အခန်' (၃၂၇)
Vol. 22 Ch. 327
သို့ရာတွင် ထိုအရာက အတွေးတစ်ခုတည်းသာ ဖြစ်သည်။ မုန့်ချီက သွမ့်လွေကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"သမားတော်ကျုံး..
ဒါကတော့ စိတ်နှစ်ခွရောဂါရနေတဲ့ သွမ့်လွေပါ…"
"သူက သွမ့်ဖူရှန့် မဟုတ်ဘူးလား.."
ဖန်းယွမ်ကျင်းက ဝင်ပြောလိုက်သည်။
မုန့်ချီက မည်သည့်အရာများဖြစ်နေကြောင်း နားလည်သွား၏။ သူက တိုးတိုးလေးရယ်ပြောလိုက်သည်။
"သူ့ကို အဲဒီလိုခေါ်လို့လည်း ရပါတယ်.."
အိပ်ရာပေါ်တွင် သွေးကြောပိတ်ခံထားရပြီး လှဲနေသော လူငယ်ကို မြင်လိုက်ရသည့်အခါ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်ဖြစ်သော ကျုံးတိုင်ပင်က အခန်းထဲသို့ လျှောက်သွားခဲ့သည်။ ကြည့်လိုက်ရုံနှင့် သွမ့်လွေက နေမကောင်း ဖြစ်နေကြောင်း သူသိနေ၏။
သူက အိပ်ယာဘေးတွင် ထိုင်လိုက်ပြီး သွမ့်လွေ၏ ဘယ်လက်ကို မြှောက်ကြည့်လိုက်သည်။ ထို့နောက် သွမ့်လွေ၏ လက်ကောက်ဝတ်ကို ကိုင်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို ထူးဆန်းစွာ တင်လိုက်၏။
သူက တည်ငြိမ်စွာ အာရုံစိုက်နေသည့်အချိန်တွင် မုန့်ချီတို့ကတော့ စကားမပြောတော့ပဲ တိတ်တဆိတ် စောင့်နေကြသည်။ ခဏကြာပြီးနောက် ကျုံးတိုင်ပင်က သူ၏ လက်ချောင်းလေးများကို ရုတ်သိမ်းလိုက်ပြီး ငွေအပ်တစ်ဒါဇင်ကို ထုတ်လိုက်သည်။ ထို့နောက် သွမ့်လွေ၏ မတူညီသော သွေးကြောမှတ်များတွင် ထိုအရာများကို စိုက်လိုက်၏။
သွမ့်လွေ၏မျက်နှာက ရှုံ့မဲ့လာပြီး သိပ်မကြာခင် သူ၏မျက်လုံးများက မည်းမှောင်လာသည်။ သူ၏မျက်လုံးသူငယ်အိမ်က ပျောက်ကွယ်သွားသလို ထင်မှတ်ရ၏။
"ငါ မင်းကို သတ်မယ်.."
သူက ဆိုးဆိုးဝါးဝါး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သမားတော်ကျုံးက သူ့ကို သွေးကြောပိတ်ထားသော်လည်း သူ၏သွေးကြောတစ်ချို့က ပြန်ပွင့်လာပြီး စကားပြောရန် စွမ်းရည်တစ်ချို့ ရှိလာသည်။ သူက ပါးစပ်ဟပြီး တံတွေးထွေးထုတ်ရန် ပြင်လိုက်၏။
ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ဖြစ်ပြီး သွမ့်လွေ၏ခန္ဓာကိုယ်ပေါ်တွင် ငွေအပ်များကို စိုက်ထားသည့်အတွက် မည်သည့်အရာများဖြစ်နေကြောင်း ကျုံးတိုင်ပင်က မသိဘဲ နေမည်လော။
သူက ချက်ချင်းပင် သူ၏ချီစွမ်းအင်များကိုသုံးပြီး သွမ့်လွေကို ပါးစပ်ပိတ်လိုက်သည်။ ထို့နောက် ငွေအပ်ကို ဆွဲထုတ်လိုက်၏။ သွမ့်လွေ၏မျက်နှာက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်ကို မြင်လိုက်ရသည့်အခါ သူက တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
ပြောင်းလဲမှုများစွာကြောင့် မုန့်ချီက သူ့ကို အထင်ကြီးသွားခဲ့၏။ အမှား(၉)သွယ် သမားတော်က အလွန်ခေါင်းမာသော လူတစ်ယောက်ဖြစ်သော်လည်း သူ၏ဆေးပညာကတော့ အမှန်တကယ်ကို ထူးခြားလွန်းလှသည်။ ထို့ကြောင့်လည်း ထိုကဲ့သို့ ဂုဏ်သတင်းကို ရရှိခဲ့ခြင်းဖြစ်၏။
မုန့်ချီက စကားမပြောရသေးခင် ဖန်းယွမ်ကျင်းက မေးလိုက်၏။
"ဦးလေးကျုံး..
