အခန်း (၃၂၆)
Vol. 22 Ch. 326
မုန့်ချီကတော့ အနည်းငယ်လေးပင် ဒေါသထွက်သွားခြင်း မရှိချေ။ သူက ချီကျန်းရန်၏ ပုခုံးကို ကိုင်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
"သွားကြစို့ …"
"ငါတို့က နောက်တစ်ကြိမ် မကြိုးစားတော့ဘူးလား... "
ချီကျန်းရန်က ပြန်မေးလိုက်သည်။
မုန့်ချီက ပြုံးလိုက်၏။
"ဒီကမ္ဘာကြီးထဲမှာ နေထိုင်တဲ့ လူတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှု မတူကြဘူး..။ ဒါပေမဲ့ သူတို့တွေက တစ်ယောက်တည်း တစ်သီးတခြား နေလို့မရဘူး..။ တကယ်လို့ လိုချင်တဲ့အရာတွေမရှိဘူး စိုးရိမ်မှုတွေ မရှိဘူးဆိုရင်တောင် မိသားစုတွေ၊ ဆွေမျိုးတွေကတော့ အဲ့ဒီလိုမဟုတ်ဘူးလေ..။ သူတို့တွေမှာ ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာတွေ ရှိတယ်.။ ပြီးတော့ မငြင်းနိုင်တဲ့သူတွေ ဆိုတာလည်း အမြဲတမ်းရှိတယ်..။ ဒါကြောင့် ကျွန်တော်တို့က မှန်ကန်တဲ့သူကို ရှာဖို့ပဲလိုတယ်... ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ပြဿနာတွေအားလုံး ဖြေရှင်းနိုင်တယ်..။ အရင်ဆုံး မိန်းကလေးဖန်းကို စောင့်လိုက်ကြစို့…"
ကျုံးတိုင်ပင်က ချန်းချွမ်တွင် မျိုးရိုးစဉ်ဆက် နေထိုင်ခဲ့ကြပြီး မိသားစုဆွေမျိုးများ ရှိသည်။ ထို့ကြောင့် သူက ရံဖန်ရံခါ နယ်မြေခံ ယပ်တောင် (၆) လက်ကျောင်းနှင့် ဖန်းမိသားစုကို အကူအညီ တောင်းရသည့်အရာများ သေချာပေါက် ရှိနိုင်၏။
အကယ်၍ သူ၏ဆေးပညာနှင့် ပတ်သက်ပြီး မာနများ ၊ မောက်မာမှုများ ရှိနေလျှင်ပင် သူကတော့ ဤနေရာ၌ တစ်ကိုယ်တည်း နေထိုင်၍ မရနိုင်ပေ။ မည်သို့ဖြစ်စေကာမူ မြစ်အရှေ့ပိုင်းတွင် နာမည်ကျော်သမားတော်များစွာ ရှိနေ၏။
အချိန်တော်တော်ကြာ တာဝန်ခံတစ်ယောက် ဖြစ်ခဲ့သော ချီကျန်းရန်က ထိုကဲ့သို့အရာမျိုးနှင့် ရင်းနှီးနေသည်။ ထို့ကြောင့် စကားတစ်ခွန်းမျှမပြောဘဲ မုန့်ချီ၏နောက်မှ လိုက်လာ၍ တည်းခိုဆောင်ထဲသို့ ပြန်လာခဲ့သည်။
သွမ့်လွေကတော့ သူတို့လို အတွေ့အကြုံမျိုး မရှိပေ။ သူက ပတ်ပတ်လည်ရှိ သူတောင်းစားများ အနိုင်ကျင့်သည့် အတွေ့အကြုံသာ ရှိခဲ့သည်။ မုန့်ချီ၏ စကားကြောင့် သူက လုံးဝကို နားမလည်နိုင် ဖြစ်နေ၏။ မိန်းကလေးဖန်းက လူနာကို ကုသရန် ငြင်းဆန်ခဲ့သော အမှား (၉) သွယ် သမားတော်ကို ဖိတ်ခေါ်ပေးရန်သာ သူလည်း မျှော်လင့်နေခဲ့သည်။
ညနေစောင်းချိန်တွင် ဖန်းယွမ်ကျင်းနှင့် လူအနည်းငယ်က သူတို့၏တည်းခိုဆောင်သို့ ရောက်လာခဲ့သည်။ သူမက အစေခံများကို ထွက်သွားရန် ပြောလိုက်ပြီး သက်လတ်ပိုင်းအရွယ် စာသင်သားတစ်ယောက်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ဒါကတော့ ကျွန်မရဲ့အဖေ.."
