← Chapters

အခန်း (၃၄၁)

Vol. 23 Ch. 341

အခန်း (၃၄၁)

Vol. 23 Ch. 341

သူတို့က ကျောက်စိမ်းတံခါးတောင်ကြား၌ ရှိနေသည့် အချိန်ကနှင့် ယှဉ်လိုက်မည်ဆိုလျှင် ကျန်းဟွေက အတော်လေးကို အရပ်ရှည်လာခဲ့သည်။ ချောမောခန့်ညားသော ရုပ်ရည်နှင့် ကြံ့ခိုင်သန်စွမ်းသော ခန္ဓာကိုယ်က သူ၏မီးခိုးရောင်ဝတ်စုံနှင့် လိုက်ဖက်ညီနေပြီး မုန့်ချီ ဖြစ်ချင်နေသော ကိုယ်တော်တစ်ပါး၏ စံပြပုံရိပ် ပေါ်လာခဲ့သည်။

မုန့်ချီက ချောင်းဟန့်ပြီး ပြောလိုက်၏။

"ညီလေး …ပြောရမှာက အရှည်ကြီးပဲ ။ အဲဒီဇာတ်လမ်းတွေ မပြောခင် အစ်ကို့ကို ရေအရင်တိုက်ပါဦး... "

ထိုအရာကတော့ ယခင်တုန်းက မုန့်ချီကို ကျန်းဟွေပြောခဲ့သော စကားလုံးများ ဖြစ်သည်။

ကျန်းဟွေက ခေါင်းကုတ်ပြီး ပြောလိုက်၏။

"ဟုတ် ကျွန်တော် ရေနွေးအိုးတည်ထားတယ်...။ အဆင်သင့်ပြင်လိုက်မယ်... "

ထိုစကားကို ပြောလိုက်ပြီးနောက် သူက မုန့်ချီကို ကျောင်းဆောင်ထဲသို့ ခေါ်သွားခဲ့သည်။ သူတို့ (၂) ယောက်က ရွှမ်ပိုင်နေထိုင်ခဲ့သော ခြံဝန်းထဲသို့ လျှောက်လာကြသည့်အတွက် မုန့်ချီလည်း ပြန်လည်အမှတ်ရသွားခဲ့၏။

"ဆရာက တစ်ယောက်တည်း လေ့ကျင့်နေတုန်းပဲလား... "

မုန့်ချီက ထိုအခွင့်အရေးကို အရယူပြီး အတည်ပြုလိုက်သည်။

"ဆရာက စေတီရဲ့အပေါ်ထပ်မှာလေ့ကျင့်ဖို့ အခွင့်အရေးမရှိတော့တဲ့အတွက် နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ်ဆီ ဆက်တိုက်လေ့ကျင့်နေတာ..။ အခု သူက နောက်တစ်ကြိမ် အဆင့်တက်ဖို့အတွက် တစ်ကိုယ်တော် ကျင့်ကြံမှု လုပ်နေတယ်..."

ကျန်းဟွေက ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်သည်။

မုန့်ချီက ထိုအရာကို နားလည်ထား၏။ သို့သော် သတင်းကို ကြားလိုက်ရသည့် အချိန်တွင် သူက အပြစ်ရှိသလို ခံစားနေရပြီး ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့နေမိသည်။ သူ့ဆရာက သူ့အတွက် အခွင့်အရေးကို လက်လွတ်ခဲ့ရ၏။

"အစ်ကိုကြီး …

အမှန်အတိုင်းပြောရရင် ဆရာက အစ်ကိုကြီးကို ဒီကိစ္စတွေ မပြောဖို့ တားမြစ်ထားတာ.။ ဒါပေမယ် ကျွန်တော်ကတော့ အစ်ကိုကြီးကို ဖုံးကွယ်ထားသင့်တယ်လို့ မထင်ဘူး..။ ဒါကြောင့် အမှန်အတိုင်း ပြောပြလိုက်တာ... "

ကျန်းဟွေက ပြောလိုက်သည်။ အလွန်တည်ငြိမ်သော မုန့်ချီ၏မျက်လုံးများကိုကြည့်ပြီး သူ့ဆီတွင်သံသယများ ကြောက်လန့်မှုများ မရှိချေ။

တည်ငြိမ်ပြတ်သားပြီး ရိုးသားသော ကျန်းဟွေ၏ အပြုအမူများကြောင့် မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိခဲ့သည်။

"ညီလေး ..

