← Chapters

အခန်း (၃၃၆)

Vol. 23 Ch. 336

အခန်း (၃၃၆)

Vol. 23 Ch. 336

"ဘယ်သူ အရင်ဆုံး သေချင်လဲ … "

သူ့အသံက လေဟာနယ်ထဲတွင် ပဲ့တင်ထပ်သွားပြီး အစိမ်းရောင်ကျင့်ကြံသူနှင့် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ နားထဲကို ဝင်ရောက်လာခဲ့သည်။

ထိုအသံကြောင့် သူတို့က တစ်ကိုယ်လုံး တုန်ယင်သွားသလို ခံစားလိုက်ရ၏။ အကယ်၍ သူတို့ကသာ မုန့်ချီနှင့် အစွမ်းကုန် တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ့ကို သတ်နိုင်မည်ဖြစ်သော်လည်း သူတို့ကိုယ်တိုင် ဆိုးဆိုးရွားရွား ဒဏ်ရာရခြင်း၊ ဆိုးဆိုးရွားရွား အားနည်းခြင်းမျိုး ဖြစ်သွားနိုင်သည်။

သို့သော် တစ်ဖက်လူက အစွမ်းကုန် တိုက်ခိုက်သည်ဟု မယုံကြည်နိုင်သေးသရွေ့ သူတို့၏အသက်ကို မစတေးလိုသေးပေ။ သူတို့က မသေခင် မုန့်ချီနှင့်အတူ သေတွင်းထဲသို့ ဆွဲခေါ်ခံရမည့် အဖြစ်ကို မလိုချင်ကြပေ။ အကယ်၍ သူတို့က မသေခဲ့လျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခြင်းက သူတို့၏ အဖော်အတွက် အခွင့်အရေးတစ်ခုဖြစ်သွားနိုင်သည်။

သူတို့၏ ကြားထဲတွင် နံရံပေါင်းများစွာ ကာဆီးနေသည့်အတွက် မုန့်ချီကို တလှည့်ဆီ တိုက်ခိုက်ခြင်းကသာ သူတို့အတွက် ဖြစ်နိုင်ချေရှိသည်။ သို့သော် မည်သူက အရင်ဆုံး တိုက်ခိုက်မည်နည်း။

မုန့်ချီ၏ ဒဏ်ရာများက သူတို့ထင်ထားသလို ပြင်းထန်မှု မရှိချေ။ လောင်ကျွမ်းခြင်း မီးတောက် မကောင်းဆိုးဝါး လူသား၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာက နက်ရှိုင်းသော်လည်း အပေါ်ယံဒဏ်ရာတစ်ခုသာ ဖြစ်သည်။ သူ၏ ကြွက်သားအများစုဆီမှ သွေးများ စီးကျမှု ရပ်တန့်နေခဲ့သည်။ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်တို့သာ မရှိလျှင် တံခါး(၈)ပေါက်အဆင့်ကပင် ထိုကဲ့သို့ အခြေအနေမျိုးကို မရောက်နိုင်သေးပေ။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားကိုယ်တိုင်က လူသားနှင့်ကောင်းကင် ဆက်သွယ်မှု အဆင့်ကို ရရှိထားပြီး နတ်ဆိုးကျင့်စဉ် အမြောက်အများကို မှီခိုထားရသည်။ သူက သာမန်တံခါး (၉)ပေါက်အဆင့် ပညာရှင်များထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်၏။

မုန့်ချီက ကိုယ့်ကိုယ်ကိုယ် အလွန်လျင်မြန်စွာ ကုသနိုင်သည်မှာ သူ၏ ရွှေခေါင်းလောင်း အကာအကွယ်နှင့် အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်တို့ကြောင့် ဖြစ်သည်။ ထို့ပြင် သူက ပျော့ပျောင်းသော ငါးအကြေးခွံ ချပ်ဝတ်အင်္ကျီတစ်ခုကို ဝတ်ဆင်ထား၏။ ထိုအရာက ဝေ့ကျင်းအဆင့် မကောင်းဆိုးဝါးဖြစ်သော အမှောင်ဘုရင်ကြီး၏ ကြေးခွံများနှင့် ဖန်တီးထားခြင်းဖြစ်၏။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ တိုက်ခိုက်မှုက ထိုချပ်ဝတ်အင်္ကျီကို ဖျက်ပစ်လိုက်ပြီးနောက် ဓားအစွမ်းက သိသိသာသာ လျော့ကျသွားခဲ့သည်။ သူက ဓားထဲတွင် အစွမ်းကုန် သုံးထားခြင်း မရှိသည့်အတွက် ဓားထဲမှ ထွက်ပေါ်လာသော အပူစွမ်းအင်များက သူ၏ အသွေးအသားများကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ချေ။

သူ ရရှိထားသော ဒဏ်ရာများက နက်ရှိုင်းမှု မရှိသလို သူ၏ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကလည်း ချက်ချင်း ပျက်စီးသွားခြင်း မရှိပေ။ လက်ရှိအချိန်တွင် သူ့အတွက် အဆိုးရွားဆုံး ထိခိုက်ဒဏ်ရာရမှုက အစိမ်းရောင်ကျင့်ကြံသူ၏ လက်ဝါးရိုက်ချက်ဆီမှ ဖြစ်သည်။

ထိုလက်ဝါးက နက်မှောင်အေးစက်ပြီး သူ၏ ချပ်ဝတ်အင်္ကျီထဲသို့ ထိုးဖောက် ဝင်ရောက်လာခဲ့၏။ သူက အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ် ၊ ရွှေခေါင်းလောင်း အကာအကွယ် ကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တို့ကို သုံးပြီး ထိုအရာကို မနည်းခုခံနေရသည်။

