← Chapters

အခန်း (၃၃၃)

Vol. 23 Ch. 333

အခန်း (၃၃၃)

Vol. 23 Ch. 333

"ခွပ်.ခွပ် ခွပ်.ခွပ် … ခွပ်.ခွပ်.. "

မုန့်ချီက လမ်းအတိုင်း မြင်းကို တဟုန်ထိုး စီးသွားခဲ့သည့်အချိန်တွင် သူ့ခေါင်းထဲ၌ မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ သူ့ပုံစံက ယခင်တုန်းကလို သက်တောင့်သက်သာ ရှိနေသော ပုံစံနှင့်လည်း အလွန်ကွဲပြားနေ၏။ သို့သော် သူက ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများနှင့် တွေ့နေရသည်။

သူက ချီကျန်းရန်နှင့် တိတ်တဆိတ် လမ်းခွဲလာပြီးနောက် သူ့နောက်သို့ နောက်ယောင်ခံလာမှာ စိုးသည့်အတွက် သူ၏ရုပ်ရည်နှင့် လမ်းကြောင်းကို ဆက်တိုက်ပြောင်းလဲလာခဲ့သည်။

ရှောင်လင်ကျောင်းတော်သို့ သွားနိုင်သော လမ်းကြောင်းပေါင်းများစွာ ရှိနေ၏။ ဤကမ္ဘာကြီးက လူပေါင်းများစွာ ပြည့်နှက်နေသော နယ်မြေကြီးတစ်ခု ဖြစ်သည်။ သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် တစ်ခြားသော ပစ္စည်းများကိုသုံးပြီး ရုပ်ဖျက်ထားခဲ့၏။ အကယ်၍ စလာကတည်းက သူ့နောက်ကို နောက်ယောင်ခံ လိုက်လာခဲ့ခြင်းမရှိလျှင် သူ့ကို မည်သူကရော သတိထားမိမည်နည်း။

ထိုသို့ဆိုလျှင် ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများက ဘာကြောင့် သူ့ကို တားဆီးနိုင်ရသနည်း။ ရိုးရိုးသားသားပြောရမည်ဆိုလျှင် မုန့်ချီက လုပ်ကြံသူများကို လုံးဝသတိမလွတ်ခဲ့ပေ။ သူက စီစဉ်ထားသည့်အတိုင်း ကြုံတွေ့ရသည်ဟုသာ တွေးနေခဲ့၏။ ထိုအရာကလည်း ရုတ်တရက် မဖြစ်နိုင်ပေ။

သူက ရှောင်လင်ကျောင်းတော်နှင့် တဖြည်းဖြည်း ပို၍နီးလာလေလေ သူရွေးချယ်နိုင်သော လမ်းကြောင်းက နည်းလာလေလေဖြစ်ပြီး ရှာတွေ့သွားနိုင်ရန် ဖြစ်နိုင်ချေက ပို၍များလာသည်။

နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးဆီတွင်သာ အလွန်ကြောက်စရာကောင်းသော အစွမ်းမျိုးရှိနေလျှင် သူက ရှောင်လင်ကျောင်းတော်တည်ရှိနေသော လျှံတိုင်တောင်ထိပ်အနားသို့ ရောက်လာသည်နှင့် သေချာပေါက် နှောင့်ယှက်မည်ဖြစ်ပြီး လုပ်ကြံသူများကို စေလွှတ်နိုင်သည်။

သူ၏လက်ရှိဂုဏ်သတင်းအရ အားအနည်းဆုံးပြိုင်ဖက်ကပင် အနည်းဆုံး ဝေ့ကျင်းတစ်ဝက်အဆင့် ဖြစ်နိုင်ပြီး လူသားနှင့် ကောင်းကင်ဆက်သွယ်မှု သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သောအစွမ်းများ ရှိနေနိုင်သည်။ သူက အောင်မြင်မှုမရနိုင်သော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များကို စေလွှတ်လိမ့်မည်မဟုတ်ချေ။

နောက်ကွယ်တွင် ထိန်းချုပ်နေသူက ပေါ်မလာချင်မှတော့ သူကိုယ်တိုင် လှုပ်ရှားနေခြင်း မရှိဘဲ လုပ်ကြံသူများ၏ အကူအညီကိုသာ တောင်းထားခြင်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် သူတို့ကျရှုံးသွားလျှင်ပင် သူ့ဆီသို့ ဦးတည်နေသော သဲလွန်စများ မကျန်ခဲ့ပေ။

မုန့်ချီက ခရီးစဉ်၏ နောက်ဆုံးအပိုင်းတွင် ကျန်ရှိနေသော အန္တရာယ်များကို စဉ်းစားနေမိသည်။ သူက သူ၏ဆုလာဘ်နှင့် နှစ်ဝက်စာ လစာငွေကို အသုံးချပြီး ဒုတိယထန်သခင်လေးကို အကာအကွယ်ပေးရန် ယပ်တောင်(၆)လက်ကျောင်းကို တောင်းဆိုထားခဲ့သည်။

