← Chapters

အခန်း (၃၃၇)

Vol. 23 Ch. 337

အခန်း (၃၃၇)

Vol. 23 Ch. 337

"ဒါပေမယ့် (၁၀) စက္ကန့်အတွင်း ငါ မင်းကို သတ်ပစ်နိုင်တယ်..."

သူ၏စကားလုံးများထဲတွင် မောက်မာမှု ၊ အလွန်မြင့်မားသောခံစားမှုများနှင့် ကြမ်းတမ်းမှုများ ပါဝင်နေသည်။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားအတွက်တော့ မုန့်ချီက အနိုင်ယူရန် လုံးဝမဖြစ်နိုင်သော မကောင်းဆိုးဝါးတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သူ၏အရှိန်အဝါများက လုယူခံလိုက်ရပြီး သူ၏စိတ်ဝိညာဉ်က ဖိအားပေးခံလိုက်ရကြောင်း သူလည်း နားလည်နေ၏။

အနည်းငယ်လေး သတိမထားမိလိုက်သည်နှင့် သူက ကျရှုံးမှုကို ရရှိသွားမည်ဖြစ်ပြီး မုန့်ချီဆီမှ တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည် မရှိနိုင်တော့ပေ။ သို့သော် သူက အခြေအနေတစ်ခုကိုတော့ နားလည်ထားသည်။

သို့သော် တခြားတစ်ခုကိုလည်း သိထားသေး၏။ သူက စိန်ခေါ်ရန်ကြိုးစားပြီး သူ၏ အပြုအမူကို ပြန်လည်ထိန်းညှိရသည်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ အထူးသဖြင့် သူ့အဖော်များ သေဆုံးသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် ဖြစ်သည်။

တစ်ချိန်လုံး အဝေးမှ လှုပ်ရှားနေသော ဝိညာဉ်ဖျောက်ပုလွေက မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရသည်။ သူ့ထက် စွမ်းအားနှင့် အဆင့်အရ မြင့်မားသော အစိမ်းရောင် ကျင့်ကြံသူကလည်း တခဏအတွင်း ရှင်းပစ်ခံရပြန်သည်။ လူသတ်သမားက သူ့ထက်ပို၍ မောက်မာပြီး သူ့ထက်ပို၍ အစွမ်းထက်သည်ဟု ခံစားမိလာသည့် အချိန်တွင် သူ၏စိတ်ထဲ၌ ဘာမျှမခံစားရဘဲ မည်သို့ နေနိုင်မည်နည်း။

သူက သိုင်းလောကတွင် အတွေ့အကြုံရှိသော သိုင်းလောကသား တစ်ယောက်သာ ဖြစ်သည်။ သူက လူသားနှင့် ကောင်းကင် ဆက်သွယ်မှုကိုလည်း ရရှိထားသည့်အတွက် အလွန်အမင်း စိုးရိမ်နေခြင်း မရှိပေ။ မဟုတ်လျှင် သူကိုယ်တိုင်သာ ရှုံးနိမ့်သွားနိုင်၏။

အကယ်၍ သူ၏ အရှိန်အဝါများက ဖိနှိပ်ခံထားရမည်ဆိုလျှင်လည်း အရှိအတိုင်းသာ ထားလိုက်သည်။ သူ၏ နှလုံးသားထဲတွင် လှုပ်ရှားသွားခြင်းမရှိသရွေ့ သူက သေချာပေါက် မရှုံးနိုင်ပေ။ အကယ်၍ သူ၏စွမ်းအားများ ပျက်စီးသွားမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။ အကယ်၍ သူကသာ ထိုတိုက်ပွဲကို (၁၀) စက္ကန့်ကျော် အချိန်ဆွဲလိုက်နိုင်မည်ဆိုလျှင် နိုင်ပွဲက သူ့အတွက်သာ ဖြစ်သည်။

မုန့်ချီ၏ (၁၀) စက္ကန့်ဟူသော ကြေညာချက်က သခင်လေးဝမ်၏ သိုင်းကွက် (၁၀)ကွက် ခုခံမှုကို ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ပြိုင်ဘက်ကို သတင်းအချက်အလက် (၂) ခု ပြောပြပေးလိုက်သလို ဖြစ်နေ၏။

ပထမဆုံးအရာကတော့ (၁၀) စက္ကန့်ကျော် အချိန်ဆွဲလိုက်နိုင်မည်ဆိုလျှင် သူ့အတွက် အနိုင်ရပြီဟူသော အသိဖြစ်သည်။ ဒုတိယတစ်ချက်ကတော့ မုန့်ချီက မချွင်းမချန် တိုက်ခိုက်တော့မည်ဟူသော အသိဖြစ်၏။

