← Chapters

အခန်း (၃၂၃)

Vol. 22 Ch. 323

အခန်း (၃၂၃)

Vol. 22 Ch. 323

နောက်တစ်နေ့ တခြားသောထောင်မှူးက လူစားလဲရန် ရောက်လာသည့်အချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း နားလည်သွားခဲ့သည်။ တတိယအလွှာတွင် အလောင်းများ ပြည့်နေပြီး သူတို့အားလုံး၏ ခန္ဓာကိုယ် အစိတ်အပိုင်းများက ပျက်စီးနေ၏။ ခြေလက်များက တစစီ ပျက်စီးနေပြီး အလောင်းတစ်ခုမှ အကောင်းတိုင်း ကျန်မနေခဲ့ပေ။

"အဆိပ်မိပြီး သေသွားတာပဲ…"

လူဆိုးထိန်းဝမ်က ထောင်မှူး၏ အလောင်းရှေ့တွင် ဒူးထောက်ပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးကြည့်နေခဲ့သည်။

မုန့်ချီ ၊ ချီကျန်းရန်နှင့် ဖိတ်ခေါ်ထားသော တခြားလူများကတော့ အတော်လေး မျက်နှာပျက်နေကြ၏။ သွမ့်လွေက ထိုကဲ့သို့ ပြင်းထန်သော အဆိပ်မျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။

လူဆိုးထိန်းဝမ်က နှံ့နှံ့စပ်စပ် စစ်ဆေးထားခဲ့သည့်အတွက် သွမ့်လွေက အချုပ်ထဲတွင် အဆိပ် ၊ မြူခိုး ၊ လျှို့ဝှက်လက်နက်နှင့် အန္တရာယ်ရှိသောအရာများကို ဖုံးကွယ်ထားခြင်း မရှိကြောင်း သေချာသိနေသည်။ ထိုအရာက အချုပ်သားများ ထွက်ပြေးခြင်းကို ကာကွယ်ရန် ယပ်တောင် (၆) လက်ကျောင်း၏ စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။

ထို့ပြင် မုန့်ချီက သွမ့်လွေနှင့် စကားပြောလိုက်ပြီးနောက် နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးရန် ထောင်မှူးကို ပြောထားခဲ့သည်။ အကယ်၍ မည်သည့်အရာကိုမျှ ဂရုစိုက်ရန် မလိုလျှင်ပင် မကြာခဏဆိုသလို တာဝန်အရ လှည့်ပတ်သော ကင်းသမားများ ရှိနေသည်။

ထို့ကြောင့် လာတွေ့သူများက သူတို့ကို အသုံးဝင်သော ပစ္စည်းများပေးခြင်းကို ကာကွယ်နိုင်၏။ ထို့ကြောင့်လည်း မုန့်ချီနှင့် ချီကျန်းရန်တို့က သွမ့်လွေကို ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးလိုက်သည်ဟု လူဆိုးထိန်းဝမ်က သံသယမဝင်ခဲ့ပေ။

"သူရဲ့သွေးကြောတွေကို ပိတ်ထားပြီး ခြေလက်တွေကိုလည်း သံကြိုးခတ်ထားတယ်..။ သူ့မှာ စွမ်းရည်ရှိနေတယ်ဆိုရင်တောင် သူက ထောင်မှူးကို အဆိပ်နဲ့ သတ်လို့မရနိုင်ဘူး..။ တကယ်လို့ သူက ထောင်မှူးကို အဆိပ်နဲ့ သတ်နိုင်မယ် ဆိုရင်တောင် ထွက်ပြေးဖို့ တော်တော်လေး ခက်လိမ့်မယ်... "

သူရဲကောင်းလင်းပေါင်ကျိက အဓိကအချက်ကို ထောက်ပြလိုက်သည်။

ထောင်စောင့်က သွမ့်လွေကို ထပ်မံသွေးကြောပိတ်ရန် သေချာပေါက် ရောက်လာခဲ့မည် ဖြစ်သည်။ သူက သွမ့်လွေ၏သွေးကြောများ ပြန်ပွင့်ခါနီးအချိန်ထိ စောင့်နေလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် အသက်အန္တရာယ် ရှိနိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သွမ့်လွေက သူ၏စွမ်းအားတချို့ ပြန်ကောင်းလာသည်ဟူသော ယူဆချက်ကိုလည်း ထုတ်ပယ်၍ရနိုင်သည်။

"မေးခွန်းကတော့ သူက အဲဒီအဆိပ်ကို ဘယ်ကနေ ရလာတာလဲ... "

ဟွမ်ဟွာဖန်းက အတော်လေး စိတ်ပျက်နေသည်။

နောက်ဆုံးတွင်တော့ သူတို့က ကြိုးစားပြီး သူ့အဖေ သတ်သွားသောသူကို ဖမ်းနိုင်ခဲ့သည်။ ယခုတော့ သူက အစောင့်အကြပ် အလွန်မြင့်မားသော ယပ်တောင်(၆)လက်ကျောင်း၏ အကျဉ်းထောင်ထဲမှ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

လူဆိုးထိန်းဝမ်က အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူတို့၏ ရှာဖွေစစ်ဆေးမှုက မနှံ့စပ်သည့်အတွက် သူနှင့် ယပ်တောင် (၆) လက်ကျောင်းကို စွပ်စွဲနေခြင်းပေလော။

မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။

"လူဆိုးထိန်းဝမ်က အတွေ့အကြုံရှိတဲ့ ထိပ်တန်းလူဆိုးထိန်းတစ်ယောက်ပဲ ။ သူက သွမ့်လွေ ဖုံးကွယ်ထားနိုင်တဲ့ နေရာတိုင်းကို ရှာဖွေမှာပဲလေ..။ ဒီတော့ သူ့ရဲ့ပါးစပ်ထဲမှာ အဆိပ်အိတ်တစ်ခု ရှိနေမယ်ဆိုရင်တောင် သူ သိမှာပဲ ။ ပုံမှန်အားဖြင့် ပြောရရင်တော့ ပြင်းထန်တဲ့အဆိပ်တစ်ခုမှ မရှိသင့်ဘူး... "

တကယ်၍ သူတို့ကသာ သေချာစစ်ဆေးပြီး ရလဒ်အပေါ် ယုံကြည်ချက်မရှိလျှင် ထောင်မှူးက အန္တရာယ်ရှိသော ရာဇဝတ်သားတစ်ယောက်၏ အနားကို မည်သို့ သွားရဲမည်နည်း။

မုန့်ချီက ဒူးထောက်ပြီး အကျဉ်းသား၏ အလောင်းကို ထူလိုက်သည့်အချိန်တွင် ဟွမ်ဟွာဖန်းနှင့် ရှောင်လျန့်တို့က သူတို့၏သံသယကို ပြောလိုက်သည်။

"သူက သွမ့်လွေကို သွေးကြောပိတ်ဖို့ ရောက်လာခဲ့တာပဲ ။ ဒါကြောင့် သူ့ရဲ့ပုံစံက ဒီလိုမျိုးပဲ ဖြစ်သင့်တယ်... ။ သွမ့်လွေကို သံကြိုးတွေနဲ့ ချည်ထားတယ်ဆိုတော့ သူက မတ်တပ်မရပ်နိုင်ဘူး... "

သူက ထိုမြင်ကွင်းကို ပြန်လည်ပုံဖော်ရန် ကြိုးစားနေခဲ့သည်။

"ထောင်စောင့်က သွမ့်လွေရဲ့ပါးစပ်ထဲမှာရှိတဲ့ အဆိပ်နဲ့ ထွေးထုတ်ခံရတဲ့အတွက် အသတ်ခံရတာ ဖြစ်နိုင်ချေ တော်တော်များတယ်..။ ဒါပေမယ့် သူ့ရဲ့ပါးစပ်ထဲမှာ အဆိပ်အိတ်ရှိမယ်ဆိုတဲ့ ဖြစ်နိုင်ချေကိုလည်း ဖယ်ထုတ်သင့်တယ်ဆိုတော့ သွမ့်လွေက နတ်ဆိုးကျင့်စဉ်ကြောင့် သူ့ရဲ့တံထွေးကို အဆိပ်အဖြစ် ပြောင်းလဲနိုင်တာ ဖြစ်နိုင်တယ်... "

လူဆိုးထိန်းဝမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အဲဒါ ဖြစ်နိုင်ချေအရမ်းများတယ်..။ ဒါပေမယ့် သူက သွေးကြောပိတ်ထားတဲ့အချိန်မှာ သူ့ရဲ့နတ်ဆိုးကျင့်စဉ်ကို ဘယ်လိုများ သုံးနိုင်သေးတာလဲ..”

“သွေးကြောပိတ်တာက သူ့ရဲ့လှုပ်ရှားမှုတွေနဲ့ ပင်မချီစွမ်းအင်လမ်းကြောင်း စီးဆင်းမှုကိုပဲ တားမြစ်ထားနိုင်တာ..။ တကယ်လို့ သူ့ရဲ့တံထွေးကို အဆိပ်အဖြစ် ပြောင်းလဲနိုင်တဲ့အတွက် ပြဿနာများမယ်ဆိုရင်တောင် ပြောင်းလဲဖို့ လျှို့ဝှက်ချက်ရှိမယ်ဆိုရင်တော့ သွေးကြောပိတ်ထားတာက အကျိုးသက်ရောက်မှု မရှိနိုင်တော့ဘူး... "

ထိုနေရာတွင် အသက်အကြီးဆုံး ပညာရှင်တစ်ယောက်ဖြစ်သည့် ရှဝမ်ဟောင်က ဝင်ပြောလိုက်သည်။

"အခုချိန်မှာ အရေးကြီးဆုံးအရာကတော့ သွမ့်လွေရဲ့နတ်ဆိုးကျင့်စဉ်အကြောင်း စဉ်းစားဖို့မဟုတ်ဘူး...။ သူ့ကိုဖမ်းဖို့ပဲ…"

ဟွမ်ဟွာဖန်းက သူ၏ခံစားချက်များကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်း မရှိချေ။

လူဆိုးထိန်းဝမ်က ချက်ချင်း ကြေညာလိုက်၏။

"သွမ့်လွေမှာ မကောင်းဆိုးဝါးဝိညာဉ်ရှိတယ်..။ သူက ရာဇဝတ်မှုမကျူးလွန်ခဲ့ပေမယ့် သူ့ကို ထွက်ပြေးခွင့်မပေးနိုင်ဘူး..။ ငါက ပြည်နယ်ဌာနချုပ်မှာ သူ့ကိုဖမ်းဖို့ အမိန့်ထုတ်ခိုင်းလိုက်မယ်..”

