← Chapters

အခန်း (၃၄၀)

Vol. 23 Ch. 340

အခန်း (၃၄၀)

Vol. 23 Ch. 340

သံကျောင်းဆောင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသော ကျန်းဟယ်က အလွန်ထိတ်လန့်သွားခဲ့သည်။

"ဘာလို့ ညီလေးကျန်းတင်က … မဟုတ်သေးဘူး ဘာလို့ သတ်ဖြတ်ရေးဓား စုမုန့်က ရှောင်လင်ကျောင်းတော်ကို ပြန်ရောက်လာခဲ့ရတာလဲ … "

ရှောင်လင်ကျောင်းတော်မှ တပည့်များက ထုတ်ပယ်ခံလိုက်ရပြီးလျှင် လျှံတိုင်တောင်ထိပ်သို့ ပြန်လာသည်မှာ အလွန်ရှားပါးသည်။ သူတို့က တရားဓမ္မကို အမှန်တကယ် နားလည်သွားပြီး ခံစားချက်များ ၊ စိတ်ဆန္ဒများအားလုံးကို ဖယ်ရှားနိုင်သည့်အချိန်မျိုးမှသာ ပြန်ရောက်လာကြပြီး အစစ်အမှန် ဘုန်းတော်ကြီး တစ်ပါး ဖြစ်လာကြသည်။

သို့သော် စုမုန့်၏ ပြန်လာခြင်းကတော့ ထိုကဲ့သို့ အခြေအနေနှင့် သက်ဆိုင်နေခြင်း မရှိချေ။ သူက လက်တုံ့ပြန်ရန်အတွက် ရောက်လာသည်ဟုလည်း မည်သူကမျှ မတွေးနိုင်ကြပေ။

သူက မြေပြင်မှတ်တမ်းကိုပင် မရောက်သေးဘဲ လူငယ်မှတ်တမ်းတွင် အဆင့် (၁၁)သာ ရှိနေသေးသည့်အတွက် ရှောင်လင်ကျောင်းတော်ကို ထိခိုက်စေနိုင်လိမ့်မည်လည်း မဟုတ်ချေ။

သူတို့၏ အမူအရာကို မြင်သည့်အခါ မုန့်ချီက အားရပါးရ ရယ်လိုက်မိသည်။

"အစ်ကိုတော်တို့ … ဘာမှစိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်က ရန်သူမဟုတ်သလို မကောင်းဆိုးဝါး တစ်ကောင်လည်း မဟုတ်ပါဘူး … "

ကျန်းတိက သက်ပြင်းချလိုက်ပြီး ခံစားချက်များကို ဖယ်ရှားလိုက်သည်။

"ဒကာလေးစု …

ဒီကိုဘာလို့ ရောက်လာတာလဲ … "

"ကျွန်တော်က ကျွန်တော်ရဲ့ဆရာ နတ်ဘုရားကိုယ်တော် ရွှမ်ပိုင်ကို ပြောစရာကိစ္စရှိတယ်။ အစ်ကိုတော်ကျန်းတိတို့က ကျွန်တော်ရောက်လာတဲ့အကြောင်းသွားပြီး ပြောပေးလို့ ရမလား … "

မုန့်ချီက လက်ပိုက်၍ အေးအေးဆေးဆေး စောင့်နေသည်။ သူ့ပုံစံက နှိမ့်ချခြင်း မရှိသလို မောက်မာခြင်းလည်း မရှိပေ။

ကျန်းတိ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

"ဒကာလေးစု …

မင်းကို ရှောင်လင်ကျောင်းတော်ကနေ ထုတ်ပယ်ပြီးသွားပြီ။ မင်းက ဆရာဦးလေး ရွှမ်ပိုင်ကို ဆရာလို့ ခေါ်လို့မရတော့ဘူး … "

"အစ်ကိုကျန်းတိ …

အစ်ကိုက အခုအချိန်ထိ စွဲလမ်းမှု‌တွေ ရှိနေဦးမယ်လို့ မထင်ထားဘူး။ ကျွန်တော် သုံးလိုက်တဲ့ အသုံးအနှုန်းက ခေါ်နေကျ ပုံစံ သုံးလိုက်တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်တော်ရဲ့ ဆရာလည်း ဖြစ်ခဲ့ဖူးတယ်လေ။ ဒီတော့ ဘာများကွာခြားဦးမှာလဲ"

သူ့လေသံက အေးအေးဆေးဆေး ဖြစ်နေပြီး သူကတော့ ကျောင်းဆောင်ထဲတွင် ဗုဒ္ဓတရားတော်များ ပို့ချနေသော အကြီးအကဲတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ကျန်းတိက ပြန်လှည့်ပြီး တောင်တက်လမ်း ရှိရာသို့ လျှောက်သွားခဲ့၏။

