အခန်း (၃၂၉)
Vol. 22 Ch. 329
မီးတောက်များက နဂါးကြီးကို ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ချုပ်နှောင်လိုက်သည်။ ဓားချီစွမ်းအင်များက အလွန်သိပ်သည်းလွန်းလှသည့်အတွက် နဂါးကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်းအတိုင်းက စတင်လောင်ကျွမ်းလာခဲ့၏။
ကောင်းကင်ပေါ်တွင် ခရမ်းရောင်လျှပ်စီးကြောင်းများ တလက်လက် တောက်ပနေသည်မှာ မြွေများ အုပ်စုလိုက် ကခုန်နေသလို ထင်မှတ်ရသည်။ မုန့်ချီက အလွန်ကြောက်စရာကောင်းသော ဓားချီစွမ်းအင်များကိုသုံးပြီး မီးတောက်ပိုက်ကွန်ကြီးကို ချိုးဖောက်ရန် ကြိုးစားလိုက်၏။
"ဖျက်စီးလိုက်စမ်းးး …"
မုန့်ချီ၏ အဝတ်အစားများက ပေါက်ကွဲသွားပြီး သူ၏ကြွက်သားများက ဆက်၍ ကြီးလာခဲ့သည်။ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တောက်ပနေသော ရွှေရောင်အလင်းတန်းများက သူ၏စွမ်းအားများကို ကုန်ဆုံးသွားစေနိုင်၏။
"ဖျက်စီးလိုက်စမ်းးး …"
ဖန်းပိုင်၊ ယီစုန့်နှင့် တစ်ခြားသူများ၏ နားထဲတွင် ထိုအော်သံကို ကြားလိုက်ရပြီးနောက် မုန့်ချီက ရေလှိုင်းကြီးတစ်ခုသဖွယ် လောင်ကျွမ်းနေသော မီးတောက်များထဲသို့ တိုးဝင်သွားကြောင်း မြင်လိုက်ရသည်။
အစိမ်းရောင်ကျောက်တုံးများက မည်းတူးသွားပြီး လမ်းဘေးတွင် ရှိနေသော အိမ်များကလည်း လောင်ကျွမ်းမှုကြောင့် မီးခိုးများ ထွက်လာခဲ့၏။ အနီရောင် မီးတောက်များထဲတွင် ဓားတစ်လက်က လျင်မြန်စွာ ကျဆင်းလာခဲ့သည်။
ခရမ်းရောင်လျှပ်စီးကြောင်းများကလည်း ဧရာမနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လေလှိုင်းများနှင့် မီးတောက်များကို ပျက်စီးစေခဲ့၏။
ဓားနှစ်လက် ရင်ဆိုင်မိလိုက်သည့်အချိန်တွင် တောက်ပနေသော ခရမ်းရောင် လျှပ်စီးကြောင်းများက ဝင်းထိန်သွားခဲ့ပြီး မီးပွားများကဲ့သို့ ပေါက်ကွဲသွားသည်။ မှေးမှိန်နေသော ကောင်းကင်ကြီးတစ်ခုလုံးကိုလည်း လင်းထိန်သွားစေခဲ့သည်။
သူတို့၏တိုက်ပွဲက ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုတည်းနှင့်ပင် နတ်ဘုရားတစ်ပါးနှင့် မကောင်းဆိုးဝါးတစ်ကောင်၏ တိုက်ပွဲကဲ့သို့ ဖြစ်နေခဲ့၏။ သူတို့ကို တစ်ခြားသော သက်တူရွယ်တူ လူငယ်များကို မယှဉ်နိုင်ကြပေ။
