← Chapters

အခန်း (၃၂၁)

Vol. 22 Ch. 321

အခန်း (၃၂၁)

Vol. 22 Ch. 321

"သခင်လေးစု..

ဘာတွေ့ခဲ့တာလဲ။ လူသတ်သမားက ဘယ်သူလဲ…"

မုန့်ချီ နောက်ဆုတ်သွားသည်ကို မြင်သည့်အခါ ဟွမ်ဟွာဖန်း၊ ရှောင်လျန့်၊ ရှဝမ်ဟောင်နှင့် တစ်ခြားသူများက မေးလိုက်ကြသည်။

သွမ့်လွေ၏ မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့၏။ မုန့်ချီက သူ၏အပြစ်ကင်းစင်မှုကိုတော့ သက်သေပြပေးနိုင်မည်ဟု သူလည်း မျှော်လင့်နေခဲ့သည်။

မုန့်ချီက အသံတိုးတိုးနှင့်ပြန်ဖြေလိုက်၏။

"အဲဒါက တကယ့်ကို သွမ့်လွေပါပဲ.."

"ဘယ်လို.."

သွမ့်လွေက အလွန်ထိတ်လန့်သွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် စိတ်ပျက်မှုနှင့် ဒေါသများကလည်း အထင်သားပေါ်လာခဲ့၏။ တရားမျှတသည်ဟု နာမည်ကျော်ကြားသော သတ်ဖြတ်ရေးဓားကပင် သူ့ကို မှားယွင်းစွပ်စွဲနေခြင်းပေလော။

"မင်းက သစ္စာဖောက်ပဲ.."

ဟွမ်ဟွာဖန်းက သူ့ကိုယ်သူ ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ သူ၏လက်သီးများက လိုဏ်ဂူထဲမှ ထွက်လာသော နဂါးတစ်ကောင်ကဲ့သို့ သွမ့်လွေဆီကို ရောက်လာခဲ့၏။

"အသက်တစ်သက်အတွက် အသက်တစ်သက် ပေးဆပ်ရမယ်။ ငါ့အဖေသေရတဲ့အတွက် မင်းလည်း ပြန်ပြီး ပေးဆပ်ရမယ်…"

"ငါတို့ရဲ့ဆရာအတွက်…"

ရှောင်လျန့်နှင့် တစ်ခြားအကြီးအကဲများကလည်း လက်သီးလက်မောင်းတန်းပြီး အော်ဟစ်လိုက်ကြသည်။

သွမ့်လွေက အလွန်ဒေါသထွက်နေခဲ့၏။ ကလေးဆန်ပြီး ခေါင်းမာသော သွမ့်လွေ၏မျက်နှာပေါ်တွင် အရူးတစ်ယောက်ကဲ့သို့ အမူအရာမျိုး ပေါ်လာခဲ့သည်။

"အကုန်လုံး မှားနေပြီ။ ခင်ဗျားတို့က ကျုပ်ကို မှားပြီး စွပ်စွဲနေကြတာ…"

သူက ရှေ့ကို တစ်လှမ်းချင်း လျှောက်လာပြီး ဘယ်လက်သီးကိုမြှောက်၍ လက်ရွေးစင်စုစည်းခြင်းဂိုဏ်း၏ သားရဲ(၅)ကောင် လက်သည်းသိုင်းကို သုံးလိုက်သည်။ ထိုအရာက အလွန်အစွမ်းထက်သော စွမ်းအားတစ်ခု ရှိနေပြီး ကြီးမားသော လေလှိုင်းကြီးများ ဖန်တီးပေးနိုင်၏။

သူက ရိုးရှင်းစွာဆွဲပြီး တွန်းလိုက်ခြင်း ဖြစ်သော်လည်း တံခါး(၆)ပေါက်၊ တံခါး(၇)ပေါက်အဆင့် ပညာရှင်များစွာက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒယိမ်းဒယိုင် ဖြစ်သွားကြသည်။ သူတို့က အရုပ်လေးများအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရ၏။

"ခင်ဗျားတို့က ကျုပ်ကို စွပ်စွဲနေကြတာ.."

သွမ့်လွေက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူကတော့ ဒေါသထွက်နေသော ကျားတစ်ကောင်ကဲ့သို့ ရှေ့ကို ဆက်၍ လျှောက်လာခဲ့သည်။ ထိုအရာများက သာမန်သိုင်းကွက်များသာ ဖြစ်သော်လည်း သူသုံးလိုက်သည့်အချိန်တွင် အလွန်ကြောက်စရာကောင်းနေသည်။ အလွန်ထူးခြားပြီး အစွမ်းထက်နေ၏။

သူက လက်ရွေးစင်စုစည်းခြင်းဂိုဏ်းမှ ပညာရှင် (၇)ယောက်၊ (၈)ယောက်ခန့်ကို ထောင့်နေရာသို့ တွန်းထုတ်နိုင်ခဲ့သည်။ ထိုလက်ရွေးစင်စုစည်းခြင်းဂိုဏ်းမှ ပညာရှင်များထဲတွင် တံခါး(၈)ပေါက် တံခါး(၉)ပေါက် ပညာရှင် အနည်းငယ် ပါဝင်နေ၏။