သို့သော် အေးစက်သော စွမ်းအင်များက သူ၏သွေးကြောနှင့် သွေးစီးဆင်းမှုများကို သက်ရောက်စေနိုင်ပြီး ခဲလုနီးပါး ဖြစ်နေ၏။ အကယ်၍ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်တို့ကသာ သူ၏ သွေးကြောများထက် ပို၍အစွမ်းထက်နေခြင်း မရှိလျှင် တိုက်ခိုက်ခံလိုက်ရပြီးနောက် သူ၏ ခြေလက်များက ချက်ချင်း အေးခဲသွားနိုင်သည်။

အစိမ်းရောင်ကျင့်ကြံသူ၏ တိုက်ခိုက်မှုက သူ့အတွက်တော့ ကောင်းမွန်သော ရလဒ်တစ်ခု မဖြစ်နိုင်ပေ။ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ ပူလောင်နေသော ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အချိန်တွင် သူက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံးပြီး ခန္ဓာကိုယ်ထဲရှိ အအေးဓာတ်များကို ဖယ်ရှားရန် အသုံးချခဲ့သည်။ ထို့ကြောင့် သူ့အခြေအနေက အနည်းငယ် ပို၍ ကောင်းမွန်လာခဲ့၏။

မုန့်ချီက အော်ဟစ်‌နေရင်း လုံးဝ အနားမယူခဲ့ပေ။ သူက အခြေအနေကို ထိန်းချုပ်ထားပြီး ရန်သူများ၏ အခြေအနေကို ပို၍ မြင်နေရသည်။ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားက ဒဏ်ရာပြင်းပြင်းထန်ထန် မရသေးသလိုနာကျင်မှုလည်း မရှိသေးပေ။ သူ့ပုံစံက သာမန်သာဖြစ်ပြီး ချီစွမ်းအင်များ ပြည့်နှက်နေ၏။ စိတ်ဝိညာဉ်စွမ်းအား အမြောက်အများ ကုန်ဆုံးခြင်းကလွဲလျှင် သူ့အခြေအနေက အမြင့်ဆုံး အခြေအနေသာ ရှိနေသေးသည်။

အစိမ်းရောင်ကျင့်ကြံသူ၏ မျက်နှာအမူအရာကတော့ အတော်လေးကို ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူက အတွင်းဒဏ်ရာ ခံစားနေရကြောင်း သိသာနေသည်။ သူ၏ အသက်ရှူသံကလည်း မတည်ငြိမ်တော့ပေ။

သူက ချီစွမ်းအင်သွေဖယ်မှုကို ခံစားခဲ့ရပြီးနောက် အသက်ကို ထိန်းသိမ်းထားနိုင်သည်။ သို့သော် သူ့အစွမ်းက သိသိသာသာ လျော့ကျသွားခဲ့၏။ ယခု သူ့ဆီတွင် ကုသ၍ မရနိုင်သော အတွင်းဒဏ်ရာ တစ်ခုရှိသည်။ သူ တိုက်ခိုက်လိုက်သည့် အရာတိုင်းက သူ့ကိုယ်သူ ပြန်၍ ထိခိုက်စေနိုင်၏။

ထိုအချက်အလက်များက မုန့်ချီ၏ ခေါင်းထဲတွင် ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ ထိုသတင်းက မှားပုံ မရချေ။ အစိမ်းရောင်ကျင့်ကြံသူက ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုကို သုံးပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်၏။

သူက သူ့ကိုယ်သူ တန်ပြန်ထိခိုက်စေနိုင်သော ရေခဲလက်ဝါးကို လေ့ကျင့်ထားသည်။ အကယ်၍ သူသာ ဆက်၍ တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ၏ သွေးနှင့် သွေးကြောများက အေးခဲသွားနိုင်ပြီး သူ၏လှုပ်ရှားမှုများက နှေးကွေးသွားနိုင်သည်။

သူ့စွမ်းအားနှင့် အဆင့်အရ အစိမ်းရောင်ကျင့်ကြံသူက အချိန်တော်တော်ကြာ ထိန်းထားနိုင်သော်လည်း သူကတော့ သာမန်လက်ဝါးချက်ကို သုံးရမည့်အစား အချိန်ကျလာလျှင် အထွဋ်အထိပ် သိုင်းကွက်တစ်ခုတည်းသာ အသုံးပြုနိုင်သည်။

သို့သော် မုန့်ချီ၏ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် လှည့်စားပြီး ဝိညာဉ်ဖျောက်ပုလွေကို သတ်ပစ်ခဲ့သည့်အချိန်တွင် သူက သူမ၏ အသက်ကို ကယ်တင်ရန် ထိုသိုင်းကွက်ကို အတင်းအကြပ် အသုံးပြုလိုက်ရသည်။

ရုတ်တရက် ထွက်ပေါ်လာသော တန်ပြန်တိုက်ခိုက်မှုက သူ့အတွက်လည်း သေချာပေါက် ပြင်းထန်နေနိုင်၏။ ပြောရမည်ဆိုလျှင် အစိမ်းရောင်ကျင့်ကြံသူက အချိန်ကြာကြာ ခံနိုင်ရည် မရှိတော့ပေ။ သူက တိုက်ပွဲကို မြန်မြန်အဆုံးသတ်ရန် ကြိုးစားချင်နေသည်။ ထို့ကြောင့် နောက်တစ်ကြိမ် သူ၏ဝေ့ကျင်းအဆင့် သိုင်းကွက်ကိုပင် အသုံးပြုနိုင်၏။

သို့သော် တန်ပြန်သက်ရောက်မှုက အသက်ဝင်မလာသေးခင် သူက ကိုယ်ဖော့ပညာကို သုံးပြီး လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားဆီမှ ထွက်ပြေး၍ အချိန်ယူကုသနိုင်သည်။

