အခန်း (၃၂၅)
Vol. 22 Ch. 325
စားသောက်ဆိုင်၏အရှေ့ဘက်တွင် ရှိနေသော မြေကွက်လပ်ထဲတွင် ရပ်နေရင်း ဖန်းပိုင်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
“ဘယ်သူက ငါ့ကို လမ်းညွှန်မှုတစ်ချို့ ပေးနိုင်မလဲ…”
ပထမထပ်တွင် ရှိနေသော နယ်မြေခံ သိုင်းပညာရှင်များထဲတွင် ဖန်းပိုင်ကို သင်ခန်းစာပေးပြီး နာမည်ကြီးလိုသူများ ရှိကြသည်။ ထိုအချိန်တွင် လူအုပ်ကြီးထဲမှနေ၍ အစိမ်းရောင်အရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး မြေကွက်လပ်ထဲသို့ ရောက်လာခဲ့၏။
လူသစ်က လက်နှစ်ဖက်ကို ဆုပ်၍ ပြောလိုက်သည်။
“ကျွန်တော်က ဟွမ်ဟွာဓားဂိုဏ်းက ချီကျန်းရန်ပါ ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး အစ်ကိုဖန်း…”
“ဟွမ်ဟွာဓားဂိုဏ်းက တပည့်တစ်ယောက်လား။ ဘာလို့ သူက နာမည်မကျော်ရတာလဲ….”
လှေကားတွင် ရှိနေသူများက မှင်တက်သွားကြသည်။
ဟွမ်ဟွာဓားဂိုဏ်းမှ ထူးချွန်သော တပည့်များက လူငယ်မှတ်တမ်း၌ မရှိလျှင်ပင် နာမည်ကျော်ကြားခဲ့သည်။ သူတို့က ချီကျန်းရန်ဟူသောနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးကြခြင်းဖြစ်၏။
လူအုပ်ကြီးကတော့ ချီကျန်းရန်နှင့် ပတ်သက်ပြီး အသည်းအသန် ဆွေးနွေးနေကြသည်။ ဟွမ်ဟွာဓားဂိုဏ်းက နာမည်ကျော်ကြားသော်လည်း သာမန်တပည့် တစ်ယောက်က လူငယ်မှတ်တမ်းထဲရှိ ပညာရှင်တစ်ယောက်ကို စိန်ခေါ်၍ မရနိုင်ချေ။
ထိုအချိန်တွင် လူအုပ်ကြီးထဲမှ နေ၍ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံက အလွန်ကျယ်လောင်လွန်းလှသည့်အတွက် လူတိုင်းက ကြားနေရ၏။
“ဟွမ်ဟွာဓားဂိုဏ်းက နာမည်ကျော်ဓားဂိုဏ်းတစ်ခုပဲ။ ထူးချွန်တဲ့တပည့်တွေလည်း အများကြီးရှိတယ်။ ကျုပ်တို့အားလုံးက သူတို့ကို မသိနိုင်ဘူးလေ။ သူက ဖန်းပိုင်ကို စိန်ခေါ်ရဲမှတော့ သေချာပေါက် လုံလောက်တဲ့အစွမ်းရှိတယ်ဆိုတာ သေချာလို့ပေါ့။ ရေလှိုင်းပေါ်က တောက်ပခြင်းလနဲ့ နေဝင်ဆည်းဆာဓားသိုင်းတို့က အရမ်းထူးခြားတယ်.”
“မင်းကရော မြင်ဖူးလို့လား…”
ကြည့်နေသူတစ်ယောက်က ချက်ချင်း မေးလိုက်သည်။
မုန့်ချီက ပြန်ပြောလိုက်၏။
“မြင်ဖူးတာပေါ့။ ကျုပ်က အခုမှ ယင်မြို့ကနေ ပြန်ရောက်လာတာ။ ကြာပန်းသခင်က ထူးခြားတဲ့ဓားသိုင်းပညာရှင် ဖြစ်သလို သူက အရက်ကို ချစ်မြတ်နိုးသူတစ်ယောက်ပဲ..”
“ငါတို့ နားလည်ပြီ…”
ကြာပန်းသခင်ဟူသော နာမည်ကို ကြားသည့်အခါ လူတိုင်းက စိတ်လှုပ်ရှားလာခဲ့ကြသည်။ သူတို့က ထိုပညာရှင်ကို အမှန်တကယ် မမြင်ဖူးကြသော်လည်း ထိုဓားသိုင်းပညာ (၂)ခုကိုတော့ မြင်ချင်နေကြသည်။
မူလတုန်းကတော့ နာမည်မရှိသူတစ်ယောက်နှင့် မတိုက်ခိုက်ချင်ခဲ့သော ဖန်းပိုင်က ပြောလိုက်၏။
“ငါက မင်းတို့ဂိုဏ်းရဲ့ ဓားသိုင်းကို မြင်ချင်နေတာ တော်တော်လေး ကြာနေပြီ။ အခုတော့ ဒီအခွင့်အရေးကို အသုံးချရတော့မှာပေါ့။ မင်းက ငါ့ကို ပြသပေးနိုင်မလား..”