သူနှင့် ဒုတိယထန်သခင်လေးတို့က မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်မှ ရက်စက်ခြင်းကျောင်းဆောင်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင့်ဟု ဆင်ခြေပေးထားခဲ့၏။ သူတို့ထဲမှ တစ်ယောက်ကတော့ ပွင့်ပွင့်လင်းလင်းတိုက်ခိုက်၍ တစ်ယောက်က လျှို့ဝှက်တိုက်ခိုက်ခဲ့သည်ဟု ပြောထားခဲ့သည်။

သူက ချင်စီရင်စုထဲသို့ ဝင်ရောက်လာပြီး ရှောင်လင်ကျောင်းတော်နှင့် နီးကပ်လာသည့် အချိန်တွင် မုန့်ချီက သူ၏လူသားအရေခွံမျက်နှာဖုံးကို ဝတ်ဆင်လိုက်ပြီး သူ့ကိုယ်သူ ဒုတိယထန်သခင်လေး ထန်ကျင်းအဖြစ် ပြောင်းလဲလိုက်သည်။

ထို့နောက် သူက သူ့နောက်ကို လိုက်လာရန် ယပ်တောင်(၆)လက်ကျောင်းမှ ငွေတံဆိပ်လူဆိုးထိန်းများကို အကူအညီတောင်းခဲ့သည်။ သူကတော့ ငါးစာအဖြစ် လုပ်ဆောင်ပြီး ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများ ထွက်လာအောင် ဆွဲဆောင်နေခဲ့၏။

ထိုအချိန်တွင် တစ်ဖက်လူက သူ့ကို တိုက်ခိုက်ရန် မည်သူ့ကို စေလွှတ်စေကာမူ ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများဟု သတ်မှတ်လိုက်ပြီး ယပ်တောင်(၆)လက်ကျောင်းမှ ဝေ့ကျင်းအဆင့် လူဆိုးထိန်းများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရပါလိမ့်မည်။

လက်ရှိအချိန်တွင် မုန့်ချီက သူ၏အစစ်အမှန် အဆင့်အတန်း ပေါ်မသွားစေဘဲ ယပ်တောင်(၆)လက်ကျောင်း၏အစွမ်းကို ငှားသုံးနိုင်သည်။ ထို့ကြောင့် နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးက အလျင်စလို မလုပ်ရဲပေ။

ထိုအရာက သခင်လေးဝမ်နှင့် ကျန်းဟန်ချွန်တို့ဆီမှ သူနားလည်လာခဲ့သော လှည့်ကွက်များ ဖြစ်သည်။

"အရာအားလုံးကို ဖုံးကွယ်ထားခြင်း…"

သို့သော် သူက ဒုတိယထန်သခင်လေးအဖြစ် ပြောင်းလဲပြီး ချင်စီရင်စုထဲသို့ ရောက်လာခဲ့သည့် အချိန်တွင်ပင် ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများနှင့် ဘာကြောင့် တွေ့နေရသေးသနည်း။

မည်သို့ဖြစ်စေကာမူ လုပ်ကြံသူများက သူ့ကို တစ်ခြားလူတစ်ယောက်နှင့် လူမှားရန် လုံးဝမဖြစ်နိုင်ပေ။ အကယ်၍ သူက ဒုတိယထန်သခင်လေးဖြစ်ကြောင်း သိနေမည်ဆိုလျှင်ပင် ဘာကြောင့် သူ၏ရုပ်ရည်နှင့် လမ်းကြောင်းကို ပြောင်းလဲပြီးသည့် အချိန်ကျမှ နဂါးကျောက်မြို့ထဲတွင် သူ့ကို တိုက်တိုက်ဆိုင်ဆိုင် တားဆီးနေရသနည်း။

ထိုအရာက မုန့်ချီ၏ရင်ထဲတွင် အကြီးမားဆုံး မေးခွန်းတစ်ခု ဖြစ်နေသည်။ သူက နဂါးကျောက်တောင်တန်းကို ဖြတ်ကျော်လာပြီး ချင်စီရင်စု၏ နယ်ခြားကို ဝင်လာခဲ့၏။ လျှံတိုင်တောင်ထိပ်ပေါ်၌ ရှိနေသော ရှောင်လင်ကျောင်းတော်ကတော့ ချင်စီရင်စု၏ မြောက်ဖက်ပိုင်းတွင် တည်ရှိသည်။ သူက ထိုအရာနှင့် မလှမ်းမကမ်းတွင် ရှိနေသော်လည်း သူသွားရန် လမ်းကြောင်းပေါင်းများစွာ ရှိနေသေး၏။

