရှမိသားစုအကြီးအကဲ ရှဝမ်ဟောင် ၊ မြို့ခံသူရဲကောင်း ဒိုဝူတုံ ၊ လူငယ်မှတ်တမ်းမှ အဆင့်မြင့်ပညာရှင်တစ်ယောက်ဖြစ်သောသတ်ဖြတ်ရေးဓား စုမုန့်နှင့် ဟွမ်ဟွာဓားဂိုဏ်းမှ ချီကျန်းရန်တို့ ရှိနေကြသည်။
သူတို့၏အရှေ့တွင်တော့ လက်ရွေးစင်စုဆောင်းရေးအဖွဲ့မှ အကြီးအကဲများစွာနှင့် တပည့်များက အဖွဲ့ (၂) ဖွဲ့၍ ရပ်နေကြသည်။ သူတို့ကို ဦးဆောင်လာသူကတော့ တပည့်ကြီး ရှောင်လျန့်နှင့် ဂိုဏ်းခေါင်းဆောင်၏ တရားဝင်သား ဟွမ်ဟွာဖန်းတို့ အသီးသီး ဖြစ်ကြသည်။ သူတို့က အလယ်တွင် ရပ်နေသော လူငယ်ကို ဒေါသတကြီး စိုက်ကြည့်နေကြ၏။
လူငယ်က သန်မာပုံရပြီး သဘောကောင်းပုံရသည်။ သူ့ပုံစံက အသက် (၁၇) (၁၈) ဝန်းကျင်သာ ရှိနေသေး၏။ သူ၏မျက်နှာပေါ်တွင် ဒေါသနှင့် အမုန်းတရားများကို ဖုံးကွယ်ထားသည်။ သူက အကြောက်အလန့်မရှိကြောင်း ကြေညာထားသည့်အတွက် ခေါင်းမော့နေသော်လည်း သူ့ဆီတွင် စိုးရိမ်မှု အနည်းငယ် ရှိနေသေးသည်။ ကြည့်လိုက်ရုံနှင့် သူက အတွေ့အကြုံနည်းပါးသော လူငယ်လေး တစ်ယောက်သာ ဖြစ်ကြောင်း သိသာနေ၏။
"မင်းရဲ့နာမည်က သွမ့်လွေ ။ မင်းက ရှောင်လင်အနားမှာ နေထိုင်တဲ့ မုဆိုးတစ်ယောက်လား... "
မုန့်ချီက အရင်ဆုံး မေးလိုက်သည်။ သူက ထိုလူငယ်၏ နာမည်နှင့် နောက်ကြောင်းကဲ့သို့သော သာမန်အရာများကို အရင်ဆုံး မေးမြန်းလိုက်ခြင်း ဖြစ်သည်။
မုန့်ချီကို ရှဝမ်ဟောင်က မိတ်ဆက်ပေးထားပြီး လူဆိုးထိန်းဝမ်ကလည်း သူ၏အဆင့်အတန်းကို အတည်ပြုထားသည်။ ထို့ကြောင့် လူငယ်က ခံစားချက်များ ပြည့်နှက်နေသော အမူအရာနှင့် ပြန်ဖြေလိုက်၏။
"သခင်လေးစု …
ကျွန်တော်က တကယ်ပဲ သွမ့်လွေပါ...။ ကျွန်တော်က ရှောင်လင်အနားမှာနေတဲ့ မုဆိုးတစ်ယောက်ပါပဲ ။ သူတို့က ဆရာ့ကို သတ်တယ်ဆိုပြီး ကျွန်တော့်ကို စွပ်စွဲနေကြတာ... "
"မှားပြီးစွပ်စွဲတာလား... "
ဟွမ်ဟွာဖန်းက ဒေါသထွက်လာခဲ့သည်။
သူက မုန့်ချီကိုကြည့်ပြီး ပြောလိုက်၏။
"သခင်လေးစု …
ကျွန်တော့်အဖေရဲ့စာကြည့်ခန်းက ဂိုဏ်းထဲမှာ အရေးကြီးဆုံးနေရာတစ်ခုပဲ ။ ပြီးတော့ လျှို့ဝှက်ကိစ္စတွေကို ဆွေးနွေးတဲ့နေရာတစ်ခုလို့လည်း ပြောလို့ရတယ်..။ အဲဒီနေ့မှာ အဲဒီမကောင်းဆိုးဝါးကောင် သွမ့်လွေက အဖေနဲ့ အခန်းထဲမှာ (၂) ယောက်တည်း ရှိနေတာကို ကျွန်တော်မြင်ခဲ့တယ်..။ အကြီးအကဲတွေနဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေကတော့ လုံးဝအထဲကို မဝင်နိုင်အောင် အပြင်ဘက်ကနေ ကာကွယ်ထားတယ်..။ အဲဒီနောက် အဲဒီမကောင်းဆိုးဝါးကောင်က အရူးတစ်ယောက်လို စာကြည့်ခန်းထဲကနေ ပြေးထွက်လာခဲ့တယ်..