အဲဒါက စိတ်နှစ်ခွရောဂါပဲလား…"
သူမ၏လုပ်ရပ်ကို ဖန်းပင်က သတိထားမိခဲ့သည်။ သို့သော် သူကတော့ စကားတစ်ခွန်းမျှ ဝင်မပြောသည့်အတွက် မုန့်ချီက အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။
ကျုံးတိုင်ပင်က မုတ်ဆိတ်မွှေးကို လက်နှင့်သပ်ပြီး အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
"တကယ့်ကို စိတ်နှစ်ခွရောဂါပါပဲ။ သခင်လေးစု..
ကျေးဇူးပြုပြီး အဖြစ်အပျက်တွေအားလုံးကို ပြောပြပေးပါဦး။ ဘာလို့လဲဆိုတော့ စိတ်နှစ်ခွရောဂါမှာ မတူညီတဲ့အမျိုးအစားတွေ အများကြီးရှိတယ်…"
စစ်ဆေးခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်းနှင့် သွေးကြောစစ်ဆေးမှုများအပါအဝင် မေးခွန်းထုတ်ခြင်းကလည်း လူနာကို ကုသသည့် အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
မုန့်ချီက သွမ့်လွေဆီမှ သူမြင်ခဲ့ ကြားခဲ့ရသော အရာအားလုံးကို ပြောပြလိုက်သည်။ ထိုအထဲတွင် ကျန်းချန်၏ခိုးမှုနှင့် သွမ့်လွေက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို လေ့ကျင့်ထားနိုင်သည်ဟူသော ဖြစ်နိုင်ချေကိုတော့ မပြောခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင်တော့ သူလည်း အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။
"အရိုးကြွက်သားအားဖြည့်ကျင့်စဉ်က ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်ပြီး သိုင်းပညာနဲ့ လှုပ်ရှားမှုတွေထဲမှာ ပေါင်းစပ်နိုင်တဲ့ ပြိုင်ဖက်ကင်း နတ်ဘုရားသိုင်းပညာတစ်မျိုးပဲ။ ဒါပေမဲ့ အဲဒါက လူတစ်ယောက်ရဲ့ချီစွမ်းအားတွေနဲ့ပဲ ပတ်သက်နေတဲ့အတွက် သွမ့်လွေရဲ့ မကောင်းဆိုးဝါးလမ်းစဉ်ချီစွမ်းအင်တွေက လုံးဝမဖြစ်နိုင်ဘူး။ သူက တစ်ခုခုကို လိမ်ညာထားတာလား။ သူ့ရဲ့မွေးစားအဖေက သူ့ကို အရမ်းထူးချွန်တဲ့ နတ်ဆိုးသိုင်းပညာတစ်ခု သင်ကြားပေးခဲ့တယ်။ သူက အဲဒီသိုင်းပညာကို အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ရဲ့အကူအညီနဲ့ တိုးတက်အောင် လုပ်နိုင်ခဲ့တာလား…"
ဖန်းယွမ်ကျင်းက ပထမဆုံးအကြိမ် သွမ့်လွေ၏ နောက်ကြောင်းနှင့် သူ၏သိုင်းပညာ အရင်းအမြစ်ကို သိသွားခဲ့သည်။ သူမက သူ့အတွက် ဝမ်းနည်းနေခဲ့ပြီး ရူးသွပ်သွားသော သွမ့်လွေ၏ မွေးစားအဖေကိုသာ အပြစ်တင်ရမည်ဟု ယုံကြည်နေခဲ့သည်။ သူ၏ကျင့်စဉ်ပုံစံ(၉)မျိုးက စိတ်နှစ်ခွရောဂါ၏ အရင်းအမြစ်ဖြစ်မည်ဟု သူမလည်း မတွေးမိခဲ့ပေ။
ဖန်းပင်က ခေါင်းညိတ်လိုက်မိသည်။ အကယ်၍ စိတ်နှစ်ခွရောဂါကသာ သိုင်းပညာကြောင့် ဖြစ်သည်ဆိုလျှင် သွမ့်လွေက လေ့ကျင့်မှုရပ်လိုက်သည်နှင့် စိုးရိမ်စရာ မလိုတော့ပေ။ ထိုမျှကောင်းမွန်သော ခန္ဓာကိုယ်အချိုးအစားကြောင့် သူက တစ်ခြားသိုင်းပညာများကို လေ့ကျင့်လျှင်လည်း လျင်မြန်စွာ တိုးတက်နိုင်သေးသည်။
ကျုံးတိုင်ပင်က မုတ်ဆိတ်မွှေးကိုသပ်နေရင်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေခဲ့၏။ ထို့နောက် သူက ပြောလိုက်သည်။
