← Chapters

အခန်း (၃၃၈)

Vol. 23 Ch. 338

အခန်း (၃၃၈)

Vol. 23 Ch. 338

ညက တဖြည်းဖြည်း မှောင်လာခဲ့သည်။ ကွေဟောင်နှင့် တခြားသူများက တောင်တန်းကြီးပေါ်ကို တက်လာသည့်အချိန်တွင် ပျက်စီးသွားသောလမ်းကို ကွေ့ပတ်၍ သွားနေရ၏။

အစောပိုင်းပေါက်ကွဲမှု၏ ကျေးဇူးကြောင့် ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများက လက်မလျှော့သေးကြောင်း သူတို့က သေချာသိနေကြသည်။ နောက်ဆုံးတစ်ကြိမ်တွင် ရူးသွပ်မှုများ ပေါ်လာကြပြီး ဝေ့ကျင်းအဆင့် ပညာရှင်များကပင် ဝင်ရောက်တိုက်ခိုက်နေကြောင်း သေချာမသိကြသေးပေ။

အကယ်၍ သူတို့ရင်ဆိုင်နိုင်သောလူ မဟုတ်လျှင် သူတို့ကတော့ ခရီးသွားများအဖြစ် ဖြတ်ကျော်သွားမည်သာဖြစ်သည်။ အကယ်၍ သူတို့ရင်ဆိုင်နိုင်သော ရွှေအဆင့် လုပ်ကြံသူများဆိုလျှင်တော့ သူတို့လည်း ဝင်ရောက်တိုက်ခိုက်ပြီး ဆုကြေးရယူကြမည် ဖြစ်သည်။

အေးစက်နေသော ဆောင်းရာသီ အမှောင်ထုကြီးအောက်တွင် တောင်တက်လမ်းကိုမျက်စိတဆုံး မြင်နေရသည်။ သူတို့က ထင်းရှူးပင်များကို တစ်ဆင့်ချင်းဆီ ဖြတ်ကျော်သွားရပြီး တောင်ထိပ်ကို ရောက်သည့်အချိန်မှသာ သဘာဝနားခိုရာ တစ်ခုဆီကို ရောက်လာကြသည်။

ထိုနေရာတွင် မြောက်ပြန်လေက သိသိသာသာ လျော့ကျနေခဲ့၏။ သူတို့၏ ရှေ့ဖက်လမ်းပေါ်တွင်တော့ ဇရပ်တစ်ခု ရှိနေသည်။ သူတို့က လောင်ကျွမ်းနေသော မီးတောက်အနည်းငယ်ကို မြင်လိုက်ရသည့်အတွက် ညအချိန်တွင်ပင် နွေးထွေးမှု အနည်းငယ်ကို ခံစားနေရ၏။

ထိုအချိန်တွင် သူတို့၏နှာခေါင်းထဲသို့ ညှီစို့စို့ရနံ့တစ်ခု ဝင်ရောက်လာခဲ့သည်။ ကွေဟောင်က နှာခေါင်းထဲတွင် မသက်မသာ ခံစားလိုက်ရသည့်အတွက် ချက်ချင်း အော်ပြောလိုက်၏။

"အကုန်လုံးသတိထားကြ…။ ရှေ့မှာ အဆိပ်ငွေ့အကြွင်းအကျန်တွေ ရှိနေတယ်။ အဲဒါက ပျောက်ကွယ်သွားနေပေမယ့် ဒီနေရာမှာ လေတိုက်တာ အားနည်းတယ်။ တကယ်လို့ ငါတို့သာ အများကြီးရှုလိုက်မိမယ်ဆိုရင် အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ ငါတို့က ဖြေဆေးတွေကို မြန်မြန်သောက်ထားသင့်တယ်…"

အဆိပ်ငွေ့အကြွင်းအကျန်များက အကျိုးသက်ရောက်မှု မရှိသော်လည်း ဂရုစိုက်နေခြင်းက ပို၍အရေးကြီးသည်။ ဖြေဆေးတစ်လုံးကို သောက်လိုက်မည်ဆိုလျှင် လမ်းတစ်လျှောက်၌ ပြဿနာ မတက်နိုင်တော့ပေ။

ကျန်းချင်က ထိုကဲ့သို့ အရာမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့နေရသည့်အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူက ဖြေဆေးတစ်လုံးကိုယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် ဇရပ်ဆီသို့ လျှောက်သွားခဲ့သည်။

"နံပါတ်(၁၂) သခင်လေးကွေ..