။ အကြီးအကဲကူက တစ်ခုခုမှားနေတာကို သတိထားမိတဲ့အတွက် အထဲကို ဝင်ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော့်ရဲ့အဖေက ပါးစပ်ထဲကနေ သွေးတွေစီးကျပြီး ထိုင်ခုံပေါ်မှာ လဲကျနေတာကို တွေ့လိုက်ရတယ်... ။ သူ့ရင်ဘတ်က ချိုင့်ဝင်နေပြီး သူက သေသွားခဲ့ပြီ ။ ဒါကိုတောင် သူက လူမှားပြီး စွပ်စွဲခံရတယ်လို့ ပြောနေတာလား... "
မုန့်ချီကတော့ အပြုံးနှင့် နားထောင်နေခဲ့သည်။ သူက တစ်ယောက်တည်း တွေးနေမိ၏။
"သွမ့်လွေနဲ့ ဟွမ်ဟွာဖန်းတို့ (၂) ယောက်လုံးက ခံစားချက် ပြင်းထန်တယ်..။ သူတို့က လိမ်နေကြတာ မဟုတ်ဘူး..။ ကြည့်ရတာတော့ အဲဒီစာကြည့်ခန်းထဲမှာ လုပ်ကြံသူ တစ်ယောက်ယောက်များ ပုန်းနေတာများလား..။ သူက သွမ့်လွေ ထွက်ပြေးတာကို စောင့်နေပြီးမှ လွတ်မြောက်သွားခဲ့တာလား... "
သူ၏လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်က တိုးတက်လာသည့်အတွက် တခြားလူများ၏ ခံစားချက်များအပေါ် ပို၍အာရုံခံနိုင်စွမ်း မြင့်မားနေသည်။ အကယ်၍ ခံစားချက်များကို ဖုံးကွယ်နိုင်မည်ဆိုလျှင်တော့ သူက အရာအားလုံးကို စစ်ဆေးနိုင်လိမ့်မည် မဟုတ်ချေ။ သူက အကြမ်းဖျင်း ဆုံးဖြတ်ရန်သာ ရှိသည်။
"အဲဒါ ကျွန်တော်မဟုတ်ဘူး ။ အဲဒါ ကျွန်တော်မဟုတ်ဘူး... "
သွမ့်လွေက ဒေါသတကြီး ပြန်ဖြေလိုက်သည်။
"ဆရာ …
ဆရာက သိပ်မကြာခင်အတောအတွင်း ကျွန်တော့်ရဲ့ သိုင်းပညာတိုးတက်မှုတွေ အကြောင်း မေးခဲ့တယ်..။ ပြီးတော့ ဂိုဏ်းထဲမှာ ရှားရှားပါးပါး စွမ်းရည်ရှိတဲ့အတွက် ကျွန်တော့်ကို ချီးကျူးတယ်... ။ တကယ်လို့ နောက်ပိုင်း ကျွန်တော်သာ သိုင်းပညာကို သေချာလေ့ကျင့်နိုင်မယ်ဆိုရင် ဂိုဏ်းချုပ်တောင် ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တယ်... ။ ကျွန်တော်က အဲဒီအတွက် အရည်အချင်းမရှိဘူးဆိုတာသိတဲ့အတွက် အဲဒီနေရာကို မမျှော်လင့်ရဲဘူး...။ ဒါကြောင့် ကျွန်တော်က ရိုရိုသေသေ ငြင်းဆန်နေတဲ့အချိန် ဆရာက ထိုင်ခုံပေါ်မှာ လဲကျသွားခဲ့တာပဲ ။ ပြီးတော့ သူ့ရင်ဘတ်က ခွက်ဝင်နေပြီး သွေးတွေစီးကျလာတယ်..။ သိပ်မကြာခင် သူသေသွားခဲ့တာပဲ …"
"အဲဒါလိမ်နေတာ... "
တပည့်ကြီးရှောင်လျန့်က နောက်တစ်ကြိမ် ဝင်ပြောလိုက်သည်။
သူက အလွန်ဒေါသထွက်နေသော အမူအရာနှင့် အော်ပြောလိုက်၏။
"သခင်လေးစု ၊ သခင်လေးချီနဲ့ အကြီးအကဲတို့ ဒီလောက် ရယ်စရာကောင်းတဲ့ စကားမျိုးကို ကြားဖူးလား... "
"သွမ့်လွေ …
မင်းက လူသတ်သမားကို မြင်ခဲ့လား... "
"မမြင်ခဲ့ဘူး.."
