အခန်း (၃၃၀)
Vol. 22 Ch. 330
လက်ရှိအချိန်တွင် မုန့်ချီက သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်း မရှိသော်လည်း သူက လျှို့ဝှက်သတင်းပေး တစ်ယောက်ဟူသော အဆင့်အတန်း ပေါ်သွားခြင်းက ကောင်းမွန်ခြင်း မရှိနိုင်ပေ။
သူက သခင်လေးတစ်ယောက်ဟူသော ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေရ၏။ သူက ကျသင့်ငွေကို ပေးလိုက်သည်။ မည်သို့ဖြစ်စေကာမူ သာမန်လူများ၏ နေအိမ်များကို ဖျက်ဆီးပစ်လိုက်ခြင်းက ဂုဏ်ယူစရာမကောင်းသော အရာတစ်ခု ဖြစ်သည်။
ခေါင်းထဲတွင် ထိုအတွေးမျိုး ပေါ်လာပြီးနောက် သူက လန်းယာ့ရှိ ရွမ်မိသားစု၏ ငွေတိုက်စာရွက်ကို ထုတ်ပေးပြီး ရယ်လိုက်သည်။
"ဟုတ်တာပေါ့... ။ ငါက လျော်ကြေးပေးသင့်တာပေါ့... "
သူက အားရပါးရ ရယ်လိုက်ပြီးနောက် လက်ထဲတွင် ဓားကိုကိုင်ပြီး ပြန်လှည့်သွားခဲ့၏။ သူ့ရင်ထဲတွင်တော့ သွေးများ တတောက်တောက် စီးကျနေသည်။
ဤနေရာတွင် သူနှင့် မိတ်ဆွေဖြစ်ချင်သည့်အတွက် သူ့ကိုယ်စား လျော်ကြေးပေးချင်နေသော လူပေါင်းများစွာ ရှိသည်။ သို့သော် သူတို့ကတော့ မီးတောက်နှင့် လျှပ်စီးကြောင်းများကြောင့် ထိတ်လန့်မှု မပြေသေးသည့်အတွက် စကားပြောရန် အလွန်နောက်ကျနေကြ၏။ သူက လမ်းအဆုံးသို့ ထွက်သွားသည်ကိုသာ ကြည့်နေကြရသည်။
အန်ယုက ငွေစာရွက်ပေါ်တွင် ရှိနေသော ကိန်းဂဏန်းကို မြင်သည့်အခါ ချက်ချင်း ပြောလိုက်သည်။
"သခင်လေးစု …
ဒီငွေက အရမ်းကိုများလွန်းတယ်..။ ပြင်ဆင်ပြီးသွားရင် ကျန်တဲ့ငွေကို ဘယ်နေရာကို လာပို့ရမှာလဲ... "
မုန့်ချီက လက်ကို ဝှေ့ယမ်းလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"ဘာမှစိုးရိမ်မနေပါနဲ့... ။ ကျန်တဲ့ငွေတွေကို မင်းအတွက်ပဲ အေးအေးဆေးဆေး ယူထားလိုက်ပါ... "
ထိုအချိန်တွင် သူ့နားထဲ၌ အသံတိုးတိုး ပေါ်လာခဲ့သည်။
"အမှား (၉) သွယ်သမားတော်ရဲ့ရဲတိုက်ကို ပို့လိုက်... "
……………….
ညအချိန်တွင် မုန့်ချီက ကျုံးတိုင်ပင်၏ ရဲတိုက်ထဲတွင် ရှိနေသော ဧည့်သည်အဆောင်တွင် နေထိုင်ခဲ့သည်။ သူက သွမ့်လွေ၏ ကိစ္စကို ယပ်တောင် (၆)လက်ကျောင်းကိုလည်း သတင်းပို့ပြီးသွားပြီ ဖြစ်၏။
ခြံဝန်းထဲတွင်တော့ ညှိုးခြောက်နေသော သစ်ရွက်များ ၊ သစ်ကိုင်းခြောက်များ ပြည့်နှက်နေသည်။ ဆောင်းဦးရာသီ ကုန်ဆုံးတော့မည်ဖြစ်ပြီး ဆောင်းရာသီကို နီးကပ်လာခဲ့ပါပြီ။
လမင်းကြီးကို တိမ် ဖုံးထားသော အနက်ရောင် ကောင်းကင်ကြီးအောက်တွင် မုန့်ချီက တင်ပျဉ်ခွေထိုင်ပြီး လေ့ကျင့်နေခဲ့၏။ သူက တံခါး (၈)ပေါက်နှင့် ဆက်သွယ်ထားသော သွေးကြောများကို အာရုံစိုက်နေခဲ့သည်။ သူက တတ်နိုင်သမျှ မြန်မြန် အဆင့်တက်ချင်နေ၏။
ထိုသို့ဆိုလျှင် သူ၏စွမ်းရည်များက နတ်ဘုရားတစ်ပါး သို့မဟုတ် မကောင်းဆိုးဝါး တစ်ကောင်ထက် ကျော်လွန်နေပါလိမ့်မည်။ သွမ့်လွေ၏ ကျင့်စဉ်ပုံစံ (၉) မျိုးက ကောင်းမွန်ခြင်း မရှိကြောင်း သူက သေချာနေသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ရူးသွပ်သွားမှာ စိုးသည့်အတွက် မလေ့ကျင့်ရဲပေ။