ထို့ကြောင့် အလွန်ကြောက်စရာကောင်းသော သွမ့်လွေနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူတို့က အုပ်စုဖွဲ့၍ ပြန်လည်တိုက်ခိုက်ခြင်းသာ လုပ်နိုင်ပြီး သူတို့၏အကြီးအကဲများနှင့် သူရဲကောင်းများက ဝင်ကူညီပေးရန် မျှော်လင့်နေကြသည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ ရှဝမ်ဟောင်က အနည်းငယ် မှင်တက်သွားမိခဲ့သည်။ သွမ့်လွေက လက်ရွေးစင်စုစည်းခြင်းဂိုဏ်းတွင် (၂)နှစ်သာ ရှိနေသေး၏။ ထိုမတိုင်ခင် သူကတော့ သိုင်းပညာအနည်းငယ်သာ ကျွမ်းကျင်သော သူတောင်းစား တစ်ယောက် ဖြစ်ခဲ့သည်။

သို့သော် ယခု သူက တံခါး(၄)ပေါက်အဆင့်ကို ရောက်နေပြီး သူ၏တိုက်ခိုက်စွမ်းရည်ကလည်း ပို၍အစွမ်းထက်သော တံခါး(၈)ပေါက်အဆင့် ပညာရှင်များကိုပင် စိန်ခေါ်နိုင်သည်။

မုန့်ချီနှင့် ချီကျန်းရန်ကလွဲလျှင် တစ်ခြားသော မြို့ခံသူရဲကောင်းများ၊ လူဆိုးထိန်းများ အားလုံးကတော့ အလွန်ထိတ်လန့်သွားကြ၏။ မူလတုန်းကတော့ သွမ့်လွေက လက်ရွေးစင် စုစည်းခြင်းဂိုဏ်းမှ ပညာရှင်များကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည် ဟူသောစကားကို ကြားသည့်အခါ ချဲ့ကားပြောဆိုသည်ဟုတွေးမိပြီး ဟာသလုပ်ခဲ့ကြသည်။

လက်ရွေးစင်စုစည်းခြင်းဂိုဏ်းကို စတင်တည်ထောင်ထားသည်မှာ မျိုးဆက်(၃)ခုသာ ရှိသေးသည်။ သူတို့၏တပည့်များက တဖြည်းဖြည်း ပို၍ဆိုးရွားလာကြ၏။ သူတို့ကို လေ့ကျင့်ပေးနိုင်သော ပညာရှင်လည်း မရှိတော့ပေ။ သို့သော် သူတို့ထဲတွင် တံခါး(၈)ပေါက် တံခါး(၉)ပေါက် ပညာရှင်များမရှိလျှင်ပင် တံခါး(၆)ပေါက် တံခါး(၇)ပေါက်ပညာရှင် အမြောက်အများ ရှိနေသေးသည်။

ထိုသတင်းက မှန်နေမည်ဟု မည်သူကရော တွေးထားမည်နည်း။ သိုင်းပညာ လေ့ကျင့်သည်မှာ (၂)နှစ် (၃)နှစ်သာ ရှိသေးသော သွမ့်လွေက ထိုမျှကြောက်စရာ ကောင်းနေသည်။

ယပ်တောင်(၆)လက်ကျောင်းမှ လူဆိုးထိန်းဝမ်က တာဝန်သိသော လူတစ်ယောက် ဖြစ်၏။ သူက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ပါးကွ(၈)ကွက်ခြေလှမ်းကိုသုံး၍ သွမ့်လွေကို နောက်ဆုတ်သွားအောင် တွန်းလိုက်သည်။ သူက အလွန်ခွန်အားကြီးမားသော သွမ့်လွေ၏ရှေ့တွင် အလေးမဲ့ မလှုပ်ရှားရဲပေ။

သွမ့်လွေဆီတွင်တော့ နောက်ကျောတွင် မျက်စိပါနေသည့်အလား ခြေထောက်ကို နောက်ပြန်လှည့်ကန်လိုက်၏။ လူဆိုးထိန်းဝမ်က အနားသို့ ရောက်လာသည့်အချိန်တွင် ခရမ်းရောင်ရွှေသရဖူတစ်ခု ထွက်ပေါ်လာခဲ့သည်။

လေလှိုင်းများကလည်း အလွန်ပြင်းထန်လွန်းလှပြီး သယ်ဆောင်ထားသော စွမ်းအင်များက အလွန်သန့်စင်နေ၏။ သူ့ပုံစံက ထိုကဲ့သို့ ခြေကန်ချက်ကို (၁၀)နှစ်ကျော် လေ့ကျင့်ထားသော ပညာရှင်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

