အခန်း (၃၂၂)
Vol. 22 Ch. 322
ယပ်တောင် (၆) လက်ကျောင်း၏ အကျဉ်းထောင်တွင် စုစုပေါင်း အလွှာ (၃)လွှာ ရှိသည်။ သူတို့က အတွင်းပိုင်းထဲကို ဝင်သွားလေလေ ပို၍ အေးစက်လာလေလေဖြစ်ပြီး သံတိုင်များ၏ နောက်ကွယ်တွင် ရှိနေသည်မှာ ပို၍အန္တရာယ်များသော ရာဇဝတ်သားများ ဖြစ်သည်။
ထိုနေရာတွင် ဓားပြများနှင့် သွေးဆာနေသော မကောင်းဆိုးဝါးများစွာ ရှိနေသည်။ မုန့်ချီ ၊ ချီကျန်းရန် ၊ သွမ့်လွေ ၊ လူဆိုးထိန်းဝမ်နှင့် ထောင်မှူးတို့က တတိယအလွှာသို့ ရောက်လာကြသည့်အချိန်တွင် သူတို့ကို စိုက်ကြည့်နေသော အေးစက်စက် မျက်လုံးများကို ခံစားမိလိုက်၏။
ထိုလူများ၏ မျက်လုံးအကြည့်က အစစ်အမှန် အရာဝတ္ထုများကဲ့သို့ ထင်မှတ်နေရသည့်အတွက် ထိုရာဇဝတ်သားများ၏ အစွမ်းကို ပြောပြနေသည်။
"ဟေး...ခွေးကောင်လေးဝမ် ..
ခွေးမသား… မင်းမှာ သတိရှိရင် ငါ့ကိုဒီနေရာကနေ ထုတ်ပေးပြီး မျှမျှတတ တိုက်ခိုက်စမ်း ။ ဒီလိုမျိုး အလစ်ချောင်းပြီး ဖမ်းတယ်ဆိုတာ အရှက်မရှိတာပဲကွ.."
လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏စကားလုံးများထဲတွင် ဒေါသများ ပြည့်နှက်နေ၏။ သူ၏ခြေလက်များကို ချုပ်နှောင်ထားသော သံကြိုးများကလည်း တချွင်ချွင်မြည်နေပြီး ထောင်အခန်းလေး၏ သံတိုင်များကပင် လှုပ်ရှားနေခဲ့သည်။
လူဆိုးထိန်းဝမ်၏ အမူအရာများ ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက ထောင်မှူးကိုလှည့်ပြီး ညွှန်ကြားလိုက်၏။
"သူ့ကို (၃) ရက် အစာမကျွေးနဲ့…"
ထို့နောက် သူက မုန့်ချီကို မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ တစ်ကိုယ်တော်ဓားပြ ယုချီကုံလို့ ခေါ်တယ်..။ သူ့ရဲ့သိုင်းပညာက တော်တော်လေးအစွမ်းထက်တယ်.။ ကျွန်တော်တို့က သူ့ကိုဖမ်းဖို့အတွက် တော်တော်လေး ကြိုးစားခဲ့ရတာ.။ ပြီးတော့ ဒီနှစ်ပဲ သူ့ကို မြို့တော်အကျဉ်းထောင်စီပို့ဖို့ စာပို့ထားတယ်... "
သူကတော့ ထိုအောင်မြင်မှုအတွက် အနည်းငယ် ဂုဏ်ယူနေပုံရသည်။ အမြဲလိုလို လွတ်မြောက်သွားခဲ့သော ကွင်းဆက်လူသတ်သမား တစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းက သူ၏စွမ်းဆောင်ရည်ကို ပြသနေသည်။ သူ့ကို ဖမ်းရန် အသုံးပြုသော နည်းလမ်းက ကိစ္စမရှိချေ။ ရာဇဝတ်သားများကို ဖမ်းဆီးသည့် နည်းလမ်းအပေါ် ဂရုစိုက်သော လူဆိုးထိန်းများကို သူကတော့ ကြားပင်မကြားဖူးချေ။
ယုချီကုံ၏အော်သံက အလွန်ကျယ်လောင်ပြီး တတိယအလွှာတစ်ခုလုံး လှုပ်ရှားနေသည့်အတွက် နေရာတိုင်း ဖုန်မှုန့်များ ကျဆင်းလာနေသည်။ သူက အရပ်(၂) မီတာကျော်ရှိပြီး ကြွက်သားများနှင့် သန်သန်မာမာ ဖြစ်သည်။
သူ၏လက်ပြင်ရိုးကို ထိုးဖောက်ခံထားရပြီး လက်နှင့် ခြေထောက်တွင် ရှိနေသော အကြောများဖြတ်၍ သွေးကြောများ ပိတ်ထားသည်ကိုပင် သူကတော့ အလွန်ရက်စက် ကြမ်းတမ်းနေသေးသည်။
"ခွေးမျိုးဝမ် …
မင်းက ေ- ာက်သုံးမကျတဲ့ကောင်ပဲ ။ မင်း ငါ့ကို ထုတ်မပေးဘူးဆိုရင် ငါက မင်းမိသားစုတစ်ခုလုံးကို သတ်ပြီး မင်းအမေကို မုဒိမ်းကျင့်မယ်... "
လူဆိုးထိန်းဝမ်ကတော့ သူ့ကို ပြန်လှည့်ပင်မကြည့်ခဲ့ပေ။ သူက ထောင်မှူးကို နောက်တစ်ကြိမ် ညွှန်ကြားလိုက်သည်။
"(၃) ရက်က မလုံလောက်ဘူး...။ သူ့ကိုစကားမပြောနိုင်တဲ့အထိ အစာဖြတ်လိုက်... ။ တကယ်လို့ ဒီလိုဆက်လုပ်နေဦးမယ်ဆိုရင် သူ့ကို ပျဉ်ပြားနဲ့အချက် (၈၀) ရိုက်လိုက်.."