"ဆရာဦးလေးက တစ်ယောက်တည်း တံခါးပိတ် လေ့ကျင့်နေတယ်။ ငါက မင်းရောက်လာတဲ့အကြောင်း ဧည့်ကြိုခြံဝန်းထဲကို ပြောလိုက်မယ်…"

"ဒါဆိုရင် ဆရာက အခုအချိန်ထိ တစ်ယောက်တည်း လေ့ကျင့်နေရသေးတာပဲ။ ဒါကြောင့်လည်း လမ်းတစ်လျှောက်မှာ ပြဿနာတွေ ကြုံခဲ့ပေမယ့် ဆရာပေါ်မလာခဲ့တာကိုး… "

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး စံအိမ်ထဲသို့ ဝင်၍ စောင့်နေခဲ့သည်။ တောင်အလယ်တွင် ရှိနေသော စံအိမ်ထဲတွင်တော့ ဧည့်သည်များ အနားယူရန် ကျောက်ထိုင်ခုံများ ၊ စားပွဲများ ရှိနေသည်။ ထိုနေရာတွင် ကျောက်စာတိုင်တစ်ခုလည်း ရှိနေပြီး ကျမ်းစာများကို ရေးသားထား၏။

“ကြားရတဲ့ သတင်းတွေက မှန်နေတာပဲ …”

မုန့်ချီက လက်နောက်ပစ်ပြီး ကျောက်ပြားကို သေချာလေ့လာနေခဲ့၏။ ထိုကျောက်ပြားပေါ်တွင် ရေးထိုးထားသော စကားလုံးများက တစ်တန်းချင်းဆီတွင် အလွန်များပြားလှသည်။

သေချာဖတ်ကြည့်လိုက်မည်ဆိုလျှင်တော့ စာသားများကို ဖတ်၍ ရနေသည့်အတွက် ရှုပ်ထွေးနေသလို မခံစားရပေ။ ထွင်းထုထားသော စကားလုံးတိုင်းက သေသေသပ်သပ် ရှိနေပြီး ကိုယ်ပိုင်ပုံစံတစ်မျိုးဆီ ရှိနေ၏။ ထိုအရာက တရားတော်၏ သင်ကြားမှု ပုံစံတစ်မျိုးလည်း ဖြစ်သည်။ ဤနေရာက ဗုဒ္ဓ၏အဆုံးအမများကို သင်ကြားပေးနေပြီး ဗုဒ္ဓလမ်းစဉ် ပညာရှင်များ၏ အထွဋ်အမြတ် နယ်မြေတစ်ခုလည်း ဖြစ်သည်။

ထိုအချိန်တွင် ကျန်းဟယ်က မုန့်ချီကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

မုန့်ချီကတော့ အနည်းငယ်လေးပင် လှုပ်ရှားသွားခဲ့ခြင်း မရှိချေ။ တိတ်ဆိတ်ငြိမ်သက်နေသည့် အခြေအနေတွင် မုန့်ချီက ကျောက်ပြားပေါ်၌ ရှိနေသော ကျမ်းစာကို လက်နောက်ပစ်၍ လေ့လာနေခဲ့သည်။

ကျန်းဟယ်က ညီလေးကျန်းတင်၏ ပုံသဏ္ဌာကြောင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့ရ၏။ သူတို့ပထမဆုံး တွေ့ခဲ့ရသည့်အချိန်တွင် သူကတော့ အကောင်းဆုံး တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိဘဲ လက်ရည်စမ်းရာတွင် ရှုံးနိမ့်သွားခဲ့ရသည်။

ထိုအချိန်ကတည်းက ညီလေးကျန်းတင်က သိုင်းပညာတွင် အလွန်ထူးခြားသော အရည်အချင်းရှိကြောင်း နားလည်နေ၏။ အချိန်ပေးလိုက်လျှင် သူက အလွန်မြင့်မားသော အဆင့်တစ်ခုကို သေချာပေါက် ရောက်လာနိုင်သည်။ သို့သော် ထိုအချိန်က အလွန်လျင်မြန်နေလိမ့်မည်ဟု မည်သူကရော တွေးထားမိမည်နည်း။

နှစ်အနည်းငယ်လေးအတွင်း သူက အစ်ကိုတော်ကျန်းပန်နှင့် ကျန်းမြောင်တို့ကို ကျော်လွန်သွားခဲ့ပြီး သိုင်းလောကရှိ လူငယ်မှတ်တမ်းထဲတွင် အဆင့် (၁၁) ဖြစ်လာခဲ့သည်။ သူက ဆရာဦးလေးငယ် ရွှမ်ကျန်းကိုပင် ယှဉ်နိုင်လုနီးပါးဖြစ်၏။ ယခု သူ့ကို မော့ကြည့်ရသည့်အချိန်တွင် ထိပ်တန်းပညာရှင်တစ်ယောက်၏အငွေ့အသက်များကို သေချာပေါက် ခံစားမိနေသည်။