လူဆိုးထိန်းဝမ်က သွမ့်လွေ၏ ခြေချင်းဝတ်ကို လက်ဝါးနှင့် ရိုက်ချလိုက်၏။ သူတို့နှစ်ယောက် ရင်ဆိုင်လိုက်မိသည့်အချိန်တွင် သူက နောက်သို့ ခြေ(၃)လှမ်း ပြန်ဆုတ်သွားလိုက်ရပြီး ရင်ထဲတွင်လည်း လျှပ်စီးကြောင်းတစ်ခု တိုက်ခိုက်လိုက်သလို ခံစားလိုက်ရသည်။ သူ၏မျက်နှာက ဖြူတစ်လှည့် နက်တစ်လှည့် ပြောင်းလဲသွား၏။

တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသွားသည့်အတွက် မြို့ခံသူရဲကောင်းများ ဖြစ်ကြသော ရှဝမ်ဟောင်၊ လင်းပေါင်ကျိနှင့် ဒိုဝူတုံတို့ကလည်း အတူတူပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

သူတို့(၃)ယောက်ထဲတွင် လင်းပေါင်ကျိကတော့ တံခါး(၉)ပေါက် ပွင့်နေသည့်အတွက် အစွမ်းထက်ဆုံး ဖြစ်သည်။ သူကတော့ သူ၏အဆင့်အတန်းကို ပို၍အလေးထားသည့်အတွက် တစ်ခြားသူများထက် ခြေတစ်လမ်းနောက်ကျပြီးမှ တိုက်ခိုက်ရန် ရွေးချယ်လိုက်၏။

"ခင်ဗျားတို့က ကျုပ်ကို အတင်းစွပ်စွဲနေကြတာ.."

သွမ့်လွေက အံကြိတ်ပြီး တစ်ဖက်လူများကို လက်ဝါးနှင့်ဆင့်၍ ရိုက်ချလိုက်သည်။

ဟွမ်ဟွာဖန်းနှင့် တစ်ခြားလူများက ခုခံနိုင်ရုံသာ ရှိ၏။ သူတို့က လေထဲတွင် ဂျွမ်းထိုးလိုက်ပြီး နောက်ပြန်ခုန်ဆုတ်လိုက်ကြသည်။ ထိုအချိန်တွင် လေထဲ၌ လျှပ်စီးကြောင်းများကဲ့သို့ အက်ကွဲသံများကိုလည်း ကြားလိုက်ရ၏။

ပုံမှန်အားဖြင့် ဝေ့ကျင်းအဆင့်ကို မရောက်သေးသောသူများဆီတွင် ထူးခြားသော စွမ်းရည်များ မရှိကြပေ။ သူတို့က တိုက်ခိုက်နေသည့်အချိန်တွင် ခြေထောက်နှစ်ဖက်လုံး မြေပေါ်၌ ရှိနေရန် လိုအပ်သည်။ သူတို့ကသာ မြေပေါ်သို့ ခြေမချနိုင်တော့လျှင် ဟန်ချက်မညီတော့ဘဲ သူတို့၏ တိုက်ခိုက်မှုများက အပေါ်ယံသာ ဖြစ်သွားနိုင်ပြီး အလွယ်တကူ ပြန်လည်တိုက်ခိုက်ခံရနိုင်သည်။

မည်သို့ဖြစ်စေကာမူ သိုင်းကွက်များကို ပြောင်းလဲပြီး လေထဲတွင် တိုက်ခိုက်ရန် ခက်ခဲ၏။ သို့သော် သွမ့်လွေကတော့ နှစ်ပေါင်းများစွာ လေ့ကျင့်နေသော လူတစ်ယောက်အလား ခြေထောက်နှစ်ဖက်ကို ဆက်တိုက်လှုပ်ရှားပြီး တိုက်ခိုက်နေခဲ့သည်။

ထိုခြေကန်ချက်တွင် အားနည်းချက် အနည်းငယ် ရှိနေသေးသော်လည်း သူ၏လှုပ်ရှားမှုများက အလွန်လျင်မြန်စွာ ပြောင်းလဲနေသည့်အတွက် ပြိုင်ဖက်၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည်။ ထို့ကြောင့်လည်း သူက ခြေကန်ချက်တွင် ပညာရှင် တစ်ယောက်ဖြစ်နေခြင်း ဖြစ်သည်။

ဒိုဝူတုံက စုတ်တံကြီးတစ်စုံကို သုံးနေပြီး ရှဝမ်ဟောင်၏ ဓားပညာကတော့ အလွန်မှော်ဆန်ပြီး အလှည့်အပြောင်း များလှသည်။ သူတို့၏ တိုက်ခိုက်မှုများအားလုံးက သွမ့်လွေ၏ ခြေထောက်ကိုသာ ဦးတည်နေခဲ့၏။