သွမ့်လွေက ဒေါသထွက်နေပြီး အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ သို့သော် သူကတော့ ရိုးရိုးသားသားသာ ပြန်ဖြေခဲ့၏။
ရှောင်လျန့်က အံကြိတ်ပြီး ဆက်ပြောလိုက်သည်။
"စာကြည့်ခန်းထဲကနေ မင်းထွက်ပြေးလာတဲ့အချိန်မှာ ငါတို့တွေ တစ်ဝက်လောက်က မင်းနောက်ကို လိုက်ပြီး တခြားတစ်ဝက်လောက်ကတော့ စာကြည့်ခန်းထဲမှာ ရှာကြည့်ခဲ့တယ်..။ အခန်းမှာ ပြတင်းပေါက်လည်း မရှိဘူး..။ ရှေ့တံခါးကလွဲရင် ဘယ်သူမှ မဝင်နိုင်မထွက်နိုင်ဘူး..။ ဒါပေမဲ့ အဲဒီမှာ ဆရာ့ရဲ့အလောင်းကလွဲရင် ဘယ်သူမှမရှိဘူး... "
လူဆိုးထိန်းဝမ်က ထိုအရာကို စဉ်းစားပြီး ပြောလိုက်သည်။
"သွမ့်လွေ…
မင်းက ဘာလို့ထွက်ပြေးသွားခဲ့ရတာလဲ... "
သွမ့်လွေက သက်ပြင်းချလိုက်မိသည်။
"ကျွန်တော်က တောမှာ မွေးဖွားလာခဲ့တာပါ..။ အတွေ့အကြုံလည်း နည်းနည်းပဲရှိတယ်..။ ဆရာ ရုတ်တရက် သေသွားပြီး အခန်းထဲမှာ ဘယ်သူမှ မရှိတဲ့အတွက် ကျွန်တော်က အရမ်းကြောက်လန့်သွားခဲ့တယ်..။ အဲဒီအချိန်မှာ ကျွန်တော်ရဲ့အကြောက်တရားကို မထိန်းချုပ်နိုင်တဲ့အတွက် ကျွန်တော်လည်း ထွက်ပြေးမိခဲ့တာ..။ အဲဒီမကောင်းဆိုးဝါးက ကျွန်တော့်ကို သတ်ပစ်ဖို့ ကြိုးစားမှာလည်း ကြောက်တယ်လေ..။ ပြီးတော့ ကျွန်တော့်ကို လူသတ်သမားဆိုပြီး အကြီးအကဲတွေက စွပ်စွဲမှာကိုလည်း စိုးရိမ်နေခဲ့တာ... "
လက်ရွေးစင်စုစည်းခြင်းဂိုဏ်းထဲတွင် သူ၏အတွေ့အကြုံများအရ သူ့ကို ပျိုးထောင်ပေးသော လူတစ်ယောက်အပေါ် ထိုသို့ရိုင်းစိုင်းစွာ မပြောခဲ့ပေ။ မုန့်ချီက တိတ်တဆိတ် နားထောင်နေပြီး ခေါင်းထဲတွင် ဖြစ်နိုင်ချေများစွာကို သုံးသပ်နေခဲ့သည်။
သူရဲကောင်းလင်းပေါင်ကျိက အသံတိုးတိုးနှင့် မေးလိုက်၏။
"ဒါဆိုရင် ဘာလို့အခုမှ ပြန်လာခဲ့ရတာလဲ... "
"ဆရာက ကျွန်တော့်ကို ဘဝသစ်တစ်ခု ပေးခဲ့တဲ့အတွက် ကျွန်တော့်အပေါ် ကျေးဇူးရှိတယ်.။ သူသေသွားတဲ့အချိန်မှာတောင် ကျွန်တော်က သူ့ရဲ့ရက်လည်ကို ပြန်မလာလို့ရမလား.။ ကျွန်တော်က ဖြစ်ခဲ့တဲ့အရာတွေအားလုံးကို နားလည်တယ်... "
သွမ့်လွေက ခေါင်းမာမာနှင့် ပြောလိုက်၏။
ရှဝမ်ဟောင်ကတော့ လိပ်ပြာနက်အပေါ် ကျရောက်ခဲ့သော ဒေါသများကို လမ်းလွဲချင်နေသလို ထင်မှတ်ရသည်။
"ဒါဆိုရင် ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘာလို့ ငါတို့ကို မပြောခဲ့ရတာလဲ..."
သွမ့်လွေက အံကြိတ်လိုက်၏။
"အကြီးအကဲနဲ့ သခင်လေးတို့ ..
ကျွန်တော်က အလျင်စလို ထွက်သွားမိခဲ့တဲ့အတွက် အခန်းထဲမှာ တစ်ယောက်ယောက် ပုန်းနေသေးလားဆိုတာ မစစ်ဆေးမိခဲ့ဘူး..။ ဒါပေမဲ့ အဲဒီနေရာကိုသွားပြီး စစ်ဆေးတဲ့သူကလည်း ကြံရာပါ မဟုတ်ဘူးဆိုရင် သေချာပေါက် လက်ဗလာနဲ့ ပြန်မလာသင့်ဘူး..”