ထိုကဲ့သို့ အချိန်နည်းပါးမှုနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သူက ပထမဆုံး လှုပ်ရှားမှု အနည်းငယ်ကို အစွမ်းကုန် တိုက်ခိုက်ရန် လိုအပ်သည်။ သူက မည်သည့်အရာကိုမျှ ချန်မထားဘဲ အချိန်ဆွဲ၍ မရနိုင်ပေ။ ထိုသို့ဆိုလျှင် (၇) စက္ကန့် (၈) စက္ကန့်အတွင်း သူက အသာစီးရနိုင်၏။

သို့သော် ထိုအရာက သူ့ကို လျင်မြန်စွာ အားနည်းသွားစေနိုင်ပြီး သူနှင့် ဤနေရာသို့ ရောက်လာနေသော အနီရောင်အဆင့် လုပ်ကြံသူ၏ အကွာအဝေးအရ ထွက်ပြေးရန် လုံလောက်နိုင်လိမ့်မည် မဟုတ်ချေ။

မုန့်ချီက သူ၏လက်ရှိအခြေအနေကို ဖော်ပြရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါလူသားက သူ့အခြေအနေကို အကောင်းဆုံး ယူဆမိမည် ဖြစ်သည်။

မုန့်ချီ၏ အော်သံက သူ့ခေါင်းထဲတွင် သတင်းတစ်ခု ပို့ပေးနိုင်ပြီး သူ၏ဆုံးဖြတ်ချက်ကို ခိုင်မာစေနိုင်သည်။ ထိပ်တန်းပညာရှင်များ၏ တိုက်ပွဲထဲတွင် စိတ်ဓာတ်တိုက်ပွဲကလည်း မဖြစ်မနေ လိုအပ်သည်။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကတော့ ထွက်ပြေးပြီး ပုန်းအောင်းနေရန်သာ စဉ်းစားနေသည်။ အကယ်၍ သူသာ မုန့်ချီနှင့် မလှမ်းမကမ်းတွင် ရှိနေသော သစ်တောထဲသို့ ဝင်ပြေးသွားမည်ဆိုလျှင် အလွယ်တကူ အနိုင်ရနိုင်သည်။ အကယ်၍ သူကသာ (၁၀) စက္ကန့်ကျော် အချိန်ဆွဲလိုက်မည်ဆိုလျှင် သူ့အတွက် အန္တရာယ် မရှိနိုင်တော့ပေ။

သို့သော် တိုက်ပွဲရာပေါင်းများစွာ တိုက်ခိုက်ဖူးသည့်အတွက် ထိုအရာက အလွန်အန္တရာယ်များကြောင်း ချက်ချင်း သိနေသည်။ သူက ထိုသို့ပြုလုပ်ချင်စိတ်ကို အတင်းအကြပ် ထိန်းချုပ်ထားလိုက်၏။

သူက အမှန်တကယ်ကို ပုန်းအောင်းပြီး ထွက်ပြေးချင်နေသော်လည်း ယခုအချိန်တော့ မဟုတ်သေးပေ။ သူတို့၏ချီစွမ်းအင်များက အချင်းချင်း ရောယှက်လာကြပြီး လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက ထွက်ပြေးရန် ကြိုးစားနေသည့် အချိန်တွင် မုန့်ချီက အလွန်အစွမ်းထက်သော မိုးကြိုးတစ်ခုနှင့် တိုက်ခိုက်နိုင်ပါလိမ့်မည်။

တစ်ဖက်တွင်လည်း သူ၏အရေးပါသော နောက်ကျောဘက်က ရန်သူကို ကျောပေးထားရသလို ဖြစ်နိုင်၏။ ထိုအချိန်မျိုးတွင် သူ့အစွမ်းကို မည်သို့ကောင်းမွန်စွာ အသုံးချနိုင်မည်နည်း။ သူက သိုင်းကွက်တစ်ကွက်တည်းနှင့် သေချာပေါက် အဆုံးသတ်သွားနိုင်သည်။

သူက သစ်တောထဲတွင် အမှန်တကယ် ပုန်းနေရန်အတွက် အကွာအဝေးတစ်ခု ခွာထားပြီး မုန့်ချီက သူ့အလိုလို လဲကျသွားသည့်အချိန်ကို စောင့်နေရပါလိမ့်မည်။ သို့သော် သူက ထွက်ပြေးရန် အခွင့်အရေးအတွက် သိုင်းကွက် (၂)ကွက် (၃) ကွက်ခန့် တိုက်ခိုက်ရဦးမည် ဖြစ်၏။