ထိုလူဆီတွင် ကြည်လင်တောက်ပသော မျက်နှာရှိပြီး ရှည်လျားသော မုတ်ဆိတ်မွှေး (၅)မျှင် ရှိနေသည်။ သူ၏မျက်လုံးထောင့်တွင်တော့ အရေးအကြောင်း အနည်းငယ် ရှိနေ၏။ သူ၏ခေါင်းပေါ်တွင် ရှိနေသော ဆံပင်များက အနည်းငယ် ဖြူနေသည်။ သူ့ပုံစံက ကျက်သရေရှိပြီး ခန့်ညားသည်ဟု ဆိုနိုင်သည်။
"ကျွန်တော့်နာမည်က ဖန်းပင်လို့ခေါ်တယ်..။ ကျွန်တော်က စာပေနဲ့သိုင်းပညာ (၂) မျိုးလုံး လိုက်စားတဲ့ လူတစ်ယောက်ပါပဲ ။ ကျွန်တော်က (၂) မျိုးလုံး မကျွမ်းကျင်တာတော့ ကံဆိုးသွားတယ်..။ ကျွန်တော့်ရဲ့သမီးကို အိမ်ပြန်ခေါ်လာပေးတဲ့အတွက် ဒီက သခင်လေးတို့ကို ကျေးဇူးတင်ပါတယ်...။ သခင်လေးတို့ရဲ့နာမည်ကို သိခွင့်ရှိမလား..."
"ကျွန်တော့်ရဲ့မျိုးရိုးနာမည်က စုပါ…"
တည်းခိုဆောင်ထဲတွင် မုန့်ချီက ဖန်းယွမ်ကျင်း၏ နောက်ခံအကြောင်း စုံစမ်းထားပြီးသား ဖြစ်သည်။ သူမ၏အဖေက မိသားစုခေါင်းဆောင်၏ ညီအငယ်လည်း ဖြစ်သည်။ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူက ဖန်းမိသားစုထဲတွင် ပြောရေးဆိုခွင့် ရှိသည်။
ချီကျန်းရန်က ပြန်မပြောနိုင်သေးခင် ဖန်းပင်က အပြုံးနှင့် ဝင်ပြောလိုက်၏။
"သူရဲကောင်းလေးချီ …
ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မလိုတော့ပါဘူး..။ ကျွန်တော်လည်း မီးခိုးအလင်းရောင် ကျောင်းဆောင်မှာ ရှိခဲ့တယ်လေ..။ ဒါကြောင့် သခင်လေးချီနဲ့ ဖန်းပိုင်ရဲ့တိုက်ပွဲကို မြင်ခွင့်ရခဲ့ပါတယ်..။ အရေးကြီးဆုံးအရာကတော့ ကျွန်တော်က သခင်လေးချီရဲ့ ပြိုင်ဘက်ကင်းသိုင်းပညာကို မြင်နိုင်ခဲ့တယ်..။ အလင်းရောင်တွေ လွှမ်းခြုံနေတဲ့ သခင်လေးက ကမ္ဘာပေါ်ကို ကျဆင်းလာတဲ့ အင်မော်တယ်တစ်ပါးလိုပဲ ။ ဟွမ်ဟွာဓားဂိုဏ်းမှာ သခင်လေးလို ထူးချွန်တဲ့တပည့်တစ်ယောက်ရှိတာ တကယ်ကံကောင်းပါတယ်…"
သူက လူသားနှင့် ကောင်းကင် ဆက်သွယ်မှုအဆင့်ကို မရောက်ဘဲ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ခဲ့သော်လည်း သူ့အဆင့်က အတု မဟုတ်ချေ။ မုန့်ချီနှင့် ချီကျန်းရန်တို့ (၂) ယောက်လုံးက တံခါး (၇) ပေါက်အဆင့် ပညာရှင်များဖြစ်ကြောင်း သူ သိနေသည်။ သို့သော် သူတို့၏အစွမ်းကိုတော့ မပြောနိုင်ခဲ့ပေ။
ချီကျန်းရန်၏ ဖရိုဖရဲကျင့်စဉ်ကို နမူနာယူ၍ ရသည်။ ချီကျန်းရန်၏ ချီစွမ်းအင်များက ထူးခြားပြီး ထင်ရှားကြောင်း ဖန်းပင်က တွေ့ခဲ့မိသည်။ ရေခဲသလင်းကျောက်လက်ဝါးနှင့် မီးတောက်ဓားတို့ကဲ့သို့ သူ၏ချီစွမ်းအင်များကလည်း အများဆုံး ပြိုင်ဘက်ကို အေးခဲလောင်ကျွမ်းသွားစေနိုင်သည်။ ချီကျန်းရန်က ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်မချင်း ကမ္ဘာမြေကြီးကို သက်ရောက်စေရန် မဖြစ်နိုင်ပေ။
မုန့်ချီက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကိုသုံးပြီး သူ၏ အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ထားသည့်အတွက် သူက သာမန်ချီစွမ်းအင်များ ရှိနေသော ပညာရှင်တစ်ယောက်ဟု ဖန်းပိုင်က တွေ့လိုက်ရသည်။
သို့သော် သူ့သမီးက သေချာပြောပြထားသည့်အတွက် သူက မုန့်ချီကို ပို၍သတိထားနေသည်။ ဤနေရာတွင် ကျားနတ်ဆိုးကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်သော အစွမ်းထက် လူငယ်လေးတစ်ယောက် ရှိနေခဲ့သည်။ သို့သော် သူကတော့ မုန့်ချီဆီမှ သိုင်းကွက်တစ်ကွက်ပင် ခံနိုင်ရည် မရှိခဲ့ပေ။ ထိုတိုက်ပွဲက ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသော လူကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
"ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ…"
ထိုစကားလုံးများက ချီကျန်းရန်၏ အေးတိအေးစက် အမူအရာနှင့် ကိုက်ညီမှုမရှိပေ။
မျိုးရိုးနာမည်စုဟူသော စကားကြောင့် ဖန်းပင်က စဉ်းစားနေပြီး အပြုံးနှင့် ပြောလိုက်သည်။
"သခင်လေး ရှင်းပြတဲ့ကျေးဇူးကြောင့် ကျွန်တော်တို့က သခင်လေးချီရဲ့မှော်စွမ်းရည်နဲ့ သူ့ရဲ့နောက်ကြောင်းတွေကို သိခွင့်ရခဲ့တာပါ... "
သူက အသက်ကြီးနေသော်လည်း အတော်လေး အစွမ်းထက်သည်ဟု သတ်မှတ်နိုင်သည်။ သူ့ဆီတွင် များပြားလွန်းလှသော အတွေ့အကြုံများ ရှိနေ၏။ ထို့ကြောင့် သူတို့က မိတ်ဆွေများဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူက မုန့်ချီ၏ ရည်ရွယ်ချက်ကို နားလည်နေသည်။
မုန့်ချီက ပြုံးလိုက်၏။
"အစ်ကိုချီက ခရီးသွားနေတုန်းပဲဆိုတော့ အခုချိန်ထိ အဲဒီအရာကို သူ့ဂိုဏ်းဆီ ပြန်မပေးရသေးဘူး..။ သူက ဒီကိစ္စကို စိုးရိမ်နေတဲ့အတွက် ကျွန်တော်က သူ့အတွက် ကူညီပေးလိုက်တာပါ... "
"သခင်လေးလို မိတ်ဆွေကောင်းတစ်ယောက်ရှိရတာ တကယ့်ကို ကျေနပ်စရာပါပဲ ။ သခင်လေးကရော ဟွမ်ဟွာဓားဂိုဏ်းက တပည့်တစ်ယောက်ပဲလား... "
ဖန်းပင်က သူ့ကို မေးလိုက်သည်။ သူ့ရင်ထဲတွင်တော့ အရာအားလုံးက မုန့်ချီ၏ အလွန်အကျွံ ချီးကျူးမှုဟုသာ တွေးထားခဲ့သည်။
"မဟုတ်ပါဘူး..။ ကျွန်တော်က ဒီအတိုင်းပဲ ရင်းနှီးမှုနဲ့ အစ်ကိုချီလို့ ခေါ်လိုက်တာပါ..."
မုန့်ချီက ဝိုးတဝါး ပြန်ဖြေလိုက်သည်။
ထို့နောက် မုန့်ချီက သူတို့၏နောက်တွင် ရှိနေသော လူ (၂) ယောက်ကို လက်ညှိုးထိုးပြပြီး မေးလိုက်၏။
"သူတို့က ဘယ်သူတွေလဲ... "
ဖန်းပင်နှင့် ဖန်းယွမ်ကျင်းတို့၏ဘေးတွင် နောက်ထပ် လူ (၂) ယောက် ရှိနေသေးသည်။ တစ်ယောက်က အသက် (၃၀) ခန့် ရှိ၏။ သူက ခေါင်းတွင် ပိုးသားခေါင်းစည်းတစ်ခုကို စည်းထားသည်။ သူ့ဆီတွင် မုတ်ဆိတ်မွှေးနှင့် တောက်ပသော မျက်လုံးတစ်စုံရှိနေပြီး အနည်းငယ် မောက်မာပုံရသည်။ သူက အငွေ့အသက်များကို ဖုံးကွယ်ထားသော်လည်း ဖန်းပင်ထက် ပို၍အစွမ်းထက်နိုင်သည်။
တခြား တစ်ယောက်ကတော့ နှုတ်ခမ်းမွှေး အနည်းငယ် ရှိနေသော လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။ သူ့ပုံစံက အနားတွင် ရှိနေသော လူနှင့် အနည်းငယ် တူညီနေ၏။ သူတို့က သားအဖမဟုတ်လျှင် သေချာပေါက် တစ်ခုခု ပတ်သက်နေနိုင်သည်။
ဖန်းယွမ်ကျင်းက မုတ်ဆိတ်နှင့် လူကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဒါကတော့ အမှား (၉) သွယ်သမားတော် ကျုံးတိုင်ပင်ပါ... "
သူမက အိပ်ရာပေါ်တွင် လှဲနေသော သွမ့်လွေကိုကြည့်ပြီး အဆင်ပြေနေမြေင်သည့်အခါ စိတ်အေးသွားသလို ခံစားလိုက်ရသည်။
"သူက ခံစားချက်မကောင်းဘူး မဟုတ်လား..။ ဘာလို့ ဒီကိုရောက်လာရတာလဲ... "
မုန့်ချီက အံ့သြသွားပြီး စိတ်ထဲတွင် စဉ်းစားနေခဲ့၏။
သူက ဦးညွှတ်ပြီး ပြောလိုက်၏။
"ဆရာကြီးကိုယ်တိုင် ဒီကိုရောက်လာတော့ ကျွန်တော်တို့က တကယ်ပဲ အံ့ဩမိပါတယ်... "
ချီကျန်းရန်ကလည်း သူ့အတိုင်း ဦးညွှတ်လိုက်သည်။
ကျုံးတိုင်ပင်က မျက်ခုံးပင့်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်၏။
"ငါက မင်းတို့ရဲ့အကူအညီကို လိုအပ်တယ်...”