အခြေအနေက ပြောင်းလဲသွားသည့်အတွက် အစိမ်းရောင်ကျင့်ကြံသူ၏ စိတ်အခြေအနေကလည်း ပြောင်းလဲသွားသည်။ အကယ်၍ မုန့်ချီကသာ ထိုအချက်ကို ရှင်းရှင်းလင်းလင်း မသိလျှင် သေချာပေါက် သေရပါလိမ့်မည်။

မုန့်ချီကတော့ အရာအားလုံးကို သိနေသည့်အလား ရင်ထဲတွင် တည်ငြိမ်နေခဲ့၏။ ‘ဘယ်သူအရင်ဆုံး သေချင်လဲ’ ဟူသော အော်သံက သစ်တောထဲ၌ ပျံ့နှံ့လာသည့် အချိန်တွင် သူ့ဓားကတော့ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားဆီသို့ ဦးတည်သွားခဲ့သည်။

သူက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားနှင့် တိုက်ခိုက်ချင်ယောင်ဆောင်ပြီး အစိမ်းရောင်ကျင့်ကြံသူကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ထိုအရာက မုန့်ချီ ဆုံးဖြတ်ခဲ့သော အစီအစဉ်တစ်ခုလည်းဖြစ်၏။ လောင်ကျွမ်းခြင်း မီးတောက် မကောင်းဆိုးဝါးလူသားနှင့် အစိမ်းရောင်ကျင့်ကြံသူတို့က အတူတကွ ရပ်နေကြခြင်း မဟုတ်ချေ ။ အဘယ်ကြောင့်ဆိုသော် သူတို့က မုန့်ချီ ထွက်ပြေးနိုင်သည့် လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးစားနေခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် မုန့်ချီက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားဆီသို့ ပြေးဝင်သွားသည့် အချိန်တွင် အစိမ်းရောင်ကျင့်ကြံသူကလည်း သူ့အနားသို့ ကပ်လာခဲ့သည်။

သူ့ဆီတွင် အလွန်ကြောက်စရာကောင်းသော အရှိန်တစ်ခု ရှိပြီး အချိန်မရွေး ပြန်လှည့်နိုင်စွမ်း ရှိသည်။ သူ၏ကိုယ်ဖော့ပညာတစ်ခုတည်းကို အားကိုးပြီး သူက ရှုံးနိမ့်နိုင်ခြင်း မရှိပေ။

သူက တခြားလူများကို တိုက်ခိုက်နိုင်သော်လည်း တစ်ဖက်လူကတော့ သူ၏ခန္ဓာကိုယ်ကို လက်တစ်ချောင်းပင် ထိနိုင်ခြင်း မရှိပေ။ အကယ်၍ သူက ပြိုင်ဘက်ကို မယှဉ်နိုင်လျှင်ပင် လျင်မြန်စွာ ထွက်ပြေး၍ ရနိုင်သေးသည်။

အကယ်၍ သူကသာ အတွင်းဒဏ်ရာများ မရခဲ့လျှင် သို့မဟုတ် တန်ပြန်တိုက်ခိုက်မှုကို မခံစားရလျှင် သူတစ်ယောက်တည်းနှင့် မုန့်ချီ၏သိုင်းကွက်များအားလုံး သုံးလာအောင် တွန်းအားပေး၍ ရနိုင်သည်။ သို့သော် အကယ်၍ သူက အတွင်းဒဏ်ရာ မရခဲ့လျှင်လည်း မုန့်ချီကို ဝိုင်းဝန်းတိုက်ခိုက်ရန် တောင်းဆိုချက်မျိုး လက်ခံရလိမ့်မည် မဟုတ်ချေ။ ကမ္ဘာကြီးက ထူးခြားသော နည်းလမ်းများနှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

မုန့်ချီက သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သည့်အခါ လောင်ကျွမ်းခြင်း မီးတောက် မကောင်းဆိုးဝါးလူသားက အတော်လေး ထိတ်လန့်သွားခဲ့သည်။ သူ့ပုံစံက မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ကဲ့သို့‌ ဖြစ်နေပြီး ခံစားချက်ကို ပြောပြ၍ မရနိုင်ပေ။

ထိုအရာက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့်အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်မှ ရရှိလာသော ခံစားမှုများနှင့် ကွဲပြားနေ၏။ သို့သော် သူကတော့ စိုးရိမ်ထိတ်လန့်နေခြင်း မရှိပေ။

သူက ချက်ချင်း တိုက်ခိုက်လိုက်ရာ အနီရင့်ရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ တငွေ့ငွေ့ တောက်လောင်နေသော မီးတောက်များကလည်း ဓားပေါ်တွင် လွှမ်းခြုံလာပြီး မုန့်ချီ၏လည်ပင်း ဘယ်ဘက်အခြမ်းကို လွှဲခုတ်လိုက်သည်။

ထိုအရာက သူသတိထားမိသော အားနည်းချက်နေရာဖြစ်၏။ ဓားမောက်တာအိုနှင့်ပတ်သက်လာလျှင် သူက မုန့်ချီကဲ့သို့ နားလည်မှု မရှိသော်လည်း သူကိုယ်တိုင်က နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့်အတွက် ထိပ်သီးပညာရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။

သူက ကြိုတင်သတိပေးထားခြင်း မရှိဘဲ တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ပုံရိပ်ယောင်ခန္ဓာကျင့်စဉ်၏ အားနည်းချက် ဖြစ်သောနေရာကို ဓားနှင့် ဦးတည်လိုက်ခြင်းဖြစ်သည်။

