အခန်း (၃၂၈)
Vol. 22 Ch. 328
မုန့်ချီနှင့် ချင်ယုတို့၏အဆင့်တွင် စိတ်ဝိညာဉ် အရှိန်အဝါက တိုက်ပွဲတစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်သော အရေးကြီးဆုံးအရာတစ်ခုဟု သတ်မှတ်နိုင်သည်။ စိတ်ဝိညာဉ်ဖိနှိပ်ခံရသော လူတစ်ယောက် သို့မဟုတ် နှလုံးသားတွင် အားနည်းချက် ရှိနေသော လူတစ်ယောက်က အချိန်အများစုတွင် မူလစွမ်းဆောင်ရည်၏ (၆၀) ၊ (၇၀) ရာခိုင်နှုန်းကိုပင် အသုံးပြုနိုင်ခြင်း မရှိချေ။
အကယ်၍ စွမ်းအားက အဆင့် (၂၀) ရာခိုင်နှုန်းခန့် လျော့ကျသွားမည်ဆိုလျှင်ပင် (၂)ယောက်လုံးက ရှုံးနိမ့်သွားနိုင်သည်။ မည်သို့ဖြစ်စေကာမူ လူတိုင်းတွင် သူတို့၏ ဝှက်ဖဲများ ရှိနေကြ၏။ အကယ်၍ သူတို့ထဲက တစ်ယောက်ယောက်ကသာ ပြိုင်ဘက်၏ အားနည်းချက်ကို ဖမ်းဆုပ်နိုင်ပြီး မချွင်းမချန် တိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့၏ သတ်ဖြတ်ရေးသိုင်းကွက်ကို သုံးစရာမလိုဘဲ တစ်ကြိမ်တည်းနှင့် ပြိုင်ဘက်ကို သတ်ပစ်နိုင်ကြသည်။
ဤကမ္ဘာကြီးထဲတွင် များပြားလွန်းလှသော သိုင်းပညာများစွာ ရှိသည်။ အကယ်၍ ပြိုင်ဘက်၏ စိတ်ထဲတွင်သာ သေစေနိုင်လောက်သော အားနည်းချက်တစ်ခု ရှိနေမည်ဆိုလျှင် မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက် ၊ သေမျိုးဖုန်မှုန့် ကျဆင်းခြင်းနှင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်တို့၏ အစွမ်းကိုသုံးပြီး သူ့ကို အနိုင်ယူနိုင်သည်။
သို့သော် နတ်ဆိုးကျင့်စဉ်များကို လေ့ကျင့်ထားသူများကတော့ မတူညီနိုင်တော့ပေ။ သူတို့ဆီတွင် အဆိုးမြင်ခံစားချက်များ ပိုများလာလေလေ သူတို့က ပို၍အစွမ်းထက်လာလေလေ ဖြစ်သည်။
လမ်းမကြီးပေါ်တွင် အလွန်ပြင်းထန်သော အခြေအနေကို ခံစားမိသည့် လူအုပ်ကြီးက နောက်ပြန်ဆုတ်သွားကြ၏။ သူတို့က လူ (၂)ယောက်တိုက်ပွဲကို ခေါင်းမော့၍ ကြည့်နေမိကြသည်။
ခေါင်းပေါ်တွင် သရဖူဆောင်းထားသော ချင်ယုကတော့ ကောင်းကင်ပေါ်မှ ကျဆင်းလာသော နတ်ဘုရားကဲ့သို့ ရပ်နေသည်။ သူ့ရှေ့တွင် ရှိနေသော လူများကတော့ ဒူးထောက် အရိုအသေပေးချင်စိတ်ပင် ပေါ်လာကြ၏။
တစ်ဖက်တွင် မုန့်ချီကတော့ အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး ခါးတွင် ဓားမောက် တစ်ချောင်းကို ချိတ်ထားသည်။ သူ့ပုံစံက ဓားအိမ်ထဲမှ မထုတ်ထားသော ဓားတစ်လက်ကဲ့သို့ ရပ်နေခဲ့၏။
သို့သော် သူ၏အရှိန်အဝါက ဆက်တိုက် တိုးတက်လာနေပြီး ပင်လယ်ထဲသို့ ပြန်သွားသော နဂါးတစ်ကောင် ၊ တောထဲသို့ ဝင်သွားသော ကျားတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။ သူ၏အရှိန်အဝါက တဖြည်းဖြည်း ကြောက်စရာကောင်းလာပြီး သူ၏ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားနေခဲ့၏။
အစိမ်းရောင်ကျောက်တုံးများ ခင်းထားသော လမ်းမကြီးက (၆၆) မီတာခန့် အကျယ်ရှိပြီး မီတာ (၃၀၀) ကျော်အရှည် ရှိသည်။ ညနေပိုင်း ထွက်ပေါ်လာသော အနီရောင်အလင်းတန်းများက လမ်းမကြီးပေါ်သို့ ကျဆင်းလာနေပြီး ဆောင်းဦးရာသီ လေပြေလေညင်းလေးများ တိုက်ခတ်နေသည့်အချိန်တွင် အထီးကျန်သော ခံစားမှုတစ်ခု ပေါ်လာစေနိုင်သည်။
