အခန်း (၃၂၄)
Vol. 22 Ch. 324
မိန်းမပျို၏ခြေထောက်တွင် ကျားကိုက်ခံထားရပြီး ဓားကိုင်ထားသော အစေခံကြီးက ဒဏ်ရာရနေသည်။ ပုံမှန်မဟုတ်သော ကျားတစ်ကောင်ကလည်း ပြင်ပဒဏ်ရာမရှိဘဲ လဲကျနေခဲ့၏။
မုန့်ချီကတော့ မနေနိုင်ဘဲ ပြုံးလိုက်မိပြီး သူမကို မေးခွန်းထုတ်လိုက်သည်။ သူ့အတွက်တော့ အရာအားလုံးက ရှင်းလင်းနေသလို ထင်မှတ်ရ၏။
ဖန်းယွမ်ကျင်းက တည်ငြိမ်နေသယောင် ဟန်ဆောင်လိုက်သည်။
"ဟုတ်တယ်..။ ကျွန်မ သူနဲ့တွေ့ခဲ့တယ်။ ကျွန်မက အစောပိုင်းမှာ ကျားနတ်ဆိုးကို တိုက်ခိုက်ခဲ့ရပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတာ။ အဲဒီသခင်လေးရဲ့ အကူအညီကြောင့် အသက်ရှင်ခဲ့ရတာ။ ဒါပေမယ့် သူကတော့ အမှန်တရား ဘက်တော်သားတစ်ယောက်ပါပဲ။ သူက ဘာမှတောင် မတောင်းဆိုခဲ့ဘူး။ သူက ဟိုဖက်ကို ထွက်သွားခဲ့တယ်…"
သူမ၏ ပထမစကားတစ်ဝက်ကို ကြားလိုက်ရသည့်အချိန်တွင် သူ၏အသက်ရှူနှုန်းနှင့် ချီစွမ်းအင်များကို ဖုံးကွယ်ထားသော သွမ့်လွေက အလွန်ဒေါသထွက်သွားခဲ့သည်။ သူ၏ခေါင်းထဲသို့ သွေးများ ထိုးတက်လာပြီး နဖူးကပင် ကြီးမားလာသလို ထင်မှတ်ရ၏။ ထိုမိန်းကလေးက သူ့ကို အမှန်တကယ် သစ္စာဖောက်ခဲ့သည်။
"ဒီကမ္ဘာကြီးထဲမှာ လူကောင်းကော ရှိသေးလို့လား.."
သို့သော် မကောင်းဆိုးဝါးဝိညာဉ်က သူ၏စိတ်ကို မထိန်းချုပ်ခဲ့ပဲ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်သည်မှာ ကံကောင်းသွားသည်။ မိန်းမပျို၏ စကားတစ်ခွန်းလုံးကို ကြားပြီးသွားမှသာ သူက ကံကောင်းသွားသည်ဟု ခံစားလိုက်ရပြီး ရင်ထဲတွင် ဝမ်းသာသွားခဲ့သည်။
ကြည့်ရသည်မှာ သူက မကောင်းဆိုးဝါးဝိညာဉ်၏ အရူးလုပ်ခြင်းကို ခံလိုက်ရပုံ ပေါ်သည်။ သူက ထိုကဲ့သို့ သနားကြင်နာတတ်သော မိန်းမပျိုတစ်ယောက်ကို မှားယွင်းစွပ်စွဲမိခဲ့၏။ သူက အမှန်တကယ်ကို ထိုကဲ့သို့အရာမျိုးနှင့်သာ ထိုက်တန်ပေသည်။
မိန်းမပျိုက ပြုံးလိုက်၏။
"နားလည်ပါပြီ။ ဒါကြောင့်လည်း သူသေတဲ့ပုံစံက တော်တော်လေး ရင်းနှီးနေတယ်လို့ ခံစားရတာကိုး.."
ဖန်းယွမ်ကျင်းက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူမက သခင်လေးသွမ့်ကို မြင်ကြောင်း ဖုံးကွယ်မထားခဲ့သည်မှာ ကံကောင်းသွား၏။
"ဒါပေမဲ့ မိန်းကလေးကို သတိပေးစရာတော့ ရှိသေးတယ်…"
မုန့်ချီ၏ အမူအရာက လေးနက်နေပုံရသည်။
သူမက ပြောလိုက်၏။
"ကျေးဇူးပြုပြီးပြောပါ.."