“အမှား (၉) သွယ်သမားတော်က တော်တော်လေးကို မောက်မာတာပဲ ။ သူက အကူအညီတောင်းတဲ့အချိန်မှာတောင် သူ့ရဲ့သဘောထားကို မလျော့နိုင်ဘူး... "
မုန့်ချီက စိတ်ထဲတွင် အပြစ်တင်နေမိသော်လည်း ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
"ကျေးဇူးပြုပြီးပြောပါ... "
ကျုံးတိုင်ပင်က သူ့အနားတွင် ရှိနေသော လူငယ်လေးကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါက ငါ့သား ကျုံးဝေလို့ခေါ်တယ်... "
သူက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး လူငယ်လေးကို အပြစ်တင်လိုက်၏။
"မင်းက ကျေးဇူးမသိတတ်တဲ့သားပဲ ။ တကယ်လို့ မင်းက တစ်ခုခု တောင်းဆိုချင်တယ်ဆိုရင်လည်း ကိုယ်တိုင်သွားပြီးတော့ တောင်းဆိုလိုက်လေ... ။ ဒီအဖေက မင်းအတွက် တောင်းဆိုပေးဖို့ မျှော်လင့်နေသေးတာလား... "
မုန့်ချီက ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရသည်။ ကျုံးတိုင်ပင်က အမှန်တကယ်ကို ခေါင်းမာသော လူတစ်ယောက် ဖြစ်၏။ သူကတော့ သူနှင့်မိတ်ဆွေ ဖြစ်ချင်နေသည်။ ကျုံးတိုင်ပင်၏ မာနကြောင့် သူ၏မကျေနပ်မှုများကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။
ကျုံးဝေက နီရဲနေသော မျက်နှာအမူအရာနှင့် စကားပြန်ပြောချင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။
ဖန်းယွမ်ကျင်းက ရယ်ချင်စိတ်ကိုထိန်းပြီး အပြုံးနှင့် ပြောလိုက်သည်။
"မောင်လေးကျုံးက သမားတော်ကျုံးရဲ့ တစ်ဦးတည်းသောသားပါ.။ သူကြီးလာတဲ့အချိန်မှာ သူ့မိသားစုရဲ့ သိုင်းပညာနဲ့ ဆေးပညာကို လုံးဝဂရုမစိုက်ဘူး...။ သူက ဂိုဏ်းကြီးတစ်ခုကိုဝင်ပြီး သူ့ရဲ့စွမ်းရည်တွေကို မြှင့်တင်ချင်နေတာ... ။ သမားတော်ကျုံးက အဲဒီကိစ္စကြောင့် တော်တော်လေးကို မကျေမနပ်ဖြစ်နေတာ... "
မုန့်ချီနှင့် ချီကျန်းရန်တို့က သမားတော်၏ခံစားချက်ကို နားလည်သွားကြသည်။
"ငါက ဆေးပညာမှာ ဘာစွမ်းရည်မှမရှိဘူး... "
ကျုံးဝေက တိတ်တိတ်ဆိတ်ဆိတ် ပြန်ပြောလိုက်သည်။ သူကတော့ သူ့အဖေ၏ ဒေါသမျက်လုံးကို ကြောက်နေပုံရ၏။ ထိုသို့ဆိုရာတွင် သူက ခက်ခက်ခဲခဲ ဆက်ပြောလိုက်သည်။
"ငါ့ရဲ့ဂိုဏ်းတူအစ်ကိုကြီးတွေကသာ ငါ့ထက်ပိုပြီးထူးချွန်ကြမယ်ဆိုရင် အောင်မြင်မှုအတွက် ဘာမှစိုးရိမ်စရာ မလိုဘူး..။ တကယ်လို့ ငါက သူတို့အဆင့်အတန်းနဲ့ မညီဘူးဆိုရင်တောင် ငါ့သားကိုသင်ခိုင်းလို့ရတယ်... "
ကျုံးဝေက ငယ်သေးသော်လည်း သူ၏အနာဂတ်သားအတွက် ကြိုတင်စဉ်းစားနေခြင်း ဖြစ်သည်။ ကျုံးဝေက လျင်မြန်စွာ ထပ်ပြောလိုက်၏။
"ကျွန်တော်တို့ရဲ့သိုင်းပညာက ကျွန်တော်တို့ရဲ့ဆေးပညာလောက် မကောင်းဘူး...။ ယောကျ်ားတစ်ယောက် ဖြစ်တဲ့အတွက် ကျွန်တော်က ပိုကောင်းတဲ့ နည်းလမ်းတစ်ခုကို ရှာသင့်တာပဲ မဟုတ်ဘူးလား..."