"သူတို့ (၂) ယောက်က တကယ့်ကို ထိပ်သီးပညာရှင်တွေပဲ…"
လူအုပ်ကြီးထဲတွင် မာနအကြီးဆုံးဖြစ်သော လူတစ်ယောက်ကပင် ထိုအတွေးမျိုး တွေးခဲ့မိသည်။
တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ပြီးသွားလျှင် ယောကျ်ားလေးများက မိတ်ဆွေ ဖြစ်သွားတတ်သည်ဟူသော စကားတစ်ခွန်း ရှိသည်။ လမ်း၏ဘယ်ဘက်အခြမ်းတွင် ရှိနေသော စားသောက်ဆိုင်တစ်ခုထဲတွင် ချန်းချွမ်ပို့ဆောင်ရေးအဖွဲ့မှ သခင်လေးယီစုန့်က တိမ်တိုက်နဂါးဖန်းပိုင်ကို ဖိတ်ခေါ်ထားခဲ့သည်။
သူတို့စကားပြောနေသည့် အချိန်တွင် အပြင်ဘက်မှ ထွက်ပေါ်လာသော ဆူညံသံများက ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ ထိုမျှ တိတ်ဆိတ်နေသည်မှာ အလွန်ထူးဆန်းနေသည်။ သူတို့က လမ်းပေါ်ကို ပြန်လှည့်ကြည့်လိုက်ရာ လမ်းအလယ်တွင် ရပ်နေသော မုန့်ချီနှင့် ချင်ယုတို့ကို မြင်လိုက်ရ၏။
"ဒါက တိုက်ပွဲတစ်ပွဲလား... "
ယီစုန့်ကလည်း ထိုကဲ့သို့ အခြေအနေနှင့် အလွန်ရင်းနှီးနေသည်။
အလွန်ဝေးကွာနေသည့်အတွက် ဖန်းပိုင်က သူတို့ (၂) ယောက်၏ အရှိန်အဝါကို တိတိကျကျ ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိချေ။ သို့သော် သူတို့က သာမန်မဟုတ်ကြောင်း ပြောနိုင်၏။
"သူတို့က သာမာန်သိုင်းပညာရှင်တွေ မဟုတ်လောက်ဘူး…."
နောက်ဆုံးတွင်တော့ သူက မုန့်ချီကို မှတ်မိသွားပြီး အံ့အားသင့်စွာ ပြောလိုက်၏။
"အနက်ဝတ်လူက ဟွမ်ဟွာဓားဂိုဏ်းက ချီကျန်းရန်ရဲ့အဖော်ပဲ ။ သူက ငါတို့ရဲ့တိုက်ပွဲအကြောင်းကို ပြောပြခဲ့တာ... "
"သူလား..။ သူက ဓားမောက်တစ်ချောင်းကို သုံးနေတာ..။ ဓားရှည်တစ်ချောင်းကို သုံးတာမဟုတ်ဘူး..။ ဒီတော့ ဟွမ်ဟွာဓားဂိုဏ်းက တပည့်တစ်ယောက် မဟုတ်နိုင်ဘူး... "
ယီစုန့်က ချက်ချင်း နားလည်သွားခဲ့သည်။
"သူ့ရဲ့လေ့လာမှုစွမ်းရည်ကတော့ တော်တော်လေးကောင်းတယ်..။ သူ့ရဲ့သိုင်းပညာကတော့ တိုက်ပွဲအတွင်း သူပြသလိုက်တဲ့ သုံးသပ်ချက်တွေ ထက်တောင် ပိုပြီးတော့ မြင့်နေမယ် ထင်တယ်..။ သူ့ရှေ့မှာရှိတဲ့ လူငယ်တာအိုသခင်က ဘယ်သူလဲ... "
"သူ့ရဲ့အဝတ်အစားတွေ အသုံးအဆောင်တွေအရ အဲဒါက ရွှမ်တျန်းဂိုဏ်းက တပည့်တစ်ယောက် ဖြစ်မယ်ထင်တယ်... "
ဖန်းပိုင်က တွေးတွေးဆဆနှင့် ပြောလိုက်သည်။
"ဒါက သေချာပေါက် ကြောက်စရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်နိုင်တယ်... "
သူတို့၏ ခန့်မှန်းမှုများ ၊ ဆွေးနွေးမှုများကို မုန့်ချီက သတိမထားမိခဲ့ပေ။ သူက သူ၏စိတ်ဝိညာဉ်စွမ်းအားကို စုစည်းထားပြီး သူ့မျက်လုံးထဲတွင် ချင်ယု တစ်ယောက်တည်းသာ ရှိနေသည်။
ချင်ယု၏ ပတ်ပတ်လည်တွင် ချီစွမ်းအင်များ စီးဆင်းနေသည့်အတွက် သူ့ပုံစံက အလွန်ကြီးကျယ်ခမ်းနားသလို ထင်မှတ်ရသည်။ သူ၏ဖိအားကလည်း အလွန်များပြားလွန်းလှသည့်အတွက် လေစီးကြောင်းများက လှုပ်ရှားလာသလို ထင်မှတ်ရ၏။