ထိုအရာကို နောက်တစ်ကြိမ် သံသရာတာဝန် လုပ်ဆောင်သည့်အချိန်၌ သံသရာသခင်ဆီတွင် စစ်ဆေးလိုက်ခြင်းက ပို၍သင့်တော်သည်။ အကယ်၍ ထိုအရာက မကောင်းဆိုးဝါးလမ်းစဉ် သိုင်းကျမ်းတစ်ခု ဖြစ်နေမည်ဆိုလျှင် သူက ကံကြမ္မအမှတ်များနှင့် လဲလှယ်၍ ရနိုင်သည်။
မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်မိ၏။ သူက ထိုအမှုအကြောင်းကို စဉ်းစားလိုက်သည့် အချိန်တိုင်း တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားနေရသည်။
ထိုဘုန်းကြီးအိုကြီးက မည်သူပေနည်း။ သူက အမှန်တကယ် ရှိနေခြင်းပေ။ သို့မဟုတ် သွမ့်လွေ၏မွေးစားအဖေက လိမ်ညာခဲ့ခြင်းပေလော။ သို့မဟုတ် သူက မကောင်းဆိုးဝိညာဉ်၏ လွှမ်းမိုးမှုကြောင့် လိမ်ညာခဲ့ခြင်းပေလော။
အကယ်၍ ထိုဘုန်းကြီးအိုကြီးကသာ အမှန်တကယ် ရှိနေမည်ဆိုလျှင် သိုင်းကျမ်းစာရွက်(၉) ခုက မည်သည့်အရာပေနည်း။ ဘာကြောင့် သွမ့်လွေ၏ မွေးစားအဖေက မှန်ကန်သော အစီအစဉ်အတိုင်း လေ့ကျင့်ရမည်ဟု ပြောခဲ့သနည်း။ သူကိုယ်တိုင်ပင် ထိုအရာကို သေချာမသိခြင်းပေလော။ သို့မဟုတ် တစ်စုံတစ်ခု ဖြစ်နေခြင်းပေလော။
သွမ့်လွေ၏ မွေးစားအဖေက တောင်အနောက်ဘက်သို့ ခိုးဝင်နိုင်ကြောင်း စဉ်းစားမိသည့်အခါ သူက သေချာပေါက် ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်နိုင်သည်။ သူ၏အသိဉာဏ်နှင့် အတွေ့အကြုံများအရ သွမ့်လွေ၏ မကောင်းဆိုးဝါဝိညာဉ်ကပင် လှည့်စားရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ညက တဖြည်းဖြည်း တိတ်ဆိတ်လာသော်လည်း မုန့်ချီက ထိုအရာကို အဖြေမရှာနိုင်သေးပေ။ သူက ထိုအရာကို ခဏဖယ်ထားလိုက်ပြီး အိပ်စက်ရန် ကြိုးစားလိုက်၏။ ထိုသို့ဆိုမှသာ စိတ်ဝိညာဉ်စွမ်းအားများ ပြန်ပြည့်လာပါလိမ့်မည်။
……………….
ရှောင်လင်ကျောင်းတော်၏ တောင်အနောက်ဘက်တွင် ရှိနေသော လျှို့ဝှက်လမ်းကြောင်းထဲ၌ အေးစက်ပြီး မည်းမှောင်နေသည်။ ထိုနေရာတွင် မီးရောင်မှိန်မှိန်လေးသာ ထွက်ပေါ်နေ၏။
သူက ဖြည်းညင်းစွာ လျှောက်သွားနေသော်လည်း လမ်းကြောင်းထဲတွင် သူ၏ခြေသံများကို ကြားနေရသည်။ သူက ခြေလှမ်းထဲတွင် အင်အားမည်မျှစိုက်ထားသနည်း။
လမ်းကြောင်း၏ အဆုံးတွင်တော့ တောင်ထိပ်တစ်ခု ရှိနေသည်။ ထိုတောင်ထိပ်၏ အနောက်ဘက်တွင်တော့ ကျောက်တံခါးတစ်ခု ရှိနေပြီး ထိုကျောက်တံခါးက တစ်ခုခုကို တားဆီးထားသလို ထင်ရသည်။
သူက ထိုတံခါးကို လက်နှင့် ထိကြည့်လိုက်သည့်အချိန်တွင် အရိုးခိုက်မတတ် အေးစက်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ ရင်ထဲတွင်လည်း အကြောက်တရားတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးများ ပြည့်နှက်နေသော ငရဲတစ်ခုထဲသို့ ကျရောက်သည့်အလား တုန်ယင်သွားခဲ့သည်။
သူ့ရှေ့တွင် ခြေပြတ်လက်ပြတ်များ ၊ ပုတ်ပွနေသော အလောင်းများ ၊ မကောင်းဆိုးဝါးဝိညာဉ်များနှင့် ကောင်းကင်ဖျက် မကောင်းဆိုးဝါးများ၏ ပုံရိပ်များ ပေါ်လာခဲ့၏။ သူက မနည်းအားတင်းပြီး စိတ်ကိုအာရုံလွှဲ၍ ကြည့်လိုက်ရာ တံခါးဘေးတွင် ရေးထားသော စာတစ်ကြောင်းကို မြင်လိုက်ရသည်။
