← Chapters

အခန်း (၃၃၅)

Vol. 23 Ch. 335

အခန်း (၃၃၅)

Vol. 23 Ch. 335

သူတို့(၃)ယောက်လုံးက အားနည်းပြီး ပြိုလဲသွားသည့်တိုင်အောင် မချွင်းမချန် တိုက်ခိုက်ကြရန် လုံးဝမဖြစ်နိုင်ပေ။ အကယ်၍ ထိုကဲ့သို့ အရာမျိုး ဖြစ်သွားမည်ဆိုလျှင်လည်း သူတို့အဖော်၏ အလစ်ချောင်းတိုက်ခိုက်မှုကို ခံရနိုင်သည်။

မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ် အဖွဲ့အစည်းများက တစ်စုတစ်စည်းတည်း လုံးဝမဟုတ်ကြပေ။ မတူညီသော အဖွဲ့အစည်းများကြားထဲတွင် အညှိုးအတေးများ ရှိနေကြ၏။ အကျိုးအမြတ်များအတွက် သူတို့၏အဖွဲ့အစည်းများက ပူးပေါင်းနိုင်ကြသော်လည်း အလုပ်ပြီးသွားလျှင်တော့ သနားညှာတာမှု ကင်းမဲ့တတ်ကြသည်။ထိုအရာက လမ်းမှားပညာရှင်များအတွက်တော့ တူညီသောရလဒ်တစ်ခုသာဖြစ်သည်။

သူတို့က ထိုကဲ့သို့ အရာမျိုးအတွက် သူတို့၏အသက်ကို မစတေးလိုကြပေ။ သူတို့က အပေါင်းအဖော်များ ဖြစ်လာသော်လည်း သိပ်မကြာခင် အကူအညီ ရောက်လာနိုင်သည့်အတွက် အနည်းငယ် ပို၍ထိန်းချုပ်ထားသည်မှာ သေချာနေသည်။

ထို့ကြောင့် သူတို့က မုန့်ချီ၏ တိုက်ခိုက်မှုကို အလေးအနက် ရင်ဆိုင်ကြလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အဓိကရည်ရွယ်ချက်ကတော့ သူ၏စွမ်းအားကို ကုန်ဆုံးသွားရန်သာ ရည်ရွယ်ပြီး သူ့ကို ဒဏ်ရာရအောင် လုပ်ဆောင်ရန် အခွင့်အရေးတစ်ခုသာ ရှာဖွေချင်နေသည်။

အကယ်၍ သူတို့က ကြောက်စရာကောင်းပြီး ရှောင်တိမ်း၍ မရနိုင်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တော့ အစွမ်းကုန် ပြန်လည်တိုက်ခိုက်နိုင်သေးသည်။ သိုင်းလောကတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူ့ကို လိမ်ညာခဲ့ခြင်း မရှိချေ။

မုန့်ချီက ရှေ့ထွက်သွားပြီး အော်ဟစ်လိုက်သည့်အချိန်တွင် ထိုအကြောင်းအရာများက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့၏။ အကယ်၍ သူကသာ ထိုအရာကို အခြေခံပြီး သူတို့၏ လှုပ်ရှားမှုများကို ခန့်မှန်းနိုင်မည်ဆိုလျှင် တိုက်ပွဲကို ကိုယ်တိုင်ခြယ်လှယ်၍ ရနိုင်သည်။

သူ၏လှုပ်ရှားမှုများကိုလည်း သတိထား ထိန်းချုပ်ရန် လိုအပ်၏။ သူက မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစွမ်းကုန် ပြန်လည်တိုက်ခိုက်ချင်စိတ် ပေါ်လာအောင် တွန်းအားပေး၍ မရနိုင်ပေ။ အကယ်၍ သူက ထိုလူများကို သိုင်းကွက်(၁)ကွက် (၂)ကွက်အတွင်း သတ်နိုင်မည်ဖြစ်ကြောင်း သေချာလျှင်တော့ အဆင်ပြေသည်။

မဟုတ်လျှင်တော့ သူ့ဆီတွင် ထွက်ပြေးရန် မျှော်လင့်ချက်မရှိသလို ခုခံမှုလည်း မရှိနိုင်ပေ။ သူကိုယ်တိုင်လည်း မည်သည့်အရာကိုမျှ မတိုက်ခိုက်နိုင်တော့ပဲ အဆုံးသတ်သွားနိုင်၏။ ထိုအချိန်မျိုးတွင် ရန်သူက အလွယ်တကူ ရင်ဆိုင်သွားပါလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ သူ့အပေါ် ထိခိုက်မှုကလည်း အလွန်ကြီးမား၏။ ထိုအရာက စတင်တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်တည်း မုန့်ချီနားလည်ထားသော အရာတစ်ခုလည်း ဖြစ်သည်။ (၃)ယောက် (၁)ယောက် တိုက်ခိုက်ရသော တိုက်ပွဲတွင် အသက်ရှင်နိုင်စွမ်းကတော့ သူ၏စွမ်းရည်အပေါ်သာ တိတိကျကျ မှီခိုနေပါလိမ့်မည်။ ပညာရှင်များ၏တိုက်ပွဲတွင် စိတ်ဓာတ်တိုက်ပွဲက အရေးအကြီးဆုံးဖြစ်၏။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၊ အစိမ်းရောင်ကျင့်ကြံသူနှင့် ဝိညာဉ်ဖျောက်ပုလွေ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများက မုန့်ချီ၏စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်နေခဲ့သည်။