"အစောပိုင်းမှာ တွေ့ခဲ့တဲ့ ကောင်လေးက သနားကြင်နာတတ်ပြီး ရိုးသားဖြောင့်မတ်ပေမယ့် သူ့ကို သတိထားပါ။ သူက စိတ်နှစ်ခွရောဂါ ခံစားနေရတာ။ သူက တခဏအတွင်း စိတ်ဖောက်ပြန်ပြီး လူသတ်နိုင်တယ်။ ပြီးရင်တော့ ဘာကိုမှ မမှတ်မိတော့ဘူး။ တကယ်လို့ သူ့ကို နောက်တစ်ကြိမ် တွေ့ရမယ်ဆိုရင် ကျေးဇူးပြုပြီး သတိထားနေပါ…"
မုန့်ချီက သတိပေးလိုက်သည်။
ဖန်းယွမ်ကျင်းက အလွန်ထိတ်လန့်သွားခဲ့၏။
"သခင်လေးသွမ့်ရဲ့ပုံစံက သာမန်ပါပဲ။ သူ့ပုံစံက စိတ်နှစ်ခွရောဂါ ခံစားနေရတဲ့သူနဲ့ တူလို့လား။ သူ့ရဲ့ခန္ဓာကိုယ်ဘယ်အပိုင်းမှာ မကောင်းဆိုးဝါးဝိညာဉ် ရှိနေတာလဲ။ ဒီသခင်လေးကို ကြည့်ရတာ သူ့ရဲ့သိုင်းကျမ်းကို လုယူချင်နေတဲ့အတွက် လိမ်ညာပြီး ပြောနေတာပဲ ဖြစ်နိုင်တယ်…"
သူမ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာနေသည်နှင့်အမျှ သူမ၏အမူအရာကလည်း ပြောင်းလဲနေသည်။ သူမက နှုတ်ခမ်းကိုကိုက်ပြီး ပြောလိုက်၏။
"သခင်လေးရဲ့သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သခင်လေးသွမ့်က ထွက်သွားပြီလေ။ သိုင်းလောကက အကျယ်ကြီးဆိုမှတော့ ကျွန်မက သူနဲ့နောက်တစ်ကြိမ် ထပ်တွေ့စရာ မရှိတော့ပါဘူး…"
မုန့်ချီက ပြုံးလိုက်သည်။
"မိန်းကလေးပြောတာ မှန်ပါတယ်။ ဒီကမ္ဘာကြီးက အကြီးကြီးပဲ။ မိတ်ဆွေတွေကတောင် နောက်တစ်ကြိမ် ပြန်တွေ့ကြဖို့ မလွယ်ဘူး…”
“မိန်းကလေး..
မိန်းကလေးရဲ့ဒဏ်ရာတွေက လမ်းလျှောက်ဖို့တောင် ခက်မယ်ထင်တယ်။ မိန်းကလေးရဲ့အစေခံကလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေတယ်။ တကယ်လို့ မိန်းကလေးကသာ သစ်တောထဲမှာ ဆက်နေမယ်ဆိုရင် တစ်ခုခုဖြစ်သွားမှာ စိုးရတယ်။ ကျွန်တော်တို့က အနီးဆုံးမြို့ကို လိုက်ပို့ပေးရမလား…"
သူမ၏မျက်နှာအမူအရာက ချက်ချင်းပင် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့၏။ အကယ်၍ သူမသာ လက်ခံလိုက်မည်ဆိုလျှင် မြင်းလှည်းထဲ၌ ရှိနေသော ပစ္စည်းများကို ယူရမည်ဟု သေချာပေါက် ပြောရပါလိမ့်မည်။ အကယ်၍ သူမက ငြင်းဆန်လိုက်မည်ဆိုလျှင်လည်း အကြောင်းပြချက် ကောင်းကောင်း မရှိချေ။
သူမ၏အစေခံက အက်ရှရှလေသံနှင့် ပြန်ဖြေလိုက်၏။
"သခင်လေးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခဏနေရင် ကျွန်တော်တို့သခင်ကြီး ရောက်လာပါလိမ့်မယ်…"
ချီကျန်းရန်က သူတို့ကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေပြီး မုန့်ချီက ဘာကြောင့် သူတို့နှင့် အချိန်ဖြုန်းနေကြောင်း နားမလည်နိုင်ခဲ့ပေ။
"ကျွန်တော့်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။ မိန်းကလေးတို့ မိသားစုက သိပ်မကြာခင် ဒီကိုရောက်လာနိုင်တယ်ဆိုမှတော့ အဲဒါက ချန်းချွမ်မှာရှိတဲ့ ဖန်းမိသားစုများလား…"
မြေပေါ်တွင် ပြန့်ကြဲနေသော ပစ္စည်းများက ထိုအရာကို သက်သေပြနိုင်သည်။ ဖန်းယွမ်ကျင်းက ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ်.. ဒါကြောင့် သခင်လေးတို့က စိတ်အေးအေးထားလို့ ရပါတယ်…"