“ဆရာက ကျွန်တော့်အပေါ် ဦးစားပေးပြီး ကျွန်တော့်ကို ဂိုဏ်းချုပ်နေရာ လွှဲပေးချင်နေတယ်...။ ဒါကြောင့် တခြားလူတွေက မကျေမနပ်ဖြစ်နေတာ..။ ဒါကြောင့်လည်း သူတို့က ဒီလိုပြစ်မှုမျိုးကို ကျူးလွန်တာ ဖြစ်နိုင်တယ်... "
ဟွမ်ဟွာဖန်းကတော့ အလွန်ဒေါသထွက်နေသည့်အတွက် လက်တစ်ဖက်ကပင် တုန်ယင်နေခဲ့သည်။
"ဒါက အလိမ်အညာတွေ ။ မင်းက အလိမ်အညာတွေ လာပြောနေတာ..။ မင်းက ဂိုဏ်းထဲကို ရောက်တာ (၂) နှစ်တောင် မရှိသေးဘူး..။ မင်းက ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်လုပ်ဖို့ အရည်အချင်းရှိမှာလဲ..။ အဖေက မင်းကို နည်းနည်းလောက် ချီးကျူးလိုက်တာနဲ့ မင်းက ဦးနှောက်ပျက်သွားပြီလား... "
"ဂိုဏ်းထဲကိုရောက်တာ (၂) နှစ်တောင်မရှိသေးဘူးလား... "
မုန့်ချီက ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို နားလည်သွားသည်။
ရှောင်လျန့်ကတော့ သွမ့်လွေကိုကြည့်ပြီး အားရပါးရ ရယ်လိုက်သည်။
"ညီလေးသွမ့် …
မင်းရဲ့စကားလုံးတွေက တစ်ခုခုကို ပြောချင်နေသလိုပဲ ။ မင်းက လူသတ်သမား မဟုတ်ဘူးဆိုတာကို သက်သေလိုချင်နေတာလား..။ ဂိုဏ်းချုပ်ဖြစ်ချင်တယ်ဆိုတာ မင်းရဲ့အတွေးသက်သက်ပဲလေ..။ ဒါကြောင့် မင်းက ရုတ်တရက် ရူးသွားပြီး ဆရာ့ကို သတ်ခဲ့တာ...။ ပြီးတော့ ထွက်ပြေးသွားတာ..။ မင်းက စိတ်အေးသွားတဲ့အချိန်မှာတော့ ငါတို့ကိုသတ်ဖို့ပြန်လာခဲ့တာ..။ ဒါဆိုရင် မင်းဖန်တီးထားတဲ့ဇာတ်လမ်းထက် ပိုပြီးတော့ ယုတ္တိရှိတယ် မဟုတ်ဘူးလား... "
"အဲဒါ ကျွန်တော်မဟုတ်ဘူး..။ သေချာပေါက် ကျွန်တော်မဟုတ်ဘူး... "
သွမ့်လွေ၏ မျက်လုံးများက သွေးရောင်အလင်းတန်းများ တောက်ပနေခဲ့သည်။
"မင်းတို့တွေကသာ လောဘကြီးတာ..။ မင်းတို့တွေကသာ ကျေးဇူးမသိတတ်တာ... "
ဟွမ်ဟွာဖန်းက အနည်းငယ် တည်ငြိမ်သွားပြီး မုန့်ချီတို့ကို လှည့်ကြည့်လိုက်သည်။ “သူက ဂိုဏ်းချုပ်နေရာအတွက်တော့ အဲဒီအရာကို လုပ်မှာမဟုတ်ဘူး..။ သွမ့်လွေရဲ့ သိုင်းပညာက အရမ်းထူးခြားတယ်လို့ အဖေက ကျွန်တော်ကို တိတ်တဆိတ် ပြောပြခဲ့ဖူးတယ်..။ သူ့ရဲ့နောက်ကြောင်းက ကျွန်တော်တို့ကို ပြဿနာပေးမှာကိုပဲ အဖေက ကြောက်လန့်နေခဲ့တာ..။ အဖေက သူနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တချို့ကို တွေ့သွားပြီး ပြောဖို့ကြိုးစားတဲ့အချိန်မှာ ရက်ရက်စက်စက် နှုတ်ပိတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်... "
အဆုံးသတ်တွင်တော့ သူက သွမ့်လွေကို နောက်တစ်ကြိမ် စိုက်ကြည့်နေခဲ့သည်။
"ငါ့မှာ ဘာထူးဆန်းတဲ့သိုင်းပညာမှ မရှိဘူး... ။ ဒါက ခန္ဓာကိုယ်ကို ကျင့်ကြံရတဲ့ ကျင့်စဉ်တစ်ခု သက်သက်ပဲ ။ ဘာမှထူးခြားတဲ့ သိုင်းကွက်တွေမပါဘူး... "
သွမ့်လွေက ရူးသွပ်စွာ ရှင်းပြလိုက်သည်။
မုန့်ချီကတော့ လေးလေးနက်နက် စဉ်းစားနေပုံရပြီး သွမ့်လွေကို စိုက်ကြည့်လိုက်သည်။
"မင်းက လွန်ခဲ့တဲ့ (၂) နှစ်လောက်မှာ ရှောင်လင်ကျောင်းတော်ကနေ တောင်ဘက်ကို ခရီးထွက်လာခဲ့တာလား... "