မုန့်ချီက ကျမ်းစာထဲတွင် ရှိနေသော တရားဓမ္မများကို အေးအေးဆေးဆေး လေ့လာနေသည်။ သူ့ပုံစံက လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် ထိုကျောက်စာပေါ်ရှိ တရားစာကို လေ့လာနေခဲ့သော ရှောင်လင်ကျောင်းတော်၏ (၆)ယောက်မြောက် အရှင်သခင် နတ်ဘုရားကိုယ်တော် ယွမ်ကုံကို အမှတ်ရစေခဲ့သည်။

ထိုနတ်ဘုရားကိုယ်တော်က အတော်လေးကို ထူးခြားပြီး လော်ဟန့်ရွှေခန္ဓာ ရရှိခဲ့သည်။

သူ၏အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် လှုပ်ရှားနေခဲ့၏။ မုန့်ချီနှင့် မရင်းနှီးသည့်အတွက် ကျန်းဟယ်က သူနှင့် စကားပြောဆိုခဲ့ခြင်း မရှိဘဲ ကျန်းတိ ပြန်ရောက်လာသည့်အချိန်အထိ တိတ်တဆိတ် စောင့်နေခဲ့သည်။

ခဏကြာပြီးနောက် ကျန်းတိက အဝါရောင်ဝတ် ဧည့်ကြိုကိုယ်တော် တစ်ပါးနှင့်အတူ ပြန်ရောက်လာခဲ့သည်။

ထိုဘုန်းတော်ကြီးက လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။

"အော်မီတော်ဖော် …ဒကာလေးစုက ညီတော်ရွှမ်ပိုင်နဲ့ ဘယ်လိုကိစ္စမျိုး ဆွေးနွေးချင်လို့လဲ … "

ထိုသို့ပြောလိုက်သည့်အတွက် သူက နတ်ဘုရားကိုယ်တော် ရွှမ်ပိုင်ထက် ပို၍ ဝါစဉ်ကြီးသော ရွှမ်မျိုးဆက် ကိုယ်တော်တစ်ပါးဖြစ်ကြောင်း ပြသနေသည်။

အနားသို့ သူတို့ ရောက်လာသည့် အချိန်တွင် မုန့်ချီက ကျောက်ပြားကို ကြည့်နေရာမှ ပြန်လှည့်လာခဲ့၏။ သူက အပြုံးနှင့် မေးလိုက်သည်။

"ဆရာဦးလေး …

မိတ်ဆွေဟောင်းတစ်ယောက်ဆီ အလည်လာတာ အကြောင်းပြချက် တစ်ခုခု လိုအပ်သေးလို့လား…"

အပြင်ဘက်မှ ရောက်လာသော ဧည့်သည်များကို ကြိုဆိုရသည့်အတွက် ဧည့်ကြိုကိုယ်တော်က ထိုအခေါ်အဝေါ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု ပြန်ပြောခဲ့ခြင်း မရှိပေ။

"အဲဒီလိုတော့ မရှိပါဘူး။ ဒါပေမယ့် ညီလေးရွှမ်ပိုင်က တစ်ယောက်တည်း လေ့ကျင့်နေတယ်။ တကယ်လို့ ဒကာလေးမှာ အရေးကြီးကိစ္စ ပြောစရာ ရှိတယ်ဆိုရင်တော့ သူ့ကို ပြောပေးဖို့ စဉ်းစားပါ့မယ်။ ဒါပေမယ့် ဒီတိုင်းအလည်လာတာပဲ ဆိုရင်တော့ ဒကာလေးစုက နောက်တစ်ကြိမ်ကျမှပဲ ပြန်လာရတော့မယ် ထင်တယ်…"

ထိုကိုယ်တော်က အပြုံးနှင့်ပြန်ဖြေလိုက်သည်။

"ဒါဆိုရင် ညီလေးကျန်းဟွေကရော တစ်ယောက်တည်း လေ့ကျင့်နေသေးတာလား …"

မုန့်ချီက ခေါင်းစဉ်ပြောင်းပြီး ကျန်းဟွေကို မေးလိုက်သည်။ သူ၏တွက်ချက်မှုများအရ ယခုအချိန်တွင် ကျန်းဟွေကတော့ တစ်ယောက်တည်း လေ့ကျင့်မှု ပြီးဆုံးသွားသင့်သည်။

ကျောင်းတော်၏ အကြောင်းကို နားလည်နေသည့်အတွက် မုန့်ချီက ကျန်းဟွေအကြောင်းကို သေချာပေါက် မေးလိမ့်မည်ဟု ဧည့်ကြိုကိုယ်တော်က သိနေသည်။ သူက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်၏။