"စိတ်နှစ်ခွရောဂါတစ်မျိုးကတော့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်နှစ်ခု ရှိနေတာ။ သူတို့တွေကတော့ ရှေးအချိန်တည်းက ရှိနေခဲ့တာမျိုးပဲ။ တစ်ချို့ကတော့ အဲဒီအရာနဲ့ အတူတူမွေးလာခဲ့တာ။ တစ်ချို့ကတော့ အသက်ရှင်ချင်နေတဲ့ ဝိညာဉ်တစ်ခု ခန္ဓာကိုယ်ထဲကို ကျူးကျော်လာခဲ့တာ။ တကယ်လို့ တစ်ယောက်ယောက်ကသာ အဲဒီလို အခြေအနေတစ်ရပ်ရပ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် တစ်ခြားဝိညာဉ်ကို ဖိနှိပ်ဖို့အတွက် ပင်မဝိညာဉ်ကို အာရုံစိုက်လေ့ကျင့်ထားတဲ့ ပညာရှင်တစ်ယောက်ယောက်ကို ရှာဖွေဖို့ လိုအပ်တယ်။ အဲဒီနောက်မှာတော့ သူ့ကို တစ်ကြိမ် ကုသပေးလိုက်ပြီး အဆောင်တွေ ဆေးတွေရဲ့အကူအညီနဲ့ ဆက်ပြီးထိန်းရတယ်…”
“ဒါပေမဲ့ အဲဒီဖြစ်စဉ်ကလည်း တော်တော်လေး ပြဿနာများတယ်။ တကယ်လို့ အမှားတစ်ခုခု ဖြစ်သွားမယ်ဆိုရင် မူလဝိညာဉ်က အလွယ်တကူ ထိခိုက်သွားနိုင်တယ်။ ငါက ခန္ဓာကိုယ်တစ်ခုထဲမှာ ဝိညာဉ်နှစ်ခုရှိနေတဲ့ စိတ်နှစ်ခွရောဂါဝေဒနာရှင် တစ်ယောက်ကို ကုသပေးခဲ့ဖူးတယ်…”
“ဒါပေမဲ့ သခင်လေးစုရဲ့ စကားကို ကြားပြီးတဲ့နောက် ငါက သခင်လေးသွမ့်ရဲ့ သွေးကြောတွေကို စစ်ဆေးကြည့်လိုက်တယ်။ ဒီလိုစိတ်နှစ်ခွရောဂါမျိုးက တကယ်ပဲ ကုသလို့ရနိုင်ပါတယ်…"
ပထမတွင် ဖန်းယွမ်ကျင်းက အလွန်စိုးရိမ်နေခဲ့သည်။ သို့သော် ကျုံးတိုင်ပင်က အတည်ပြုပေးလိုက်ပြီးနောက် သူမက စိတ်သက်သာရာရသွားသလို ခံစားလိုက်ရ၏။ သူမက စိတ်ထဲတွင်လည်း အပြစ်တင်လိုက်မိသည်။
"ဘာလို့ ဦးလေးကျုံးက ဒီလောက်တောင် စကားများနေရတာလဲ။ သူက ဘာမှစိုးရိမ်စရာ မလိုဘူးဆိုတဲ့ အကြောင်းပြချက်လောက်ကို ပြောလိုက်ရင်ရပြီ မဟုတ်လား…"
မုန့်ချီက နားထောင်နေရင်း တစ်ယောက်တည်းစဉ်းစားနေခဲ့သည်။
"ငါက ဒီဖက်ဘဝကို ရောက်လာပြီးနောက် မူလ စုကျိယွမ်ရဲ့ဝိညာဉ်က ပျောက်ကွယ်မသွားခဲ့ဘူး။ အဲဒီနောက် ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာလည်း ဝိညာဉ်နှစ်ခု ရှိလာနိုင်ပြီး ငါက နောက်ထပ်ဝေဒနာရှင်တစ်ယောက်ဖြစ်နိုင်တယ်။ ဒါဆိုရင် နတ်ဆိုးမ ကူရှောင်စန်းက ဘယ်လိုအမျိုးအစားမျိုးလဲ…"
အိပ်ရာပေါ်၌ လဲနေသော သွမ့်လွေကိုကြည့်ပြီး ကျုံးဝေက အားကျမိသလို သနားလည်း သနားနေသည်။ သွမ့်လွေက တံခါး(၇)ပေါက်အဆင့် ပညာရှင်တစ်ယောက်ကိုပင် အနိုင်ရနိုင်သော ထိပ်တန်းသိုင်းပညာတစ်ခုကို လေ့ကျင့်ထားခဲ့၏။ သို့သော် သူ့ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်ပဲ ထိုကဲ့သို့ အရှုပ်အထွေးတစ်ခု ဖြစ်လာနိုင်သည်မှာ အလွန်ရှက်စရာကောင်းသည်။
"သခင်လေးသွမ့်ရဲ့ စိတ်နှစ်ခွရောဂါက အမြစ်တွယ်နေပြီ.."
ကျုံးတိုင်ပင်က တစ်ခြားသောသမားတော်များကဲ့သို့ အပိုစကားများကို မပြောခဲ့ပေ။
"သူက သနားကြင်နာတတ်ပြီး ဖြောင့်မတ်တဲ့လူတစ်ယောက်ပဲ။ ဒါပေမဲ့ နတ်ဆိုးကျင့်စဉ်က သူ့ရဲ့စိတ်နေစိတ်ထားတွေ အပြုအမူတွေကို ပြောင်းလဲပစ်လိုက်တာ။ ပြောရမယ်ဆိုရင် နတ်ဆိုးကျင့်စဉ်က သူ့ရဲ့ပင်ကိုယ်သဘာဝနဲ့ ဆန့်ကျင်နေတဲ့ အမှောင်ဖက်ခြမ်းကို လှုံ့ဆော်ပေးနေတာ။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့စိတ်နှစ်ခုကြားထဲမှာ ယှဉ်ပြိုင်မှုတွေ ဖြစ်လာနိုင်တယ်။ အခုအချိန်မှာတော့ အမှောင်စွမ်းအားတွေက သူ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်မလာသေးဘူး။ ဒါကြောင့်လည်း သူက အဲဒါကို တွန်းထုတ်နေတာ။ ဝိညာဉ်နှစ်ခုက တစ်ခြမ်းဆီကွဲနေတဲ့အတွက် အဲဒါကို စိတ်နှစ်ခွရောဂါလို့ ခေါ်ရတာပဲလေ.."