"ကျေးဇူးမသိတတ်တဲ့သား …
ငါတို့ရဲ့ဖြေရှင်းနည်း (၈) သွယ် အစိမ်းရောင်အိတ်က ဘာလို့ နိမ့်ကျတယ်လို့ ထင်နေရတာလဲ..။ ငါက အဲဒါရဲ့ကျေးဇူးကြောင့် လူငယ်မှတ်တမ်းထဲမှာ ပညာရှင်တစ်ယောက် ဖြစ်လာတယ်..။ မင်းက အဲဒါကိုရှင်းရှင်းလင်းလင်း မပြောနိုင်ဘူးဆိုရင် ငါ မင်းကို အပြစ်ပေးရလိမ့်မယ်... "
ကျုံးတိုင်ပင်က အလွန်ဒေါသထွက်နေသည့်အတွက် သူ၏မုတ်ဆိတ်မွှေးများကပင် လှုပ်ရှားနေခဲ့သည်။
မုန့်ချီက စိတ်ထဲတွင် ကျယ်လောင်စွာ ရယ်နေမိ၏။ လူနာများစွာက အမှား(၉)သွယ်သမားတော်ကြောင့် ဒေါသထွက်နေခဲ့သော်လည်း ယခုတော့ သူ့သားက သူတို့အတွက် လက်တုံ့ပြန်ပေးနေသည်။ လူတိုင်းတွင် သူတို့ကြောက်ရသောသူ ရှိသည်ဟူသည်မှာ အမှန်သာ ဖြစ်၏။
ကျုံးဝေကတော့ ခေါင်းမာစွာ ငြင်းဆန်လိုက်သည်။
"ဟုတ်တယ်..။ အဲဒါက အားနည်းတာပဲလေ..။ အဲဒါက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်အတွက်တော့ အစွမ်းထက်တဲ့နည်းလမ်းတစ်ခုပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ မိသားစုမှာ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်မရှိတာ ကြာလှနေပြီ ။ အဖေ့လို ထူးချွန်ထက်မြက်ပြီး အစောကြီးကတည်းက နာမည်ကျော်ကြားတဲ့ လူတစ်ယောက်ကတောင် ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ ။ ကျွန်တော် ပြောတာမှားလို့လား..”
“ကျွန်တော်က ညီမလေးဖန်းကို ကယ်ခဲ့တဲ့ သခင်လေးသွမ့်ထက် ပိုပြီးအသက်ကြီးတယ်..။ သူကတော့ လက်သီးတစ်ချက်တည်းနဲ့ နတ်ဆိုးကျား တစ်ကောင်ကို သတ်ပစ်နိုင်တယ်..။ ဒါပေမယ့် ကျွန်တော်ကရော ။ ကျွန်တော်က သာမန်ကျားတစ်ကောင်ကိုတောင် သတ်နိုင်လို့လား... "
ကျုံးတိုင်ပင်က အလွန်ဒေါသထွက်နေသည့်အတွက် မျက်လုံးပြူးပြီး မုတ်ဆိတ်မွှေးများ လှုပ်ရှားနေသော်လည်း သူ့စကားကိုတော့ ငြင်းဆန်နိုင်ခဲ့ခြင်း မရှိချေ။ ခဏကြာပြီးနောက် သူက သက်ပြင်းချပြီး တစ်ယောက်တည်း ဝမ်းနည်းစွာ ရေရွတ်လိုက်၏။
"ဒါပေမဲ့ ငါတို့က ဘိုးဘေးတွေရဲ့သိုင်းပညာကို စွန့်လွှတ်လို့မရဘူးလေ... "
သူတို့က မူလအစစ်အမှန် ရည်ရွယ်ချက်ကို ပြန်ရောက်လာကြောင်း မြင်လိုက်ရသည့်အခါ ဖန်းယွမ်ကျင်းက ချက်ချင်း ဝင်ပြောလိုက်သည်။
"သခင်လေးချီ …
မောင်လေးကျုံးက သခင်လေးနဲ့ ဖန်းပိုင်တို့ရဲ့တိုက်ပွဲကို မြင်ခဲ့ရတယ်...။ သူက သခင်လေးရဲ့သိုင်းပညာကို အရမ်းသဘောကျနေပြီး အဲဒါက အကောင်းဆုံး သိုင်းပညာလို့လည်း စဉ်းစားထားတယ်..။ သူ့လို လူတစ်ယောက်က အင်မော်တယ်တစ်ယောက်လို ဖြစ်နိုင်တဲ့ သိုင်းပညာတစ်ခုကို လေ့ကျင့်သင့်တယ်လေ..။ သခင်လေးချီက သူ့ကိုတပည့်အဖြစ် လက်ခံပေးလို့ ရမလား... "
ရှောင်လင်ကျောင်းတော်မှ တပည့်များနှင့် ယှဉ်လိုက်လျှင် ဟွမ်ဟွာဓားဂိုဏ်းမှ တပည့်များက ခရီးသွားလာနေရင်း တပည့်များ လက်ခံ၍ ရနိုင်သည်။
ချီကျန်းရန်က မျက်ခုံးပင့်လိုက်ပြီး ငြင်းဆန်ရန်ပြင်လိုက်စဉ် မုန့်ချီက အပြုံးနှင့် ဖြတ်ပြောလိုက်၏။