"တူလေးကျန်းဟွေက မကြာခင်တုန်းကမှ လေ့ကျင့်မှု ပြီးဆုံးသွားပြီ။ သူကတော့ နောက်ထပ် လေ့ကျင့်စရာ မလိုသေးဘူး…"

"ဒါဆိုရင် ကျွန်တော် သူ့ဆီကို သွားလည်မယ်…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ဒါဆိုရင် နောက်က လိုက်ခဲ့ပါ ဒကာလေးစု … "

ဧည့်ကြိုကိုယ်တော်က ခေါင်းညိတ်ပြလိုက်ပြီး ရှေ့မှ ဦးဆောင်ခေါ်သွားခဲ့သည်။

ဧည့်ကြိုကိုယ်တော်က မုန့်ချီနှင့်အတူ တောင်တက်လမ်းပေါ်သို့ တက်လာသည့်အချိန်တွင် မုန့်ချီကတော့ ပတ်ပတ်လည်ကို လိုက်ကြည့်နေရင်း ခေါင်းထဲတွင် အမှတ်တရများစွာ ပြည့်နှက်နေသည်။ သူ ရေသယ်ခဲ့သော နေရာများ ၊ တောင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်ခဲ့သော နေရာများက မျက်လုံးထဲတွင် ပေါ်လာခဲ့၏။ ဤနေရာ၌ နေထိုင်ခဲ့စဉ် အတောအတွင်း မတူညီသည့် နေရာပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ရသည်။

ခဏကြာ တက်လာပြီးနောက် တောင်တက်လမ်းတွင် တခြားသော ကိုယ်တော်တစ်ပါး စောင့်နေခဲ့၏။ သူက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ပုံစံက သိမ်မွေ့ညင်သာပုံ ရသည်။ သူ့ပုံစံက ဘုန်းတော်ကြီးတစ်ပါးထက် စာသင်သား တစ်ယောက်နှင့်ပို၍ တူညီနေ၏။ သူကတော့ ကျန်းမြောင်ဖြစ်သည်။

တိုက်ခိုက်ရေး ခြံဝန်းထဲသို့ မုန့်ချီ ရောက်လာစဉ် အတောအတွင်း ကျန်းမြောင်က သူ့ကို သင်ကြားပေးခဲ့သူ တစ်ယောက်ဖြစ်ပြီး ရှောင်လင်ကျောင်းတော်၏ ကျန်းမျိုးဆက် အစ်ကိုတော် နှစ်ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်သည်။

နောက်ပိုင်းတွင် သိုင်းပညာနှင့် ဗုဒ္ဓလမ်းစဉ် ကျွမ်းကျင်သော ဘုန်းတော်ကြီးများစွာ ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံးတွင် အလွန်ထူးခြားသော စွမ်းရည်များ ရှိကြ၏။ သို့သော် ယခုတော့ သူနှင့်ကျန်းပန်တို့က ထူးခြားသော စွမ်းရည်များနှင့်အတူ ထွက်ပေါ်လာပြီး ကျန်းမျိုးဆက်ကို ဦးဆောင်ထားခဲ့သည်။

"အော်မီတော်ဖော် …

နေကောင်းရဲ့လား ဒကာလေးစု "

ကျန်းမြောင်က နှုတ်ဆက်လိုက်သည်။

မုန့်ချီ ရောက်လာသည့်အတွက် သူက အထူးတလည် စောင့်ဆိုင်းနေခြင်းလည်း ဖြစ်သည်။ သူ၏နောက်ဘက်တွင်တော့ ကွေ့ကောက်နေသော တောင်တက်လမ်းကြီး ရှိနေပြီး မီးခိုးရောင်ဝတ် တပည့်များက ချောင်းကြည့်နေကြသည်။ သူတို့ကတော့ ရှောင်လင်ကျောင်းတော်၏ ကျန်းမျိုးဆက်တွင် အကြီးမြတ်ဆုံးဖြစ်သော ဒဏ္ဍာရီထဲမှ မဆင်မခြင်ကိုယ်တော်ကို မြင်ဖူးချင်နေကြသည်။

မီးခိုးရောင်ဝတ် တပည့်များထဲတွင် အဝါရောင်ဝတ်စုံဝတ်ထားသော ကိုယ်တော်တစ်ပါးလည်း ရပ်နေသည်။ သူ့ဆီတွင်မျက်လုံးပေါက်ကျဉ်းကျဉ်းနှင့် ကောက်ကျစ်သော အမူအရာမျိုးရှိ၏။ သူကတော့ စည်းကမ်းထိန်းသိမ်းရေး ခြံဝန်းမှ စည်းကမ်းထိန်းသိမ်းရေး ကိုယ်တော် ရွှမ်ကုံဖြစ်ကြောင်း မုန့်ချီက မှတ်မိနေသည်။