တစ်လကျော်သွားပြီ ဖြစ်သည့်အတွက် မုန့်ချီက သူနှင့်အတူ မရှိတော့ကြောင်း အစ်ကိုချီက ဖုံးကွယ်ထားတော့မည် မဟုတ်ချေ။ သတ်ဖြတ်ရေးဓားစုမုန့်က ထွက်သွားပြီဖြစ်ကြောင်း လူတိုင်းက သိနေနိုင်၏။

ဘုန်းတော်ကြီးက ထိုအရာကြောင့် လှုပ်ရှားလိုက်ခြင်းပေလော။ မုန့်ချီက တစ်စုံတစ်ခုကို နားလည်သွားပြီး ရုတ်တရက် မှင်တက်သွားမိခဲ့၏။

"ကောင်းကင်မျက်လုံး၊ မြေပြင်နား…"

ဒဏ္ဍာရီထဲတွင် ရှိနေသော ကောင်းကင်မျက်လုံး ဟူသည်မှာ မည်သည့်အရာကိုမဆို လှမ်းမြင်နိုင်သည်။ ကြည့်ရသည်မှာ ဘုန်းတော်ကြီး၏အစွမ်းက သူထင်ထားသည့် ပြိုင်ဖက်ကင်းပညာရှင်များထက်ပင် အဆပေါင်းများစွာ ပို၍မြင့်မားပုံရ၏။

သူက မြစ်အရှေ့ပိုင်းတွင် အမှန်တရားကို ဖုံးကွယ်ရန် ကြိုးပမ်းမှုက ကျရှုံးခဲ့သည်။ သူက လျှံတိုင်တောင်ထိပ်နှင့် မလှမ်းမကမ်းတွင် ရှိနေပြီး ရှောင်လင်ကျောင်းတော်ထဲတွင် ပစ္စည်းများ ကျန်နေခဲ့သည်။ ကောင်းကင်မျက်လုံးနှင့် မြေပြင်နားကတော့ နှောင့်ယှက်မှုကို ဖယ်ရှားနိုင်ခြင်း မရှိသော်လည်း သွားနိုင်သော လမ်းကြောင်း (၂)ခု (၃)ခုထဲမှ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်သည်။

ထို့နောက် ဘုန်းတော်ကြီးက ရက်စက်ခြင်းကျောင်းတော်မှ လုပ်ကြံသူများကိုခေါ်ပြီး သူ၏လက်အောက်ငယ်သားများကို ခိုင်းစေခဲ့သည်။ ထိုသို့ဆိုလျှင်တော့ ယခင်တွေ့ခဲ့ရသော လုပ်ကြံသူများသာ မဖြစ်နိုင်တော့ပေ။ အနည်းဆုံးတော့ ပို၍အစွမ်းထက်သော လုပ်ကြံသူများ ရှိနေနိုင်၏။

အစောပိုင်းတွင် တွေ့ခဲ့သော လုပ်ကြံသူ (၄) ယောက်၏အစွမ်းနှင့် ပူးပေါင်းတိုက်ခိုက်မှုအရ သူတို့က ရက်စက်ခြင်းကျောင်းဆောင်မှ ရွှေအဆင့် လုပ်ကြံသူများ ဖြစ်ကြောင်း သိနိုင်သည်။ သူတို့က များများမရှိချေ။

သူတို့၏သေမင်းထောင်ချောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ထိပ်ဆုံးအဆင့်(၃၀)ထဲ၌ ရှိနေသော လူငယ်ပညာရှင်များပင် ရှုံးနိမ့်သွားနိုင်ချေ အလွန်များသည်။ ထူးခြားသောစွမ်းရည်များ သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားကို အပြင်ဖက်သို့ ဖြန့်ကျက်ထားနိုင်သော အစွမ်းမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိလျှင် ပတ်ဝန်းကျင်ကို စစ်ဆေး၍ မရနိုင်သလို သူတို့ဆီတွင် ရှိနေသော ချီစွမ်းအင်စီးဆင်းမှုကိုလည်း စစ်ဆေးကြည့်၍ မရနိုင်ပေ။

လူသားနှင့်ကောင်းကင်ဆက်သွယ်မှု သို့မဟုတ် လူသားနှင့်ကောင်းကင် တသားတည်းအဆင့်ကို ရောက်ရှိနေသော သူများကသာ တူညီသော အကျိုးသက်ရောက်မှုမျိုး ရှိသည့်အတွက် အသက်ရှင်နိုင်ချေ အလွန်များသည်။

သို့သော် သူ့ဆီတွင်တော့ အလွန်ထူးချွန်သော ဂုဏ်သတင်းတစ်ခု ရှိ၏။ တိုက်ပွဲကြီးပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် သူ့ဆီတွင် အလွန်ထူးခြားသော စိတ်ဝိညာဉ်စွမ်းအားရှိနေကြောင်း လူတော်တော်များများက သိနေကြသည်။