ဓားကို မြှောက်လိုက်သည့်အချိန်တွင် မုန့်ချီ၏ ချီစွမ်းအင်များက အမြင့်ဆုံး ထွက်ပေါ်လာခဲ့၏။ သူက ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်ကို တိတ်တဆိတ် သုံးလိုက်ရာ တခဏအတွင်း သူနှင့် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ အကွာအဝေးက နီးကပ်သွားခဲ့သည်။ သူနှင့်အတူ အလွန်ကြောက်စရာကောင်းသော ဓားအရှိန်အဝါတစ်ခုလည်း လိုက်ပါလာခဲ့၏။

ထိုအချိန်တွင် အလွန်ကျယ်လောင်သော ပုလွေသံတစ်ခုကို ကြားလိုက်ရသည်။ ပုလွေသံထဲတွင် ဝမ်းနည်းသည့် အငွေ့အသက်များ လွှမ်းခြုံနေပြီး သူ၏နှလုံးသားထဲသို့ ဝင်ရောက်၍ သူ့စိတ်ကို ရိုက်ခတ်နေသည်။

ထိုပုလွေသံကြောင့် မုန့်ချီက အနည်းငယ်လှုပ်ရှားသွားခဲ့၏။ သူ၏ခန္ဓာကိုယ်က အလေးတုံးပေါင်း မြောက်မြားစွာနှင့် ဖိနှိပ်ခံရသလို ခံစားလိုက်ရပြီး လှုပ်ရှားမှုများက နှေးကွေးလာသည်။

အရိပ်ရေခဲလက်ဝါးဟု နာမည်ကျော်ကြားသော အစိမ်းရောင်ကျင့်ကြံသူကလည်း မြေပေါ်တွင် လွင့်မျောလာသလို ထင်မှတ်ရသည်။ သူက မုန့်ချီ၏အနားသို့ အလွန်လျင်မြန်စွာ ကပ်လာခဲ့၏။ သူ၏ကိုယ်ဖော့ပညာက အမှန်တကယ်ကို ထူးခြားလွန်းလှသည်။

ထိုအရာက ထိပ်တိုက်ရင်ဆိုင်ရာတွင် တစ်ဖက်လူကို လွှမ်းမိုးထားနိုင်၏။ သူက ညာလက်ကို မြှောက်လိုက်ရာ လက်ပေါ်တွင် အဖြူရောင်အငွေ့များ လွှမ်းခြုံလာပြီး ရေခဲများအဖြစ် အေးခဲသွားခဲ့သည်။ သူက မုန့်ချီ၏ နောက်ကျောတည့်တည့်ကို လက်ဝါးနှင့် ရိုက်ချလိုက်၏။

နှင်းပွင့်လေးများ လှုပ်ရှားကခုန်လာသည်။ သူ၏ချီစွမ်းအင်များကလည်း အဖြူရောင် ရေခဲမြွေတစ်ကောင်ကဲ့သို့ ဖြစ်လာပြီး အလွန်အေးစက်၍ ကြောက်စရာကောင်းနေ၏။ ထိုတိုက်ခိုက်မှုက မုန့်ချီကို လွှမ်းခြုံထားခဲ့ပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ပါဝင်နေခဲ့သည်။

သူက အစွမ်းကုန်တိုက်ခိုက်လိုက်ခြင်း မဟုတ်သော်လည်း ထိုလက်ဝါးရိုက်ချက်က ကျန်းဟန်ချွန်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှနေသည်။ သူ၏စွမ်းအားများက အတော်လေး ဆုံးရှုံးသွားခဲ့သော်လည်း သူ့အဆင့်က ဆက်လက်ရှိနေသေးသည်။

လက်ဝါးက သူ့ကို မထိရသေးခင် အေးစက်သော ခံစားမှုများက မုန့်ချီ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ မုန့်ချီကတော့ သွေးနှင့် သွေးကြောများ အနည်းငယ် အေးခဲသွားသလို ခံစားလိုက်ရပြီး သူ၏လှုပ်ရှားမှုက ပို၍ပင်နှေးကွေးသွားခဲ့၏။

"ထင်ထားတဲ့အတိုင်းပဲ..။ သူတို့က သူတို့ရဲ့သတ်ဖြတ်ရေးသိုင်းကွက်တွေကို ချက်ချင်း မသုံးခဲ့ဘူး…"

မုန့်ချီက လုံးဝကို တည်ငြိမ်သွားခဲ့သည်။

သူက နောက်ဖက်တွင် ရှိနေသော အစိမ်းရောင်ကျင့်ကြံသူကို အလေးမထားတော့ပဲ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်တို့ကို အသက်သွင်းလိုက်သည်။

ထိုအခါ ရွှေရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံလာပြီး ကြွက်သားများ ကြီးထွားလာမှုကြောင့် အဝတ်အစားများပင် ပျက်စီးသွားသည်။ သူက ရှေ့သို့ ပြေးသွားပြီး လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကို သူ့ဓားနှင့် တိုက်ခိုက်လိုက်၏။