ကမ္ဘာမြေကြီးကပင် အုပ်ချုပ်သူတစ်ယောက်ကို အရိုအသေပေးနေသလို ထင်မှတ်ရသည်။ သူ့ဆီမှချီစွမ်းအင်များက ပျံ့နှံ့လာပြီး စစ်ဆေးမှုများ အားလုံးကို တားဆီးထားသည်။ မုန့်ချီက သူ၏ချီစွမ်းအင်စီးဆင်းမှုနှင့် ခန္ဓာကိုယ်တုံ့ပြန်မှုများကို စစ်ဆေးကြည့်၍ မရနိုင်ပေ။
မုန့်ချီက တူညီသော တိုက်ပွဲပေါင်းများစွာကို ကြုံခဲ့ဖူးသည်။ သူက ကျန်းဟန်ချွန်နှင့် ဝမ်စစ်ယွမ်တို့ကိုလည်း ရင်ဆိုင်ခဲ့ဖူး၏။ သူတို့က ချင်ယုထက် ပို၍ အစွမ်းထက်ကြသည့်အတွက် သူတို့၏ရင်ထဲတွင် အားနည်းချက် လုံးဝမရှိချေ။
သူကတော့ စိတ်ဝိညာဉ်စွမ်းအားကို ဆက်၍ ဖြန့်ကျက်နေပြီး တခြားနည်းလမ်းများကိုသုံး၍ ပတ်ဝန်းကျင်နှင့် ဆက်သွယ်ထားသည်။ လမ်းမပေါ်တွင် ရပ်နေသော သူ့ပုံစံအရ မည်သူမျှ တားဆီး၍ မရနိုင်ပေ။
ချင်ယုကတော့ မုန့်ချီ၏ အရှိန်အဝါများ ဆက်လက်မြင့်တက်လာခြင်းကို ခွင့်မပြုနိုင်တော့ပေ။ သူက သူ၏ဓားမောက်ကို ကိုင်လိုက်၏။ ဓားအိမ်ပေါ်တွင် အချိန်စွမ်းအားများကဲ့သို့ တလက်လက် တောက်ပနေသည့် ကြယ်လေးများ ကပ်ထားသည်။ ဓားအလင်းရောင်က ရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာခဲ့၏။ သူ၏အချိန်ဓားက အတိတ်နှင့် ပစ္စုပ္ပန်ကို ကူးသန်းနေသလို ထင်မှတ်နေရ၏။
မုန့်ချီကလည်း ဆုံးဖြတ်ချက် ပြတ်သားစွာ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ သူက ဓားကို ထုတ်လိုက်သည်မှာ အလွန်လျင်မြန်လွန်းလှသည့်အတွက် ဓားအရိပ် တစ်ခုတည်းကိုသာ မြင်လိုက်ရ၏။
"ချွမ်... "
မုန့်ချီက သူ၏ကောင်းကင်ပြစ်ဒဏ်ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ချင်ယုက သူ့ဓားနှင့် လွှဲယမ်းတိုက်ခိုက်လိုက်ပြီးသား ဖြစ်သည်။ ဓားအလင်းရောင်က အရင်ဆုံး ရောက်လာခဲ့၏။ ထိုအရာက အလွန်ရိုးရှင်းသော ဗလာနည်းစနစ်တစ်ခုကဲ့သို့ ထင်မှတ်ရပြီး ချက်ချင်း ကြီးထွားလာကာ သိုင်းကွက်များစွာအဖြစ် ပြောင်းလဲ၍ မုန့်ချီဆီကို ပျံသန်းလာခဲ့သည်။
ဓားအလင်းတန်းက မုန့်ချီ၏ မျက်လုံးထဲတွင် ပြည့်နှက်သွားခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော ချီစွမ်းအင်များကလည်း မီးတောက်များ လောင်ကျွမ်းနေသည့် မြက်ခင်းပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။ ဓားချီစွမ်းအင်က အရာအားလုံးကို လျင်မြန်စွာ ဝါးမျိုပစ်နိုင်သော မီးတောက်တစ်ခုကဲ့သို့ ဖြစ်နေ၏။
ထိုအရာက ကမ္ဘာမြေလောင်ကျွမ်းခြင်း မီးတောက်အင်ပါယာ၏ အနှစ်သာရ ဓားတာအို အနှစ်သာရတစ်ခုဖြစ်ကြောင်း နားလည်သွားသည်။ ချင်ယုက သူ၏ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်ကို မသုံးသေးသော်လည်း သူ၏အစွမ်းကို ထိန်ချန်ထားခဲ့ခြင်း မရှိချေ။
ဉာဏ်အလင်းပွင့်မှုအဆင့် တိုက်ပွဲမျိုးတွင် စလာကတည်းက တူညီသော လှုပ်ရှားမှုကို အသုံးပြုသည်မှာ အလွန်ရှားပါး၏။ တစ်ခုတည်းသော ချွင်းချက်ကတော့ ထိုကဲ့သို့ စွမ်းအား တူညီနေသည့်အချိန်မျိုးတွင် အားနည်းသည့်သူက သူ၏ဝေ့ကျင်းအဆင့် ၊ ဓမ္မကာရအဆင့် လှုပ်ရှားမှုကိုသုံးပြီး တိုက်ခိုက်၍ ထွက်ပြေးရန် အခွင့်အရေးတစ်ခု ရှာဖွေနိုင်သည်။