ငါကလည်း အဲဒီအရာတွေကို ကြိုပြီးနားလည်သင့်တယ်... ။ ဒါပေမယ့်ငါတို့က ဆရာ့ရဲ့လမ်းညွှန်မှုအတိုင်းပဲ သွားသင့်တာပေါ့... "

မုန့်ချီက မည်သို့တုံ့ပြန်ရမှန်း မသိသည့်အတွက် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်သည်။

"အစ်ကိုကြီး …

အစ်ကိုကြီးက ကျွန်တော့်ကို ချီးကျူးလိမ့်မယ်ဆိုတာ ကျွန်တော်သိတယ်... "

ကျန်းဟွေက ဝမ်းသာအားရ ရယ်လိုက်၏။

"အစ်ကိုကြီး …

(၂) နှစ်ကျော် လေ့ကျင့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်က တံခါး (၄) ပေါက်ပွင့်နေပြီ။ ပန်းခူးလက်ညှိုးသိုင်းရဲ့အခြေခံအဆင့်ကိုလည်း နားလည်သွားပြီ။ ကျွန်တော်က ဒီလက်ညှိုးသိုင်းပညာကို လေ့ကျင့်ခဲ့တဲ့ မျိုးရိုးစဉ်ဆက်ပညာရှင်တွေထဲမှာ ထိပ်ဆုံးကို ရောက်နိုင်တယ်လို့တောင် ဆရာက ကောက်ချက်ချခဲ့တယ်... "

ကျန်းဟွေ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူတို့၏ ဆရာတူအစ်ကိုဆီမှ ချီးကျူးမှုကို မျှော်လင့်နေသလို ထင်မှတ်ရ၏။

"အရမ်းတော်တာပေါ့..။ ပန်းခူးလက်ညှိုးသိုင်းက လေ့ကျင့်ဖို့ အခက်ဆုံး သိုင်းပညာတွေထဲက တစ်ခုပဲလေ...။ သူ့ရဲ့အခက်အခဲကြောင့်လည်း နာမည်ကျော်ကြားတယ်..။ ဒီလက်ညှိုးသိုင်းရဲ့အခြေခံအဆင့်ကို နားလည်ပြီး တံခါး (၄)ပေါက် ပွင့်နေပြီ ဆိုတော့ ညီလေးရဲ့စွမ်းရည်က ကျန်းပန်၊ ကျန်းမြောင်တို့နဲ့ ယှဉ်လိုက်မယ်ဆိုရင်တောင် သိပ်ပြီးနိမ့်ကျမှာ မဟုတ်ဘူး..။ ဟိုးအရင်တုန်းကရှိခဲ့တဲ့ အစ်ကိုကြီးကျန်းချန်ကိုတော့ မမီဘူးပေါ့... "

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"ဒါပေမယ့် မင်းက ဆရာတူအစ်ကိုကြီးကိုတော့ မီဖို့ လိုနေသေးတယ်... "

မုန့်ချီက သူ့အစွမ်းကို အနည်းငယ် မြှောက်ပင့်ပြောဆိုလိုက်သည်။ သူနှင့် အလွန်ရင်းနှီးသော ဆရာတူညီလေးကိုတော့ ဟန်ဆောင်နေစရာ မလိုအပ်ပေ..။

သူတို့က လျှောက်လာကြသည့်အချိန်တွင် ဘုန်းတော်ကြီး အတော်များများက ရှောင်လင်ကျောင်းတော်၏ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသော သူ့ကို တိတ်တဆိတ် ချောင်းကြည့်နေကြသည်။ သူက ဧည့်သည်တစ်ယောက်အဖြစ် ပြန်လာသည့်အပြင် လူငယ်မှတ်တမ်းထဲ၌ ပညာရှင်တစ်ယောက် ဖြစ်နေခဲ့သည်။

သို့သော် ယခုအချိန်ထိ သူ မတွေ့ရသေးသော ဘုန်းတော်ကြီးတစ်ပါး ရှိသေးသည်။ ထိုအရာက လွန်ခဲ့သော နှစ်အနည်းငယ်ခန့်တွင် မုန့်ချီကို ဝေယျာဝစ္စခြံဝန်းထဲသို့ ပို့ဆောင်ပေးခဲ့သော ရွှမ်ကူ ဖြစ်သည်။