မုန့်ချီကတော့ ထိုဓားသွားဆီသို့ အလိုလို ရောက်လာနေသလို ထင်မှတ်ရ၏။ သူက နောက်ထပ်ပေါ်လာသော အားနည်းချက်တစ်ခုကို တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဆုံးဖြတ်ပြီးသွားခြင်းကြောင့် ဖြစ်၏။

ယခင်တိုက်ခိုက်မှုတွင် မုန့်ချီဆီ၌ အလွန်အစွမ်းထက်ပြီး ပျော့ပျောင်းသော ချပ်ဝတ်အင်္ကျီတစ်ခုရှိကြောင်း သူ သိနေသည်။ ထို့ပြင် မုန့်ချီ၏ခန္ဓာကိုယ်က မာကျော၏။ သူ၏ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ့ကို တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး ပေးလိုက်ခြင်းနှင့် ညီမျှပြီး သူတို့၏ ထောင်ချောက်ထဲမှ ဖောက်ထွက်သွားနိုင်သည်။

အစိမ်းရောင်ကျင့်ကြံသူက သူ့ကို ပစ်မှတ်မထားနိုင်စေရန် မုန့်ချီကတော့ လှုပ်ရှားမှုကို ဆက်တိုက်ပြောင်းလဲနေသည်။ သူက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားကို ရင်ဆိုင်ရာတွင် လုံးဝ ခုခံနေခဲ့ခြင်း မရှိဘဲ ထိပ်တိုက် တိုက်ခိုက်မှုနှင့် ဖယ်ရှားရန်သာ ပစ်မှတ်ထားခဲ့သည်။

သူ့ဓားက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသား၏ ခန္ဓာကိုယ် ဘေးဘက်ကို တိုက်ခိုက်လိုက်သည်။ ထိုအရာက လျင်မြန်သည်ထက်ပိုပြီး သွေးရောင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဓားက သူ့ရှေ့သို့ ရောက်လာသည့် အချိန်မှသာ အလင်းတန်းက ပေါ်လာခဲ့၏။

တုကူးဓား (၉)ကွက်၏ အနှစ်သာရထဲတွင် တိုက်ခိုက်မှုဟူသည်မှာ အကောင်းဆုံး ခုခံမှုဖြစ်သည်ဟု ပြောပြထားသည်။

မုန့်ချီ၏ ဓားမောက်ပညာက အလွန်ထူးချွန်ကြောင်း လောင်ကျွမ်းခြင်း မီးတောက် မကောင်းဆိုးဝါး လူသားက သိနေသည်။ သူက မုန့်ချီ၏တုံ့ပြန်မှုကိုလည်း မျှော်လင့်ထားပြီးသားဖြစ်၏။ သူက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သူ့ဓားနှင့် တိုက်ခိုက်လိုက်ရာ ဓားနှစ်လက် ရင်ဆိုင်လိုက်သည့် နေရာမှ မီးပွားများ ထွက်ပေါ်လာသည်။

ဓားမောက် အရှိန်အဝါကလည်း ဆက်၍ ထွက်ပေါ်လာနေပြီး မုန့်ချီ၏ အရှိန်အဝါကို ဆက်၍ ဖိနှိပ်ထားခဲ့၏။ သူ၏ အဓိကရည်ရွယ်ချက်ကတော့ ခုခံရန် ဖြစ်ပြီး အစိမ်းရောင် ကျင့်ကြံသူ အနားသို့ ရောက်လာသည့် အချိန်ထိ မုန့်ချီကို အချိန်ဆွဲထားရန် ဖြစ်သည်။ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားက အစွမ်းကုန် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိချေ။

မုန့်ချီက ဆက်တိုက် နေရာပြောင်းလဲနေခဲ့သည်။ သူတို့က (၆)ကြိမ်ခန့် ဆက်တိုက် တိုက်ခိုက်လိုက်ပြီးနောက် အလင်းတန်းများကို ဆက်တိုက်မြင်နေရသည်။ တိုက်ခိုက်မှုတိုင်းတွင် လောင်ကျွမ်းခြင်း မီးတေက်မကောင်းဆိုးဝါး လူသားက ကိုယ့်ကိုယ်ကိုယ် ခုခံနေပြီး ဓားမောက်တာအို အနှစ်သာရများကို ပြသနေသည်။ သူတို့က သဘာဝတရားကြီးနှင့် လိုက်လျောညီထွေ ရှိနေသလို ထင်မှတ်ရ၏။

ဓားချက်များက အလွန်လျင်မြန်လွန်းလှသည့်အတွက် လျှပ်စီးကြောင်းများကဲ့သို့ ဖြစ်နေပြီး နှေးကွေးလျှင်လည်း ပြောင်းလဲမှုများစွာကို ဖုံးကွယ်ထားသည်။ တစ်ခါတရံ သူတို့၏ ဓားသွားများက မိုးခြိမ်းသံများကဲ့သို့ လေးလံပြီး တစ်ခါတရံ ကမ္ဘာမြေကြီးကဲ့သို့ ကျယ်ပြန့်သည်။ တစ်ခါတရံ လှိုင်းလုံးများကဲ့သို့ လှုပ်ရှားနေပြီး တစ်ခါတစ်ရံ စိတ်ဝိညာဉ်ကို ပစ်မှတ်ထားနေသည်။ ထိုအရာက မုန့်ချီ၏ အကောင်းဆုံး ဓားသိုင်းပညာဟုပင် သတ်မှတ်နိုင်၏။

သေခြင်း ရှင်ခြင်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီ၏ ဓားမောက်သိုင်းပညာက အစွမ်းကုန် ထွက်ပေါ်လာပြီး သူ၏အရည်အချင်းကလည်း ပြည့်ပြည့်ဝဝ ပေါ်လာခဲ့သည်။ ထိုအရာက အလွန်ပြီးပြည့်စုံနေသလို ခံစားနေရ၏။