ဒီနေရာမှာ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့တာ ထင်တယ်။ ရလဒ်က ဘယ်လိုဖြစ်သွားလဲ မသိဘူး။ ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူဘယ်လောက်များ အသတ်ခံခဲ့ရတာလဲ…"

အကယ်၍ ဤနေရာကို ရောက်လာသူက အနီရောင်အဆင့် လုပ်ကြံသူ တစ်ယောက်ဆိုလျှင် အလွန်သူရဲကောင်းဆန်ပြီး မာနကြီးသော အပြာဝတ်လူငယ်က လုံလုံခြုံခြုံ ထွက်သွားနိုင်မည်လော။

ကွေဟောင်က အနည်းငယ် နောင်တရစွာ ပြောလိုက်သည်။

"လုပ်ကြံသူတွေ တိုက်ခိုက်တဲ့အချိန်မှာ သူတို့ရဲ့ပစ်မှတ်က အရေးကြီးဆုံးပဲ။ ဒါကြောင့် သူတို့က သူတို့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တဲ့ ရန်သူတွေကိုတောင် လုပ်ကြံနိုင်ကြတယ်။ သူတို့က ညနေကတည်းက အပြာဝတ်လူကို ရင်ဆိုင်ဖူးတယ်ဆိုတော့ သူ့အစွမ်းကို ကောင်းကောင်းကြီး သိနေလောက်ပြီ။ ဒါကြောင့်လည်း သူတို့က တောင်တက်လမ်းကို ဖောက်ခွဲပစ်လိုက်တာပေါ့။ သူတို့က သူ့ကို ရသွားလောက်ပြီ ထင်တယ်…"

လူတစ်ယောက်၏ ကျင့်စဉ်အဆင့်နှင့် စွမ်းအားက အစစ်အမှန်တိုက်ပွဲထဲတွင်တော့ မသေချာနိုင်ပေ။ လူတစ်ယောက်၏ တိုက်ခိုက်စွမ်းရည်က သူတို့၏ခံစားချက်ပေါ် မူတည်ပြီး ပြောင်းလဲနိုင်သည်။ အခွင့်အရေး၊ အချိန်ကိုက်လှုပ်ရှားမှု၊ အချင်းချင်း ပေါင်းစပ်တိုက်ခိုက်မှုနှင့် တခြားအချက်များကလည်း တိုက်ခိုက်စွမ်းရည်အပေါ် သက်ရောက်စေနိုင်သည်။

စောင့်ကြည့်ရာတွင် ကျွမ်းကျင်သော လုပ်ကြံသူများကတော့ သူတို့၏ပစ်မှတ် အားနည်းသည့် အချိန်တွင် သေချာပေါက် တိုက်ခိုက်တတ်ကြသည်။ ထို့ကြောင့် လိုအပ်လာလျှင် ပညာရှင်များက သူတို့၏အခြေအနေကို အမြင့်ဆုံးဖြစ်နေအောင် ပြင်ဆင်ထားရမည်ဟု ယုံကြည်နေကြ၏။

ထိုသို့ဆိုလျှင် တိုက်ပွဲထဲတွင် မသေချာမှုများ လျော့နည်းသွားနိုင်သည်။ ထိုအရာက လုပ်သင့်သော အရာတစ်ခုလည်း ဖြစ်သည်။

ရှေ့တွင် ရှိနေသော လူက ရုတ်တရက် ရပ်သွားပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

"ဒီမှာအလောင်းတစ်ခုရှိတယ်.."

နောက်မှ လိုက်လာသော ကွေဟောင်က အသံကြားသည့်နေရာကို လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော အလောင်းတစ်ခုကို မြင်လိုက်ရသည်။

ထိုအလောင်းတွင် မျက်နှာက ပိန်ပိန်ပါးပါးနှင့် ထူးခြားသော လက္ခဏာများ ရှိ၏။ သူ့ခန္ဓာကိုယ်က ရေခဲရိုက်ထားသည့်အလား တစ်ကိုယ်လုံး ရေခဲလွှာတစ်ခု ဖုံးလွှမ်းနေသည်။ သို့သော် သေစေနိုင်လောက်သော တိုက်ခိုက်မှုကတော့ သူ၏မျက်ခုံးကြားထဲတွင် ရှိနေသော ဓားဒဏ်ရာဖြစ်သည်။

