အခန်း (၃၄၂)
Vol. 23 Ch. 342
ရွှမ်ပိုင်က လက်ဝါး ၊ လက်ချောင်း ၊ လက်သီးနှင့် ချီစွမ်းအင်ကျင့်ကြံမှုများ၏ နာမည်ကိုတော့ မိတ်ဆက်ပေးခဲ့ခြင်း မရှိပေ။
မုန့်ချီကလည်း ထိုအရာကို ဂရုမစိုက်နိုင်ခဲ့ပေ။ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အစွမ်းထက်သော အခြေခံတစ်ခု တည်ဆောက်ရပြီး ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ရှာဖွေရသည်။ ထို့ကြောင့် အသိပညာ ပိုများလေလေ ပို၍ အကျိုးရှိလေလေ ဖြစ်သည်။
သို့သော် အကြောင်းအရာများစွာကို အလွန်ရှုပ်ထွေးစွာ လေ့လာသည်မှာလည်း ကောင်းမွန်သော အတွေးတစ်ခုတော့ မဟုတ်ချေ။ သူက ဓားမောက်သိုင်းပညာကို လျှောက်လှမ်းမည်ဟု သေချာနေပြီး ထိုလမ်းကြောင်းပေါ်တွင် အတော်လေး စိတ်နှစ်ထားခဲ့ရသည်။ သံသရာတာဝန်များလည်း ရှိနေသေး၏။
အကယ်၍ သူကသာ သိုင်းပညာ အသစ်တစ်မျိုးကို သင်ယူရန် အာရုံခွဲပေးလိုက်ရမည်ဆိုလျှင် သူ၏ဆုံးရှုံးမှုက အကျိုးအမြတ်ထက် ပို၍ များပြားနိုင်သည်။
အကယ်၍ သူ၏လက်နက်များ ပျက်စီးပျောက်ဆုံးသွားမည်ဆိုလျှင် သူက ရွေးချယ်ခွင့် မရှိတော့ဘဲ လက်ဗလာနှင့် တိုက်ခိုက်ရမည်သာ ဖြစ်သည်။ ထိုအချိန်တွင်လည်း သူက မည်သူ့ကိုမျှ ကြောက်စရာမလိုအပ်ပေ။ သူ့လက်ဝါးကို ဓားမောက်အဖြစ် ၊ သူ့လက်ချောင်းလေးများကို ဓားရှည်အဖြစ် အသုံးပြု၍ တိုက်ခိုက်နိုင်၏။
အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်တို့၏ အကျိုးသက်ရောက်မှုကြောင့် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများက မာကျောလာပြီး သာမန်အခြေအနေအများစုကိုတော့ ကိုင်တွယ်နိုင်စွမ်းရှိသည်။ ထို့ပြင် သူက အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်ထဲမှ အင်မော်တယ်ပုံရိပ်ယောင်(၇)မျိုးကိုလည်း နားလည်ထားသည်။ ထိုအရာက လက်ဗလာသိုင်းပညာတစ်ခုဟု သတ်မှတ်နိုင်၏။
သူက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို လေ့ကျင့်ခဲ့သည့် အချိန်ကတည်းမှစပြီး ထိုအရာတစ်ခုတည်းကိုသာ လေ့လာခဲ့ပြီး တခြားစွမ်းရည်များကိုတော့ အလွန်အမင်း အာရုံစိုက်ခဲ့ခြင်း မရှိပေ။ အစစ်အမှန်သိုင်းကျမ်း (၇)သွယ်ထဲမှ လက်ဝါးနှင့် လက်ချောင်း တိုက်ခိုက်မှုများက သူ လေ့လာထားသည့်အရာနှင့် လုံးဝကို ကွဲပြားသည်။ ထို့ကြောင့် သူ အချိန်ရသည့်အချိန်တွင် ဖတ်ကြည့်မည်ဆိုလျှင်တော့ မဆိုးလှပေ။ သူ့အတွက် တစ်နေ့နေ့တွင် အကျိုးရှိလာနိုင်၏။