သွမ့်လွေ၏မျက်လုံးထဲတွင် မျက်ရည်များပြည့်နှက်နေသည်။
"ကျွန်တော် အခုတော့ နားလည်သွားပြီ။ ကျွန်တော်က မွေးလာကတည်းက မကောင်းဆိုးဝါးတစ်ယောက် မဟုတ်ဘူး…"
"ဒါက မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခုပဲ.."
မုန့်ချီက ကောက်ချက်ချလိုက်မိသည်။
တစ်ခြားသူများ၏ လူသတ်ချင်စိတ်ကို လှုံ့ဆော်ပေးနိုင်သော နတ်ဆိုးပညာများစွာ ရှိနေကြောင်း ဖန်းပင်နှင့် ဖန်းယွမ်ကျင်းတို့ကလည်း သိနေသည်။
ချီကျန်းရန်ကတော့ သေချာဂရုစိုက်၍ စစ်ဆေးကြည့်နေပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
"သမားတော်ကျုံး..
ဒီကျင့်စဉ်(၉)မျိုးက နတ်ဆိုးသိုင်းပညာဆိုတာ သေချာရဲ့လား။ သွမ့်လွေရဲ့ မွေးစားအဖေက လူကောင်းတစ်ယောက် ဟုတ်မယ်မထင်ဘူး။ နတ်ဆိုးသိုင်းပညာ လေ့ကျင့်လိုက်မယ် ဆိုရင်တောင် သူ့ကိုယ်သူတော့ ထိန်းချုပ်နိုင်သေးတယ် မဟုတ်လား။ ဘာလို့ သူက ရူးသွားရတာလဲ…"
မုန့်ချီက ထိုမေးခွန်းကို မေးလိုက်သည်။
ကျုံးတိုင်ပင်က ခေါင်းခါပြီး ပြောလိုက်၏။
"အဲဒါက အဲဒီပုံစံ(၉)မျိုးထဲမှာတော့ မရှိလောက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအထဲမှာ နတ်ဆိုးသိုင်းပညာ အငွေ့အသက်တွေတော့ ရှိနေတယ်..”
သွမ့်လွေက တစ်စုံတစ်ခုကို ပြောရန် ကြိုးစားလိုက်သည့်အတွက် မုန့်ချီက လက်ချောင်းလေးများကို လှုပ်ရှားလိုက်ပြီး သွမ့်လွေ၏ ပါးစပ်သွေးကြောကို ဖွင့်ပေးလိုက်သည်။ တစ်ချိန်တည်းတွင် ဖန်းယွမ်ကျင်းနှင့် တစ်ခြားသူများကို သူ၏တံတွေးအာနိသင်အကြောင်း ပြောပြထားလိုက်၏။
"မဟုတ်ဘူး..။ ကျွန်တော့်ရဲ့မွေးစားအဖေက လေ့ကျင့်နေရင်း ရူးသွပ်သွားတယ်ဆိုတာ ပုံစံ(၉)မျိုးရဲ့ အစီအစဉ်ကို လိမ်ပြောပြီး ပြောင်းလဲလိုက်တဲ့အတွက်ကြောင့်လို့ မကောင်းဆိုးဝါးဝိညာဉ်က ကျွန်တော့်ကို ပြောတယ်…"
သွမ့်လွေက အလျင်စလို ပြောလိုက်သည်။ သူနှင့်မကောင်းဆိုးဝါးဝိညာဉ်၏စကားအရ ထိုပုံစံ(၉)မျိုးက နတ်ဆိုးသိုင်းပညာတစ်ခု ဖြစ်ကြောင်း (၁၀၀)ရာခိုင်နှုန်း သေချာနေ၏။
မုန့်ချီက ပင့်သက်ရှိုက်လိုက်သည်။
"ဒါက အရိုးကြွက်သားအားဖြည့်ကျင့်စဉ် မဟုတ်ဘူးလား။ ဒါမှမဟုတ် နတ်ဘုရားတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဗုဒ္ဓလမ်းစဉ်သိုင်းကျမ်းတစ်ခုများ ဖြစ်နေတာလား။ ဒီသိုင်းကျမ်းကို လေ့ကျင့်ဖို့အတွက် ဓမ္မကျမ်းစာတွေကို လေ့လာရမှာလား။ မဟုတ်ရင် တစ်ခြားပြဿနာတွေ ရှိလာမှာလား။ ဒါပေမဲ့ ငါက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်ခဲ့တဲ့အချိန်မှာ ဘယ်လိုပြဿနာမှ မတွေ့ခဲ့ရဘူး…"
လေ့ကျင့်သည့် အစီအစဉ်ကို ပြောင်းလဲလိုက်ခြင်းက ပြဿနာများဖြစ်လာနိုင်သည်မှာ ပုံမှန်သာဖြစ်သည်။ သို့သော် သွမ့်လွေက မှန်မှန်ကန်ကန် လေ့ကျင့်ခဲ့သည့် အချိန်တွင်လည်း ပြဿနာရှိနေသေးသည်မှာ ထူးခြားသည်။ နတ်ဆိုးသိုင်းပညာ အများစုကတော့ လျင်မြန်စွာ တိုးတက်နိုင်ကြသည်။
သွမ့်လွေ ပြောသောစကားကိုကြားသည့်အခါ ကျုံးတိုင်ပင်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ငါက အကြောင်းအရင်းကိုသိပြီဆိုမှတော့ အလွယ်တကူ ကုသနိုင်ပါတယ်…"
"သမားတော်ကျုံး..