သူက ထိုလူကို ရင်းနှီးနေသည်ဟု ခံစားမိသည့်အတွက် ခေါင်းထဲတွင် နာမည်ကျော် ပညာရှင်များစွာ၏ နာမည်ကို စဉ်းစားနေခဲ့သည်။ ထို့နောက် သူက ချက်ချင်း မှတ်မိသွားခဲ့၏။ အလောင်း၏လက်ထဲတွင် ရှိနေသော ရေခဲသလင်းကျောက်များက အများဆုံးဖြစ်ကြောင်း သတိထားမိခဲ့သည်။ ထိုအရာက သူ၏သွေးနှင့် အရိုးများထဲမှ ထိုးထွက်လာသလို ထင်မှတ်ရသည်။

သူက ကျယ်လောင်စွာ အော်ပြောလိုက်မိသည်။

"အရိပ်ရေခဲလက်ဝါး.."

သူ၏ပတ်ပတ်လည်တွင် ရှိနေသော သိုင်းလောကသားများအားလုံးက ပင့်သက်ရှိုက်လိုက်မိကြသည်။ အရိပ်ရေခဲလက်ဝါးက တိစီရင်စုနှင့် ချင်စီရင်စုများတွင် နာမည်ကျော် လမ်းမှားပညာရှင် တစ်ယောက်ဖြစ်သည်။ သူက နာမည်ဆိုးနှင့် ကျော်ကြားပြီး ပြစ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သည့်အတွက် လူတိုင်းက သတ်ချင်နေကြသည်။

သို့သော် အလွန်ထူးချွန်သော ကိုယ်ဖော့ပညာကြောင့် သူက တစ်စုံတစ်ခု လွဲမှားသွားသည်ဟု ခံစားလိုက်မိသည့် အချိန်တိုင်း ချက်ချင်း ထွက်ပြေး လွတ်မြောက်နိုင်ခဲ့၏။

တဖြည်းဖြည်းနှင့် သူက ဝေ့ကျင်းတစ်ဝက်အဆင့်အထိ လေ့ကျင့်နိုင်ခဲ့ပြီး အစွမ်းထက်သော လမ်းမှားပညာရှင် တစ်ယောက် ဟူသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။

သူက လူပေါင်းများစွာကို သတ်ပစ်လိုက်ခဲ့ပြီး နောက်ပိုင်းတွင်တော့ ချီစွမ်းအင် သွေဖယ်မှုကို ခံစားလိုက်ရပြီး ရေခဲလက်ဝါးကို ထိန်းချုပ်၍ မရနိုင်တော့ပေ။ သူက အသက်ရှင်နိုင်ရုံသာ ရှိခဲ့၏။ သူ့အစွမ်းကလည်း သိသိသာသာ လျော့ကျသွားခဲ့ပြီး အဆင့်တစ်ဆင့် ကျဆင်းလုနီးပါး ဖြစ်သွားခဲ့၏။

သူက တစ်ကြိမ်တိုက်ခိုက်လိုက်သည့်အချိန်တိုင်း တန်ပြန်သက်ရောက်မှုကို ခံစားရသည်။ ထိုအချိန်တွင်ပင် သူက ဝေ့ကျင်းတစ်ဝက်အဆင့် ရှိနေသေးပြီး သူ၏ကိုယ်ဖော့ပညာနှင့် ရေခဲလက်ဝါးတို့ကြောင့် ပြိုင်ဖက်ကင်း ဖြစ်နေသည်။

သူသာ အလွန်အကျွံ တိုက်ခိုက်ခြင်း မရှိသ၍ (၁၅)မိနစ်ကျော် ထိန်းထားနိုင်သည်။ နောက်ပိုင်းတွင်မှ သူ၏တိုက်ခိုက်မှုများက တဖြည်းဖြည်း အားနည်းသွားခြင်းဖြစ်၏။ သူက ထိုအခြေအနေသို့ ရောက်လာသည့် အချိန်တွင်လည်း ကိုယ်ဖော့ပညာကို အသုံးပြုပြီး ထွက်ပြေး၍ ရနိုင်သည့်အတွက် တခြားလူများက သူ့ကိုဖမ်းရန် ခက်ခဲသည်။