ဖန်းပိုင်နှင့် ယီစုန့်တို့ နှစ်ယောက်လုံးက နိမ့်ကျနေသလို ခံစားနေရ၏။ မုန့်ချီနှင့် ချင်ယုတို့က ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များသာ ဖြစ်ကြသော်လည်း ဘာကြောင့် ထိုမျှ အစွမ်းထက်နေရသနည်း။
"အင်ပါယာဓား(၅)သွယ်…"
"သတ်ဖြတ်ရေးဓား…"
သူတို့က ချင်ယုကို ရွှမ်တျန်းဂိုဏ်းမှ တပည့်တစ်ယောက်ဟု မှတ်မိနေသည့်အတွက် ထိုတိုက်ခိုက်မှုကို မြင်လိုက်ရသည့်အခါ သူက အင်ပါယာဓား(၅)သွယ်ဖြစ်ကြောင်း နားလည်ရန် မခက်ချေ။ သူနှင့် တိုက်ခိုက်နေသူကတော့ သတ်ဖြတ်ရေးဓား စုမုန့် ဖြစ်နေသည်။ သူက မြစ်အရှေ့ပိုင်းတွင် နာမည်ကျော်ကြားလာခဲ့သော လူငယ်တစ်ယောက်လည်း ဖြစ်၏။
"လူငယ်မှတ်တမ်းထဲမှာ ထိပ်ဆုံး(၂၀)အတွင်း ရောက်နေတဲ့သူတွေပဲ။ သူတို့နှစ်ယောက်လုံးက တကယ်အံ့သြဖို့ ကောင်းလွန်းတယ်…"
လူအုပ်ကြီးက တွေးနေမိကြသည်။
"ချွမ်..."
ခရမ်းရောင်လျှပ်စီးကြောင်းများနှင့် ဖန်တီးထားသောနဂါးကြီးက မီးတောက်များကို ဝါးမြိုနေပြီး လှုပ်ရှားနေသော မြွေပေါင်းများစွာအဖြစ် ဖြန့်ခွဲသွားခဲ့သည်။ ကောင်းကင်ကြီးကလည်း ခရမ်းရောင်လင်းလက်တောက်ပနေခဲ့၏။ ကောင်းကင်ပြစ်ဒဏ်ဓားက အချိန်ဓားကို ပြီးပြည့်စုံစွာ ကာကွယ်နိုင်ခဲ့သည်။
ဓားနှစ်လက်က အချင်းချင်း ဖိနှိပ်ထားပြီး ကျဆင်းလာသော မီးတောက်နှင့် ခရမ်းရောင် လျှပ်စီးကြောင်းတို့ကို အချင်းချင်း ဖိနှိပ်ချင်ကြသည်။
ဓားနှစ်လက် တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီက နောက်တစ်ကြိမ် အော်ဟစ်လိုက်၏။
"ဖျက်ဆီးလိုက်စမ်းးး …"
အနက်ရောင်ဝတ်စုံ အောက်တွင် အလွန်အစွမ်းထက်ပြီး သန်မာသောကြွက်သားများ၊ ရွှေရောင်အရေပြားများ ရှိသည်။ ခွန်အားအရာနှင့် ပတ်သက်လျှင် ကောင်းကင်အင်ပါယာသိုင်းကျမ်းက မည်မျှအစွမ်းထက်စေကာမူ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့ကို ယှဉ်နိုင်ရုံသာ ရှိသည်။
သူတို့က ကိုယ်တွင်းကမ္ဘာကြီး ပြင်ဆင်ပြီးသွားသော တံခါး(၇)ပေါက်အဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း ထိုအရာကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပေ။
အချိန်ဓားက နောက်သို့ တစ်လက်မခန့် ဆုတ်သွားလိုက်ရသည်။ ထိုတစ်လက်မ ကွာဟမှုကို အခွင့်ကောင်းယူပြီး မုန့်ချီ၏ဘယ်လက်ထဲတွင် သွေးကြောဓား ပေါ်လာခဲ့သည်။ ထို့နောက် အလွန်ကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းများက မာနကြီးပြီး တည်ငြိမ်သော ချင်ယုဆီသို့ ရောက်လာခဲ့သည်။