ယုချီကုံ၏အော်သံကြောင့် တခြားသော အကျဉ်းသားများကပင် နားကို အုပ်ထားကြရသည်။ သူကတော့ ထိုအထက်တွင် ရှိနေသော အကျဉ်းသားများကို အနိုင်ကျင့်နေသလို ထင်မှတ်ရ၏။
ထောင်မှူးက လူဆိုးထိန်းဝမ်၏ ညွှန်ကြားမှုကို နာခံလိုက်သည်။ သူတို့က လွတ်နေသော အကျဉ်းခန်းတစ်ခုထဲသို့ ရောက်လာပြီးနောက် သော့တစ်ချောင်းကို ထုတ်လိုက်ပြီး သံတံခါးကို ဖွင့်လိုက်သည်။ ထို့နောက် သူက သွမ့်လွေ၏ လက်နှင့် ခြေထောက်ကို သံကြိုးများနှင့် ခတ်လိုက်၏။
"(၆) နာရီကြာရင် သူ့ကို သွေးကြောပြန်ပိတ်ဖို့ လိုအပ်တယ်... "
မုန့်ချီက သတိပေးလိုက်သည်။
လူဆိုးထိန်းဝမ်ကတော့ မှောင်မည်းစိုစွတ်နေသော နေရာတွင် နေချင်ပုံမရသည့်အတွက် မုန့်ချီ၏စကားကို နားထောင်ပြီး တစ်ယောက်တည်း ထွက်သွားခဲ့သည်။
ထောင်မှူးက သူ့ကို ဦးညွှတ်ပြီး ပြောလိုက်၏။
"သခင်လေးစု …
ကျွန်တော်က သခင်လေး မေးမြန်းတာကို မနှောင့်ယှက်တော့ပါဘူး..။ တကယ်လို့ သခင်လေးတစ်ခုခု လိုအပ်မယ်ဆိုရင် တတိယထပ်ရဲ့ဝင်ပေါက်မှာ ကျွန်တော် ရှိနေပါ့မယ်..။ သခင်လေးက ကျွန်တော့်ကို အော်ခေါ်လို့ ရပါတယ်... "
လူဆိုးထိန်းဝမ်နှင့် ထောင်မှူးတို့ ထွက်သွားပြီးနောက် ယုချီကုံက ပစ်မှတ်ပြောင်းလိုက်သည်။ သူက မုန့်ချီနှင့် ချီကျန်းရန်တို့ကို လက်ညှိုးထိုးပြီး ကျိန်ဆဲလိုက်၏။
"ခွေးကောင်တွေ …
မင်းတို့လို နို့နံ့မစင်သေးတဲ့ကောင်တွေကများ စုံစမ်းမေးမြန်းချင်သေးတာလား..။ မင်းတို့ကို ကြည့်ရတာ အထက်တန်းလွှာမိသားစုက သခင်လေးတွေ ၊ ဂိုဏ်းကြီးတစ်ဂိုဏ်းက တပည့်တွေပဲ ဖြစ်မယ်ထင်တယ်..။ မင်းတို့က ဘိုးဘေးတွေရဲ့ အရှိန်အဝါကိုအားကိုးပြီး အချောင်နာမည်ကြီးနေတာ..။ အမှန်အတိုင်းပြောရရင်တော့ မင်းတို့တွေရဲ့ သိုင်းပညာတွေက စုတ်ပျက်နေတာပဲ ။ တကယ်လို့ ငါသာ ဒီနေရာမှာ ပိတ်မိမနေဘူးဆိုရင် မင်းတို့တွေက လမ်းပေါ်မှာ ငါ့ကို တွေ့တာနဲ့ ဒူးထောက်ကြရမှာ..။ တကယ်လို့ မင်းတို့နဲ့အတူ မိန်းကလေးတွေ ပါနေရင်လည်း ငါက သူတို့ကို ဖျက်ဆီးပစ်မှာပဲ ။ ငါက မင်းတို့ရဲ့အမေတွေကို မုဒိမ်းကျင့်ပြီး သူတို့တွေကိုလည်း မုဒိမ်းကျင့်ပစ်မှာ..."
