အခန်း (၃၃၄)
Vol. 23 Ch. 334
မုန့်ချီက အပြာရောင် နှင်းဖုံးထားသော လမ်းများအတိုင်း လျှောက်လာပြီး နောက်ဆုံးတွင်တော့ နဂါးကျောက်တောင်တန်းပေါ်ကို စတင်ရောက်ရှိလာသည်။
သူက စီရင်စု (၂)ခု၏ နယ်စပ်တွင်သာ ရှိနေသေး၏။ ထိုနေရာတွင် ဝေ့ကျင်းအဆင့် ပညာရှင် အနည်းငယ် ရှိနေသည့်အတွက် မတော်တဆ ဖြစ်ရပ်များက ကန့်သတ်ချက် ရှိနေပါလိမ့်မည်။ အကယ်၍ နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးကသာ သူ့ကို သတ်ပစ်ရန် ဆုံးဖြတ်ချက် ချထားမည်ဆိုလျှင်တော့ ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများအတွက် ပို၍ အဆင်ပြေပါလိမ့်မည်။
သူတို့က အလျင်စလို လှုပ်ရှားလိမ့်မည်ဟု တိတိကျကျ မပြောနိုင်သော်လည်း သူတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်မှုအဖြစ် ပြောင်းလဲ လုပ်ဆောင်လာနိုင်ကြသည်။
ထို့ကြောင့် မုန့်ချီက မြန်မြန်သွားရန် ဆုံးဖြတ်လိုက်၏။ လမ်းတွင် သူကြုံတွေ့ခဲ့ရသည်မှာ အနီရောင်အဆင့် လုပ်ကြံသူ တစ်ယောက်တည်းသာ ဖြစ်သည့်အတွက် သူက နဂါးကျောက်တောင်တန်းကိုကျော်ပြီး ချင်စီရင်စုထဲသို့ ဝင်ရောက်ရန် အခွင့်အရေးကို လိုချင်နေခဲ့သည်။
ရှောင်လင်ကျောင်းတော်က ထိုနယ်မြေထဲတွင် သိုင်းပညာများ ဖြန့်ဝေပေးနေသည်။ ဘုန်းတော်ကြီးမဟုတ်သော ရှောင်လင်ကျောင်းတော်မှ တပည့်မိသားစုများကလည်း ထိုနေရာတွင် အခြေချနေကြ၏။ ထို့ကြောင့် ဝေ့ကျင်းအဆင့် ပညာရှင်များစွာ ရှိကြသည်။ ထိုနေရာတွင် ယပ်တောင် (၆) လက်ကျောင်းမှ ငွေတံဆိပ် လူဆိုးထိန်းနှင့် အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းများစွာလည်း ရှိနေသေး၏။
ရက်စက်ခြင်းကျောင်းဆောင်မှ လိမ္မော်ရောင်အဆင့်နှင့် အထက် ပညာရှင်များက ကန့်သတ်ချက် ရှိသည်။ အဆင့်တဆင့်ချင်းဆီတွင် လုပ်ကြံသူများ၏ အရေအတွက်က လက်ချိုးရေတွက်၍ပင် ရနိုင်ပြီး တချို့အဆင့်တွင်တော့ အများဆုံး (၂) ယောက် ၊ (၃)ယောက်ခန့်သာ ရှိသည်။
ကမ္ဘာကြီးကတော့ ကုန်သွယ်ရေး အခွင့်အရေးများစွာ ရှိနေသော နယ်မြေကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူ့လို အသေးအဖွဲ ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရန်အတွက် လုပ်ကြံသူ (၅) ယောက်ပင် မရှိနိုင်ပေ။ ထို့ပြင် သူတို့က ကျရှုံးမည့်အဖြစ်ကိုလည်း လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။
သူတို့က ချင်စီရင်စု၏ မြောက်ပိုင်းတွင် ရှိနေသော ပညာရှင်များ၏ သတိထားမှုကို ခံရပြီး အခက်အခဲ တွေ့သည်နှင့် နောက်ဆုတ်သွားမည်သာ ဖြစ်သည်။
မုန့်ချီကတော့ ခေါင်းထဲတွင် အတွေးပေါင်းစုံ နေဂါးကျောက်တောင်တန်းပေါ်သို့ တက်သွားခဲ့၏။ လက်ရှိအချိန်တွင် ဝေ့ကျင်းအဆင့် ပညာရှင်တိုင်းက တိုက်ရိုက် အရှေ့ထွက်လာပြီး သူ့ကို ကာကွယ်ပေးရန် လုံးဝ မဖြစ်နိုင်ပေ။ ရဲတင်းပြီး သတ္တိရှိသူများက ထိုကဲ့သို့သာ ဖြစ်၏။ ဆုကြေးလိုချင်သော အထက်တန်းလွှာ မိသားစုဝင်များနှင့် ဂိုဏ်းများမှ လူများကလည်း သူ့နောက်မှ လိုက်လာပြီး သူ၏သားကောင်ကိုဖမ်းယူရန် စောင့်ဆိုင်းနေကြသည်။