မုန့်ချီက သူရှေ့၌ ပေါ်လာသည့်အချိန်တွင် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားကလည်း သူ့လက်ထဲတွင် ကိုင်ထားသော အနီရောင်ဓားနှင့် တုံ့ပြန်တိုက်ခိုက်လိုက်သည်။

ပုလွေ၏အချုပ်အနှောင်ကြောင့် မုန့်ချီက နှေးကွေးသွားသည့်အတွက် အကယ်၍ သူက နှေးကွေးစွာ တိုက်ခိုက်လိုက်မည်ဆိုလျှင်ပင် အေးအေးဆေးဆေး ဖြစ်သည်။ အလွန်ပါးလွှာသော ဓားမောက်က ကြောက်စရာကောင်းသောအရှိန်နှင့် ရောက်လာခဲ့သည်။ ဓားဆီမှ ထွက်လာသော အပူလှိုင်းများကလည်း လေစီးကြောင်းနှင့် တိုက်မိသွားပြီး အလွန်လှပသော မီးတောက်များ ထွက်ပေါ်လာခဲ့၏။

မီးတောက်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင် မီးတောက်ချီစွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏သွေးကြောများကို လောင်ကျွမ်းသွားစေပါလိမ့်မည်။ သူ့ဓားကို တိုက်ခိုက်လိုက်သောပုံစံက အလွန်ထူးဆန်း၏။ ထိုအရာက သာမန်လူတစ်ယောက်၏ ခုတ်ချက်မျိုးနှင့် ကွဲပြားပြီး အတော်လေး ကိုးယိုးကားယားနိုင်လှသည်။

သူ၏ဓားပညာက ဗလာနည်းစနစ်အဆင့်ကို ရောက်နေပုံရ၏။ သူ့ပုံစံက အေးခဲသွားသော မကောင်းဆိုးဝါး ဝိညာဉ်တစ်ကောင် တိုက်ခိုက်သကဲ့သို့ ထင်မှတ်ရသည်။

ပုလွေ၏ အချုပ်အနှောင်က မုန့်ချီကို နှေးကွေးသွားစေသော်လည်း နောက်ဖက်မှ တိုက်ခိုက်လိုက်သော အစိမ်းရောင်ကျင့်ကြံသူ၏ တိုက်ခိုက်မှုက သူ့ကို တွန်းပို့လိုက်သလို ဖြစ်သွားသည်။

ထိုအချိန်တွင် သူ၏ဓားချီစွမ်းအင်များက ပြောင်းလဲသွားခဲ့ပြီး အလွန်ကြီးကျယ်ခမ်းနားသော သာမန်လူသားကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

မုန့်ချီကတော့ စလာကတည်းက ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်ကို အသုံးပြုလိုက်၏။ သူက ပုလွေသံကြောင့် အစွမ်းကုန် တိုက်ခိုက်နိုင်ခြင်း မရှိသော်လည်း လောင်ကျွမ်းခြင်းမီးတောက်မကောင်းဆိုးဝါးလူသားက ကျန်းဟန်ချွန် မဟုတ်ချေ။

သူက ထိုအရာကို ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ တစ်ဖက်လူ၏ နှလုံးသားကို သက်ရောက်စေနိုင်သော ကျင့်စဉ်ကြောင့် သူ၏ဟစ်ကြွေးမီးတောက် မကောင်းဆိုးဝါးဓားက အတော်လေးကို နှေးကွေးလာသည်။ သူ့ပုံစံက မိခင်တစ်ယောက်၏ သိမ်မွေ့နူးညံ့သော အထိအတွေ့ကဲ့သို့ ဖြစ်လာ၏။

မျက်နှာပေါ်တွင် ရှိနေသော အမူအရာကလည်း ပြောင်းလဲသွားသည်။ စွမ်းအား၊ မိန်းမ၊ ငွေကြေး၊ သိုင်းကျမ်း၊ အဖိုးတန်လက်နက်၊ ပိုင်ဆိုင်မှုနှင့် သူသဘောကျနေသော အရာအားလုံးက သူ့မျက်စိရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

သူက အရာအားလုံးကို လိုချင်နေသည့်အလား လက်နှင့် သိမ်းကြုံးပွေ့ယူလိုက်ရာ ဓားကို နောက်ပြန်ရုပ်သိမ်းလိုက်သလို ဖြစ်သွား၏။ ထိုအချိန်တွင် ပုလွေဆီမှ အလွန်နားဝင်ချိုသော ဂီတသံတစ်ခု ထွက်ပေါ်လာနေပြီး လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကို မိန်းမောနေရာမှ သတိပြန်ဝင်လာစေခဲ့သည်။သူတို့က မုန့်ချီ၏ အနတ္တကျိန်စာဖျက်ဓားပညာနှင့် ရင်ဆိုင်ရန် သေချာပြင်ဆင်ထားခဲ့၏။