အပြင်နှင့်အတွင်း၊ ပြောင်းလဲမှုနှင့်ငြိမ်သက်ခြင်း…
ထိုအချိန်တွင် အရာအားလုံးက ပြီးပြည့်စုံစွာ ပေါင်းစပ်နေသလို ထင်မှတ်ရသည်။ ပြောင်းလဲနေသော လှုပ်ရှားမှုများနှင့် ပြောင်းလဲမှုမရှိသော အရှိန်အဝါတို့ကို ပေါင်းစပ်ပြီး ထိုဓားက အလွန်လှပသော အလင်းတန်းလေးတစ်ခုသဖွယ် ရောက်လာခဲ့၏။
ဓားအလင်းရောင်က ထိုကဲ့သို့ တောက်ပလာသည့်အတွက် ကြည့်နေသူများအားလုံးက အလှတရားနှင့် စွမ်းအားများ ပေါင်းစပ်မှုကို တွေးမိလာကြသည်။ ထိုအရာက သူတို့ဘဝတွင် လုံးဝမမြင်ဖူးသေးသော အရာတစ်မျိုးဖြစ်၏။
သူ၏ပင်မဝိညာဉ်က ဓားဆန္ဒများ၏ ထိုးဖောက်မှုကို ခံလိုက်ရသည့်အလား မျက်ခုံးအလယ်တည့်တည့်တွင် နာကျင်သွားသည့်အတွက် ချင်ယုက သူ၏ဓားအရှိန်အဝါကို ခုခံရန် ပြောင်းလဲလိုက်ရသည်။
သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ တစ်ခါတရံ သူ့ပုံစံက ကောင်းကင်ဘိုးဘေး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး တစ်ခါတရံ အရာအားလုံးကို အုပ်စိုးနိုင်သော အင်ပါယာတစ်ပါးကဲ့သို့ ဖြစ်နေသည်။ တစ်ခါတရံ သူ့ပုံစံက ကောင်းကင်ဧကရာဇ်ကဲ့သို့ အုပ်ချုပ်သူတစ်ယောက်အစား သူ၏အရှိန်အဝါကို စုစည်းထားသည်မှာ စီးဆင်းနေသော ရေလှိုင်းများနှင့် ထိုက်ကျိစက်ဝိုင်းကဲ့သို့ ဖြစ်နေသည်။
အချိန်ဓားက အလွန်လျင်မြန်စွာ လည်ပတ်နေပြီး သိပ်မကြာခင် ချင်ယူ၏ရှေ့၌ အမှောင်ဝဲကတော့တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုဝဲကတော့၏ အတွင်းထဲတွင်တော့ စွမ်းအင်များ ရှုပ်ထွေးနေပြီး ဆွဲငင်အားများ ရှိနေသည်။ ထို့ကြောင့် လေလှိုင်းများ၊ အသက်စွမ်းအင်နှင့် ကျဆင်းလာသော သစ်ရွက်များအားလုံးက ဝဲကတော့ထဲသို့ စုပ်ယူခံလိုက်ရ၏။
"မဟူရာအင်ပါယာ ဝါးမြိုခြင်း…"
ကောင်းကင်နတ်သမီးကလည်း ဝါးမျိုနေသော ဝဲကတော့ဆီမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။
သို့သော် မုန့်ချီ၏လက်ထဲတွင် ကိုင်ထားသောဓားက အတော်လေးကို မြဲမြံနေသည်။ သူက ဝဲကတော့၏ အလယ်တည့်တည့်သို့ သူ့ဓားနှင့် လှမ်းထိုးလိုက်၏။ နောက်ဆုံးတွင်တော့ ချင်ယုဆီတွင် အားနည်းချက်တစ်ခု ပေါ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်နေသေးသည်။
ဓားရှည်က ဝဲကတော့ထဲသို့ ထိုးဖောက်လိုက်သည့်အချိန်တွင် လေစီးကြောင်းများက ချက်ချင်း ပေါက်ကွဲသွားခဲ့၏။ သွေးကြောဓားကလည်း စွမ်းအားမရှိတော့သည့်အလား သွေဖယ်သွားခဲ့သည်။