ဒုတိယတစ်ချက်ကတော့ မုန့်ချီက သူတို့ကို ဖုံးကွယ်ထားချင်နေ၏။ အကယ်၍ သူ့နောက်သို့ အစွမ်းထက်သော ပညာရှင်များစွာ လိုက်နေခြင်းကိုသာ ရက်စက်ခြင်းကျောင်းဆောင်က သိသွားမည်ဆိုလျှင် သူတို့က တုန့်ပြန်တိုက်ခိုက်ရန် နည်းလမ်းများ သေချာပေါက် စဉ်းစားထားနိုင်သည်။
အကယ်၍ သူတို့က မသိလျှင်ပင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားပြီး သူတို့ ရန်မပြုသင့်သည့်သူကို မပြုမိအောင် ကြိုးစားကြပါလိမ့်မည်။ အကယ်၍ သူတို့က အခြေအနေကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်လျှင် ပစ်မှတ်ကို တိုက်ခိုက်ရန် ပေါ်လာလိမ့်မည် မဟုတ်ချေ။ လုပ်ကြံမှုနှင့် ပတ်သက်ပြီး ဘာမှမလုပ်ဆောင်ခြင်းက သူတို့အတွက် ပို၍ ကောင်းမွန်နေ၏။
ပုံမှန်အားဖြင့် လုပ်ကြံသူများက အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်မှသာ လှုပ်ရှားတတ်ကြသည်။ သူတို့က ပစ်မှတ်၏ အခြေအနေကို သေချာမှသာ လုပ်ဆောင်တတ်ကြ၏။
ကွေဟောင်နှင့် တခြားလူများကတော့ တောင်တန်းပေါ်သို့ တက်သွားသော မုန့်ချီကို ခဏစောင့်ကြည့်နေပြီးမှ နောက်မှ ဆက်လိုက်လာခဲ့ကြသည်။ အကယ်၍ သူကသာ အနီရောင်အဆင့် လုပ်ကြံသူ သို့မဟုတ် လိမ္မော်ရောင်အဆင့် လုပ်ကြံသူများနှင့် တွေ့ရမည်ဆိုလျှင် သူတို့က သေချာပေါက် ထိုင်ကြည့်နေကြပါလိမ့်မည်။
သူတို့က ကိုယ့်ကိုယ်ကိုယ် အန္တရာယ်အဖြစ်ခံကြလိမ့်မည် မဟုတ်ချေ။ သို့သော် အကယ်၍ ရွှေအဆင့် လုပ်ကြံသူတစ်ယောက်ဆိုလျှင်တော့ သူတို့က သူရဲကောင်းသဖွယ် ဝင်ရောက်ကူညီကြမည် ဖြစ်သည်။ သူတို့သာ တစ်ယောက် နှစ်ယောက်ကို သတ်နိုင်မည်ဆိုလျှင် နာမည်ကောင်းက ပျံ့နှံ့သွားနိုင်သည်။
မုန့်ချီက တောင်တက်လမ်းအတိုင်း လျှောက်သွားသည့်အချိန်တွင် နောက်မှ အော်သံတစ်ခုကို ကြားလိုက်ရသည်။
"ရှေ့ကသခင်လေး ကျေးဇူးပြုပြီး ခဏနေပါဦး... "
မုန့်ချီက သူ့ဓားကို ခုခံသည့်ပုံစံ ကိုင်ထားပြီး နောက်ပြန်လှည့်ကြည့်လိုက်၏။ သိုင်းလောကသား တစ်ယောက် ဦးဆောင်ထားသော လူအုပ်ကြီးက သားမွှေးအင်္ကျီများကို ဝတ်ဆင်ထားသည်။
သူက လက် (၂) ဖက်ဆုပ်၍ ပြောလိုက်၏။
"လူတိုင်းက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ကို ဖယ်ရှားချင်နေကြတာပါ။ တကယ်လို့ စိတ်မရှိဘူးဆိုရင် ကျွန်တော်က သခင်လေးနဲ့ အတူတူ လိုက်လာပြီး ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူတွေကို အတူတူ တိုက်ခိုက်ချင်ပါတယ်... "
မုန့်ချီက သူ့ဓားကို ကိုင်ထားသည့်အတွက် သူတို့ကို သူနှင့် အဝေးတွင်သာ နေရန် အချက်ပြထားခြင်း ဖြစ်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"သူရဲကောင်းတို့ …
လုပ်ကြံသူတွေက ဖုံးကွယ်ပြီး ရုပ်ပြောင်းရုပ်လွှဲလုပ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်ကြတယ်..။ ကျွန်တော်က တစ်ယောက်တည်းပဲ သွားချင်ပါတယ်..။ ကျွန်တော့်အနားမှာရှိတဲ့သူတွေက လုပ်ကြံသူတွေရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်တာမျိုး မဖြစ်စေချင်ဘူး..။ တကယ်လို့ မိတ်ဆွေတို့ကသာ ကူညီပေးဖို့ ဆန္ဒရှိတယ်ဆိုရင် နောက်ကနေ တိတ်တဆိတ်ပဲ လိုက်လာခဲ့ပါ..။ လုပ်ကြံသူတွေ ပေါ်လာတဲ့အ ချိန်ကျရင်တော့ ဝိုင်းပြီးတော့ တိုက်ခိုက်ကြတာပေါ့... "