ခြေကန်ချက်(၂)ချက်နှင့်အတူ သွမ့်လွေက စုတ်တံကြီးနှင့် ဓားကိုပြန်ကန်လိုက်သည်။ သူက ထိုအရာ၏ စွမ်းအားကို အရှိန်ယူပြီး လေထဲသို့ ပို၍ပင် မြောက်တက်လာခဲ့၏။ သူက တိုင်လုံးကြီးတစ်တိုင်ပေါ်သို့ ခုန်တက်သွားပြီး ခန်းမကြီးထဲမှ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ မဆင်မခြင်လုပ်တတ်သော အရူးတစ်ယောက်ကဲ့သို့ မထင်ရပေ။ သူကတော့ ဝိုင်းဝန်းတိုက်ခိုက်ခံရမှာကို မလိုလားချေ။

သွမ့်လွေ၏ တိုက်ခိုက်မှုကို တားဆီးလိုက်ပြီးနောက် ဒိုဝူတုံနှင့် ရှဝမ်ဟောင်တို့က နောက်ကို တစ်လှမ်းဆီ ဆုတ်လိုက်ရသည်။ သူတို့၏မျက်နှာအမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားပြီးမှ ပုံမှန်ပြန်ဖြစ်သွား၏။ သို့သော် ထိုအချိန်ကျမှ သူ့နောက်ကို လိုက်ရန် အလွန်နောက်ကျသွားခဲ့ပါပြီ။

လင်းပေါင်ကျိကတော့ တစ်ခြားသူများထက် ခြေတစ်လှမ်း နောက်ကျနေ၏။ ထိုအရာကို မြင်သည့်အခါ သူက လေထဲသို့ ခုန်လိုက်ပြီး တိုင်ပေါ်၌ ရှိနေသော သွမ့်လွေကို တိုက်ခိုက်လိုက်၏။ ထိုမြင်ကွင်းကတော့ ယုန်ကလေး တစ်ကောင်ကို ထိုးသုတ်လိုက်သော သိန်းငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်တွင် သွမ့်လွေက ချက်ချင်း အောက်သို့ ခုန်ဆင်းလိုက်ရာ တခဏအတွင်း ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။ သူက တံခါးဆီသို့ တစ်ရှိန်ထိုး ပြေးထွက်သွားခဲ့၏။ သူက ထိုလူများကို လှည့်စားလိုက်ခြင်းသာ ဖြစ်၏။ ထိုအရာက အစွမ်းထက်ဆုံးဖြစ်သော လင်းပေါင်ကျိကို လှည့်စားနိုင်ခဲ့ပြီး ထွက်ပြေးရန် အခွင့်အရေးတစ်ခုရခဲ့သည်။

သို့သော် သူ့မျက်လုံးများက အေးခဲသွားသလို ဖြစ်သွားခဲ့သည်။ သတ်ဖြတ်ရေးဓားစုမုန့်က သူ့ရှေ့တည့်တည့်တွင် ရပ်နေ၏။ သွမ့်လွေက တံခါးမှနေ၍ ထွက်ပြေးရန်ကြိုးစားမည်ဖြစ်ကြောင်း သူက ကြိုသိနေသလို ထင်ရသည်။

မုန့်ချီ၏ဓားနှင့် ဓားမောက်တို့က သူ့နောက်ကျောတွင် ရှိနေသည်။ သူက လက်ပိုက်ပြီး မည်သည့်လက်နက်ကိုမျှကိုင်မထားပေ။ သူက သွမ့်လွေ ရောက်လာမည့်အချိန်ကို တည်တည်ငြိမ်ငြိမ် စောင့်နေပုံရ၏။ သူ့ပုံစံက အစွမ်းထက်သော မကောင်းဆိုးဝါး တစ်ကောင်ကို အသက်ရှင်လျက် ထွက်သွားခွင့်မပေးချင်သလို ထင်မှတ်ရသည်။

"ငါက အစွမ်းကုန်တိုက်ခိုက်ရမယ်.."

မုန့်ချီက အစွမ်းထက်သည်ဟု နာမည်ကျော်သည့်အတွက် သွမ့်လွေက သူ့ကို လျှော့မတွက်ရဲခဲ့ပေ။ သူက အံကြိတ်ပြီး လက်သီးနှင့် အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

ထိုလက်သီးချက်က ထူးထူးခြားခြားကို ပြင်းထန်နေ၏။ စွမ်းအားများက ပျောက်ကွယ်သွားပြီး လေလှိုင်းများက ဖျက်ဆီးခံလိုက်ရသလို ထင်မှတ်ရသည်။

မုန့်ချီကတော့ လက်ချောင်းလေးတစ်ခုကိုသာ လှုပ်ရှားလိုက်ရာ သူ၏လက်ချောင်းလေးက တုန်ခါသွားခဲ့သည်။ သူက လက်ချောင်းလေးတစ်ခုတည်းနှင့် ပြောင်းလဲမှု သဘောတရားများကို ဖုံးကွယ်ထားနိုင်၏။