မည်သို့ဖြစ်စေကာမူ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တိုင်းတွင် သူတို့၏ ကိုယ်ပိုင် သတ်ဖြတ်ရေးသိုင်းကွက်များ ရှိနေကြ၏။ အကယ်၍ သူတို့၏သတ်ဖြတ်ရေး သိုင်းကွက်ကသာ အလုပ်မဖြစ်လျှင် သူတို့က စိတ်ဝိညာဉ်စွမ်းအားတချို့ကို ဆုံးရှုံးသွားရနိုင်သည့်အတွက် တိုက်ခိုက်ရန် စွမ်းအားမကျန်နိုင်တော့ပေ။
ပုံမှန်အားဖြင့် ပြောရလျှင် သူတို့က ဓားမောက်ပညာ ၊ ဓားပညာ ၊ လက်ဝါးသိုင်းပညာနှင့် သူတို့ကျွမ်းကျင်ထားသည့်အရာများ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ သူတို့က တဆင့်ချင်း တိုက်ခိုက်ပြီး ပြိုင်ဘက်ဆီတွင် ဟာကွက်တစ်ခု ပေါ်လာအောင် ဖန်တီးခြင်း သို့မဟုတ် ဟာကွက်က သူ့အလိုလိုပေါ်လာအောင် စောင့်ဆိုင်းနေရင်း ကြိုးစားကြသည်။
သူတို့က အသာစီးရမှသာ သူတို့၏အစွမ်းကို ပြည့်ပြည့်ဝဝ အသုံးချတတ်ကြ၏။ ထိုသို့ဆိုလျှင် သူတို့က အသာစီးရပြီး နိုင်ပွဲကို သေချာပေါက် ယူဆောင်နိုင်ပါလိမ့်မည်။ ထိပ်သီးပညာရှင်များ တိုက်ခိုက်သည့်အချိန်တွင် သတ်ဖြတ်ရေးသိုင်းကွက်ကို သုံးလိုက်သည်နှင့် သိပ်မကြာခင် ရလဒ် ထွက်ပေါ်လာတတ်သည်။
ချင်ယု၏ ကမ္ဘာမြေလောင်ကျွမ်းခြင်း မီးတောက်အင်ပါယာသိုင်းကွက်က မုန့်ချီဆီသို့ တောမီးများသဖွယ် ပျံ့နှံလာခဲ့သည်။ အားနည်းချက်များကလည်း ပြောင်းလဲမှုများနှင့် အစားထိုးသွားပုံရ၏။ မီးတောက်များ ကြောက်စရာကောင်းစွာ လောင်ကျွမ်းလာသည့် အချိန်တွင် မုန့်ချီက သူ၏အားနည်းချက်ကို မြင်လိုက်ရသော်လည်း အခွင့်အရေး ယူနိုင်ခဲ့ခြင်း မရှိချေ။
"လှုပ်ရှားမှုများစွာကနေ စိမ်းလန်းစိုပြေလာတယ်... "
ထိုအရာက သူ့ဆီသို့ တခဏအတွင်း ရောက်လာပြီး သူက ထိုသိုင်းကွက်နှင့်အတူ အသာစီးရချင်နေသည်။ သူကတော့ သူ၏ဓားသိုင်းပညာကိုသုံးပြီး ချင်ယုကို ဇာတ်လမ်းတစ်ပုဒ် ပြောပြနိုင်လိမ့်မည် ဖြစ်၏။
လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး မှေးမှိန်နေသော ကောင်းကင်ကြီးက လင်းလက် တောက်ပလာခဲ့သည်။ ဓားအရှိန်အဝါကလည်း အလွန်ပြီးပြည့်စုံလှပြီး ကောင်းကင်ပေါ်ရှိ လေဟာနယ်ထဲတွင် အရာအားလုံးကို ထိန်းသိမ်းထားသလို ထင်မှတ်ရသည်။
ခရမ်းရောင် လျှပ်စီးကြောင်းများက ကောင်းကင်ပေါ်တွင် ပျံ့နှံ့လာပြီး သူ၏အရှိန်အဝါအောက်တွင် အရာအားလုံးက ကြီးကျယ်ခမ်းနားမှု မရှိတော့သလို ဖြစ်သွား၏။
"ချွမ် ချွမ် ချွမ် ချွမ်... "
ဓား (၂) လက် ရင်ဆိုင်နေသည့်အသံက ဆက်လက် ထွက်ပေါ်လာနေပြီး လေဟာနယ်ကြီးက မီးတောက်များ ၊ ပြောင်းလဲမှုများအားလုံးကို ဝါးမျိုသွားသည်။
သူတို့ (၂) ယောက်ကတော့ ပထမဆုံး စတင်တိုက်ခိုက်ခဲ့သည့်အချိန်တွင် တစ်ယောက်နှင့် တစ်ယောက် (၆) ပေနီးပါးခန့် ဝေးသည်။ ယခု သူတို့၏ဓားများကို ဆွဲထုတ်လိုက်ပြီးနောက် သူတို့က အနီးကပ် တိုက်ခိုက်နေကြ၏။