ကြည့်ရသည်မှာတော့ ရွှေအဆင့် လုပ်ကြံသူများကပင် သူ့အတွက် သေမင်းထောင်ချောက်တစ်ခု ဖန်တီးထားသော်လည်း မည်သည့်အရာမျှ မလုပ်နိုင်ခဲ့ပေ။ သို့သော် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်သော လှံတစ်ချောင်းကို အလွယ်တကူ ရှောင်တိမ်းနိုင်သော်လည်း အမှောင်ထဲမှ ပစ်လိုက်သော မြားတစ်ချောင်းကိုတော့ ရှောင်တိမ်းရန် မလွယ်လှပေ။
အကယ်၍ သူ့ဘေးတွင် လိုက်လာသူများကသာ ရုတ်တရက် တိုက်ခိုက်လိုက်မည်ဆိုလျှင် သူက သေမင်းထောင်ချောက်ထဲသို့ ကျသွားနိုင်၏။ ပညာရှင်ပေါင်းများစွာက သူတို့၏ဆွေမျိုးများ ၊ တပည့်များနှင့် မိတ်ဆွေများ၏ လက်ထဲတွင် သေဆုံးသွားကြရခြင်း ဖြစ်သည်။
မုန့်ချီက ငြင်းဆန်လိုက်သည့်အတွက် သိုင်းလောကသားများက အနည်းငယ် ရှက်ရွံ့သွားကြသည်။ သို့သော် မုန့်ချီ၏ သဘောထားက ခိုင်မာနေခဲ့၏။ သူလည်း တခြားနည်းလမ်း မရှိတော့သည့်အတွက် သစ်တောထဲသို့ ဝင်သွားပြီး သူ့အဖွဲ့များနှင့် တိတ်တဆိတ် လိုက်သွားခဲ့သည်။
လမ်းတလျှောက်တွင် ငှက်တစ်ကောင် လူတစ်ယောက်မျှ မတွေ့ရပေ။ နဂါးကျောက်တောင်တန်းကြီးက အလွန်အေးစက်ပြီး တိတ်ဆိတ်နေပုံရ၏။ သို့သော် သစ်ပင်များနှင့် နှင်းများအောက်တွင် ပုန်းအောင်းနေသော လုပ်ကြံသူများစွာ ရှိနေသည်။
မုန့်ချီ၏ ခြေထောက်အောက်တွင် ရှိသော နှင်းများက လှုပ်ရှားနေ၏။ သူကတော့ ကျန်နေသော ခြေရာလက်ရာများကို စိတ်မဝင်စားချေ။ ရှေ့သို့ မြန်မြန်သွားရန်သာ အာရုံစိုက်နေခဲ့၏။ သူက သစ်တောထဲမှ အလျင်အမြန် ထွက်သွားချင်နေခဲ့သည်။
ညရောက်လာသည့်အချိန်တွင် လမင်းကြီးကို တိမ်ဖုံးနေသည့်အတွက် တောင်တန်းကြီးက မှောင်မည်းနေခဲ့သည်။ မကြာခဏဆိုသလို သစ်တော၏ အနက်ပိုင်းထဲမှနေ၍ အလွန်ကြောက်စရာကောင်းသော သားရဲအော်သံများကို ကြားနေရ၏။ ထိုအသံများက တိတ်ဆိတ်ငြိမ်သက်သော နယ်မြေကြီးထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
မုန့်ချီကတော့ ရက်ပေါင်းများစွာကြာအောင် ထိုအရာနှင့် အသားကျနေခဲ့၏။ သူက အရှိန်လျှော့လိုက်ပြီး လေဟာနယ်လက်စွပ်ထဲမှ စားစရာတချို့နှင့် ရေတချို့ကို ယူစားလိုက်သည်။ အကယ်၍ သူသာ အလွန်အမင်း ပင်ပန်းနေမည်ဆိုလျှင် အစွမ်းကုန် အသုံးချနိုင်လိမ့်မည် မဟုတ်ချေ။
သူက ဤနေရာတွင် ရေနွေးတည်ရန် စားစရာချက်ရန် မီးဖိုထားခဲ့ခြင်း မရှိချေ။ သူ့အတွက် အကြောင်းပြချက် (၂) ခု ရှိ၏။ ပထမတစ်ခုကတော့ သူက အလျင်လိုနေခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ အဆိပ်ခပ်ရာတွင် ကျွမ်းကျင်သော လုပ်ကြံသူက သူ၏စားစရာနှင့် ရေကို အဆိပ်ခပ်လိုက်မှာ ကြောက်နေခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူက ရေနှင့်အစာခြောက်ကို သေချာပြင်ဆင်ထားခဲ့သည်။ ထိုအရာကြောင့်လည်း သူ့ကို စိတ်အေးလက်အေး နေနိုင်ခဲ့၏။
သူ တစ်ယောက်တည်း ဆက်လျှောက်လာရင်း လမ်းဘေးတွင်တော့ ဇရပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက လမ်းသွားလမ်းလာများ မိုးခိုရန် ပြင်ဆင်ထားသော နေရာတစ်ခု ဖြစ်နေသည့်အတွက် ကောင်းမွန်စွာ ရှိနေသေးသည်။