"ဟုတ်ပါတယ် သခင်လေးစု…"
သွမ့်လွေက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ အချိန်ကာလနှင့် တည်နေရာ နှစ်ခုလုံးက ကိုက်ညီနေသည်။ ထိုအချိန်တွင် ကျန်းချန်က သိုင်းကျမ်းများကို ခိုးယူခဲ့သော အချိန်လည်း ဖြစ်သည်။
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်၏။
"မင်းက ဘာလို့ တောင်ပိုင်းကို ထွက်လာခဲ့ရတာလဲ... "
"ကျွန်တော်က ရှောင်လင်ကျောင်းတော်အနားမှာ နေထိုင်ပြီး အသက်ရှင် ရပ်တည်ဖို့အတွက် တောထဲမှာ အမဲလိုက်ခဲ့ရတယ်..။ ကျွန်တော့်ရဲ့ သိုင်းပညာက အရမ်းအားနည်းတယ်ဆိုတော့ တောင်အနောက်ဘက်ကိုလည်း မသွားရဲခဲ့ဘူး..။ ဒါပေမဲ့ တစ်နေ့မှာတော့ တောင်အနောက်ဘက်ကနေ နတ်ဆိုးမှော်သားရဲကြီး တစ်ကောင် ထွက်လာခဲ့တယ်..။ ရှောင်လင်ကျောင်းတော်က ဘုန်းတော်ကြီးတွေက ရွာသားတွေကို အချိန်မီ ကယ်တင်မပေးနိုင်ခဲ့တဲ့အတွက် အရာအားလုံး ပျက်စီးသွားခဲ့ရတယ်..။ ကျွန်တော်ကတော့ ရွာအပြင်ဘက်ကို ရောက်နေပြီး ကျွန်တော့်ရဲ့မွေးစားအဖေနဲ့ စကားပြောနေတဲ့အတွက် လွတ်သွားခဲ့တာ...”
“အဲဒီနောက်မှာတော့ ကျွန်တော်က မွေးစားအဖေနဲ့အတူ တောင်ပိုင်းကို ခရီးထွက်လာခဲ့တယ်..။ ကျွန်တော်က မြစ်အရှေ့ပိုင်းကို ရောက်လာတဲ့အချိန်မှာတော့ သူက ရုတ်တရက် ရူးသွပ်သွားပြီး တစ်ယောက်တည်း ထွက်ပြေးသွားခဲ့တယ်..။ ကျွန်တော် တစ်ယောက်တည်း ကျန်နေတော့တယ်...”
“ကျွန်တော်က အဲဒီနေရာနဲ့ မရင်းနှီးတဲ့အတွက် သူတောင်းစားဂိုဏ်းရဲ့ ပစ်မှတ်ထားခြင်းကို ခံရပြန်တယ်... ။ အဲဒီအချိန်မှာ ဆရာက ကျွန်တော်ကို တွေ့သွားပြီး ကျွန်တော့်ရဲ့တန်ဖိုးကို မြင်သွားခဲ့တာ..။ ပြီးတော့ ကျွန်တော့်ကို ဆိုးရွားတဲ့ဘဝထဲကနေ ကယ်ထုတ်လာပြီး ဘဝသစ်တစ်ခု ပေးခဲ့တာ... "
သူ့ဆရာက သူ့ကို ကယ်တင်ခဲ့သည့်အကြောင်း ပြန်ပြောနေသည့်အချိန်တွင် သွမ့်လွေ၏လေသံထဲ၌ ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်။
ဤကမ္ဘာကြီးထဲတွင် ရှိနေသော သူတောင်းစားဂိုဏ်းကတော့ မုန့်ချီ ဖတ်ခဲ့ဖူးသော သိုင်းစာစဉ်များထဲရှိ သူတောင်းစားဂိုဏ်းနှင့် အတော်လေးကို ကွဲပြားနေသည်။ သူတို့က အမှန်တရား ဘက်တော်သားများ မဟုတ်ဘဲ လမ်းမှားပညာရှင်များ ဖြစ်နေ၏။ ထိုအဖွဲ့ကတော့ စည်းမျဉ်းများကို ချိုးဖောက်ပြီး မကောင်းဆိုးဝါးများစွာ ရှိနေသည်။ သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ထိုအရာက အဓိပ္ပာယ်ရှိသည်ဟု တွေးမိခဲ့၏။
အဘယ်ကြောင့်ဆိုသော် လူပေါင်းမည်မျှက တစ်ကိုယ်တည်းဖြစ်လာပြီးနောက် သူတို့၏ စည်းမျဉ်းစည်းကမ်းများ ၊ ကိုယ်ကျင့်တရားများကို ထိန်းသိမ်းထားနိုင်ဦးမည်နည်း။ သူတို့ကိုယ်တိုင်က အလွန်ထူးခြားသော သိုင်းပညာအတွက် သူတောင်းစား ဖြစ်လာခြင်း မဟုတ်လျှင် မည်သူမှ မဖြစ်နိုင်ပေ။
