အခန်း (၃၃၂)
Vol. 23 Ch. 332
နဂါးကျောက်မြို့က ပတ်ပတ်လည်မြို့များနှင့် ဆက်သွယ်ထားသော မြို့တစ်မြို့ ဖြစ်သည်။ ထိုအရာက အဓိကမြို့ကြီးတစ်မြို့ မဟုတ်လျှင်ပင် လမ်းမကြီးများကိုတော့ အနည်းငယ် ပို၍ကျယ်ပြန့်စွာ ခင်းထားသည်။
မည်သို့ဖြစ်စေကာမူ သိုင်းလောကတွင် လူပေါင်းစုံရှိပြီး အများစုကတော့ ဒေါသကြီးကြသည်။ သူတို့က အနည်းငယ် ပြဿနာတက်သည်နှင့် ချက်ချင်း တိုက်ခိုက်တတ်ကြ၏။ လမ်းမကြီးများက ပိုကျယ်နေသည့်အတွက် သူတို့၏ လေ့ကျင့်ကွင်းသဖွယ် လုပ်ဆောင်ပေးနေသည်။
ထိုအရာက လမ်းသွားလမ်းလာများကို အနှောင့်အယှက် ဖြစ်စေခြင်းမှ ကာကွယ်နိုင်ပြီး အေးအေးဆေးဆေး နေချင်သူများကို အနှောင့်အယှက် မပေးနိုင်တော့ပေ။ လော့ရန်၏ အရှည်ဆုံးလမ်းမကတော့ အရှည်အားဖြင့် (၁၈) လီရှိပြီး အကျယ်အားဖြင့် (၃၃)ကျန်း ရှိသည်။ ထိုအရာက မြို့ငယ်လေးတစ်မျိုး၏ ပင်မလမ်းမနှင့် အရွယ်အစား တူညီနေ၏။ ပုံမှန်အားဖြင့် သာမန်လူများက နန်းတွင်းမှူးမတ်များ ၊ လူဆိုးထိန်းများ မြင်းနှင့် ဖြတ်ကျော်သွားခွင့်ရစေရန် အလယ်တွင် အလွန်ကြီးမားသော လမ်းကြောင်းတစ်ခု ချန်ပေးထားတတ်သည်။ ထိုအရာက လူသူစည်ကားသော နေရာများတွင် နေထိုင်မှုပုံစံတစ်မျိုးလည်း ဖြစ်၏။
သို့သော် အလွန်ရှည်လျားသော လမ်းမကြီးများကတော့ လော့ရန်တွင်ပင် များများမရှိသည့်အတွက် တခြားသော စီရင်စုထဲတွင် ရှိနေသော မြို့ငယ်လေးများတွင်တော့ (၃) ခု ၊ (၄) ခုခန့်သာ ရှိသည်။ ယဲ့တူ၏ ကျောက်စိမ်းတံခါး လမ်းကြားကလည်း သာမန်အရှည်ရှိသော လမ်းတစ်လမ်းသာ ဖြစ်သည်။
အရှေ့ပိုင်းဈေးက လူသူစည်ကားနေပြီး ကုန်သည်များက လမ်းမတစ်ဝက်ခန့် နေရာယူပြီး နွားများ ၊ သိုးများ ၊ ဝက်များနှင့် တခြားသော တိရစ္ဆာန်များကို ရောင်းချနေသည်။
ကွေဟောင်နှင့် ကျန်းချင်တို့အဖွဲ့ကတော့ လမ်းမပေါ်တွင် မြင်းကောင်းတစ်စီးကို ရှာနေကြသည်။ သူတို့၏ခြေထောက်တွင် အရည်ပျော်၍ ကပ်နေသော နှင်းများဆီမှ ညစ်ပတ်သော အရည်များ စီးကျလာနေပြီး မြေပြင်ပေါ်တွင် အနည်းငယ် ညစ်ပတ်နေခဲ့သည်။
"တော်တော်နံတာပဲ "
ကွေဟောင်က နှာခေါင်းပိတ်ပြီး ကျိန်ဆဲလိုက်၏။
ကျန်းချင်က ရယ်လိုက်သည်။
"ငါ့အိမ်က မြင်းတစ်ကောင် ယူလိုက်ဖို့ ပြောခဲ့သားပဲ ။ ဒါဆိုရင် ငါတို့က အရှေ့ပိုင်းဈေးကိုလာပြီး ဒီလို ညစ်တီးညစ်ပတ်အနံ့တွေကို ရှုဖို့ မလိုတော့ဘူး..။ ဒါပေမဲ့ နံပါတ် (၁၂)သခင်လေးကွေက ဒီနေရာမှာ ကိုယ်တိုင်ရွေးချင်နေခဲ့တာ မဟုတ်လား..”