ကြာပန်းသခင်က မြစ်အရှေ့ပိုင်းတွင် နာမည်ကျော်ကြားပြီး သူ့ကို စိန်ခေါ်ချင်သော ပညာရှင်များစွာ ရှိသည်။ ထိုအထဲတွင် ဖန်းပိုင်လည်း အပါအဝင်ဖြစ်၏။ သို့သော် သူက သူ၏စွမ်းဆောင်ရည်ကို ကောင်းကောင်းကြီး သိနေသည်။
လူငယ်ပညာရှင် တစ်ယောက်ဖြစ်သော သူက ယခုမှသာ အတွင်းကမ္ဘာကြီးကို စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူက ဝေ့ကျင်းအဆင့် လက်သည်းသိုင်းပညာကိုသုံးပြီး နာမည်ကျော် တံခါး(၉)ပေါက်အဆင့် ပညာရှင်တစ်ယောက်ကို အနိုင်ရခဲ့ခြင်းကြောင့် လူငယ်မှတ်တမ်းထဲသို့ ရောက်လာခဲ့ရသည်။
တစ်ဖက်တွင်တော့ ကြာပန်းသခင်က လူသားနှင့် ကောင်းကင် တသားတည်းအဆင့်ကို ရောက်နေသည်ဟု ဆိုကြ၏။ ထို့ပြင် သူ့ဆီ၌ ဝေ့ကျင်းအဆင့် သိုင်းကွက်များစွာ ရှိနေသည်။ ဖန်းပိုင်က သူနှင့် ယှဉ်လိုက်လျှင် အလွန်နိမ့်ကျသည့်အတွက် တံခါး (၉)ပေါက် မပွင့်မချင်း သူ့ကို စိန်ခေါ်၍ မရနိုင်ပေ။ မဟုတ်လျှင် သူကိုယ်တိုင် အရှက်ရသွားနိုင်၏။
ထိုသို့ဆိုမှတော့ သူက ဟွမ်ဟွာဓားဂိုဏ်း၏ ဓားသိုင်းပညာများကို အကောင်းဆုံး နားလည်အောင် ကြိုးစားခြင်းက ပိုကောင်းသည်။ ပြိုင်ဘက်ကို နားလည်နေခြင်းက အခြေအနေကို ပို၍နားလည်လာနိုင်သည်။ မဟုတ်လျှင်တော့ သူက လက်ခံလိမ့်မည် မဟုတ်ချေ။ စိန်ခေါ်လာသောသူများကို တုန့်ပြန်ရမည်ဆိုလျှင် သူလည်း မောပန်းပြီး သေဆုံးသွားသည်မှာ ကြာလောက်ပါပြီ။
ပထမဦးဆုံး ချီကျန်းရန်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ အရပ်ရှည်ရှည် သန်သန်မာမာနှင့် ရုပ်ဆိုးခြင်း မရှိသလို၊ ချောမောခြင်းလည်း မရှိချေ။ သူ့ပုံစံက လူသေတစ်ယောက်ကဲ့သို့ ခံစားချက် ကင်းမဲ့နေသည်။ သူ့ပုံစံကို ကြည့်ရသည်မှာ အလွန်အစွမ်းထက်ပုံလည်း မရချေ။
ချီကျန်းရန်က စကားတစ်ခွန်းမျှ မပြောဘဲ ဦးညွှတ်လိုက်သည်။ သူက လက်ထဲတွင် ဓားလက်ကိုင်ကို ကိုင်လိုက်၏။ သူ့ပုံစံက အလွန်နူးညံ့လှသည့်အတွက် စာရေးနေသလို ထင်မှတ်ရသည်။ သူကတော့ ဟွမ်ဟွာဓားဂိုဏ်း၏ အရည်အသွေးကို သယ်ဆောင်ထားသည်။
ဖန်းပိုင်၏ မျက်လုံးများက တောက်ပသွားခဲ့၏။ သူကတော့ သူ၏ ပြိုင်ဖက်ကို ရင်ဆိုင်ရန် မေ့လျော့နေပြီး ချီစွမ်းအင်များကို အသက်သွင်းရန် မေ့လျော့နေခဲ့သည်။ ချီကျန်းရန် ပထမဆုံးလှုပ်ရှားသည့်အချိန်ထိ သူက စောင့်နေခဲ့၏။
“မိုက်လိုက်တာ…”
လူတစ်ယောက်က အော်ဟစ်ချီးကျူးလိုက်သည်။ ထိုအရာက မုန့်ချီသာဖြစ်၏။
“ဘာတွေ မိုက်နေတာလဲ…”
သူ့နားတွင် ရှိနေသောသူက မေးလိုက်သည်။
ချီကျန်းရန်က သူ၏ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် နဂါးအငွေ့အသက်များ ပြည့်နှက်နေပြီး အလွန်ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ စားသောက်ဆိုင်ထဲတွင် ရှိနေသောလူများကလည်း သူ့ကို လှည့်၍ ကြည့်လိုက်၏။
မုန့်ချီက ပြောလိုက်သည်။