"ကျွန်တော်က အမှား(၉)သွယ် သမားတော်လို့ နာမည်ကျော်တဲ့ ကျုံးတိုင်ပင်ကို ကြားခဲ့ဖူးတယ်။ သူကလည်း ချန်းချွမ်မှာနေပြီး မိန်းကလေးတို့ မိသားစုနဲ့ ရင်းနှီးတယ် မဟုတ်လား…"
ထိုအရာက မုန့်ချီ မေးခွန်းများ မေးနေရသည့် အစစ်အမှန်အကြောင်းပြချက်ဖြစ်သည်။
လွန်ခဲ့သော(၁၀)နှစ်ခန့်တွင် ကျုံးတိုင်ပင်က လူငယ်မှတ်တမ်း၏ အဆင့်(၂၃)တွင် ရှိနေပြီး အသက်အရွယ်ကြီးလာသည့်အတွက် မှတ်တမ်းထဲမှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ သူက နှစ်ပေါင်းများစွာ လေ့ကျင့်နေခဲ့ပြီး ယခုတော့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေသည်။
သို့သော် သူကတော့ သိုင်းပညာထက် သူ၏ဆေးပညာကြောင့် ပို၍နာမည်ကျော်ကြားသည်။ သူက ဝေ့ကျင်းအဆင့် အောက်တွင် ရှိနေသော ဒဏ်ရာရနေသည့် လူတိုင်းကို ကုသပေးနိုင်ပြီး သေသူက လွဲလျှင် လူတိုင်း၏အသက်ကို ကယ်တင်ပေးနိုင်သည်ဟု ကြွေးကြော်ထားသည်။
သူက ဆေးပညာတွင် တားမြစ်ချက်(၉)ခု ထုတ်ပြန်ခဲ့သည့်အတွက် သူ့ကို အမှား(၉)သွယ် သမားတော်ဟု နာမည်ပေးထားကြသည်။ သူက စိတ်နှစ်ခွရောဂါ ခံစားနေရသော လူနှစ်ယောက်ကို အောင်အောင်မြင်မြင် ကုသပေးနိုင်သည်ဟု ကြားခဲ့ဖူး၏။
မုန့်ချီကတော့ ယပ်တောင်(၆)လက်ကျောင်းထဲရှိ မှတ်တမ်းများကြောင့် ထိုအချက်အလက်များကို သိနေသည်။ သို့သော် သူ့ခေါင်းထဲတွင်လည်း အတွေးတစ်ခု ရှိနေသေး၏။ ကျုံးတိုင်ပင်က ပေါင်းသင်းဆက်ဆံရေး ဆိုးရွားသော လူတစ်ယောက်ဖြစ်ပြီး သူ စိတ်မကြည်လျှင် လူနာများကို ကုသပေးရန် ငြင်းဆန်တတ်သည်။
ဖန်းယွမ်ကျင်းက ပြုံးလိုက်သည်။
"သခင်လေးက ကျွန်မတို့မိသားစုကို အထင်ကြီးနေတာပါ။ သမားတော်ကျုံးရဲ့ သိုင်းပညာနဲ့ ဆေးပညာက တော်တော်လေးကို ထူးခြားတယ်။ သူက ကျွန်မတို့နဲ့ ရင်းနှီးတယ်လို့ ဘယ်လိုလုပ်ပြီး သတ်မှတ်နိုင်မှာလဲ။ ကျွန်မတို့က အချင်းချင်း အမှီသဟဲပြုနေရုံပါပဲ။ ဒါကြောင့် အချင်းချင်းကူညီပေးနေတာပါ.."
ချန်းချွမ်က မြစ်အရှေ့ပိုင်းတွင် ရှိနေသော နာမည်ကျော်မြို့တစ်မြို့ဖြစ်ပြီး ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များစွာ၏ နေအိမ်လည်း ဖြစ်သည်။ ဖန်းမိသားစုကတော့ ထိုနေရာတွေ အခြေစိုက်နေသော နာမည်ကျော်မိသားစုများထဲမှ တစ်ခုဖြစ်၏ ။
သူတို့၏လက်ရှိနေရာက ချန်းချွမ်နှင့် မလှမ်းမကမ်းတွင် ရှိသည်။ ဖန်းမိသားစုက အထက်တန်းလွှာ မိသားစုကြီးတစ်ခု မဟုတ်သည့်အတွက် ဖန်းယွမ်ကျင်းက ပညာရှင် အနည်းငယ်နှင့် ထွက်လာသည်မှာ သာမန်သာဖြစ်သည်။
"သမားတော်ကျုံးက စိတ်နှစ်ခွရောဂါ ခံစားနေရတဲ့ လူနာတစ်ယောက်ကို ကုသပေးနိုင်ခဲ့တယ်လို့ ကျွန်တော်ကြားဖူးတယ်…"
မုန့်ချီက ပြုံးလိုက်သည်။
သူမက မှင်တက်သွားပုံရ၏။
"သူက ခရီးသွားနေရင်း အဲဒီလိုလူနာတစ်ယောက်ကို တကယ်ပဲ ကုသပေးခဲ့တယ်။ ဒါပေမဲ့ ချန်းချွမ်ကို ပြန်လာပြီးတဲ့နောက် အဲဒီလိုရောဂါလက္ခဏာရှိတဲ့သူ တစ်ယောက်မှ ထပ်မတွေ့ရတော့ဘူး.."