သူ၏အရိပ်များကလည်း အစစ်အမှန်နှင့် ပုံရိပ်‌ယောင်များ ရောထွေးနေပြီး အကြိမ်ပေါင်းများစွာ လှုပ်ရှားနေသည်။ မည်သည့်အရာက အစစ်အမှန်ဖြစ်ကြောင်း ပြောပြရန် ခက်ခဲနေ၏။

သွမ့်လွေက မဆိုးလှပေ။ သူကတော့ ထိတွေ့၍ ရနိုင်သောအရာများကို မထိတွေ့နိုင်သော အရာများအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ သို့သော် အဆုံးတွင်တော့ သူလည်း အတွေ့အကြုံမရှိသည့်အတွက် ပို၍လျှို့ဝှက်ချက်များသော သိုင်းကွက်ကို ရင်ဆိုင်ရန် မအောင်မြင်ခဲ့ပေ။

မုန့်ချီ၏လက်ညှိုးလေးက သူ၏လက်သီးပေါ်သို့ ကျရောက်လာသည့်အချိန်တွင် လျှပ်စီးနှင့် ထိလိုက်မိသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ထုံကျင်သွားခဲ့သည်။ လက်တစ်ဖက်လုံးကလည်း ဖောင်းကားပြီး နာကျင်သွားသလို ခံစားလိုက်ရ၏။ သို့သော် သူကတော့ လက်မလျှော့သေးပေ။

မုန့်ချီ၏လက်ညှိုးနှင့် သူ့လက်သီးတို့ ရင်ဆိုင်လိုက်ရသည့် အခွင့်အရေးကို အရယူပြီး သူ၏ချီစွမ်းအင်များကို အပြင်သို့ တွန်းပို့လိုက်သည်။

သွမ့်လွေက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ကြောင်း မုန့်ချီက ခံစားမိခဲ့၏။ သူက တံခါး(၄)ပေါက်အဆင့်တွင် အသင်ပြောင်း(၇၂)မျိုးကျင့်စဉ် သင်ယူထားခဲ့သော ယခင်မုန့်ချီကိုပင် ယှဉ်နိုင်သည်။

အံ့ဩစရာ အကောင်းဆုံးအရာကတော့ သွမ့်လွေ၏ သန့်စင်သော အတွင်းအားများက ထူးဆန်းပြီး ချီစွမ်းအင်များက ကြောက်စရာကောင်းခြင်း ဖြစ်သည်။ သူတို့က မုန့်ချီ၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ရန်ကြိုးစားပြီး သူ၏သွေးကြောများ၊ ကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးရန်ကြိုးစားနေသည်။

လူဆိုးထိန်းဝမ်၊ ရှဝမ်ဟောင်နှင့် ဒိုဝူတုံတို့အားလုံးကလည်း ထိုအရာ၏ သက်ရောက်မှုကို ခံခဲ့ကြရသည်။

မုန့်ချီကတော့ ထိတ်လန့်သွားခြင်း မရှိသလို ဒေါသထွက်သွားခြင်း မရှိချေ။ သူက ချီစွမ်းအင်များကို ဖြန့်ခွဲလိုက်ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအဖြစ် ပြောင်းလဲလိုက်၏။ တစ်ချိန်တည်းတွင် အတွင်းထဲ၌ ရှိနေသော ချီစွမ်းအင်များက ဖယ်ရှားခံလိုက်ရသည်။ ထို့နောက် သူက သေဆုံးခြင်းကို ရှင်သန်ခြင်းသို့ ပြန်ပြောင်းလိုက်ရာ ချီစွမ်းအင်များက နောက်တစ်ကြိမ် များပြားလာခဲ့ပြန်သည်။

ထိုအရာများက သွမ့်လွေ၏ ခန္ဓာကိုယ်ဆီသို့ ရောက်သွားပြီး သူကိုယ်တိုင် မခုခံနိုင်သေးခင် သူ၏ပင်မသွေးကြောများကို ပိတ်လိုက်သည်။ မုန့်ချီက ကျန်ရှိနေသော လက်(၄)ချောင်းကိုသုံး၍ သွမ့်လွေ၏ လက်သီးကို ချုပ်နှောင်လိုက်၏။ သူကတော့ သိုင်းကွက်တစ်ခုလုံးတွင် အနည်းငယ်လေးပင် အားထုတ်ထားပုံမရှိချေ။

ထိုမြင်ကွင်းကိုကြည့်ပြီး ရှဝမ်ဟောင်၊ ဟွမ်ဟွာဖန်းနှင့် တစ်ခြားလူများကတော့ မယုံနိုင်သလို ဖြစ်နေကြသည်။ သူတို့အားလုံးက သွမ့်လွေကိုဖမ်းရန် တားဆီးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။ သို့သော် သတ်ဖြတ်ရေးဓားစုမုန့်ကတော့ လက်ညှိုးလေးတစ်ချောင်းတည်းနှင့် လုပ်ဆောင်နိုင်ခဲ့၏။