“ကျွန်တော်လည်း သူ့ကိုကူပြီးဖမ်းပေးမယ်... "

မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်သည်။

အကယ်၍ သွမ့်လွေ ထွက်ပြေးသည့် လမ်းကြောင်းကသာ ယင်မြို့ကို ဖြတ်သန်းသွားရခြင်း မရှိလျှင် ကြာပန်းသခင်ကို စိန်ခေါ်ရန် အစီအစဉ်ကို စောင့်ရပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ သူက သွမ့်လွေ၏ လွတ်မြောက်မှုတွင် တာဝန်မရှိသော်လည်း သူ့ကို အပြစ်မပေးခင် စိတ်နှစ်ခွရောဂါကို ကုသပေးရန် အကြံပေးခဲ့သေးသည်။ ထိုအရာကို လက်ရွေးစင်စုစည်းခြင်းဂိုဏ်းက ပြဿနာရှာနိုင်၏။

ဒုတိယအချက်ကတော့ သွမ့်လွေက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို လေ့ကျင့်ထားပုံရသည်။ သူနှင့် သူ၏မွေးစားအဖေက ကျန်းချန်၏ခိုးမှုနှင့် ပတ်သက်နေနိုင်၏။

မုန့်ချီက သူလျှိုနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေ၍ရနိုင်သည်။ သူကိုယ်တိုင်က ရှောင်လင်ကျောင်းတော်မှ ထွက်လာသည့်အတွက် ထိုနေရာအပေါ် မှီခိုခြင်း မရှိတော့သော်လည်း သူ့ဆရာနှင့် ဆရာတူညီလေးကတော့ ထိုနေရာတွင် ရှိနေသေးသည်။ သူလျှိုကို ဖမ်းနိုင်ခြင်းက သူတို့ကို သိက္ခာချခြင်း ၊ ထိခိုက်အောင်လုပ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

တတိယအချက်ကတော့ သွမ့်လွေ ပြခဲ့သော ပုံစံ (၉) မျိုးကို သေချာစစ်ဆေးကြည့်ရန် လိုအပ်နေသေးသည်။

ချီကျန်းရန် ကိုယ်တိုင်ကလည်း တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက် ယင်မြို့ကို မဖြစ်မနေသွားရန် မလိုအပ်ပေ။ မုန့်ချီက ထိုသို့ပြောလိုက်သည်ကို ကြားသည့်အခါ သူလည်း တူညီစွာ ကတိပေးလိုက်သည်။

သတ်ဖြတ်ရေးဓားစုမုန့်က ထိုကိစ္စတွင် အပြစ်တင်၍ မရနိုင်ကြောင်း ဟွမ်ဟွာဖန်းကလည်း သိနေသည်။ သွမ့်လွေ၏ နတ်ဆိုးကျင့်စဉ်က ထိုမျှထူးဆန်းနေမည်ဟု မည်သူကရော ထင်ထားမည်နည်း။

"သခင်လေးစု …သခင်လေးချီ ..

သခင်လေးတို့ (၂) ယောက်လုံးက တကယ့်ကို သူရဲကောင်းတွေပါပဲ…"

သူက လက် (၂) ဖက်ဆုပ်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက် သူတို့အဖွဲ့က အကျဉ်းထောင်ထဲမှ ထွက်လာပြီး တခြားအလောင်းတစ်ခုကို ယူကြည့်လိုက်သည်။

လင်းပေါင်ကျိက သက်ပြင်းချပြီး ပြောလိုက်၏။

"ဒီမကောင်းဆိုးဝါးက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တယ်... ။ သူက သူတို့တွေကို သိုင်းကွက်တစ်ကွက်တည်းနဲ့ သတ်လို့ရတာတောင် သူတို့ရဲ့ခြေတွေလက်တွေကို ဖြတ်ပစ်ပြီး သူတို့ရဲ့အတွင်းကလီစာတွေကို ဆွဲထုတ်ပစ်သေးတယ်...”

တခြားလူများ အားလုံးကတော့ အပိုင်းပိုင်းအစစဖြစ်နေသော အလောင်းများကို တိတ်ဆိတ်စွာ ကြည့်နေမိကြသည်။

…………

အကျဉ်းထောင်ထဲမှ ထွက်ပြေးလာပြီးနောက် သွမ့်လွေက အကျဉ်းထောင်၏ နံရံကိုကျော်ပြီး အနီးနားတွင် ရှိနေသော တောင်တန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ သူက အလျင်လိုနေသည့်အတွက် မည်သည့်နေရာကို ရောက်နေကြောင်း စိတ်မဝင်စားချေ။

သူက နောက်တစ်နေ့ နေ့လယ် ရောက်သည့်အချိန်အထိ ဆက်၍ပြေးနေခဲ့၏။ ရွှေရောင်အလင်းတန်းများ တောက်ပလာသည့်အချိန်မှသာ သူလည်း မြေပေါ်သို့ လဲကျသွားခဲ့ပြီး အသက်ရှူရန်အတွက် သစ်ပင်ခြောက်ကြီးတစ်ခုကို မှီနေခဲ့သည်။

သူက ခဏကြာ အမောတကော အသက်ရှူနေပြီးနောက် နက်မှောင်နေသော မျက်လုံးများက ရုတ်တရက် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ထိုအခါ သူက အလွန်ရှုပ်ထွေးသွားပြီး သူ၏ပတ်ပတ်လည်ကို စိုက်ကြည့်နေခဲ့၏။

"ငါ ငါက ဘယ်ရောက်နေတာလဲ... "

သူအိပ်ပျော်သွားသည့်အချိန်တွင် ထောင်ထဲ၌ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။ သူက ဘာကြောင့် သစ်တောထဲတွင် နိုးထလာခဲ့ရသနည်း။