“ချီကျန်းရန်က ဓားလက်ကိုင်ကို ကိုင်လိုက်တဲ့အချိန်မှာ သူ့ရဲ့လှုပ်ရှားမှုမှာ လျှို့ဝှက်ပြောင်းလဲမှု (၄)မျိုး တိတ်တဆိတ် ပါဝင်နေတယ်။ ပြောင်းလဲမှုတစ်ခုချင်းဆီက သူ့ရဲ့ဓားကို ထုတ်မယ့် နည်းလမ်းတစ်ခုဆီကို ဖုံးကွယ်ထားတယ်။ တကယ်လို့ ဖန်းပိုင်ကသာ သူ ဓားထုတ်နေတုန်း တိုက်ခိုက်လိုက်မယ်ဆိုရင် သူက သေချာပေါက် တားဆီးခံရမှာပဲ။ ပြီးတော့ သူ့ရဲ့လှုပ်ရှားမှုမှာရှိတဲ့ ပြောင်းလဲမှုတွေက တော်တော်လေး ထူးခြားတယ်။ သူ့ရဲ့အပြုအမူကလည်း သိမ်မွေ့ညင်သာပြီး ဟွမ်ဟွာဓားဂိုဏ်းရဲ့ အရည်အသွေးကို ပြသနေတယ်…”
“တကယ့်ကို ထူးခြားတာပဲ…”
လူအုပ်ကြီးကတော့ ထိုအရာများအားလုံးကို နားလည်နိုင်သည့် အရည်အချင်းမျိုး မရှိကြချေ။ မုန့်ချီ၏ ရှင်းပြချက်ကို ကြားပြီးမှသာ သူတို့က နားလည်သွားကြ၏။ ထို့နောက် သူတို့က တစ်ပြိုင်နက်တည်း အော်ဟစ်အားပေးနေကြသည်။
စားသောက်ဆိုင်လှေကားတွင် ရပ်ကြည့်နေသော ပညာရှင်များကတော့ ရှုပ်ထွေးနေခဲ့ကြ၏။ တစ်ချို့က ရှုံ့မဲ့နေပြီး တစ်ချို့က ရယ်ချင်စိတ်ကို ထိန်းထားပုံရသည်။ တစ်ချို့ကတော့ မုန့်ချီကို အထင်သေးစွာ ကြည့်နေကြ၏။ ချီကျန်းရန်၏လှုပ်ရှားမှုက ထူးခြားသော်လည်း သူပြောသလို ကောင်းမွန်မှု မရှိချေ။
ထိုလူငယ်က မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။ သူ့ပုံစံကို ကြည့်ရသည်မှာ အမြင်စူးရှသော်လည်း ဗဟုသုတ နည်းပါးပုံရသည်။
“အဲဒါက နဂါးအရှိန်အဝါရှိနေတဲ့ ဓားကောင်းတစ်လက်ပဲ။ အနည်းဆုံးတော့ အဆင့်မြင့် သန့်စင်လက်နက်တစ်ခု ဖြစ်နိုင်တယ်…”
မုန့်ချီက တစ်ဖက်လူ၏ ထင်မြင်ချက်ကို ဂရုမစိုက်ဘဲ တိုက်ပွဲကိုဆက်၍ မှတ်ချက်ပေးနေသည်။ လူအုပ်ကြီးကတော့ သူ၏ စကားလုံးတိုင်းကို နားထောင်နေပြီး အံ့ဩဘနန်း ဖြစ်နေကြ၏။
ဖန်းပိုင်က ဘယ်ခြေကို ရှေ့တက်ထားပြီး ညာခြေက နောက်တွင် ကျန်ခဲ့သည်။ သူ့ခန္ဓာကိုယ်က ကွေး ထား၏။ လက်(၂)ဖက်က လက်သည်းသဏ္ဍာန် ပြောင်းထားပြီး သူက တိုက်ခိုက်တော့မည့် အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ့၏ အရှိန်အဝါကလည်း ပြောင်းလဲလာပြီး အရာအားလုံးကို လေးလေးနက်နက် ဖုံးကွယ်ထားခဲ့၏။
“ဖန်းပိုင်က တကယ်ပဲ နာမည်ကျော်ထိုက်ပါတယ်။ သူ့ရဲ့လက်သည်းတွေက အစစ်အမှန် နဂါးတွေလိုပဲ။ သူ့ရဲ့အရှိန်အဝါကိုလည်း အတွင်းထဲမှာ ဖုံးကွယ်ထားတယ်။ ဒါပေမယ့် သူက တိုက်ခိုက်လိုက်ပြီဆိုတာနဲ့ မိုးကြိုးသဖွယ် တိုက်ခိုက်မှုမျိုးကို သုံးလိုက်မှာပဲ…”
ဖန်းပိုင်က အလွန်အစွမ်းထက်ကြောင်း မုန့်ချီက တမင်ရည်ရွယ်၍ မြှောက်ပင့်ပေးနေသည်။ အစွမ်းထက်သော ပြိုင်ဖက်တစ်ယောက်ကို အနိုင်ရမှသာ ချီကျန်းရန်က ပို၍ နာမည်ရလာမှာဖြစ်ကြောင်း သူသိနေ၏။
သို့သော် သူကတော့ ကောက်ကျစ်သော နည်းလမ်းများကို မသုံးခဲ့ချေ။ နှလုံးသား၏ တုန့်ပြန်မှုကို အသုံးချပြီး ဖန်းပိုင်၏ချီစွမ်းအင်များက မည်သို့လှည့်ပတ်နေကြောင်း သူသိနေသည်။ ဖန်းပိုင်၏လှုပ်ရှားမှုများ၊ သိုင်းကွက်များ၊ ပြောင်းလဲမှုများကိုပင် သိနေခဲ့၏။
အကယ်၍ သူသာ ထိုအရာများကို ပြောလိုက်မည်ဆိုလျှင် ဖန်းပိုင်က သူ၏ သိုင်းကွက်ကို ပြောင်းလဲလိုက်နိုင်ပြီး ချီကျန်းရန်က အနိုင်ရမည်ဆိုလျှင်လည်း ဝမ်းသာနိုင်မည် မဟုတ်ချေ။