"သစ္စာရှိပြီး သနားကြင်နာတတ်သူမဝင်ရ... "
သူ၏အသက်ရှုသံက လျင်မြန်လာပြီး မျက်လုံးထဲတွင် သံသယများ ပြည့်နှက်နေသည်။ ထိုအရာက ဒိုအာချာ၏ ကမ္ဘာထဲတွင် ရှိနေသော တောင်အနောက်ဘက်တွင် သူမြင်ခဲ့ရသော အရာများ ဖြစ်သည်။
ရှောင်လင်တောင်ထိပ် (၂) ခုက ပုံသဏ္ဍာန်နှင့် တည်ဆောက်ပုံ အရာအားလုံး တူညီနေပြီးလျှို့ဝှက်လမ်းကြောင်း၏ တည်နေရာကပင် တူညီနေ၏။ ထို့ကြောင့် လမ်းကြောင်းထဲတွင် သူမြင်ခဲ့ရသောအရာများ ပင်မကမ္ဘာကြီးထဲရှိ တောင်အနောက်ဘက်တွင်လည်း အမှန်တကယ် ရှိရမည်ဟု ခံစားနေရသည်။ ယနေ့ သူက ထိုအရာကို အိပ်မက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒါက တိုက်ဆိုင်တာလား...။ မဟုတ်သေးဘူး... "
မုန့်ချီ၏ အသက်ရှူသံက တည်ငြိမ်လာပြီး သူက လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ ထိုမေးခွန်းက သူ့ခေါင်းထဲ၌ ပေါ်လာသည့်အချိန်တွင် မှတ်ဉာဏ်များက သူ၏စိတ်ကို လှုံဆော်လိုက်၏။
"သစ္စာရှိပြီး သနားကြင်နာတတ်သူ မဝင်ရ... "
မုန့်ချီက ထိုစကားလုံးကို ကြိမ်ဖန်များစွာ စဉ်းစားနေပြီး တဖြည်းဖြည်း နားလည်သွားခဲ့သည်။ သိုင်းကျမ်းစာရွက် အပိုင်းအစ (၉) ခုက ထိုကျောက်တံခါးနှင့် သေချာပေါက် ပတ်သက်နေနိုင်သည်။
အကယ်၍ ထိုအရာက ဗုဒ္ဓလမ်းစဉ် သိုင်းကျမ်းတစ်ခု ဖြစ်နေမည်ဆိုလျှင်ပင် မကောင်းဆိုးဝါးစွမ်းရည်များ ရှိနေမှာ စိုးရသည်။ ဘုန်းကြီးအိုကြီး၏ အစစ်အမှန် ရည်ရွယ်ချက်က ထိုတံခါးကိုဖွင့်ရန် ဖြစ်နိုင်သည်။
သို့သော် ထိုအရာကလည်း မဟုတ်နိုင်သေးပေ။ မုန့်ချီကိုယ်တိုင်၏အစွမ်းက ဘုန်းကြီးအိုကြီး၏ ခြေဖျားပင် မမှီသေးပေ။ သွမ့်လွေ၏ မွေးစားအဖေကလည်း ရင်ဆိုင်ရန် မလွယ်သော အစွမ်းထက် ဝေ့ကျင်းအဆင့် ပညာရှင်ဖြစ်မည်ဟု သူက တွေးခဲ့မိ၏။ သူကပင် ထိုအရာကို အလွယ်တကူ မထိန်းချုပ်နိုင်သေးပေ။
သွမ့်လွေ၏ မွေးစားအဖေက ဘုန်းကြီးအိုကြီးနှင့် တိုက်ရိုက်ပတ်သက်မိခဲ့ပြီး တစ်ဖက်လူ၏ အငွေ့အသက်များကို သိနေခဲ့သည်။ သူက သူ၏ရုပ်ရည်ကိုပင် ပြောင်းလဲထားနိုင်သော်လည်း ပုန်းအောင်းနေသော မကောင်းဆိုးဝါးကို သေချာပေါက် ရှင်းပစ်နိုင်သည်။ သို့သော် ထိုအရာလည်း မဟုတ်သေးပေ။
"ဒါကြောင့်များ သူက ရူးသွားခဲ့တာလား... "
မုန့်ချီက ချက်ချင်းပင် နားလည်သွားခဲ့၏။
သွမ့်လွေ၏ မကောင်းဆိုးဝါးဝိညာဉ်က သူ၏မွေးစားအဖေကို လှည့်စားရန် ထိုမျှရိုးရှင်းလိမ့်မည် မဟုတ်ချေ။ သို့သော် အလွန်ကြောက်စရာကောင်းသော ဘုန်းကြီးအိုကြီးက သူ့ကို တိတ်တဆိတ် ကူညီပေးမည်ဆိုလျှင်တော့ ဖြစ်နိုင်ချေ ရှိသည်။
သွမ့်လွေ၏ မွေးစားအဖေက ရူးသွပ်သွားသည့်အချိန်တွင် ဘုန်းကြီးအိုကြီးအကြောင်း ဝန်ခံရန် လုံးဝမဖြစ်နိုင်တော့ပေ။ ထိုဘုန်းကြီးအိုကြီးနှင့် လုံးဝမတွေ့ဖူးသော သွမ့်လွေကသာ နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်လိုက်မည်ဆိုလျှင် ပိုကောင်းသော ရွေးချယ်မှု ဖြစ်လာနိုင်မည် မဟုတ်ပေလော။ ထိုကဲ့သို့ လှည့်စားထားလိုက်မည်ဆိုလျှင် ဘုန်းကြီးအိုကြီးက ပို၍ပင် နက်ရှိုင်းစွာ ပုန်းနေနိုင်သည်။