သွမ့်လွေက သူ့ဓားသုံးရန်ပင် မထိုက်တန်ခဲ့ပေ။ စွမ်းအားကွာဟမှုက ဘာကြောင့် ထိုမျှကြီးမားနေရသနည်း။ သူတို့အားလုံးက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များ ဖြစ်ကြပြီး သူကတော့ တံခါး(၇)ပေါက် တံခါး(၈)ပေါက်အဆင့် ပညာရှင်တစ်ယောက်ဟုသာ ပြောကြသည်။ သူက ထိုမျှအစွမ်းထက်နေခြင်းပေလော။ ရုတ်တရက်ဆိုသလို သူတို့အားလုံးက မုန့်ချီထက်ပို၍ အားနည်းနေသည့်အတွက် မသက်မသာ ခံစားလိုက်ရသည်။

မူလတုန်းကတော့ သတ်ဖြတ်ရေးဓားက လိပ်ပြာနက်ကို အနိုင်ရခဲ့သည့်အချိန်တွင် သူတို့ကိုယ်တိုင် မမြင်ခဲ့ရသည့်အတွက် အကောင်းဆုံး ကြိုးစားခဲ့ရသည်ဟု တွေးထားမိသည်။ သူက နာမည်ဂုဏ်သတင်းနှင့် ထိုက်တန်သည်ဟုသာ ခံစားမိခဲ့၏။

ယခုတော့ သူတို့ကိုယ်တိုင် မြင်လိုက်ရသည့်အချိန်တွင် သူတို့က အလွန်အားနည်းနေသည့်အတွက် ရင်ထဲတွင် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ပြီး ဝမ်းနည်းနေသလို ဖြစ်သွားကြသည်။

မုန့်ချီကတော့ သူတို့၏မျက်လုံးများ ပြောင်းလဲမှုကို သတိမထားမိခဲ့ပေ။ သူက မျက်မှောင်ကြုတ်၍ရပ်နေပြီး ကိစ္စရပ်များကို တွေးတောနေပုံရ၏။ အစောပိုင်းတွင်သူက တမင်တကာ စကားကို ဆုံးအောင် မပြောခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သွမ့်လွေက ဒေါသထွက်ပြီး တိုက်ခိုက်လိုက်သည့်အချိန်တွင် သူ၏သိုင်းပညာကို မြင်တွေ့ခွင့်ရခဲ့၏။

သွမ့်လွေ၏စွမ်းရည်က တစ်ခြားသိုင်းကွက်များအားလုံးကို မြှင့်တင်ပေးရန် အသုံးပြုနိုင်ကြောင်း တွေးမိသည့်အခါ သူက အမှန်တကယ်လည်း အရိုးကြွက်သားအားဖြည့်ကျင့်စဉ်၏ ပထမတစ်ဝက်ကို လေ့ကျင့်ထားပုံရသည်။

ထိုအရာက မုန့်ချီနှင့် ကျန်းဟွေတို့ ရှာတွေ့ခဲ့သော သိုင်းကျမ်း ဖြစ်သည်။ ထိုအရာက လူသတ်သမားနှင့် တိုက်ခိုက်နေစဉ် တောင်အနောက်ဖက်သို့ မတော်တဆပြုတ်ကျသွားသော သိုင်းကျမ်းတစ်ခုလည်း ဖြစ်၏။

ထိုသို့ဆိုလျှင် ကြောက်စရာကောင်းသော ချီစွမ်းအင်များက မည်သည့်အရာပေနည်း။ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ပြီး သိုင်းပညာကို ထိတွေ့၍ ရနိုင်သောအခြေအနေမှနေ၍ ထိတွေ့၍ မရနိုင်သော အခြေအနေသို့ အဆင့်မြှင့်တင်ပေးနိုင်သော ကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ ထိုအရာက သူ၏ချီစွမ်းအင်များကို ထုတ်ဖော်နိုင်သော ကျင့်စဉ်တစ်ခုတော့ မဟုတ်ချေ။

သွမ့်လွေကတော့ နတ်ဆိုးကျင့်စဉ်တစ်မျိုးကို လေ့ကျင့်ထားပြီး အရိုးကြွက်သား အားဖြည့်ကျင့်စဉ်နှင့် မြှင့်တင်ထားခြင်းပေလော။ သူ၏နတ်ဆိုးကျင့်စဉ်ကို သူ၏မွေးစားအဖေက သင်ထားပေးခြင်းပေလော။

ထိုအရာက သွမ့်လွေ၏ စိတ်(၂)ကိုယ် လူတစ်ယောက်ဖြစ်စဉ်နှင့် ပတ်သက်နေမည်လော။ သူ၏မွေးစားအဖေက အမှန်တကယ် စိတ်ကစဉ့်ကလျား ဖြစ်သွားခြင်းပေလော။ သို့မဟုတ် သူက ဟန်ဆောင်သွားခြင်းပေလော။ မုန့်ချီက မေးခွန်းပေါင်းများစွာကို ဖိနှိပ်ထားခဲ့သည်။