သူက ကိုယ်ကိုယ့်ကိုယ် အလွန်ဂရုစိုက်နေပြီး လူငယ်မှတ်တမ်းထဲမှပင် ဖုံးကွယ်ထားခဲ့သည်။ ယခုတော့ သူက အဆင့်(၁၁)ကို ရောက်လာခဲ့၏။ ထိုအရာက ထိပ်ဆုံး(၁၀)ယောက် ပြီးသွားလျှင် ပထမဆုံးလူတစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့ ထောင်ချောက်တစ်ခုက သူ့ကိုရင်ဆိုင်ရန် မလုံလောက်ပေ။

ရက်စက်ခြင်းကျောင်းဆောင်ကဲ့သို့ အဖွဲ့အစည်းတစ်ခုက သူတို့၏ပြိုင်ဖက်ကို လျှော့တွက်သည့်အမှားမျိုး လုံးဝလုပ်လိမ့်မည် မဟုတ်ချေ။ ယခင်သူတွေ့ခဲ့ရသော လုပ်ကြံသူ(၄)ယောက်က သူ့အစွမ်းကို စစ်ဆေးရန် ပို့ဆောင်ထားခြင်းသာ ဖြစ်နိုင်သည်။ သူတို့က သူ့ကို အချိန်ခဏကြာ စိတ်အေးသွားစေနိုင်ပြီး အစစ်အမှန် လုပ်ကြံသူများ တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

သူတို့က တစ်ယောက်ပြီး တစ်ယောက် ရောက်လာနိုင်၏။ ဒုတိယတစ်ကြိမ် တိုက်ခိုက်လိုက်ပြီးနောက် သတ္တိနှင့် စွမ်းအားများက ကုန်ဆုံးသွားနိုင်ပြီး တတိယတစ်ကြိမ်တွင် ပင်ပန်းသွားနိုင်သည်။

လူအုပ်ကြီးက စိတ်အေးသွားပြီး အရာအားလုံး အဆင်ပြေသွားသည်ဟု ထင်သွားသည့် အချိန်မှသာ မြင်းကုန်သည်၏ တိုက်ခိုက်မှုက ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် သေမင်းထောင်ချောက်က ပြီးဆုံးသွားပြီဟု လူတိုင်းက ထင်နေခဲ့၏။ သူက နောက်ဆုံးကျမှ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ဘာကြောင့် သူက မြင်းပေါ်၌ ရှိနေချိန်တွင် မတိုက်ခိုက်ခဲ့ရသနည်း။

မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ သူ့ရင်ထဲတွင်လည်း တင်းကျပ်သွားသလို ခံစားလိုက်ရ၏။ သူကတော့ စိတ်ဝိညာဉ်ကို ပတ်ပတ်လည်တွင် ဖြန့်ကျက်ထားသော်လည်း မည်သည့်ပြောင်းလဲမှုကိုမျှ ခံစားခဲ့ရခြင်း မရှိချေ။

သို့သော် ရုတ်တရက်ဆိုသလို သူ၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ သူက မြေခွေးဘုရင်နှင့် ပထမဆုံးတွေ့ခဲ့ရသည့်အချိန်တွင် ကြုံခဲ့ရသလိုမျိုး ဖြစ်နေသည်။

သူက စဉ်းစားမနေတော့ပေ။ သူ၏ချီစွမ်းအင်များကိုသုံးပြီး မြင်းေလေထဲသို့ လှမ်းခုန်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင်အရိပ်တစ်ခု ရောက်လာပြီး လေထဲသို့ ခုန်လိုက်၏။

ထိုအရာက အသက်ရှိနေသလို ထင်မှတ်ရပြီး မှောင်မဲနေသည့်အတွက် မည်သည့်အလင်းရောင်မျှမရှိချေ။ အပြာရောင်အလင်းတန်းများ တောက်ပနေသော ဓားရှည်တစ်လက်က မြင်း၏ဗိုက်နှင့် နောက်ကျောကို ထိုးဖောက်သွားခဲ့သည်။ သူ၏ဓားထိပ်ဖျားက မုန့်ချီ၏ တင်ပါးတည့်တည့်ကို ချိန်ထားခြင်းဖြစ်သည်။

မုန့်ချီကသာ အနည်းငယ် နှေးကွေးသွားမည်ဆိုလျှင် ဓားက သူ၏တင်ပါးမှနေ၍ ဖောက်ဝင်သွားနိုင်၏။ ထိုအရာက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တို့၏ အားနည်းသောနေရာလည်း ဖြစ်သည်။