ကောင်းကင်ပြစ်ဒဏ်ဓားက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ အကာအကွယ်ချီစွမ်းအင်များကို ထိုးဖောက်သွားခဲ့သည်။ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနှင့် ပုလွေသံကြောင့် သူလည်း နိုးထလာခဲ့၏။ ထို့နောက် သူ၏ဓားက အနည်းငယ် တုန်ခါသွားခဲ့ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို မီးနဂါးတစ်ကောင်ကဲ့သို့ ခုခံလိုက်သည်။

"ချွမ်... "

မုန့်ချီကတော့ ကောင်းကင်ပြစ်ဒဏ်ဓား၏ သဘာဝကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ သူက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ဓားကို ဓားချီစွမ်းအင်များနှင့် ဖယ်ရှားလိုက်သည်။

တစ်ချိန်တည်းတွင် အစိမ်းရောင်ကျင့်ကြံသူ၏ လက်ဝါးက သူ့နောက်ကျောကို ရောက်လာခဲ့၏။ မုန့်ချီက ထိုအရာကို တားဆီးထားခဲ့ခြင်း မရှိချေ။ သူက ဘယ်လက်ထဲတွင် ကိုင်ထားသော ဓားရှည်ကို လှုပ်ရှားလိုက်သည်။ သူ၏ဓားအလင်းတန်းက အလွန်တောက်ပပြီး သေဆုံးခြင်း အငွေ့အသက်များ လွှမ်းခြုံနေ၏။ သူက ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကိုတော့ အသုံးမပြုခဲ့ပေ။

လက်ဝါးချက်ကြောင့် သူလည်း အစိမ်းရင့်ရောင်သွေးများ အန်လိုက်ရသည်။ သူ၏အင်္ကျီနောက်ကျောကလည်း ပျက်စီးသွားခဲ့ပြီး ရွှေရောင်အလင်းတန်းပေါ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်လာသည်။

သို့သော် သူ၏ဓားရှည်ကတော့ ပို၍လျင်မြန်စွာ လှုပ်ရှားသွားခဲ့၏။ သူက နောက်ပြန်ဆုတ်ခြင်း မရှိသလို ပြန်လှည့်ရန်လည်း မရှိတော့ချေ။

မုန့်ချီက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၊ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ကိုသုံးပြီး အစိမ်းရောင်ကျင့်ကြံသူ၏ လက်ဝါးတိုက်ခိုက်မှုကို တားဆီး၍ အေးခဲနေသော သွေးကြောများကို ဖယ်ရှားလိုက်သည်။

ထို့နောက် သူက လက်ဝါးဆီမှ စွမ်းအင်တချို့ကို ငှားယူလိုက်ပြီး ဓားထဲသို့ ပေါင်းထည့်လိုက်သည့်အတွက် ဓား၏အစွမ်းက အတော်လေးကို ကြောက်စရာကောင်းလာသည်။

သေမျိုးဖုန်မှုန့် ကျဆင်းခြင်းသိုင်းကွက်ကို တားဆီးလိုက်သော လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက အလွန်ကြောက်စရာကောင်းသော မုန့်ချီ၏ဓားချက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အံကြိတ်လိုက်သည်။ သူက သူ့ဓားကို ကြောက်စရာကောင်းစွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။

သူတို့၏ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်ကြီးကပင် လှုပ်ရှားလာခဲ့သည်။ ထိုအရာက အနီရင့်ရောင် ပြောင်းလဲလာပြီး လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကို ဗဟိုပြု၍ မီးတောက်များ ထွက်ပေါ်လာခဲ့၏။

"လူသားနှင့်ကောင်းကင်ဆက်သွယ်ခြင်း..."

သူ၏ဓားပါးလေးက မီးတောက်များထဲတွင် မြင့်လိုက် နိမ့်လိုက်ဖြစ်နေပြီး ကြောက်စရာကောင်းသော မီးတောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲလာသည်။ သူတို့က အလွန်စစ်မှန်နေသလို ထင်မှတ်ရပြီး မုန့်ချီ၏သွေးကြောဓားဆီကို ဦးတည်လာခဲ့၏။

ဓားချင်း ထိခိုက်ရာမှာ အသံပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက အခွင့်အရေးကို အရယူ၍ နောက်ဆုတ်သွားခဲ့သည်။ သူက ကျားရိုင်းတစ်ကောင်ကဲ့သို့ တိုက်ခိုက်နေသော မုန့်ချီနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုခြင်း မရှိချေ။

သူကတော့ ထွက်ပြေးရန်အတွက် ခုခံနေရန်သာ လိုအပ်သည်။ ထိုတိုက်ခိုက်မှုတွင် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက အန္တရာယ်ကို ကာကွယ်ရန်အတွက်သာ သူ၏ဝေ့ကျင်းအဆင့် သိုင်းကွက်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူကတော့ သူ၏ချီစွမ်းအင်များ ကုန်ဆုံးသွားသည့်ထိအောင် ဆက်တိုက် တိုက်ခိုက်လိုခြင်း မရှိချေ။ သူက ပြောင်းလဲမှုကျင့်စဉ်၊ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်တို့ကဲ့သို့ စိတ်ဝိညာဉ်လေ့ကျင့်သည့် ကျင့်စဉ်များကို လေ့ကျင့်ထားခြင်း မရှိချေ။