"အစ်ကိုချီ လေ့ကျင့်နေတဲ့ နတ်ဘုရားစွမ်းရည်က သလင်းကျောက်ထဲမှာရှိနေတဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို စုပ်ယူပြီး လေ့ကျင့်ရတာ..။ ပြီးတော့ သူက ထူးခြားတဲ့ သလင်းကျောက်တွေကိုလည်း သုံးရသေးတယ်..။ ဒါကြောင့် သူတောင် ကနဦးအခြေအနေပဲ ရှိနေသေးတယ်..။ ဝမ်းနည်းစရာကတော့ သူက ပြည့်စုံတဲ့ အခြေအနေကို မရောက်မချင်း ဒီသိုင်းပညာကို တခြားလူတစ်ယောက်ဆီ သင်ပေးလို့ မရနိုင်ဘူး..။ တကယ်လို့ သူက တချို့တစ်ဝက် သင်ပေးချင်တယ်ဆိုရင်တောင် လေ့ကျင့်မှုအတွက် သလင်းကျောက်တွေ လိုအပ်သေးတယ်... "
ပုံမှန်အားဖြင့် ပညာရှင်တစ်ယောက်က အခြေအနေ (၂) ခုရှိမှသာ ဖရိုဖရဲကျင့်စဉ်ကို လေ့ကျင့်နိုင်ကြသည်။ ချီကျန်းရန်က သူ၏ကိုယ်ပိုင်တပည့်ဆီသို့ ထိုနတ်ဘုရားကျင့်စဉ်ကို သင်ကြားပေးလိုသော်လည်း သူ့ဆီတွင် လိုအပ်ချက် အနည်းငယ် ရှိသည်။ ဥပမာအနေနှင့် ပြောရလျှင် ရှားပါးသော သလင်းကျောက်များ ဖြစ်၏။ သူတို့က ထိုပြဿနာကို တစ်ကြိမ်ပြောခဲ့ဖူးသည်။
ကျုံးဝေက စိတ်ပျက်သွားပြီး သူ့အဖေကတော့ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရ၏။ သူက သူ့သားကို ချက်ချင်းခေါ်သွားရန် စဉ်းစားလိုက်သည်။
"ဒီကမ္ဘာကြီးထဲမှာ တူညီတဲ့နတ်ဘုရားစွမ်းရည်တွေ အများကြီးရှိပါတယ်..။ အထူးသဖြင့် ဂိုဏ်းကြီးတွေထဲမှာပဲ …"
မုန့်ချီက အပြုံးနှင့် ဆက်ပြောလိုက်၏။
"တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင်တော့ ငါက ဂိုဏ်းကြီးတချို့နဲ့ မိတ်ဆက်ပေးလို့ရတယ်... ။ မင်းက ဟွမ်ဟွာဓားဂိုဏ်း ၊ ကျိကျန်းဓားစံအိမ်နဲ့ ကျန်းဝူဂိုဏ်းတို့ကို စိတ်ဝင်စားလား... ။ တကယ်လို့ မင်းက ဗျပ်စောင်းစွမ်းရည်နဲ့ အဆင့်မြင့်ဝိညာဉ် လေ့ကျင့်ချင်တယ်ဆိုရင်လည်း ငါက ကူညီပေးလို့ရတယ်... "
ကျန်းကျိဝေက ဟွမ်ဟွာဓားဂိုဏ်းဆီသို့ တပည့်တစ်ယောက် အလွယ်တကူ ပို့ဆောင်ပေးနိုင်သည်။ ကျိကျန်းဓားစံအိမ်အတွက်တော့ ချီကျန်းရန်က နာမည်ကျော်ကြားလာလျှင် တပည့်သစ်တစ်ယောက် မိတ်ဆက်ပေး၍ ရနိုင်သည်။
အကယ်၍ ကျုံးဝေက ကျန်းဝူဂိုဏ်းထဲသို့ ဝင်ချင်သည်ဆိုလျှင်တော့ မုန့်ချီက ယောင်လူငယ်လေးကို အကူအညီတောင်း၍ ရနိုင်သည်။ မည်သို့ဖြစ်စေကာမူ သူက အပေါ်ယံတွင် မောက်မာသော်လည်း စိတ်ထဲတွင်တော့ အလွန်သဘောကောင်းသည်။
ကျိုးနိုင်ငံ ဝမ်မိသားစုနှင့် လန်းယာ့မှ ရွမ်မိသားစုတို့ကတော့ ကျုံးဝေကို သူတို့၏မိသားစု နည်းလမ်းများ မသင်ကြားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမိသားစုများက လက်ထပ်ခြင်းနှင့်သာ သူတို့၏သိုင်းပညာများကို လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ သို့သော် သူတို့၏ ဝေ့ကျင်းအဆင့် ထိပ်တန်းသိုင်းပညာတစ်ခုကိုတော့ လေ့ကျင့်နိုင်သည်။
မုန့်ချီက ပင်မသိုင်းဂိုဏ်းကြီးများနှင့် အထက်တန်းလွှာ မိသားစုကြီးများ အကြောင်းပြောနေပြီး သူတို့အားလုံးက သူနှင့် ရင်းနှီးနေသလို ထင်မှတ်နေရသည်။ သူ၏မိတ်ဆွေများက နေရာတိုင်းတွင် ပြန့်ကျဲနေသလို ဖြစ်နေ၏။