မုန့်ချီက သူ၏သွေးအဆီအနှစ်ကို လောင်ကျွမ်းလိုက်ပြီးနောက် စွမ်းအားအမြောက်အမြား ကုန်ဆုံးသွားခဲ့သည်။ သူ့ဆီတွင် နောက်ထပ် ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေးသိုင်းကွက် တစ်ကွက်ကို အသုံးပြုရန် စွမ်းအား သေချာပေါက် မရှိနိုင်တော့ပေ။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက မုန့်ချီ၏ နောက်ကျောဘက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည့်အတွက် သူ့ဓားက အန္တရာယ် မရှိနိုင်တော့ပေ။ အကယ်၍ သူက ထိုဓားနှင့် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကို တိုက်ခိုက်မိမည်ဆိုလျှင်ပင် ခြစ်ရာတစ်ခုသာ ဖြစ်လာစေပါလိမ့်မည်။

ကံကောင်းသွားရန် မျှော်လင့်နေမည့်အစား မုန့်ချီက ပထမဆုံးသိုင်းကွက် အနည်းငယ်ကို သေချာပေါက် အစွမ်းကုန် တိုက်ခိုက်ရပါလိမ့်မည်။ ထိုအတွေးများက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ခေါင်းထဲတွင် ဆက်တိုက် ပေါ်လာနေခဲ့၏။

မုန့်ချီ၏အော်သံက လေထဲ၌ ပဲ့တင်ထပ်နေသည့်အချိန်တွင် သူက သူ၏ဓားပါးလေးကိုသုံးပြီး အလွန်လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။ သူကတော့ ထိပ်တိုက် တိုက်ခိုက်ရန် ရွေးချယ်လိုက်၏။

သူ၏ကိုယ်ဖော့ပညာကြောင့် မီးတောက်များ ပျံ့နှံ့လာခဲ့သည်။ မီးတောက်များ ထွက်ပေါ်လာသည့်အချိန်တွင် မည်သည့်အရာက အမှန်ဖြစ်ကြောင်း ပြောပြရန် ခက်ခဲ၏။

ဓားပါးလေးက လှုပ်ရှားသွားပြီး လေလှိုင်းထဲတွင် မီးတောက်များ ထွက်ပေါ်လာသည်။ နောက်တွင် မီးတောက်လမ်းကြောင်းတစ်ခု ပေါ်လာပြီး သွားနေသည့် လမ်းကြောင်းက အလွန်ဆန်းကြယ်လှ၏။ သူက မုန့်ချီ၏ ဘယ်လက်ကို ပစ်မှတ်ထားနေခဲ့သည်။

သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော အပူရှိန်ကလည်း ရုတ်တရက် မြင့်တက်လာသည့်အတွက် မုန့်ချီက အသက်ရှုမဝသလို ခံစားလိုက်ရ၏။ မုန့်ချီက စိတ်ထဲတွင် တည်ငြိမ်အောင် ကြိုးစားနေသည်။ သူက နောက်ကျောတွင် ရှိနေသော ဒဏ်ရာကို လျစ်လျူရှုထားပြီး သူ၏ဓားမောက်နှင့် တုန့်ပြန်တိုက်ခိုက်လိုက်၏။

သူ၏ဓားအရှိန်အဝါက ပြီးပြည့်စုံလှပြီး အတွင်းထဲတွင် ရှိနေသော အရာအားလုံးကို ဝါးမျိုနိုင်သလို ထင်မှတ်ရသည်။ ထိုဓားထဲတွင် ပြောင်းလဲမှုများစွာ ရှိနေသလို ထင်မှတ်ရ၏။

ထိုအရာက တိုက်ခိုက်မှုလော ခုခံမှုလော မည်သူကမျှ တိတိကျကျ မပြောနိုင်ပေ။ စုပ်ယူခြင်းအစွမ်းကို ပြသလိုက်သည့်အချိန်တွင် မီးတောက်များ အားလုံးကလည်း စုပ်ယူခံလိုက်ရပြီး လေထဲတွင် ရှိနေသော လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသား၏ဓားနှင့် ရင်ဆိုင်လိုက်မိ၏။

"ချွမ်း... "

တိုက်ခိုက်နေစဉ် မုန့်ချီ၏ ဓားမောက်က ရုတ်တရက် မြေဆွဲအားကို ဆန့်ကျင်ပြီး ထူးဆန်းစွာ ခုန်တက်သွားခဲ့သည်။ ထိုအရာက ငွေရောင်မိုးကြိုးဓား ချီစွမ်းအင်များစွာအဖြစ် ပေါက်ကွဲသွားခဲ့သည်။