ရပ်ကြည့်သူများကတော့ အခြေအနေကို နားမလည်နိုင်ကြပေ။ အမှန်အတိုင်း ပြောရလျှင်တော့ အရာအားလုံးက သူ့အတိုင်း ဆက်လက်သွားနေသည်ဟု တွေးနေမိခဲ့သည်။
"ဒါ ဒါက... "
ဖန်းပိုင်နှင့် ယီစုန့်တို့ (၂) ယောက်တို့က ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်ကြပြီး တစ်ချိန်တည်းလိုလိုပင် ပြတင်းပေါက်ဆီကို ပြေးသွားမိကြသည်။ သူတို့ (၂)ယောက်လုံးက အလွန်ထိတ်လန့်ပြီး အံ့သြနေကြ၏။
မုန့်ချီနှင့် ချင်ယုတို့၏ စွမ်းဆောင်ရည်က အစောပိုင်းတွင် သူတို့၏ ထင်မြင်ချက်များအားလုံးကို ဖယ်ရှားပစ်နိုင်ခဲ့သည်။ သူတို့ (၂) ယောက်ကို ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်ဟုပင် သတ်မှတ်၍ မရနိုင်ပေ။
သူတို့၏ ဓားမောက်သိုင်းပညာက အလွန်ထူးခြားပြီး လူငယ်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များကဲ့သို့ အနှစ်သာရများ ၊ သဘောတရားများကို နားလည်ထားပုံရသည်။ သူတို့ဆီတွင် သတ်ဖြတ်ရေးသိုင်းပညာများ ရှိနေသော်လည်း ဘာကြောင့် ထိုကဲ့သို့ ဓားပညာချင်းသာ ရင်ဆိုင်နေကြကြောင်း စဉ်းစားနေကြ၏။
"ဒီ ဒီ ကောင်လေးက ဒီလောက်တောင် အစွမ်းထက်တာလား... "
ဖန်းပိုင်က မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။
"ချွမ် ချွမ် ချွမ်... "
ဓား (၂) လက် ရင်ဆိုင်နေသည့်အချိန်တွင် မုန့်ချီကတော့ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ မီးတောက်ထဲကို ပြေးဝင်သွားခဲ့ပြီး ချင်ယု၏ ညာလက်ရှိရာကို သူ့ဓားနှင့် လှမ်းခုတ်လိုက်သည်။ ငွေရောင်အလင်းတန်းများ မှေးမှိန်နေသော ဓားသွားပေါ်တွင် ခရမ်းရောင်အလင်းတန်းများ လှုပ်ရှားနေ၏။
ချင်ယုက သူ့ကိုယ်သူ ကာကွယ်ထားပြီး မုန့်ချီ၏ဓားချက်ကို တားဆီးလိုက်သည်။ ထို့ကြောင့် ကျယ်လောင်သော ဓားသံများ ထွက်ပေါ်လာနေသည်။ တစ်ချိန်တည်းတွင် ချင်ယု၏ ဓားအရှိန်အဝါများက မီးတောက်တစ်ခုကဲ့သို့ ပေါက်ကွဲလာခဲ့၏။ ထိုအရာက မျက်စိတမှိတ်အတွင်း မီးပွားလေးတစ်ခုမှနေ၍ မီးတောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့သော် မီးတောက်မြက်ခင်းပြင်တစ်ခု၏ အရှိန်အဝါမျိုးတော့ မဟုတ်ချေ။ ထိုအရာက ကမ္ဘာမြေလောင်ကျွမ်းခြင်း မီးတောက်အင်ပါယာ၏ တခြားသော ဓားတာအို အနှစ်သာရတစ်ခု ဖြစ်သည်။
မုန့်ချီက ထိုအရာကို တွေ့လိုက်ရသည့်အချိန်တွင် ချင်ယုက အားနည်းချက်ကိုသူကိုယ်တိုင် ထုတ်ဖော်ထားခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားခဲ့၏။ အလွန်ကြီးကျယ်ခမ်းနားသော ဓားချီစွမ်းအင်များက သူ့ဆီသို့ ရောက်လာခဲ့ချိန်တွင် သူ့အနားတွင် ရှိနေသော အရာအားလုံးက ရင်ဆိုင်တားဆီးနိုင်ခြင်း မရှိသလို ခံစားရသည်။
ထိုအချိန်တွင် သူ့ရှေ့၌ ရှိနေသော ကောင်းကင်ပြစ်ဒဏ်ဓားက ရုတ်တရက် ပျောက်ကွယ်သွားကြောင်း ချင်ယုက တွေ့လိုက်ရသည်။ ဓားအလင်းတန်းများကလည်း လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး လမ်းတစ်ဝက်တွင် အရှိန်မြင့်၍ အလွန်လျင်မြန်စွာ ရောက်လာခဲ့၏။