လောင်ကျွမ်းခြင်း မီးတောက်မကောင်းဆိုးဝါး လူသားက တစ်ချိန်လုံး ဘယ်မှ ညာသို့ ခုခံကာကွယ်နေရင်း နဖူးပေါ်မှ ချွေးများ စီးကျလာနေသည်။ နောက်ဆုံးတွင်တော့ သူက မြေပေါ်တွင် မတ်မတ်ရပ်နိုင်သေး၏။

သို့သော် သူက ရင်ထဲတွင်တော့ အကြောက်တရားများ ပေါ်လာခဲ့သည်။ အကယ်၍ သူသာ အကူအညီမရှိဘဲ မုန့်ချီကို ရင်ဆိုင်ရမည်ဆိုလျှင် သေချာပေါက် သေဆုံးသွားရနိုင်သည်။

အစိမ်းရောင်ကျင့်ကြံသူက သူတို့အနားသို့ ရောက်လာပြီ ဖြစ်၏။ မုန့်ချီ၏ အလွန်ထူးခြားသော ခန္ဓာကိုယ်လှုပ်ရှားမှုကြောင့် သူကလည်း အရိပ်တစ်ခုသဖွယ် ဖြစ်နေပြီး လျင်မြန်စွာ ပြောင်းလဲနေသည်။

ထိုလှုပ်ရှားမှုက အလွန် ထူးဆန်းနေသည့်အတွက် အစိမ်းရောင်ကျင့်ကြံသူက သူ့ကို ပစ်မှတ်မထားနိုင်သလို သူ၏လူသတ်သိုင်းကွက်ကိုလည်း မသုံးရဲပေ။ သူ၏ တိုက်ခိုက်မှုက လောင်ကျွမ်းခြင်း မီးတောက်မကောင်းဆိုးဝါး လူသားကို ထိခိုက်သွားမှာ စိုးရိမ်ရသည်။

သူက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားကို သတ်ပစ်ရန် ကိစ္စမရှိသော်လည်း သူ့ကို ကူညီပေးနိုင်သော လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်မည်ဆိုလျှင် ရန်သူက သူ့ကို သတ်ပစ်နိုင်သည်။ မုန့်ချီကို သူတစ်ယောက်တည်း မသတ်နိုင်ကြောင်း သူလည်း သိနေ၏။

သို့သော် အချိန်အတိုင်းအတာတစ်ခုအတွင်း သူ၏ကိုယ်ဖော့ပညာက အတော်လေးကို မှော်ဆန်လှသည်။ သူကတော့ မုန့်ချီနှင့်အတူ လိုက်ပါလှုပ်ရှားနေပြီး သူ၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ်စစ်ဆေးကြည့်နေခဲ့၏။ သူက မုန့်ချီကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်ပြီး လက်ဝါးနှစ်ဖက်ကို မြှောက်လိုက်သည်။

ထိုအချိန်တွင် မုန့်ချီက အော်ဟစ်လိုက်၏။

"သေလိုက်စမ်း … "

မုန့်ချီ၏ အော်သံကြောင့် သူတို့နှစ်ယောက်စလုံးက မှင်တက်သွားခဲ့ကြသည်။ သူ၏ မိုးကြိုးဟိန်းသံက သူတို့၏ပင်မဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်ပြီး သူတို့ကို မူးဝေသွားစေခဲ့၏။

ဓားချက် (၆)ချက်ကြောင့် ထောင့်နေရာသို့ နောက်ဆုတ်သွားလိုက်ရသော လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက သူ့ကိုယ်သူ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည်။ သူက တိုက်ခိုက်မှုကို ဖယ်ရှားရန် ဆက်တိုက် ခုခံနေပြီး မုန့်ချီက ထိုအခွင့်အရေးကို အရယူ၍ လူသတ်သိုင်းကွက် သုံးလိုက်မှာကို ကြောက်နေခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ပြစ်ဒဏ်ဓားက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသား၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့၏။ မုန့်ချီက ပြန်လှည့်ပြီး သူ့ဓားနှင့် လွှဲခုတ်လိုက်ခြင်း ဖြစ်သည်။

သူက ဓားချက် (၉)ချက်တိတိ ဆက်တိုက် တိုက်ခိုက်လိုက်ပြီး ဓားချက် တစ်ချက်ချင်းဆီတွင် ခရမ်းရောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ မိုးကြိုးများက နေရာတိုင်း ပျံ့နှံ့နေပြီး မုန့်ချီ၏ မိုးကြိုးဟိန်းသံနှင့်အတူ လှုပ်ရှားလာကြ၏။ မိုးကြိုးနဂါး (၉)ကောင်က ပေါင်းစည်းသွားခဲ့ပြီး အလွန်ကြီးမားသော နဂါးစက်ဝိုင်းကြီးတစ်ခု ဖြစ်လာသည်။ ထိုအရာက ရပ်တန့်နေခဲ့ခြင်း မရှိပေ။

ထိုနဂါးစက်ဝိုင်းကြီးက အလွန်အမင်းကို ကြမ်းတမ်းခက်ထန်ပြီး အစိမ်းရောင် ကျင့်ကြံသူဆီသို့ ဝဲကတော့ကြီး တစ်ခုသဖွယ် ရောက်လာခဲ့၏။ အစိမ်းရောင် ကျင့်ကြံသူက ဝေ့ကျင်းအဆင့် သိုင်းကွက်နှင့် တိုက်ခိုက်မည်ဆိုလျှင် သူက ထိုအရာကို ခုခံရန် မနည်းကြိုးစားရမည်ဖြစ်သည်။ အထူးသဖြင့် မုန့်ချီ၏ လက်ရှိအခြေအနေတွင် ဖြစ်၏။