ကျွန်တော့်ကို တကယ်ပဲ ကုသလို့ရတာလား…"
သွမ့်လွေက အလွန်ဝမ်းသာသွားခဲ့သည်။
ဖန်းယွမ်ကျင်းလည်း အတူတူသာဖြစ်၏။
ကျုံးတိုင်ပင်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
"ငါက ကုလို့ရတယ်ဆိုရင် ကုလို့ရတယ်.."
ထိုကဲ့သို့ ဆိုးရွားသော သဘောထားကြောင့် သမားတော်ကျုံးက အမှန်တကယ်ကို ထူးခြားသော စွမ်းရည်ရှိသည့်သမားတော်တစ်ယောက်ဟု သွမ့်လွေက အကြွင်းမဲ့ ယုံကြည်သွားခဲ့၏။
"ပထမဆုံး မင်းက အဲဒီကျင့်စဉ်ပုံစံ(၉)မျိုးကို လေ့ကျင့်တာ ရပ်လိုက်ရမယ်…"
ကျုံးတိုင်ပင်က တည့်တည့်သာ ပြောလိုက်သည်။
"ပြီးတော့ အပ်စိုက်ကုထုံးရဲ့အကူအညီနဲ့ မင်းရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားရမယ်။ ပြီးရင်တော့ မင်းနဲ့သူက နောက်တစ်ကြိမ် တစ်သားတည်း ဖြစ်လာလိမ့်မယ်။ တစ်ခုရှိတာကတော့ မင်းက သူ့ကို မကောင်းဆိုးဝါးတစ်ကောင်လို မသတ်မှတ်နဲ့။ ခုလည်း မခုခံနဲ့…"
သွမ့်လွေက ပြောလိုက်သည်။
"အဲဒါက ကျွန်တော့်ရဲ့ခေါင်းထဲမှာ ရှိနေဦးမှာလား။ ဒါက ဘယ်လိုကုသမှုမျိုးလဲ…"
ကျုံးတိုင်ပင်က လေးလေးနက်နက် ပြောလိုက်သည်။
"မင်းက သူပဲ။ သူကလည်း မင်းပဲ။ မင်း မသေမချင်း သူ့ကို သတ်ပစ်လို့ မရနိုင်ဘူး။ ဒါပေမဲ့ မင်းက သူ့ရဲ့သိစိတ်တွေက ဖယ်ရှားပြီး သူ့ကို ထိန်းချုပ်လို့ ရနိုင်တယ်…"
မုန့်ချီက ဝင်ပြောလိုက်၏။
"သခင်လေးသွမ့်..
လူတိုင်းမှာ အမှောင်ဖက်ခြမ်းဆိုတာရှိတာပဲ မဟုတ်လား။ အဓိကအချက်ကတော့ အဲဒါကို ဖိနှိပ်ပြီး တရားနည်းလမ်းကျကျ ဆက်ဆံဖို့ပဲ လိုတာပါ။ မင်းက ကောက်ယူမွေးစားခံခဲ့ရတဲ့အတွက် ဂိုဏ်းသားအနည်းငယ်က ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တယ်မဟုတ်လား။ အဲဒါက သာမန်ပဲလေ။ အဲဒါက အတွေးသက်သက်ပဲဆိုတာ မင်းက သိသွားပြီး မေ့လိုက်ရမယ်။ အဲဒါဆိုရင် မင်းက လူကောင်း တစ်ယောက်ဖြစ်နိုင်ပြီ။ လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးဝိညာဉ်ဆိုတာ ရှိကြတာပဲ။ အဓိက ပြဿနာကတော့ သူတို့ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာပဲ။ အတင်းအကြပ် ဖယ်ရှားလိုက်တာက အဆိုးဝါးဆုံး ရွေးချယ်မှုပဲ…"
သွမ့်လွေ၏ အံ့ဩမှုများက အနည်းငယ်ပျောက်ကွယ်သွားသည်။ သူက ခေါင်းညိတ်ပြလိုက်သော်လည်း ထိုအရာကို ပြည့်ပြည့်ဝဝနားလည်ရန် ခက်ခဲနေသေးသည်။
မုန့်ချီက စဉ်းစားပြီးပြောလိုက်၏။
"ဒီလိုစဉ်းစားကြည့်လိုက်လေ။ မင်းက မင်းကိုယ်မင်း ယန်လို့ သတ်မှတ်ပြီး မကောင်းဆိုးဝါးဝိညာဉ်ကိုတော့ ယင်လို့ သတ်မှတ်လိုက်။ ပြီးရင်တော့ ငါ့ရဲ့ဓားက ယင်လား ယန်လားဆိုတာ ပြောပြပေး.."