သူမက စိတ်နှစ်ခွရောဂါရနေသည်ဟု စွပ်စွဲခံခဲ့ရသော သွမ့်လွေကို စဉ်းစားမိသွားခဲ့သည်။
ချန်းချွမ်တွင် သူ့ရောဂါကို ကုသပေးနိုင်သော သမားတော်တစ်ယောက်ရှိကြောင်း ကြားလိုက်ရသည့်အခါ သွမ့်လွေက အလွန်ဝမ်းသာသွားခဲ့သည်။ သူက စုမုန့်တို့ ထွက်သွားသည်နှင့် ထိုသမားတော်ကို ချက်ချင်းအကူအညီတောင်းရန် စဉ်းစားထားသည်။
ရုတ်တရက်ဆိုသလို သူ့ဆီမှ အလွန်ပြင်းထန်သော ခံစားမှုတစ်ခု ထွက်ပေါ်လာခဲ့၏။ သို့သော် မုန့်ချီက အပြင်ဖက်တွင် ရှိနေသေးသည့်အတွက် သူက အတင်းအကြပ် ဖိနှိပ်ထားလိုက်ရသည်။
"ဟင်းးးး ညီလေးသွမ့်က အပြစ်မရှိတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ သူက စိတ်နှစ်ခွရောဂါခံစားနေရတာတော့ အရမ်းဆိုးတယ်။ ငါက သူ့ကို လိုက်ရှာနေတယ်ဆိုတာ သူ့ကို သမားတော်ကျုံးဆီ ခေါ်သွားပေးမလို့ပါ.."
မုန့်ချီက အစ်ကိုကြီးတစ်ယောက်ကဲ့သို့ အမူအရာနှင့် ပြောလိုက်သည်။
သူက ဖန်းယွမ်ကျင်းကို ပြင်ဆင်ထားစေချင်သည်။ အကယ်၍ ကျုံးတိုင်ပင်ကသာ သွမ့်လွေကို ကုသပေးလိုခြင်း မရှိလျှင် သူမ၏အကူအညီကို တောင်းဆိုရနိုင်၏။
သူမက သူ့ကို ပြန်ပြောစရာစကားမရှိသည့်အတွက် စိုက်ကြည့်နေခဲ့သည်။ မုန့်ချီက အသက်(၁၈) (၁၉)အရွယ်သာ ရှိသေးသည်။ အများဆုံး အသက်(၂၀)ဝန်းကျင်သာ ရှိနေသေး၏။ သူ့အသက်က သခင်လေးသွမ့်လောက်ပင် မရှိသေးပေ။ သို့သော် ညီလေးသွမ့်ဟု ခေါ်ခဲ့၏။
မုန့်ချီက လက်နောက်ပစ်ပြီး သူမကိုဖြတ်ကျော်၍ မြင်းလှည်းဆီကိုဦးတည်သွားခဲ့သည်။
"ညီလေးသွမ့်..
ထွက်လာခဲ့။ မင်းက ငါ့ကို ပုန်းနေနိုင်မယ်လို့ တကယ်ထင်ထားတာလား…"
ဖန်းယွမ်ကျင်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
"စုမုန့်က တကယ်ပဲ သိနေတာလား.."
သွမ့်လွေက နှလုံးခုန်သံရပ်လုမတတ် ဖြစ်သွားခဲ့သည်။
"လုံးဝမဖြစ်နိုင်ဘူး.."
မုန့်ချီက ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသည်။ သူ၏ခြေလှမ်းတိုင်းက ယုံကြည်ချက်များ ပြည့်နှက်နေ၏။ သွမ့်လွေ၏ နတ်ဘုရားစွမ်းရည်က ပုန်းကွယ်ရာတွင် အလွန်ကောင်းမွန်သည်။ စိတ်ဝိညာဉ်စွမ်းအားများကို သုံးနေလျှင်ပင် သူ့ကို ရှာတွေ့ရန် ခက်ခဲနိုင်၏။ လူသားနှင့်ကောင်းကင်တသားတည်းအဆင့် ရှိနေသော လူတစ်ယောက်ကသာ သေချာရှာဖွေနိုင်သည်။
သို့သော် သူက သိုင်းလောကတွင် အတွေ့အကြုံရှိသော လူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ကျားကို မြင်လိုက်ရသည့်အချိန်တွင် သွမ့်လွေက အနီးအနားတွင် ရှိနေကြောင်း သေချာနိုင်၏။ ထို့ကြောင့် သူက ဖန်းယွမ်ကျင်းနှင့် စကားပြောနေပြီး သူ၏စွမ်းအားကိုသုံး၍ သူမ၏ခံစားချက်လှုပ်ရှားမှုကို စစ်ဆေးကြည့်လိုက်ရာ သူမက လိမ်ပြောနေကြောင်း သိနေသည်။