"တစ်ယောက်ယောက်က ငါ့ကို ကယ်တင်ခဲ့တာလား.။ မဖြစ်နိုင်ဘူး..။ ငါ့ရဲ့စိတ်နှစ်ခွရောဂါ နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး ငါ့ကို မကောင်းဆိုးဝိညာဉ်က ထိန်းချုပ်သွားတာလား..။ ငါက ထောင်မှူးကို ထိခိုက်အောင်လုပ်ခဲ့ပြီး ထောင်ထဲကနေ ထွက်ပြေးလာခဲ့တာလား... "

သွမ့်လွေက ပို၍စဉ်းစားလာလေလေ အမှန်တရားကို ပို၍တွေးမိလာလေလေ ဖြစ်သည်။ သူက ခေါင်းကို လက် (၂) ဖက်နှင့်ကိုင်ပြီး နာနာကျင်ကျင် အော်ငိုလိုက်မိ၏။

သူက စိတ်နှစ်ခွရောဂါကို မကုသရသေးခင် တခြားလူများကို မထိခိုက်စေချင်သည့်အတွက် သူကိုယ်တိုင် အဖမ်းခံလိုခြင်း ဖြစ်သည်။ အဆုံးတွင်တော့ သူက ထောင့်မှူးကို ထိခိုက်စေခဲ့သေး၏။

"မင်းက ဘာအတွက်ငိုနေတာလဲ... ။ အသုံးမကျတဲ့အရှုံးသမား... "

ရုတ်တရက်ဆိုသလို ရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရသည်။

သွမ့်လွေက အလွန်ထိတ်လန့်သွားခဲ့၏။ သူက ပတ်ပတ်လည်ကို စစ်ဆေးကြည့်သော်လည်း လူရိပ်တစ်ခုမှ မတွေ့ခဲ့ရပေ။

"မင်းက ဘာကြည့်နေတာလဲ..။ငါက မင်းပါးစပ်ထဲမှာ ရှိနေတဲ့ မကောင်းဆိုးဝါးဝိညာဉ်ပဲ"

သွမ့်လွေ၏ မျက်နှာက ရှုံ့မဲ့သွားခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူက ပုံမှန်ပြန်ဖြစ်သွား၏။

"မကောင်းဆိုးဝိညာဉ် ဟုတ်လား..။ ငါ့မှာ ငွေမရှိဘူး... ။ ငါ့ရဲ့သိုင်းပညာကလည်း အရမ်းဆိုးတယ်..။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါတော့..။ ငါ့ကို မနှောင့်ယှက်ပါနဲ့တော့... "

သူကတော့ သနားညှာတာပေးရန် တောင်းဆိုနေခဲ့သည်။

သူ့မျက်နှာက နောက်တစ်ကြိမ် လှုပ်ရှားသွားပြန်၏။

"ဟားဟား ဟားဟား ဟားဟား...

ငါက မင်းပဲ.. မင်းက ငါပဲ ။ ငါက မင်းကို ဘယ်လိုလွှတ်ပေးဖို့ ပြောချင်တာလဲ... ။ အမှန်အတိုင်းပြောရရင် ငါတို့တွေက တစ်ယောက်တည်းပဲ ..အတူတူပဲ ။ အနိုင်ကျင့်တဲ့သူတွေကို လက်တုံ့ပြန်ချင်နေတာက ဘယ်သူလဲ..။ မင်းလို အသုံးမကျတဲ့ ငကြောက်က လက်တုံ့မပြန်ရဲဘူး... ။ မင်းမှာ ကြောက်စရာကောင်းတဲ့ အစွမ်းတွေ ရှိပေမယ့် မင်းက လူမသတ်ချင်ဘူး..။ ဒါကြောင့် ငါက ငါ့နည်းလမ်းနဲ့ငါ ဖြေရှင်းနေရတာ... "

"အပိုတွေ မပြောနဲ့ ။ ငါက မုဆိုးတစ်ယောက် ဖြစ်ခဲ့တဲ့အချိန်မှာ လုံးဝ ပျော့ညံ့မနေခဲ့ဘူး..။ ဒါပေမဲ့ မင်းက ငါ့ရဲ့ဆရာကို ထိခိုက်အောင် လုပ်ခဲ့ပြီး ငါ့အတွက် တရားမျှတအောင် ဖြေရှင်းလို့မရဘဲ ထွက်သွားခဲ့တယ်... ။ အခုငါက ငြိမ်းချမ်းတဲ့ဘဝကို ဆုံးရှုံးသွားရပြီ…"

သူ၏ပါးပေါ်တွင် မျက်ရည်များ ကျဆင်းလာခဲ့သည်။

"ငါ့ဆရာက ငါ့ကို ဒုက္ခတွေထဲကနေ ကယ်တင်ပြီး သူ့သားလိုဆက်ဆံခဲ့တာ..။ ဂိုဏ်းထဲမှာ တစ်ခုခုလုပ်မယ်ဆိုရင်တောင် ငါက အမြဲတမ်း သေချာစဉ်းစားဖို့ လိုတယ်..။ ငါ့ရဲ့သိုင်းပညာတွေ ရှုပ်ထွေးနေတဲ့အချိန်မှာတောင် သူက ငါ့ကို လုံးဝအပြစ်မတင်ဘူး.။ ငါ့ကို စိတ်ရှည်လက်ရှည်နဲ့ ညွှန်ပြပေးခဲ့တယ်..။ သူက ငါ့အတွက် ဘဝသစ်တစ်ခု ရှာပေးခဲ့တာပဲ ။ ငါ့ကိုလည်း အရမ်းချစ်တယ်..။ မင်းကတော့ သူ့ကို သတ်ပစ်လိုက်တယ်.။ မင်းကတော့ မကောင်းဆိုးဝိညာဉ်အပြင် ဘာဖြစ်နိုင်ဦးမှာလဲ... "