ဝဲကတော့ ပျက်စီးသွားသည့်အချိန်တွင် ဓားမောက်အရှိန်အဝါများကလည်း ပြန့်ကျဲသွားပြီး အချိန်ဓားက ချင်ယုဆီသို့ ပြန်ရောက်သွားခဲ့၏။
"ငါက သူ့ကို စွမ်းအားပြန်ဖြည့်ဖို့ အခွင့်အရေးပေးလို့ မရဘူး။ ငါက သူ့ကို စွမ်းအားပြန်မဖြည့်နိုင်အောင် တားရမယ်…"
ထိုအရာက မုန့်ချီ၏ခေါင်းထဲတွင် ပေါ်လာသော တစ်ခုတည်းသော အတွေးတစ်ခုဖြစ်သည်။
သူ၏ တိုက်ခိုက်ချင်စိတ်များကြောင့် သူက ညာလက်ထဲတွင် ကိုင်ထားသော ကောင်းကင်ပြစ်ဒဏ်ဓားကို လွှဲယမ်းလိုက်သည်။ သူ၏လက်ရှိချီစွမ်းအင်၊ ခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအားများအရ ဝေ့ကျင်းအဆင့်သိုင်းကွက် (၃)ကြိမ်တိတိ သုံးနိုင်သည်။ တတိယအကြိမ်က သူ့အတွက် အလွန်အမင်းကို ခက်ခဲသော်လည်း သုံးနိုင်သေး၏။ သူက ချင်ယုကိုနောက်ထပ်တိုက်ခိုက်ရန် အခွင့်အရေးပေး၍ မရနိုင်တော့ပေ။
သူ၏မျက်လုံးနှင့် နှာခေါင်းထောင့်မှနေ၍ သွေးများ စီးကျလာနေပြီး မုန့်ချီ၏ ဓားချီစွမ်းအင်များက သေမျိုးဖုန်မှုန့်များ ကပ်လာသလို ထင်မှတ်ရသည်။ ထို့ကြောင့် လူတိုင်းက သူတို့၏အဖိုးတန်ဆုံး မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားမိသွားပြီး သူတို့က ငြိမ်းချမ်းမှုကို ရှာမတွေ့နိုင်တော့ပေ။
သူ၏မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာနေသော ချင်ယုက ဓားချီစွမ်းအင်များကို ရင်ဆိုင်ရန် အံကြိတ်နေခဲ့သည်။ ထို့နောက် သူ၏အရှိန်အဝါက ပြောင်းလဲသွားခဲ့ပြီး သူ့ပုံစံက တိုက်ခိုက်ချင်စိတ်များ ပြည့်နှက်လာသည်။ ထိုအရာများက ကောင်းကင်ထိအောင် မြင့်တက်သွားခဲ့ပြီး ထိုအရှိန်အဝါကြောင့် ပတ်ပတ်လည်၌ ရှိနေသော လေစီးကြောင်းများကပင် စတင်တုန်ခါလာခဲ့သည်။ လေဟာနယ်ကပင် သူ့ကို အရိုအသေပေးနေသလို ထင်မှတ်ရ၏။
ချင်ယု၏ မျက်လုံးများက တည်ငြိမ်အေးစက်လာပြီး နှလုံးသားကင်းမဲ့နေသလို ဖြစ်နေခဲ့သည်။ သူ့ဆီတွင် ရည်ရွယ်ချက်မရှိ၊ ချစ်ခြင်းမေတ္တာမရှိ၊ မကျေနပ်ချက် မရှိပေ။ သူ၏မျက်လုံးများက တည်ငြိမ်နေပြီး နောက်ဆုတ်ရမည့်အစား ရှေ့ကို တစ်လှမ်းလှမ်း၍ သူ၏အချိန်ဓားနှင့် တုန့်ပြန်တိုက်ခိုက်လိုက်သည်။