ဖန်းပိုင်၏ ချီစွမ်းအင်များက သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ လက်ချောင်းလေးများဆီသို့ ရောက်လာခဲ့သည်။ သူ တိုက်ခိုက်ခြင်း မရှိသေးသရွေ့ မည်သည့်လက်ချောင်းက အရေးပါကြောင်း မည်သူကမျှ မခန့်မှန်းနိုင်ကြချေ။ ထိုအရာက သူ၏အစစ်အမှန် ဝှက်ဖဲတစ်ခုလည်း ဖြစ်၏။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်မှာ ဖန်းပိုင်ကို ရန်စလိုက်ခြင်းလည်း ဖြစ်သည်။
ဖန်းပိုင်ကတော့ မုန့်ချီ၏ မသိနားမလည်မှုကို တွေးမိပြီး စိတ်ထဲတွင် ကြိတ်၍ ရယ်လိုက်၏။
ချီကျန်းရန်က စိန်ခေါ်သူ ဖြစ်သည့်အတွက် ပထမဆုံး တိုက်ခိုက်လိုက်သည်။ သူက ဓားနှင့် လှမ်းထိုးလိုက်ပြီး နေဝင်ဆည်းဆာဓားသိုင်းကို ပြသလိုက်၏။ ထို့ကြောင့် နေရာတိုင်းတွင် ဘယ်ညာလှုပ်ရှားနေသော အထီးကျန်နယ်မြေကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဖန်းပိုင်က ညာလက်သည်းကို အသုံးပြုပြီး အကြောက်အလန့်မရှိ ဓားကို ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် အလွန်အစွမ်းထက်သော လေလှိုင်းတစ်ခု ထွက်ပေါ်လာ၏။ သူက ညာလက်သည်းက ဂူထဲမှ ထွက်လာသော ကြောက်စရာ နဂါးတစ်ကောင်ကဲ့သို့ ဓားရှည်ကို ထိန်းချုပ်လိုက်သည့်အချိန်တွင် ဘယ်လက်သည်းကိုသာ အသုံးပြုနိုင်သည်။
ထိုတိုက်ခိုက်မှုများက အလွန်လျင်မြန်လွန်းသည့်အတွက် မုန့်ချီက သူတို့၏ လှုပ်ရှားမှုတစ်ခုချင်းဆီကို မှတ်ချက် ပေးနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူလည်း တိတ်ဆိတ်သွားခဲ့၏။
ဓားနှင့် လက်သည်း ထိခိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။ ချီကျန်းရန်ကတော့ ဖန်းပိုင်နှင့် တိုက်ပွဲတွင် သူ၏ ဓားပညာကို ပြည့်ပြည့်ဝဝ ပြသနေခဲ့၏။
မုန့်ချီက ပင့်သက်ရှိုက်၍ ပြောလိုက်သည်။
“ဟွမ်ဟွာဓားဂိုဏ်းက ချီကျန်းရန်က သူ့ရဲ့ ဓားသိုင်းပညာမှာ တကယ်ပဲကောင်းတယ်။ ဒါပေမယ့် တိမ်တိုက်နဂါး ဖန်းပိုင်လောက် မတော်ဘူး။ သူက အရေးနိမ့်နေပြီ။ တကယ်လို့ သူသာ လှုပ်ရှားမှုတွေကို မပြောင်းလဲတော့ဘူးဆိုရင် သေချာပေါက် ရှုံးနိမ့်ရတော့မယ်…”
ချီကျန်းရန်က ခုခံနေရကြောင်း လူအုပ်ကြီးကလည်း သိနေကြသည်။ သို့သော် မုန့်ချီ၏ ရှင်းပြမှုကြောင့် သူက မကြာခင် ရှုံးနိမ့်တော့မည် ဖြစ်ကြောင်း သူက နားလည်သွားခဲ့၏။ ထိပ်တန်းပညာရှင်များကတော့ ထိုကဲ့သို့ ကောက်ချက်ကို မကြားချင်ယောင် ဆောင်ထားကြသည်။ ထိုအချက်က လူတိုင်းအတွက် ရှင်းလင်းနေပြီဖြစ်သည်။
ဖန်းပိုင်က စိတ်လှုပ်ရှားလာပြီး လက်(၅)ချောင်းကို စုစည်းလိုက်သည်။ သူက သူ့လက်ကို နဂါးတစ်ကောင်၏ ပါးစပ်ကဲ့သို့ ပြောင်းလဲလိုက်ပြီး ချီကျန်းရန်၏ ဓားကို အဝေးသို့ တွန်းပို့လိုက်သည်။ တစ်ချိန်တည်းလိုလိုပင် ဘယ်လက်သည်းနှင့် ချီကျန်းရန်၏ ရင်ဘတ်ကို လှမ်းကုတ်လိုက်၏။
ချီကျန်းရန်က ရှုံးနိမ့်သွားရတော့မည်ဟု ထိပ်တန်းပညာရှင်များက တွေးလိုက်မိကြ၏။
ထိုအချိန်တွင် ချီကျန်းရန်၏ ခန္ဓာကိုယ်ထဲမှနေ၍ အနီရောင်အလင်းတန်းများ တောက်ပလာသည်။ ထိုအလင်းတန်းများက ကြာပန်းများ လှုပ်ရှားလာသလို ထင်မှတ်ရပြီး ဖန်းပိုင်၏လက်သည်းကို ချက်ချင်း တားဆီးထားလိုက်၏။
“ဒါ.. ဒါက…”
မုန့်ချီက အလွန် အံ့ဩသွားချင်ယောင် ဆောင်လိုက်သည်။
“ဘယ်လို..”