ထိုအချိန်တွင် ချီကျန်းရန်ကလွဲလျှင် လူတိုင်းက သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။ ထို့နောက် ဖန်းပင်က ယခုနောက်ပိုင်းတွင်မှ နာမည်ကြီးလာသော လူငယ်တစ်ယောက်ကို ချက်ချင်း မှတ်မိသွားခဲ့သည်။ သူက မုန့်ချီ၏ခါးတွင် ချိတ်ထားသော ဓားမောက်ကိုကြည့်ပြီး မေးလိုက်၏။
"ဒီက သခင်လေးက သခင်လေးစုလား... "
မုန့်ချီက စိတ်ထဲတွင် ကြိတ်၍ပြုံးလိုက်ပြီး လက် (၂) ဖက်ဆုပ်၍ ပြောလိုက်သည်။
"ကျွန်တော်ပါပဲ …"
"ဒါကြောင့်လည်း သူက သခင်လေးသွမ့်ကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့တာပဲ…"
ဖန်းယွမ်ကျင်းကလည်း ချက်ချင်းပင် တွေးလိုက်မိသည်။
သူတို့၏ရှေ့တွင် ရှိနေသော လူငယ်က ထိပ်ဆုံးပညာရှင် အယောက် (၂၀) ထဲတွင် ရှိနေသည့်အတွက် အလွန်အစွမ်းထက်သည်။ သခင်လေးစုက နောက်ထပ် အဆင့်သတ်မှတ်ချက်တွင် အဆင့်တက်လာတော့မည်ဟုပင် ပြောကြ၏။
"စုမုန့် … သတ်ဖြတ်ရေးဓားလား... "
ကျုံးတိုင်ပင်က အံ့ဩသွားခဲ့သည်။
ကျုံးဝေက မုန့်ချီကို သေချာ စိုက်ကြည့်နေခဲ့၏။ သူ့ရှေ့တွင် ရှိနေသော လူငယ်က အလွန်နာမည်ကျော်ကြားသော ပညာရှင်တစ်ယောက်ဖြစ်မည်ဟု သူက မယုံကြည်နိုင်ခဲ့ပေ။
"မင်းက လိမ်နေတာတော့ မဟုတ်ဘူးမလား... "
သူက မုန့်ချီကို စစ်ဆေးရန် ယပ်တောင် (၆) လက်ကျောင်းမှ လူဆိုးထိန်း တစ်ယောက်ကိုပင် မေးမြန်းချင်နေပုံရသည်။
"မင်းက စမ်းကြည့်လို့ရတယ်လေ... "
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။ သူ၏ဝါသနာတစ်ခုကတော့ မာနကြီးသော လူငယ်လေးများကို သင်ခန်းစာပေးခြင်း ဖြစ်သည်။ သူက ကျုံးဝေထက် (၂) နှစ်ခန့်သာ ပို၍အသက်ကြီး၏။ သို့သော် သူက ယခင်ဘဝတွင် အသက် (၂၀) ခန့် ရှင်သန်နေထိုင်ခဲ့သည်။
ကျုံးဝေက စိုးရိမ်ထိတ်လန့်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။ သို့သော် သူက အကြောက်အလန့်မရှိသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက အံကြိတ်ပြီး ပြောလိုက်၏။
"ကျေးဇူးပြုပြီး သခင်လေးစု… လမ်းညွှန်ပေးပါဦး.. "
သူက မုန့်ချီဆီသို့ ပြေးဝင်သွားပြီး သူ၏လက်ဝါး (၂) ခုကို လက်သီးများအဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ခြေလှမ်းများကလည်း အတော်လေးကို တည်ငြိမ်သည့်အတွက် သူ့ဆီတွင် ခိုင်မာသော အုတ်မြစ်ရှိကြောင်း ပြသနေ၏။
မုန့်ချီကတော့ လက်မြှောက်ခြင်း မရှိသလို ခြေထောက်နေရာရွှေ့ခြင်းလည်း မရှိချေ။ သူက စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး ကျုံးဝေ၏ဘယ်ဘက်ဒူးကို စိုက်ကြည့်လိုက်သည်။
ပြိုင်ဘက်၏ အကြည့်ကို ခံစားမိသည်နှင့် ကျုံးဝေက သူ၏အားနည်းချက်ကို ခံစားမိလိုက်၏။ ထိုအကြည့်က ထိခိုက်ဒဏ်ရာရစေခြင်း မရှိသော်လည်း သူကတော့ သူ၏သိုင်းကွက်ကို ပြောင်းလဲလိုက်ရသည်။
"သူက ဟာကွက်ကို မြင်နေရတာပဲ …"
သူက ချက်ချင်းပင် ခြေထောက်ကို တစ်ပတ်လှည့်လိုက်ပြီး လက်ဝါးကို လှိုင်းလုံးတစ်ခုအဖြစ် ပြောင်းလဲပြီး မုန့်ချီကို တိုက်ခိုက်လိုက်ပြန်သည်။ မုန့်ချီကတော့ ထိုလူငယ်၏ ဘယ်ဘက်လက်ဝါးကို စိုက်ကြည့်လိုက်၏။