ထို့ကြောင့် သူက မုန့်ချီထက် ပို၍အဆင့်မြင့်သော်လည်း သူ့အစွမ်းအရ ဝေ့ကျင်းအဆင့် သိုင်းကွက်(၃)ကွက်ခန့်သာ အသုံးပြုနိုင်သည်။ သူက ကိုယ်ပိုင်ဝေ့ကျင်းအဆင့် သိုင်းကွက်ကိုသုံးပြီး မုန့်ချီ၏ ဝေ့ကျင်းအဆင့် သိုင်းကွက်ကို ကာကွယ်နိုင်မှန်း သိနေသော်လည်း အစိမ်းရောင်ကျင့်ကြံသူက သတ်ဖြတ်ရေးဓားကို သတ်ရန် အခွင့်အရေး မပေးနိုင်ပေ။ ပေးလိမ့်မည်လည်း မဟုတ်ချေ။

မုန့်ချီ၏ ဝေ့ကျင်းအဆင့်နီးပါး သတ်ဖြတ်ရေးသိုင်းကွက်များက သူ့ကို စွမ်းအားအတော်လေး ကုန်ဆုံးသွားစေနိုင်သည်။ အကယ်၍ သူသာ ဂရုမစိုက်မိလျှင် သူနှင့်အတူ သေဆုံးသွားနိုင်၏။ အကယ်၍ သူက သွေးအဆီအနှစ်ကို အသုံးပြုရသော စွမ်းရည်များကို မသုံးရလျှင်တော့ အကောင်းဆုံးဖြစ်သည်။

ထိုအရာက သူ့အတွက်တော့ အတော်လေး ခေါင်းကိုက်စရာဖြစ်နေ၏။ ထို့ကြောင့် သူက တခြားသော ဝေ့ကျင်းအဆင့် သိုင်းကွက်ကိုသုံးပြီး တားဆီးလိုက်ရသည်။

အစိမ်းရောင်ကျင့်ကြံသူ၏ လက်ဝါးက မုန့်ချီ၏ နောက်ကျောကို ရိုက်မိသွားသည့် အချိန်တွင် မုန့်ချီက ထိုလက်ဝါးချက်ကို ငှားယူပြီး တိုက်ခိုက်လိုက်သည့်အတွက် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကို နောက်ဆုတ်သွားအောင် တွန်းပို့နိုင်ခဲ့သည်။

ထို့နောက် သူက လေထဲတွင် နောက်ပြန် ကျွမ်းထိုးလိုက်သည်။ သူက ပုံရိပ်ယောင်တစ်ခုကဲ့သို့ လှုပ်ရှားလိုက်ခြင်းဖြစ်၏။ သူက တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသော အစိမ်းရောင်ကျင့်ကြံသူနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

မုန့်ချီက နောက်ကျွမ်းပစ်လိုက်သည့်အချိန်တွင် ပုလွေသံက ရုတ်တရက် စူးရှလာခဲ့သည်။ ထိုအရာက မမြင်ရသော မြားတစ်စင်းကဲ့သို့ သူ့ဆီကို ထိုးဖောက်လာခဲ့၏။ ထိုမတိုင်ခင် သူသုံးထားသော အဆိပ်ဖြေဆေးလုံးကြောင့်သာ မဟုတ်လျှင် သူက အစိမ်းရောင်ကျင့်ကြံသူ၏ နောက်ထပ်လက်ဝါးတစ်ချက်ကို ရင်ဆိုင်နေရလောက်ပါပြီ။

သူ၏မျက်လုံးထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူက ပင်မဝိညာဉ်ထိခိုက်မှုကို အံကြိတ်ခံလိုက်၏။ ညာလက်က ဓားရှည်ကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အစိမ်းရောင်ကျင့်ကြံသူ၏ ခေါင်းတည့်တည့်ကို ဓားမောက်နှင့် ခုတ်ချလိုက်သည်။

ထိုအရာက ပတ်ပတ်လည်တွင် ရှိနေသော လေစီးကြောင်းများ၊ လှုပ်ရှားမှုများ အားလုံးကို စုပ်ယူထားသည့်အတွက် သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်က ကျုံ့လာသလို ထင်မှတ်ရ၏။ ကမ္ဘာမြေကြီးထဲတွင် ဓားတစ်ချောင်းတည်းသာ ရှိနေသလို ထင်မှတ်ရသည်။ သူ၏ဓားမောက် အရှိန်အဝါများက အလွန်အမင်းကို အစွမ်းထက်ပြီး ကြောက်စရာကောင်း၏။

အစိမ်းရောင်ကျင့်ကြံသူက သတိမလွတ်ရဲပေ။ သူက လက်ဝါးနှစ်ဖက်နှင့် တုံ့ပြန်တိုက်ခိုက်လိုက်ရာ ရေခဲလှိုင်းတစ်ခု ပေါက်ကွဲလာပြီး ကောင်းကင်ပြစ်ဒဏ်ဓားက နေရာတွင် အေးခဲသွားခဲ့သည်။ သူက ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေသော်လည်း မုန့်ချီ၏ ချီစွမ်းအင် စီးဆင်းမှုကို စစ်ဆေးကြည့်နိုင်ရုံသာ ရှိသည်။ ထို့ကြောင့် သူ၏တိုက်ခိုက်မှုကို လျော့မတွက်ရဲပေ။