သတ်ဖြတ်ရေးဓားက သူ၏ဓားပညာနှင့် ပြသရန် ပြင်နေသည်ကို မြင်လိုက်သည့်အခါ ဖန်းယွမ်ကျင်းနှင့် ကျုံးဝေတို့ကလည်း ပင့်သက်ရှိုက်ပြီး စောင့်နေကြသည်။ ဖန်းပင်နှင့် ကျုံးတိုင်ပင်တို့ကလည်း မုန့်ချီကို စိုက်ကြည့်နေကြ၏။
လေထဲတွင် ငွေရောင်မြွေလေးတစ်ကောင် ထွက်ပေါ်လာပြီး မုန့်ချီက သူ၏ဓားကို လေဟာနယ်ထဲတွင် လှုပ်ရှားလိုက်သည်။ ထိုဓားထဲတွင် ယင်နှင့်ယန် သဘောတရားများ ပါဝင်နေပြီး သွက်လက်ဖြတ်လတ်မှုနှင့် နှေးကွေးမှုကို ပေါင်းစပ်ထားသော ဓားအရှိန်အဝါတစ်ခု ရှိနေသည်။ ထိုအရာက အတွင်းထဲတွင် ယင်နှင့်ယန် ဆက်တိုက်ပြောင်းလဲနေသလို ထင်မှတ်ရ၏။
"ယင်နှင့် ယန် (၃)မျိုးပေါင်းစပ်ခြင်း။ ဘယ်အရာက ယင်လဲ။ ဘယ်အရာက ယန်လဲ.."
အလွန်ထူးခြားသောသိုင်းကွက်ကိုကြည့်ပြီး ဖန်းပင်နှင့် ကျုံးတိုင်ပင်တို့နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်မိကြသည်။ အကယ်၍ သူတို့ကသာ ထိုကဲ့သို့ဓားပညာတစ်ခုကို ရင်ဆိုင်ရမည်ဆိုလျှင် ရင်ဆိုင်နိုင်ကြမည်မဟုတ်ဟု ယုံကြည်နေကြ၏။
ဓားချက် ကျဆင်းလာသည့်အချိန်တွင် ဓားအရှိန်အဝါက ယင်မှယန်သို့ ပြောင်းလဲသွားပြီး သိပ်မကြာခင် အိမ်ကြီးတစ်ခုလုံးက လှုပ်ရှားလာသည်။ အမိုးပေါ်မှ ဖုန်မှုန့်များ ကျဆင်းလာခဲ့၏။
"ယင်နဲ့ယန်က အရင်းအမြစ်တစ်ခုတည်းပဲ။ တစ်ခုမရှိဘဲ နောက်တစ်ခုက မရှိနိုင်ဘူး။ အဲဒါက မင်းနဲ့ မင်းရဲ့မကောင်းဆိုးဝါးဝိညာဉ်လိုပဲ။ တကယ်လို့ မင်းက သူ့ကို ထိန်းချုပ်လိုက်မယ်ဆိုရင်တောင် မင်းပဲ ဆက်ဖြစ်နေတုန်းပဲ။ အခုနားလည်သွားပြီလား…"
မုန့်ချီကတော့ သူ၏ဓားပညာနှင့် သွမ့်လွေကို သင်ခန်းစာသင်ပေးလိုက်သည်။
နောက်ဆုံးတွင်တော့ သွမ့်လွေက နားလည်ပြီး ပြောလိုက်၏။
"ကျွန်တော့်ကို နားလည်အောင်ပြောပြလို့ကျေးဇူးတင်ပါတယ်…"
ကျုံးဝေကတော့ သူ၏ဓားပညာကို စိတ်ဝင်စားနေသေးသည်။ ထိုအရာက အနှစ်သာရများနှင့် နီးစပ်ပြီး အလွန်အမင်းကိုထူးခြားကြောင်း ယုံကြည်နေခဲ့၏။
"သူက အနည်းဆုံးတော့ (၃)လလောက် အပ်စိုက်ကုသဖို့ လိုအပ်တယ်။ သူ့ကို ငါ့ရဲ့ရဲတိုက်ဆီခေါ်ခဲ့ပါ…"
ကျုံးတိုင်ပင်က လက်နောက်ပစ်၍ ရပ်နေပြီး အမိုးပေါ်ကိုကြည့်နေခဲ့သည်။
မုန့်ချီက ချက်ချင်း ပြောလိုက်၏။
"ကောင်းပါပြီ.."
ထို့နောက် သူက နောက်တစ်ကြိမ် မေးလိုက်သည်။
'သမားတော်ကျုံး..