“သူက ကျန်းမြောင်ကို ငါနဲ့ လက်ရည်စမ်းဖို့အတွက် တိုက်တွန်းလိုက်တာလား ။ ကျန်းမြောင်က အနိုင်ရလိုစိတ် ပြင်းထန်တဲ့လူတစ်ယောက်ပဲ။ ငါက ဉာဏ်အလင်းပွင့်မှုအဆင့်ကို မရောက်သေးတဲ့အချိန်ကတောင် ငါနဲ့ တိုက်ခိုက်ဖို့ အမြဲတမ်း ရှာ‌ဖွေနေခဲ့တာ…”

ထိုအတွေးကြောင့် မုန့်ချီက ပြုံးလိုက်မိသည်။

"ကျွန်တော်က နေကောင်းတဲ့အပြင် အရင်တုန်းကထက်တောင် ပိုပြီးတော့ ကောင်းပါသေးတယ်။ အစ်ကိုတော် ကျန်းမြောင်ရဲ့စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်…"

"အဲဒါဆိုရင်တော့ ကောင်းတာပေါ့ ။ တိုက်ခိုက်ရေး ခြံဝန်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ငါ့ခေါင်းထဲမှာ မနေ့တစ်နေ့ကလိုပဲ ။ ဒကာလေးစုက ‌တစ်နေ့နေ့မှာ နာမည်ကျော်ကြားလာလိမ့်မယ်လို့ ဘယ်သူကရော ထင်ထားမိမှာလဲ။ ဒကာလေးစုက ငါ့ကို သိုင်းကွက်တစ်ကွက် နှစ်ကွက်လောက်များ လမ်းညွှန် ပေးနိုင်မလား … "

ကျောင်းဆောင်ထဲမှနေ၍ မည်သည့်နေရာကိုမျှ ထွက်မသွားရသေးသည့်အတွက် သိုင်းလောကတွင် ကြားနေရသော သတင်းများ အားလုံးက ကျန်းမြောင်အတွက်တော့ ကောလဟလများသာ ဖြစ်နေသည်။

သူက ရွှမ်မျိုးဆက်မှ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များနှင့် လေ့ကျင့်နေသည့် အချိန်တွင်ပင် အချင်းချင်း ထိခိုက်အောင် ပြင်းပြင်းထန်ထန် မလုပ်ကြပေ။ သူက ခြစ်ရာတစ်ခုပင် မခံစားခဲ့ရသည့်အတွက် သူ၏စွမ်းရည်ကို စမ်းသမ်ချင်နေပြီး သူ၏ အစွမ်းကို သက်သေပြချင်နေသည်။

သူ့အနေနှင့် ပြောရရင်တော့ အထွဋ်အထိပ် အခြေအနေတွင် သူ့ဆီ၌ စွမ်းအား (၇၀)ရာခိုင်နှုန်းခန့် ရှိနေပြီး မိုကီမိစ္ဆာခွင်းလက်ညှိုးသိုင်းကျမ်း၏ ဝေ့ကျင်းအဆင့် သိုင်းကွက် နှစ်ခုကိုလည်း ကျွမ်းကျင်ထားသည်။

ရွှမ်ကုံက သူတို့နှစ်ယောက်စလုံးကို ကြည့်နေပြီး စိတ်ဝင်တစား အာရုံစိုက်နေခဲ့၏။ သေရေးရှင်ရေး တိုက်ခိုက်ရေး အတွေ့အကြုံ မရှိသော ကျန်းမြောင်က စုမုန့်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်း သူသိနေသည်။ သူကတော့ ထွက်ပေါ်လာသော ရလဒ်ကြောင့် မောက်မာသော ကျန်းမြောင်ကို ငြိမ်သက်သွားစေရန်သာ မျှော်လင့်နေခဲ့သည်။

မုန့်ချီက တင်းမာလာသော ဖိအားကို ခံစားမိနေသည့်အတွက် အပြုံးနှင့်ပြောလိုက်၏။

"ကျွန်တော်က တိုက်ခိုက်ရေးခြံဝန်းထဲမှာ ရှိနေစဉ် အတောအတွင်း အစ်ကိုတော်ရဲ့ မိစ္ဆာခွင်းလက်ညှိုးသိုင်းကို မြင်တွေ့ခွင့် မရတဲ့အတွက် စိတ်ပျက်နေခဲ့တာ။ ဒီနေ့တော့ ကျွန်တော်ရဲ့ ဆန္ဒတွေက ပြည့်ရတော့မှာပေါ့…"

ဧည့်သည်တစ်ယောက်ဖြစ်သည့်အတွက် မုန့်ချီက စိန်ခေါ်ရန် ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့ခြင်း မရှိပေ။