ထိပ်တန်းသိုင်းပညာရှင်များ၊ ကြည့်နေသူများအားလုံးကလည်း တူညီသော ခံစားချက်များ ပေါ်လာကြသည်။ တစ်ခု ကွဲပြားသည်မှာ မုန့်ချီက ဟန်ဆောင်ခြင်းဖြစ်ပြီး တခြားလူများက အစစ်ဖြစ်သည်။
ဖန်းပိုင်က မှင်တက်သွားခဲ့၏။ သို့သော် အလွန်များပြားသော တိုက်ပွဲ အတွေ့အကြုံများကြောင့် သူက စိုးရိမ်သွားခဲ့ခြင်း မရှိချေ။ သူက အနည်းငယ် တွေဝေသွားပြီး ချီကျန်းရန်၏ ဘေးဘက်ကို ရိုက်ချလိုက်သည်။
ချီကျန်းရန်ကို လွှမ်းခြုံနေသော အလင်းတန်းများကြောင့် သူ့ပုံစံက အင်မော်တယ် တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူက ရေခဲစွမ်းအင်များ လွှမ်းခြုံနေသော ဓားရှည်နှင့် တိုက်ခိုက်လိုက်ရာ နှင်းရေတံခွန်ကြီးတစ်ခု ကျဆင်းလာခဲ့သည်။
အလင်းရောင်များ ထွက်ပေါ်နေသော ဓားကလည်း လေထဲသို့ ထိုးဖောက်လာပြီး အနီးအနားတွင် ရှိနေသော အရာအားလုံးကို အေးခဲသွားစေခဲ့သည်။ ထိုမြင်ကွင်းက အလွန်ကြီးကျယ်ခမ်းနားလွန်းသည့်အတွက် ဒဏ္ဍာရီပုံပြင်ထဲကို ကျရောက်သွားသလို ထင်မှတ်ရသည်။
“ဝေ့ကျင်းအဆင့်လား။ ဝေ့ကျင်းတစ်ဝက်အဆင့်လား…”
ဖန်းပိုင်က မှင်တက်သွားခဲ့ပြီး သူက သိုင်းကွက်မှားသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူက ညာလက်မကို သုံးပြီး ဓားကို ဆုပ်ကိုင်ရန် သတ္တိမွေးလိုက်၏။
“ရွှပ်…”
အလွန်တောက်ပသော ဓားအလင်းတန်းက ပျက်စီးသွားခဲ့သော်လည်း သူ့ညာလက်က အေးခဲသွားသည်။ အအေးဓာတ်များက သူ့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည့်အချိန်တွင် သူလည်း တစ်ကိုယ်လုံး တုန်ယင်လာခဲ့၏။ သူက ချီစွမ်းအင်များကို သုံးပြီး ရေခဲများကို ခန္ဓာကိုယ်ထဲမှ မောင်းထုတ်လိုက်ရာ အအေးဓာတ်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ကြည့်နေသူများကတော့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြ၏။ ချီကျန်းရန်၏ အစွမ်းက ဘာကြောင့် ဝေ့ကျင်းအဆင့်ထက် ကျော်လွန်နေရသနည်း။
ထိုအချိန်တွင် မုန့်ချီကတော့ အလွန်စိတ်လှုပ်ရှားနေသည့် အမူအရာနှင့် ပြောလိုက်သည်။
“သူ့ရဲ့စွမ်းအားက ဉာဏ်အလင်းပွင့်မှုအဆင့်ပဲ ရှိနိုင်သေးတယ်။ သူ့ရဲ့ ကိုယ်တွင်းကမ္ဘာကြီးက အပြင်ကမ္ဘာကြီးနဲ့ ဆက်သွယ်နေတဲ့ လက္ခဏာမျိုးလည်း မရှိဘူး။ ဒါက ထူးခြားတဲ့သိုင်းပညာကြောင့် ဖြစ်လိမ့်မယ်။ ဟွမ်ဟွာဓားဂိုဏ်းမှာ ဒီလို နတ်ဘုရားစွမ်းရည်မျိုး မရှိဘူးလေ။ သူက ခရီးသွားနေရင်း ဒီကျင့်စဉ်ကို ကောက်ရခဲ့တာများလား။ ရှေးအချိန်တုန်းကတော့ ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ကမ္ဘာမြေကြီးကို သက်ရောက်စေနိုင်တဲ့ ထူးထူးခြားခြားကျင့်စဉ်တွေ ရှိခဲ့တယ်။ ဒါက အဲဒီအရာတွေထဲက တစ်ခုများလား…”
အလွန်အံ့ဩနေသော မုန့်ချီ၏စကားကို ကြားသည့်အခါ ထိပ်တန်းပညာရှင်များကလည်း နားလည်သွားကြသည်။ သူတို့ကတော့ သူ၏ဗဟုသုတကို အထင်ကြီးလာကြရ၏။ သို့သော် ဘာကြောင့် သူတို့က ထိုကဲ့သို့ နတ်ဘုရားစွမ်းရည်မျိုးကို လုံးဝ မကြားဖူးရသနည်း။
“ဒီလိုနတ်ဘုရားစွမ်းရည်မျိုးက တကယ်ရှိလို့လား…”