ထိုအချိန်တွင် အရိပ်ပေါင်းများစွာ ပေါ်လာခဲ့၏။ ဓားချီစွမ်းအင်များက မှေးမှိန်သွားပြီး ဖြတ်သန်းသွားသည့်နေရာတိုင်းက ထူးခြားစွာပြောင်းလဲသွားခဲ့သည်။ လေလှိုင်းများက ရပ်တန့်သွား၏။ မီးတောက်များနှင့် ခရမ်းရောင်လျှပ်စီးကြောင်းများကလည်း အေးခဲသွားသည်။
မုန့်ချီ၏ ကောင်းကင်ပြစ်ဒဏ်ဓားကပင် မျှော်လင့်၍ မရနိုင်သော ခုခံမှုတစ်ခုကို ရင်ဆိုင်လိုက်ရပြီး တဖြည်းဖြည်း ပို၍နှေးကွေးလာသည်မှာ ရပ်တန့်သွားတော့မလို ထင်မှတ်ရသည်။ အချိန်က တဖြည်းဖြည်း ပို၍ကုန်လွန်လာခဲ့၏။
မေ့ပစ်၍ မရနိုင်သော မှတ်ဉာဏ်များက အချိန်ထက်ပို၍ ကြာရှည်နိုင်မည်လော။ အချိန်ကျလာသည်နှင့်အမျှ သူတို့က အရာအားလုံးကို မေ့လျော့သွားပါလိမ့်မည်။ မေ့ပစ်၍ မရနိုင်သောအရာဟူ၍ လုံးဝမရှိနိုင်ချေ။
တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်က ပျက်စီးသွားသည့်အတွက် မုန့်ချီ၏ခေါင်းထဲတွင် မူးဝေသွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်ထဲတွင် တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရပြီး သူ၏ပင်မဝိညာဉ်က တုန်ခါသွားခဲ့၏။ ထို့ကြောင့် သူ့လက်ထဲမှ ဓားလွတ်ကျတော့မလိုပင် ခံစားလိုက်ရသည်။ ထို့နောက် သူက သွေးတစ်ပွက် အန်လိုက်ရာ သူ့ရှေ့တွင် သွေးရောင်မြူခိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအရာကတော့ ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုဖြစ်သော ကောင်းကင်အင်ပါယာ အချိန်ဖျက်ဆီးခြင်း သိုင်းကွက် ဖြစ်သည်။ ထိုအရာက အင်ပါယာ(၅)သွယ် ဓားသိုင်းပညာ၏ ပင်မသိုင်းကွက်တစ်ခုဖြစ်ပြီး ကောင်းကင်အင်ပါယာဓားသိုင်းထဲတွင် အကောင်းဆုံးသိုင်းကွက်တစ်ခုလည်းဖြစ်သည်။
အကယ်၍ ချင်ယုကသာ ဝေ့ကျင်းအဆင့် အနှစ်သာရ အနည်းငယ်လေးကိုသာ နားလည်ထားခဲ့ခြင်း မဟုတ်လျှင် ထိုသိုင်းကွက်တစ်ခုတည်းကိုပင် လူငယ်မှတ်တမ်း၏ ထိပ်ဆုံး(၁၀)ယောက်ထဲတွင် ရှိနေသော ပညာရှင်အနည်းငယ်ကသာ ရင်ဆိုင်နိုင်ပါလိမ့်မည်။
တာအိုသဘောတရားများနှင့် စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်နေသော ဝေ့ကျင်းအဆင့် သိုင်းကွက်(၃)ခုကို ပြသလိုက်ပြီး ဓမ္မကာရအဆင့် သိုင်းကွက်ကို သုံးလိုက်ပြီးနောက် ချင်ယုက နောက်ဆုံးအခြေအနေကို ရောက်သွားခဲ့သည်။ သူက ကောင်းကင်အင်ပါယာ သိုင်းကျမ်းကို လေ့ကျင့်ထားသော်လည်း စွမ်းအားများ ကုန်ဆုံးသွားခဲ့၏။