အတွင်းထဲတွင် မီးတောက်များကို မြင်နေရပြီး လိမ္မော်ရောင် မီးတောက်များ တလက်လက် တောက်ပနေသည်။ ထိုအရာက ဆောင်းရာသီ ညအချိန် အေးခဲမှုကို နွေးထွေးသွားစေနိုင်၏။ ထိုအရာက ခရီးသွားလာသူတစ်ယောက်ကို အထဲသို့ဝင်လာပြီး အနားယူရန် ဖိတ်ခေါ်နေသလိုလည်း ဖြစ်နေသည်။
"အထဲမှာ ဘယ်သူရှိနေတာလဲ... "
မုန့်ချီက ဇရပ်ကိုကျော်ပြီး ဆက်သွားရန် ပြင်ဆင်လိုက်သည်။
"သခင်လေး…
ဆောင်းရာသီညက တော်တော်လေးကို ပြင်းထန်ပါတယ်.. ။ အလျင်စလိုသွားဖို့လည်း တော်တော်လေးခက်တယ်..။ ဘာလို့ အထဲမှာဝင်ပြီး အနားမယူရတာလဲ... "
ဇရပ်ထဲမှနေ၍ မိန်းမပျိုတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
သူမ၏အသံက သိမ်မွေ့ညင်သာပြီး နားထဲတွင် ပျားရည်လောင်းချလိုက်သလို ခံစားနေရသည်။ ထိုအရာက ရင်ထဲတွင် ရှိနေသော စိုးရိမ်မှုများကို ဖယ်ရှားပေးနိုင်၏။
တစ်ချိန်တည်းတွင် ဇရပ်ထဲမှ စားစရာရနံ့များ ထွက်ပေါ်လာသည်ကို မုန့်ချီက ခံစားမိလိုက်သည်။ အနီးအနားတွင် ရှိနေသော ထင်းရှုးပင်များ၏ လက်ဆတ်သော ရနံ့များက ထိုရနံ့များနှင့်ပေါင်းစပ်ပြီး ပြောပြ၍ မရနိုင်သော ရနံ့တစ်ခု ဖြစ်ပေါ်နေခဲ့သည်။
သူ၏ပတ်ပတ်လည်တွင်တော့ အလွန်မတ်စောက်သော တောင်တန်းကြီးများနှင့် သိပ်သည်းသော သစ်တောကြီးတစ်ခုသာ ရှိသည်။ ထိုဇရပ်လေးကတော့ အနားယူရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်နေခဲ့၏။ လေပြေလေညင်းလေးတစ်ခု တိုက်ခတ်လာသော်လည်း ထိုရနံ့များက ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
"တစ်ခုခုတော့ မှားနေပြီ…"
သူ၏ချီစွမ်းအင်များက အားနည်းလာကြောင်း မုန့်ချီက ချက်ချင်း သတိထားလိုက်မိသည်။ သူက သူတို့၏ထောင်ချောက်ထဲသို့ သတိမထားမိဘဲ ရောက်သွားခဲ့ခြင်း ဖြစ်၏။
သူက သေချာအာရုံစိုက်လိုက်ပြီး အဆိပ်ဖြေဆေးလုံးကိုယူ၍ နှာခေါင်းပိတ်သလို အမူအရာနှင့် ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆေးလုံး၏ အကျိုးအာနိသင်က ခန္ဓာကိုယ်ထဲသွင် ဖြည်းညင်းစွာ ပျံ့နှံ့သွား၏။ အဆိပ်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရသည်။ တောင်ပေါ်တွင် ရှိနေသော လမ်းမများအားလုံးက လှုပ်ရှားသွားခဲ့ပြီး ကောင်းကင်ပေါ်သို့ မီးခိုးများ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က ဖောက်ခွဲရေးပစ္စည်းများကို မီးရှို့လိုက်ပုံရသည်။
ထို့နောက် ဇရပ်ထဲမှနေ၍ မီးရှူးမီးပန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ တက်သွားခဲ့သည်။ ထိုမီးရှူးမီးပန်းက အလွန်လှပစွာ ပေါက်ကွဲသွားခဲ့၏။
"သတ်ဖြတ်ရေးဓားစုမုန့် …
ငါက မင်းနာမည်ကို ကြားဖူးနေတာတော့ကြာပြီ ။ အခုတော့ မင်းကို တွေ့လိုက်ရပြီပဲ ။ မင်းပုံစံက တော်တော်လေးကိုထူးခြားတယ်... "
အပေါ်ဘက်လမ်းမမှနေ၍ လူတစ်ယောက်၏အသံကို ကြားလိုက်ရသည်။ သူ့အသံက တဖြည်းဖြည်း အနားသို့ ရောက်လာခဲ့၏။