သွမ့်လွေက နောက်ပြန်လှည့်ကြည့်ပြီး အားရပါးရ ရယ်လိုက်သည်။ မျက်လုံးထဲတွင် ရှိနေသော မျက်ရည်များကလည်း လှုပ်ရှားလာခဲ့၏။

"အရူး …

ဒီကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းက မကောင်းဆိုးဝါးတွေပဲ ။ ငါက ငါ့ကိုယ်ငါတော့ ထိခိုက်အောင် မလုပ်နိုင်ဘူး..။ နဂိုကတည်းက ငါတို့က လူတစ်ယောက်တည်းပဲ ။ ဒီတော့ ငါလုပ်တဲ့အရာအားလုံးက မင်းကောင်းဖို့အတွက်ပဲ…"

"ငါကောင်းဖို့အတွက် ဟုတ်လား... ။ တကယ်လို့ မင်းကသာ ငါ့အကျိုးအတွက် တွေးပေးမယ်ဆိုရင် ဆရာ့ကို မသတ်ခဲ့သင့်ဘူး... "

သွမ့်လွေက ဒေါသတကြီး ပြန်ပြောလိုက်သည်။

သူ၏နှုတ်ခမ်းများက လှုပ်ရှားသွားပြီး အေးစက်စွာ တုံ့ပြန်လိုက်၏။

"ဘာလို့ သူက မင်းကို ကယ်တင်ခဲ့ရတာလဲ..။ သူက ငါတို့ရဲ့လက်ဆောင်ကို သတိထားမိလို့ပေါ့..။ ငါတို့ဆီမှာ ထိပ်တန်းသိုင်းပညာတစ်ခု ရှိတယ်ဆိုတာကို သူက ခန့်မှန်းမိတယ်လေ..။ အဲဒီနေ့မှာ သူက ငါတို့ရဲ့သိုင်းပညာကို သံသယဝင်နေပြီ ။ တကယ်လို့ ငါတို့ကသာ သူ့ကို ရှင်းမပစ်ဘူးဆိုရင် သူက ငါတို့ကို သေချာပေါက် သတ်ပစ်မှာပဲ ။ ဒီတော့ ငါက ရွေးချယ်စရာမရှိဘဲ အရင်ဆုံး တိုက်ခိုက်လိုက်ရတာ..."

"ဒါက အခြေအမြစ်မရှိတဲ့ မင်းရဲ့ယူဆချက်တွေပဲ ။ ငါတို့ရဲ့သိုင်းပညာက ဘာများမှားနေလို့လဲ... "

သွမ့်လွေက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက ခနဲ့သလို ပြောလိုက်၏။

"ခန္ဓာကိုယ်အားဖြည့်တဲ့ကျင့်စဉ်တွေက ပုံမှန်ဟုတ်နိုင်ဦးမှာလား... ။ သူက အဲဒီနတ်ဘုရားစွမ်းရည်ကို လိုချင်နေတာ မဟုတ်ဘူးလား... "

သွမ့်လွေက ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးပေ။ ထို့ကြောင့် မကောင်းဆိုးဝိညာဉ်၏ စွပ်စွဲချက်များကို ပြန်ပြောစရာ စကားလုံးမရှိချေ။ သူက ခဏကြာ မှင်တက်နေပြီး မည်သို့ ရှင်းပြရမှန်း မသိချေ။

"ငါ ငါ့ဆရာက ငါ ငါ့ကိုဂရုစိုက်တယ်... "

သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်နေသော အမူအရာတစ်ခု ကျန်နေသေးသည်။

"အဲဒါက ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုလို့ပဲ မင်းက တွေးနေတာလား.။ အဲဒီအရူးအဘိုးကြီးက မင်းကို စိတ်ကောင်းစေတနာနဲ့ တကယ်မွေးစားတယ်လို့များ ထင်နေတာလား... "

"ငါ့ရဲ့မွေးစားအဖေဆီမှာလည်း မကောင်းတဲ့ရည်ရွယ်ချက် လုံးဝမရှိခဲ့ဘူး... "

သွမ့်လွေကတော့ တဖြည်းဖြည်း ပို၍ထိတ်လန့်လာခဲ့သည်။

"အရူးအဘိုးကြီးက အဲဒီကျင့်စဉ်ကို သူကိုယ်တိုင် မလေ့ကျင့်ရဲတဲ့အတွက် မင်းကို ဓားစာခံအဖြစ် အသုံးချခဲ့တာ..။ ငါက သတိထားနေတဲ့အတွက် သူ့ကို ရူးသွားအောင် လုပ်နိုင်ခဲ့တာ..။ ဒါကြောင့်လည်း သူက တဖြည်းဖြည်း ရူးသွားခဲ့တာပဲ…"

သူ၏ရယ်သံထဲတွင် မာနများ ပြည့်နှက်နေသည်။

ထို့နောက် သူ၏အမူအရာက အလေးအနက် ဖြစ်လာ၏။

"သတ်ဖြတ်ရေးဓားစုမုန့်က ငါတို့ကို ကူညီပေးဖို့ ကြိုးစားနေတယ်လို့ မင်း တကယ်ပဲ ထင်နေတာလား... ။ သူကလည်း ငါတို့ရဲ့နတ်ဘုရားစွမ်းရည်ကို လိုချင်နေတာပဲ ။ ငါတို့ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့အချိန် သူက မင်းရဲ့စိတ်နှစ်ခွရောဂါကို ကုသပေးမယ်ဆိုတဲ့အကြောင်း ပြောခဲ့လို့လား... ။ သူပြောတဲ့ အကြောင်းအရာတွေ အားလုံးက ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ပေးနိုင်တဲ့ လေ့ကျင့်မှုတွေအကြောင်းပဲ…"