ထို့ကြောင့် တိစီရင်စုနှင့် ချင်စီရင်စုထဲတွင် ရှိနေသော ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်အများစုနှင့် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်အနည်းငယ်ကပင် သူ့ကို ကြောက်လန့်နေကြသေးသည်။ ယနေ့တော့ သူက ဤနေရာတွင် သေဆုံးနေလိမ့်မည်ဟု မည်သူကရော တွေးထားမိမည်နည်း။

"သူက ရက်စက်ခြင်းကျောင်းဆောင်က လုပ်ကြံသူ တစ်ယောက်လား..။ အပြာဝတ်လူငယ်က သူ့ကိုတောင် သတ်နိုင်တာလား…"

သူတို့က မယုံကြည်နိုင်သလို ခံစားနေရပြီး ပင့်သက်ရှိုက်လိုက်မိသည်။

ကွေဟောင်က သက်ပြင်းချလိုက်မိ၏။

"သူက လုပ်ကြံသူဟုတ်ဟုတ် မဟုတ်ဟုတ် အပြာဝတ်လူငယ်ကို သတ်ဖို့ ကြိုးစားတဲ့လူတိုင်းက ကြောက်စရာကောင်းတယ်လို့ သတ်မှတ်နိုင်တယ်…"

ကြောက်စရာအကောင်းဆုံးအရာကတော့ အရိပ်ရေခဲလက်ဝါးက သေဆုံးသွားခြင်း ဖြစ်သည်။ မည်းတူးနေသော ပတ်ဝန်းကျင်အခြေအနေ၊ ဓားအမှတ်အသားများနှင့် မြေပေါ်တွင် ရှိနေသော ခြေရာများက ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြောင်း ပြသနေသည်။

အပြာဝတ်လူငယ်က အရိပ်ရေခဲလက်ဝါးကို သူ၏အမြင့်ဆုံးသိုင်းကွက်များ အကြိမ်ကြိမ် အသုံးချရန် တွန်းအားပေးခဲ့သည့်အတွက် တန်ပြန်သက်ရောက်မှုကို စောစောစီးစီး ခံစားခဲ့ရပုံပေါ်သည်။ ထိုအရာက အလွန်ကြောက်စရာကောင်း၏။ သူက ရန်သူကို သတ်ပြီး ထွက်သွားခဲ့ခြင်းပေလော။

"ဒီမှာ နောက်ထပ်အလောင်းတစ်ခု…."

လူတစ်ယောက်က အော်ပြောလိုက်ပြီး မလှမ်းမကမ်းတွင် ရှိနေသော နေရာကို လက်ညှိုးထိုးပြလိုက်သည်။

မူလကတည်းက ထိတ်လန့်နေသော ကျန်းချင်က အလွန်ကြောက်လန့်သွားခဲ့၏။ သူက လှမ်းကြည့်လိုက်ရာ ထင်းရှူးပင်နားတွင် အလောင်းတစ်လောင်း လဲကျနေကြောင်း မြင်လိုက်ရ၏။ ထိုလူကတော့ ခေါင်းတုံးနှင့်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်က သိသာထင်ရှားသည်။သူ၏ပတ်ပတ်လည်တွင်လည်း မီးတောက်နှင့် မိုးကြိုးအမှတ်အသားများ ရှိနေ၏။

“လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား၊ ဖျက်ဆီးရေးဂိုဏ်းက မကောင်းဆိုးဝါး လူသား(၁၉)ယောက်ထဲက (၁)ယောက်…”

ထိုအလောင်းကိုတော့ လူတော်တော်များများက အလွယ်တကူ မှတ်မိကြသည်။ ထိုအရာက မကောင်းဆိုးဝါးလူသား ထိပ်ဆုံး(၅)ယောက်ထဲမှ (၁)ယောက်ဖြစ်သော လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသား ဖြစ်သည်။

"သူလည်း သေသွားတာလား...။ ကြည့်ရတာတော့ သူနဲ့ အရိပ်ရေခဲလက်ဝါးတို့က ဟိုလူငယ်လေးကို ပူးပေါင်းပြီး တိုက်ခိုက်ကြတာ ဖြစ်မယ်ထင်တယ်…"