သူက သွမ့်လွေကို စိုက်ကြည့်လိုက်ပြီး လက်စား‌ချေရန် ရောက်လာသော ဟွမ်ဟွာဖန်းကို ကြည့်လိုက်သည်။ သူက လေးလေးနက်နက်ပြောလိုက်၏။

"တရားခံက သွမ့်လွေပဲ။ ဒါပေမဲ့ သွမ့်လွေလည်း မဟုတ်ဘူး…"

"ဟမ်... "

သွမ့်လွေ ကိုယ်တိုင်ပင် ရှုပ်ထွေးသွားခဲ့သည်။

မုန့်ချီက ရှင်းပြလိုက်၏။

"သွမ့်လွေမှာ စိတ်နှစ်ခွရောဂါ ရှိနေတယ်လို့ ငါ သံသယရှိတယ်။ ဒါမှမဟုတ် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်(၂)မျိုး ရှိနေတယ်လို့ သံသယရှိနေတယ်။ မင်းတို့ရဲ့ခေါင်းဆောင်ကို သတ်လိုက်တာက သွမ့်လွေရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ တစ်ခြားစိတ်ဝိညာဉ်တစ်မျိုးပဲ…"

ထိုအရာက စိတ်နှစ်ခွရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုတည်းတွင် စိတ်ဝိညာဉ်(၂)ခု ရှိနေသည်။ ထို့ကြောင့် မုန့်ချီက ထပ်မံရှင်းပြခဲ့ခြင်းမရှိချေ။ လူဆိုးထိန်းဝမ်၊ ရှဝမ်ဟောင်နှင့် တစ်ခြားသူများက သူပြောနေသည့်အရာများကို နားလည်သွားကြ၏။

"အဲဒါ တကယ်ပဲလား.."

ဟွမ်ဟွာဖန်း၏ အမူအရာက ရှုပ်ထွေးနေသည်။

"ဒါပေမဲ့ သူ့ဆီမှာ စိတ်နှစ်ခွရောဂါ ရှိနေမယ်ဆိုရင်တောင် သူက ယူသွားတဲ့ အသက်အတွက် ပြန်ပြီးပေးဆပ်ရမယ်.."

"စိတ်နှစ်ခွရောဂါဆိုတာက ဘာလဲ.."

သွမ့်လွေကတော့ ထိုအရာကို လုံးဝနားမလည်နိုင်ခဲ့ပေ။

မုန့်ချီက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါးဝိညာဉ်တစ်ခု ပုန်းနေတယ်လို့ ဆိုလိုတာပဲ။ အဲဒီမကောင်းဆိုးဝါးဝိညာဉ်က ရံဖန်ရံခါ မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ပုံမှန်အားဖြင့် မင်းမလုပ်ချင်တဲ့အရာတွေကို လုပ်တတ်တယ်။ မင်း သတိပြန်ဝင်လာတဲ့အချိန်ကျရင် မင်းလုပ်ခဲ့တဲ့အရာတွေကို မမှတ်မိတော့ဘူး။ မင်းက သေချာစဉ်းစားကြည့်လိုက်စမ်း။ အဲဒီလိုအရာမျိုးကို မင်းရဲ့ပတ်ဝန်းကျင်မှာ ကြုံခဲ့ဖူးလား…"

သွမ့်လွေ၏ဖြစ်စဉ်က ပြင်းထန်မှုမရှိချေ။ အကယ်၍ စိတ်ဝိညာဉ်နှစ်ခုက အချင်းချင်း ဆက်သွယ်နိုင်မည်ဆိုလျှင်တော့ သူက ကူရှောင်စန်းကဲ့သို့ နောက်ဆုံးအခြေအနေကို ကျရောက်နေပြီဟု ဆိုလိုနိုင်သည်။

သွမ့်လွေ၏မျက်နှာက သိသိသာသာပြောင်းလဲသွားခဲ့သည်။ သူက ခဏကြာ တိတ်ဆိတ်နေပြီး ပြန်ဖြေလိုက်၏။

"ကြုံခဲ့ဖူးတယ်..။ ကျွန်တော် သူတောင်းစားဘဝတုန်းက တစ်ခြားလူတွေ အနိုင်ကျင့်တာကို ခဏခဏခံရတယ်။ ဒါပေမဲ့ နောက်တနေ့မှာတော့ အနားမှာ သူတို့ရဲ့အလောင်းတွေကိုပဲ တွေ့ရတယ်။ သခင်လေးစု.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး။ ကျွန်တော်က မကောင်းဆိုးဝါးဝိညာဉ်ထိန်းချုပ်တာကို မခံချင်ဘူး…"

သူက စိတ်ဓာတ်ကျစွာတောင်းပန်လိုက်သည်။

ဒေါသထွက်နေသော ဟွမ်ဟွာဖန်းကလွဲလျှင် မည်သူကမျှဝင်မပြောကြပေ။

"သခင်လေးစု..