“သိုင်းလောကမှာ ကြားရတဲ့ ပုံပြင်တွေလို လူတိုင်းက ကံကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံနိုင်တယ်လို့ မင်းက ထင်နေတာလား..။ ငါတို့က မြင်းဈေးမှာ လျှို့ဝှက်ထားတဲ့ ရတနာတစ်ခုကို ရှာတွေ့နိုင်မယ်လို့ ထင်နေတာလား...။ အဲဒီလို သတင်းတွေ တိတိကျကျ ထွက်လာခဲ့တယ်ဆိုတာ သူတို့က အောင်မြင်သွားလို့လေ... ။ မအောင်မြင်ဘဲ ဒီတိုင်းအဆုံးသတ်သွားတဲ့လူတွေလည်း အများကြီးရှိတယ်...”
“ငါက မြင်းဈေးကို မရောက်ဖူးဘူးလို့ ပြောခဲ့တယ်မလား... ။ အနည်းဆုံးတော့ ငါလည်း ကြည့်လို့ရတာပေါ့... "
ကွေဟောင်က ပြန်လှည့်ပြီး ထွက်ပြေးချင်နေသော်လည်း သူ့စိတ်သူ ထိန်းချုပ်ထားခဲ့သည်။ မဟုတ်လျှင် သူ့မိတ်ဆွေများ၏ လှောင်ပြောင်သရော်ခြင်းကို ခံရနိုင်၏။
သူက ပတ်ဝန်းကျင်နှင့် အသားကျသွားသော်လည်း ညှီစို့စို့ ရနံ့ပေါင်းစုံကို ခံနိုင်ရည် မရှိနိုင်ပေ။ သူတို့က လမ်း၏ ဘေးဘက်တွင် ရှိနေသော လူအုပ်ကြီးထဲသို့ တိုးဝင်သွားသည့်အချိန်မှသာ တော်တော်လေး သက်သောင့်သက်သာ ရှိသွားခဲ့သည်။
"ဟူး... တော်သေးတာပေါ့... "
ထိုအချိန်ကျမှသာ သူလည်း စိတ်အေးသွားခဲ့ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်နိုင်ခဲ့၏။
ဤနေရာက မြင်းဈေးတစ်ခု ဖြစ်သည်။ မြင်းကုန်သည်များက သူတို့၏အလုပ်ကို အလွန်ကျွမ်းကျင်ကြပုံပေါ်၏။ အဘယ်ကြောင့်ဆိုသော် မြင်းတိုင်းက ကြံ့ခိုင်သန်စွမ်းပြီး အမွှေးအမျှင်များက တောက်ပနေသည်။ သူတို့၏ပုံစံက အလွန်လှပလွန်းသည့်အတွက် သူလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။
ထိုလမ်း၏ တစ်ဝက်နီးပါးခန့်ကို ကုန်သည်များက နေရာယူသည့်အတွက် လမ်းသွားလမ်းလာများက သူတို့ကို ကွေ့ရှောင်၍ သွားနေရသည်။ မြင်းကုန်သည်က သားမွေးဦးထုပ်တစ်လုံးကို စောင်းထားပြီး ဆောင်းရာသီဖြစ်သော်လည်း ရင်ဘတ်တွင် အင်္ကျီမရှိချေ။ သူ့ဆီတွင် အပူလှိုင်းများ ထွက်ပေါ်လာနေသော အနက်ရောင် အမွေးအမျှင်များ ပြည့်နေသည်။ သူ့လက်ထဲတွင်တော့ မြင်းရိုက်ကြာပွတ်တစ်ချောင်း ကိုင်ထား၏။
သူ၏အနောက်ဘက် မလှမ်းမကမ်းတွင်တော့ အရက်များ ရောင်းချနေသော ဆိုင်တစ်ဆိုင် ရှိသည်။ အလွန်မွှေးပျံ့သော အရက်နံ့များက ညှီစို့စို့ရနံ့များနှင့် လေထဲတွင် ပေါင်းစပ်နေသည်မှာ ထူးဆန်းသော ရနံ့တစ်မျိုး ထွက်ပေါ်လာနေသည်။