အရိပ်ထဲတွင် ပုန်းအောင်းနေပြီး သူ့ကိုယ်သူ အရိပ်နှင့် တသားတည်းပြောင်းလဲနိုင်သည့်အတွက် တိုက်ခိုက်သူက အနည်းဆုံး ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင် တစ်ယောက်ဖြစ်နိုင်ပြီး အနီရောင်အဆင့် လုပ်ကြံသူ တစ်ယောက်ဖြစ်နိုင်သည်။

လုပ်ကြံသူက ရပ်တန့်နေခဲ့ခြင်း မရှိချေ။ အနက်ရောင်အရိပ်က လှံတစ်ခုကဲ့သို့ မြင်း၏ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။ သွေးများက နေရာတိုင်း ပြန့်ကြဲသွားပြီး မြင်းက နာကျင်စွာ အော်ဟစ်လဲကျသွားခဲ့၏။ မြေပြင်ပေါ်တွင်တော့ သွေးသားစများ၊ သွေးရည်များ စီးကျနေသည်။

ထိုသွေးများထဲမှ ဖောက်ထွက်လာပြီးနောက် အနက်ရောင်အရိပ်၏ အပြာရောင်ဓားက မုန့်ချီ၏ နောက်ကို ဆက်လိုက်လာခဲ့သည်။ သူက အောက်မှအပေါ်သို့ အတည့်အတိုင်း လှမ်းထိုးလိုက်ပြီး မုန့်ချီ၏တင်ပါးတည့်တည့်ကိုသာ ချိန်ထားသေး၏။ သူ၏တိုက်ခိုက်မှုက အလွန်လျှင်မြန်လွန်းလှသည့်အတွက် အရိပ်များပင် ကျန်နေခဲ့သည်။

မြင်းကို စတေးလိုက်သည့်အတွက် မုန့်ချီက အသက်ဝဝရှူရန် အခွင့်အရေး ရသွားခဲ့သည်။ အကယ်၍ သူ့ဆီ၌ ခရမ်းမိုးကြိုးစွမ်းအားကို အသက်သွင်းရန် အချိန်မရှိလျှင်ပင် အစွမ်းကုန် ပြန်လည်တိုက်ခိုက်နိုင်သေးသည်။

သူက ဓားရှည်ကို အောက်တည့်တည့်သို့ခုတ်ချလိုက်၏။ ထိုအရာက အလွန်အမင်းကို နှေးကွေးသော်လည်း ထိုသိုင်းကွက်ထဲတွင် ပြောင်းလဲမှုများစွာ ပါဝင်နေခဲ့သည်။ ထိုပြောင်းလဲမှုများက အလွန်လျင်မြန်လွန်းလှသည့်အတွက် သတိထားမိရန် လုံးဝမဖြစ်နိုင်သလို ပြောပြရန်လည်း လုံးဝမဖြစ်နိုင်ပေ။

ထို့ဓားကွက်၏ နှေးကွေးမှုကို ကောင်းကောင်းအသုံးချလိုက်ပြီး သိုင်းကွက် တစ်ကွက်တည်းနှင့် အနီးအနားတွင် ရှိနေသော နယ်မြေကြီးကို လွှမ်းခြုံလိုက်သည်။ မည်သူက ထွက်ပြေးရန်ကြိုးစားစေကာမူ သူ၏တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ခက်ခဲနိုင်၏။

"နှေးကွေးသော ဓားမောက်နှင့် လျင်မြန်သောဓား…"

ထိုနှစ်ခုက ထူးဆန်းပြီး လှပသော မြင်ကွင်းတစ်ခု ပေါ်လာစေခဲ့သည်။

"ချွမ် ချွမ် ချွမ်... "

ဓားမောက်နှင့် ဓားရှည်တို့က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီး ပြောင်းလဲမှုပေါင်းများစွာ ပေါ်လာခဲ့သည်။ ဓားရှည်ကတော့ ဓားမောက်၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး တဖြည်းဖြည်း လေးလံလာခဲ့၏။ အရှိန်ကလည်း လျော့ကျလာခဲ့သည်။

တိုက်ခိုက်သည့် စွမ်းအားကို ယူပြီး မုန့်ချီကတော့ ခန္ဓာကိုယ်ကို လေထဲတွင် လှုပ်ရှား၍ ထုံးကျောက်များ ခင်းထားသော လမ်းမပေါ်တွင် ဆင်းလိုက်သည်။ ဓားရှည်ဆီမှ ရောက်လာသော ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များကလည်း သူ၏ခြေထောက်ထဲသို့ ရောက်သွားသည့်အတွက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်ရသည်။

ထိုချီစွမ်းအင်များက ပိုးမျှင်များကဲ့သို့ ပျော့ပျောင်းနူးညံ့လှသည်။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က ထိုစွမ်းအား တစ်စိတ်တစ်ပိုင်းကို တားဆီးနိုင်ပြီး အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ကျန်ရှိနေသည့် တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားလိုက်သည်။ သို့သော် လုံးဝပျောက်ကွယ်သွားခြင်း မရှိသေးပေ။