မကောင်းဆိုးဝါးဝိညာဉ်ကို နိုးထလာအောင် အသုံးပြုနိုင်တဲ့ အရိုးရှင်းဆုံး အပ်စိုက်နည်းလမ်းရှိလား…"
"ကုသရေးပညာမှာ ဖြတ်လမ်းနည်းမရှိဘူး.."
ကျုံးတိုင်ပင်က ပြန်ဖြေလိုက်၏။
မုန့်ချီက ပုံစံ(၉)မျိုး၏ ပြောင်းလဲမှုများကို မှတ်မိနေပြီး ချီစွမ်းအင်စီးဆင်းမှုကို အာရုံခံမိသော်လည်း ပြုံးရုံလေးသာ ပြုံးလိုက်မိသည်။ နတ်ဆိုးမကူရှောင်စန်းက သူမ၏ခန္ဓာကိုယ်ပေါ်တွင် သူ့အတွက် ဒုက္ခရောက်နိုင်သောအရာကို ထားနိုင်မည်လော။
ကျုံးတိုင်ပင်က လက်နောက်ပစ်ပြီး သူ့အိမ်သို့ ပြန်သွားခဲ့သည်။ မုန့်ချီနှင့် ချီကျန်းရန်တို့က သွမ့်လွေကို သူ၏ရဲတိုက်ဆီသို့ ပို့ပေးသည့်အချိန်ကို စောင့်နေခဲ့၏။ ဖန်းယွမ်ကျင်းနှင့် ဖန်းပင်တို့ကလည်း သူတို့၏နောက်မှ လိုက်လာပြီး အကူအညီပေးနေကြသည်။
"အစ်ကိုချီ.. ဒီအိမ်ကို ကျွန်တော့်အတွက် ကာကွယ်ပေးလို့ရမလား။ ကျွန်တော်က သွမ့်လွေကို ပြောစရာရှိတယ်…"
သူတို့ထွက်သွားသည်ကို မြင်သည့်အခါ ချီကျန်းရန်က ယခုမှနိုးလာသူ တစ်ယောက်ကဲ့သို့ ပြောလိုက်၏။
"ကောင်းပြီလေ.."
မုန့်ချီက အိပ်ရာဘေးသို့ လျှောက်သွားပြီး သွမ့်လွေကို ကြည့်လိုက်၏။
"သခင်လေးသွမ့်..
ကျွန်တော်မေးတဲ့မေးခွန်းကို ရိုးရိုးသားသား ဖြေစေချင်တယ်။ သခင်လေးရဲ့ မွေးစားအဖေက ဒီပုံစံ(၉)မျိုးရဲ့ မှန်ကန်တဲ့အစီအစဉ်ကို သိလား…"
"သူက ပျက်စီးနေတဲ့ သိုင်းကျမ်းစာရွက်(၉)ခုကို ရတဲ့အချိန်မှာ မှန်ကန်တဲ့အစီအစဉ်ကို ပြောပြခဲ့တဲ့ ဘုန်းကြီးအိုကြီးတစ်ပါးကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ သူက အဲဒါကို မယုံကြည်ခဲ့ဘူးလို့ မကောင်းဆိုးဝါးဝိညာဉ်က ပြောတယ်။ ဒါကြောင့် ကျွန်တော့်ကို အရင်ဆုံးလေ့ကျင့်ခိုင်းခဲ့တာပဲ…"
သွမ့်လွေက ရိုးရိုးသားသားပြန်ဖြေလိုက်သည်။
"ဘုန်းကြီးအိုကြီးတစ်ပါးလား။ သူက အဲဒီဘုန်းကြီးအိုကြီးရဲ့ ရုပ်ရည်အသွင်အပြင်ကို ပြောခဲ့သေးလား…"
မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့သည်။
"မပြောခဲ့ဘူး.."