ထိုဆိုင်ပိုင်ရှင်ကတော့ အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျို တစ်ယောက်ဖြစ်ပြီး အလွန်လှပသော သူမ၏အပြုံးလေးက သူမ၏အရက်များကို မြည်းစမ်းကြည့်ရန် ဝယ်သူများကို ဆွဲဆောင်နေသလို ထင်မှတ်ရသည်။
"ဒီနေရာကိုရောက်လာပြီးမှတော့ အအေးဓာတ်ကို မောင်းထုတ်ဖို့ အရက်သွားသောက်တာ ပိုကောင်းမယ်... "
ထိုဆိုင်ပိုင်ရှင်ကို စိုက်ကြည့်နေရင်း ကျန်းချနင်၏ မျက်လုံးများက ဝင်းလက်တောက်ပနေသည်။ သူ၏ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ကြောင်း မမေးလည်း သိနေနိုင်၏။
ကွေဟောင်က ရယ်လိုက်သည်။
"ဒီလိုရနံ့ဆိုးတွေ ပြည့်နေတဲ့နေရာမှာ အရက်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်... ။ အဆင့်နိမ့်တဲ့သူတွေကလွဲရင် ဘယ်သူကရော ဒီလိုနေရာမျိုးမှာ လာသောက်မှာလဲ... "
သူပြောလိုက်သော်လည်း အရက်ဆိုင် စီးပွားရေးက အမှန်တကယ်ကို ကောင်းမွန်နေခဲ့သည်။ ထိုနေရာတွင် လူစည်ကားနေသည်မှာ အရက်တစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ ဆိုင်ရှင်ကြောင့်လည်း ပါဝင်နေ၏။ သူမက အလွန်ချိုသာသော ပျားရည်ကဲ့သို့ ဖြစ်နေပြီး သူမ၏ပတ်ပတ်လည်တွင် ပျားပေါင်းများစွာကို ဆွဲဆောင်ထားနိုင်သည်။
"တကယ်လို့ သူသာ အလုပ်ပြောင်းလိုက်မယ်ဆိုရင် ချမ်းသာနိုင်တယ်... "
ကွေဟောင်က သက်ပြင်းချလိုက်မိ၏။
ကျန်းချင်က အားရပါးရ ရယ်ပြီး တီးတိုးပြောလိုက်သည်။
"နံပါတ် (၁၂) သခင်လေးကွေ …
မင်းပြောတာဟုတ်တယ်..။ တကယ်လို့ သူသာ ငါ့ရဲ့ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာမယ်ဆိုရင် သူက သေချာပေါက် ချမ်းသာရမှာ... "
သူက ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။
"ဒီကသခင်လေးတို့ ကံကြမ္မာဖတ်ချင်သေးလား..။ ဟိုမှာ ပညာရှင်ရှိတယ်..။ သခင်လေးရဲ့မျက်ခုံးကြားထဲမှာ တော်တော်လေးကို မည်းနက်နေတယ်..။ ဒီနေ့တော့ သွေးထွက်သံယိုတွေ ဖြစ်ရလိမ့်မယ်... "
ကျန်းချင်က အသံကြားသည့်နေရာကို ဒေါသတကြီး လှမ်းကြည့်လိုက်၏။
ထိုနေရာတွင် မျက်လုံးတစ်ဖက်ကန်းနေပြီး မုတ်ဆိတ်မွှေး အနည်းငယ်သာရှိနေသော အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏မျက်နှာအမူအရာက အလွန်လေးနက်နေ၏။ သူ့လက်ထဲတွင် ကိုင်ထားသော ဝါးတောင်ဝှေးတွင် တိကျသော ကံကြမ္မာဖတ်ကြားသူဟူသော စာတစ်ခုကို ရေးထားသည်။