သွမ့်လေက ထိုအရာနှင့်ပတ်သက်ပြီး ပြန်ပြောစရာ စကားလုံးမရှိချေ။ သူ့စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေခဲ့၏။

"လူသားတွေဆိုတာ ကောက်ကျစ်တဲ့မျိုးနွယ်ပဲ ။ ငါတို့တွေက အချင်းချင်း ယုံကြည်လို့ပဲ ရနိုင်တယ်..။ ငါက မင်းပဲ .. မင်းက ငါပဲ ။ ဘာလို့ ငါက မင်းကို ထိခိုက်အောင် လုပ်ရမှာလဲ..။ တခြားသူတွေကသာ အဲဒီလိုလုပ်ချင်နေတာ..။ သူတို့က ငါတို့ရဲ့နတ်ဘုရားစွမ်းရည်ကို လိုချင်နေတဲ့အတွက် ငါတို့ကို ထိခိုက်အောင် လုပ်ချင်နေတာ... "

သူ၏မျက်နှာပေါ်တွင် ရှိနေသော အမူအရာက တဖြည်းဖြည်း ပို၍ရူးသွပ်လာသည်။ သူ၏မျက်လုံးထဲတွင်လည်း တခြားလူများအပေါ် မုန်းတီးမှုများ ပေါ်လာခဲ့၏။

"ငါတို့က ဒီလိုအစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တစ်ခုကို လေ့ကျင့်ထားတယ်..။ ဒါကြောင့် ဒီလိုမြို့ငယ်လေးတစ်ခုထဲမှာ မထင်မရှား နေလို့ရမလား...။ ငါတို့က လွတ်လာပြီဆိုမှတော့ ပြန်သွားဖို့ မစဉ်းစားနဲ့တော့... ။ မင်းက ကြီးကျယ်ခမ်းနားတဲ့ဘဝမှာ မနေချင်ဘူးလား... "

သွမ့်လွေက မုန့်ချီ ၊ လူဆိုးထိန်းဝမ်နှင့် တခြားလူများအပေါ် တဖြည်းဖြည်း စိုးရိမ်လာခဲ့သည်။ သူက မကောင်းဆိုးဝါးဝိညာဉ်ကို လက်မခံနိုင်သေးသော်လည်း အံကြိတ်ပြီး မတ်တပ်ရပ်လိုက်၏။ သူက ခင်းထားသော လမ်းအတိုင်း ဆက်လျှောက်သွားခဲ့သည်။

"ငါက ကိုယ့်အစွမ်းနဲ့ကိုယ် သမားတော်သွားရှာနိုင်တယ်... "

သူက တစ်ခါတစ်ရံ လမ်းပေါ်၌ လျှောက်သွားပြီး တစ်ခါတစ်ရံ တောင်တန်းများကို ဖြတ်ကျော်သွားသည်။ (၃) ရက်အတွင်း သူက ယင်မြို့၏နယ်စပ်ကို ဖြတ်ကျော်လာခဲ့သည်မှာ အတော်လေး ဝေးကွာသွားခဲ့ပါပြီ။

တစ်နေ့တွင်တော့ ကျားဟိန်းသံတစ်ခုကို ကြားလိုက်ရပြီး သူ့ရှေ့မှ အော်ဟစ် အကူအညီတောင်းသံကို ကြားလိုက်ရသည်။ ထို့ကြောင့် သူလည်း ခြေလှမ်းကို ခပ်မြန်မြန်လျှောက်လိုက်ပြီး သစ်တောထဲသို့ ဝင်သွားခဲ့၏။

တောင်ခြေတွင်တော့ သာမာန်ကျားတစ်ကောင်၏ အရွယ်အစား (၂) ဆခန့်ရှိသော ဧရာမကျားကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုကျားကြီးက အစေခံ အဝတ်အစား ဝတ်ထားသော အဘိုးကြီးတစ်ယောက်ကို ခဲထားသည်။ ထိုအဘိုးအိုက ကျားကို ဓားရှည်နှင့် တိုက်ခိုက်ခဲ့ကြောင်း သိသာနေ၏။

အဘိုးအို၏ အနောက်ဘက်တွင်တော့ ပျက်ဆီးနေသော မြင်းလှည်းတစ်စီး ရှိသည်။ ထိုမြင်းလှည်း၏ အနားတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော မိန်းမပျို တစ်ယောက် ထိုင်နေပြီး သူမက အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ နောက်ကျောတွင်တော့ အဝါရောင်ဝတ်ရုံတစ်ခု ရှိ၏။ သူမ၏ မျက်နှာလေးက အလွန်လှပပြီး သိမ်မွေ့နူးညံ့ပုံပေါ်သည်။