သူကတော့ သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ခေါင်းပြောင်နေသည်။ သူ့ခေါင်းပေါ်တွင်တော့ အဖုကြီးတစ်လုံး ရှိ၏။ နက်မှောင်နေသော သူ၏မျက်လုံးများပေါ်တွင် ထူထဲသော မျက်ခုံးတစ်စုံ ရှိနေပြီး မျက်ခုံးနှင့် နှာခေါင်းက ဆက်နေသည်။ သူ၏နှုတ်ခမ်းများကလည်း အညိုရောင်ဖြစ်၏။ ထိုလူက အသက် (၃၀) ဝန်းကျင် ရှိနိုင်သည်။
သူက အနီရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ထိုအရာက အနက်ရောင်ကဲ့သို့ ထင်မှတ်ရသည်။ သူ့လက်ထဲတွင်တော့ အနီရောင်ဓားတစ်ချောင်းကို ကိုင်ထား၏။
မုန့်ချီကတော့ ဆေးလုံး၏အာနိသင် လုံးဝပြည့်စုံလာသည့်အချိန်အထိ စောင့်နေခဲ့သည်။ သူက ဘယ်လက်ထဲတွင် ဓားရှည်ကို ကိုင်ထားပြီး ညာလက်ထဲတွင် ဓားမောက်ကို ကိုင်ထားသည်။ သို့သော် အလျင်စလို တိုက်ခိုက်ခဲ့ခြင်း မရှိချေ။
သူက တည်ငြိမ်စွာ ပြန်မေးလိုက်၏။
"လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားလား..။ မင်းလည်း ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး..။ မင်းက သိုင်းလောကမှာရှိတဲ့ သူရဲကောင်းတွေ ဝိုင်းပြီး တိုက်ခိုက်ခံရမှာကို မကြောက်ဘူးလား..။ ဒါမှမဟုတ် မင်းက ရက်စက်ခြင်းကျောင်းဆောင်နဲ့ ပူးပေါင်းလိုက်တာလား... "
ထိုလူ့ဆီတွင် အလွန်ထူးခြားသော ရုပ်ရည်ရှိနေသည့်အတွက် မုန့်ချီက ကြည့်လိုက်ရုံနှင့် သိနေသည်။ သူကတော့ ဖျက်ဆီးရေးဂိုဏ်း၏ မကောင်းဆိုးဝါးလူသား (၁၉) ယောက်ထဲမှ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား ဖြစ်သည်။ စွမ်းအားအရ ပြောရမည်ဆိုလျှင် သူက ထိပ်ဆုံးမကောင်းဆိုးဝါး (၅) ယောက်ထဲ အပါအဝင် ဖြစ်၏။
သူက ဟစ်ကြွေးသံမီးတောက် မကောင်းဆိုးဝါးဓားကို လေ့ကျင့်ထားသည်။ သူက အလွန်လျင်မြန်စွာ တိုးတက်လာခြင်း မဟုတ်သော်လည်း ခိုင်မာသော အုတ်မြစ်တစ်ခု ရှိသည်။ သူက အသက် (၃၅) နှစ်မတိုင်ခင် လူငယ်မှတ်တမ်းထဲ၌ စာရင်းဝင်ခဲ့ခြင်း မရှိချေ။ သို့သော် ယခုတော့ အသက် (၄၀)အရွယ်တွင် လူသားနှင့် ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ရှိနေသည်။ သူက ဝေ့ကျင်းအဆင့်ကို တက်ရန် အချိန်များစွာ ရှိနေသေး၏။
ယပ်တောင် (၆) လက်ကျောင်း၏ သုံးသပ်မှုအရ သူ့အစွမ်းက လူငယ်မှတ်တမ်းတွင် ရှိနေသော ထိပ်ဆုံးပညာရှင် (၁၀) ယောက်နှင့် တူညီနေသည်။
"ငါက ဖျက်ဆီးရေးဂိုဏ်းထဲမှာ ကောင်းကောင်းနေရာရတယ်လေ..။ ဘာလို့ငါက သူတို့ကို သစ္စာဖောက်ပြီး ရက်စက်ခြင်းကျောင်းဆောင်ကို ကူးရမှာလဲ... ။ ငါက လူတစ်ယောက်ရဲ့ငွေကြေးကို လက်ခံပြီးမှတော့ ငါ့တာဝန်အတိုင်း လုပ်ရမှာပေါ့... "
လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက ပြောလိုက်သည်။ သူကလည်း တစ်စုံတစ်ခုကို စောင့်နေသည့်အလား အလျင်စလို လှုပ်ရှားခြင်း မရှိချေ။
"ပြီးတော့ သိုင်းလောက ငကြောက်တွေလား... ။ လော်အဖွဲ့အစည်းရဲ့ အစိမ်းရောင်ကျင့်ကြံသူက မြေမြှုပ်မိုင်းတွေထောင်ပြီး လမ်းမတွေကို ဖောက်ခွဲပစ်လိုက်ပြီ ။ သူတို့က မင်းကိုအချိန်မီ ကူညီပေးနိုင်မှာ မဟုတ်ဘူး... "
သူ၏စကားလုံးများက စူးရှပြီး ရန်လိုစိတ် ပြင်းထန်နေသည်။ သူက မုန့်ချီ၏စိတ်ကို ထိုးနှက်ရန် ကြိုးစားနေကြောင်း သိသာနေ၏။
"လော်အဖွဲ့အစည်းက အစိမ်းရောင်ကျင့်ကြံသူလား... "
မုန့်ချီက အံ့ဩသွားမိသည်။