သူ၏မျက်လုံးထဲတွင် ရိုးသားမှုများ ပေါ်နေသည်။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်နှင့် တစ်ခြားရေးသားထားသည့် သိုင်းကျမ်းများကို ရှာဖွေရန် အကြီးအကဲများနှင့် တိုက်အုပ်ကိုယ်တော်များက တောင်အနောက်ဖက်သို့ ရောက်ခဲ့သည်။ ထို့ကြောင့် မည်သူဖြစ်ကြောင်း စစ်ဆေးကြည့်ရန် ခက်ခဲ၏။ လူတိုင်းက တောင်အနောက်ဖက်သို့ ခိုးဝင်ရန် ဖြစ်နိုင်ချေရှိသည်။
သို့သော် ကျန်းချန်၏နောက်ကွယ်တွင် တစ်စုံတစ်ယောက်ရှိနေသည်မှာ သေချာနေ၏။ ရှောင်လင်ကျောင်းတော်၏ အကြီးအကဲများထဲတွင် သူလျှိုတစ်ယောက် ရှိနေသည်။ သို့သော် ဘာ့ကြောင့် သွမ့်လွေ၏မွေးစားအဖေ လေ့ကျင့်နေသော သိုင်းစာရွက်(၉)ခုက နတ်ဆိုးဆန်သွားရသနည်း။
သွမ့်လွေ၏ မွေးစားအဖေက အစမ်းသပ်ခံပစ္စည်းတစ်ခု ဖြစ်နေခြင်းပေလော။ ထိုနတ်ဆိုးဆန်သော သိုင်းပညာစာရွက်(၉)ခုက မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။ ကျန်းချန် ကူးယူထားသောအရာက ရှောင်လင်ကျောင်းတော်မှ ထိပ်သီးသိုင်းပညာတစ်ခုသာ ဖြစ်သည်။
ထိုကောက်ချက်များကလည်း သွမ့်လွေ၏ ရိုးသားမှုအပေါ် အခြေခံသည့်အတွက် မုန့်ချီက ပို၍စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သွမ့်လွေကို ကျုံးတိုင်ပင်၏ ရဲတိုက်သို့ ပို့လိုက်ပြီးနောက် မုန့်ချီက ယပ်တောင်(၆)လက်ကျောင်းသို့သွားပြီး သွမ့်လွေဆီတွင် ဖြစ်ခဲ့သော အကြောင်းအရာများကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုနေရာတွင် ထာဝရမနေနိုင်ပေ။ သူတို့က စောင့်ကြပ်နေရန် တာဝန်ရှိနေသေးသည်။
လမ်းမပေါ်သို့ လျှောက်လာသည့်အချိန်တွင် မုန့်ချီက တစ်စုံတစ်ခုကို ခံစားမိသည့်အတွက် နောက်ပြန်လှည့်ကြည့်လိုက်၏။ ထိုအချိန်တွင် နှာခေါင်းချွန်ချွန် နှုတ်ခမ်းပါးပါးနှင့် လူငယ်တာအိုသခင်တစ်ယောက်ကို မြင်လိုက်ရသည်။ သူက ငှက်မွှေးဝတ်ရုံနှင့် ရှေးဟောင်းသရဖူတစ်ခုကို ဆောင်းထား၏။
အင်ပါယာဓား(၅)သွယ်ချင်ယုက သူ့အနားတွင်ရပ်လိုက်သည်။
"ဒကာလေးစု။ မင်း လမ်းလျှောက်တာ အရမ်းမြန်လွန်းတော့ ငါက မင်းကို မနည်းလိုက်ရတာပဲ…"
ချင်ယုက အပြုံးနှင့် ပြောလိုက်သည်။
မုန့်ချီက အလွန်အံ့သြသွားခဲ့၏။
"ဘာဖြစ်လို့လဲ.."
"အဲဒါက ငါ့ရဲ့အကြီးမားဆုံး စိတ်ဆန္ဒကြောင့်ပါပဲ။ ငါက မြောင်လင်ကို လာခဲ့တယ်ဆိုတာ ပညာရှင်တွေနဲ့ တိုက်ခိုက်သင်ယူဖို့ပဲ။ ဒါပေမဲ့ ငါကတော့ မတော်တဆ ဖြစ်ရပ်တစ်ခုနဲ့ ကြုံရပြီး ဂိုဏ်းကို ပြန်သွားခဲ့ရတယ်။ တောင်ပေါ်ကနေ နောက်တစ်ကြိမ် ပြန်ဆင်းလာတဲ့အချိန်မှာ ငါ တိုက်ခိုက်ချင်တဲ့ ပထမဆုံးလူက ဒကာလေးစုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့က ပေးခဲ့တဲ့ကတိကို အခုထိ မတည်နိုင်သေးဘူးလေ…"
ချင်ယုက ထိုစကားလုံးများကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ၏အရှိန်အဝါက အလွန်ကြီးကျယ်ခမ်းနားလှသည့်အတွက် ပတ်ပတ်လည်၌ ရှိနေသော လူအုပ်ကြီးကပင် သတိလက်လွတ် နောက်ဆုတ်သွားမိကြသည်။
"သူက တော်တော်လေး ဉာဏ်များတဲ့ တာအိုသခင် တစ်ယောက် ဖြစ်ပေမယ့် ငါ့အတွက်တော့ တကယ်ကို ပြည့်စုံတဲ့လူတစ်ယောက်ပဲ…"
မုန့်ချီက စိတ်ထဲတွင်ရယ်ပြီး ပြောလိုက်သည်။
"ငါလည်း မငြင်းရဲပါဘူး။ ဒီလိုဆိုမှတော့ ငါလည်း လက်ခံရတော့မှာပေါ့…"
သူက ပြောလိုက်သည့်အချိန်တွင် သူ၏အရှိန်အဝါကလည်း ဓားအိမ်ထဲမှ ထုတ်လိုက်သော ဓားတစ်ချောင်းကဲ့သို့ ထွက်ပေါ်လာသည့်အတွက် လူအုပ်ကြီးက နောက်သို့ဆက်၍ ဆုတ်သွားကြပြန်သည်။
ခဏကြာပြီးနောက် လမ်းမကြီးက ရှင်းလင်းသွားပြီး သူတို့နှစ်ယောက်သာ အချင်းချင်း မျက်နှာချင်းဆိုင်နေခဲ့၏။
Translated by Hein Htet.