ရွှမ်ကုံနှင့် ကွဲပြားသော ရွှမ်ကူကတော့ စိတ်သဘောထား ကျဉ်းမြောင်းခြင်း မရှိသလို ကြမ်းတမ်းခက်ထန်ခြင်းလည်း မရှိချေ။ သူက အမြင်တွင် အနည်းငယ် ခေါင်းမာသော်လည်း သူယုံကြည်နေသည့် အရာအတိုင်း လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ သူယုံကြည်နေသည့်အရာက မှားနေလျှင်ပင် လက်မခံပေ။ ကြည့်ရသည်မှာ သူကတော့ ကျောင်းတော်သို့ မုန့်ချီပြန်လာသည့်အပေါ် ထူးခြားပုံ မရချေ။

"ဟုတ်တာပေါ့..။ ဆရာတူအစ်ကိုနဲ့ယှဉ်လိုက်မယ်ဆိုရင် ကျွန်တော်က မီဖို့ အဝေးကြီးလိုပါသေးတယ်... "

ကျန်းဟွေက သူ့စကားကို အလွယ်တကူ ထောက်ခံလိုက်သည့်အတွက် မုန့်ချီက အနည်းငယ် အံ့သြသွားခဲ့သည်။

"တကယ်လို့ ဆရာကသာ လေ့ကျင့်မနေဘူးဆိုရင် သူက သိုင်းလောကမှာ ကျင်လည်နေတဲ့ ဆရာတူအစ်ကိုရဲ့ ပုံပြင်တွေကို ပြောပြဦးမှာ... ။ ဆရာက အနောက်ပိုင်းနယ်မြေထဲက ဆရာတူအစ်ကိုနဲ့ ယုဟွမ်တောင်တို့ရဲ့ တိုက်ပွဲအကြောင်း ၊ ယဲ့တူမှာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်း ၊ အမှန်တရားဓား ဝမ်ကိုက်ကို ပွတ်ကာသီကာ အနိုင်ရခဲ့တဲ့အကြောင်း ၊ မြောင်လင်မှာ မိုင်တစ်ရာထိတ်လန့်ခြင်းနဲ့ ခက်ခက်ခဲခဲ တိုက်ခိုက်ပြီး အနိုင်ရခဲ့တဲ့အကြောင်း ၊ ချန်းချွမ်မှာအင်ပါယာဓား (၅) သွယ် ချင်ယုနဲ့တိုက်ပွဲအကြောင်းတွေ ပြောပြခဲ့တယ်..။ အဲဒီအရာတွေက အရမ်းကို အံ့ဩစရာကောင်းပြီး ပုံပြင်ဒဏ္ဍာရီတွေလိုလို ဖြစ်နေတာပဲ ။ ကျွန်တော်က ဆရာတူအစ်ကိုရဲ့ အကြောင်းတွေကို ပြောပြတဲ့အချိန်တိုင်း တခြားသူတွေက ကျွန်တော့်စကားကို မယုံကြည်ခဲ့ကြဘူး..”

“နောက်ပိုင်းမှာ ဆရာဦးလေးရွှမ်ရှင်းက သူ့ရဲ့ပုံပြင်တွေ ဆက်ပြောခဲ့တယ်..။ အပြင်ဘက်ကနေ ပြန်လာတဲ့ ဆရာဦးလေးတချို့ကတော့ လူငယ်မှတ်တမ်းမှာရှိတဲ့ ပညာရှင်တွေအကြောင်း ပြောပြကြတယ်..။ အဲဒီအချိန်ကျမှပဲ သူတို့က ကျွန်တော့်ကို တောင်းပန်လာကြတာ..။ ကျွန်တော် ပြောခဲ့တဲ့အရာတွေအားလုံးကိုလည်း လက်ခံသွားကြတာ... ။ ဆရာဦးလေးရွှမ်ရှင်းကတော့ သူ့ကိုယ်သူ ဂုဏ်ဖော်ဖို့ပဲ စိတ်ဝင်စားတယ်..”

“ဆရာတူအစ်ကိုရဲ့ တိုက်ပွဲအကြောင်းကို ပြောတဲ့အချိန်တိုင်း သူက ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ပြောင်းပစ်ဖို့ ကြိုးစားတတ်တယ်..။ ဂိုဏ်းတူအစ်ကို ကျန်းပန်ကလည်း ခုနှစ်ထွေသိုင်းပညာကို ကျွမ်းကျင်နေပြီ ။ ဒါပေမယ့် သူကလည်း တစ်ခုခုကို အသည်းအသန်လိုက်နေသလိုပဲ... "

ကျန်းဟွေက ကျောင်းဆောင်ထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆက်၍ ပြောပြနေသည့်အတွက် မုန့်ချီ မရှိခဲ့သည့် (၂) နှစ်အတွင်း ဖြစ်ခဲ့သည့် အရာများ အားလုံးကို နားလည်လာခဲ့သည်။