မိုးကြိုးမြွေများက လှုပ်ရှားလာပြီး အနီးနားတွင် တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာခဲ့၏။ ဓားချီစွမ်းအင်များ ထွက်ပေါ်လာသည့်အချိန်တွင် များပြားလွန်းလှသော ထင်းရူးဆူးလေးများက သူတို့၏ကိုင်းမှနေ၍ ပြုတ်ကျလာကြသည်။ တချို့က မည်းတူးနေပြီး တချို့က တိတိရိရိ ဖြတ်ပစ်ခံထားရ၏။

အလွန်ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက ကောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကို ထိခိုက်စေခဲ့သည်။ သူက မျက်မှောင်ကြုတ်လိုက်မိ၏။ သူ့ပြိုင်ဘက်က ထိုကဲ့သို့ ပြောင်းလဲမှုတစ်ခုကို ဖုံးကွယ်ထားလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။

သူ၏သုံးသပ်မှုက အားနည်းနေသည်။ သို့သော် သူကတော့ တည်ငြိမ်နေသေး၏။ မုန့်ချီက သူ့ဓားကို သုံးလိုက်သည်မှာ သူထင်ထားသည်နှင့် လုံးဝကို ကွဲပြားနေသည်။ ထိုအရာက ထူးဆန်းသည်ဟု သူက မတွေးမိခဲ့ပေ။

ယခုတော့ သူက မုန့်ချီ၏ တိုက်ခိုက်မှုကို သာမာန်သိုင်းကွက်များသုံး၍ တားဆီးခဲ့ခြင်း မရှိတော့ပေ။ သူလည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် ကောင်းကင်နတ်ဆိုးကျင့်စဉ်ကို အသုံးပြုလိုက်ရသည်။

ခန္ဓာကိုယ်ထဲတွင်ရှိနေသော ချီစွမ်းအင်များက ရုတ်တရက် လှုပ်ရှားလာပြီး သူ၏ဓားသွားက တောက်ပလာခဲ့၏။ ထို့နောက် ဓားက လေထဲသို့ မြောက်တက်လာပြီး မုန့်ချီ၏ဓားကို ရင်ဆိုင်လိုက်သည်။

သူက လိုအပ်သော တွက်ချက်မှုများကို ကြိုတင် လုပ်ဆောင်ထားသည့်အတွက် မုန့်ချီ၏ ကန့်သတ်ချက်ပြီးသွားလျှင် နောက်ထပ် (၁၀) စက္ကန့်အတွင်း ကောင်းကင်နတ်ဆိုးကျင့်စဉ်ကို အသုံးပြုနိုင်ကြောင်း သိနေသည်။ ထို့ပြင် မုန့်ချီက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသည့်အတွက် ထိခိုက်မှုမရှိလျှင်ပင် ရလဒ်ကတော့ သိသာနေ၏။

ထို့နောက် သူက တခြားပညာရှင်များ ရောက်မလာခင် ချက်ချင်း ပုန်းနေနိုင်ပါလိမ့်မည်။ ဤနေရာသို့ ရောက်လာနေသော သိုင်းလောကသားများစွာ ရှိနေ၏။ သို့သော် သူတို့က အချိန်ကြာကြာ မနေနိုင်ကြပေ။

ဓားက လေထဲသို့ မြောက်တက်သွားသည့်အချိန်တွင် ညှိုးခြောက်နေသော သစ်ရွက်များက မီးလောင်သွားခဲ့သည်။ အမှောင်ထုကြီးကလည်း လောင်ကျွမ်းနေသော မီးတောက်များကြောင့် ချက်ချင်း လင်းထိန်သွားခဲ့၏။

နတ်ဆိုးဓားကတော့ ဝိညာဉ်တစ်ခုရှိနေသလို ထင်မှတ်ရပြီး မီးတောက်ထဲတွင် လှုပ်ရှားကခုန်နေသည်။ ထိုဓားက ကောင်းကင်ပြစ်ဒဏ်ဓားကို ဆက်တိုက် တိုက်ခိုက်နေခဲ့၏။

"ချွမ်း ချွမ်း ချွမ်း... "

မုန့်ချီက သူ့ဓားကို မြှောက်လိုက်ပြီး လေထဲသို့ ပစ်လွှတ်လိုက်ရာ ဓားချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ထိုအရာနှင့်အတူ မိုးကြိုးစပါးအုံးမြွေများ လှုပ်ရှားကခုန်လာပြီး မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ ရင်ထဲတွင်တော့ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး မျက်နှာပျက်သွားသည်။ သူတို့က ဓားချင်း အမှန်တကယ် တိုက်ခိုက်မိလိုက်သည့် အချိန်တွင်တော့ မုန့်ချီက ချီစွမ်းအင်များကို သူ့ဓားထဲသို့ အမှန်တကယ် ပို့ဆောင်ထားခြင်း မရှိကြောင်း နားလည်သွားခဲ့သည်။ ထိုချီစွမ်းအင် အများစုကတော့ အဖိုးတန်လက်နက်ဆီမှ ရောက်လာခြင်း ဖြစ်၏။