အလွန်ကြောက်စရာကောင်းသော လက်ဝါးနှင့် ကောင်းကင်ပြစ်ဒဏ်ဓားကို ရိုက်ချလိုက်သည့် အချိန်တွင် ထိုအရာက အတော်လေးကို အားနည်းနေသည်။ သူက သစ်သားစတစ်ခုကို ရိုက်လိုက်ရသလို ခံစားလိုက်ရ၏။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။ သူ့ရဲ့ချီစွမ်းအင်စီးဆင်းမှုတွေက လှည့်စားထားတာလား…"

အစိမ်းရောင်ကျင့်ကြံသူ၏မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

သူ၏လက်ဖဝါးနှစ်ဖက်ကြားထဲတွင် ညှပ်မိထားသော ကောင်းကင်ပြစ်ဒဏ်ဓားကတော့ ထိုအခွင့်အရေးကို စောင့်နေသည့်အလား ရုတ်တရက် ကန်ထွက်လာခဲ့သည်။ သူက လေထဲတွင် (၉)ကြိမ်တိတိ ဆက်တိုက်ခုတ်လိုက်ရာ ခေါင်းပေါ်တွင် လေစီးကြောင်းများ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ကြီးပေါ်တွင်လည်း မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။

သို့သော် သူ၏ပစ်မှတ်ကတော့ အစိမ်းရောင်ကျင့်ကြံသူ မဟုတ်ဘဲ ဇရပ်၏ ဝင်ပေါက်တွင် ရပ်နေသော စိတ်ဝိညာဉ်ဖျောက်ပုလွေ လင်းပိယုဖြစ်သည်။ မုန့်ချီက ခရမ်းမိုးကြိုးစွမ်းအားများကို မသုံးခဲ့ပဲ ဓားချီစွမ်းအင်များကိုသာ သုံးပြီး ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင်သိုင်းကွက်နှင့် ကောင်းကင်ပြစ်ဒဏ်ဓားတို့ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။

ငွေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ဓားချီစွမ်းအင်များက မိုးကြိုးနဂါးတစ်ကောင်အဖြစ် စုစည်းလာခဲ့သည်။ ထိုအရာက တခဏအတွင်း လင်းပိယု၏ရှေ့တွင် ပေါ်လာခဲ့သည်။ မိုးခြိမ်းသံများက ရပ်တန့်နေခဲ့ခြင်း မရှိချေ။

မြေပြင်ကြီးက မည်းမှောင်သွားပြီး လမ်းဘေးတွင်ရှိနေသော ထင်းရှုးပင်များက နှစ်ခြမ်းကွဲသွားခဲ့သည်။ သစ်ပင်ကြီးများကလည်း လျှပ်စီးကြောင်းများကြောင့် လဲကျသွားခဲ့ကြ၏။ မြေပြင်ကြီးကလည်း ဓားချီစွမ်းအင်များကြောင့် လှုပ်ရှားလာပြီး အလွန်ကြီးမားသော အက်ကွဲကြောင်းကြီးများ စတင်ဖြစ်ပေါ်လာခဲ့သည်။

မိုးကြိုးနဂါးကြီးက လင်းပိယုကို ပစ်မှတ်ထားနေသည့်အတွက် ထွက်ပြေးရန် လုံးဝမဖြစ်နိုင်တော့ပေ။ မုန့်ချီက ထိုအရှိန်အဝါကို လျင်မြန်စွာ အသုံးချလိုက်ပြီး ဓားချီစွမ်းအင်များ၏နောက်မှ ကပ်လိုက်သွားခဲ့သည်။ သူက လင်းပိယုကို ချက်ချင်း သတ်တော့မည့်ပုံစံ ထင်မှတ်ရ၏။

သူ၏လက်ရှိလမ်းကြောင်းက အလွန်ထူးခြားသည်။ သူ့ပုံစံက ကွေ့ပတ်သွားနေသလို ထင်မှတ်ရသော်လည်း လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား အစား အစိမ်းရောင်ကျင့်ကြံသူနှင့် ပို၍နီးကပ်နေသည်။

သတ်ဖြတ်ရေးဓားစုမုန့်က ရှေ့တွင် ရှိနေသော ရန်သူများကို ဖြတ်ကျော်ပြီး သူမကို ထိုသို့ တိုက်ခိုက်လိမ့်မည်ဟု လင်းပိယုလည်း မထင်ထားခဲ့ပေ။ သူမက အသံလှိုင်းစွမ်းရည်နှင့် အဆိပ်စွမ်းရည်ကိုသာ ကျွမ်းကျင်သည်။ ထိုကဲ့သို့ အစွမ်းထက်သော မိုးကြိုးဓားချီစွမ်းအင်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူမလည်း ဘာမျှမတတ်နိုင်ပေ။

သူမက ထွက်ပြေးရန်အတွက် ကိုယ်ဖော့ပညာကို သုံးလိုက်သော်လည်း အသုံးမဝင်ခဲ့ပေ။ တခဏအတွင်း သူမ၏မျက်လုံးထဲတွင် ‌‌‌‌‌‌‌‌‌‌ဓားချီစွမ်းအင်များ ထွက်ပေါ်လာခဲ့၏။