မုန့်ချီက အိပ်ရာမှထလိုက်ပြီး အခန်းထဲတွင် ရှေ့နောက် လျှောက်နေခဲ့၏။ သူက ခဏကြာစဉ်းစားပြီး ရုတ်တရက်ဆိုသလို မှင်သက်သွားခဲ့သည်။ သွမ့်လွေက ပြီးပြည့်စုံသော ရွေးချယ်ခံရသူ တစ်ယောက်ဆိုလျှင် ဘုန်းတော်ကြီးက သူ၏စိတ်နှစ်ခွရောဂါကို ကုသခွင့် ပေးနိုင်မည်လော။ သူ့ကို နတ်ဆိုးသိုင်းပညာ လေ့ကျင့်ခြင်းမှ တားဆီးခွင့် ပေးနိုင်မည်လော။
အစောပိုင်းတွင် သွမ့်လွေကို ထောင်ထဲ၌ ချုပ်နှောင်ထားသည့်အချိန်တွင် သူ့ဆီ၌ ထွက်ပြေးနိုင်စွမ်း ရှိခဲ့သည်။ ထို့ကြောင့်လည်း ဘုန်းကြီးအိုကြီးက သွမ့်လွေကို စောင့်ကြည့်နေပြီး အလျင်စလို မလှုပ်ရှားခဲ့ခြင်း ဖြစ်နိုင်၏။
သို့သော် ယခုတော့ သွမ့်လွေက အမှား (၉) သွယ်သမားတော်၏ သွေးကြောပိတ်ခြင်းကို ခံထားရသည်။ သူက ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေနိုင်မည်လော။
ထိုအရာကို စဉ်းစားမိသည့်အခါ မုန့်ချီလည်း အခန်းထဲမှ ပြေးထွက်သွားခဲ့၏။ ဆူညံသံများကြောင့် ဘေးအခန်းတွင် ရှိနေသော ချီကျန်းရန်ကလည်း နိုးလာခဲ့သည်။ မုန့်ချီက စကားတစ်ခွန်းမျှမပြောဘဲ သူ့ကို ကျုံးတိုင်ပင်၏ အခန်းဆီကိုသာ ဆွဲခေါ်လာခဲ့၏။
ကျုံးတိုင်ပင်ကတော့ သွမ့်လွေကို ကုသရန် အာရုံစိုက်နေပြီး လိုက်ဖက်သော ဆေးရည်များနှင့် အပ်စိုက်ကုသရန် နေရာများကို ရွေးချယ်ရန် ကြိုးစားနေရသည်။ သူက သူ၏ဆေးပညာအခန်းထဲတွင် လေ့လာနေရ၏။
မုန့်ချီနှင့် ချီကျန်းရန်တို့ ရောက်လာသည်ကို မြင်သည့်အခါ သူက တံခါးဖွင့်ပြီး ကြည့်လိုက်သည်။
"တော်တော်လေးနောက်ကျနေပြီ ။ မင်းတို့က ဘာလို့ငါ့ရဲ့တည်ငြိမ်မှုကို နှောင့်ယှက်နေရတာလဲ... "
"သမားတော်ကျုံး …
သွမ့်လွေရဲ့နတ်ဆိုးသိုင်းပညာအရစ်အမြစ်က တော်တော်လေးကို ဆန်းကြယ်နေတယ်..။ ကျွန်တော်က တစ်ခုခုဖြစ်မှာ စိုးရိမ်နေလို့ သူ့ကိုသွားကြည့်မလို့ပါ... "
မုန့်ချီက အချက်ကိုသာ တိုက်ရိုက်ပြောလိုက်သည်။
ကျုံးတိုင်ပင်က မကျေမနပ် ဖြစ်သွားခဲ့၏။
"ဒီနေရာမှာ ငါ ရှိနေတယ်လေ... ။ သူက ဘာဖြစ်ရမှာလဲ... "
သူက ပြောလိုက်ရင်း အနောက်ဘက်ခြံဝန်း၏တံခါးကို ဖွင့်လိုက်သည်။ ခြံဝန်းထဲသို့ ရောက်လာခဲ့သည့်အချိန်တွင် သူ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သက်ရှိတစ်ယောက်၏ အငွေ့အသက်ကို ခံစားမိခြင်း မရှိတော့ချေ။
သွမ့်လွေက သွေးကြောပိတ်ထားခြင်းသာဖြစ်ပြီး သေချာပေါက် မသေသေးပေ။ အနောက်ဘက် ခြံဝန်းထဲတွင် သူ၏လက်ထောက် တစ်ယောက်လည်း ရှိနေသေး၏။
ကျုံးတိုင်ပင်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သော လေလှိုင်းများ ထွက်ပေါ်လာပြီး တံခါးများအားလုံးက ပွင့်သွားခဲ့၏။ မှေးမှိန်နေသော အလင်းရောင်အောက်တွင် မုန့်ချီက သွမ့်လွေ၏ အခန်းကို မြင်လိုက်ရသည်။ လက်ထောက်တစ်ယောက်က အခန်းအပြင်ဘက် အိပ်ရာပေါ်တွင် တိတ်တဆိတ် လဲကျနေပြီး အသက်မရှုတော့ပေ။
မုန့်ချီက အခန်းထဲသို့ ဝင်သွားလိုက်ရာ လွတ်နေသော အိပ်ရာကိုသာ တွေ့လိုက်ရ၏။ သွမ့်လွေ၏ အရိပ်အယောင်ကိုတော့ မတွေ့ရပေ။
"မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး... "
ပထမတွင် ကျုံးတိုင်ပင်က ဒေါသထွက်နေခဲ့၏။ သို့သော် သိပ်မကြာခင် စိုးရိမ်ထိတ်လန့်လာခဲ့သည်။ သူက အနောက်ဘက် ခြံဝန်းအနားတွင် နေထိုင်ခြင်းဖြစ်ပြီး ထိုခြံဝန်းနှင့် အနည်းငယ်လေးသာ ကွာဝေးသည်။ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်သည့်အတွက် ထိုနေရာတွင် တစ်စုံတစ်ခုဖြစ်လျှင် သူလည်း သတိထားမိသင့်သည်။
ထိုမေးခွန်းကြောင့် သူ့ခေါင်းထဲတွင် တစ်စုံတစ်ခုကို ကောက်ချက်ချမိခဲ့၏။ တစ်ဖက်လူက ကြောက်စရာကောင်းလွန်းလှအောင် အစွမ်းထက်လွန်းလှသည်။
မုန့်ချီက အခန်းထဲသို့ ပြန်လှည့်သွားပြီး လက်ထောက် သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးကြည့်လိုက်သည်။ လူသတ်သမားက ထိုလူငယ်၏ ခေါင်းကို ချွန်ထက်သောအရာနှင့် ထိုးစိုက်လိုက်ပြီး သူ့ကို အိပ်စက်နေစဉ် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။
"ဒီလက်ညှိုးရာက သေချာထိန်းချုပ်ထားတယ်..။ ဒါပေမဲ့ ဒီကောင်လေးကို သတ်ဖို့တော့ လုံလောက်တယ်..။ ဒီလူသတ်သမားက ဘယ်လောက်အစွမ်းထက်လဲဆိုတာ မပြောနိုင်ဘူး... "
ဤကိစ္စတွင် ထိုကောင်လေး ပါဝင်ပတ်သက်သွားခဲ့ရသည့်အတွက် မုန့်ချီက အပြစ်ရှိသလို ခံစားလိုက်ရ၏။
ကျုံးတိုင်ပင်က မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
"သူက အဝေးကနေ တိုက်ခိုက်လိုက်တဲ့ပုံပဲ…"
လူသတ်သမားက ထိုကောင်လေးကို တိုက်ခိုက်ခဲ့သည့်အချိန်တွင် မည်မျှဝေးကွာကြောင်း သူလည်း မပြောနိုင်ပေ။
"ကျွန်တော်တို့ ခရီးသွားနေစဉ် အတောအတွင်း အဲဒီလူက သွမ့်လွေကိုပြန်ပေးဆွဲဖို့ ဒါမှမဟုတ် သူ့ရဲ့ခြေရာလက်ရာတွေကို ဖုံးကွယ်ဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့တယ်..။ ဒါပေမယ့် သူက နောက်ဆုံးအချိန်ထိ မလှုပ်ရှားခဲ့ဘူး..။ သူ့ရဲ့တည်ရှိမှုအကြောင်း သိနေတဲ့ ကျွန်တော်တို့ကို သတ်ပစ်ဖို့လည်း မကြိုးစားခဲ့ဘူး..။ ဒါကြောင့် သူက ကျွန်တော်တို့ကို စိတ်ရှိသလို တိုက်ခိုက်လို့ မရဘူးလို့ ဆိုလိုနေတာပဲ ။ သူကလည်း ကန့်သတ်ချက်တွေ ကြုံနေရတာ ဖြစ်နိုင်တယ်... "
မုန့်ချီက အခြေအနေကိုသုံးသပ်ပြီး ပြောလိုက်သည်။
"တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကို မသတ်သေးတာက သူ့အတွက် အရေးမကြီးသေးဘူးဆိုတာ သက်သေပြလိုက်တာပဲ.. "
ရှောင်လင်ကျောင်းတော်ထဲတွင် ဖြစ်ခဲ့သော အဖြစ်အပျက်က အတော်လေး ဇဝေဇဝါ ဖြစ်နေသည်။ တစ်ချိန်တည်းတွင် တောင်အနောက်ဘက်ကတော့ ပဟေဠိတစ်ခုကဲ့သို့ ဖြစ်နေ၏။ သူကတော့ သူ့ဆရာနှင့် ဂိုဏ်းတူညီလေးကို သတင်းပို့သင့်သည်ဟု ခံစားမိနေသည်။
ကျုံးတိုင်ပင်က အံကြိတ်ပြီး အခန်းထဲတွင် ရှေ့ပြန်နောက်ပြန် လျှောက်နေခဲ့သည်။ အဆုံးတွင်တော့ သူက ပြောလိုက်၏။
"ဒီကိစ္စကို ယပ်တောင် (၆) လက်ကျောင်းဆီ သတင်းပို့ကြစို့…"
မုန့်ချီက ထိုသတင်းပို့မူတွင် ထပ်တိုးတောင်းဆိုမှုတစ်ခု ပြောလိုက်သည်။ ဤနယ်မြေထဲတွင် ရှိနေသော ဘုန်းတော်ကြီးများကို စုံစမ်းရမည် ဖြစ်၏။
…………….