ဖျက်ဆီးရေးဂိုဏ်းသာမက လော်အဖွဲ့အစည်းလည်း ပါဝင်နေခဲ့၏။ ထိုအချိန်တွင် သူ့အနောက်ဘက်၌ ရှိနေသော လမ်းမပေါ်တွင် အစိမ်းရောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူ၏ခြေလှမ်းက အလွန်ပေါ့ပါးပြီး မြေပြင်ပေါ်တွင် လွင့်မျောနေသလို ထင်မှတ်ရ၏။ သူ၏မျက်နှာကတော့ အတွင်းဒဏ်ရာ ရထားသည့်အလား ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
"အရိပ်ရေခဲလက်ဝါးလား..။ မင်းက လော်အဖွဲ့အစည်းက ကျင့်ကြံသူ တစ်ယောက်လား... "
ယပ်တောင် (၆) လက်ကျောင်း၏ ကျေးဇူးကြောင့် မုန့်ချီက သူ့အနောက်ဘက်တွင် လမ်းပိတ်ထားသူကို ချက်ချင်း မှတ်မိလိုက်သည်။
သူ၏သိုင်းလောကနာမည်က အရိပ်ရေခဲလက်ဝါးဖြစ်ပြီး သူက လမ်းမှားပညာရှင်များထဲတွင် နာမည်ကျော် ပညာရှင်တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သော (၇) နှစ် ၊ (၈) နှစ်ခန့်တွင် သူက သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ခဲ့၏။
သို့သော် သူလေ့ကျင့်ထားသည့် နတ်ဆိုးသိုင်းပညာက အလွန်အန္တရာယ်များပြီး ထူးဆန်းသည့်အတွက် ချီစွမ်းအင် သွေးဖယ်မှုကို ခံစားလိုက်ရသည်။ သူက အသက်ရှင်နိုင်ခဲ့သော်လည်း သူ့အစွမ်းက သိသိသာသာ လျော့ကျသွားခဲ့ပြီး ကောင်းမွန်စွာ ကုသနိုင်ခြင်း မရှိသော အတွင်းဒဏ်ရာများ ရခဲ့သည်။
တခြားလူများကို တိုက်ခိုက်မည်ဆိုလျှင် သူကိုယ်တိုင်လည်း ထိခိုက်စေနိုင်၏။ ထို့ကြောင့် လွန်ခဲ့သောနှစ်များအတွင်း သူက သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့ပြီး လှုပ်ရှားရန် ခက်ခဲသည်။ သူက လော်အဖွဲ့အစည်းမှ အစိမ်းရောင်ကျင့်ကြံသူအဖြစ် ပြောင်းလဲသွားသည်ကို စဉ်းစားမိသည့်အခါ တစ်စုံတစ်ခု ဖြစ်နေနိုင်သည်။
"မင်းရဲ့အသက်နဲ့ ငါ့ရဲ့အတွင်းဒဏ်ရာတွေ ကုသဖို့အတွက် လဲလှယ်လို့ရမယ်... ။ ဒီတော့ မင်းက ဂုဏ်ယူသင့်ပါတယ်... "
အစိမ်းရောင် ကျင့်ကြံသူက လျင်မြန်စွာ ပြောလိုက်၏။
သူကတော့ ကိုယ်ဖော့ပညာကြောင့် နာမည်ကျော်ကြားသည်။ ထို့နောက် သူက မုန့်ချီ၏နောက်မှ လိုက်လာခဲ့သော်လည်း မည်သူကမျှ သူ့ကို သတိမထားမိခဲ့ပေ။
လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား တစ်ယောက်တည်းကပင် သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ သို့သော် အစိမ်းရောင် ကျင့်ကြံသူနှင့် ဇရပ်ထဲတွင် ရှိနေသော အဆိပ်မိန်းမပျိုတို့ကြောင့် အခြေအနေက ပို၍ခက်ခဲသွားနိုင်၏။ မုန့်ချီကတော့ ကျန်းကျိဝေ ၊ ရွမ်ယုရှုနှင့် သူကိုယ်တိုင်ကို ရင်ဆိုင်ခဲ့ရသော ကျန်းဟန်ချွန်ကဲ့သို့ ခံစားလိုက်ရသည်။
"သခင်လေးစု …
ရှင်က အရင်ဆုံး မတိုက်ခိုက်ဘူးဆိုတာ နဂါးကျောက်တောင်တန်းနားမှာရှိတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေလာပြီး အကူအညီပေးတာကို စောင့်နေတာ မဟုတ်လား... "
ဇရပ်ထဲတွင် ရှိနေသော မိန်းမပျိုလည်း ပေါ်လာခဲ့သည်။
သူမက ဆံထိုးတစ်ချောင်းကို ကိုင်ထား၏။ သူမ၏ပန်းရောင်ဂါဝန်လေးကလည်း လေထဲတွင် လှုပ်ရှားနေသည်။ သူမက အလွန်လှပသော မိန်းမပျိုတစ်ယောက်ဖြစ်ပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူမ၏ နှုတ်ခမ်းထောင့်လေးတွင် မှဲ့တစ်လုံး ရှိနေ၏။ သူမ၏ ဘယ်လက်ထဲတွင်တော့ အစိမ်းရောင်အလင်းတန်းများ တောက်ပနေသော ကျောက်စိမ်းဝါးပုလွေတစ်ခု ရှိသည်။