ကျောက်စိမ်းပုလွေဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံက လင်းပိယု၏ ရှေ့တွင် လေစီးကြောင်းနံရံတစ်ခု ဖြစ်ပေါ်လာစေသည့်အတွက် ဓားချီစွမ်းအင်များက လှုပ်ရှားသွားခဲ့သည်။ ထိုအရာက ကျဆင်းလာတော့မလို ထင်မှတ်ရ၏။

"ဂျိမ်းးး…"

မိုးကြိုးနဂါးကြီးက ထိုနံရံကို ဖြတ်ကျော်သွားခဲ့သည်။ လင်းပိယု၏မျက်နှာကတော့ နဂိုတုန်းကထက်ပို၍ ဖြူဖျော့သွားခဲ့၏။ သူမက ထိုအခွင့်အရေးကို အရယူပြီး အသက်ကို ဝဝရှူလိုက်သည်။

ထို့နောက် သွေးအဆီအနှစ်များကို သုံးလိုက်၍ သူမ၏ပုလွေပေါ်တွင် သုတ်လိုက်သည်။ ထိုအချိန်တွင် ဂီတသံ(၇)မျိုး ထွက်ပေါ်လာပြီး ထိုအရာများက အသံတစ်သံတည်းသာ ဖြစ်သည်။ ချီစွမ်းအင်များကလည်း ထူးဆန်းသော ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားခဲ့၏။

ထိုအရာက တောက်ပပြီး အနီရောင် ပြောင်းလဲနေသော ဇာမဏီငှက်တစ်ကောင်၏ အော်သံကဲ့သို့ ထင်မှတ်ရသည်။ ထိုအသံက မုန့်ချီ၏ဓားချီစွမ်းအင်များဆီသို့ ကြောက်စရာကောင်းစွာ ရောက်လာခဲ့၏။

"ဗုန်းးး…"

ဓားချီစွမ်းအင်များက ပေါက်ကွဲသွားခဲ့ပြီး အနီရောင်ဇာမဏီတေးသွားကလည်း ပျက်စီးသွားခဲ့သည်။ ကျယ်လောင်သော အက်ကွဲသံများနှင့်အတူ ကျန်ရှိနေသော မိုးကြိုးများက လင်းပိယုကိုတိုက်ခိုက်လိုက်သည့်အတွက် သူမ၏အကာအကွယ် ချီစွမ်းအင်များ ပျက်စီးသွားခဲ့သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာကလည်း မည်းတူးသွားခဲ့ပြီး နေရာတွင် ငြိမ်သက်သွားခဲ့သည်။

"သေစမ်းး…"

မုန့်ချီက ခုခံထားခြင်းမရှိသော လင်းပိယုဆီသို့ ပြေးဝင်သွားသည်ကိုမြင်သည့်အခါ အစိမ်းရောင်ကျင့်ကြံသူက အော်ဟစ်လိုက်သည်။ သူက အစွမ်းကုန် တိုက်ခိုက်လိုက်ပြီး လက်ဝါးနှစ်ဖက်နှင့် ရိုက်ချလိုက်၏။

ပတ်ဝန်းကျင်တွင် ရှိနေသော ရေခဲစွမ်းအင်များကလည်း ချက်ချင်းပင် စုစည်းလာကြသည်။ နှင်းပွင့်များကလည်း လေထဲတွင် လှုပ်ရှားလာပြီး မြေပြင်ပေါ်တွင် ရှိနေသော ရေကန်ကြီးကပင် အေးခဲသွားခဲ့၏။ လက်ဝါးလှိုင်းများက ရေခဲမြွေနှစ်ကောင်ကဲ့သို့ မုန့်ချီ၏ လည်ပင်းရှေ့ကို ရောက်လာသည်။ သူက နောက်ဆုံးသိုင်းကွက်ကို အသုံးပြုပြီး လင်းပိယုကို မုန့်ချီ မသတ်နိုင်စေရန် တားဆီးလိုက်ခြင်းဖြစ်၏။

တစ်ဖက်တွင်တော့ အဝေးသို့ ပြန်ဆုတ်သွားလိုက်ရသော လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကလည်း သူ့ကို အရင်ဆုံး တားဆီးရန် ကြိုးစားလိုက်သည်။ သူက ဓားပါးလေးကို ဝှေ့ယမ်းပြီး အလွန်လျင်မြန်စွာ တုန်ခါလိုက်၏။ ထို့ကြောင့် လေလှိုင်းထဲတွင် ပွတ်တိုက်မှုတစ်ခု ထွက်ပေါ်လာပြီး ဓားဆီမှ မီးတောက်များ ထွက်ပေါ်လာသည်။

ဓားချီစွမ်းအင်များက မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မုန့်ချီ၏ နောက်ကျောတည့်တည့်ကို တိုက်ခိုက်လိုက်၏။ တိုက်ခိုက်နေသည့်အချိန်တွင် သူကတော့ ဝေ့ကျင်းအဆင့်သိုင်းကွက်တစ်ခုကို အသုံးပြုရန် ရွေးချယ်လိုက်သည်။ သူက မုန့်ချီကို ခုခံနေစရာ မလိုအပ်ပေ။ အစိမ်းရောင်ကျင့်ကြံသူကလည်း ထိုကဲ့သို့ တိုက်ခိုက်နေခဲ့၏။

"သူက တကယ်ပဲ ဝေ့ကျင်းအဆင့် သိုင်းကွက်ကိုသုံးဖို့ တွေဝေနေတာပဲ.."