ထို့ကြောင့် မုန့်ချီက ခန္ဓာကိုယ်၏ အပြင်ဖက်သို့ ဖယ်ထုတ်လိုက်ရ၏။ သူက ခြေထောက်ကို နေရာရွှေ့လိုက်ရာ ထုံးကျောက်တုံးက အဆင်ပြေကြောင်း တွေ့လိုက်ရသည်။

ထို့နောက် ဆောင်းရာသီလေလှိုင်းများ တိုက်ခိုက်လာပြီး သူတို့က လေလှိုင်းထဲတွင် လှုပ်ရှားနေသော နှင်းပွင့်လေးများကဲ့သို့ ပြောင်းလဲသွား၏။ အကယ်၍ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကသာ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောများကို ပြောင်းလဲထားခြင်း မရှိလျှင် မုန့်ချီက အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားပါလိမ့်မည်။

အလားတူစွာပင် အနက်ရောင်အရိပ်ကလည်း အရှိန်အဝါကို ငှားယူပြီး အောက်သို့ပြန်ဆင်းလာခဲ့သည်။ သူက မြေပေါ်တွင် တစ်ချက်အားယူပြီးနောက် မုန့်ချီဆီသို့ အလွန်လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။ သူ၏ဓားရှည်ထဲတွင် ချီစွမ်းအင် တစ်စက်လေးမျှမရှိချေ။

မုန့်ချီက နေရာတွင် ခိုင်မာစွာ ရပ်နေသည်။ သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ထားပြီး ဓားဆီမှ ငွေရောင်အလင်းတန်းများ တောက်ပလာခဲ့၏။ သူ၏ဓားချီစွမ်းအင်များက အလွန်ပါးလွှာသော မြူခိုးများဖြစ်ပေါ်လာပြီး ထောင်ပေါင်းများစွာသော ကြယ်ပေါင်းတစ်သောင်းကဲ့သို့ လင်းလက်လာခဲ့သည်။

ဤနယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ သုသာန်တစပြင်အလား တိတ်ဆိတ်သွားခဲ့ပြီး လှုပ်ရှားမှု လုံးဝမရှိတော့ပေ။ မုန့်ချီက အံ့သြသွားခဲ့၏။ သူက အနတ္တကျိန်စာဖျက်ဓားပညာကို ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်းဖြစ်သော်လည်း လုံးဝတုံ့ပြန်မှုမရှိခဲ့ပေ။

သူ့ပြိုင်ဖက်က လူသေတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ သူ့ပြိုင်ဖက်က ခံစားချက်များကို ဖိနှိပ်ထားနိုင်သော ဆေးလုံးတစ်ခု သုံးခဲ့ခြင်းပေလော။ သို့မဟုတ် ထူးခြားသောစွမ်းရည်များ ပိုင်ဆိုင်ထားခြင်းပေလော။

"တစ်ခုခုတော့ မှားနေပြီ..."

မုန့်ချီက ချက်ချင်းသတိပြန်ဝင်လာခဲ့ပြီး စဉ်းစားမနေဘဲ ရှေ့သို့ ပြေးတက်လိုက်သည်။

ထိုအချိန်တွင် သူ့ရှေ့၌ ရှိနေသော အနက်ရောင်အရိပ်က ဖြည်းညင်းစွာ ကြည်လင်ပြီး ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာက ပုံရိပ်ယောင်တစ်ခု ဖြစ်နေခဲ့၏။ ထို့ကြောင့်လည်း အနတ္တကျိန်စာဖျက်ဓားပညာက အကျိုးမရှိခဲ့ခြင်းဖြစ်သည်။

တစ်ဖက်တွင်တော့ သူ့ခြေထောက်အောက်တွင် ရှိနေသော အရိပ်က ချက်ချင်း အသက်ဝင်လာပြီး မုန့်ချီ၏တင်ပါးကို ဓားဖြင့် လှမ်းထိုးလိုက်ပြန်သည်။

မုန့်ချီက ခြေတစ်လှမ်းစောသွားသည်မှာ ကံကောင်းသွား၏။ သူက ရပ်မနေဘဲ သူ့ဓားနှင့် နောက်ပြန်တိုက်ခိုက်လိုက်သည်။ သူ့ဓားတွင် မျက်လုံးရှိနေသလို ထင်မှတ်ရပြီး သူ၏ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကဲ့သို့ ဖြစ်နေခဲ့၏။