ကျန်းဟွေ၏ စကားလုံးများကြောင့် မုန့်ချီ၏ခေါင်းထဲတွင် ပြန်လည်သတိရလာပြီး သူ၏ပတ်ဝန်းကျင် အနေအထားနှင့် အလွန်ရင်းနှီးလာသလို ခံစားလိုက်ရ၏။

ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာသည့်အတွက် မုန့်ချီက သူ၏ဆရာတူညီလေးကို ပြောလိုက်သည်။

"ဆရာတူညီလေး …

ကြည့်ရတာ မင်းက နံရံထဲမှာ ပိတ်မိနေတဲ့အတွက် တော်တော်လေး ပျင်းနေမယ်ထင်တယ်...”

“ကျွန်တော် မပျင်းပါဘူး... ။ ကျွန်တော်က အစ်ကိုပြန်လာတဲ့အတွက် စိတ်လှုပ်ရှားနေတာ... "

ကျန်းဟွေက ချက်ချင်း ငြင်းဆန်လိုက်သည်။

သူက အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြောလိုက်၏။

"အစ်ကိုကြီးက ကျွန်တော့်ကို သိုင်းလောကပုံပြင်တွေ ပြောပြခဲ့တယ်... ။ အပြင်ဘက်ကမ္ဘာကြီးမှာရှိတဲ့ သိုင်းလောကသားတွေရဲ့အကြောင်းကိုလည်း ပြောပြခဲ့တယ်...။ အခုတော့ (၂) နှစ်အတွင်း အစ်ကိုကြီးကိုယ်တိုင်က အဲဒီပုံပြင်တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီ…"

သူတို့ ပြန်လည်တွေ့ဆုံခဲ့ရသည့် အခိုက်အတန့်တွင် ထိုအရာက ကျန်းဟွေ၏ နောင်တတရားများကို အမှန်တကယ် ဖော်ပြနိုင်သော စကားလုံးများ ဖြစ်နေသည်။

မုန့်ချီက သက်ပြင်းချလိုက်ပြီး သူ၏ဆရာတူညီလေးကို နှစ်သိမ့်လိုက်၏။

"ဆရာတူညီလေး တံခါး (၆) ပေါက်ပွင့်ပြီး ကြေးနီးလူသားလမ်းကြောင်းကို ဖြတ်ကျော်ပြီးတဲ့အချိန်ထိ စောင့်နေပါ..။ အဲဒီအချိန်ကျရင် ညီလေးကိုယ်တိုင်လည်း အဲဒီသိုင်းလောကပုံပြင်တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်..။ ပြီးရင်တော့ အစ်ကိုက အပြင်ဘက်ကမ္ဘာကြီးထဲမှာ ရှုခင်းတွေကြည့်ဖို့ ခေါ်သွားပေးမယ်... "

"အဲဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့... "

ကျန်းဟွေက ခေါင်းညိတ်ပြလိုက်ပြီး အလွန်ပျော်ရွှင်သွားခဲ့သည်။ သူတို့က စကားတပြောပြောနှင့် လျှောက်လာရင်း ရွှမ်ပိုင် နေထိုင်ခဲ့သော ခြံဝန်းလေးဆီသို့ ရောက်လာခဲ့သည်။

ကျန်းဟွေက ခဏကြာစဉ်းစားပြီး သူ့ကို ရေတစ်ခွက် ငှဲ့ပေးလိုက်၏။

"အစ်ကိုကြီး…

ဒီမှာခဏစောင့်နေ ၊ ကျွန်တော်က တောင်အနောက်ဘက်ကိုသွားပြီး ဆရာ့ကို ပြောလိုက်ဦးမယ်... "

သိပ်မကြာခင် အဝါရောင်ဝတ်စုံနှင့် ကိုယ်တော်တစ်ပါးက ကျန်းဟွေနှင့်အတူ ရောက်လာခဲ့သည်။ ထိုအရာကတော့ ဆရာတော်ရွှမ်ပိုင် ဖြစ်၏။ သူ၏ခြေလှမ်း တစ်လှမ်းချင်းဆီက မတူညီသော စွမ်းအားများ ထွက်ပေါ်လာနေသလို ထင်မှတ်ရပြီး ခြေထောက်အောက်တွင် ရွှေရောင်ကြာပန်းများ ပွင့်လန်းနေသလို ထင်မှတ်ရသည်။