သူ၏လှုပ်ရှားမှုက တဖြည်းဖြည်း ပို၍နှေးကွေးလာပြီး မချောမွေ့နိုင်တော့ပေ။ သူ၏မျက်လုံးများကလည်း နီရဲနေပြီး သွေးကြောလေးများ ပေါက်ပြဲမှုကြောင့် မျက်ရည်များ စီးကျလာခဲ့၏။
သူ့ရှေ့တွင် ရပ်နေသော မုန့်ချီ၏သွေးကြော(၇)ပေါက်ကလည်း သွေးများစီးကျလာနေခဲ့သည်။ ဆံပင်များ ပြေကျနေသော သူ့ပုံစံက အလွန်ကြောက်စရာ ကောင်းနေသည်။
သို့သော် မုန့်ချီက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကိုသုံး၍ သူ၏ဓားထဲတွင် ရှိနေသော ချီစွမ်းအားများကို ပြန်လည်ဖြည့်ဆည်းလိုက်သည်။ ဓားချီစွမ်းအင်များက တောင်တန်းကြီးသဖွယ် လေးလံလာသည့်အတွက် လေလှိုင်းများနှင့် ဝဲကတော့ကြီးက ပျက်စီးလာသည်။
"ဗုန်းးးး…"
သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို မသုံးသ၍ မိုးကြိုးစွမ်းအားက လှုပ်ရှားနိုင်သော မုန့်ချီ၏ သိုင်းကွက်များထဲတွင် ကြောက်စရာအကောင်းဆုံး ဖြစ်နေသေးသည်။ ထို့ပြင် ဝမ်ကိုက်နှင့် တိုက်ခိုက်လိုက်ပြီးနောက် သူ၏အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က သိသိသာသာ တိုးတက်လာခဲ့ပြီး ခန္ဓာကိုယ်ထိန်းချုပ်မှုက ပို၍တိကျလာခဲ့သည်။
"ဘုန်းးး…"
ကောင်းကင်ပြစ်ဒဏ်ဓားက ချင်ယုဆီသို့ ရောက်လာခဲ့၏။ သူ လုပ်နိုင်သည်မှာ ဓားနှင့် သူ့ရှေ့တွင် ခုခံရုံသာ ဖြစ်သည်။
"ချွမ်..."
အချိန်ဓားက လက်ထဲမှ လွင့်ထွက်သွားခဲ့၏။ ခွန်အားအရာတွင် မုန့်ချီက ပို၍အစွမ်းထက်ကြောင်း သိသာနေသည်။
မုန့်ချီကတော့ သူ့နောက်ကို ဆက်မလိုက်တော့ဘဲ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူက လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်.."
သူက ဤတိုက်ပွဲကို ကံတရားကြောင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် သွေးများစီးကျနေပြီး အနည်းငယ် ကြောက်စရာကောင်းသော်လည်း သူ့ပုံစံက သူရဲကောင်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
ချင်ယုက သူ့ဓားကို ပြန်ကောက်လိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒီခံစားမှုက အရမ်းကောင်းတယ်။ တကယ့်ကို ထိုက်တန်ပါတယ်…"
ထို့နောက် သူက မုန့်ချီကိုဖြတ်ကျော်သွားပြီး သူ့ခါးတွင် အချိန်ဓားကိုချိတ်၍ လမ်းအဆုံးသို့ ထွက်သွားခဲ့၏။ သူ့ပုံစံက လွတ်လပ်ပေါ့ပါးနေသည်။ သူတို့၏တိုက်ပွဲက မိနစ်(၃၀)ပင် မကြာခဲ့ပေ။ သူက စိတ်ဝင်တစားရောက်လာခဲ့ပြီး ကျေနပ်စွာ ထွက်ခွာသွားခဲ့၏။ သူက မည်သည့်အရာကို ဂရုစိုက်နိုင်ဦးမည်နည်း။