အောက်တိုဘာလ အစောပိုင်းတွင် ရွမ်စီရင်စုနှင့် တခြားနေရာများ၌ နှင်းများက မြက်ခင်းပြင်ကြီးကဲ့သို့ ကျဆင်းလာနေပြီ ဖြစ်သည်။ သို့သော် မြစ်အရှေ့ပိုင်းတွင် တိုက်ခတ်နေသော လေလှိုင်းများက အေးစက်နေသော်လည်း အရိုးခိုက်လောက်အောင် မဖြစ်သေးပေ။ ထို့ကြောင့် အစိမ်းရောင် နယ်မြေကြီးကို ထိန်းသိမ်းပေးနိုင်သော သစ်ပင်ပန်းပင်များ ရှိနေသေး၏။
အေးစက်သောလေလှိုင်းကြောင့် သွမ့်လွေလည်း အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ သူက ပတ်ပတ်လည်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး အိမ်မက်မက်နေသလို ခံစားနေရ၏။ မကောင်းဆိုးဝါးဝိညာဉ်က သူ့ကို ထိန်းချုပ်ပြီး နောက်တစ်ကြိမ် ထွက်ပြေးသွားခြင်းပေလော။ သူက အလွန်စိတ်ပျက်ပြီး မကျေမနပ် ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် သူ၏အမူအရာက ပြောင်းလဲသွားပြီး သူ၏မျက်လုံးများက နက်မှောင်လာခဲ့သည်။
"ငါတို့နှစ်ယောက်လုံးက ခန္ဓာကိုယ်တစ်ခုတည်းကို ပိုင်ဆိုင်နေကြတာ... ။ ငါ့ကို အတင်းအကြပ် ဖယ်ရှားလိုက်မယ်ဆိုရင် မင်းကိုယ်တိုင်က အရှုးတစ်ယောက် ဖြစ်သွားလိမ့်မယ်... "
သွမ့်လွေက ဒေါသတကြီး အော်ပြောလိုက်၏။
"အခုလို နေရတာထက် သေသွားတာကမှ ပိုပြီးတော့ကောင်းသေးတယ်... "
"ဟားဟား ဟားဟား ..အရူးတစ်ယောက်က မိန်းကလေးဖန်းကို လက်ထပ်နိုင်မှာလား..."
မကောင်းဆိုးဝါးဝိညာဉ်က သူ၏တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အတွက် တခြားလူများထက်ပိုပြီး သွမ့်လွေကို သိနေသည်။
သွမ့်လွေ၏မျက်နှာက ချက်ချင်းပင် နီရဲသွားခဲ့၏။
"ငါ ငါ ဘယ်ချိန်တုန်းက အဲဒါကို တွေးမိလို့လဲ...။ ပြီးတော့ မင်းက သူ့ကိုဒုက္ခတွေပဲ ပေးနိုင်တယ်...”
“ငါလည်း သူ့ကို သဘောကျပါတယ်..။ ဘာလို့ ငါက သူ့ကိုထိခိုက်အောင် လုပ်ရမှာလဲ...။ မင်းက သူ့ကို ချစ်မြတ်နိုးပြီး ငါကတော့ သူ့ကိုပိုင်ဆိုင်ချင်တယ်..."
မကောင်းဆိုးဝါးဝိညာဉ်ဆီတွင် တဏှာရမ္မက်များ ပြည့်နှက်နေပုံရသည်။
"ဒါပေမယ့် မင်းက ဒါကို ရှင်းရှင်းလင်းလင်း စဉ်းစားဖို့လိုတယ်..။ ဘာလို့ သူက မင်းကို လက်ထပ်ရမှာလဲ..။ ငါတို့က ငါတို့ရဲ့အရည်အချင်းကို သိနေတာပဲ ။ တကယ်လို့ ငါတို့ကသာ အဲဒီပုံစံ (၉) မျိုးကို မလေ့ကျင့်ဘူးဆိုရင် ငါတို့က ဘာမှမဟုတ်ဘူး... ။ ငါတို့ရဲ့သိုင်းပညာ ၊နောက်ခံနဲ့ ဘဝအတွေ့အကြုံတွေက နိမ့်ကျတဲ့အတွက် ငါတို့မှာသာ စွမ်းအားမရှိဘူးဆိုရင် ငါတို့ကို ဖန်းမိသားစုက လက်ခံမှာလား... "
"ဒါပေမယ့်... "
သွမ့်လွေက စကားကို ဆုံးအောင် မပြောနိုင်ခဲ့ပေ။
သူက သွမ့်လွေကို ဖျောင်းဖျနိုင်မည်ဖြစ်ကြောင်း မကောင်းဆိုးဝါးဝိညာဉ်က သိနေ၏။ ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။
"မင်းနဲ့ငါနဲ့ ကြားထဲမှာ ကွဲပြားမူမရှိဘူး..။ ငါတို့က အချင်းချင်း ထိခိုက်အောင်လည်း မလုပ်နိုင်ဘူး..။ သခင်လေးစု ပြောသလိုပဲ မင်းက မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်လား ဆိုတာပဲ မူတည်တယ်..။ ဒါက မင်းရဲ့သဘောထားပဲလေ..။ တကယ်လို့ မင်းက ရိုးသားမှု ၊ ပွင့်လင်းမှုနဲ့ အမှန်တရားကို လက်ကိုင်ထားမယ်ဆိုရင် နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်နေရင်လည်း လေးစားစရာ ကောင်းတဲ့လူတစ်ယောက် ဖြစ်နေဦးမှာပဲ ။ မင်းက ငါ့ကို ဖိနှိပ်နိုင်တယ်..။ ဒါကြောင့် ငါ့ကို မခုခံနဲ့ ။ မငြင်းဆန်နဲ့ ။ ငါတို့က ဆက်ပြီး လေ့ကျင့်သွားလို့ရတယ်..။ တဖြည်းဖြည်းနဲ့ ငါတို့က တစ်ယောက်တည်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်..။ ငါ့တို့ရဲ့နာမည်ကိုလည်း ပြောင်းလဲနိုင်ပြီး ဒီမျိုးဆက်မှာ ထိပ်တန်းပညာရှင် တစ်ယောက် ဖြစ်နိုင်တယ်... ။ ဒါဆိုရင် ငါတို့က ဂုဏ်သိက္ခာရှိရှိနဲ့ လက်ထပ်ဖို့ တောင်းဆိုလို့ရပြီ…"