မုန့်ချီက တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ကို အရှိန်နှင့် အနိုင်ယူရန် ကြိုးစားနေခဲ့သည်။ သူက တမင်တကာ ထောင်ချောက်ထဲသို့ တိုးဝင်လာခဲ့ခြင်းပင်လော။
အကယ်၍ ယခု သူတို့ကသာ သိုင်းကွက်ကို ပြောင်းလဲခြင်းမရှိလျှင် သူ အရင်ဆုံး ဒဏ်ရာရမည်ဖြစ်ကြောင်း ချင်ယုက သိနေသည်။ ထိုသို့ဆိုလျှင် သူ့ဆီ၌ စွမ်းအားမည်မျှ ကျန်နေမည်ဖြစ်ကြောင်း သူလည်း မပြောနိုင်ပေ။
မုန့်ချီကတော့ ရွှေခေါင်းလောင်းကာကွယ်ကျင့်စဉ်၏ ထူးခြားမှုကြောင့် သူကိုယ်တိုင် ဒဏ်ရာရမှာကို စိုးရိမ်နေစရာ မလိုတော့ပေ။ ထို့ကြောင့် အရာအားလုံးကို စဉ်းစားကြည့်လိုက်လျှင် ထိုကဲ့သို့ အခြေအနေမျိုးနှင့် မုန့်ချီကို ထိပ်တိုက်ရင်ဆိုင်ခြင်းက ချင်ယုအတွက် ဉာဏ်ကောင်းသော လုပ်ရပ်တစ်ခု မဟုတ်ချေ။
သူ့ခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး မြေပေါ်သို့ အားနှင့် စောင့်နင်းလိုက်၏။ သူ့ပုံစံက တိမ်တိုက်ပေါ်တွင် လွင့်သွားသလို ဖြစ်လာပြီး မုန့်ချီနှင့် သူနှင့် အကွာအဝေးက ဝေးကွာသွားခဲ့သည်။ မုန့်ချီဆီကို ဦးတည်နေသော ဓားကလည်း ကောင်းကင်ပြစ်ဒဏ်ဓားကိုသာ ပစ်မှတ်ထားလိုက်၏။
တာအိုသခင်ငယ်လေးက အမှန်တကယ်ကို ထူးချွန်လွန်းလှသည်။ အကယ်၍ သူကသာ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို တိတ်တဆိတ်သုံးပြီး တမင်တကာ ထောင်ချောက်ထဲသို့ ဝင်သွားခဲ့ခြင်း မရှိလျှင် မုန့်ချီက သေချာပေါက် အရေးနိမ့်သွားနိုင်သည်။
ထို့နောက် မုန့်ချီက လျှပ်စီးကြောင်းသဖွယ် သူ့ဓားကို လွှဲယမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ဓားအရှိန်အဝါများက ဆက်လက် မြင့်တက်လာသည့် အချိန်တွင် သူ့ပုံစံက ရပ်တန့်၍မရနိုင်သလို ထင်မှတ်ရသည်။
ချင်ယုက နောက်ဆုတ်သွားလိုခြင်း မရှိဘဲ မုန့်ချီ၏ဓားချက်ကို ဆက်လက် ရင်ဆိုင်နေခဲ့၏။ တစ်ခါတစ်ရံ သူက လူသေတစ်ယောက်ကဲ့သို့ ချုပ်နှောင်ထားပြီး တစ်ခါတစ်ရံ မီးတောက်များက သူ၏ပတ်ပတ်လည်တွင် ပျံ့နှံ့နေသည်။ တစ်ခါတစ်ရံ ဖုန်မှုန့်များက သူ၏ဓားချီစွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သလို ထင်မှတ်ရ၏။
သူတို့က သူတို့၏ဝေ့ကျင်းအဆင့် ဓားသိုင်းပညာများကို အသုံးပြုခဲ့ခြင်း မရှိသေးသော်လည်း တိုက်ပွဲကို အစွမ်းကုန် တိုက်ခိုက်နေကြသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး သူတို့၏ ဓားမောက်သိုင်းပညာ နားလည်မှုများကို သိနိုင်သည်။
ဓားချင်း ရင်ဆိုင်သည့် အသံများကလည်း စည်းချက်ကျသလို ထင်မှတ်ရပြီး လူအုပ်ကြီးက ပို၍ စိတ်လှုပ်ရှားလာကြ၏။ ဖန်းပိုင်က တိုက်ပွဲကိုကြည့်နေရင်း အသက်ရှူသံကို ထိန်းထားရသည်။ အကယ်၍ သူက နဂါး(၅)ကောင် လက်သည်းသိုင်းကို အသုံးပြုလိုက်မည်ဆိုလျှင်ပင် သူတို့နှင့် ယှဉ်ပြိုင်၍မရကြောင်း သိနေသည်။
သူ့ဘေးတွင် ရှိနေသော ယီစုန့်ကလည်း သူတို့ (၂)ယောက်နှင့် သူ့ကိုယ်သူ နှိုင်းယှဉ်ရန် လက်လျှော့လိုက်သည်။