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားနှင့် အရိပ်ရေခဲလက်ဝါးတို့က ပူးပေါင်းတိုက်ခိုက်နေသည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ တိုက်ပွဲကြောင့် ပျက်စီးနေသော အပျက်အစီးများနှင့် လောင်ကျွမ်းခြင်း မီးတောက် မကောင်းဆိုးဝါးလူသား၏ ဒဏ်ရာနားတွင် ရှိနေသော မိုးကြိုးရာများကို မြင်သည့်အခါ ကွေဟောင်က အိပ်မက်မက်နေသလို ခံစားနေရသည်။

ထိုအပြာဝတ်လူငယ်၏ အစွမ်းက မည်မျှကြောက်စရာကောင်းနေသနည်း။ ဤနေရာတွင် မည်ကဲ့သို့သော တိုက်ပွဲမျိုး ဖြစ်ခဲ့သနည်း။ ညက မည်းမှောင်နေပြီး မီးအလင်းရောင်က မှေးမှိန်နေသည်။

လူတိုင်းကတော့ ထိုအလောင်း(၂)လောင်းကို စိုက်ကြည့်နေရင်း တစ်ကိုယ်လုံး တုန်လှုပ်နေကြ၏။ သူတို့က ငရဲပြည်မှ မြင်ကွင်းတစ်ခုကို ကြည့်နေရသလို ထင်မှတ်ရ၏။

"ဒီမှာ နောက်ထပ်အလောင်းတစ်ခုရှိသေးတယ်.."

မိန်းမပျိုတစ်ယောက်က တုန်တုန်ယင်ယင်အသံနှင့် ပြောလိုက်သည်။

ဇရပ်၏ အပြင်ဖက် လှေကားထစ်နားတွင် မိန်းမပျိုတစ်ယောက် လဲကျနေပြီး သူမ၏အနားတွင်တော့ ကျောက်စိမ်းပုလွေတစ်ခု ရှိနေသည်။ နောက်ထပ် အလောင်းတစ်ခု ရှိနေသည့်အတွက် လူတိုင်းက မယုံကြည်နိုင်သလို ဖြစ်သွားကြ၏။

လူအုပ်ကြီးထဲတွင် သိုင်းလောကသားများစွာ ရှိနေသည့်အတွက် သူတို့က ထိုမိန်းမပျိုအလောင်းကို လျင်မြန်စွာ ခွဲခြားသိနိုင်ကြသည်။

"ဝိညာဉ်ဖျောက်ပုလွေ.. လင်းပိယု.။ သူတို့(၃)ယောက် ပူးပေါင်းတိုက်ခိုက်ခဲ့ပေမယ့် အဆုံးမှာတော့ သေဆုံးသွားရတယ်…"

ကွေဟောင်က ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်မိသည်။

ထိုကဲ့သို့ ထောင်ချောက်တစ်ခုကပင် ကျရှုံးသွားရလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ အပြာဝတ်လူငယ်က ဝေ့ကျင်းတစ်ဝက်အဆင့်ပင် မရှိသေးသည်မှာ ရှင်းရှင်းလင်းလင်း သိသာနေသည်။ တိုက်ပွဲအတွင်း မည်သည့်အရာများဖြစ်ခဲ့သနည်း။ ထိုအရာက သာမန်လူများ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့၏။

လင်းပိယုနှင့် အရိပ်ရေခဲလက်ဝါးတို့က မျက်ခုံးကြားထဲတွင် ဓားနှင့် ထိုးစိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်။ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားကတော့ ဓားမောက် တစ်ချောင်းနှင့် လည်ပင်းဖြတ်ခြင်းကို ခံလိုက်ရ၏။

သူတို့(၃)ယောက်ထဲတွင် ဓားမောက်သုံးသည်မှာ တစ်ယောက်တည်းသာရှိသည်။ ထို့ပြင် ပါးလွှာသော သူ၏ဓားမောက်ကလည်း သူ့လည်ပင်းတွင် ရှိနေသော ဒဏ်ရာနှင့် ကိုက်ညီမှု မရှိချေ။ ထို့ကြောင့် သူတို့က အချင်းချင်း သတ်ပစ်လိုက်သည် ဟူသော ဖြစ်နိုင်ခြေကို ဖယ်ထုတ်လိုက်ရ၏။