ထို့နောက် သူက ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြီး အနက်ရောင်အရိပ်နှင့် သူ့ဓားကို စောင့်ကြည့်နေခဲ့သည်။ ကောင်းကင်ပြစ်ဒဏ်ဓားက ထူးဆန်းသော လမ်းကြောင်းအတိုင်း လှုပ်ရှားသွားခဲ့ပြီး ဓားရှည်ကို ရင်ဆိုင်လိုက်သည်။

သူက ထိုသို့ တိုက်ခိုက်ရန် အချိန်ကြာမြင့်စွာ စောင့်နေသလို ထင်မှတ်ရ၏။ ထိုအချိန်တွင် အလွန်နူးညံ့သော ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ကျူးကျော်လာခဲ့ပြန်၏။

အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရွှေရောင်အလင်းတန်းများက မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့နေပြီး အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က သူ့ကို ကာကွယ်ပေးထားခဲ့သည်။ သူတို့က ပူးပေါင်းပြီး ထိုချီစွမ်းအင်များကို တားဆီးခုခံနေကြ၏။

တဖြည်းဖြည်းနှင့် မုန့်ချီ၏ခြေထောက်က ပို၍လေးလံလာသလို ခံစားနေရသည်။ သူ့ခြေထောက်အောက်တွင် ရှိနေသော ကျောက်တုံးအနည်းငယ်ကလည်း အက်ကွဲသွားခဲ့၏။ သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာခဲ့သည်။

ထိုအချိန်တွင် လမ်းမကြီးပေါ်မှ လူသံများ ကြားလိုက်ရ၏။ မုန့်ချီ၏စကားကြောင့် မြို့ထဲတွင် ရှိနေသော အထက်တန်းလွှာမိသားစုမှ ပညာရှင်ပေါင်းများစွာက အလျင်အမြန်လိုက်လာကြသည်။

ထို့ကြောင့် အနက်ရောင်အရိပ်က တိုက်ခိုက်နေခြင်းကို ရပ်လိုက်ပြီး မြို့တံခါး၏ အရိပ်ထဲသို့ ခုန်ဝင်ပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။ အကယ်၍ သူကသာ တားဆီးခံရမည်ဆိုလျှင် သို့မဟုတ် နဂါးကျောက်မြို့ထဲရှိ အစွမ်းထက်ပညာရှင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရလျှင် ထွက်ပြေးရန် နည်းလမ်းမရှိချေ။

သူက လုပ်ကြံသတ်ဖြတ်ခြင်းကိုသာ ကျွမ်းကျင်ခြင်းဖြစ်ပြီး အနီးကပ်တိုက်ခိုက်မှုကို ကျွမ်းကျင်ခြင်း မရှိချေ။

ဆောင်းရာသီနေအလင်းရောင်က ကျိုးတိုးကျဲတဲသာ ကျဆင်းနေသည်။ နေရောင်အောက်တွင် အရာအားလုံးက တောက်ပပြီး လှပနေ၏။ သူကတော့ နွေးထွေးမှုနှင့် စိုစွတ်မှုကို တပြိုင်တည်း ခံစားနေရသည်။

ဖြစ်ခဲ့သော အကြောင်းအရာများက အလွန်လျင်မြန်လွန်းသည့်အတွက် သူ့အတွက်တော့ အိပ်မက်တစ်ခုလို ခံစားနေရ၏။ မုန့်ချီက တိုက်ပွဲကို ပြန်လည်စဉ်းစားနေခဲ့သည်။ သူက လုပ်ကြံသူ၏အစွမ်းကို အကြမ်းဖျင်း ခံစားမိခဲ့၏။

သူက ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေသော အနီရောင်လုပ်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော် သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကို အတင်းအကြပ် ရောက်ရှိရန် ကြိုးစားထားခြင်း ဖြစ်နိုင်သည်။ သူ၏အစွမ်းနှင့် ချီစွမ်းအင်များအရ သူတို့ဆီတွင် စွမ်းအားကွာဟမှု မရှိချေ။

သို့သော် အလွန်မှော်ဆန်သော ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းအားများက လုပ်ကြံသူဟူသော သူ၏အဆင့်အတန်းနှင့် လုံးဝကိုက်ညီနေသည်။ သူက သူနှင့် သင့်တော်သော အရာတစ်ခုကို ရရှိအောင် ကြိုးစားထားပုံရသည်။

အကယ်၍ မုန့်ချီကသာ လုပ်ကြံမှုကို ကျွမ်းကျင်သော လူတစ်ယောက်ဆိုလျှင် သူ့အခြေအနေကလည်း ဝေ့ကျင်းတစ်ဝက်အဆင့် လုပ်ကြံသူထက် နိမ့်ကျလိမ့်မည် မဟုတ်ချေ။

"တော်တော်ကြောက်စရာကောင်းတာပဲ.."