တိုက်ပွဲက ပို၍ပြင်းထန်လာသည့်အချိန်တွင် ချင်ယုက သူ့ဓားကို အလေးချိန် မရှိသည့်အလား အေးအေးဆေးဆေး ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် လေဟာနယ်၏အလယ်၌ ကမ္ဘာမြေလောင်ကျွမ်းခြင်း မီးတောက်အင်ပါယာ၏ လွှမ်းမိုးမှုကြောင့် တခဏအတွင်း ပူလောင်လာခဲ့သည်။
ပူလောင်နေသော လေလှိုင်းများကလည်း အရာအားလုံးကို မီးရှို့ပစ်တော့မလို ထင်မှတ်ရ၏။ ကောင်းကင်ကြီး ၊ အစိမ်းရောင်ကျောက်တုံးများနှင့် လမ်းမပေါ်တွင် ရှိနေသော ဈေးဆိုင်များ ၊ မုန့်ချီ၏ စိတ်ဝိညာဉ်ကပင် လောင်ကျွမ်းသွားတော့မလို ဖြစ်လာခဲ့သည်။
ရမ္မက်ဆန္ဒများ ၊ စိတ်လှုပ်ရှားမှု ၊ ဒေါသ စသည့်အရာအားလုံးက အကြီးအကျယ် လောင်ကျွမ်းသွားခဲ့ပြီး မုန့်ချီ၏ မျက်နှာက နီရဲ၍ သူ၏စိတ်ဝိညာဉ်က မြင့်တက်လာခဲ့သည်။ ထိုအရာက ကမ္ဘာမြေလောင်ကျွမ်းခြင်းမီးတောက်အင်ပါယာ၏ အစစ်အမှန် ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခု ဖြစ်သည်။ သို့သော် ချင်ယုက ထိုမျှရိုးရှင်းစွာ အသုံးပြုနိုင်ခဲ့၏။
"မဟုတ်ဘူး..။ သူက စလာကတည်းက အဲဒီအရာကို သုံးနေခဲ့တာပဲ ။ လေထဲမှာ အပူလှိုင်းတွေကို တိတ်တဆိတ် ထုတ်လွှတ်ထားပြီး စိတ်ဝိညာဉ်မီးတောက်တွေကို စုဆောင်းထားတယ်..။ ဒါက ပထမဆုံးတိုက်ခိုက်မှုပဲ…"
အရာအားလုံးကို စုစည်းပြီးသွားသည့်အချိန်တွင် ဓားချီစွမ်းအင် အနည်းငယ်လေးကပင် အရာအားလုံးကို လျစ်လျှူရှုပစ်နိုင်သည်။ ချင်ယုကလည်း သူ၏ဓားပညာကိုသုံးပြီး မုန့်ချီကို ဇာတ်လမ်းတစ်ပုဒ် ပြောပြလိုက်ခြင်း ဖြစ်သည်။
မုန့်ချီက နှာခေါင်းချွန်ချွန် နှုတ်ခမ်းပါးပါးနှင့် ချင်ယုကို စိုက်ကြည့်နေခဲ့၏။ သူ၏ပြိုင်ဘက်ကလည်း သူ၏မာနတရားများကို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သော လူတစ်ယောက် ဖြစ်သည်။ သူက တိုက်ခိုက်မှုတွင် အလွန်အာရုံစိုက်နေခဲ့၏။
မုန့်ချီက ရင်ထဲတွင် အလွန်ဝမ်းသာသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူနှင့် ကိုက်ညီသော လူတစ်ယောက်ကို တွေ့သွားခဲ့ပြီ ဖြစ်၏။ ထိုကဲ့သို့ ပြိုင်ဘက်မျိုးကို အချိန်ပေးရသည်မှာ တန်ကြေးရှိသည်။ သူက ထိုကဲ့သို့ ပြိုင်ဘက်တစ်ယောက်ကို ရှာတွေ့ရန် မလွယ်လှပေ။
ကူရှောင်စန်းက သူမ၏ဂါဝန်ကိုချွတ်ပြီး သူမ၏ခန္ဓာကိုယ်ကို ပြသခဲ့ဖူးသည်။ ကျန်းကျိဝေကလည်း မေတ္တာတရားများ ပြည့်နှက်နေသော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့ဖူး၏။ ရွမ်ယုရှုက ရေနဂါးခြောက်ကို ဝါးမျိုနေရင်း ပန်းနုရောင် နှုတ်ခမ်းလေးကို လျှာနှင့်သပ်ခဲ့ဖူးသည်။
သူက ကျောက်စိမ်းတံခါး တောင်ကြားတွင် စည်းကမ်းထိန်းသိမ်းရေးခြံဝန်းမှ တိုက်အုပ်ကိုယ်တော်၏ အပြစ်တင်ကြိမ်းမောင်းမှုကို ခံခဲ့ရ၏။ သူ့ဆရာက သူ့အတွက် တောင်းပန်ပေးနေသည်ကို နားထောင်နေခဲ့ရပြီး သူ၏ဆရာတူညီလေးက သူ့အတွက် တာဝန်ယူပေးခဲ့ရသည်။
ကုချန်းချင်၏မိသားစု သေဆုံးသွားမှုကြောင့် သူ့ခေါင်းထဲတွင် ဒေါသများ ပြည့်နှက်လာပြီး မကောင်းဆိုးဝါးတောင်ကြားကို ဒေါသတကြီး ဖျက်ဆီးပစ်ခဲ့သည်။ ထိုအရာများကြောင့် သူက တစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေခဲ့ရ၏။