သူကတော့ ကြမ်းတမ်းရိုင်းစိုင်းသည့် စကားလုံးများစွာကို ပြောဆိုနေခဲ့၏။ မုန့်ချီနှင့် ချီကျန်းရန်တို့က ဒေါသထွက်သွားပြီး သူ၏အချုပ်ခန်းကို ဖွင့်၍ သူ့ကိုရိုက်ပုတ်ရန် မျှော်လင့်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူလည်း အခွင့်အရေးကိုယူပြီး ထွက်ပြေး၍ ရနိုင်သည်။
မုန့်ချီက သူကိုပြုံး၍ ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူကတော့ ထိုအကျဉ်းသားကိုသာ တိတ်တဆိတ် ကြည့်နေခဲ့သည်။
ရုတ်တရက်ဆိုသလို တစ်ချိန်လုံး ကျိန်ဆဲနေသည့် ယုချီကုံက နှလုံးခုန်သံတစ်ခုကို ကြားလိုက်ရ၏။
"ဒုတ်ဒုတ် .. ဒုတ်ဒုတ်.. ဒုတ်ဒုတ်… "
ထိုနှလုံးခုန်သံက အလွန်ထူးခြားသော စည်းချက်တစ်ခု ရှိနေပြီး လူတစ်ယောက်၏ စိတ်ဝိညာဉ်ထဲမှ ကျရောက်လာသလို ထင်မှတ်ရသည်။
"မင်းက ဘာကို စိုက်ကြည့်နေတာလဲ..။ သတ္တိရှိရင် ငါ့ဆီကိုလာခဲ့လေ... "
ယုချီကုံက ဆက်၍ အော်ဟစ်နေခဲ့သည်။
"ဒုတ်ဒုတ် … ဒုတ်ဒုတ် … ဒုတ်ဒုတ် .. "
နှလုံးခုန်သံက တဖြည်းဖြည်း ပို၍ကျယ်လောင်လာခဲ့၏။ သူ၏နှလုံးကလည်း ထိုနှလုံးခုန်သံအတိုင်း စတင်လှုပ်ရှားလာကြောင်း ယုချီကုံက ခံစားလိုက်ရသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော မုန့်ချီကတော့ အပြုံးနှင့် ရှိနေသေး၏။
"ငကြောက် .. အရှုံးသမား …
မင်းတို့လို အသုံးမကျတဲ့လူတွေရဲ့ ခန္ဓာကိုယ်ကို ရောင်းစားပစ်ရမှာ... "
"ဒုတ်ဒုတ် … ဒုတ်ဒုတ် … ဒုတ်ဒုတ်.. "
သူ၏နှလုံးခုန်သံက တဖြည်းဖြည်း ပို၍မြန်ဆန်လာသည်။ သူ၏ခေါင်းထဲသို့ သွေးများ ရောက်လာသလို ခံစားလိုက်ရပြီး သူကတော့ နောက်ထပ် မခံစားနိုင်တော့ပေ။
"ဒုတ်ဒုတ် .. ဒုတ်ဒုတ် .. ဒုတ်ဒုတ် .."
နှလုံးခုန်သံက သူ၏ခန္ဓာကိုယ် လက်ခံနိုင်သော အတိုင်းအတာထက် ကျော်လွန်သွားခဲ့၏။ ယုချီကုံ၏ ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးက ရူးသွပ်စွာ လည်ပတ်လာပြီး သူ၏မျက်လုံးထဲတွင် သွေးများ ပြည့်နှက်လာသည်။ သူ၏နှလုံးက အချိန်မရွေး ပေါက်ကွဲသွားတော့မလို ခံစားနေရ၏။
သူက နောက်သို့ ဒယိမ်းဒယိုင် ပြန်ဆုတ်သွားရပြီး မြေပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် သွေးများ ပြည့်နေပြီး အသက်ကို အမောတကော ရှုနေရ၏။ ထိုအရာက သူ့အတွက်တော့ အလွန်ဆိုးရွားသော အခြေအနေတစ်ရပ် ဖြစ်သည်။ သူက အချိန်မရွေး သေသွားတော့မလို ခံစားနေရ၏။ သူ့ရှေ့တွင် ရှိနေသော လူငယ်က အလွန်ထူးဆန်းလှသည်။
"သူက သူက မ မကောင်းဆိုးဝါးတစ်ကောင် တစ္ဆေ တစ္ဆေတစ်ကောင်လိုပဲ ။ ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ... "
"အစ်ကိုချီ ကျေးဇူးပြုပြီး ဒီတံခါးကို စောင့်ကြည့်နေပေးပါ... "
မုန့်ချီက နှလုံးခုန်သံကို ပုံမှန်အတိုင်း ပြန်ပြောင်းလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