သူတောင်းစားဂိုဏ်း၏ (၃) ပုံ (၂) ပုံခန့်ကတော့ ကောင်းမွန်ခြင်း မရှိကြပေ။ ပြစ်မှုကြီးများကလွဲလျှင် မကောင်းသောလုပ်ရပ်မျိုးစုံကို လုပ်ဆောင်ကြ၏။ သို့သော် ထိုအဖွဲ့ထဲတွင် ရဲရင့်သော သူရဲကောင်းများ ရှိနေသည့်အတွက် သူတို့၏ဂိုဏ်းက အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားပြီး လူအများ၏ ရန်သူ ဖြစ်မလာခြင်း ဖြစ်သည်။
"မကောင်းဆိုးဝါး လွတ်သွားတဲ့အချိန်ကလည်း အဲဒီအချိန်ဝန်းကျင်ပဲ မဟုတ်လား... "
မုန့်ချီက အချိန်ကာလကို အကြမ်းဖျင်း တွက်ချက်ကြည့်နေသည်။ ရှောင်လင်ကျောင်းတော်က တောင်အနောက်ဘက်ကို ဖိနှိပ်နေသည့်အတွက် မကောင်းဆိုးဝါးမှော်သားရဲများနှင့် အဆိပ်မြွေများက ထိန်းချုပ်မှုလွတ်ကင်းရန် လုံးဝ မဖြစ်နိုင်ပေ။ မုန့်ချီက ရှောင်လင်ကျောင်းသို့ ပူးပေါင်းခဲ့သည့် အချိန်တွင်လည်း နှစ်ပေါင်း (၁၀၀)အတွင်း ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာသည်ဟု လုံးဝ မကြားဖူးချေ။
သူက ရှောင်လင်ကျောင်းတော်မှ ဖြစ်သည့်အတွက် ထိုအရာများကို မေးမြန်းနေသည့် အချိန်တွင် မည်သူကမျှ ဝင်မပြောကြပေ။
သွမ့်လွေက တွေဝေစွာ ပြောလိုက်၏။
"ဟုတ်တယ် ။ ကျွန်တော်က ကျွန်တော်ရဲ့မိဘတွေ သေဆုံးသွားတဲ့နေ့ကို လုံးဝမမေ့ပါဘူး... "
သခင်လေးစုက ရှောင်လင်ကျောင်းတော်မှ စွန့်ပစ်ခံ တပည့်တစ်ယောက် ဖြစ်သည်။ မည်သည့်အရာများဖြစ်နေကြောင်း သူက နားလည်နေ၏။
"သူပြောတဲ့အဖြစ်အပျက်တွေကတော့ အမှန်ပဲ…"
မုန့်ချီက တိကျစွာ ဆုံးဖြတ်ပေးလိုက်သည်။
"သခင်လေးစု …
သူ့ရဲ့နောက်ကြောင်းက မှန်နိုင်ပါတယ်..။ ဒါပေမယ့် ထူးဆန်းတဲ့ သူရဲ့သိုင်းပညာကတော့ ငြင်းဆန်လို့မရဘူး..။ သူက သူတောင်းစားဖြစ်နေတဲ့ နေ့ရက်တွေမှာ မကောင်းဆိုးဝါးတချို့က သင်ကြားပေးတာများ ဖြစ်နိုင်မလား... "
ဟွမ်ဟွာဖန်းက သွမ့်လွေ၏ အားနည်းချက်များကို အဓိက ထိုးနှက်နေသည်။
မုန့်ချီကလည်း တူညီသောမေးခွန်းကို စဉ်းစားနေခဲ့၏။
"သူ့ရဲ့သိုင်းပညာက ဘယ်လိုထူးဆန်းလို့လဲ... "
ဟွမ်ဟွာဖန်းက ပြန်ဖြေတော့မည့်အချိန်တွင် မြို့ခံသူရဲကောင်း ဒိုဝူတုံက ဝင်ပြောလိုက်သည်။
"အရင်ဆုံးသူက လူသတ်သမားဟုတ်လား မဟုတ်လားဆိုတာ သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကြမယ်... "
"အဲဒါအဓိပ္ပါယ်ရှိတယ်... "
လူဆိုးထိန်းဝမ်ကလည်း သဘောတူလိုက်သည်။
ထို့ကြောင့် ဆွေးနွေးခြင်းကို ခဏရပ်ထားလိုက်ပြီး လက်ရွေးစင်စုစည်းခြင်းဂိုဏ်းမှ တပည့်များက ခေါင်းဆောင်၏အလောင်းကို သယ်လာကြသည်။ သေစေနိုင်လောက်သော တိုက်ခိုက်မှုကတော့ သူ့ရင်ဘတ်ရှိ ဒဏ်ရာဖြစ်သည်။ နံရိုးက ကျိုးသွားခဲ့ပြီး ကိုယ်တွင်းအင်္ဂါများ ပွင့်ထွက်လာခဲ့၏။
ဟွမ်ဟွာဖန်းက သူ့အဖေ၏ အိမ်အင်္ကျီကော်လံကို လျော့ပေးလိုက်ရာ ရင်ဘတ်အောက်တွင် ရှိနေသော အရာများ ပေါ်လာခဲ့သည်။ ထိုအရာကတော့ အရေပြားအောက်တွင် ကျန်နေသော နက်ရှိုင်းသည့် လက်သီးရာကြီးတစ်ခု ဖြစ်၏။
"အကြီးအကဲတွေနဲ့ သခင်လေးတို့ …