မုန့်ချီက ထိုအရာကို တိုက်ခိုက်လိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို လုံးဝ ကုန်ဆုံးသွားခဲ့သည်။ သူ၏မျက်လုံးနှင့် နှာခေါင်းထဲမှနေ၍ သွေးများ စီးကျလာခဲ့၏။ သို့သော် သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးပြီး ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအားများကို လျင်မြန်စွာ ပြန်ဖြည့်လိုက်သည်။

ယခင်ကတည်းက အစိမ်းရောင်ကျင့်ကြံသူက အတွင်းဒဏ်ရာ ခံစားနေရ၏။ မုန့်ချီ၏ မိုးကြိုးဟိန်းသံက သူ့ကို မှင်တက်သွားစေခဲ့သည်။ သူ သတိပြန်ဝင်လာသည့် အချိန်တွင် ကျယ်လောင်သော ခရမ်းရောင်မိုးကြိုးကြီးများက သူ့ဆီသို့ အလွန်လျင်မြန်စွာ ရောက်လာခဲ့၏။

တိုက်ခိုက်မှုက အလွန်လျင်မြန်လွန်းလှသည့်အတွက် သူ၏ ကိုယ်ဖော့ပညာနှင့် ရှောင်တိမ်းရန် လုံးဝမဖြစ်နိုင်တော့ပေ။ သူ၏မျက်နှာပေါ်တွင် ရှိနေသော အစိမ်းရောင်များက ပို၍နက်ရှိုင်းလာပြီး လက်ဝါးနှစ်ဖက်ကို ဖြည်းညင်းစွာ ရိုက်ထုတ်လိုက်၏။

မိုးကြိုးများ၏ လွှမ်းခြုံမှုကြောင့် သူ၏လှုပ်ရှားမှုက နှေးကွေးသွားခဲ့သည်။ သို့သော် ထိုအရာက ရေခဲငရဲတစ်ခုအလား အရာအားလုံး အေးခဲသွားစေခဲ့၏။ လေထဲတွင်လည်း နှင်းပွင့်လေးများ ကျဆင်းလာပြီး မြေပြင်ပေါ်တွင် အဖြူရောင် ခြုံလွှာကြီးတစ်ခု လွှမ်းခြုံထားသလို ထင်မှတ်ရသည် ။

နှေးကွေးစွာ လှုပ်ရှားလိုက်သော လက်ဝါးရိုက်ချက်က ခရမ်းရောင်နဂါးကြီးကို တိုက်ခိုက်မိလိုက်သည်။ မိုးကြိုးများက အေးခဲသွားပြီး တခဏအတွင်း ပျက်စီးသွားခဲ့၏။ အစိမ်းရောင်ကျင့်ကြံသူ၏ လက်ဝါးချက်ကလည်း ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ထိပ်တိုက်ရင်ဆိုင်မိလိုက်သည်။

ထိုအချိန်တွင် ဓားက ရေခဲအလွှာနှင့် ရင်ဆိုင်လိုက်ရ၏။ မုန့်ချီက အဖိုးတန်လက်နက်တစ်ခုကို သုံးနေသည်မှာ ကံကောင်းသွားသည်။ တခြားသော သာမန်သန့်စင်လက်နက် တစ်ခုသာဆိုလျှင် အေးခဲပြီး အပိုင်းပိုင်း အစစ ပျက်စီးသွားနိုင်သည်။

“ဝေါ့…”

မုန့်ချီ၏ ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာပြီး ထိုသွေးများကအစိမ်းရောင် ဖြစ်နေသည်။

သူက အစိမ်းရောင်ကျင့်ကြံသူထက် အနည်းငယ်ပို၍ အားနည်း၏။ ထို့ကြောင့် သူတို့ကသာ ထိပ်တိုက်ရင်ဆိုင်လိုက်ရမည်ဆိုလျှင် ရေခဲစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ သေချာပေါက် ဝင်လာပါလိမ့်မည်။ သူ့ဆီတွင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် ၊ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်တို့ ရှိနေသေးသည်မှာ ကံကောင်းသွား၏။

ထိုအချိန်တွင် သူကတော့ သူ၏စိတ်ဝိညာဉ်ကို မှန်တစ်ချပ်အဖြစ် အသုံးချပြီး အစိမ်းရောင်ကျင့်ကြံသူ၏ ချီစွမ်းအင်စီးဆင်းမှုနှင့် ကြွက်သားများ လှုပ်ရှားမှုကို စစ်ဆေးကြည့်လိုက်သည်။ ထိုအရာက ဝေဝါးနေသော်လည်း သူက မြင်နေရသေး၏။

ထိုသိုင်းကွက်၏ တုံ့ပြန်တိုက်ခိုက်မှုက အလွန်ပြင်းထန်လွန်းလှသည့်အတွက် အစိမ်းရောင်ကျင့်ကြံသူက အဆင့်တစ်ဆင့် နိမ့်ကျသွားခြင်းပေလော။ ယခု သူက တံခါး(၉)ပေါက်အဆင့်သာ ရှိတော့ခြင်းပေလော။

မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။ သူက အံကြိတ်လိုက်ပြီး နောက်မှ တိုက်ခိုက်လိုက်သော လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသား၏ တိုက်ခိုက်မှုကို ဂရုမစိုက်တော့ဘဲ ရှေ့သို့ ဓားနှင့်ပြေးထိုးလိုက်သည်။