ရွှမ်ပိုင်က သူ့တပည့်ကို အပြုံးနှင့် ကြည့်လိုက်၏။

"ကောင်းတယ် အရမ်းကောင်းတယ်..။ မင်းက ဆရာ့ကို ပြန်လာကြည့်ဖို့ မှတ်မိသေးတာ အရမ်းကောင်းတယ်... "

သူကတော့ သက်လတ်ပိုင်းအရွယ်သာ ရှိနေသေးသော်လည်း ဝမ်းနည်းနေသော ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေသည်။ အမှန်အတိုင်း ပြောရလျှင်တော့ သူ၏ရုပ်ရည်က မုန့်ချီ၏ လက်ရှိရုပ်ရည်နှင့် တစ်ထပ်တည်းနီးပါး ဖြစ်နေ၏။

သူတို့က သွေးသားတော်စပ်နေသည်မှာ ငြင်းဆန်၍ မရနိုင်ပေ။ မုန့်ချီကတော့ လျှို့ဝှက်မှတ်တမ်းထဲတွင် သူ့အမေ၏ မျိုးရိုးကို တွေ့လိုက်ရပြီနောက် ရှာဖွေတွေ့ရှိခဲ့သော အရာများရှိနေပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်နေသည်။

မုန့်ချီက တလေးတစား ဦးညွှတ်လိုက်သည်။

"တာဝန်မကျေတဲ့တပည့်က ဆရာ့ကို ဒုက္ခပေးမိပြီ…"

"ကိစ္စမရှိပါဘူး..။ အပြင်ဘက်ကမ္ဘာကြီးထဲမှာ မင်းလည်း အခက်အခဲတွေ အတားအဆီးတွေကို ရင်ဆိုင်ရမှာပဲ ။ အခွင့်အရေးတစ်ခုကို လွဲချော်သွားခဲ့တာက ကံကောင်းမှုတစ်ခု ဖြစ်နေမယ်လို့ ဘယ်သူကရော ထင်ထားမှာလဲ... ။ ပြီးတော့ ဓမ္မတရားဆိုတာကို စကားလုံးတွေနဲ့ ရှင်းပြလို့မ ှမရနိုင်တာ... "

ရွှမ်ပိုင်က သူ့ကို နှစ်သိမ့်ပေးနေသည်။

ထို့နောက် သူက ဒူးထောက်နေသော မုန့်ချီကို ထူပေးလိုက်ပြီး နေရာတွင် ထိုင်ခိုင်းလိုက်သည်။

"ကျန်းတင် …

မင်းကလည်း မင်းအမေလို အရမ်းခေါင်းမာတာပဲ ။ မင်းက လော့ရန်မှာရှိတဲ့ စုကလန်ကို ပြန်မသွားခဲ့ဘူး..။ မင်းက ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တဲ့ မင်းအမေနဲ့ တစ်ပုံစံတည်းပဲ…"

"ကျွန်တော်က ကျွန်တော်ဦးလေးရဲ့ခြေရာအတိုင်း နင်းလိုက်တာပါ... "

မုန့်ချီက တစ်ယောက်တည်း တွေးနေမိသည်။

"ဆရာ …

ကျွန်တော်က ရှောင်လင်ကျောင်းတော်ရဲ့တံခါးဝကို ရောက်လာတဲ့ အချိန်ကတည်းကစပြီး လော့ရန်မှာရှိတဲ့ စုကလန်နဲ့ ပတ်သက်မှု မရှိတော့ဘူး... ။ ကျွန်တော့်မှာ ကျန်နေတဲ့ တစ်ဦးတည်းသော ဆွေမျိုးက ဆရာနဲ့ ဆရာတူညီလေးတို့ပဲ.."

သူက ပြန်ဖြေလိုက်၏။

ရွှမ်ပိုင်က ရယ်ရမလား ငိုရမလား မသိသော်လည်း သူ့စကားကို ကျေနပ်နေမိသည်။

"ဘယ်လိုပဲဖြစ်ဖြစ်ပါ အဲဒါက ကိုယ့်ကိုယ်ကိုယ် ဝေးကွာသွားအောင် လုပ်လိုက်သလိုပဲ ။ မင်းက လော့ရန်မှာရှိတဲ့ အသိုင်းအဝိုင်းမှာ အချုပ်အနှောင်ခံစရာ မလိုအပ်ပါဘူး... ။ မင်းရဲ့အမေက နေမကောင်းလို့ သေဆုံးသွားခဲ့တာ... "