သွမ့်လွေ၏ အမူအရာက ဆက်တိုက် ပြောင်းလဲလာပြီး တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။
"မင်းက အပ်စိုက်တဲ့နည်းလမ်းနဲ့ ဆေးဖော်စပ်နည်းကိုလည်း သိနေပြီပဲ ။ တကယ်လို့ တစ်ခုခုမှားသွားတယ်ဆိုရင် မင်းက ငါ့ကို အချိန်မရွေး ဖိနှိပ်လို့ရတယ်... "
မကောင်းဆိုးဝါးဝိညာဉ်က သူ့ကို ဖျောင်းဖျနေခဲ့၏။
သွမ့်လွေက ခေါင်းညိတ်ပြလိုက်လေသည်။
………………
"သမားတော်ကျုံးမသိဘဲ ဘယ်ဘုန်းတော်ကြီးကမှ ဆေးခန်းအနားကို ရောက်မလာနိုင်ဘူး...။ အများစုကတော့ နောက်ကြောင်းရှင်းတဲ့ ဘုန်းတော်ကြီးတွေချည်းပဲ.."
သူတို့က ရှောင်လင်ကျောင်းတော်နှင့် ပတ်သက်ခြင်း မရှိသလို မကောင်းဆိုးဝါး ဝိညာဉ်နှင့်လည်း ပတ်သက်ခြင်း မရှိချေ။ သူတို့က ထိုကဲ့သို့ အရာမျိုးကို လုပ်ဆောင်ရန် သဘောကျမည်လည်း မဟုတ်ချေ။
"တခြားပညာရှင်တွေကတော့ နယ်မြေခံတွေပဲ ။ မနေ့ညတုန်းက မူမမှန်တဲ့အရာတွေ ဘာမှမရှိခဲ့ဘူး..."
သွမ့်လွေက ဉာဏ်အလင်းပွင့်မှုအဆင့် မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင်သာ ဖြစ်သည့်အတွက် ယပ်တောင်(၆) လက်ကျောင်းက သူတို့ရှာဖွေတွေ့ရှိသော အရာများကို လူဆိုးထိန်းခေါင်းဆောင်အန်ယုဆီသို့ သတင်းပို့လိုက်သည်။
မုန့်ချီက စဉ်းစားနေခဲ့၏။
"သွမ့်လွေရဲ့တည်နေရာကိုရော သိပြီလား... "
"ကျွန်တော်တို့က အဲဒါကိုလည်း သဲလွန်စမရသေးဘူး..။ သူက လေထဲမှာ ပျောက်သွားသလိုမျိုးပဲ။ သူက မိုင်ထောင်ပေါင်းများစွာ ရောက်သွားတာလည်း ဖြစ်နိုင်တယ်..။ ကျွန်တော်တို့က တခြားနယ်မြေရုံးတွေဆီက သတင်းပို့တာကို စောင့်နေမှပဲရတော့မယ်... "
အန်ယုက မချိပြုံး ပြုံးလိုက်မိ၏။
ယပ်တောင် (၆) လက်ကျောင်း၏ သတင်းကွန်ယက် အကူအညီမရှိလျှင် မုန့်ချီက သွမ့်လွေကို နောက်ယောင်ခံရန် လုံးဝ မဖြစ်နိုင်တော့ပေ။ သူလည်း ခေါင်းညိတ်ပြလိုက်ပြီး တိတ်ဆိတ် ထွက်သွားခဲ့၏။
အန်ယု ထွက်သွားသည်ကို မြင်သည့်အခါ သူက သက်ပြင်းချလိုက်ပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ပုံရသည်။
"အစ်ကိုချီ …
ကျွန်တော်က ရှောင်လင်ကိုပြန်သွားဖို့ ရည်ရွယ်ထားတယ်... "
သူက ထိုအဖြစ်အပျက်ကို သူ့ဆရာနှင့် ဆရာတူညီလေးဆီ သတင်းပို့ပြီး သူတို့ကို သတိပေးရန် စဉ်းစားထားသည်။ အကယ်၍ သူသာ စာပို့လိုက်မည်ဆိုလျှင် သူ့ဆရာက ရချင်မှ ရနိုင်သည်။ အကယ်၍ သူက ယပ်တောင် (၆) လက်ကျောင်းကို သတင်းပို့ရန် တောင်းဆိုလိုက်မယ်ဆိုလျှင်လည်း သူတို့က တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်သည့်အတွက် ကြားထဲတွင် တစ်စုံတစ်ခု ဖြစ်သွားနိုင်သည်။
အကြိမ်ကြိမ်အခါခါ စဉ်းစားလိုက်ပြီးနောက် သူကိုယ်တိုင်သွားရန် ဆုံးဖြတ်လိုက်၏။ မည်သို့ဖြစ်စေကာမူ ယပ်တောင် (၆) လက်ကျောင်းက ယခင်ပြဿနာကို ဖြေရှင်းနေဆဲသာ ဖြစ်သည်။
"ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ ရှိတဲ့ ဘုန်းတော်ကြီးက တော်တော်လေးကို အစွမ်းထက်တယ်... ။ မင်းရဲ့အသက်ကိုတောင် စတေးရနိုင်တယ်... "
ချီကျန်းရန်က သဘောမတူခဲ့ပေ။ အကယ်၍ မုန့်ချီက ကျန်းဟွေ တောင်အောက်ဆင်းလာသည့် အချိန်အထိ စောင့်နေနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူလျှိုက နှစ်ပေါင်းများစွာ ရှိနေခဲ့ခြင်းကြောင့် ဖြစ်၏။
မုန့်ချီက ပြုံးလိုက်သည်။
"ဖြစ်ခဲ့တဲ့အရာတွေကို တွေ့လိုက်ရတဲ့အချိန်မှာ အဲဒီဘုန်းတော်ကြီးကို တစ်ခုခုက ထိန်းချုပ်ထားနိုင်တယ်ဆိုတာ ကျွန်တော် နားလည်သွားတယ်..။ မဟုတ်ရင် သူက ကျွန်တော်တို့ကို သတ်ပစ်မှာပေါ့..။ တကယ်လို့ အန္တရာယ်များတယ်ဆိုရင်တောင် သူက ပြဿနာအဖြစ်ခံမှာ မဟုတ်လောက်ဘူး..။ ဒီတော့ မျှော်လင့်ချက်ရှိနေသေးတယ်..”