"ဒါဆိုရင် သူ့ရဲ့ချီစွမ်းအင်တွေက ဘယ်မှာလဲ... ။ သူက အစွမ်းကုန်သုံးထားခဲ့တာ မဟုတ်ဘူးလား... "

သူ့စိတ်ထဲ၌ အကြောက်တရားများ ပေါ်လာပြီး စိုက်ကြည့်နေချိန်တွင် မုန့်ချီက ဘယ်လက်ကို မြှောက်လိုက်သည်။ မုန့်ချီက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် တူညီသောတိုက်ခိုက်မှု (၂) ကြိမ်ကို ခုခံလိုက်ပြီးနောက် သခင်လေးဝမ်ကပင် သူ့ဓားနှင့် ခုခံလာအောင် တွန်းပို့နိုင်ခဲ့သည်။ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလို လူတစ်ယောက်ကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

မုန့်ချီ၏ဘယ်လက်က လုံးဝ အသုံးမဝင်တော့သည့်အတွက် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက စိတ်ထဲတွင် ဝမ်းသာမိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက ဝေ့ကျင်းအဆင့် လူသတ်သိုင်းကွက်ကို မသုံးနိုင်တော့ပေ။ သို့သော် ယခုတော့ သူ့မျက်လုံးများက အေးစက်သွားခဲ့၏။

မုန့်ချီ၏ သွေးကြောဓားက မြေပေါ်သို့ ပြုတ်ကျနေပြီး သူ့လက်ထဲတွင် မည်သည့်အရာကိုမျှ သယ်ဆောင်ထားပုံ မရချေ။ ထိုအချိန်တွင် အဖြူရောင်အငွေ့များက လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ မျက်နှာတည့်တည့်ကို ရောက်လာခဲ့သည်။

သူ့ဆီတွင် အကာအကွယ် ချီစွမ်းအင်များ ရှိနေသော်လည်း ပထမတစ်ကြိမ် လှုပ်ရှားလိုက်သော သိုင်းကွက်ကြောင့် သူ၏ချီစွမ်းအင်များက စိမ့်ထွက်နေခဲ့သည်။ အဖြူရောင်မီးခိုးငွေ့များက သူ၏နှာခေါင်းထဲသို့ ရောက်သွားခဲ့၏။

သူက နှာခေါင်းကို အချိန်မီပိတ်ရန် နောက်ကျသွားသည့်အတွက် ထိုမီးခိုးငွေ့တချို့ကို မတော်တဆ ရှူလိုက်မိသည်။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ ချာချာလည်သွားပြီး ခြေလက်များက ပျော့ခွေသွားခဲ့၏။

"အရိုးပျော့အဆိပ်လား... ။ ဒါက မုဒိမ်းသမားတွေ အသုံးပြုတဲ့ အရာမျိုးပဲ ။ ရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကြီးတဲ့ မဆင်မခြင်ကိုယ်တော်က ဘယ်အချိန်တုန်းကများ အရိုးပျော့အဆိပ်ငွေ့ကို အသုံးပြုရတာလဲ... "

အရိုးပျော့အဆိပ်ငွေ့က သိုင်းကျမ်းတစ်ခုထဲမှနေ၍ လိပ်ပြာနက် သင်ယူထားခဲ့သော အရာဖြစ်သည်။ လူငယ်မှတ်တမ်းထဲရှိ ပညာရှင်များကပင် ထိုအရာကို အနည်းငယ် ရှူရှိုက်မိလိုက်ရုံနှင့် သူတို့၏ ခြေလက်များက အားပျော့သွားနိုင်၏။

ပုံမှန်အားဖြင့် သူ၏အစွမ်းအရ အကာအကွယ် ချီစွမ်းအင်များ ရှိနေသည့်အတွက် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက ထိုအရာကို ကာကွယ်တားဆီးနိုင်သည်။ သို့သော် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်၏ လှည့်စားမှုကြောင့် သူက ထိုအရာကို တုံ့ပြန်ရန် နောက်ကျသွားခဲ့ပြီး မုန့်ချီ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့သည်။