ယခုတော့ တဏှာရမ္မက် ၊ စွဲလမ်းမှု ၊ ဒေါသနှင့် အပြစ်ရှိသလို ခံစားချက် ၊ အဆိုးမြင်ခံစားချက်များ အားလုံးက မီးတောက်ထဲတွင် ပြင်းပြင်းထန်ထန် လောင်ကျွမ်းသွားခဲ့ပြီး သူ၏နှလုံးသားရေကန်ဆီသို့ ပျံ့နှံ့လာခဲ့သည်။
အလွန်ကြောက်စရာကောင်းသော မီးတောက်ဓားအလင်းတန်းတစ်ခုက ဖန်းပိုင်၏ မျက်လုံးထဲတွင် လွှမ်းခြုံသွားသည်။ ထိုအရာက ကမ္ဘာမြေကြီးကို ဖျက်ဆီးသွားသလို ထင်မှတ်ရ၏။ မီးတောက်များ ပြည့်နှက်နေသော ကောင်းကင်ကြီးနှင့် လောင်ကျွမ်းနေသော လမ်းမကြီးကိုကြည့်ပြီး ထိုအရာက နတ်ဘုရားတစ်ပါး သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်၏ တိုက်ခိုက်မှုဟုပင် တွေးမိခဲ့သည်။
ထိုတိုက်ခိုက်မှုကို တားဆီးနိုင်သောနည်းလမ်း ရှိပုံမရချေ။ ထိုအရာက အမှန်တကယ်ကို ခုခံရန် ခက်ခဲနိုင်သည်။
အကယ်၍ မုန့်ချီဆီကသာ ယခုအချိန်ကျမှ သူ့ကို ခုခံရန် ကြိုးစားလိုက်မည်ဆိုလျှင် အလွန်နောက်ကျသွားခဲ့ပါပြီ။ သို့သော် မုန့်ချီကိုယ်တိုင်လည်း ချင်ယုကို ဇာတ်လမ်းတစ်ပုဒ် ပြောပြထားခဲ့၏။
သူက အနတ္တကျိန်စာဖျက်ဓားပညာ၏ နှလုံးကျင့်စဉ်ကိုသုံးပြီး ရင်ထဲတွင် လောင်ကျွမ်းနေသော မီးတောက်များကို ဖိနှိပ်ထားလိုက်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ပေါ်လာတော့... "
သူက ဓားရှည်နှင့် တိုက်ခိုက်လိုက်ရာ လေဟာနယ်ထဲတွင် ခရမ်းရောင် လျှပ်စီးကြောင်းများ ရုတ်တရက် စုစည်းလာခဲ့သည်။
"ဂျိမ်း…."
ကြည်လင်နေသော ကောင်းကင်ကြီးပေါ်တွင် မိုးကြိုးများကဲ့သို့ ပေါက်ကွဲမှုများလည်း ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ မုန့်ချီကလည်း စလာကတည်းက ခရမ်းမိုးကြိုးစွမ်းအားများကို တိတ်တဆိတ် သုံးထားပြီး လေဟာနယ်ထဲသို့ ပို့ထားခဲ့သည်။ ထို့ကြောင့်လည်း ဓားပေါ်တွင် ရှိနေသော လျှပ်စီးကြောင်းများက ငွေရောင်ဖြစ်ရမည့်အစား ခရမ်းရောင်ဖြစ်နေခြင်း ဖြစ်၏။ သူပြောချင်နေခဲ့သည်မှာ ဇာတ်လမ်းတိုတစ်ပုဒ် မဟုတ်ခဲ့ပေ။
သူ၏တခြားသော ရည်ရွယ်ချက်ကတော့ ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်ကို ဖုံးကွယ်ရန်ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သူ့ဓားကိုသာ အသက်သွင်းထားခြင်း မရှိလျှင် ထိုအရာကို အလွယ်တကူ မှတ်မိသွားနိုင်၏။
ထို့ကြောင့် သူက လျှပ်စီးစွမ်းအားများကို ပြင်ဆင်ထားပြီး အချိန်ကျလာလျှင် အသုံးပြုရန် ရည်ရွယ်ထားသည်။ အပြင်ဘက်မှ ကြည့်လိုက်မည်ဆိုလျှင်တော့ ထိုအရာက မတူညီနိုင်တော့ပေ။
"ဂျိမ်း... "
ခရမ်းရောင်လျှပ်စီးကြောင်းက နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲပြီး မီးတောက်ပိုက်ကွန်ကြီးဆီသို့ ရောက်လာခဲ့သည်။ ချင်ယု၏ မျက်လုံးထဲတွင်တော့ အလွန်ကြီးကျယ်ခမ်းနားသော ခရမ်းရောင်အလင်းတန်းတစ်ခု ပြည့်နေခဲ့၏။
Translated by Hein Htet.