အလောင်း(၃)လောင်းက နှင်းဖုံးနေသော လမ်းမပေါ်တွင် အသက်မဲ့စွာ လဲကျနေသည်။ လူအုပ်ကြီးကတော့ သူတို့ကို စိုက်ကြည့်ပြီး စကားပင် မပြောနိုင်ကြပေ။ သူတို့၏ အစွမ်းနှင့် သူတို့ပူးပေါင်းတိုက်ခိုက်သည်ဟူသော အချက်အရ တောင်တက်လမ်းကို ဖောက်ခွဲပစ်လိုက်သည်မှာလည်း သူတို့သာ ဖြစ်နိုင်သည်။

သူတို့က အချိန်ဆွဲ၍ တိုက်ခိုက်မည်ဆိုလျှင်ပင် ဝိုင်းဝန်းတိုက်ခိုက်ခံရမှာကို ကြောက်စရာ မလိုအပ်ပေ။ သို့သော် အဆုံးသတ်ရလဒ်ကတော့ တွေးထားနိုင်လိမ့်မည် မဟုတ်ချေ။ တစ်စုံတစ်ယောက်က အပြာဝတ်လူငယ်ကို ကူညီပေးလိုက်ခြင်းပေလော။ သို့သော် ဝေ့ကျင်းအဆင့် သို့မဟုတ် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များ၏ ခြေရာလက်ရာကိုလည်း မတွေ့ရပေ။

"ဓားမောက်အမှတ်အသားနဲ့ ဓားရှည်အမှတ်အသား.."

ကွေဟောင်က အလွန်ထူးခြားသော လူတစ်ယောက် အကြောင်းကို တွေးလိုက်မိသည်။ သို့သော် ထိုအရာကလည်း မဟုတ်နိုင်ပေ။ လူငယ်မှတ်တမ်းထဲတွင် ထိပ်ဆုံး(၁၀)ယောက်အတွင်း ရှိနေသော လူအနည်းစုကသာ လောင်ကျွမ်းခြင်း မီးတောက်မကောင်းဆိုးဝါးလူသား၊ အရိပ်ရေခဲလက်ဝါးနှင့် ဝိညာဉ်ဖျောက်ပုလွေတို့ကို ရှင်းပစ်နိုင်စွမ်းရှိသည်။

အကယ်၍ ထိုလူ၏ သိုင်းပညာက အဖွဲ့လိုက်တိုက်ခိုက်ရာတွင် အလွန်ထူးခြားနေမည်ဆိုလျှင်ပင် သူ၏အခြေအနေက အနည်းငယ် ကွဲပြားနိုင်သည်။

"ဒီနေရာကိုရှာဖွေပြီး အလောင်းပေါ်မှာ တွေ့တဲ့ပစ္စည်းတွေကို ယပ်တောင်(၆)လက်ကျောင်းဆီ အပ်လိုက်ကြစို့။ ပြီးတော့ အဲဒါတွေနဲ့ ဆေးရည်တွေ ငွေစတွေကို လဲလှယ်ကြမယ်။ ဒီနေရာမှာရှိတဲ့ လူတိုင်းက ဝေစုရမယ်။"

ကွေဟောင်က အော်ပြောလိုက်သည်။

တစ်စုံတစ်ယောက်က သူတို့ကြားထဲသို့ဝင်လာပြီး ပြဿနာရှာမည့်အဖြစ်မျိုးကို သူကတော့ မလိုချင်ပေ။ သူက သိုင်းလောကကိစ္စရပ်များတွင် အတွေ့အကြုံ မရှိသော်လည်း စကားပြောရန် နည်းလမ်းတစ်ခု ရှိနေသေးသည်။

သတင်းကြားသည်နှင့် လူဆိုးထိန်းများက ရောက်လာကြပြီး ထိတ်လန့်နေသူများကို တည်ငြိမ်အောင် ကူညီပေးနိုင်သည်။ ထို့နောက် ဤနေရာတွင် နောက်ထပ်လူသတ်မှုများ မဖြစ်အောင် ကာကွယ်ပေးနိုင်၏။

လူအုပ်ကြီးက လူကွဲသွားကြပြီး ပတ်ပတ်လည်တွင် ရှာဖွေနေကြသည်။ သူတို့က နောက်ထပ်အလောင်းများကို ရှာတွေ့ရန် မျှော်လင့်နေပြီး သူတို့ဆီမှ ပစ္စည်းများကို တိတ်တဆိတ် ယူထားချင်နေသည်။