မုန့်ချီက ချက်ချင်း ပြန်လှည့်လာသည်။

သူက လင်းပိယုကို ဆက်၍ ပစ်မှတ်ထားခဲ့ခြင်း မရှိတော့ဘဲ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားဆီကို ဦးတည်လိုက်သည်။ လေထဲတွင် အက်ကွဲသံတစ်ခု ကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ်ညာဘက်ခြမ်းတွင် အလွန်နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာခဲ့သည်။

ထိုအက်ကွဲကြောင်းကြီးက အလွန်နက်ရှိုင်းသည့်အတွက် အရိုးနှင့်သွေးသားများ ထွက်လာတော့မလို ထင်မှတ်ရ၏။ ရွှေရောင်အလင်းတန်းများကလည်း ပို၍မှေးမှိန်သွားခဲ့၏။

ထိုအချိန်တွင် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ဆက်၍ လည်ပတ်နေသေးသည့်အတွက် မုန့်ချီက ဓားချီစွမ်းအင်များကို နောက်တစ်ကြိမ် အသုံးပြုနိုင်သေးသည်။

မုန့်ချီက ဧရာမငှက်ကြီး အတောင်ဖြန့်လာသကဲ့သို့ အစိမ်းရောင်ကျင့်ကြံသူ၏ ရေခဲမြွေနှစ်ကောင်ကို တွန်းပို့လိုက်ပြီး မျက်စိတမှိတ်အတွင်း လင်းပိယုဆီသို့ အလျင်အမြန ်ရောက်သွားခဲ့သည်။

ဓားအလင်းတန်းတစ်ခု တောက်ပလာပြီးနောက် မုန့်ချီက ရှေ့သို့ နောက်တစ်ကြိမ် ထပ်ခုန်လိုက်ပြီး ဇရပ်တိုင်လုံးတစ်ခု၏ နောက်တွင် ပုန်းနေလိုက်သည်။ အစိမ်းရောင်ကျင့်ကြံသူနှင့် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားတို့၏ ဒေါသတကြီး တိုက်ခိုက်မှုကြောင့် တိုင်လုံးကြီးက ထက်ပိုင်းကျိုးသွားခဲ့၏။

ထိုအချိန်တွင် လင်းပိယု၏ မျက်ခုံးတည့်တည့်မှနေ၍ သွေးများစီးကျလာခဲ့သည်။ သူမ၏ မျက်လုံးထဲတွင် မသက်မသာခံစားရမှုများ ၊ မယုံကြည်နိုင်မှုများ ပြည့်နှက်နေပြီး မြေပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့၏။

စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် မုန့်ချီက ဝိညာဉ်ဖျောက်ပုလွေကို ပထမဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမက အဝေးမှနေ၍ တိုက်ခိုက်နိုင်ပြီး အခြေအနေကို ထိန်းချုပ်နိုင်၏။ မဟုတ်လျှင် သူလည်း မသက်မသာ ခံစားလာရနိုင်သည်။ သူက ထွက်ပြေးနိုင်ခြင်း မရှိသည့်အတွက် သူတို့ကို သေချာပေါက ်အနိုင်ယူရပါလိမ့်မည်။

မုန့်ချီက ထိုအရာကို အတော်လေး ကျေနပ်သွားခဲ့၏။ သူက ညာလက်တွင် ဓားမောက်ကိုကိုင်ပြီး ဘယ်လက်တွင် ဓားရှည်ကို ကိုင်ထားသည်။ သူ၏အဝတ်အစားများက လောင်ကျွမ်းနေပြီး ကြွက်သားများက ပျက်စီးနေသည်။ ရွှေရောင်အလင်းတန်းများကလည်း ပျက်စီးလုနီးပါးဖြစ်နေ၏။

သူ၏ဒဏ်ရာနှင့် မျက်လုံးထဲမှနေ၍ သွေးများ စီးကျလာနေခဲ့သည်။

"ပထမဆုံးတစ်ယောက်ကတော့ သင်္ချိုင်းကို ရောက်သွားပြီ။ ငါ့ရဲ့လက်ရှိအခြေအနေမှာ မင်းတို့က ငါ့ကိုသတ်ချင်တယ်ဆိုရင်တော့ ငါက နောက်တစ်ယောက်ကို ခေါ်သွားနိုင်သေးတယ်…"

သူက ရှေ့သို့ တစ်လှမ်းချင်းတက်လာနေပြီး အလွန်ကြောက်စရာကောင်းသည့်အငွေ့အသက်များ ထွက်လာနေခဲ့သည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ဘယ်သူ အရင်ဆုံးသေချင်လဲ…."

Translated by Hein Htet.

All Chapters