ထို့နောက် သူက သွမ့်လွေ အစိုးရိမ်ဆုံးဖြစ်သော စိတ်နှစ်ခွရောဂါအကြောင်းကို တမင်တကာ ပြောလိုက်သည်။ ထင်ထားသည့်အတိုင်း သူက နှလုံးခုန်သံမြန်လာသည့် ခံစားချက်တစ်ခုကို ချက်ချင်း ခံစားမိလိုက်၏။
သူက သွမ့်ရှန်ဖေးနှင့် ပထမဆုံး တွေ့ခဲ့သည့်အချိန်တွင် သိုင်းလောက၌ အတွေ့အကြုံ မရှိသော လူတစ်ယောက်ဖြစ်သည်။ ထိုအချိန်တွင် သူ့အခြေအနေကတော့ ယခုထက်ပို၍ ဆိုးရွားနေ၏။ ယခုတော့ တူညီသော ဖြစ်ရပ်တစ်ခုဖြစ်နေပြီး သူနှင့်သွမ့်လွေတို့က နေရာပြောင်းလဲသွားသည်။ သို့သော် သူ့လို မဟုတ်ဘဲ သွမ့်လွေကတော့ အခြေအနေကို ပြောင်းလဲပေးနိုင်သော ဝှက်ဖဲတစ်ခုမရှိပေ။
သွမ့်လွေက မုန့်ချီ အနားကို ရောက်လာသည့်အချိန်ထိ စောင့်မနေတော့ပေ။ သူက မြင်းလှည်းထဲမှ ထွက်လာပြီး မုန့်ချီကို လက်သီးနှင့် အလစ်ချောင်း၍ တိုက်ခိုက်လိုက်သည်။ သူက အလွန်ဉာဏ်ကောင်း၏။ အကယ်၍ သူသာ ထိုကဲ့သို့ ထွက်ပြေးလိုက်မည်ဆိုလျှင် မုန့်ချီကို နောက်ကျောပေးသွားရမည်ဖြစ်ကြောင်း သိနေခဲ့၏။ မည်သို့ဖြစ်စေကာမူ တိုက်ပွဲထဲတွင် ထွက်ပြေးရန် ကြိုးစားသူက ဆုံးရှုံးသွားနိုင်ကြောင်းကိုတော့ သူလည်း သိနေသည်။
ဖန်းယွန်ကျင်းက ချက်ချင်းပင် စိုးရိမ်သွားခဲ့၏။
“သခင်လေးသွမ့်က သူ့ကို မယှဉ်နိုင်မှတော့ ထွက်ပြေးတာ ပိုကောင်းမယ်..”
သွမ့်လွေက ကျားနတ်ဆိုးကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်ခဲ့ကြောင်း တွေးမိသွားသည့်အတွက် သူမက ပို၍စိတ်အေးသွားသလို ခံစားလိုက်ရသည်။ သွမ့်လွေက သူ့အပေါ် ယုံကြည်ခဲ့ကြောင်း စဉ်းစားမိသည်အခါ မုန့်ချီက သတိလွတ်သွားခဲ့၏။
"သူ့ရဲ့ စိတ်နှစ်ခွရောဂါက ပျက်စီးလာပြီလား..."
ခဏကြာစဉ်းစားနေပြီးနောက် သူက သွမ့်လွေကို တိုက်ခိုက်ခွင့်ပေးလိုက်သည်။ လက်သီးက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အချိန်တွင် အလွန်ကြောက်စရာကောင်းသော လက်သီးအရှိန်အဝါက လေထဲသို့ပင် ပျံ့နှံ့သွားခဲ့သည်။
မုန့်ချီကကတော့ တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး နေရာတွင်သာ ရပ်နေခဲ့၏။ ကြောက်စရာကောင်းသော ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး လုံးဝပျောက်ကွယ်သွားခဲ့သည်။ အများစုကတော့ ရွှေခေါင်းလောင်းအကာအကွယ်ကိုပင် ဖြတ်ကျော်သွားနိုင်ခြင်း မရှိချေ။
သူက ထိုအခွင့်အရေးကိုအသုံးချပြီး သွမ့်လွေ၏ ပုခုံးကို ကိုင်လိုက်သည်။ သူ၏လှုပ်ရှားမှုက နှေးကွေးသော်လည်း သွမ့်လွေ၏ ပြောင်းလဲမှုများအားလုံးကို ချုပ်ကိုင်နိုင်သည်။ သူက ချီစွမ်းအင်များကို သွမ့်လွေ၏ ခန္ဓာကိုယ်ထဲသို့ ပို့ဆောင်လိုက်ပြီး သူ၏ပင်မသွေးကြောပေါင်းများစွာကို တိုက်ခိုက်လိုက်သည်။
သွမ့်လွေ၏မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး ပါးစပ်ဟ၍ မုန့်ချီကို တံတွေးနှင့်ထွေးလိုက်၏။ သူ့တံတွေးက အနက်ရောင်ဖြစ်ပြီး လှုပ်ရှားနေသော ပိုးကောင်ကဲ့သို့ ဖြစ်နေသည်။