"ဝိညာဉ်ဖျောက်ပုလွေ လင်းပိယုလား... "
နှုတ်ခမ်းထောင့်တွင် ရှိသောမှဲ့နှင့် ကျောက်စိမ်းဝါးပုလွေတို့ကြောင့် မုန့်ချီက သူမကို ချက်ချင်း မှတ်မိသွားခဲ့သည်။
သူမကတော့ အသံလှိုင်းပညာနှင့် အဆိပ်ပညာကျွမ်းကျင်သော လမ်းမှားပညာရှင် တစ်ယောက် ဖြစ်သည်။ သူမက အသက် (၂၀) ကျော်အရွယ်သာ ရှိနေသေးသည်ဟု ထင်မှတ်ရသော်လည်း အသက် (၄၀) ကျော်ခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။
တံခါး (၉) ပေါက်အဆင့်တွင် သူမက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနှင့် အစိမ်းရောင်ကျင့်ကြံသူတို့ကဲ့သို့ အစွမ်းမထက်လျှင်ပင် အဝေးမှ တိုက်ခိုက်ပြီး အခြေအနေကို ထိန်းချုပ်၍ ရနိုင်သည်။ ထိုအရာက အမှန်တကယ်ကို ပြဿနာများ၏။
ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးက မြို့ထဲတွင် ကြုံခဲ့ရသော သေမင်းထောင်ချောက်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သည်။ ထိုအရာက မုန့်ချီ ၊ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ ပူးပေါင်းတိုက်ခိုက်စဉ် အချိန်ကထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသေးသည်။
"ရှင်က မီးတောက်သခင်ကို သတ်ပစ်လိုက်ပြီး သောကကြယ်နဲ့ တခြားသူတွေရဲ့ အစီအစဉ်ကို ဖျက်ဆီးလိုက်တဲ့အတွက် အမှားကြီးတစ်ခု လုပ်ခဲ့တာပဲ။ အခွင့်အရေး ပေးထားတာကိုတောင် ရှင့်လိုလူတွေကတော့ တန်ဖိုးမထားတတ်ဘူး... "
လင်းပိယုက ပြောလိုက်သည်။
"ယခု နဂါးကျောက်မြို့က ရှုပ်ထွေးနေပြီ ။ အဝါရောင်အဆင့် လုပ်ကြံသူတစ်ယောက်နဲ့ အနီရောင်အဆင့် လုပ်ကြံသူနှစ်ယောက်က အနီးအနားမှာရှိတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေကို မယှဉ်နိုင်ဘူး..။ ဒါပေမယ့် သူတို့က အစွမ်းထက်တဲ့သူတွေကို အချိန်ဆွဲထားဖို့တော့ လုံလောက်ပါတယ်... "
ထိုနေရာတွင် အဝါရောင်အဆင့် လုပ်ကြံသူ တစ်ယောက်ပင် ရှိနေကြောင်း သိလိုက်ရသည်။ သူတို့က မုန့်ချီ တွေးထားခဲ့သော လိမ္မော်ရောင်အဆင့် လုပ်ကြံသူ ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေ၏။
နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးက မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ ရန်သူများ အားလုံးကို သတ်ပစ်ချင်နေပုံရသည်။ မုန့်ချီကတော့ ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့သည်မှာ ကံကောင်းသွားခဲ့၏။
သို့သော် လက်ရှိအခြေအနေတွင် ဒဏ္ဍာရီများလည်း ပါဝင်ပတ်သက်လာပြီး သူ့ကို တိုက်ခိုက်ရန် အခွင့်အရေး ယူကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အတိတ်တုန်းက သူတို့နှင့် ရန်ငြိုးမရှိသည့်အတွက် သူ့ကို တိုက်ရိုက် တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သို့သော် သူတို့က သူ၏လမ်းကြောင်းကို မည်သို့ သိသွားသနည်း။