မကောင်းဆိုးဝါးတစ်ယောက်က သူ၏နှလုံးခုန်နှုန်းကိုသုံးပြီး တစ်ဖက်လူ၏ နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်သည့် သိုင်းစာအုပ်တစ်အုပ်ကို သူဖတ်ခဲ့ဖူးသည်။ ထိုအရာက အကြောင်းပြချက်မရှိဘဲ တစ်ဖက်လူကို သေသွားအောင် လုပ်ဆောင်နိုင်သည်။ ထိုနည်းလမ်းကလည်း အမှန်တကယ်ကို ကောင်းမွန်လှ၏။
ထို့ကြောင့် (၃)လ လေ့ကျင့်နေစဉ် အတောအတွင်း သူက ထိုနည်းလမ်းနှင့် ပတ်သက်ပြီး ရွမ်ယုရှုဆီတွင် အကြံဉာဏ်တောင်းခံခဲ့သည်။ ရွမ်ယုရှုကတော့ သူမ၏ ဗျပ်စောင်းသံကိုသုံးပြီး တစ်ဖက်လူ၏ နှလုံးခုန်သံကို ထိန်းချုပ်နိုင်သည့်အစွမ်းမျိုး ရှိနေခဲ့သည်။
ထို့ကြောင့် မုန့်ချီကလည်း သူမ၏အကူအညီကို တောင်းဆိုရန် စဉ်းစားထားခဲ့သည်။ သို့သော် ယခင်တုန်းကတော့ အချိန်နည်းပါးမှုနှင့် စွမ်းအားနည်းပါးမှုကြောင့် မဖြစ်နိုင်သေးပေ။
အစစ်အမှန် ဗျပ်စောင်းသံနှင့် ပတ်သက်သောအရာများ ပါဝင်နေခြင်း မရှိသည့်အတွက် ရွမ်ယုရှုက ထိုနည်းလမ်း၏ အနှစ်သာရများကို မုန့်ချီသိအောင် မျှဝေပေးလိုက်သည်။ ထိုအရာကို နားလည်သွားသည့်အချိန်တွင် မုန့်ချီကိုယ်တိုင်က အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်ကို လေ့ကျင့်ထားသည့်အတွက် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအတိုင်းကို ထိန်းချုပ်ရာတွင် အလွန်ကျွမ်းကျင်နေသည်။ အထူးသဖြင့် သူ၏နှလုံးသား ဖြစ်၏။
ထို့ကြောင့် သူက တူညီသော အနှစ်သာရတစ်မျိုးကို တဖြည်းဖြည်း နားလည်သွားခဲ့သည်။ ထိုအရာက အစွမ်းထက်သော သိုင်းကွက်တစ်ခု မဟုတ်သော်လည်း လုပ်ကြံသတ်ဖြတ်ခြင်းနှင့် တခြားလူများကို ခြောက်လှန့်ရာတွင် အလွန်အသုံးဝင်သည်။ အဓိကအချက်ကတော့ သူက စိတ်အေးအေးထားရန်သာ လိုအပ်သည်။
ချီကျန်းရန်၏ မျက်နှာကတော့ ခံစားချက်များ ကင်းမဲ့နေသေးသည်။
"ကောင်းပြီလေ "
သူက ရွှေနဂါးဓားကို ကိုင်ထားပြီး ပတ်ပတ်လည်၌ ရှိနေသော ထောင်ခန်းများကို စောင့်ကြည့်နေခဲ့သည်။
ဘေးပတ်လည်တွင် ရှိနေသော အကျဉ်းသားများအားလုံး တိတ်ဆိတ်သွားခဲ့၏။ သူတို့ထဲတွင် ယုချီကုံက အစွမ်းထက်ဆုံးဖြစ်ပြီး အမိန့်ကို နာခံမှု မရှိချေ။ သို့သော် သူကိုယ်တိုင်ကပင် ထောင့်စွန်းလေးသို့ မောင်းထုတ်ခံလိုက်ရသည်။ ထိုလူများကတော့ နေရာမှ တစ်လက်မမျှပင် မရွှေ့ကြသော်လည်း သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူတို့က အေးအေးဆေးဆေးနေသည်မှာ ပိုကောင်း၏။
"သူတို့က ဘယ်လိုထူးဆန်းတဲ့နည်းလမ်းမျိုးတွေကို သုံးနေတာလဲ... "
“သူတို့က စကားတစ်ခွန်းမှ မပြောဘဲ ယုချီကုံကို ရင်ဆိုင်နိုင်ခဲ့တယ်... "
တိတ်ဆိတ်သွားသည့်အချိန်တွင် မုန့်ချီက အကျဉ်းခန်းထဲသို့ ဝင်သွားခဲ့သည်။ သူက သွမ့်လွေ၏ရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်၏။
"မင်းရဲ့စိတ်နှစ်ခွရောဂါကို ကုသဖို့အတွက် အရင်ဆုံး ဖြစ်ခဲ့တဲ့အရာတွေကို ငါကိုယ်တိုင် နားလည်ဖို့လိုတယ်...”