မုန့်ချီကတော့ တိုက်ခိုက်သည့်အချိန်တိုင်း သူရဲကောင်းဆန်ခြင်း ၊ မောက်မာခြင်းနှင့် ခိုင်မြဲခြင်း စသည့်အရာများ အားလုံးနှင့် သူ၏ပုံရိပ်ကို ဖော်တတ်သည်။ သို့သော် သူ၏ဘယ်လက်က ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာ ရနေသည့်အတွက် သူက ပြိုင်ဘက်ကို ဇာတ်လမ်းတစ်ပုဒ် ပြောပြလိုက်ခြင်း ဖြစ်သည်။ ပြိုင်ဘက်ကတော့ အရိုးပျော့အဆိပ်မှုန့်များ ရောက်လာလိမ့်မည်ဟု လုံးဝ မတွေးထားခဲ့ပေ။

ထိုအချိန်ကျမှ မုန့်ချီက သူ့ဓားကို အားကုန် လွှဲယမ်းတိုက်ခိုက်လိုက်ပြီး ဖုံးကွယ်ထားခဲ့သော ချီစွမ်းအင်များ ၊ စိတ်စွမ်းအင်များ အားလုံးကို သုံးလိုက်သည်။ သူ၏ဓားချီစွမ်းအင်များက ချက်ချင်းပင် ပြောင်းလဲလာပြီး လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသား၏ နှလုံးသားထဲတွင် မမေ့နိုင်သော မှတ်ဉာဏ်များ အားလုံးကို နှိုးဆွနိုင်ခဲ့၏။ အရာအားလုံးက ရှုပ်ထွေးနေသော သူ့စိတ်ထဲသို့ ရောက်လာခဲ့သည်။

သူက ခုခံရန်အတွက် နတ်ဆိုးဓားကို ကိုင်ထားသော်လည်း သာမန်ထက် ပို၍နှေးကွေးနေခဲ့၏။ မုန့်ချီ၏ ဓားက သူ၏အကာအကွယ် ချီစွမ်းအင်များကို ဖျက်ဆီးပစ်လိုက်ပြီး လည်ပင်းကို ဖြတ်ပစ်ခဲ့သည်။

ထိုဖြတ်ရာက အလွန်သိမ်မွေ့ညင်သာပြီး မိန်းကလေးတစ်ယောက်၏ အနမ်းကဲ့သို့ ထင်မှတ်ရ၏။ ဓားသွားက သူ့လည်ပင်းပေါ်တွင် ယာယီရပ်တန့်သွားပြီးနောက် မုန့်ချီက ချက်ချင်း ဆွဲယူလိုက်သည်။ ထိုအချိန်တွင် သူ့မျက်လုံးထဲရှိ အလင်းရောင်များက မှေးမှိန်သွားခဲ့၏။ သူက လည်ပင်းကို သတိလက်လွှတ် ကိုင်ကြည့်လိုက်မိသည်။

ထိုအချိန်တွင် မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး အေးစက်စွာ ကြေညာလိုက်၏။

"(၃) စက္ကန့်... "

"ငါ့ကိုသတ်ဖို့ (၃) စက္ကန့်ပဲ လိုခဲ့တာလား... "

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ နောက်ဆုံးမျှော်လင့်ချက်များ ပျောက်ကွယ်သွားခဲ့သည်။ သူ၏သိစိတ်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လဲကျသွားခဲ့၏။

မုန့်ချီက အရိုးပျော့အဆိပ်မှုန့်များ အသုံးပြုခြင်းအပေါ် သူက အတော်လေး စိတ်ပျက်နေမိသေးသည်။ အန်ကုံရှဲ့ကတော့ သူနှင့် ထိုအရာများကို ဆွေးနွေးရန် ငရဲပြည်တွင် စောင့်နေပါလိမ့်မည်။

မုန့်ချီကတော့ အနိုင်ရသူတစ်ယောက်ကဲ့သို့ ကြွေးကြော်နေရန် အချိန်မရှိခဲ့ပေ။ သူက ချက်ချင်းပင် အရိုးပျော့အဆိပ်ငွေ့များအတွက် ဖြေဆေးနှင့် စွမ်းအင်ပြန်ဖြည့်ဆေးတစ်လုံးကို ထုတ်လိုက်ပြီး သူ၏ခြေလှမ်းများ နှေးကွေးမသွားခင် မျိုချလိုက်သည်။

ထို့နောက် မုန့်ချီက သူ၏နောက်ကျောဘက်တွင် ရှိနေသော ပင်မသွေးကြောများကို သွေးများ စီးကျလာခြင်း မရှိစေရန် ပိတ်ထားလိုက်သည်။ မီးတောက်များကိုလည်း ငြိမ်းလိုက်၏။ ထို့နောက် သူ၏အင်္ကျီကို စုတ်ဖြဲလိုက်ပြီး အနီးအနားတွင် မီးလောင်နေသော ခြုံပုတ်တစ်ခုထဲသို့ ပစ်ထည့်လိုက်သည်။