ဒီလက်သီးရာကို တိုက်ပြီး စစ်ဆေးကြည့်လိုက်တာနဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာ ကျွန်တော်တို့က ရှာတွေ့နိုင်ပါတယ်... "
သူ ပြောနေသည့်အတိုင်း သွမ့်လွေ၏လက်သီးကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်လျှင် သူတို့က တူညီနေကြောင်း သက်သေပြနိုင်ပါလိမ့်မည်။
မုန့်ချီက သွမ့်လွေကို ကြည့်လိုက်၏။
"မင်းက သွားပြီးကပ်ကြည့်လိုက်... "
သွမ့်လွေက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး အလောင်းဆီသို့ ထွက်သွားခဲ့၏။ သူက မြေပြင်တွင် ဦး(၃) ကြိမ်ချလိုက်ပြီး ညာလက်သီးနှင့် ထိုလက်သီးရာကို တင်ကြည့်လိုက်သည်။ ထိုအရာက လုံးဝ တစ်ထပ်တည်း ဖြစ်နေခဲ့၏။
"မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး... "
သွမ့်လွေ၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အသက်ကင်းမဲ့သွားပြီး စိတ်ဝိညာဉ်ကင်းမဲ့နေသော မျက်လုံးများကလည်း လက်သီးကို စိုက်ကြည့်နေခဲ့၏။
ထိုအချိန်တွင် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဟွမ်ဟွာဖန်းနှင့် ရှောင်လျန့်တို့ကို လက်ညှိုးထိုး၍ အော်ပြောလိုက်သည်။
"အဲဒါ မင်းတို့မဟုတ်လား... ။ မင်းတို့က ဒီနေရာမှာ လက်သီးရာကို တမင်တကာ ချန်ထားတာ... "
ထိုမြင်ကွင်းကို မြင်သည့်အခါ မုန့်ချီက သံသယဝင်သလို ခံစားလိုက်ရသည်။ သက်သေများအားလုံးက သွမ့်လွေကိုသာ ညွှန်ပြနေသော်လည်း သူ့ခံစားချက်များက အလွန်အမင်း ဆိုးရွားနေသည်။ သူကလည်း သရုပ်ဆောင်ကောင်းသူတစ်ယောက် ဖြစ်နေခြင်းပေလော။
"မင်းက အခုချိန်ထိ ငြင်းဆန်နေတုန်းပဲ ။ သက်သေတွေအားလုံးက မင်းကို ညွှန်ပြနေတယ်..။ ငါတို့က ဒီလိုလက်သီးရာတစ်ခုကို ဘယ်နေရာကနေ သွားရှာလာရမှာလဲ... "
ဟွမ်ဟွာဖန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် မုန့်ချီနှင့် တခြားအကြီးအကဲများကို ပြန်လှည့်ပြောလိုက်၏။
"အကြီးအကဲနဲ့ သူရဲကောင်းတို့…
လူသတ်သမားက ဘယ်သူလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်..။ ကျေးဇူးပြုပြီး ကျွန်တော့်အဖေအတွက် လက်တုံ့ပြန်ပြီး သူ့ကိုသတ်ပေးပါ... "
ရှဝမ်ဟောင်နှင့် တခြားလူများက ခေါင်းညိတ်ပြလိုက်သည်။ အမှန်တရားက သူတို့အတွက်တော့ ရှင်းလင်းနေ၏။
သွမ့်လွေ၏မျက်နှာက ဒေါသကြောင့် အလွန်ပျက်ယွင်းနေသည်။
"မင်းတို့အားလုံးက ငါ့ကို လူမှားပြီး စွပ်စွဲနေတာ... "
မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"မင်းရဲ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်..။ ဒါပေမယ့် မင်းက မခုခံဖို့ လိုတယ်... "
စိတ်ပိုင်းဆိုင်ရာ အားနည်းချက်မရှိသူများ ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားသူများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီ၏ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်က အကျိုးသက်ရောက်မှု မရှိနိုင်ပေ။ သူက ထိုအရာကို အသုံးပြုချင်နေသည်မှာ ကိစ္စတစ်ခု သေချာလိုခြင်းကြောင့် ဖြစ်သည်။