“ဗုဒ္ဓဘိုးဘေးများ ကလေးတစ်ယောက်ကို လိမ်မိတဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်က သူ့ကိုကုသပေးဖို့အတွက် သမားတော်တစ်ယောက် ရှာပေးမှာပါ... "
"သခင်လေးစု …
ကျွန်တော့်ကို မေးချင်တာမေးပါ... "
သွမ့်လွေ၏ စကားသံထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
မုန့်ချီက တခြားသော မေးခွန်းများကို စတင်မေးလိုက်၏။
"မင်းက စိတ်နှစ်ခွရောဂါကို ဘယ်အချိန်မှာ ပထမဆုံးစပြီး ခံစားခဲ့ရတာလဲ... "
သွမ့်လွေက သေချာစဉ်းစားပြီး ပြောလိုက်သည်။
"ကျွန်တော့်ရဲ့မွေးစားအဖေ ရူးသွပ်ပြီး ထွက်သွားတဲ့အချိန်နဲ့ သိပ်မကွာဘူး ထင်တယ်.။ ကျွန်တော်ပထမဆုံး သူတောင်းစား ဖြစ်လာတဲ့အချိန်မှာ အဲဒီရောဂါက ဒီလောက် မပြင်းထန်သေးဘူး..။ ဒါပေမဲ့ ကျွန်တော်က အနိုင်ကျင့်ခံခဲ့ရတဲ့အတွက် လက်တုံ့ပြန်ချင်စိတ်တွေ ကြီးထွားလာခဲ့တယ်..."
"မင်းရဲ့မွေးစားအဖေက ဘယ်သူလဲ... "
မုန့်ချီက မေးလိုက်သည်။
သွမ့်လွေက မှင်တက်စွာ ပြန်ဖြေလိုက်၏။
"ကျွန်တော်ရဲ့မွေးစားအဖေပါပဲ .."
"ဒါဆိုရင် မင်းရဲ့မွေးစားအဖေနဲ့ ဘယ်အချိန်မှာ တွေ့ခဲ့တာလဲ... "
မုန့်ချီကတော့ ထိုအရာကို မြန်မြန်ဖြတ်ရန် စဉ်းစားလိုက်သည်။
ထိုအချိန်ကျမှသာ သွမ့်လွေက မုန့်ချီဆိုလိုသော အဓိပ္ပာယ်ကို နားလည်သွားသည်။
"မကောင်းဆိုးဝါး ထိန်းချုပ်မှု မလွတ်ခင် (၁၀) ရက်လောက်အလို ကျွန်တော်က ရွာအပြင်ဘက်မှာ ဒဏ်ရာရနေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့ခဲ့ရတယ်..။ သူ့ရဲ့ဒဏ်ရာကို ဆေးစည်းပြီး သွေးမထွက်အောင် ကျွန်တော်က ကူညီပေးခဲ့တယ်...။ သူ သတိပြန်လည်လာတဲ့အချိန်မှာတော့ သူက အပြင်လူတွေနဲ့ မတွေ့ချင်တဲ့အတွက် အနီးအနားမှာရှိတဲ့ လိုဏ်ဂူတစ်ခုထဲမှာ နေခဲ့တယ်.. ။ ကျွန်တော်က တောင်ပေါ်ကနေ သူ့ဆီက ဆေးပစ္စည်းတွေ ယူသွားပြီး သူပြောပြတဲ့ သိုင်းလောကပုံပြင်တွေကို နားထောင်နေခဲ့တယ်..။ အဲဒီအချိန်မှာတော့ ကျွန်တော်က တော်တော်လေး သဘောကျနေခဲ့တာ..”
“သူပြန်ကောင်းလာတဲ့အချိန်မှာတော့ သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်တော့်ကို ကျေးဇူးတင်စကားပြောပြီး သားအဖြစ် မွေးစားခဲ့တယ်..။ ပြီးတော့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်အောင် ကျင့်စဉ်တစ်ခု သင်ကြားပေးခဲ့တယ်.။ ပြီးတော့ ကျွန်တော့်ကိုလည်း သူ့သား တစ်ယောက်လို သတ်မှတ်ပေးခဲ့တယ်... "