ထိုစကားကို ပြောသည့်အခါ ကျန်းဟွေက မျက်လုံးပြူးသွားခဲ့သည်။

"ဆရာ …

ဆရာက အစ်ကိုကြီးရဲ့အမေကို သိနေတာလား... ။ ဒါ ဒါ ဒါဆိုရင်... "

သူ၏မေးခွန်းကို မုန့်ချီက ချောင်းဟန့်ပြီး တားဆီးလိုက်သည် ။ သူက သူ့ဆရာ၏ တရားမဝင်သားတစ်ယောက်ဟု ဆရာတူညီလေးက ပြောလိုက်မှာကို ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူက ဝင်ပြောလိုက်၏။

"ဆရာက အစ်ကို့အမေရဲ့ အစ်ကိုအကြီးဆုံးပါ... "

မုန့်ချီက ရှင်းပြလိုက်သည်။

"ဪ... "

ကျန်းဟွေက သူ့ထင်ထားသလို မဖြစ်သည့်အတွက် အနည်းငယ် စိတ်ပျက်သွားခဲ့၏။

မုန့်ချီ၏အမူအရာက တည်ငြိမ်သွားပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဆရာ …

ကျွန်တော်က အကြောင်းပြချက် (၂) ခုကြောင့် ပြန်လာခဲ့တာ..။ ကျွန်တော်က ဆရာတို့ (၂) ယောက်လုံးကို အရေးကြီးတဲ့ကိစ္စတစ်ခု သတိပေးစရာလည်း ရှိပါသေးတယ်... "

ထိုစကားကို ကြားသည့်အခါ ရွှမ်ပိုင်က လက်ကာပြလိုက်သည်။ ထို့နောက် သူ့စွမ်းအားများကို သုံးလိုက်ရာ အခန်းတစ်ခုလုံးကို အကာအကွယ်အလွှာတစ်ခု လွှမ်းခြုံသွားခဲ့ပြီး အပြင်ဘက်မှ ခိုးနားထောင်၍ မရစေရန် အခန်းကို ပိတ်လိုက်သည်။

"ဆက်ပြောပါ... "

"ကျွန်တော်က ကျန်းတုံကိုရောက်တဲ့အချိန်မှာ သွမ့်လွေလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကို တွေ့ခဲ့တယ်... "

ထို့နောက် မုန့်ချီက လျှို့ဝှက်လမ်းကြောင်းထဲတွင် ေ‘သစ္စာရှိပြီး သနားကြင်နာတတ်သူမဝင်ရ’ ဟူသော စကားလုံးအပါအဝင် ကျင့်ကြံမှု ပုံသဏ္ဍာန် (၉)မျိုး ၊ အမည်မဲ့ဘုန်းတော်ကြီးနှင့် အဖြစ်အပျက်တစ်ခုလုံးကို ပြန်လည်ပြောပြလိုက်သည်။

ကျန်းဟွေက မုန့်ချီ၏ အတွေးအကြုံများကို စိတ်ဝင်တစား နားထောင်နေခဲ့၏။

"ဒါဆိုရင် အစ်ကိုကြီးကျန်းချန်ရဲ့သေဆုံးမှုက မရိုးရှင်းလောက်ဘူး... "

ရွှမ်ပိုင်က အရာအားလုံးကို လေးလေးနက်နက် နားထောင်နေသည်။ သူက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

"အခုဆရာတို့ဆီမှာ သဲလွန်စ အလုံအလောက် မရှိသေးဘူး...။ ဒီတော့ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာက ဘယ်သူလဲဆိုတာ ပြောဖို့ခက်တယ်... ။ ဒါပေမဲ့ ဆရာက အန္တရာယ်တွေကို သေချာသတိထားပါ့မယ်... "

သူက ဝေ့ကျင်းအဆင့် အထွဋ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ကပင် သတိထားနေသော ရွှမ်ပိုင်ကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ချေ။

ခဏကြာစဉ်းစားပြီးနောက် သူက ဆက်ပြောလိုက်၏။

"အရင်တုန်းကတော့ ကျောင်းဆောင်ထဲမှာရှိတဲ့ စည်းမျဉ်းတွေကြောင့် ကျွန်တော်က ဆရာ့ကို အချက်အလက်တချို့ ပြည့်ပြည့်စုံစုံ မပြောနိုင်ခဲ့ဘူး..။ ဒါပေမယ့် ပိုပြီးတိတိကျကျ ပြောရမည်ဆိုရင်တော့ အဲဒီကျောက်တုံးတံခါးက လျှိုဝှက်လမ်းကြောင်းရဲ့ အတွင်းထဲမှာ တကယ်ပဲ ရှိနေနိုင်တယ်... "