ထိုအရာကိုကြိုတင်မျှော်လင့်ထားသည့်အတွက် မုန့်ချီက တံတွေးကိုရှောင်တိမ်းလိုက်၏။ သူက ချီစွမ်းအင်များကို မြှင့်တင်လိုက်ပြီး သွမ့်လွေ၏ သွေးကြောများအားလုံးကို ထိုးလိုက်သည်။
တံတွေးက မုန့်ချီကိုကျော်သွားပြီး မြေပေါ်သို့ကျသွားသည့်အတွက် တရှဲရှဲမြည်သံများ ထွက်ပေါ်လာ၏။ တခဏအတွင်း အနီးအနားတွင် ရှိနေသော အဝါရောင်မြက်ပင်များက ညှိုးခြောက်သွားခဲ့သည်။
စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် သူတို့၏ တိုက်ခိုက်မှုက စက္ကန့်ပိုင်းလေးသာ ကြာမြင့်သည်။ ဖန်းယွမ်ကျင်းက မျက်စိမှိတ်လိုက်သည့်အချိန်တွင် မုန့်ချီက သွမ့်လွေကို အနိုင်ရလိုက်ကြောင်း မြင်လိုက်ရ၏။
ကျားနတ်ဆိုးကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်သော သခင်လေးသွမ့်က သူ့ပြိုင်ဖက်ကို တန်ပြန်တိုက်ခိုက်နိုင်ခြင်းပင် မရှိခဲ့ပေ။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်ခြင်းပင်မရှိဘဲ သိုင်းကွက်တစ်ကွက်အတွင်း ရှုံးနိမ့်သွားခဲ့ရသည်။ အစောပိုင်းတွင် မြင်ခဲ့ရသောတိုက်ပွဲက ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသော လူကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ထိုကလေးက လူကြီးကို လက်သီးနှင့် ထိုးလိုက်သော်လည်း သူသာ ဖမ်းချုပ်ခံလိုက်ရသည်။ အကယ်၍ ထိုလူငယ်ကသာ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဆိုလျှင် သူမက ထိုမျှအံ့ဩနေလိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ စွမ်းအားကွာဟမှု ရှိနေသေး၏။ သို့သော် သူမက မုန့်ချီဆီတွင် ထိုကဲ့သို့ အရှိန်အဝါမျိုးကို ခံစားမိခြင်းမရှိချေ။
မုန့်ချီက မျက်လုံးပြူးနေသော သွမ့်လွေကို ပြုံးပြလိုက်၏။
"တကယ်လို့ ငါသာ မင်းကို သတ်ချင်နေတယ်ဆိုရင် မင်းက သေနေလောက်ပြီ။ ထွက်မပြေးနဲ့တော့။ ငါနဲ့အတူ သမားတော်ကျုံးကို လိုက်တွေ့ရမယ်…"
သူက ရွှေခေါင်းလောင်းအကာအကွယ်အဆင့်(၇)ကို ရောက်နေပြီဖြစ်သည်။ ရွှေခေါင်းလောင်းအကာအကွယ် အဆင့်(၈)က သူ၏ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်သည့်အတွက် သူက ဉာဏ်အလင်းပွင့်မှု နောက်ဆုံးအဆင့်ကို ရောက်နေပြီဟုဆိုနိုင်၏။ သူ့ကို ထိခိုက်အောင်လုပ်ရန်မပြောနှင့် သာမန်လူများကတော့ သူ့အင်္ကျီကိုပင် ဆုတ်ဖြဲ၍ မရနိုင်ပေ။
သမားတော်ကျုံး၏ နာမည်ကိုကြားသည့်အခါ သွမ့်လွေ၏မျက်လုံးထဲတွင် ရှိနေသော အလင်းရောင်များက မှေးမှိန်သွားခဲ့ပြီး အညံ့ခံလိုက်သည်။ မုန့်ချီက သွမ့်လွေကိုခေါ်ပြီး ဖန်းယွမ်ကျင်းဆီသို့ လျှောက်လာခဲ့၏။
"မိန်းကလေးဖန်း..
သူက စိတ်နှစ်ခွရောဂါ တကယ်ခံစားနေရတာ ဟုတ်မဟုတ် မိန်းကလေးကိုယ်တိုင်ပဲ မေးလိုက်ပါ…"
ဖုန်းယွမ်ကျင်းက သွမ့်လွေကိုကြည့်ပြီး မေးလိုက်သည်။
"သခင်လေးသွမ့်..