သူရဲကောင်းအနည်းငယ်က ထင်းရူးပင်ကြီး၏ အလယ်တွင် ရှိနေသော သစ်ရွက်ခြောက်ပုံကြီးကိုတော့ ဖြတ်ကျော်သွားကြသည်။ ထိုနေရာတွင် အသက်စွမ်းအား လုံးဝမရှိသော သစ်ခေါင်းကြီးတစ်ခုသာ ရှိ၏။

သူတို့ဖြတ်ကျော်သွားပြီးနောက် သစ်ရွက်များက ရုတ်တရက် ပြန့်ကျဲသွားပြီး လူတစ်ယောက် ထွက်လာခဲ့သည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် မည်သည့်အရာကိုမျှကိုင်မထားပေ။ သူ့ပုံစံက သာမန်သာဖြစ်၏။

ထိုအရာက မုန့်ချီ ဖြစ်သည်။ သူက စမ်းချောင်းထဲသို့ ခုန်ချသွားပြီးနောက် သစ်ကိုင်းများပေါ်သို့ ခုန်တက်လိုက်ပြီး သစ်တောထဲတွင် ကွေ့ပတ်သွားခဲ့ခြင်း ဖြစ်သည်။ထို့နောက် တိုက်ပွဲ တိုက်ခိုက်ခဲ့သောဇရပ်ဆီသို့ ပြန်လာခဲ့ခြင်းဖြစ်၏။

သူက (၁၀)စက္ကန့်အတွင်း ဝေးဝေးမသွားနိုင်ကြောင်း သူသိနေသည်။ ထို့ပြင် ဆောင်းရာသီ၌ စမ်းချောင်းက ရေစီးဆင်းမှုနည်းပါးသည်။ သူ၏သွေးရနံ့များကို ဖယ်ရှားပေးခြင်းကလွဲလျှင် ခြေရာလက်ရာကို ဖုံးကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက လမ်းလွှဲရန် ဆုံးဖြတ်ထားလိုက်ပြီး သူတို့(၃)ယောက် တိုက်ခိုက်ခဲ့သော နေရာတွင် ပုန်းနေရန် စဉ်းစားလိုက်၏။

အန္တရာယ်အရှိဆုံးနေရာက အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ ထိုနေရာတွင် သွေးရနံ့များလည်း ပျောက်ကွယ်သွားခြင်း မရှိသေးသည့်အတွက် သဘာဝအကာအကွယ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

အကယ်၍ သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးရနံ့အနည်းငယ် ရှိနေသေးလျှင်ပင် သံသယဝင်ခံရမှာကို ကြောက်စရာ မလိုအပ်ပေ။ ထို့နောက် သူက သစ်ခေါင်းတစ်ခုထဲတွင် ပုန်းအောင်းနေပြီး သစ်ရွက်ခြောက်များနှင့် ဖုံးကွယ်ထားခဲ့သည်။

သူ၏စိတ်ဝိညာဉ်စွမ်းအားနှင့် အရာအားလုံးကိုလည်း ဖုံးကွယ်ထားလိုက်၏။ သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကိုသုံးပြီး နှလုံးခုန်သံကို အတတ်နိုင်ဆုံး လျော့ချ၍ တိရစ္ဆာန်များ ဆောင်းခိုနေသလို အခြေအနေမျိုး ပြောင်းလဲထားသည်။ ထိုအရာက မည်သူ့ကိုမျှ သတိပေးသလို မဖြစ်ခဲ့ပေ။

သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်နှင့် အနီရောင်အဆင့် လုပ်ကြံသူများ ရောက်လာခြင်းကို သတိထားမိခဲ့ပြီး အသုံးမဝင်သော အမှိုက်များဟု ပြောသံကိုလည်း ကြားခဲ့ရသည်။

ထိုအချိန်တွင် အန္တရာယ်အများဆုံး အခိုက်အတန့် ရောက်လာပြီဖြစ်ကြောင်း နားလည်လိုက်ပြီး သူကတော့ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ အစွမ်းကို အသုံးပြုထားသည့်အတွက် အမှန်တကယ်ကို တိရစ္ဆာန်များ မြေအောင်းနေသကဲ့သို့ ဖြစ်နေသည်။