"သခင်လေးစု …
သခင်လေးစုက လူကောင်းတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ်..။ ကျွန်တော်က ဘာလို့ခုခံနေရမှာလဲ... "
သွမ့်လွေက အော်ဟစ်လိုက်၏။
မုန့်ချီက သိုင်းလောကတွင် နာမည်ကျော် ပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့ဆီတွင် နည်းလမ်းတစ်ခု ရှိသည်ဟု ပြောလျှင် မည်သူကမျှ နှောက်ယှက်ရဲမည် မဟုတ်ချေ။ သူတို့အားလုံးက သူ့ကို စိုက်ကြည့်နေကြ၏။ သူက သွမ့်လွေကို ပူးပေါင်းလာရန် မည်သို့ သင်ကြားပေးမည်ဖြစ်ကြောင်း သိချင်နေကြသည်။
ရုတ်တရက်ဆိုသလို မုန့်ချီ၏ အငွေ့အသက်များက ပြောင်းလဲသွားကြောင်း သူတို့က တွေ့လိုက်ရသည်။ သူက အလွန်ကြီးကျယ်ခမ်းနားလာသော်လည်း ရိုးရှင်းနေသည်။ သူ့ပုံစံက သက်ရှိများကို ကောင်းကင်ပေါ်မှ ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာ၏။
"ဒီလိုအံ့သြစရာကောင်းတဲ့ ဂုဏ်သတင်းရှိသူ တစ်ယောက်ဆိုတော့ တကယ်ပဲ ဒီလိုစွမ်းရည်မျိုး ရှိနိုင်တယ်... "
ရှဝမ်ဟောင်နှင့် တခြားလူများက တွေးလိုက်မိကြသည်။
သွမ့်လွေက စိတ်ကိုရှင်းထားပြီး အေးအေးဆေးဆေး နေလိုက်၏။ ထိုအချိန်တွင် ဒီရေလှိုင်းများနှင့် ရွှေရောင်အလင်းစက်များက မုန့်ချီ၏မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။
"သွမ့်လွေ …
မင်းက ဆရာတို့ဂိုဏ်းက တပည့်တစ်ယောက်ပဲ ။ ဆရာက မင်းကို ဆရာ့ရဲ့သားအရင်း တစ်ယောက်လို သတ်မှတ်ထားတယ်..။ ပြီးတော့ လက်ရွေးစင်စုစည်းခြင်းဂိုဏ်းကိုလည်း မင်းလို အရည်အချင်းရှိတဲ့ လူတစ်ယောက်ရဲ့ လက်ထဲကို ပေးချင်တယ်..။ ဒါပေမဲ့ မင်းက ဆရာ့ရဲ့မေးခွန်းတစ်ခုကို ရိုးရိုးသားသား ပြန်ဖြေဖို့ မျှော်လင့်တယ်..။ မင်းရဲ့သိုင်းပညာကို ဘယ်နေရာကနေ သင်လာခဲ့ရတာလဲ..။ ဘာလို့ အဲဒီသိုင်းပညာက ဒီလောက်တောင်ထူးခြားနေရတာလဲ."
"ထူးခြားတာလား... "
ခေါင်းငုံ့နေသော လူငယ်က ထိုစကားလုံးများကို ရေရွတ်နေခဲ့သည်။
ထိုအချိန်တွင် သူ၏ညာလက်သီးနှင့် လှမ်းထိုးလိုက်၏။ လက်သီးက အလွန်လျင်မြန်ပြီး ပြင်းထန်သည်။ ထိုလက်သီးက ဂိုဏ်းခေါင်းဆောင်၏ ရင်ဘတ်တည့်တည့်ကို ထိုးလိုက်မိသည်။
သူက ခေါင်းမော့ကြည့်လိုက်သည့် အချိန်တွင် သူ၏မျက်လုံးများက နက်မှောင်နေပြီး သူ၏မျက်နှာကတော့ ကြောက်စရာကောင်းနေသည်။ သူ့ပုံစံက ရူးသွပ်သွားသလို ထင်မှတ်ရ၏။ ထို့နောက် သူ၏မှတ်ဉာဏ်များကို စစ်ဆေးနေသော မုန့်ချီကို တည့်တည့်စိုက်ကြည့်လိုက်၏။
မုန့်ချီက နောက်ကို တစ်လှမ်း ပြန်ဆုတ်လိုက်ရသည်။ သူက တန်ပြန်သက်ရောက်မှုကို မခံရသော်လည်း သွမ့်လွေ၏ မှတ်ဉာဏ်များကို မမြင်ရတော့ပေ။
"သွမ့်လွေက လူတစ်ကိုယ် စိတ် (၂) မျိုး ခံစားချက်မျိုး ခံစားနေရတာလား..။ ဒါက နတ်ဆိုးသိုင်းပညာတချို့ကို လေ့ကျင့်ထားတဲ့အတွက်ကြောင့်လား... "
Translated by Hein Htet