"ခင်ဗျားကလည်း ဒီနေ့သွေးထွက်သံယိုဖြစ်မယ်လို့ ကျုပ်ပြောရဲတယ်... ။ ခင်ဗျားက စောင့်ကြည့်နေမလား ဒါမှမဟုတ် ခင်ဗျားရဲ့ တခြားမျက်လုံးတစ်ဖက်ကိုပါ ဆုံးရှုံးသွားချင်လား... "
ကျန်းချင်က ရိုင်းစိုင်းစွာ တုံ့ပြန်ပြောဆိုလိုက်သည်။
ကံကြမ္မာဖတ်အဘိုးအိုက ပုခုံးတွန့်ပြလိုက်ပြီး အဝေးသို့ လျင်မြန်စွာ ထွက်သွားခဲ့၏။ သူက တခြားသော လမ်းသွားလမ်းလာများကို ဆွဲခေါ်ပြီး အဓိပ္ပါယ်မရှိသည့် စကားများကို ပြောနေခဲ့သည်။
ကွေဟောင်က ရုတ်တရက် ပြောလိုက်၏။
"အဲဒီဓားသမားက မဆိုးပါဘူး... "
"ဟမ်... "
ကျန်းချင်က သူကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်ရာ ရိုးရှင်းသော ဝတ်စုံဝတ်ထားသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
လက်ရှိအချိန်တွင် သူက မြင်းတစ်ကောင်ကို သေသေချာချာ ရွေးချယ်နေရင်း ညာလက်က ဓားကို ဆုပ်ကိုင်ထားသည်။ သူ၏ညာလက်က သေးသေးသွယ်သွယ်နှင့် ရှည်လျားပြီး သန့်စင်နေ၏။ သို့သော် သူ ဓားကိုင်ထားသည့် ပုံစံက ထူးထူးခြားခြားကို တည်ငြိမ်လှသည်။
သူ့ပုံစံက တိုက်ပွဲရာပေါင်းများစွာကို တိုက်ခိုက်ခဲ့ပြီး လူပေါင်းများစွာကို သတ်ပစ်ခဲ့ဖူးသလို ထင်မှတ်ရသည်။ မည်သည့်အရာကမှ ဓားကိုင်ထားသော သူ့လက်ကို လှုပ်ရှားစေနိုင်ခြင်း မရှိသလို ထင်မှတ်ရ၏။
"နံပါတ် (၁၂) သခင်လေးကွေ ..
သူနဲ့လက်ရည်စမ်းချင်လို့လား..။ သခင်လေးက (၂) နှစ်လောက် လျှောက်သွားနေပေမယ့် သိုင်းလောကမှာ နာမည်မကြီးသေးဘူးလေ... "
ကျန်းချင်က ဝင်ပြောလိုက်၏ ။
ကွေဟောင်က အပြုံးနှင့် ခေါင်းခါပြောလိုက်သည်။
"တကယ်လို့ ငါက ဒီလိုနေရာမျိုးမှာ တိုက်ခိုက်ပြီး ခန္ဓာကိုယ်ပေါ်ကို တိရစ္ဆာန်အညစ်အကြေးတွေ ပေသွားမယ်ဆိုရင် ဒုက္ခများလိမ့်မယ်... "
"ခွပ်ခွပ်.. ခွပ်ခွပ် ..ခွပ်ခွပ်... "
လမ်း၏အဝင်ဝမှနေ၍ မြင်းခွာသံများကို ကြားလိုက်ရသည်။
ကွေဟောင်နှင့် တခြားလူများက ပြန်လှည့်ကြည့်လိုက်ရာ အပြာရောင် ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်က သူတို့၏အနားတွင် ရှိနေသော နေရာဆီသို့ မြင်းစီးလာနေကြောင်း မြင်လိုက်ရသည်။