အကယ်၍ ကျောက်တုံးတံခါးကိုသာ ရှာတွေ့မည်ဆိုလျှင် လျှို့ဝှက်လမ်းကြောင်းကိုလည်း တွေနိုင်သည်။ ထိုနေရာတွင် ‘သစ္စာရှိပြီး သနားကြင်နာတတ်သူ မဝင်ရ’ဟူသော စကားလုံးများ ရှိနေမည်ဆိုလျှင် အစွမ်းထက်ပြီး မေတ္တာကြီးမားသော ရှောင်လင်ကျောင်းတော်နှင့် မည်သို့ ပတ်သက်နေမည်နည်း။ မုန့်ချီကတော့ သံသယအရှင်သခင်၏ အစွမ်းများကို တဖြည်းဖြည်း ပို၍ ခံစားမိလာခဲ့သည်။

ရွှမ်ပိုင်က ထိုကိစ္စကို ဆက်ပြောခွင့် မပေးပေ။ ကျောင်းဆောင်ထဲတွင် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရသော အကြီးအကဲ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည့်အတွက် သူက ကျောင်းတော်၏တင်းကျပ်သော စည်းမျဉ်းများကို ပယ်ရှား၍ မရနိုင်ပေ။

ထို့ပြင် ယခုအချိန်ထိ မုန့်ချီ၏အစွမ်းက မလုံလောက်သေးပေ။ သူက မတတ်နိုင်သော အရာတစ်ခု လုပ်ဆောင်မိမှာကို စိုးရိမ်နေခဲ့၏။ ထို့ကြောင့် သူက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်သည်။

"ဆရာ့အနေနဲ့ ပြောရရင် အဲဒါတွေက အရိုးကြွက်သားအားဖြည့်ကျင့်စဉ် ပထမတွဲက ပုံစံတွေ ဖြစ်နိုင်တယ်... "

"ကျွန်တော်လည်း ဒီလိုပဲတွေးမိတယ်... ။ ဆရာတွေးနေတဲ့အတိုင်းပဲ…"

မုန့်ချီက သူ၏အမြင်ကို မျှဝေနိုင်သော လူတစ်ယောက် တွေ့လိုက်ရသလို ခံစားလိုက်ရ၏။

"ဆရာက အဲဒီကျင့်စဉ်ကို လေ့ကျင့်ခွင့်ရခဲ့တယ်... ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဆရာကတော့ မပြည့်စုံတဲ့ မိုကီးမိစ္ဆာခွင်းလက်သီးသိုင်းကိုပဲ ရွေးချယ်ခဲ့ပြီး အရိုးကြွက်သားအားဖြည့် ကျင့်စဉ် သင်ယူဖို့ အခွင့်အရေးကို လက်လျှော့ခဲ့တယ်... ။ ဒါကြောင့် အဲဒီသိုင်းကျမ်းထဲမှာရှိတဲ့ အချက်အလက်တွေကို ဆရာလည်း သေချာမသိဘူး...။ ဆရာဦးလေးတချို့ဆီကနေ ကြားတဲ့စကားတွေအရ အဲဒီသိုင်းကျမ်းထဲမှာ စုစုပေါင်းကျင့်ကြံမှုပုံသဏ္ဍာန် (၉၉) မျိုးရှိတယ်လို့ ပြောကြတယ်...။ ပထမတွဲမှာတော့ ပုံစံ (၁၂) မျိုး ၊ (၁၃) မျိုးရှိတယ်... ။ အဲဒီအထဲမှာ စာသားတွေနဲ့ တရားထိုင်ရမဲ့ မှတ်တမ်းတွေလည်း ပါတယ်... "

ရွှမ်ပိုင်က ပြောပြလိုက်သည်။

မုန့်ချီက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်၏။ မည်သို့ဖြစ်စေကာမူ သူ့အတွက် အချက်အလက်များကို သေချာအတည်ပြုပေးနိုင်သော သံသရာအရှင်သခင် ရှိနေသေးသည်။

သူက အမည်မသိ ဘုန်းတော်ကြီးနှင့် အရိုးကြွက်သား အားဖြည့်ကျင့်စဉ်အကြောင်းကို ဆက်ပြောမနေတော့ပဲ ရွှမ်ပိုင်က မုန့်ချီကို ကြည့်လိုက်သည်။