"ဟင်း…သွမ့်လွေက တောင်အနောက်ဘက်ကို ဝင်နိုင်တဲ့အစွမ်းမျိုးမရှိခဲ့ဘူး..။ တကယ်လို့ သူသာ အရိုးကြွက်သား အားဖြည့်ကျင့်စဉ်ကို သင်ကြားနိုင်ခဲ့မယ်ဆိုရင် တစ်ယောက်ယောက်က ထုတ်ယူလာတာပဲ ဖြစ်လိမ့်မယ်..။ သူ့ရဲ့မွေးစားအဖေက တောင်အနောက်ဘက်က အဆိပ်ကန်ထဲမှာ အဆိပ်သိုင်းပညာ လေ့ကျင့်နေတဲ့ ထိပ်သီးပညာရှင် တစ်ယောက်များ ဖြစ်နိုင်မလား..။ ကြည့်ရတာ ထိန်းချုပ်မှု လွတ်သွားတဲ့ မကောင်းဆိုးဝါးကလည်း မရိုးရှင်းဘူး... "
မုန့်ချီက တည်ငြိမ်သော အမူအရာနှင့် ဆက်ပြောလိုက်သည်။
"မင်းရဲ့မွေးစားအဖေမှာ ဘယ်လိုထူးခြားတဲ့ပုံသဏ္ဍာန်မျိုးရှိလဲ... "
"ကျွန်တော့်မွေးစားအဖေမှာ မျက်ခုံးမရှိသလောက်ပဲ..။ သူ့ရဲ့မျက်နှာကလည်း နည်းနည်းခွက်နေတယ်...။ သူက အသက် (၄၀) (၅၀) ဝန်းကျင်ရှိပြီး ဆံပင်တွေကတော့ ရှုပ်ထွေးနေတယ်... "
သွမ့်လွေက အသေးစိတ် ပြောပြနေသည်။ သူကတော့ ထိုအရာနှင့်ပတ်သက်ပြီး သေချာမသိခဲ့ချေ။
သို့သော် မုန့်ချီ၏ခေါင်းထဲတွင် ထိုလူ၏ပုံရိပ်ကို ပုံဖော်၍မရသလို သူ၏နာမည်ကိုလည်း ခန့်မှန်း၍ မရပေ။ သူက မေးခွန်းပြောင်းပြီး မေးလိုက်၏။
"ဒါဆိုရင် မင်းရဲ့မွေးစားအဖေက တခြားသိုင်းပညာတွေ သင်ပေးခဲ့သေးလား... ။ ဒါမှမဟုတ် ထူးခြားတဲ့ပစ္စည်းတွေ ပေးခဲ့သေးလား... "
"ဘာမှမပေးခဲ့ဘူး... "
သွမ့်လွေက သေချာစွာ ပြန်ဖြေလိုက်၏။
မုန့်ချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"မင်းပြောပြတဲ့ ခန္ဓာကိုယ်အားဖြည့်ကျင့်စဉ်ကိုရော မင်းရဲ့မွေးစားအဖေက အမြဲတမ်း လေ့ကျင့်နေတာလား... "
"ဟုတ်တယ် ။ ညနေတိုင်း လေ့ကျင့်နေတာ... "
သွမ့်လွေက နောက်တစ်ကြိမ် ပြန်ဖြေလိုက်ပြန်သည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။
"အဲဒီနောက်မှာ မင်းရဲ့မွေးစားအဖေက ရူးသွပ်သွားခဲ့တာလား... "
သွမ့်လွေက မျက်နှာပျက်သွားသည်။ သူကိုယ်တိုင်ကလည်း အလွန်ထိတ်လန့်သွားခဲ့၏။ ထိုခန္ဓာအားဖြည့်ကျင့်စဉ်ကို အမြဲလိုလို လေ့ကျင့်ခဲ့သော သူ၏မွေးစားအဖေက ရူးသွပ်သွားခဲ့သည်။ ယခု သူကိုယ်တိုင်လည်း စိတ်နှစ်ခွရောဂါကို ရရှိနေပြီး ရူးသွပ်လုနီးပါး အခြေအနေကို ရောက်ရှိနေသည်။ ထိုအရာက နောက်ကွယ်တွင် ရှိနေသော အကြောင်းပြချက်ပေလော။
ထိုအရာက ဖြစ်နိုင်ချေသာ ရှိနေသေးသည့်အတွက် ကောက်ချက်ချရန် မလုံလောက်သေးပေ။ မုန့်ချီကတော့ သေချာစဉ်းစားကြည့်ခဲ့၏။
"ကြည့်ရတာတော့ မင်းရဲ့စိတ်နှစ်ခွဖြစ်စဉ်က ခန္ဓာအားဖြည့်ကျင့်စဉ်နဲ့ ပတ်သက်နေနိုင်တယ်..။ မင်းက အဲဒီကျင့်စဉ်ကို လေ့ကျင့်တာ ခဏရပ်လိုက်ပါ... ။ ပြီးတော့ တစ်ခုခုထူးခြားလားဆိုတာ ကြည့်လိုက်ပေါ့... "
"ကောင်းပါပြီ ။ ကျွန်တော် အဲဒီလိုလုပ်လိုက်ပါ့မယ်... "
သွမ့်လွေက အလျင်အမြန် တုံ့ပြန်လိုက်သည်။ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားသည့်အတွက် သူလည်း သက်ပြင်းချလိုက်မိ၏။
မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"တကယ်လို့ မင်းရဲ့စိတ်နှစ်ခွရောဂါကို ကုသချင်တယ်ဆိုရင်တော့ ငါတို့က ဒီသိုင်းပညာကနေစမှပဲ ရလိမ့်မယ်... ။ ဒီသိုင်းပညာမှာ ပြဿနာတစ်ခုရှိမရှိ ကြည့်ရအောင် တစ်ကြိမ်လောက် လေ့ကျင့်ပြလို့ရမလား... "
သူက ထိုအရာကို အလွန်စိတ်ဝင်စားနေခဲ့သည်။ ထိုအရာက အရိုးကြွက်သားအားဖြည့်ကျင့်စဉ် ဟုတ်မဟုတ် သိချင်နေ၏။ ရှောင်လင်ကျောင်းတော် တည်ထောင်ခဲ့သည့် အချိန်ကတည်းကစပြီး မရေမတွက်နိုင်သော ဘုန်းတော်ကြီးများစွာက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို လေ့ကျင့်ခဲ့ကြသည်။ သို့သော် ရူးသွပ်သွားသည်ဟု တစ်ယောက်မျှ မကြားဖူးချေ။
သွမ့်လွေက သူ့ကိုယ်သူ ကုသနိုင်ရန် အလျင်လိုနေသည်။ ခန္ဓာအားဖြည့်ကျင့်စဉ်က သာမန်သိုင်းပညာတစ်ခုဖြစ်သည့်အတွက် လျှို့ဝှက်ထားခဲ့ခြင်း မရှိချေ။
သူက တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် လက် (၂) ဖက်ကို ဗိုက်အောက်ပိုင်းတွင် တင်ထားလိုက်ပြီး ခြေထောက် (၂) ဖက်က သူ၏ရင်ဘတ်ကို ဖိထားသည့်အတွက် ထူးဆန်းသောပုံသဏ္ဍာန် ဖြစ်နေသည်။ သူ၏အသက်ရှူသံကလည်း နှေးကွေးလာခဲ့၏။
မုန့်ချီက သူ၏စိတ်ဝိညာဉ်ကို ဖြန့်ကျက်လိုက်သည်။ သူ၏စိတ်ဝိညာဉ်က တည်ငြိမ်နေပြီး သွမ့်လွေ၏ ချီစွမ်းအင်များ ၊ စီးဆင်းမှုအားလုံးကို ဝိုးတဝါး အာရုံခံနိုင်ခဲ့သည်။ သူက ပြောင်းလဲမှုများနှင့် အနှစ်သာရကို သေချာစိုက်ကြည့်နေခဲ့၏။
"ဒါက တရားထိုင်တဲ့နည်းလမ်းနဲ့တော့ တူတယ်... "
မုန့်ချီက ချီစွမ်းအင်စီးဆင်းသည့် လမ်းကြောင်းနှင့် အရှိန်ကို မှတ်သားထားရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ ကြည့်ရသည်မှာ သွမ့်လွေက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် ရည်ရွယ်ချက် ရှိပုံမရချေ။
ပထမဆုံးပုံစံ ပြီးဆုံးသွားပြီးနောက် သွမ့်လွေက ပုံစံများကို တစ်ခုပြီးတစ်ခု ပြောင်းလဲလိုက်သည်။ တဖြည်းဖြည်းနှင့် သူက ပုံစံ (၉) မျိုး ပြောင်းလဲပြလိုက်ပြီး ထိုပုံစံအားလုံးက ထူးဆန်းနေသည်။ ထို့ပြင် ပုံစံတစ်ခုနှင့်တစ်ခု ပို၍ထူးဆန်းလာသည်ဟု မုန့်ချီက ခံစားနေရ၏။ ထိုအရာများက မပြည့်စုံဘဲ အလွန်ကြောက်စရာကောင်းသလို ခံစားနေရသည်။
"ဟူး... "
သွမ့်လွေက လေပူများကို မှုတ်ထုတ်လိုက်ပြီး သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။
"သခင်လေးစု …
လေ့ကျင့်တဲ့ပုံစံက မမှားနိုင်ဘူးလို့ ကျွန်တော့်ရဲ့မွေးစားအဖေက ပြောခဲ့တယ်... ။ မဟုတ်ရင် ကျွန်တော်က ချီစွမ်းအင်သွေဖယ်မှုကို ခံစားရလိမ့်မယ်... "
"သူမှန်တယ်လို့ တွေးနေတဲ့ ပုံစံတွေကများ မှားနေတာလား..”