“ကျွန်တော်က ကျွန်တော်ရဲ့ဆရာအပေါ် အကြွေးတစ်ခု တင်နေတယ်..။ ပြီးတော့ ကျွန်တော့်ရဲ့ ဆရာတူညီလေးအပေါ်မှာလည်း တာဝန်မကျေခဲ့ဘူး... ။ တကယ်လို့ ကျွန်တော်သာ သူတို့ကို မြန်မြန်မပြောနိုင်ဘူးဆိုရင် အေးအေးချမ်းချမ်း နေနိုင်မှာ မဟုတ်ဘူး..။ တကယ်လို့ ကျွန်တော်အချိန်ဆွဲမိခဲ့တဲ့အတွက် သူတို့အသတ်ခံလိုက်ရမယ်ဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော်လည်း လုံးဝခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး... "
ချီကျန်းရန်က ပင့်သက်ရှိုက်လိုက်မိ၏။
"ငါလည်း မင်းနဲ့လိုက်ခဲ့မယ်... "
"မလိုက်နဲ့ ။ အစ်ကိုက မြစ်အရှေ့ပိုင်းမှာ ဆက်ပြီးတော့ သွားနေ..။ ပြီးတော့ အစ်ကို့ရဲ့အနားမှာ ကျွန်တော်နဲ့ ပုံစံတူ လူတစ်ယောက်ကို ခေါ်ထားလိုက်..။ ဒါဆိုရင် ကျွန်တော်က မြစ်အရှေ့ပိုင်းမှာပဲ ရှိနေသေးတယ်လို့ သူတို့က တွေးထားနိုင်ပြီး ရှောင်လင်ကို တိတ်တဆိတ်သွားဖို့ ပိုပြီးလွယ်ကူလိမ့်မယ်... "
အကယ်၍ တစ်ယောက်ယောက်က ကူညီပေးမည်ဆိုလျှင် မုန့်ချီက ကျေနပ်မည်သာ ဖြစ်သည်။ သို့သော် ရွမ်ယုရှုက အိမ်သို့ပြန်သွားပြီး လက်ရှိပြန်ထွက်လာ၍ မရနိုင်ပေ။ ထို့ကြောင့် သူက ရွမ်ယောင်ကွမ်း၏ အကူအညီကို တောင်းဆိုရန်လည်း လုံးဝ မဖြစ်နိုင်တော့ပေ။
ကျန်းကျိဝေက ကျုံးစီရင်စုသို့ ထွက်သွားပြီး တခဏအတွင်း ပြန်လာ၍ မရနိုင်သေးပေ။ သူက လက်ရှိအခြေအနေကို ဖုံးကွယ်ရန် ချီကျန်းရန်၏ အကူအညီသာ ရှိတော့သည်။ သူက ယပ်တောင် (၆) လက်ကျောင်း၏ အကူအညီကိုလည်း တောင်းရဦးမည် ဖြစ်၏။
အခြေအနေကို ဖုံးကွယ်ရန် လိုအပ်ကြောင်း စဉ်းစားမိသည့်အတွက် ချီကျန်းရန်က ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုလည်း ဂရုစိုက်ပါ..။ တတ်နိုင်သမျှ မင်းရဲ့လမ်းကြောင်းတွေကို ဖုံးကွယ်ထားဖို့ ကြိုးစားလိုက်... "
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ သူ၏အမူအရာက တည်ငြိမ်သွားပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
"တချို့ကိစ္စတွေက အန္တရာယ်ရှိနိုင်ပေမဲ့ အသက်ကို ရင်းရမယ်ဆိုရင်တောင် ကျွန်တော်က လုပ်ရမှာပဲ…"
အကယ်၍ သူ့လမ်းတွင် လူသန်းပေါင်းများစွာ ပိတ်နေမည်ဆိုလျှင်လည်း ကိစ္စမရှိချေ။
Translated by Hein Htet