ချင်ယု ထွက်ခွာသွားသည်ကို မြင်သည့်အခါ မုန့်ချီက သက်ပြင်းချလိုက်မိသည်။
"ဒီတာအိုသခင်လေးက တကယ်ကို ဉာဏ်များပေမဲ့ သူက ပေါ့ပေါ့ပါးပါးနေတတ်တယ်။ သူ့ဆီမှာ တကယ့်ကို တာအိုသခင်တစ်ယောက်ရဲ့ အရည်အသွေးမျိုး ရှိတယ်…”
“ငါက ကံကောင်းပြီး ဒီတိုက်ပွဲကို အနိုင်ရခဲ့တာ။ တကယ်လို့ ငါသာ သူ့ကို ပုံပြင်ပြောဖို့အတွက် ကောင်းကင်ပေါ်မှာ ခရမ်းမိုးကြိုးစွမ်းအားတွေကို တိတ်တဆိတ် ပို့ဆောင်ပြီး ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်ကို ဖုံးကွယ်မထားခဲ့ဘူးဆိုရင် ငါက ရှုံးနိမ့်သွားလောက်ပြီ။ တကယ်လို့ ငါကသာ အခြေအနေမကောင်းဘူးဆိုရင် ကမ္ဘာမြေလောင်ကျွမ်းခြင်း မီးတောက်အင်ပါယာသိုင်းကွက်၊ မဟူရာအင်ပါယာဝါးမြိုခြင်းနဲ့ ကောင်းကင်အင်ပါယာ အချိန်ဖျက်ဆီးခြင်း သိုင်းကွက်(၃)ခုကို ရင်ဆိုင်ရတဲ့အချိန်မှာ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မယ်။ဘယ်လိုပဲဖြစ်ဖြစ် အဆုံးမှာတော့ ငါက အနိုင်ရခဲ့သေးတာပဲ…”
“တကယ်လို့ သူသာ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ငါက သူ့ကို ဘယ်လိုများ ရင်ဆိုင်နိုင်တော့မှာလဲ။ ချင်ယုနဲ့ငါက စွမ်းအားတူတယ်လို့ ပြောလို့ရတယ်။ နှစ်ယောက်လုံးရဲ့ အခြေအနေအရ ရာသီဥတုနဲ့ မြေမျက်နှာသွင်ပြင် အခြေအနေပေါ် မူတည်ပြီး ဘယ်သူက အနိုင်ရမလဲဆိုတာပဲ ကွာသွားနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက အနိုင်ရသွားခဲ့ပြီ…"
မုန့်ချီက အလွန်စိတ်အားတက်ကြွနေခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ကျေနပ်မှုများ ပေါ်နေသည်။
ဖန်းပိုင် ၊ ယီစုန့်နှင့် တစ်ခြားသူများကတော့ ဘာပြောရမှန်း မသိတော့ပေ။
"သူတို့ကို တကယ်ပဲ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေလို့ ခေါ်နိုင်တာလား။ သူတို့က မကောင်းဆိုးဝါးတွေထက်တောင် ပိုပြီးကြောက်စရာကောင်းသေးတယ်…"
သို့သော် သူတို့အားလုံးက ထိုအရာကို စံနမူနာ ယူနေကြသည်။ သူတို့အားလုံးက မုန့်ချီနှင့် ချင်ယုကဲ့သို့ အစွမ်းထက်လာချင်သည့်အတွက် အလွယ်တကူ နောက်ကျကျန်ခဲ့မည်လော။