သို့သော် ပို၍ကြောက်စရာကောင်းသည့်အရာကတော့ ထိုအရာက အစသာ ရှိသေးသည်။ နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးက မုန့်ချီကို စိန်ခေါ်ရန် ကြိုးစားနေခြင်းမဟုတ်ဘဲ သူ့ကိုသတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

အကယ်၍ သူကသာ ရက်စက်ခြင်းကျောင်းဆောင်၏ အကူအညီကို ရရှိနိုင်မည်ဆိုလျှင် အနီရောင်အဆင့် လုပ်ကြံသူများအပြင် သိပ်မကြာခင် လိမ္မော်ရောင်အဆင့် သို့မဟုတ် ဝေ့ကျင်းအဆင့် လုပ်ကြံသူများ ရောက်လာနိုင်သည်။

အကယ်၍ ထိုဘုန်းတော်ကြီးကသာ သူ သွားမည့်လမ်းကြောင်းကို မှန်မှန်ကန်ကန် တွက်ချက်နိုင်မည်ဆိုလျှင် သူက ထိုပညာရှင်များကိုပင် တွေ့နေရလောက်ပါပြီ။ တစ်ခုကောင်းနေသည်မှာ သူ၏အစီအစဉ်က နှောင့်ယှက်ခံလိုက်ရသော်လည်း သူကတော့ ကစားပွဲတစ်ခု ကစားနေနိုင်သေးသည်။

ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများက လူတိုင်းသတ်ပစ်ချင်နေသော ဘုံရန်သူများ ဖြစ်နေကြသည်။ ယပ်တောင်(၆)လက်ကျောင်းမှ အစွမ်းထက်ပညာရှင်များနှင့် ဝေ့ကျင်းအဆင့် ပညာရှင်တချို့ကလည်း သူတို့ကို သေချာပေါက် လျစ်လျူရှုနေမည် မဟုတ်ချေ။

သူက ထိုသတင်းကို ဖြန့်လိုက်သည်မှာ သူ့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုဖြစ်ပြီး သူတို့က သူ၏ပတ်ပတ်လည်တွင် ပုန်းအောင်း၍ လုပ်ကြံသူများကို ဖမ်းဆီးနိုင်သည်။ ထိုသို့ဆိုလျှင် ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများကပင် မလှုပ်ရှားခင် သေချာစဉ်းစားရမည်ဖြစ်၏။

သူကသာ နဂါးကျောက်တောင်တန်းကို ဖြတ်ကျော်ပြီး ချင်စီရင်စုထဲသို့ ရောက်ရှိသွားမည်ဆိုလျှင် ရှောင်လင်နှင့် နီးကပ်သွားပါပြီ။ ထိုအချိန်ကျလျှင် သူ့ဆရာက သတင်းကြားပြီး သူ့ဆီသို့ ရောက်လာရန် မျှော်လင့်နေခဲ့၏။

သူက သတင်းဖြန့်နေသော်လည်း သူ ဖြန့်လိုက်သောသတင်းကို နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးက တားဆီးရန် လုံးဝမဖြစ်နိုင်ပေ။

မုန့်ချီက အားရပါးရရယ်ပြီး ပြောလိုက်၏။

"ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူတစ်ယောက် ပေါ်လာပြီး ကျုပ်က သူ့ကို နောက်ဆုတ်သွားအောင် တွန်းပို့နိုင်ခဲ့တယ်။ ကျုပ်တို့ရဲ့ဆုကြေးတွေက မျက်စိရှေ့မှာပဲ ရှိတယ်။ တကယ်လို့ ခင်ဗျားတို့ကသာ ကိုယ့်အစွမ်း ကိုယ်ယုံကြည်နေတယ်ဆိုရင် ကျုပ်နောက်ကနေ တိတ်တဆိတ်လိုက်လာခဲ့ကြပါ…"

ထို့နောက် သူက ပြန်လှည့်ပြီး မြို့ဝင်ပေါက်တံခါးဆီသို့ ဦးတည်လျှောက်လာခဲ့သည်။ သူက ဖြည်းညင်းစွာ လှုပ်ရှားနေပြီး သူ့ပုံစံက အစွမ်းထက်သော ပညာရှင်တစ်ယောက် ပေါ်လာမှာကို စောင့်နေသလို ထင်မှတ်ရသည်။

သို့သော် သူကတော့ လူအုပ်ကြီးနှင့် အဝေးတွင်သာရှိနေသေး၏။ သူတို့ထဲတွင် လုပ်ကြံသူများ ပုန်းအောင်းနေမှာကို သူကိုယ်တိုင်လည်း စိုးရိမ်နေရသည်။ မြို့နှင့် (၁၀)မိုင်ခန့်က ဝေးသောနေရာတွင်တော့ နဂါးကျောက်တောင်တန်းကြီး ရှိနေ၏။

Translated by Hein Htet.

All Chapters