"တကယ်ထက်မြက်တဲ့မျက်လုံးပဲ …"
ကျုံးဝေက စိတ်ထဲတွင် ကျိန်ဆဲလိုက်မိပြီး နောက်တစ်ကြိမ် တွေးလိုက်မိပြန်သည်။ သူက နောက်တစ်ကြိမ် သိုင်းကွက်ပြောင်းလိုက်ပြန်၏။
ဖန်းယွမ်ကျင်းကတော့ စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။ မုန့်ချီက ထိုင်ခုံတွင် အေးအေးဆေးဆေး ထိုင်နေပြီး လှုပ်ရှားခြင်း မရှိသော်လည်း ဘာကြောင့် ကျုံးဝေက အရူးတစ်ယောက်ကဲ့သို့ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဖြစ်နေရသနည်း။
သို့သော် ကျုံးတိုင်ပင်နှင့် ဖန်းပင်တို့ (၂) ယောက်လုံး၏ အမူအရာကတော့ အလွန်လေးနက်နေကြသည်။ ကျုံးဝေက သူ၏သိုင်းကွက်များကို အတင်းအကြပ် ပြောင်းလဲလိုက်ရပြီးနောက် သူ၏နဖူးပေါ်မှနေ၍ ချွေးစေးများ ကျဆင်းလာခဲ့၏။ နောက်ဆုံးတွင်တော့ သူက ဘယ်ခြေထောက်နှင့် ညာခြေထောက်တိုက်မိပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။
သူလဲမသွားခင် သူ့အဖေက အင်္ကျီလက်နှင့် လှမ်းထိန်းလိုက်သည်မှာ ကံကောင်းသွား၏။
"ငါ့သားကို လမ်းညွှန်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... "
ကျုံးတိုင်ပင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ရှုံးသွားတာလား... ။ ကျုံးဝေက ရှုံးသွားတာလား... "
ဖန်းယွမ်ကျင်းက မုန့်ချီကို လူသားပုံစံပြောင်းထားသော မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ စိုက်ကြည့်မိနေမိ၏။
"တကယ့်ကို မယုံကြည်နိုင်စရာပဲ ။ သူက မလှုပ်ရှားရသေးပဲ ကျုံးဝေက ရှုံးသွားခဲ့တယ်... "
ကျုံးဝေကတော့ ဒေါသထွက်ရမည့်အစား အလွန်ဝမ်းသာသွားခဲ့၏။ သူက မုန့်ချီကိုကြည့်ပြီး မေးလိုက်သည်။
"သခင်လေးစု …
ကျွန်တော့်ကို သခင်လေးစုရဲ့တပည့်အဖြစ် လက်ခံပေးနိုင်မလား... "
မုန့်ချီက ထူးထူးခြားခြားကို အစွမ်းထက်လွန်းလှသည့်အတွက် သူက ကျေနပ်နေခဲ့သည်။
"ငါက ငါ့ရဲ့သိုင်းပညာကို ဘယ်သူ့ကိုမှ သင်မပေးပါဘူးလို့ ကျိန်ထားရတယ်... "
မုန့်ချီက သူ့ကိုနားလည်ပေးရန် ပြောလိုက်၏။ ထိုအရာက ရှောင်လင်၏ ထိပ်တန်းသိုင်းပညာတစ်ခု ဖြစ်သည်။
ကျုံးတိုင်ပင်က ထိုအရာကို ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
"သခင်လေးစု …
ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့သားကို စဉ်းစားဖို့ ရက်နည်းနည်းလောက် အချိန်ပေးလို့ရမလား..။ သူက ဂိုဏ်းကြီးတစ်ခုကို ဝင်ချင်လား မဝင်ချင်လား ကိုယ်တိုင်စဉ်းစားပါစေ။ ဒါကိုတော့ သခင်လေးစုကိုပဲ ဒုက္ခပေးရတော့မယ်... "
သူက ထိုကဲ့သို့ ခံစားချက်ပြင်းထန်သော စကားများကို ပြောဆိုတတ်ခြင်း မရှိချေ။ သူက ချက်ချင်းပင် ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်၏။
"ကျွန်တော်က လူနာကိုကြည့်ပေးပါ့မယ် ။ သူက ဘယ်မှာလဲ... "
လူနာက အိပ်ယာပေါ်တွင် လှဲနေသည်ဟု မုန့်ချီက ပြောချင်နေသည်။ သမားတော်ကသာ မျက်စိကန်းမနေလျှင် မြင်ရမည် မဟုတ်ပေလော။
Translated by Hein Htet