သူက သူ့ရဲ့အပြစ်အတွက် ပေးဆပ်ရမယ်။ ကျွန်တော့်အဖေက ဒီလိုမျိုးသေသွားလို့မရဘူး…"

သွမ့်လွေက ဟွမ်ဟွာဖန်းကို ပြန်လှည့်ကြည့်လိုက်၏။

"အစ်ကို(၅)..

ကျွန်တော်က မကောင်းဆိုးဝါးဝိညာဉ် ထိန်းချုပ်တာကို ခံရတာဖြစ်ပေမဲ့ ဒါတွေအားလုံးက ကျွန်တော့်ရဲ့အမှားပါပဲ။ ကျွန်တော်က ဒီအတွက် တာဝန်ယူနိုင်ပါတယ်။ မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပြီးသွားလို့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဆိုရင် ကျွန်တော့်ကို အစ်ကိုကြိုက်တာလုပ်ပါ။ ကျွန်တော်က အကုန်လုံးကို လက်ခံပါ့မယ်…"

သွမ့်လွေက အလွန်ရိုးရှင်းသော စိတ်သဘောထားမျိုးရှိသည်။ သူက မကောင်းဆိုးဝါဝိညာဉ်နှင့်အတူ သေဆုံးလိုခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူက နောက်ဘဝထိ ထိုအရာ၏ နှိပ်စက်ခြင်းကို ခံရမှာ ကြောက်နေခဲ့၏။

ဟွမ်ဟွာဖန်း၊ ရှောင်လျန့်နှင့် တစ်ခြားသူများကလည်း ထိုဖြစ်စဉ်ကို သေချာစဉ်းစားနေကြ၏။ သူတို့က လက်တုံ့ပြန်နိုင်မည်ဆိုလျှင် ပိုကောင်းသည်။ အကယ်၍ သူတို့ကသာ သွမ့်လွေကို သူ၏ပြစ်မှုအတွက် ပေးဆပ်ခိုင်းပြီး ဂိုဏ်းတွင် ဆက်ထားလိုက်မည်ဆိုလျှင် သူတို့ဂိုဏ်းအတွက် ပို၍အဖိုးတန်နိုင်၏။

"မင်းရဲ့မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားပြီးမှပဲ ငါတို့က ဒီကိစ္စကို ဆက်ပြောကြမယ်။ တကယ်လို့ မအောင်မြင်ဘူးဆိုရင်တော့ ငါတို့က မင်းကို အဲဒီအရာနဲ့အတူ သတ်ပစ်ရမယ်…"

ဟွမ်ဟွာဖန်းက အံကြိတ်ပြီး ပြောလိုက်သည်။

"ပြီးတော့ စိတ်နှစ်ခွရောဂါကို ကုသပေးနိုင်တဲ့ သမားတော်တစ်ယောက်ရှိမရှိ ငါတို့က ရှာရဦးမယ်…"

သူတို့ကတော့ စကားတစ်ခွန်းမျှမပြောဘဲ သတ်ဖြတ်ရေးဓားစုမုန့်ကို ခေါ်သွားခွင့်မပေးနိုင်ပေ။

လူဆိုးထိန်ဝမ်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။

"သခင်လေးစု..

သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ မကောင်းဆိုးဝါးဝိညာဉ်ရှိနေတယ်ဆိုတော့ သွမ့်လွေက တကယ်ပဲ အန္တရာယ်များတယ်။ ကျွန်တော်တို့က သူ့ကို လွတ်လွတ်လပ်လပ် သွားလာခွင့်တော့ မပေးနိုင်ဘူး။ သူ့ကို ထောင်ထဲထည့်ထားမှ ရမယ်။ တကယ်လို့ သခင်လေးက သူ့ကို ကုသဖို့ ကူညီပေးချင်တယ်ဆိုရင်တော့ သခင်လေးက ထောင်ထဲမှာ သွားကုမှရမယ်…"

"ကောင်းပါပြီ.."

မုန့်ချီက စိတ်နှစ်ခွရောဂါကို မည်သို့ကုသရမည်ဖြစ်ကြောင်း သိနိုင်မည်လော။ သူဂရုစိုက်သည်မှာ တိတ်ဆိတ်သော နေရာတစ်ခုရှာဖွေပြီး သွမ့်လွေက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို လေ့ကျင့်ထားခြင်းရှိမရှိ စစ်ဆေးလိုခြင်းသာ ဖြစ်သည်။ ထို့နောက် သူ၏နတ်ဆိုးကျင့်စဉ်က မည်သည့်နေရာမှ ရောက်လာကြောင်း သိချင်နေ၏။

သွမ့်လွေက မှင်တက်နေခဲ့သည်။ သို့သော် သူကလည်း လူဆိုးထိန်းဝမ်၏ အကြံပေးချက်ကို ဆန့်ကျင်နေခြင်း မရှိခဲ့ပေ။

Translated by Hein Htet

All Chapters