လူအုပ်ကြီးက မေးလိုက်သည်။ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ကမ္ဘာမြေကြီးကို သက်ရောက်စေနိုင်သော သိုင်းပညာတစ်ခု ရှိနေမည်ဟု သူတို့က လုံးဝမတွေးမိကြပေ။
မုန့်ချီက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
“ရှိတာပေါ့ ။ ကျိုးနိုင်ငံထဲမှာရှိတဲ့ ဝမ်မိသားစုရဲ့ အဆင့်မြင့်ဝိညာဉ်က ဥပမာတစ်ခုပဲလေ။ ခန္ဓာကိုယ်ထဲမှာ အဆင့်မြင့်ဝိညာဉ်ရှိနေပြီဆိုရင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်က ကမ္ဘာမြေကြီးထဲမှာရှိတဲ့ အဆင့်မြင့် ဝိညာဉ်တွေကို ထိန်းချုပ်နိုင်တယ်။ တကယ်လို့ အဲဒါကိုသာ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်မှုအတွက် အသုံးပြုလိုက်မယ်ဆိုရင် အကျိုးသက်ရောက်မှုက တော်တော်လေးများတယ်…”
သူက ထိုကဲ့သို့ ရှင်းပြနေရသည်မှာ ဟာသလုပ်ချင်၍ မဟုတ်ချေ။ ချီကျန်းရန်၏ ဖရိုဖရဲကျင့်စဉ်က ထူးခြားဆန်းကြယ်မှု မရှိကြောင်း ရှင်းပြလိုခြင်းသာ ဖြစ်၏။ ကျိုးနိုင်ငံ ဝမ်မိသားစုတွင် တူညီသောသိုင်းပညာတစ်ခုရှိသည့်အတွက် ရှေးအချိန်တုန်းကလည်း ရှိနိုင်သည်။
ထိုအရာက ရှားပါးသော်လည်း အစစ်အမှန် မရှိခြင်းတော့ မဟုတ်ချေ။ လူအုပ်ကြီးက အစ်ကိုချီအပေါ် သံသယဝင်နေခြင်းမျိုး သူ ခွင့်မပြုနိုင်ပေ။ အကယ်၍ အလိမ်အညာတစ်ခုကသာ ပျံ့နှံ့သွားမည် ဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံးက ယုံကြည်သွားပါလိမ့်မည်။
သူ၏ရှင်းပြမှုကြောင့် ချီကျန်းရန်အပေါ် သံသယဝင်နေသော အရာများက သိသိသာသာ ပျောက်ကွယ်သွားခဲ့သည်။ သူက ဖရိုဖရဲကျင့်စဉ်ကို ဤကမ္ဘာကြီးထဲသို့ တရားဝင် မိတ်ဆက်ပေးနိုင်မည်လည်း ဖြစ်၏။
အဆင့်မြင့်ဝိညာဉ် ဟူသောစကားကို ကြားသည့်အခါ ထိပ်တန်းပညာရှင်များက သက်ပြင်းချလိုက်မိသည်။ သူတို့က ထိုသိုင်းပညာကို အမှန်တကယ် မေ့လျော့နေခဲ့သည်။ ချီကျန်းရန်ဆီတွင် ထိုကဲ့သို့ နတ်ဘုရားစွမ်းရည်မျိုးရှိသည့်အတွက် သူတို့အားလုံးက အားကျနေကြ၏။
အကယ်၍ သူကသာ ဂိုဏ်းငယ်လေးတစ်ခုမှ တပည့်တစ်ယောက်ဆိုလျှင် ပညာရှင်ပေါင်းများစွာက သူ၏ကျင့်စဉ်ကို အစွမ်းကုန်ကြိုးစားပြီး လုယူကြပါလိမ့်မည်။ သို့သော် ထိုအရာက ဟွမ်ဟွာဓားဂိုဏ်း ရရှိထားသော နတ်ဘုရားစွမ်းရည်တစ်ခုဟုသာ တွေနေမိကြသည်။
တစ်ဖက်တွင်တော့ ချီကျန်းရန်က သူ့ဂိုဏ်းကို ပြန်ရန် အစီအစဉ်မရှိချေ။ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်သွားမှသာ ထိုအရာကို စဉ်းစားထားခဲ့၏။ ထိုအချိန်ကျလျှင်လည်း သူ့ဆီတွင် ပြောရေးဆိုခွင့် ရှိလာပါလိမ့်မည်။
သူက သလင်းကျောက်ကို သုံးပြီး ထိုကျင့်စဉ်ကို လေ့ကျင့်သည်ဟုသာ ပြောနိုင်၏။ ထိုအရာက တခြားပစ္စည်းများနှင့် အလဲအလှယ်လုပ်ရမည့်အစား ဖရိုဖရဲကျင့်စဉ် ပေးရခြင်းကို ရှောင်ရှားနိုင်သည်။ ထို့ပြင် အကယ်၍ ဂိုဏ်းကသာ ထိုကဲ့သို့ သလင်းကျောက်တစ်ခုကို လိုချင်သည်ဆိုလျှင် သူတို့က နောက်ထပ်တစ်ခုကို ရှာဖွေရပါလိမ့်မည်။ သို့မဟုတ် သူတို့က သူ သေသွားမှသာ ရရှိလာမည့် သလင်းကျောက်ကို စောင့်နေရမည် ဖြစ်၏။