အစွမ်းထက်သော ရန်သူနှစ်ယောက်က ထွက်သွားပြီး ပတ်ပတ်လည်သို့ ရှာဖွေနေသည့် အချိန်တွင်ပင် သူကမလှုပ်ရဲခဲ့ပေ။ သူက ကွေဟောင်နှင့် တခြားသောလူများ ရောက်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့၏။

ထို့နောက် သူတို့က ရှာဖွေရန် အလုပ်များနေစဉ် အခွင့်ကောင်းယူပြီး ပုန်းနေသည့်နေရာမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ စွမ်းအားပြန်ဖြည့်ဆေး၏ အကျိုးသက်ရောက်မှုက ခန္ဓာကိုယ်ထဲတွင် ဖြည်းညင်းစွာ ပြန့်နှံ့နေသည့်အတွက် သူက စွမ်းအားအတော်များများ ပြန်ရနေခဲ့သည်။

သူက အားနည်းသောအဖွဲ့သားတစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြီး ရှာဖွေနေသော လူအုပ်ကြီးထဲသို့ ဝင်ရောလိုက်သည်။

"ဒီကမိတ်ဆွေ.. တစ်ခုခုတွေ့ခဲ့သေးလား…"

မုန့်ချီက ရှာဖွေနေသော လူတစ်ယောက်ဆီကို ကပ်သွားပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်၏။

ထိုလူက မုန့်ချီကို စိုက်ကြည့်လိုက်သည်။ ထိုလူက မုန့်ချီကို မမှတ်မိပြေန်ဖြေလိုက်၏။

"အဲဒီလောက် မလွယ်ပါဘူးဗျာ..။ မိတ်ဆွေ.. မင်းက ဒဏ်ရာရထားတာလား…"

"ဟုတ်တယ်.. ကျွန်တော်က တောင်ပေါ်ကို တက်လာတဲ့အချိန်မှာ မတော်တဆ ခြေချော်ပြီး ဘယ်လက် ထိခိုက်သွားတာ။ ဒါကြောင့် ကျွန်တော်က နောက်မှာ ကျန်နေခဲ့တာ.."

မုန့်ချီက လိမ်ပြောလိုက်သည်။

ထိုလူက ချက်ချင်း နားလည်သွားခဲ့၏။

"ငါနားလည်ပြီ…"

ထိုသို့ဆိုလျှင် ထိုလူငယ်က သူတို့နှင့်အတူ တောင်တန်းကို ဖြတ်ကျော်လာသော လူတစ်ယောက် ဖြစ်နေသည်။ အလွန်မှောင်နေသည့်အတွက် သူတို့က သူ၏မျက်နှာကို မည်သို့မှတ်မိကြမည်နည်း။

မုန့်ချီက သူတို့၏ကြားထဲတွင် ရင်းနှီးမှုရရန် ကြိုးစားနေသည့်အတွက် သိပ်မကြာခင် ငယ်ပေါင်းကြီးဖော်များပမာ ဖြစ်သွားကြသည်။ ရှာဖွေမှု ပြီးဆုံးသွားပြီးနောက် သူတို့က အဖွဲ့ထဲသို့ ပြန်လာပြီး မုန့်ချီကတော့ မိတ်ဆွေဖြစ်နေသည့် သူ၏အကူအညီနှင့် တခြားသူများနှင့် ပို၍ရင်းနှီးသွားခဲ့သည်။ သူက အဖွဲ့နှင့် လျင်မြန်စွာ ပေါင်းစပ်သွားခဲ့ပြီး အပြာဝတ်လူငယ်၏နောက်သို့ ဆက်လိုက်သွားခဲ့သည်။

လေထဲတွင် အိုးတစ်လုံးကို သယ်ဆောင်ထားသော အနက်ဝတ်လူက ကွေဟောင်နှင့် တခြားသူများ ဖြတ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူက ထိုလူများကို သတိမထားမိခဲ့ပေ။

ရုတ်တရက်ဆိုသလို နဂါးကျောက်မြို့ဆီမှ အစွမ်းထက်သော ပညာရှင်များ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ထိုအခါ သူလည်း သက်ပြင်းချပြီး လှည့်ထွက်သွားခဲ့၏။ သူက အမှောင်ထုကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

Translated by Hein Htet.

All Chapters