သူ့ပုံစံက သာမန်သာ ဖြစ်သော်လည်း သေချာ စိုက်ကြည့်လိုက်မည်ဆိုလျှင် အနည်းငယ် ထူးခြားသည်။ သူ၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မရှိချေ။ သူ့ပုံစံကို ကြည့်ရသည်မှာ တစ်စုံတစ်ခုကို အလျင်လိုနေပုံရသည်။
ကွေဟောင်က ထိုကဲ့သို့ အလျင်စလို လုပ်တတ်သောသူများကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးသည်။ သူက မြင်းနှင့် တိုက်မိမှာ စိုးသည့်အတွက် နောက်ပြန်ဆုတ်လိုက်၏။ အပြာရောင်ဝတ်စုံဝတ်ထားသော လူငယ် စီးလာသည့်မြင်းက မောပန်းနေသလို ထင်မှတ်ရသည်။ သူ၏နှာခေါင်းထဲမှာနေ၍ အဖြူရောင်အငွေ့များ ထွက်ပေါ်လာနေ၏။ ကြည့်ရသည်မှာ ထိုမြင်းက အချိန်မရွေး လဲကျသွားတော့မည့်ပုံ ဖြစ်ပေါ်နေသည်။
ထို့နောက် ထိုလူငယ်က မြင်းကို ရပ်လိုက်ပြီး စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ သူက မြင်းကုန်သည်ကို လှမ်းအော်လိုက်၏။
"မြင်းတစ်စီး အဆင်သင့်ပြင်ပေးထား... "
သူက ထိုကဲ့သို့ မြင်းတစ်ကောင် ပြောင်းလဲလိုက်ခြင်းပေလော။
သူ့အသံက လေထဲ၌ ရှိနေသေးသည့်အချိန်တွင် အရက်ဆိုင်ပိုင်ရှင်က အရက်အိုးတစ်အိုးကို ရုတ်တရက် ကောက်ယူလိုက်သည်။ သူမက အရက်အိုးထဲတွင် ပစ္စည်းတစ်ခုကို ရောမွှေလိုက်၏။ ပထမတွင် ရွှေရောင်တောက်ပနေသော အရက်အိုးက ချက်ချင်း အနက်ရောင် ပြောင်းလဲသွားပြီး ထိုအိုးနှင့် လူငယ်ဆီကို လှမ်းပစ်လိုက်သည်။ ထွက်ပေါ်လာသောအနံ့က အလွန်ဆိုးဝါးလွန်းလှပြီး မင်ရည်များကဲ့သို့ ပျံ့နှံလာခဲ့၏။
"လုပ်ကြံသူလား..။ သူက တကယ့်ကို လုပ်ကြံသူတစ်ယောက်ပဲ…"
ကွေဟောင်က အတော်လေး မှင်တက်သွားခဲ့၏။ မူလတုန်းကတော့ သူလည်း ထိုအရာကို သေချာမပြောနိုင်ခဲ့ပေ။
အရက်ကို အကုန်မော့သောက်ရန် စဉ်းစားနေသော ကျန်းချင်ကလည်း ဗိုက်ထဲတွင် ပူလောင်သွားသလို ခံစားလိုက်ရသည်။ သူက လက်ထဲတွင် ကိုင်ထားသော အရက်ခွက်ကိုပင် ထိတ်လန့်တကြား လွှင့်ပစ်လိုက်မိ၏။
အနက်ရောင် အရည်များက အလွန်သိပ်သည်းသော မိုးရေများအဖြစ် ပြောင်းလဲသွားခဲ့ပြီး နေရာအနှံ့ကို ပျံ့နှံ့သွားခဲ့သည်။ ထိုအရာကို မည်သည့်အရာကမျှ ကာကွယ်နိုင်ခြင်း မရှိချေ။
သူ၏ထင်မြင်ချက်ကို စဉ်းစားကြည့်လိုက်ပြီးနောက် မြင်းတစ်ကောင်၏ ဗိုက်အောက်ထဲတွင် ဝင်နေမှသာ လွတ်မြောက်နိုင်မည်ဟု ကွေဟောင်က သုံးသပ်လိုက်မိသည်။ ထိုမြင်းက တိုက်ခိုက်မှုကို တားဆီးနိုင်သည့်အတွက် သူက အသက်ရှင်နိုင်၏။