သွေးစိုနေသော အင်္ကျီများက သူ ထွက်ပြေးရာတွင် အတားအဆီး ဖြစ်နိုင်သည်။ ထိုအရာကို လွှင့်ပစ်လိုက်ခြင်းက သူ့နောက်ကို လိုက်ရန်အတွက် လမ်းလွှဲပစ်နိုင်၏။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသော်လည်း ပြိုလဲသွားသည့် အခြေအနေတော့ မရောက်သေးပေ။ သူက အခြေအနေများကို တည်ငြိမ်စွာ ပြောင်းလဲနိုင်သေးသည်။

သူက ချက်ချင်းပင် အနက်ရောင်ဝတ်စုံကို ပြောင်းလဲလိုက်ပြီး လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။ သူက သွေးကြောဓားနှင့် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၏ ဓားကို ကောက်ရန်သာ အချိန်လုံလောက်ခဲ့သည်။

သူက ဝိညာဉ်ဖျောက် ပုလွေနှင့် အစိမ်းရောင်ကျင့်ကြံသူတို့၏ ပစ္စည်းများကိုတော့ စဉ်းစားနေရန် အချိန်မရှိခဲ့ပေ။ အကယ်၍ အနီရောင်အဆင့် လုပ်ကြံသူ တစ်ယောက်ကသာ သူ့ကို တားဆီးလိုက်မည်ဆိုလျှင် လက်ရှိအခြေအနေအရ သေချာပေါက် သေဆုံးရပါလိမ့်မည်။

ထို့ပြင် သူက ရုတ်တရက် တွေးမိခဲ့၏။ နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးက ရက်စက်ခြင်းကျောင်းဆောင်၏ အကူအညီကိုသာ တောင်းဆိုထားခြင်း ဖြစ်နိုင်သည်။ အကယ်၍ သူကသာ အလွန်ကြီးကျယ်သော အရာများကို စဉ်းစားမိမည်ဆိုလျှင် ဘုန်းတော်ကြီးကလည်း စဉ်းစားမိနိုင်သည်။

သူ၏အစစ်အမှန် ဝှက်ဖဲကလည်း လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားထက် ပို၍ အစွမ်းထက်သော လမ်းမှားပညာရှင်များ ဖြစ်နိုင်၏။ ရက်စက်ခြင်းကျောင်းဆောင်၏ အလေးထားမှုကို ခံလိုက်ရပြီးနောက် သူတို့၏ အဖွဲ့သားများက ယခင်တုန်းကဲ့သို့ အလစ်ချောင်းနေကြပါလိမ့်မည်။

အကယ်၍ သူတို့ကသာ အခွင့်အရေးရမည်ဆိုလျှင် ဒုတိယကောင်းကင် သို့မဟုတ် တတိယကောင်းကင် ဝေ့ကျင်းအဆင့်ရှိသော လိမ္မော်ရောင်အဆင့် လုပ်ကြံသူများကို စေလွှတ်နိုင်သည်။

ဘုန်းတော်ကြီး၏ ဆုံးဖြတ်ချက် ပြတ်သားမှုအရ သူက ဝေ့ကျင်းအဆင့် လမ်းမှားပညာရှင်များကို ခေါ်ယူအသုံးချနိုင်စွမ်း ရှိ၏။ တခြားသော အလားတူ အဖွဲ့အစည်းမှ အစွမ်းထက်ပညာရှင်များလည်း ဖြစ်နိုင်သည်။ ဝေ့ကျင်းအဆင့် ပညာရှင်များက ကန့်သတ်ချက်ရှိသော်လည်း အသုံးချ၍ ရနိုင်သေး၏။

တစ်ဖက်တွင်တော့ သူတို့က ရွေးချယ်စရာ လမ်းကြောင်းများစွာ ရှိနေသည်။ မုန့်ချီကတော့ တစ်ယောက်တည်း စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေခဲ့၏။ မသေချာသော အခြေအနေမျိုးတွင် သူ ဆိုလျှင်လည်း လမ်းကြောင်း အနည်းငယ်တွင်သာ ဝေ့ကျင်းအဆင့် ပညာရှင်များကို သေချာပေါက် ချထားနိုင်သည်။