သူမ၏အနားတွင်တော့ အလောင်းပေါင်းများစွာ ရှိနေ၏။ သူမက အော်ဟစ်အကူအညီတောင်းနေခြင်း ဖြစ်သည်။ အစေခံအိုကြီးက သေတော့မည်ကို မြင်သည့်အချိန်တွင် ဖန်းယွမ်ကျင်းက ဒဏ်ရာရနေသော ခြေထောက်ကို ကာကွယ်ပြီး ထွက်ပြေးရမလား တွေဝေနေခဲ့သည်။ ထို့ကြောင့် သူမက သတိလက်လွတ် အော်ဟစ် အကူအညီတောင်းမိခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကျားတစ်ကောင်နှင့် တွေ့လိုက်ရသည့်အတွက် သူမက သူမ၏ ကံတရားကိုသာ ကျိန်ဆဲနေခဲ့မိ၏။ သစ်တောထဲသို့ ရောက်လာမည်ဆိုလျှင် မကောင်းဆိုးဝါးများ ၊ မှော်သားရဲများနှင့် တွေ့နိုင်သည်။ သို့သော် အရှေ့ပိုင်းနယ်မြေ၏ လမ်းမပေါ်တွင်တော့ သူတို့၏ခြေရာလက်ရာများ မရှိခဲ့သည်မှာ အတော်လေး ကြာခဲ့ပါပြီ။

ထိုအချိန်တွင် အစွမ်းထက်ပြီး သဘောကောင်းပုံရသော လူငယ်တစ်ယောက်က အနားသို့ ကပ်လာကြောင်း မြင်လိုက်ရ၏။ သူမက ပထမတွင် အလွန်ဝမ်းသာသွားခဲ့သော်လည်း ချက်ချင်းပင် အော်ဟစ်၍ သတိပေးလိုက်သည်။

"ဒီကိုမလာခဲ့နဲ့ ။ အဲဒီကျားနတ်ဆိုးကို သတိထား... "

သွမ့်လွေက ပင့်သက်ရှိုက်လိုက်ပြီး ချက်ချင်းရှေ့သို့ ပြေးထွက်သွားခဲ့သည်။ တခဏအတွင်း သူက ကျား၏ဘေးသို့ ရောက်သွားခဲ့ပြီး ညာလက်သီးနှင့် ပြင်းထန်စွာ ထိုးလိုက်သည်။

ကျား၏အရေပြားက ထိုးဖောက်၍ မရနိုင်သော်လည်း သူကတော့ အစေခံအဘိုးအို၏ပုခုံးကို ဆက်၍ ကခဲထားသေးသည်။ ထို့ကြောင့် သူက သွမ့်လွေကို လက်သည်းနှင့် လှမ်းကုတ်လိုက်၏။

ထိုအချိန်တွင် သူ၏မျက်လုံးနှင့် နှာခေါင်းထဲမှ သွေးများ စီးကျလာခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကြီးက ပျော့ခွေပြီး မြေပေါ်သို့ လဲကျသေဆုံးသွားခဲ့၏။

ဖန်းယွမ်ကျင်းက သူမ၏ရှေ့တွင် ရှိနေသော မြင်ကွင်းကို မျက်တောင်မခပ်တမ်း စိုက်ကြည့်နေခဲ့သည်။ အလွန်ကြောက်စရာကောင်းသော ကျားက ထိုမျှအလွယ်တကူ သတ်ပစ်ခံရလိမ့်မည်ဟု သူမလည်း မယုံကြည်နိုင်ခဲ့ပေ။

သူမ၏ အစေခံများထဲတွင် တံခါး (၇) ပေါက် ၊ တံခါး (၈) ပေါက်အဆင့် ပညာရှင်များ ရှိနေသည်။ သူတို့အားလုံးကပင် ထိုနတ်ဆိုးကျား၏ လက်သည်းအောက်တွင် သေဆုံးသွားခဲ့ရ၏။ ထိုလူငယ်ကတော့ လက်သီးချက် တစ်ချက်တည်းနှင့် ထိုကျားကို သတ်ပစ်နိုင်ခဲ့ပေလော။

"မိန်းကလေး အဆင်ပြေရဲ့လား... "

သွမ့်လွေက အစေခံအိုကြီးကို ထူပေးလိုက်သည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ စိုးရိမ်မှုများ ပြည့်နှက်နေသည်။

ဖန်းယွမ်ကျင်းက သူမ၏ ထိတ်လန့်မှုများကိုဖိနှိပ်ပြီး ပြန်ဖြေလိုက်၏။

"ကျွန်မတို့ကို ကယ်တင်တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး ။ သခင်လေးရဲ့နာမည်ကို ပြောပြလို့ရမလား... ”

"ငါ့နာမည်က သွမ့်ဖူရှန့်… "

သွမ့်လွေက နာမည်အတုတစ်ခုကို ပြောလိုက်သည်။ ယခုမှစ၍ သူက ဘဝသစ်တစ်ခု စတင်တော့မည် ဖြစ်၏။

"သခင်လေးက တော်တော်လေးကိုရဲရင့်ပြီး သိုင်းပညာလည်း ထူးချွန်တယ်... ”

ဖန်းယွမ်ကျင်းက ခေါင်းငုံ့ပြီး မျက်နှာလေးက နီရဲနေသည်။ သူမ၏ရှေ့တွင် ရှိနေသော သွမွ့်ဖူရှန့်က အစွမ်းထက်သော်လည်း ရိုးရှင်းသည်။ သူမ တွေ့ဖူးခဲ့သော သခင်လေးများနှင့် အလွန်ကွဲပြား၏။

သွမ့်လွေက မိန်းကလေးတစ်ယောက်၏ ချီးကျုးမှုကို ခံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် သူက မျက်ရည်များ ပြည့်နေသော မျက်လုံးလေးကို စိုက်ကြည့်နေမိ၏။

သူက ခေါင်းကုတ်ပြီး ပြောလိုက်သည်။

"ငါက သိုင်းပညာလေ့လာထားတယ်ဆိုတာ ဒုက္ခရောက်တဲ့သူတွေကို ကူညီပေးဖို့ပါ... ”