"ကျန်းပန်က ခုနှစ်ထွေ သိုင်းပညာကို ကျွမ်းကျင်ထားတယ်။ ငါကတော့ မိုကီ မိစ္ဆာခွင်းလက်ညှိုးသိုင်းကို ကျွမ်းကျင်ထားတယ်။ ဒါကာလေးစု ကျေးဇူးပြုပြီး အရင်တိုက်ခိုက်ပါ… "

ကျန်းမြောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူကတော့ ဧည့်သည်ကို အရင်ဆုံး လှုပ်ရှားခွင့် ပေးလိုက်ခြင်းဖြစ်၏။

"ကျေးဇူးပြုပြီး အစ်ကိုတော်ပဲ အရင် တိုက်ခိုက်ပါ…"

မုန့်ချီက အပြုံးနှင့် ငြင်းဆန်လိုက်သည်။

ပညာရှင်တိုင်းတွင် သူတို့၏ကိုယ်ပိုင်မာနများ ရှိနေပြီး သူ့လို လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၁၀)ယောက်အဆင့် နီးပါး ရှိနေသည့် လူတစ်ယောက်ကတော့ အရင်ဆုံး တိုက်ခိုက်ရန် မသင့်တော်လှပေ။

အနိုင်ရရန် ဆန္ဒပြင်းထန်နေသည့်အတွက် ကျန်းမြောင်က ချက်ချင်း တည်ငြိမ်စွာ ရပ်လိုက်ပြီး လက်နှစ်ချောင်းကို ပူး၍ မုန့်ချီကို လက်ညှိုးနှင့် လှမ်း၍ တိုက်ခိုက်လိုက်သည်။ တခဏအတွင်း လက်ညှိုးထဲမှ ထွက်ပေါ်လာသော စွမ်းအားများက မုန့်ချီ၏ မျက်လုံးထဲတွင် ပြည့်နှက်လာခဲ့၏။

ထိုစွမ်းအားနှင့်အတူ ကျရောက်လာသော ဖိအားက မုန့်ချီဆီကို ပတ်ပတ်လည်မှ ရောက်လာခဲ့သည်။ ထိုအရာက ပုံသဏ္ဌာန်မရှိသော လှုပ်ရှားမှုတစ်ခုဖြစ်ပြီး လွတ်လပ်ပေါ့ပါးသည်။ လက်ညှိုးထဲတွင် ဖိနှိပ်ထားသော စွမ်းအားများက ကျိုးကျလာသော ဆည်ထဲမှ ရေများ စီးကျလာသလို ဖြစ်နေသည်။

"ဒီလောက် အစောကြီး ဝေ့ကျင်းအဆင့် သိုင်းကွက်ကို သုံးလိုက်တာလား … "

မုန့်ချီက အပြုံးနှင့် တွေး‌လိုက်မိသည်။

သူ့ပုံစံကတော့ စိုးရိမ်နေမှုမရှိဘဲ အလွန်တည်ငြိမ်နေပြီး သူ့ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။ ထိုအချိန်တွင် ဓားအလင်းတန်းက လေဟာနယ်တစ်ခုလုံး ပြည့်နှက်သွားသလို ထင်မှတ်ရသည်။ နောက်ဆုံးတွင်တော့ အလွန်အစွမ်းထက်သော ဓားအရှိန်အဝါက ပျောက်ကွယ်သွားခဲ့ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုများက ပျောက်ကွယ်သွားခဲ့သည်။

တခဏအတွင်း မုန့်ချီက သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး ကျန်းမြောင်၏ အနားသို့ ကပ်သွားနိုင်ခဲ့သည်။

မုန့်ချီက သူ၏တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် ကျန်းမြောင်က ပြိုင်ဘက်၏ ဓားကို လက်ညှိုးနှင့် ပစ်မှတ်ထားပြီး တားဆီးရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ စိတ်ထဲတွင်တော့ ပုံရိပ်များ ပေါ်လာခဲ့သည်။ သူ့ကို အနိုင်ရရန် တွန်းပို့နေသည့် စိတ်ဆန္ဒများကြောင့် သူ၏လုပ်ရပ်များက တခဏအတွင်း နှေးကွေးသွားခဲ့ရသည်။ ကောင်းကင်ပြစ်ဒဏ်ဓား တစ်ခုတည်းနှင့် မုန့်ချီက သေချာပေါက် အနိုင်ရယူနိုင်ပြီး သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်သည်။

“တကယ်ကောင်းတဲ့ တိုက်ခိုက်မှုပဲ။ ဒါပေမယ့် တိုက်ခိုက်တဲ့ အချိန်မှားနေတာက တော်တော်လေး ဆိုးတယ်…”