ထိုသို့ဆိုလျှင် သူတို့က အချက်ပြမှုကိုရသည်နှင့် လမ်းမှန်ဆီသို့ အလျင်အမှန် ရောက်လာနိုင်၏။ သူတို့က သူတို့ရောက်နေသော လမ်းကြောင်းများက တစ်ခုနှင့်တစ်ခု အလွန်အမင်း မဝေးနိုင်ပေ။ သူတို့ကသာ သူ၏လမ်းကြောင်းကို သေချာသိသွားမည်ဆိုလျှင် သူ့ဆီသို့ လျင်မြန်စွာ ရောက်လာနိုင်၏။ ဝေ့ကျင်းအဆင့် ပညာရှင်များ ခရီးသွားနိုင်သည့်အရှိန်အရ သူ့နောက်ကို လိုက်ပြီး ဖမ်းရန် အလွန်အမင်း ခက်ခဲနေလိမ့်မည် မဟုတ်ချေ။

"အစောပိုင်းမှာ ဝိညာဉ်ဖျောက်ပုလွေက တကယ်အချက်ပြခဲ့တယ်... "

မုန့်ချီက ရင်ထဲတွင် တင်းကြပ်သွားခဲ့သည်။ သူက လမ်းအတိုင်း တစ်ရှိန်ထိုး ပြေးဆင်းသွားခဲ့၏။ သူက နောက်မှလိုက်လာသူများကို မျက်ခြေဖြတ်ချင်နေသည်။

သိပ်မကြာခင် သူက စမ်းချောင်းတစ်ခုကို တွေ့လိုက်ရပြီး စမ်းချောင်းထဲသို့ လျင်မြန်စွာ ခုန်ဆင်းသွားခဲ့၏။ ထို့နောက် တစ်ဖက်တွင် ရှိနေသော သစ်တောထဲသို့ ဝင်သွားခဲ့သည်။ သူ့ခြေထောက်က မြေပြင်တွင် လုံးဝမထိခဲ့ဘဲ သစ်တောအနက်ပိုင်းထဲသို့ တစ်ရှိန်ထိုး ပြေးဝင်သွားခဲ့၏။

…………

(၁၅) မိနစ်ကြာပြီးနောက် ဇရပ်ရှေ့တွင် လူတစ်ယောက် ဆင်းသက်လာခဲ့သည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ဆီတွင် အနက်ရောင် အိုးတစ်လုံးကို သယ်ဆောင်ထားသည်။ သူက မြေပေါ်တွင် ခြေချလိုက်သည်နှင့် သွေးရနံ့များ၊ လဲကျနေသော အလောင်း (၃) လောင်းကို တွေ့လိုက်ရသည်။ သူက မကြေမချမ်း ရေရွတ်လိုက်၏။

"အသုံးမကျတဲ့အမှိုက်တွေ... "

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနှင့် တခြား(၂) ယောက်က မုန့်ချီကို မသတ်နိုင်သည့်အတွက် သူလည်း မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ သူတို့အားလုံးက အချင်းချင်း စောင့်ကြည့်နေကြခြင်း ဖြစ်နိုင်၏။

ထိုလူများက လမ်းပေါင်းစုံတွင် သူချထားသော ထောင်ချောက်များ ဖြစ်သည်။ သို့သော် သူတို့၏အစွမ်းအရ အချိန်ဆွဲရန်ပင် မတတ်နိုင်ခြင်းပေလော။ သူရောက်လာသည့် အချိန်တွင် သူတို့က လျင်မြန်စွာ ရှင်းပစ်ခံလိုက်ရ၏။

သူက သူ၏စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး မုန့်ချီ၏ ခြေရာလက်ရာကို ရှာဖွေကြည့်လိုက်သည်။ သိပ်မကြာခင် တွေ့လိုက်ရသည့်အတွက် သူလည်း နောက်မှ လိုက်သွားခဲ့သည်။

ထိုအချိန်တွင် အမှောင်ထဲမှ အရိပ်များ လှုပ်ရှားလာသည်။ နောက်ဆုံးတွင်တော့ အနီရောင်အဆင့် လုပ်ကြံသူကလည်း မုန့်ချီ၏နောက်သို့ လိုက်သွားရန် ရောက်လာခဲ့သည်။

သူတို့က စမ်းချောင်းဆီသို့ ရောက်လာသည့်အချိန်တွင် အနက်ဝတ်လူ၏ မျက်လုံးများက မည်းမှောင်သွားခဲ့၏။ သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"စမ်းချောင်းကို အသုံးချပြီး ထွက်ပြေးချင်နေတယ်..။ ခြေရာလက်ရာတွေကို ရှင်းပစ်ချင်တာလား..။ သေစမ်း ။ တကယ်လို့ သူသာ တောင်ပေါ်ကနေ ထွက်သွားပြီဆိုရင် ဘယ်ကိုရောက်သွားမလဲဆိုတာ ငါလည်း မပြောနိုင်တော့ဘူး... "

Translated by Hein Htet.

All Chapters