သူက ဝမ်းသာသွားသလို ခံစားလိုက်ရ၏။ မည်သည့်မိန်းကလေးကမျှ သူ့ကို ထိုကဲ့သို့ သဘောမထားခဲ့ပေ။

"သခင်လေးသွမ့် …

သခင်လေးသွမ့်က ချန်းချွမ်မြို့ကို သွားမှာလား... ”

ဖန်းယွမ်ကျင်းက မေးလိုက်သည်။

သွမ့်လွေက ဦးတည်ချက် ပျောက်နေခြင်းဖြစ်သည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... "

"ကျွန်မရဲ့အိမ်က ချန်းချွမ်မှာ ရှိတယ်... ။ သခင်လေးက ကျွန်မနဲ့အတူလိုက်ခဲ့.."

ဖန်းယွမ်ကျင်း၏ စကားမဆုံးသေးခင် သွမ့်လွေ၏အမူအရာက ပြောင်းလဲသွားကြောင်း မြင်လိုက်ရသည်။

"သခင်လေး ဘာဖြစ်လို့လဲ... "

သူ၏ခေါင်းထဲတွင် အန္တရာယ် အငွေ့အသက်တစ်ခု ပေါ်လာခဲ့သည်။ သူက ကြောက်လန့်တကြား ပြန်ဖြေလိုက်၏။

"ငါ့ရဲ့ရန်သူတွေက ငါ့နောက်ကို မီလာပြီ ”

"အဲဒီရန်သူတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ...။ ကျားနတ်ဆိုးကို လက်သီးတစ်ချက်တည်းနဲ့ သတ်လိုက်တဲ့သူကတောင် ဒီလောက်ထိ ကြောက်နေရတာလား... "

ဖန်းယွမ်ကျင်းက တစ်စုံတစ်ခုကိုတွေးမိပြီး မေးလိုက်သည်။

"သခင်လေးသွမ့် …

သခင်လေးသွမ့်ရဲ့ရန်သူတွေနဲ့ ဘာတွေဖြစ်ခဲ့တာလဲ... "

"ငါက စွပ်စွဲခံရတာ... ။ အခုသူတို့တွေက ငါ့ရဲ့နတ်ဘုရားစွမ်းရည်ကို လိုချင်နေကြတာ... "

သွမ့်လွေက သိုင်းလောကကိစ္စများတွင် အတွေ့အကြုံ မရှိသေးပေ။ ထို့ကြောင့် သူ၏ ယူဆချက်များကို စိုးရိမ်နေသော ဖန်းယွမ်ကျင်းသိအောင် ပြောပြလိုက်၏။

ဖန်းယွမ်ကျင်းက ဖြစ်ပျက်ခဲ့သည့် အရာများကို စဉ်းစားပြီး ရိုးသားသော သွမ့်လွေကိုကြည့်ပြီး အံကြိတ်လိုက်၏။

"သခင်လေးသွမ့် ကျွန်မကတော့ သခင်လေးကိုယုံတယ်... ။ ဒီမြင်းလှည်းထဲမှာ ပုန်းနေပါ... ။ တကယ်လို့ တစ်ယောက်ယောက် ရောက်လာပြီး သခင်လေးကိုမေးမယ်ဆိုရင် ကျွန်မက ဖုံးကွယ်ထားပေးမယ်... "

သွမ့်လွေ၏ မျက်လုံးများက လှုပ်ရှားသွားပြီး ရင်ထဲတွင်လည်း အနည်းငယ် ကျေနပ်သွားခဲ့၏။ ဤကမ္ဘာကြီးထဲတွင် လူကောင်းများ ရှိနေသေးသည်။ သူက ပျက်စီးနေသော မြင်းလှည်းထဲတွင် ပုန်းနေပြီး သူ၏နတ်ဘုရားစွမ်းရည်ကိုသုံး၍ အငွေ့အသက်များကို ဖုံးကွယ်လိုက်သည်။

သိပ်မကြာခင် မြင်း (၂) ကောင် တဟုန်ထိုး ရောက်လာခဲ့၏။

မြင်းများက အနားသို့ ရောက်လာသည့်အချိန်တွင် ဖန်းယွမ်ကျင်းက သူရဲကောင်းပုံစံ ထင်ရသော သခင်လေး (၂) ယောက်ကို မြင်လိုက်ရသည်။ ရှေ့တွင် ရှိနေသော လူငယ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားသည်။ သူ့ပုံစံက ချောမောခန့်ညားပြီး တောင့်တင်းသန်မာသည်။

"ရန်သူက တော်တော်လေးကို ငယ်တာလား..။ သူတို့တွေက လက်သီးတစ်ချက်တည်းနဲ့ ကျားနတ်ဆိုးကို သတ်နိုင်တဲ့ သခင်လေးသွမ့်ကိုတောင် ကြောက်အောင် ခြိမ်းခြောက်နိုင်တာလား... "

ဖန်းယွမ်ကျင်းကတော့ အနည်းငယ် မယုံကြည်နိုင်ကြောင်း တွေ့လိုက်ရသည်။

"မိန်းကလေး …

လူငယ်တစ်ယောက် ဖြတ်သွားတာကို မြင်ခဲ့သေးလား... "

မုန့်ချီက မေးလိုက်သည်။ သူက သွမ့်လွေ၏ရုပ်ရည်နှင့် ပုံသဏ္ဍာန်ကို ပြောပြလိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။

Translated by Hein Htet.

All Chapters