"အတိတ်တုန်းကတော့ ဆရာက မင်းကို လော့ရန်မှာရှိတဲ့ စုကလန်ဆီပြန်ဖို့ မျှော်လင့်ထားခဲ့တာ...။ ဒါကြောင့်လည်း ဆရာက မင်းကို သင်ကြားပေးတဲ့အချိန်မှာ အရမ်းကြီး ကန့်သတ်မထားတာ..။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက စုကလန်မှာ သင်ကြားပေးတဲ့ သိုင်းပညာတွေနဲ့ သဟဇာတမဖြစ်နိုင်ဘူးလေ..။ အခုတော့ မင်းက သိုင်းလောကထဲမှာ ကျင်လည်နေရတာကို ပိုပြီးသဘောကျနေပြီ ။ ဒီတော့ ဆရာ့ဆီမှာရှိတဲ့ သိုင်းကျမ်းတွေအားလုံး မင်းကို မျှဝေပေးရမှာပေါ့... "

မုန့်ချီက ဝမ်းသာသွားခဲ့ပြီး သူ့ဆရာကို ဦးညွှတ် အရိုအသေပေးလိုက်သည်။ စွမ်းရည် အပိုတစ်ခု ရှိလာခြင်းက အနာဂတ်တွင် သူ့အတွက် အကူအညီများ ဖြစ်လာနိုင်သည်။

ရွှမ်ပိုင်က အပြုံးနှင့် ရှင်းပြလိုက်၏။

"အတိတ်တုန်းကတော့ ဆရာကို သေမင်း (၇)သွယ်လို့ လူသိများတယ်... ။ (၇)သွယ်ဆိုတာက လက်ဝါး ၊ လက်ညှိုး ၊ လက်သီး ၊ ချုပ်ကိုင်ခြင်း ၊ ချီစွမ်းအင်လှုပ်ရှားမှု ၊ သွေးကြောပိတ်ခြင်းနဲ့ သွေးကြောပြောင်းခြင်း.တို့ကို ဆိုလိုတာပဲ။ မင်းကတော့ ခန္ဓာကိုယ်အကာအကွယ်ကျင့်စဉ်တွေကို အဓိကလေ့ကျင့်ထားတဲ့အပြင် ဓားမောက်နဲ့ ဓားရှည်သိုင်းပညာကို အလေးထားတယ်... ။ ဒါကြောင့် လက်ဝါး၊ လက်သီး၊ ချုပ်ကိုင်ခြင်းနဲ့ ချီစွမ်းအင်ကျင့်စဉ်တွေကို အာရုံစိုက်ဖို့ မလိုဘူး... ။ မင်းက သွေးကြောပိတ်ခြင်းနဲ့ ကိုယ်ဖော့ပညာတွေကို လေ့လာပြီး တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ဆရာ့ရဲ့ကိုယ်စား တခြားသူတွေကို မျှဝေပေးနိုင်တယ်... ။ မင်းက ဆရာ့အတွက် အမွေဆက်ခံပေးရမယ်..”

“ဆရာတို့ကို ဒီသိုင်းပညာတွေ အမွေပေးခဲ့တဲ့ ဘိုးဘေးတွေမရှိခဲ့ဘူး... ။ ဒါကြောင့် ဆရာက သူတို့ရဲ့အမွေအနှစ်ကို မရခဲ့ဘူး..။ ဆရာလေ့ကျင့်တဲ့ နည်းလမ်းက အစစ်အမှန်သိုင်းကျမ်း (၇) သွယ်လို့ခေါ်တယ်..။ အဲဒါကို အပိုင်း (၇) ပိုင်း ခွဲခြားထားတယ်...။ ကိုယ်ဖော့ပညာကတော့ လေမျက်နှာကိုယ်ဖော့သိုင်း ၊ မင်းက အဲဒီသိုင်းပညာကို ပြည့်ပြည့်ဝဝ နားလည်သွားပြီဆိုရင် လေထဲမှာ တစ်ကြိမ် နှစ်ကြိမ်လောက် နေရာပြောင်းလို့ရတယ်...”

“ပြီးတော့ နောက်ထပ် သိုင်းပညာတစ်မျိုးကတော့ အင်မော်တယ် ချုပ်နှောင်ခြင်းလက်လို့ခေါ်တယ်... ။ အဲဒါကတော့ သွေးကြောပိတ်တဲ့ပညာတစ်ခုပဲ ။ မင်းက အဲဒီပညာကို ပြည့်ပြည့်ဝဝ ကျွမ်းကျင်သွားပြီဆိုရင်တော့ သွေးကြောတိုက်ခိုက်ရေး လက်ညှိုးသိုင်းလို့ ခေါ်လို့ရတယ်... "

Translated by Hein Htet

All Chapters