မုန့်ချီက စိတ်လှုပ်ရှားစွာ ရှင်းပြနေသည့်အချိန်တွင် ဖန်းပိုင်ကတော့ အန္တရာယ်များသော အခြေအနေတစ်ခုကို တွန်းပို့ခံနေရသည်။ ရေခဲချီစွမ်းအင်များက အလင်းတန်းများကဲ့သို့ ပြောင်းလဲလာပြီး ချီကျန်းရန်၏ ဓားပေါ်တွင် လှုပ်ရှားနေကြသည်။ သူတို့က ချီကျန်းရန်အတွက် လမ်းဖောက်ပေးနေသလို ဖြစ်နေခဲ့၏။
တိုက်ခိုက်မှုပေါင်းများစွာကို တားဆီးလိုက်ပြီးနောက် ဖန်းပိုင်၏ နှုတ်ခမ်းများက အပြာရောင် ပြောင်းလဲလာသည်။ ခန္ဓာကိုယ်ကလည်း ရေခဲစွမ်းအင်များ လွှမ်းခြုံလာပြီး လှုပ်ရှားမှုများ နှေးကွေးလာ၏။ ဖရိုဖရဲကျင့်စဉ်၏ လွှမ်းမိုးမှုကြောင့် သူက တန်ပြန်တိုက်ခိုက်နိုင်စွမ်းပင် ဆုံးရှုံးသွားခဲ့ရသည်။ သူက ထိုသို့ တိုက်ခိုက်၍ မရနိုင်တော့ကြောင်း သိနေ၏။
ထိုအချိန်တွင် သူက ချီစွမ်းအင်များကို အစွမ်းကုန်သုံးလိုက်ရာ သူ၏ခြေလှမ်းများက တည်ငြိမ်ပြီး ပေါ့ပါးလာခဲ့သည်။ အပေါ်ယံတွင်တော့ သူက ပြိုင်ဖက်၏ အဝေးသို့ ပြန်ဆုတ်သွားသယောင် ထင်မှတ်ရသော်လည်း တောက်ပသောအလင်းတန်းများကို ကျော်၍ သူ့ဆီကို ပြေးလာခြင်းဖြစ်သည်။
သူက လက်ကို မြှောက်ပြီး ထိုအရာကို ဆုပ်ကိုင်လိုက်၏။ လက်(၅)ချောင်းက အလွန်ထူးခြားသော ပုံသဏ္ဍာန်(၅)မျိုး ပြောင်းလဲလာသည်။ သွက်လက်ဖြတ်လတ်သော လက်သန်း၊ ရိုးရှင်းသော စက်ဝိုင်းပုံလက်သူကြွယ်၊ အားထည့်ထားသော လက်ခလယ်၊ ခန့်မှန်း၍ မရနိုင်သော လက်ညှိုးနှင့် အစွမ်းထက်သော လက်မ လက်(၅)ချောင်းက အစစ်အမှန် နဂါး(၅)ကောင်ကဲ့သို့ ဖြစ်လာခဲ့သည်။
သူက သူတို့ကို မယုံကြည်ခဲ့သော်လည်း ထိုလက်(၅)ချောင်းက ရန်သူ၏ သေကွင်းသေကွက်များကို တိုက်ခိုက်နိုင်သည်ဟု လူအုပ်ကြီးက ခံစားမိလာကြသည်။ အလွန်ကြောက်စရာကောင်းသော လေလှိုင်းများကတော့ နဂါးတစ်ကောင်၏ အစွမ်းကဲ့သို့ ထိုးဖောက်လာခဲ့သည်။ ထိုအရာက သူ၏ ဝေ့ကျင်းအဆင့် ဝှက်ဖဲဖြစ်သော နဂါး(၅)ကောင် လက်သည်းသိုင်းကွက်ဖြစ်သည်။
ဖန်းပိုင်၏ နဂါးအရှိန်အဝါနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် ချီကျန်းရန်ကတော့ တည်ငြိမ်နေသေးသည်။ သူက ဓားရှည်ကို ကိုင်ဆောင်ထားပြီး သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ရေခဲစွမ်းအင်များကို မြှင့်တင်လိုက်၏။
ဖန်းပိုင်၏ဘေးတွင် ရေခဲအလွှာတစ်ခုပေါ်လာပြီး မြေပြင်ကြီးက ချက်ချင်း ချော်ထွက်သွားခဲ့သည်။ သူက ရေခဲချီစွမ်းအင်များကိုသုံးပြီး မိုင်တစ်ထောင်အေးခဲခြင်းအစွမ်းကို သုံးလိုက်၏။
နဂါး(၅)ကောင်က ရေခဲကို ချိုးဖျက်လာသည့်အချိန်တွင် ဖန်းပိုင်၏ သွေးများက အေးခဲလာပြီး သူ၏လှုပ်ရှားမှုကလည်း နောက်တစ်ကြိမ် ရပ်တန့်သွားခဲ့သည်။ သူက စွမ်းအားများကို ဆုံးရှုံးလိုက်ရကြောင်း ချီကျန်းရန်က သိနေသည်။ ထို့ကြောင့် သူက အရှုံးပေးစေရန် အတင်းအကြပ် တွန်းအားပေး၍ တိုက်ခိုက်လိုက်သည်။
“ချီကျန်းရန်ကလည်း ဝေ့ကျင်းအဆင့် သိုင်းကွက်ကို သုံးလိုက်ပြီ။ ဟွမ်ဟွာဓားဂိုဏ်းက တပည့်တွေက တကယ်ထူးခြားတာပဲ….”