သူ့အစီအစဉ်က ခရမ်းမိုးကြိုးစွမ်းအားများကို အသက်သွင်းပြီး အစိမ်းရောင်ကျင့်ကြံသူကို နောက်တစ်ကြိမ် ဝေ့ကျင်းအဆင့် သိုင်းကွက် ထုတ်သုံးလာအောင် တွန်းအားပေးလိုက်ခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင် သူက ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ခံစားရနိုင်ပြီး သူ့ခန္ဓာကိုယ်က ပို၍ အေးခဲသွားနိုင်သည်။ ထိုခဏတွင် သူက မုန့်ချီကို မယှဉ်နိုင်တော့ပေ။

မုန့်ချီက ချက်ချင်း ပြန်လှည့်လာပြီး ဝေ့ကျင်းအဆင့် နီးပါး သိုင်းကွက်တစ်ခုနှင့် တိုက်ခိုက်လိုက်၏။ အကယ်၍ သူက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားကို မသတ်နိုင်လျှင်ပင် သူ၏သိုင်းကွက်ကို သုံးပြီး ဖယ်ရှားနိုင်သေးသည်။ သူက ဒဏ်ရာရနေသော ခန္ဓာကိုယ်နှင့် ခုခံ၍ ရနိုင်၏။

နောက်ဆုံးတွင်တော့ သူက ကျန်ရှိနေသော စွမ်းအားများကို အခွင့်ကောင်းယူပြီး စွန့်လွှတ်ခြင်း ကျင့်စဉ်၏ အကျိုးသက်ရောက်မှုများ ပျောက်ကွယ်မသွားခင် ထွက်ပြေး၍ ရနိုင်သည်။

သို့သော် အစိမ်းရောင်ကျင့်ကြံသူ၏ တန်ပြန်သက်ရောက်မှုက သူထင်ထားသည်ထက် ပို၍ ဆိုးရွားနေခဲ့၏။ ထို့ကြောင့် သူ၏အစီအစဉ်ကို ပြောင်းလဲလိုက်သည်။ မုန့်ချီက အတော်လေး အခြေအနေဆိုးလာသော အစိမ်းရောင်ကျင့်ကြံသူကို သတ်ပစ်ရပါလိမ့်မည်။ သူ့ကို ကိုယ်ဖော့ပညာသုံး၍ ထွက်ပြေးခွင့် မပေးနိုင်သလို စွမ်းအားပြန်ဖြည့်ရန် အခွင့်အရေးလည်း မပေးနိုင်ပေ။

သူ၏ ဓားအလင်းတန်းက ထူးထူးခြားခြားကို တောက်ပလာခဲ့၏။ ထိုဓားအလင်းတန်းထဲတွင် ပြောင်းလဲမှုမရှိသလို နောက်ပြန်ဆုတ်ရန်လည်း စိတ်ကူး မရှိတော့ချေ။ သူ၏စိတ်နှင့်ဓား၏ စွမ်းအင်များက တစ်သားတည်း ပေါင်းစပ်နေပြီး ဤကမ္ဘာမြေကြီးထဲတွင် အကြီးကျယ်ဆုံး အခမ်းအနားဆုံး စွမ်းအားတစ်ခုသဖွယ် ထင်မှတ်ရ၏။

အစိမ်းရောင်ကျင့်ကြံသူ၏ သွေးနှင့် သွေးကြောများ အားလုံးနီးပါးက ခဲနေသည်။ သူက အသက်ပင် ၀၀မရှူနိုင်သေးသည့်အတွက် သွေးအဆီအနှစ်များကို အသက်သွင်းလိုက်ရ၏။ ထို့နောက် သူက နောက်ပြန်ဆုတ်လိုက်ရန် ကြိုးစားလိုက်၏။

သူ့နောက်တွင် ရှိနေသော လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားက ထိုကဲ့သို့ အရေးကြီးသော အခြေအနေမျိုးတွင် သူ့ကို တစ်ယောက်တည်း လွှတ်ထားမည် မဟုတ်ကြောင်း ယုံကြည်နေခဲ့၏။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားကလည်း ရပ်မနေခဲ့ပေ။ မုန့်ချီက သူ့ကို နောက်ကျောပေးထားပြီး အစိမ်းရောင်ကျင့်ကြံသူကိုသာ အာရုံစိုက်ထားသည်။ ထိုအခြေအနေမျိုးတွင် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက ဘာကြောင့် သူ့ကို မသတ်ဘဲ နေရမည်နည်း။

သူက သူ၏နတ်ဆိုးဓားကို ထူးခြားစွာ လှုပ်ရှားလိုက်သည်။ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး မြေပြင်ကြီးတစ်ခုလုံးက မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွား၏။ ထိုဓားက မုန့်ချီ၏ လည်ပင်းတည့်တည့်ကို ခုတ်ချလိုက်ရာ အတွင်းထဲမှ မီးတောက်များပင် ထွက်ပေါ်လာနေသည်။

သူက ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေး သိုင်းကွက်ကို သုံးနေသည့်အတွက် သိုင်းကွက်တစ်ကွက်တည်းကို သုံးပြီး မုန့်ချီကို သတ်ပစ်ရန် လိုအပ်သည်။

ထိုအချိန်တွင် သူ၏မျက်စိရှေ့၌ ဓားတစ်လက် ပေါ်လာခဲ့၏။ ထိုဓားက အလွန်ထူးဆန်းစွာ လှုပ်ရှားသွားသည်။ သူ၏ဘယ်လက်ထဲတွင်လည်း ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသေးသည်။ နောက်ဆုံးအဆင့်ကို အသုံးပြုနေသော မုန့်ချီက သူ၏အာရုံကို မည်သို့ ခွဲခြားပြီး ဓားနှစ်လက်နှင့် တိုက်ခိုက်နိုင်ရသနည်း။