ထို့ကြောင့် ပြိုင်ဖက်ကင်း ပညာရှင်တစ်ယောက် သို့မဟုတ် ပို၍အစွမ်းထက်သော အဖွဲ့သားတစ်ယောက်ကသာ သူ့ကို အာရုံစိုက်နေခြင်း မရှိလျှင် မည်သူကမျှ သတိထားမိမည် မဟုတ်ချေ။ နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးက ဒဏ္ဍာရီများနှင့် ပတ်သက်နေမည်ဆိုလျှင်တော့ ဖြစ်နိုင်ချေ ရှိသည်။ ထိုအရာက တစ်ခုတည်းသော ဖြစ်နိုင်ချေလည်း ဖြစ်၏။
"ဒါဆိုရင်တော့ ငါ့မှာ ဘာအကူအညီမှ မရနိုင်တော့ဘူး ထင်တယ်... "
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"ငါက စောင့်နေတာ...။ မင်းတို့ရဲ့ပုံစံကလည်း စောင့်နေတာပဲ ထင်တယ်... ။ မင်းတို့က အဆိပ် အကျိုးသက်ရောက်မှုရှိမယ့်အချိန်ကို စောင့်နေတာလား... ။ ဒါမှမဟုတ် ပိုပြီးအစွမ်းထက်တဲ့ အကူအညီရောက်လာမယ့်အချိန်ကို စောင့်နေတာလား... "
လင်းပိယုက တိုးတိုးလေး ရယ်လိုက်သည်။
"ရှင့်ဆီမှာ အရမ်းကို ထူးခြားတဲ့ ဖြေဆေးတစ်လုံး ရှိတယ်ဆိုတာ ကျွန်မ သိပါတယ်... "
လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကလည်း တည်ငြိမ်စွာ ပြောလိုက်၏။
"ဟုတ်တယ်..။ အနီရောင်အဆင့် လုပ်ကြံသူတစ်ယောက်က ဒီနေရာကို ရောက်လာနေပြီ ။ မင်းက ဘယ်မှ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး... "
သူကတော့ မုန့်ချီ၏စိတ်ကို ဖိအားပေးရန်အတွက် တည့်တည့် ပြန်ဖြေလိုက်သည်။ မုန့်ချီက စိတ်ဓာတ်ကျပြီး မသက်မသာ ခံစားရစေရန် သူက ရည်ရွယ်နေခဲ့၏။ တိုက်ပွဲတွင် သူကတော့ မုန့်ချီကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် တွန်းအားပေးနေခဲ့သည်။
မုန့်ချီ၏အမူအရာက လေးနက်သွားခဲ့ပြီး သူ့လက်ထဲတွင် ဓားရှည်ကို သေချာကိုင်ထားသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့ ။ သူ ရောက်မလာခင် ငါက မင်းတို့ကို သတ်ပစ်နိုင်ပါသေးတယ်... "
ထိုအချိန်တွင် သူ၏ပတ်ပတ်လည်၌ ရှိနေသော အငွေ့အသက်များက ပျံ့နှံ့လာပြီး အရှေ့သို့ ပြေးထွက်သွားခဲ့သည်။ သူ့ပုံစံက ဓားအိမ်ထဲမှ ထုတ်ထားသော ဓားမောက်တစ်ချောင်းကဲ့သို့ဖြစ်နေပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
"တကယ်လို့မင်းတို့က ငါ့ကို သတ်ချင်နေတယ်ဆိုရင် အနည်းဆုံးတော့ မင်းတို့တွေထဲက တစ်ယောက်က ငါနဲ့အတူတူသေသွားရမယ်... ။ ဘယ်သူအရင်ဆုံးသေချင်လဲ... "
မုန့်ချီ၏အော်သံက အဝေးထိအောင် ပျံ့နှံ့သွားသည်။ မတိုက်ခိုက်ရသေးခင် အချိန်တွင်ပင် သူကတော့ သူတို့၏ အားနည်းချက်ကို သိနေပြီး သူတို့၏ ယုံကြည်ချက်ကို ထိုးနှက်လိုက်သည်။
သူတို့ (၃) ယောက်က မတူညီသော အဖွဲ့အစည်းမှ ဖြစ်ကြ၏။ သူတို့က ပထမဆုံးအကြိမ် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် မယုံကြည်ကြပေ။ သူတို့က သူ ၊ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကဲ့သို့ ပူးပေါင်းတိုက်ခိုက်ရန် ခက်ခဲနိုင်သည်။
ထို့ကြောင့် သူတို့က အချိန်ဆွဲနေပြီး အနီရောင်အဆင့် လုပ်ကြံသူ ရောက်လာသည့် အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။ မုန့်ချီကသာ ထိုအရာကို ကောင်းကောင်း အသုံးချနိုင်မည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး ရှိနေသေး၏။
Translated by Hein Htet.