မြင်းပေါ်တွင် ရှိနေသော အပြာဝတ်လူငယ်က သူ့ခါးတွင် ချိတ်ထားသော ဓားမောက်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။ သူ၏ဓားမောက် အရှိန်အဝါက ပြီးပြည့်စုံလှပြီး လေဟာနယ်ထဲတွင် ဖုံးကွယ်ထားသော ဝဲကတော့ တစ်ခုကဲ့သို့ ဖြစ်နေပြီး အရာအားလုံးကို စုပ်ယူသွားနိုင်သည်။ အနက်ရောင် အရည်တစ်စက်ချင်းဆီက ထိုဝဲကတော့ထဲတွင် ပိတ်မိသွားခဲ့၏။ သူက ထိုအနက်ရောင်အရည်များကို စုစည်းပြီး အလုံးကြီးတစ်လုံးအဖြစ် ဖိနှိပ်လိုက်သည်။
"တကယ့်ကို ထူးခြားတဲ့ ဓားသိုင်းပညာပဲ…"
ကွေဟောင်က ထိုလူငယ်ကို စိတ်ထဲတွင် ကြိတ်၍ ချီးကျူးလိုက်မိသည့်အချိန်၌ ဝါးတောင်ဝှေးတစ်ခုက ဂူထဲမှ ထွက်လာသော နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းလာပြန်သည်။ ထိုလူငယ်က အနက်ရောင်အရက်နှင့် တိုက်ခိုက်မှုကို ခုခံလိုက်သည့်အချိန်တွင် ထိုတောင်ဝှေးက သူ၏လည်ပင်းရှိတာကို ပျံသန်းလာခြင်း ဖြစ်၏။
တိုက်ခိုက်သူက မျက်လုံးတစ်ဖက်ကမ်းနေသော ကံကြမ္မာဖတ် အဘိုးအိုဖြစ်ကြောင်း ကွေဟောင်က တွေ့လိုက်ရသည်။ ကျန်းချင်ကတော့ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရ၏။
မူလတုန်းကတော့ သူက ထိုအဘိုးအို၏အစွမ်းကို သံသယဝင်ခဲ့ခြင်း မရှိချေ။ ထိုအရာက သာမန်ကံကြမ္မာဖတ်သည့် လူတစ်ယောက်ဟုသာ တွေးထားခဲ့၏။ အကယ်၍ အရက်ဆိုင်ပိုင်ရှင်က လုပ်ကြံသူတစ်ယောက် ဖြစ်နေပြီး သူတို့ကိုသာ တိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့က (၂) ကြိမ်ခန့် သေဆုံးသွားလောက်ပါပြီ။
ကံကြမ္မာဖတ် အဘိုးအိုက တိုက်ခိုက်လိုက်သည့်အချိန်တွင် မြင်းတစ်ကောင် ရွေးနေသော လူငယ်ကလည်း ရုတ်တရက် ခုန်ဝင်လာခဲ့သည်။ သူက အပြာရောင်ဝတ်လူငယ်၏ မြင်းအောက်သို့ လှိမ့်ဝင်သွားခဲ့ပြီး လက်ထဲတွင် ကိုင်ထားသောဓားနှင့် အပေါ်ကို ပင့်ထိုးလိုက်၏။
သူက မြင်းကိုဖောက်၍ ထိုလူငယ်၏တင်ပါးရှိရာကို လှမ်းထိုးလိုက်ခြင်းလည်း ဖြစ်သည်။ ထိုအရာက အမှန်တကယ် ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခု ဖြစ်၏။
"သေမင်းထောင်ချောက်..။ တကယ့်ကို ပြီးပြည့်စုံတဲ့ သေမင်းထောင်ချောက်ပဲ.."