မုန့်ချီက သေချာစောင့်ကြည့်နေခဲ့သည်။

အစစ်အမှန် တိုက်ပွဲထဲတွင် သေစေနိုင်လောက်သော တိုက်ခိုက်မှုများ ၊ အပြင်းထန်ဆုံး တိုက်ခိုက်မှုများကိုသာ အသုံးပြုကြခြင်း မဟုတ်ချေ။ ပြိုင်ဘက်၏ အားနည်းချက်များ ၊ ဟာကွက်များကို မကြည့်ဘဲ သုံးလိုက်မည်ဆိုလျှင် ပြိုင်ဘက်က အလွယ်တကူ ရှောင်တိမ်း၍ ရနိုင်ပြီး တိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ချေဖျက်နိုင်သည်။

ထို့ကြောင့် မုန့်ချီနှင့် ချင်ယုတို့ တိုက်ခိုက်နေစဉ် အတောအတွင်း အပေါ်ယံတွင် ဓားမောက်ပညာနှင့် ယှဉ်ပြိုင်နေကြသော်လည်း သူတို့၏စွမ်းအားများကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန် အခွင့်အရေးများ ၊ ဟာကွက်များကို ရှာဖွေနေကြခြင်းဖြစ်သည်။

ထို့ကြောင့် နဂါးကျောက်တောင်တန်းပေါ်တွင် ဝိညာဉ်ဖျောက်ပုလွေ သေဆုံးသွားပြီးနောက် မုန့်ချီ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားက အစွမ်းထက်သော တိုက်ခိုက်မှုကို သုံးရန် ထိန်ချန်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ခန့်မှန်း၍ မရနိုင်သော လှုပ်ရှားမှုကို ပိုင်ဆိုင်ထားသည့် မုန့်ချီက အရာအားလုံးကို ထိန်းချုပ်နိုင်ပြီး အဝေးမှ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သည်။ အဆုံးသတ်တွင်တော့ မုန့်ချီက သူ့ကို ထိန်းချုပ်ထားခဲ့ပြီး အခွင့်အရေး တစ်ခုမျှပင် မပေးခဲ့ပေ။

မုန့်ချီက အန်ကုံရှဲ့နှင့် ပထမဆုံး ရင်ဆိုင်ခဲ့ရသည့် အချိန်တွင်ပင် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို ချက်ချင်း မသုံးခဲ့ပေ။ ထိုအစား ပြောင်းလဲမှု ကျင့်စဉ်ကိုသုံးပြီး ဟာကွက်များ ပေါ်လာပြီးမှသာ အသုံးပြုခဲ့သည့်အတွက် အနိုင်ရခဲ့ခြင်းဖြစ်၏။

ထိုတိုက်ပွဲတွင်တော့ ကျန်းမြောင်က အစစ်အမှန် တိုက်ခိုက်ရေး အတွေ့အကြုံ အတော်လေး နည်းပါးကြောင်း ပြသနေသည်။ ထို့ကြောင့် သူက စွမ်းရည်များ ပြည့်နှက်နေသော သိုင်းကွက်ကို အချိန်အခါကြည့်၍ မသုံးခဲ့ခြင်းဖြစ်သည်။

ကျန်းမြောင်က အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည့်အတွက် မျက်နှာပျက်သွားပြီး မယုံကြည်နိုင်သလို ခံစားနေရသည်။ မုန့်ချီဆီမှ အကြံပေးချက် အနည်းငယ်ကို ကြားလိုက်ရသည့်အခါ သူ၏အရှုံးကို နားလည်သွားခဲ့ပြီး ဖြည်းညင်းစွာ တုံ့ပြန်လိုက်၏။

"ဒကာလေးစုရဲ့အကြံပေးမှုကို ကျေးဇူးအများကြီးတင်ပါတယ်…"

သူကတော့ အနိုင်ရရန် အလွန်အလျင်လိုနေခဲ့သည့်အတွက် သူ့ဆရာ သင်ကြားပေးခဲ့သော အရာတစ်ခုကို မမှတ်မိနိုင်ခဲ့ပေ။ အစစ်အမှန် လေ့ကျင့်မှုမရှိလျှင် မည်သည့်‌အတွေးအမြင်မျှ မရနိုင်ချေ။

ကျန်းမျိုးဆက်ကိုရင်များကတော့ အတော်လေးကို အံ့ဩမှင်တက်နေကြ၏။ သူတို့၏ ဂိုဏ်းတူအစ်ကို ကျန်းမြောင်က အလွန်လွယ်ကူစွာ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ပေ။ ကျန်းတင်က အမှန်တကယ်ကို ဉာဏ်အလင်းပွင့်မှု အဆင့်ပေလော။

"အနတ္တကျိန်စာဖျက်ဓားပညာက ရှောင်လင်ကျောင်းတော်ရဲ့ နတ်ဘုရားကျင့်စဉ် တစ်ခုပဲ။ မင်းက ကိုယ်ပိုင်အရည်အချင်းရှိနေတဲ့ ပညာရှင်တစ်ယောက်ဖြစ်မယ်လို့ ငါက တွေးထားမိတာ … "