ရှင်က တကယ်ပဲ စိတ်နှစ်ခွရောဂါ ခံစားနေရတာလား…"
သွမ့်လွေက စကားမပြောချင်သည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။
ဖန်းယွမ်ကျင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ ထိုသို့ဆိုမှတော့ သူ့ရှေ့တွင် ရှိနေသော သခင်လေးက လူဆိုးတစ်ယောက် မဟုတ်နိုင်တော့ပေ။ အကယ်၍ သူက လူဆိုးတစ်ယောက်ဖြစ်နေလျှင်ပင် သူမက သူ့ကိုတားဆီးရန် လုံလောက်သော အစွမ်းမရှိချေ။
အကယ်၍ သူမကသာ သခင်လေးသွမ့်ကို ချန်းချွမ်သို့ အမှန်တကယ် ခေါ်လာခဲ့မည်ဆိုလျှင် သူမက မိသားစုအကြီးအကဲများကို အကူအညီတောင်းပြီး သခင်လေးသွမ့်ကို ထိခိုက်အောင် မလုပ်ရန် တားဆီး၍ ရနိုင်သည်။
"မိန်းကလေးဖန်း..
ကျွန်တော်တို့နဲ့အတူ ချန်းချွမ်ကို လိုက်ခဲ့မလား။ ကျွန်တော်တို့က သမားတော်ကျုံးနဲ့ မိတ်ဆက်ပေးဖို့အတွက် မိန်းကလေးရဲ့အကူအညီကို လိုအပ်ပါတယ်…"
မုန့်ချီက သူမကို ပြုံးပြလိုက်သည်။
အကယ်၍ စိတ်နှစ်ခွရောဂါကို ကုသပေးနိုင်ပြီး ကုသပေးနိုင်သူကို ရှာတွေ့မည်ဆိုလျှင် ထိုအသိက ကူရှောင်စန်းနှင့် ရင်ဆိုင်ရာတွင် သူ၏ဝှက်ဖဲတစ်ခုဖြစ်နိုင်သည်။ သူတို့၏တိုက်ပွဲတွင် သူက မိန်းကလေးကျိကို နိုးထလာအောင် လုပ်ပေးနိုင်၏။
ဖန်းယွမ်ကျင်းက တည်ငြိမ်စွာ သဘောတူလိုက်သည်။
"သခင်လေးသွမ့်က ကျွန်မရဲ့ကယ်တင်ရှင်ပါ။ ကျွန်မက ဒီလိုတောင်းဆိုမှုကို ငြင်းလို့ရမလား။ ဒါပေမဲ့ သမားတော်ကျုံးက တော်တော်လေးထူးဆန်းတယ်။ သူ့ရဲ့ခံစားချက်မကောင်းရင် ဘယ်သူ့စကားကိုမှ နားထောင်မှာ မဟုတ်ဘူး…"
ချန်းချွမ်သို့လာသည့်လမ်းကြောင်းတွင် အစေခံက သူမကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"သခင်မလေး…
ဒီအနက်ဝတ်သခင်လေးက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ်။ သူ့ရဲ့အစွမ်းက လူငယ်မှတ်တမ်းမှာ ထိပ်ဆုံး(၃၀)ထဲ ရောက်နေနိုင်တယ်။ သူ့ရဲ့အဖော်ကလည်း အတူတူပဲ။ သူတို့ရဲ့အသက်ရှူသံနဲ့ အရှိန်အဝါက တော်တော်လေး နက်ရှိုင်းတယ်။ သူတို့နှစ်ယောက်လုံးက လူငယ်မှတ်တမ်းမှာ ရှိနေနိုင်တယ်…"
"ကျွန်မတို့က တကယ်ပဲ လူငယ်မှတ်တမ်းက ပညာရှင်နှစ်ယောက်ကို တွေ့နေရတာလား…"
ဖန်းယွမ်ကျင်းက သူတို့နှစ်ယောက်၏အဆင့်အတန်းကို စတင်ခန့်မှန်းကြည့်လိုက်သည်။
နေ့လည်ရောက်ချိန်တွင် သူတို့က ချန်းချွမ်မြို့သို့ ရောက်လာခဲ့၏။ ဖန်းယွမ်ကျင်းက သူတို့ကို နှုတ်ဆက်ပြီး အိမ်သို့ပြန်သွားခဲ့သည်။
မုန့်ချီကတော့ သွမ့်လွေ၏ပုခုံးပေါ်သို့လက်တင်ပြီး သူတို့နှင့်အတူ တည်းခိုခန်းသို့ ခေါ်လာခဲ့သည်။ ခဏကြာလျှောက်လာပြီးနောက် လမ်းပေါ်တွင် လူများပြည့်နှက်နေပြီး တစ်စုံတစ်ခုကို ကြည့်နေကြပုံပေါ်သည်။
မုန့်ချီလည်း စိတ်ဝင်စားသွားပြီး လမ်းသွားလမ်းလာ တစ်ယောက်ကို မေးလိုက်၏။
"မိတ်ဆွေ ..