မလှမ်းမကမ်းတွင် ရပ်နေသူများအားလုံးကတော့ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်(၂)ယောက်၏ တိုက်ပွဲက နတ်ဘုရားတစ်ပါးနှင့် မကောင်းဆိုးဝါး တစ်ကောင်၏ တိုက်ပွဲကဲ့သို့ ဖြစ်လိမ့်မည်ဟု လုံးဝမတွေးခဲ့ကြပေ။ သူတို့က သူတို့နှစ်ယောက်လုံးကို လူငယ်မှတ်တမ်းထဲတွင် ထိပ်ဆုံးပညာရှင်(၁၀)ယောက်ထဲ ရှိနိုင်သည်ဟုပင် သတ်မှတ်ထားခဲ့သည်။
မုန့်ချီက ပတ်ပတ်လည်ကို စိုက်ကြည့်လိုက်ပြီး ချင်ယုနှင့် သူ၏စွမ်းအားထိန်းချုပ်မှုအပေါ် ကျေနပ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တစ်ခြားသူများ ထိခိုက်ခြင်း မရှိခဲ့ပေ။ သူက စလာကတည်းက ထိုအရာအပေါ် အလွန်ယုံကြည်ချက် ရှိနေသည့်အတွက် ပို၍ဝမ်းသာသွားခဲ့၏။
ထိုအချိန်တွင် လူဆိုးထိန်းတစ်ယောက်က သူ့အနားကိုကပ်လာပြီး ပြောလိုက်သည်။
"သခင်လေးစု.. ကျေးဇူးပြုပြီး ခဏနေပါဦး…"
လူဆိုးထိန်းတစ်ယောက်ဖြစ်သည့်အတွက် သူက တိုက်ပွဲထဲမှ သတ်ဖြတ်ရေးဓားကို မှတ်မိနေသည်။
"အေး.. ဘာကိစ္စလဲ…"
မုန့်ချီက သူ့ကို စိတ်ဝင်တစားမေးလိုက်၏။
လူဆိုးထိန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
"ကျွန်တော့်နာမည်က အန်ယုပါ။ ကျွန်တော်က ချန်းချွမ်မှာ လူဆိုးထိန်းခေါင်းဆောင် တစ်ယောက်ပါ။ ဒီတိုက်ပွဲက သခင်လေးတို့အတွက် တကယ်ပဲ အကျိုးရှိပါတယ်။ ဒါပေမဲ့ လမ်းမကြီးနဲ့ သာမန်လူနေအိမ်တွေတော့ ပျက်စီးသွားတယ်။ ဒါကြောင့် လျော်ကြေးပေးဖို့ လိုအပ်ပါတယ်။ သခင်လေးက သူတို့ကို ဆာလောင်မှုနဲ့ အအေးဒဏ်တွေ ခံစားရအောင် ပစ်ထားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံပါတယ်။ သခင်လေးစုက အမှန်တရား ဘက်တော်သားတစ်ယောက်ပဲလေ…"
မုန့်ချီ၏အပြုံးက ပျောက်ကွယ်သွားခဲ့သည်။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။ အစိမ်းရောင်အုတ်များက မီးတောက်များကြောင့် မည်းတူးသွားပြီး အတော်များများကလည်း ခရမ်းရောင်လျှပ်စီးကြောင်းများကြောင့် ပျက်စီးသွားခဲ့သည်။ ဆိုင်ခန်းတစ်ချို့က ပျက်စီးသွားပြီး အိမ်တစ်ချို့က လောင်ကျွမ်းသွားသည်။ တစ်ချို့ကတော့ နှစ်ပိုင်းပြတ်သွားခဲ့၏။
"ငါက ဒီအတွက် လျော်ကြေးပေးရမယ်ဆိုတာ မှန်တာပဲလေ…"
မုန့်ချီက အံကြိတ်လိုက်သည်။
"ဒါပေမဲ့ ဒါက ငါတစ်ယောက်တည်း တာဝန်ရှိတာ မဟုတ်ဘူးလေ။ ချင်ယုက မြန်မြန်ထွက်သွားပြီ။ သူ့ပုံစံက ပေါ့ပေါ့ပါးပါးပဲ။ သူက ငွေရေးကြေးရေးပြဿနာကို စိုးရိမ်နေလို့လား။ တော်တော်ကောက်ကျစ်တဲ့ ကောင်လေးပါလား…"
Translated by Hein Htet.