မုန့်ချီက ထိတ်လန့်သွားချင်ယောင် ဆောင်လိုက်၏။
ထိပ်တန်းပညာရှင်များကတော့ စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။ ဂိုဏ်းကြီးများမှ တပည့်များက အမှန်တကယ်ကို အစွမ်းထက်ကြသည်။ သူတို့၏ ခရီးစဉ်တိုင်းက သူတို့ကို တိုးတက်အောင် ပြောင်းလဲပေးနိုင်ကြ၏။
လူအုပ်ကြီးကလည်း အပူတပြင်း ဆွေးနွေးနေကြသည်။ လူငယ်မှတ်တမ်းတွင် နောက်ထပ် လူငယ်တစ်ယောက် ပေါ်လာလိမ့်မည်ဟု သူတို့လည်း မထင်ထားကြပေ။
ဖန်းပိုင်ကတော့ မချိပြုံး ပြုံးလိုက်မိ၏။
“အစ်ကိုချီ..
ကျွန်တော် ထပ်ပြီး မတိုက်ခိုက်ချင်တော့ဘူး။ အစ်ကိုချီရဲ့ သိုင်းပညာက ကျွန်တော့်ကို အနိုင်ကျင့်နေသလိုပဲ…”
ချီကျန်းရန်က ပြုံးလိုက်မိ၏။ ဖန်းပိုင်နှင့် စကားပြောလိုက်ပြီးနောက် သူက သမားတော်ကျုံးကို သွားတွေ့မည်ဟူသော ဆင်ခြေနှင့် ထိပ်တန်းပညာရှင်များ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်၏။
အနက်ဝတ်လူငယ်က ချီကျန်းရန်နှင့်အတူ ထွက်သွားကြောင်း မြင်လိုက်ရသည့်အချိန်တွင် ထိပ်တန်းပညာရှင်များက ရှုံ့မဲ့သွားကြသည်။ သူတို့၏ ခေါင်းထဲတွင်လည်း စကားလုံးများ ပေါ်လာခဲ့၏။
“တော်တော် ဉာဏ်နီဉာဏ်နက်များတာပဲ…”
…………………..
“အရမ်းကောင်းတယ်၊ အရမ်းကောင်းသွားပြီ၊ အစ်ကိုချီရဲ့ အစွမ်းအရဆိုရင် အနည်းဆုံးတော့ အဆင့်(၃၅)အတွင်း ဝင်နိုင်ပြီ….”
မုန့်ချီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အစ်ကိုချီ ဘယ်လိုသိုင်းလောက နာမည်မျိုးကို လိုချင်လဲ…”
ဖြစ်နိုင်ချေရှိသော သိုင်းလောက နာမည်တိုင်းကို မှတ်တမ်းထဲတွင် မှတ်တမ်းတင်၍ ရသည်။ သို့သော် သူ့ဆီတွင် ဘာကြောင့် ကောင်းမွန်သော နာမည်တစ်ခု မရှိခဲ့ရသနည်း။
ချီကျန်းရန်က ယာယီ တိတ်ဆိတ်သွားခဲ့၏။
“ညီလေးမုန့်…
နောက်ပိုင်း ငါတိုက်ခိုက်တဲ့အချိန်ကျရင် ငါ့ကို ဘေးကနေ မချီးကျူးတာ ပိုကောင်းမယ်..”
မုန့်ချီက အံ့ဩသွားခဲ့သည်။
“အမ် … ဘာလို့လဲ…”
ချီကျန်းရန်က လေပူများကို မှုတ်ထုတ်လိုက်၏။
“မင်းပြောတာတွေက အရမ်းကို ချီးကျူးလွန်းနေတယ်။ ဒါကြောင့် ငါက မင်းရဲ့ ချီးကျူးမှုမှာ သာယာသွားတယ်။ မင်းက ငါ့အကြောင်းကို သိနေတဲ့ လူတစ်ယောက် ဆိုတော့ ငါက အရှက်ရသလို ခံစားမိပြီး ကောင်းကောင်း အာရုံမစိုက်နိုင်တော့ဘူး”
မုန့်ချီက သက်ပြင်းချလိုက်မိသည်။ သူကတော့ ဝမ်ကိုက်နှင့် နှိုင်းယှဉ်၍ မရနိုင်သေးပေ။
သိပ်မကြာခင် သူတို့နှစ်ယောက်က ကျုံးမိသားစု ရဲတိုက်ထဲသို့ ရောက်လာပြီး သူတို့ရောက်လာသည့်အကြောင်းကို အစေခံဆီပြော၍ သတင်းပို့ခိုင်းလိုက်သည်။
အစေခံကတော့ သူ့သခင်ကို သတင်းသွားမပို့ဘဲ တိုက်ရိုက် ငြင်းဆန်လိုက်၏။
“ကျေးဇူးပြုပြီး ပြန်ကြပါတော့။ ကျွန်တော့်သခင်က ဒီရက်ပိုင်း စိတ်အခြေအနေ မကောင်းဘူး…”
Translated by Hein Htet.