ကွေဟောင်၏ စိတ်ထဲတွင် ထိုစကားလုံးများသာ ပေါ်လာခဲ့သည်။
ထိုအချိန်တွင် အပြာဝတ်လူငယ်က ခေါင်းကို အနည်းငယ် ငုံ့လိုက်ရာ ဝါးတောင်ဝှေးက သူ့လည်ပင်းနှင့် လွဲချော်သွားခဲ့သည်။ ထိုအစား သူက ဝါးတောင်ဝှေးကို မျက်နှာဘယ်ဘက်ခြမ်းနှင့် ရင်ဆိုင်လိုက်၏။
ထိုအချိန်တွင် အလွန်ထူးခြားသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက မည်သည့် စွမ်းအားကိုမျှ စုဆောင်းရန်မလိုဘဲ လေထဲသို့ ခုန်နိုင်ခဲ့၏။
သူ့ဓားကို လှုပ်ရှားလိုက်သည့် အချိန်တွင် လေထဲ၌ လွင့်မျောနေသော အနက်ရောင် အရည်များက ကံကြမ္မာဖတ်အဘိုးအိုဆီသို့ ပျံသန်းသွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံသွားခဲ့သည်။ ထိုအနက်ရောင် အရက်များက မည်သည့်နေရာကိုမျှ ကျရောက်သွားခဲ့ခြင်း မရှိချေ။
"အား... "
ကံကြမ္မာဖတ် အဘိုးအိုက နာနာကျင်ကျင် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေခဲ့သည်။ ခဏကြာပြီးနောက် သူ၏ခြေထောက်များက ပုပ်ပွလာပြီး ခန္ဓာကိုယ်တစ်ခုလုံးက ပျက်စီးလာသည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အဝါရောင် အရည်များ စီးကျလာခဲ့၏။
အနက်ရောင် အရည်များကို ပစ်လိုက်ပြီးနောက် ဆိုင်ပိုင်ရှင်က ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဓားပျံ (၂) ချောင်းကို ထုတ်လိုက်သည်။ သူမက လေထဲသို့ ခုန်လိုက်ပြီး အပြာဝတ်လူငယ်၏မျက်ခုံးကို ဓားပျံ (၂ )ချောင်းနှင့် ချိန်ပစ်လိုက်၏။
သို့သော် အပြာဝတ်၏ခန္ဓာကိုယ်က ရုတ်တရက် လေးလံလာသည့်အလား အောက်သို့ ပြန်ကျလာခဲ့ပြီး မူလနေရာနှင့် တစ်လက်မခန့်သာ ဝေးသည်။ ထိုတစ်လက်မက သေခြင်းရှင်ခြင်းကို ရှောင်ရှားနိုင်သော အခိုက်အတန့်တစ်ခု ဖြစ်သွားခဲ့၏။
သူက မြင်းဘေးတွင် ကျလာခဲ့သည်။ သို့သော် ဓားချီစွမ်းအင်တစ်ခု ပေါ်လာပြီး လူငယ်နှင့် မြင်းကတော့ အတူတကွ ပျက်စီးသွားခဲ့၏။ အလွန်များပြားသော သွေးများကလည်း ရေအိုင်ကြီးတစ်ခုကဲ့သို့ ကျဆင်းလာခဲ့သည်။
စားသောက်ဆိုင်ပိုင်ရှင်ကတော့ လေထဲတွင်သာ ရှိနေသေး၏။ သူမက လက်ရှိပုံစံကို ပြောင်းလဲရန် စွမ်းအားမရှိသည့်အတွက် ပြန်ကျလာသည့်အချိန်ကို စောင့်နေရသည်။ လူနှစ်ယောက် လေထဲ၌ ရှိနေသည့် အခြေအနေမျိုးတွင် အရင်ကျလာသော လူကသာ အသက်ရှင်နိုင်ပြီး နောက်မှကျလာသူက သေဆုံးရပါလိမ့်မည်။
လေထဲတွင် နောက်ထပ် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အလွန်လှပသော အရက်ဆိုင်ပိုင်ရှင်၏ ခန္ဓာကိုယ်က ထက်ပိုင်းပြတ်သွားခဲ့၏။
ကွေဟောင်နှင့် ကျန်းချင်တို့က စကားပြောနိုင်စွမ်းပင် မရှိတော့ချေ။ သူတို့၏ စိတ်ထဲတွင်တော့ သူတို့သာဆိုလျှင် သေမင်းထောင်ချောက်ထဲ၌ အကြိမ်ပေါင်းများစွာ သေဆုံးသွားခဲ့ပါပြီ။ သို့သော် အပြာဝတ်လူငယ်ကတော့ လုပ်ကြံသူ (၃) ယောက်ကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ခဲ့၏။
အပြာဝတ်လူငယ်က အချိန်ဖြုန်းမနေတော့ပဲ အနီးအနားတွင် ရှိနေသော မြင်းတစ်ကောင်ဆီသို့ ပြေးသွားခဲ့၏။ သူက စာရွက်ချန်ထားလိုက်ပြီး မြင်းကို စီးသွားခဲ့သည်။