ရွှမ်ကုံက နှာခေါင်းရှုံ့၍ ပြောလိုက်၏။

မုန့်ချီက ရယ်လိုက်ပြီး ရှေ့ကို ပြေးထွက်သွားခဲ့သည်။ သူ့ဓားကို လှုပ်ရှားလိုက်သည့် အချိန်တွင် မျက်စိတစ်မှိတ်အတွင်း ရွှမ်ကုံ၏ ရှေ့တွင် ပေါ်လာခဲ့၏။

ရွှမ်ကုံကတော့ မည်ကဲ့သို့ ရင်ဆိုင်ရမှန်း မသိဘဲ အကြပ်ရိုက်သွားခဲ့သည်။ သူ့မျက်လုံးထဲတွင် ထိုသိုင်းကွက်ကို ရှောင်တိမ်း၍ မရသလို ထင်မှတ်လိုက်ရ၏။ ရွှမ်ကုံက ရှောင်တိမ်းရန် ကြိုးစားသည့်အချိန်တိုင်း တန်ပြန်တိုက်ခိုက်မှု တစ်ခုချင်းဆီက အလွန်လျင်မြန်လွန်းလှသည်။

ရွှမ်ကုံ၏နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ ကျဆင်းလာပြီး မုန့်ချီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နည်းလမ်း မစဉ်းစားမိသလို တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းလည်း မတွေးမိချေ။ သူ့ခေါင်းထဲတွင် စိုးရိမ်ထိတ်လန့်မှုများသာ ပေါ်လာခဲ့၏။

ထို့ကြောင့် သူက ဓားသွားအနားသို့ ရောက်လာသည့်အချိန်တွင် လက်ဝါးနှင့် ရိုက်ချ၍သာ တုံ့ပြန်လိုက်ရသည် ။ အလွန်ရိုးရှင်းစွာ တုံ့ပြန်တိုက်ခိုက်လိုက်သည့် အချိန်တွင် ဓားသွားက လက်ဝါးနှစ်ဖက်ကို ဖြတ်ကျော်လာပြီး သူ၏နဖူးရှေ့တည့်တည့်တွင် ရပ်သွားခဲ့၏။ ရွှမ်ကုံကတော့ အလွန်ကြောက်လန့်သွားသည့်အတွက် ခြေနှစ်ဖက်ပင် မခိုင်တော့ပေ။

"ဆရာဦးလေး ရွှမ်ပိုင် …

ဒါ ရှောင်လင်ကျောင်းတော်က သိုင်းပညာ မဟုတ်ဘူး…"

သူက ရယ်မောနေရင်း ဓားကို ရုတ်သိမ်းလိုက်သည်။ သူ၏အစိမ်းရောင်ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ်လွင့်နေစဉ် ဓားကို ခါးတွင် ရှိနေသော ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

မုန့်ချီက တိုးတိုးလေး ရယ်လိုက်ပြီး ရွှမ်ကုံကို ဖြတ်ကျော်သွားခဲ့၏။ တစ်ချိန်တုန်းက သူ့ထက် ပို၍စွမ်းအားနှင့် အဆင့်အတန်းမြင့်မားသော ရွှမ်ကုံက ယခုတော့ သူ၏ တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်မရှိတော့ပေ။

ထွက်ခွာသွားသော မုန့်ချီကို ကြည့်ပြီး ကျန်းမျိုးဆက် ကိုရင်လေးများကတော့ လေးစားအားကျနေကြ၏။ ကျောင်းဆောင်၏ရှေ့သို့ ရောက်သည့်အချိန်တွင် မီးခိုးရောင်ဝတ် ကိုရင်လေးတစ်ပါး ပြေးထွက်လာပြီး မုန့်ချီဆီကို လှမ်းအော်လိုက်၏။

"အစ်ကို …

အစ်ကို ပြန်လာပြီပဲ။ အမှန်တရားဓား၊ မိုင်တစ်ရာ ထိတ်လန့်ခြင်း၊ အင်ပါယာဓား(၅)သွယ်တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်း ကျွန်တော့်ကို ပြောပြပါဦး…"

"ငါတို့က အချင်းချင်း မတွေ့ရတာ (၂)နှစ်တောင် ရှိသွားပြီ။ ဒါပေမယ့် ဆရာတူညီလေးကတော့ ငါ ထွက်သွားခဲ့တဲ့အချိန်တုန်းက အတိုင်းပါပဲလား … "

မုန့်ချီက ကျန်းဟွေကို ကြည့်ပြီး ပြောစရာ စကားလုံး မရှိခဲ့ပေ။

Translated by Hein Htet.

All Chapters