သူက အလွန်အမင်းကို ထိတ်လန့်သွားခဲ့သော်လည်း လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားက သူ၏လှုပ်ရှားမှုကို မပြောင်းလဲနိုင်သည့်အတွက် မုန့်ချီ၏ ဓားမောက်နှင့် ရင်ဆိုင်လိုက်ရသည်။

"ချွင် … "

သတ္တုချင်း ထိခိုက်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုဓားက ချီစွမ်းအင် အနည်းငယ်သာ ပိုင်ဆိုင်ထားသော်လည်း အလွန်အံ့ဩဖွယ်ကောင်းသော အကျိုးသက်ရောက်မှုရှိသည်။

မုန့်ချီက ထိုအရာကို ပြည့်ပြည့်ဝဝ အသုံးချလိုက်ပြီး နတ်ဆိုးဓားကို အဝေးသို့ တွန်းပို့နိုင်ခဲ့၏။ ထိုအရာက သူ့လည်ပင်းကို ဓားနှင့် အဖြတ်ခံရခြင်းမှ တားဆီးနိုင်ပြီး သူ၏ဘယ်ဘက် လက်ပြင်ပေါ်ကိုသာ ခုတ်မိသွားခဲ့သည်။ မုန့်ချီ၏ ငါးကြေးခွံ ချပ်ဝတ်အင်္ကျီကလည်း ပျက်စီးသွားခဲ့၏။

သူ၏ရွှေရောင်အလင်းတန်းများကလည်း လုံးဝ ပျက်စီးသွားခဲ့ပြီး ဒဏ်ရာများ ပေါ်လာခဲ့သည်။ သူ၏အသွေးအသားများထဲမှ မီးတောက်များ တောက်လောင်နေပြီး နာကျင်မှုက ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာခဲ့၏။ သူ၏ ကျောရိုးမကြီးကလည်း နဂါးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

သူ၏ ဓားအလင်းတန်းက ထူးထူးခြားခြားကို လှပနေ၏။ ထိုအရာက အစိမ်းရောင်ကျင့်ကြံသူ၏ ကိုယ်ဖော့ပညာထက် ပို၍ လျင်မြန်နေပြီး သူ၏ မျက်စိရှေ့တွင် အရာအားလုံး လွှမ်းခြုံသွားခဲ့၏။

"လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားက မတိုက်ခိုက်ခဲ့ဘူးလား … "

ထိုဓားရှည်က အစိမ်းရောင်ကျင့်ကြံသူ၏ မျက်ခုံးကြားထဲသို့ ထိုးဖောက်သွားသည့် အသံကိုသာ ကြားလိုက်ရသည်။ အလွန်လှပသော ဓားအလင်းတန်းကို သူ့မျက်လုံးထဲတွင် မြင်ခဲ့ရပြီးနောက် သူက ထိတ်လန့်တကြား လဲကျသွားခဲ့၏။

မုန့်ချီကတော့ ထိုအရှိန်အဝါကို အသုံးချပြီး ရှေ့သို့ ခုန်ထွက်လိုက်ပြီး လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသား၏ နောက်ထပ် တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။

သူ၏ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက်ကို ပြည့်ပြည့်ဝဝ ရင်ဆိုင်လိုက်ရသည့် အတွက် မုန့်ချီက ပြင်းထန်သည့် ဒဏ်ရာတစ်ခုရသွားသည်။ သူ၏ကျောရိုးမကြီးကပင် ထိခိုက်သွားသည့်အတွက် သူ၏ ခြေ လက်များက အကြောဆွဲသွားနိုင်သည်။

ထို့ပြင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က ပျက်စီးသွားပြီဖြစ်သည့်အတွက် နောက်ထပ်ထိခိုက်မှုကို ကာကွယ်မပေးနိုင်တော့ပေ။ အကယ်၍ သူသာ ထိုကဲ့သို့ အခြေအနေမျိုးတွင် အာရုံခွဲခြားနိုင်ခြင်း မရှိလျှင် သူကိုယ်တိုင်လည်း အစိမ်းရောင်ကျင့်ကြံသူကဲ့သို့ သေဆုံးသွားရပါလိမ့်မည်။

သူ၏ဒဏ်ရာက ပြင်းထန်သော်လည်း မုန့်ချီ၏ အရှိန်အဝါကတော့ အနည်းငယ်ပင် လျော့ကျသွားခြင်း မရှိပေ။

အစိမ်းရောင်ကျင့်ကြံသူက မြေပေါ်သို့ လဲကျသွားသည့် အချိန်တွင် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားကတော့ မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

မုန့်ချီက မီးတောက်များက ဖိနှိပ်ရန် သွေးများ ထွေးထုတ်လိုက်သည်။

"နောက်တစ်ယောက် … "

သူက ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ငါက (၁၀) စက္ကန့်လောက်တော့ ခံနိုင်ရည်ရှိသေးတယ် … "

မုန့်ချီ၏ဘယ်လက်က အသက်မရှိသည့်အလား တွဲလောင်းကျနေပြီး သူ၏ ဓားမောက်ကို ညာလက်နှင့် ကိုင်ထားရသည်။ သူ့တစ်ကိုယ်လုံး သွေးများ ပေပွနေပြီး အတော်လေးကို ကြောက်စရာကောင်းနေ၏။ ဆံပင်များကလည်း ရှုပ်ထွေးနေသည်။ သူ့ပုံစံက မကောင်းဆိုးဝါးသခင်ကဲ့သို့ ဖြစ်နေ၏။

"ဒါပေမယ့် အဲဒီ(၁၀)စက္ကန့်အတွင်း ငါ မင်းကို သတ်ပစ်နိုင်တယ် … "

Translated by Hein Htet

All Chapters