ထိုအချိန်တွင် အနက်ရောင် ဓားအလင်းတန်းတစ်ခုက လေထဲသို့ ဖြတ်သန်းလာခဲ့ပြီး ထိုလူငယ်၏ မျက်ခုံးတည့်တည့်ကို ရောက်လာ၏။ သူ၏သတ်ဖြတ်ချင်စိတ်က လုံးဝကိုပြည့်စုံပြီး လျင်မြန်တိကျသည်။
တိုက်ခိုက်သူကတော့ ရင်ဘတ်ဗလာကျင်းထားသော မြင်းကုန်သည် ဖြစ်၏။ သူကတော့ ထိုကဲ့သို့ ဓားသိုင်းမျိုးကို အမှန်တကယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။
မည်သည့်အချိန်က သေမင်းထောင်ချောက်၏ အန္တရာယ်အများဆုံး အခိုက်အတန့်တစ်ခု ဖြစ်သနည်း။ လုပ်ကြံသူများအားလုံးကို ရှင်းပစ်နိုင်သည့်အတွက် အသက်ရှင်တော့မည်ဟု စိတ်ထဲတွင် တွေးလိုက်မိသည့်အချိန် ဖြစ်သည်။ ဝမ်းသာမှုနှင့် ကျေနပ်မှုကြောင့် လူတိုင်းက သတိလက်လွတ် ဖြစ်သွားနိုင်၏။
ထိုဓားကို မြင်လိုက်ရသည့်အချိန်တွင် သူတို့သာဆိုလျှင် သေဆုံးသွားပြီဟု ကွေဟောင်နှင့် တခြားလူများက ကိုယ်တိုင်ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လည်း စိတ်အေးသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
နောက်ထပ် ဓားအလင်းတန်းတစ်ခု လေထဲသို့ ဖြတ်သန်းလာသည်မှာ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ သူတို့က ထိုငွေရောင်အလင်းတန်းကို စိုက်ကြည့်နေသေးသည့်အချိန်တွင် မြင်းကုန်သည်ကတော့ တိုက်ခိုက်ခံလိုက်ရပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။
"သူက နောက်မှ လှုပ်ရှားခဲ့ပေမယ့် ပိုပြီးလျင်မြန်တယ်..။ လျှပ်စီးဓားရှောင်ကျန်းဟိုင်တောင် သူ့လောက်မမြန်လောက်ဘူး... "
ကွေဟောင်က စိတ်ထဲတွင် တွေးနေမိသည်။
မြင်းကုန်သည်က မြေပေါ်သို့ လဲကျသွားသည့်အချိန်တွင် အပြာဝတ်လူငယ်က မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်ပြီး အဝေးသို့ တစ်ဟုန်ထိုး စီးနင်းသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူက အော်ပြောလိုက်၏။
"သူတို့တွေက ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူတွေပဲ ။ အားလုံးပဲ သူတို့ကို ထိန်းသိမ်းပြီး ဆုကြေးတွေ ယူလိုက်ကြပါ..။ တကယ်လို့ မင်းတို့က ရက်စက်ခြင်းကျောင်းဆောင်မှာရှိတဲ့ ရွှေအဆင့် ၊ အနီရောင်အဆင့် လုပ်ကြံသူတွေကို ရှင်းချင်သေးတယ်ဆိုရင်တော့ ငါ နောက်ကနေ တိတ်တဆိတ်လိုက်လာခဲ့ကြပါ... ။ မင်းတို့မှာ စွမ်းအားရှိတယ်ဆိုရင် မင်းတို့က ချမ်းသာကြွယ်ဝမှုကို ရနိုင်တယ်... "
မြင်းခွာသံများနှင့်အတူ သူလည်း လမ်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ သူ၏စကားသံကတော့ လေထဲတွင် ထွက်ပေါ်လာနေသေး၏။ လုပ်ကြံသူများ၏ သေမင်းထောင်ချောက်က သူ့အတွက်တော့ အိပ်မက်တစ်ခုသာသာ ထင်မှတ်ရသည်။
သို့သော် အရက်ဆိုင်ပိုင်ရှင်နှင့် အဘိုးအို၏ ဆိုးရွားသော သေခြင်းတရားကို မြင်လိုက်ရသည့်အခါ ထိုအရာက အမှန်တကယ် ဖြစ်ကြောင်း သိသာနေသည်။
ကွေဟောင်က ပင့်သက်ရှိုက်လိုက်မိပြီး ထိုလူကို ချီးကျူးလိုက်မိ၏။
"တကယ်အံ့သြစရာကောင်းတဲ့ လူပါလား... "
Translated by Hein Htet