“အဲဒီလိုဖြစ်နိုင်ချေတော့ရှိတယ်..။ ဒီပုံစံတွေထဲမှာ ချီစွမ်းအင်စီးဆင်းမှုက ဘယ်လိုလဲဆိုတာ ငါ့ကို ပြောပြပါဦး... "
မုန့်ချီကတော့ သူမြင်ထားသောအရာကို အတည်ပြုချင်နေသည်။ ထိုသို့ဆိုလျှင် သွမ့်လွေက လိမ်ပြောနေခြင်းရှိမရှိ သိနိုင်၏။
သွမ့်လွေက အမှန်အတိုင်း ပြန်ဖြေလိုက်သည့်အတွက် မုန့်ချီက သူနားလည်ထားသော ချီစွမ်းအင်စီးဆင်းမှုနှင့် အတည်ပြုနိုင်ခဲ့သည်။ မုန့်ချီကတော့ နောက်ထပ် အတည်ပြုရန် ကြိုးစားကြည့်လိုက်ရာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ သွမ့်လွေ၏ တုံ့ပြန်မှုက လျင်မြန်နေသည့်အတွက် သူက လိမ်ညာနေခြင်းမရှိကြောင်း သိသာနေသည်။
မုန့်ချီက ထိုပုံစံ (၉) မျိုးကို စိတ်ထဲတွင် မှတ်သားထားလိုက်၏။
"ဒါတွေကို တစ်ခုချင်းဆီ ကြည့်လိုက်မယ်ဆိုရင်တော့ ဒီပုံစံ (၉) မျိုးက ထူးဆန်းနေတယ်..။ ပြီးတော့ အကုန်ပေါင်းစပ်လိုက်တဲ့အချိန်မှာ မပြည့်စုံသလို ခံစားနေရတယ်..။ ဒါကြောင့် ဒါက သေချာပေါက် ပြဿနာတစ်ခု ရှိနေနိုင်တယ်...။ မင်းက အဲဒါကို မလေ့ကျင့်တော့ပဲ မေ့ထားလိုက်ပါ..။ ငါက မင်းရဲ့စိတ်နှစ်ခွရောဂါကို ကုသဖို့အတွက် သမားတော်တစ်ယောက် လွှတ်ပေးမယ်..။ မကောင်းဆိုးဝိညာဉ်ကို အမြစ်ပြတ်ဖယ်ရှားပြီးသွားပြီဆိုရင်တော့ အဲဒီလောက် မခက်တော့ပါဘူး... "
"ကျေးဇူးတင်ပါတယ် သခင်လေးစု…"
မုန့်ချီကလည်း သူ၏မွေးစားအဖေကဲ့သို့ ပြောနေသည့်အတွက် သွမ့်လွေက သူ၏စကားများကို ယုံကြည်နေခဲ့သည်။
ထို့နောက် မုန့်ချီနှင့် ချီကျန်းရန်တို့က ထွက်ခွာသွားခဲ့၏။ သူတို့က သွမ့်လွေက သူ၏စိတ်နှစ်ခွရောဂါကို ကုသပေးရန်အတွက် သမားတော်တစ်ယောက် လိုက်ရှာရမည်ဖြစ်သည်။
ညအချိန်တွင် သွမ့်လွေကို သွေးကြောပိတ်ရမည် ဖြစ်သည်။ ထို့ကြောင့် ထောင်မှူးက သံတံခါးကိုဖွင့်ပြီး သူ၏အကျဉ်းခန်းထဲသို့ ဝင်လာခဲ့၏။
"စိတ်နှစ်ခွရောဂါလား... ။ တကယ်ကို နားမလည်နိုင်တော့ဘူး... "
ထောင်မှူးကလည်း ပညာရှင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက ဒူးထောက်ပြီး သွေးကြောပိတ်ရန် ပြင်ဆင်လိုက်၏။
ထိုအချိန်တွင် သွမ့်လွေက ခေါင်းမော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများက နက်မှောင်နေပြီး အဝေးမှ စိုက်ကြည့်နေသော မကောင်းဆိုးတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူက ပါးစပ်ဟပြီး ထောင်မှူး၏မျက်နှာကို တံတွေးနှင့် ထွေးလိုက်၏။
"သေစမ်း... "
ထောင်မှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မည်သူ့ကိုမျှ အချက်မပေးနိုင်သေးခင် မြေပေါ်သို့ လဲကျသွားခဲ့၏။ သူ၏မျက်နှာပေါ်မှနေ၍ ' တရှဲရှဲ ' မြည်သံများ ထွက်ပေါ်လာပြီး စက္ကန့်အနည်းငယ်လေးအတွင်း သူ၏အသက် စွမ်းအင်များက လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး မည်းမှောင်သွားပြီး မျက်နှာကတော့ ပျက်စီးသွားခဲ့၏။
သွမ့်လွေက ထောင်သားဆီသို့ လျှောက်သွားပြီး သော့ကို ထုတ်လိုက်သည်။ ထို့နောက် သူ၏ခြေလက်များကို ချုပ်နှောင်ထားသော သံကြိုးကိုဖွင့်ပြီး အခန်းထဲမှ ထွက်လာခဲ့၏။
“ငါ့ကိုသတ်ဖို့ ကြိုးစားတဲ့သူတွေက သေသင့်တယ်... "
"ဒီက ညီလေး …
ငါတို့တွေက တစ်လှေတည်း စီးနေတာပါ..။ ကျေးဇူးပြုပြီး ငါတို့ရဲ့သော့တွေကိုလည်း ဖွင့်ပေးပါဦး..။ ငါတို့က မင်းကိုသေချာပေါက် ဆုကြေးကောင်းကောင်းပေးပါ့မယ်... "
ထိုအလှည့်အပြောင်းကို မြင်သည့်အခါ ယုချီကုံက အလွန်ဝမ်းသာနေခဲ့သည်။
သွမ့်လွေက သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီး သူ့ဆီသို့ လျှောက်သွားခဲ့၏။ နက်မှောင်နေသော သူ၏မျက်လုံးများထဲတွင် ခံစားချက် အနည်းငယ်လေးပင် မရှိချေ။ ပထမတွင် ယုချီကုံက မှင်တက်သွားခဲ့၏။ ထို့နောက် သူက တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာပြီး အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်မိသည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မလာနဲ့ ၊ ငါ့ဆီ မလာနဲ့ ကယ်ကြပါဦး... "
Translated by Hein Htet