ဒီမှာ ဘာတွေဖြစ်နေတာလဲ…"
ထိုလူက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။
"လူငယ်မှတ်တမ်းမှာ အဆင့်(၄၂)ရှိတဲ့ တိမ်တိုက်နဂါးဖန်းပိုင်က ချန်းချွမ်ပို့ဆောင်ရေးအဖွဲ့က သခင်လေးယီစုန့်ကို စိန်ခေါ်နေတယ်။ သူကလည်း လူငယ်တွေကြားထဲမှာ ထိပ်တန်းပညာရှင်တစ်ယောက်ပဲ.."
ထိုလူက ခြေဖျားထောက်ပြီး တိုက်ပွဲကိုကြည့်နေသော်လည်း လူအုပ်ကြီးက သူ့မျက်လုံးကို ကာထားခဲ့သည်။
"မဆိုးပါဘူး..။ မြစ်အရှေ့ပိုင်းက တကယ်ပဲ နာမည်ကျော်ထိုက်ပါတယ်။ ဘယ်နေရာကိုပဲသွားသွား လူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တွေ၊ မှတ်တမ်းဝင်တော့မဲ့ပညာရှင်တွေကို တွေ့နေရတယ်…"
မုန့်ချီက ပြုံးလိုက်မိသည်။
သူတို့ကတော့ ငါး(၂)ကောင်ကဲ့သို့ လူအုပ်ကြီးထဲကို ဝင်သွားပြီး လမ်းအလယ်သို့ ရောက်လာကြသည်။ သူတို့က ထိုနေရာတွင် စားသောက်ဆိုင်တစ်ခုကို မြင်လိုက်ရ၏။ ပထမထပ်တွင်တော့ သိုင်းပညာရှင်ပေါင်းများစွာ စုစည်းနေကြသည်။
ဝင်ပေါက်တွင်တော့ လူနှစ်ယောက် ရပ်နေကြ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း မိတ်ဆက်နေကြသည်။
"အစ်ကိုဖန်းရဲ့ နဂါးလက်သည်းက အရမ်းအစွမ်းထက်တယ်။ ဒါကြောင့်ကျွန်တော်က အရှက်ရမိပါတယ်…"
ဖန်းပိုင်က အသက်(၂၀)အရွယ်သာ ရှိသေးသော လူငယ်တစ်ယောက်ဖြစ်သည်။ သူ့ပုံစံက ကိုယ့်ကိုယ်ကိုယ် အလွန်နှိမ့်ချတတ်ပုံရသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"အစ်ကိုယီကလည်း အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တိုက်ခိုက်ချင်စိတ်တွေ ပြည့်နေသေးတယ်။ ဘယ်သူက ငါ့ကိုလာပြီးစိန်ခေါ်မလဲ…"
လူတိုင်းက ချက်ချင်းတိတ်ဆိတ်သွားသည်။ မည်သူကမျှ ထိုကဲ့သို့ အစွမ်းထက်သော ပြိုင်ဖက်တစ်ယောက်ကို စိန်ခေါ်ရဲခြင်း မရှိကြပေ။ နာမည်ကျော်များကလည်း သူတို့၏ ဂုဏ်သတင်းကို တန်ဖိုးထားကြပြီး မည်သူကမျှ မဆင်မခြင် စိန်ခေါ်ရဲခြင်းမရှိကြပေ။
ထိုအရာကိုမြင်သည့်အခါ ချီကျန်းရန်က သူ့ဓားကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
သူ၏တုံ့ပြန်မှုကို သတိထားမိသည့်အတွက် မုန့်ချီက အပြုံးနှင့်မေးလိုက်၏။
"အစ်ကိုချီ.. သူ့ကိုစိန်ခေါ်ချင်လို့လား…”
“ဟုတ်တယ်..။ ငါက ငါ့ရဲ့စွမ်းအားကို စမ်းသပ်ချင်တယ်။ ငါက ဘယ်အဆင့်မှာ ရောက်မလဲသိချင်တယ်…"
သူ၏မျက်နှာပေါ်တွင် ရှားရှာပါးပါး စိတ်လှုပ်ရှားမှုတစ်ခုပေါ်လာခဲ့သည်။ သူတို့က လအနည်းငယ်ကြာ ခရီးသွားလာခဲ့သည့် အတောအတွင်း ဖရိုဖရဲကျင့်စဉ်က ယခင်တုန်းကထက်ပို၍ အစွမ်းထက်နေသည်။
မုန့်ချီအတွက်တော့ ဖန်းပိုင်က ထိုက်တန်သည့် ပြိုင်ဖက်တစ်ယောက်မဟုတ်ချေ။ ထို့ကြောင့် သူက အပြုံးနှင့် သူ့မိတ်ဆွေကို အားပေးလိုက်သည်။
"သူ့ကိုသွားပြီး စိန်ခေါ်လိုက်ပါ။ ကျွန်တော်က အစ်ကိုချီအတွက် အားပေးနေမယ်.."
ယနေ့ သူက အလွန်အံ့သြစရာကောင်းသော အားပေးသူတစ်ယောက် ဖြစ်လာပါလိမ့်မည်။
Translated by Hein Htet.