ရွှမ်ပိုင်က အကြမ်းဖျင်း ပြောပြလိုက်ပြီးနောက် သူ၏ညာလက်ကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။ ထိုအချိန်တွင် သူ၏အခန်းထဲမှနေ၍ သိုင်းကျမ်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုသိုင်းကျမ်းကို သာမန်စာရွက်များနှင့် ဖန်တီးထားခြင်းဖြစ်ပြီး စာမျက်နှာများကို တွဲထားပုံရသည်။
"ဒီမှာ နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေလိုက်ဦး။ တကယ်လို့ မင်းက လေမျက်နှာ ကိုယ်ဖော့ကျင့်စဉ်၊ သွေးကြောတိုက်ခိုက်ရေး လက်ညှိုးတို့နဲ့ ပတ်သက်ပြီး မေးစရာရှိတယ်ဆိုရင် ဆရာ့ကို အချိန်မရွေး မေးလို့ရတယ်…”
သူက သိုင်းကျမ်းကို မုန့်ချီဆီသို့ ပေးလိုက်သည်။
မုန့်ချီက ကြိုတင်ပြင်ဆင်ထားသော သိုင်းကျမ်းကို ကြည့်ပြီး ရုတ်တရက် နားလည်သွားခဲ့၏။ သူက သိုင်းလောကတွင် ကျင်လည်ကျက်စားနေကြောင်း သိသွားပြီးနောက် သူ့ဆရာက အစစ်အမှန်သိုင်းကျမ်း (၇)သွယ်ပညာကို တိတ်တဆိတ် ရေးထားခဲ့ပုံပေါ်သည်။
ကျန်းဟွေက တောင်ပေါ်မှဆင်းပြီး သိုင်းလောက၌ ကျင်လည်ကျက်စားသည့် အချိန်တွင် ထိုစာအုပ်ကို သူ့ဆီသို့ ပေးခိုင်းရန် သူ့ဆရာက ပြင်ဆင်ထားပုံရ၏။ သူ့ဆရာက ထိုအတွေးတစ်ခုတည်းသာ ရှိနေခြင်း မဟုတ်နိုင်ပေ။ သို့သော် မုန့်ချီက သတင်းပို့ရန် ရှောင်လင်ကျောင်းတော်သို့ ရောက်လာမည်ဟူသော အတွေးမျိုးတော့ ရှိပုံမရချေ။
မုန့်ချီ၏ ရင်ထဲတွင်တော့ နွေးထွေးသွားသလို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးများကလည်း အနည်းငယ် ဝေဝါးသွားပြီး သိုင်းကျမ်းကို လက်ခံ၍ နောက်တစ်ကြိမ် ဦးညွတ်လိုက်၏။
………..
(၇)ရက် ကြာပြီးနောက် …
လျှံတိုင်တောင်ခြေတွင် မုန့်ချီ ထွက်သွားတော့မည်ကို မြင်သည့်အခါ ကျန်းဟွေကတော့ အနည်းငယ် တွေဝေနေခဲ့၏။
"အစ်ကိုကြီး …
ကျွန်တော်က နှာခေါင်းတံခါးဖွင့်ပြီး ကြေးနီလူသားလမ်းကြောင်းကို ဖြတ်ကျော်နိုင်သွားရင် အစ်ကိုကြီးကို ရှာဖို့ တောင်ပေါ်ကနေ ဆင်းလာခဲ့မယ်။ ပြီးတော့ အစ်ကိုကြီးနှင့်အတူသိုင်းလောကကို လှည့်ပတ်သွားလာကြမယ်။ ကျွန်တော်ကလည်း အဲဒီပုံပြင်တွေထဲက ဇာတ်လိုက်တွေလို ဖြစ်ချင်တယ်…"
အမှန်အတိုင်း ပြောရလျှင်တော့ သူက ကြေးနီလူသားလမ်းကြောင်းကို ဖြတ်ကျော်နိုင်သော စွမ်းရည်ရှိသည်။ ပန်းခူးလက်ညှိုးသိုင်းက အလွန်အဆင့်မြင့်သော လက်ချောင်းသိုင်းပညာတစ်ခု ဖြစ်၏။ အကယ်၍ သူကသာ အနိုင်ရရန် အလွန်အမင်း အာရုံစိုက်နေမည်ဆိုလျှင် သူ့အစွမ်းကို အသုံးချရန် ခက်ခဲနိုင်သည်။
ထို့ကြောင့် ကျန်းဟွေကို တံခါး (၆)ပေါက် ပွင့်ပြီးမှသာ သွားခွင့်ပေးရန် ရွှမ်ပိုင်က ဆုံးဖြတ်ထားခဲ့သည်။ ထိုအချိန်မှသာ သူ့အစွမ်းကို အလွယ်တကူ အသုံးချနိုင်ပါလိမ့်မည်။
"ကောင်းပြီ …ဒါဆိုရင် အစ်ကိုက မြစ်အရှေ့ပိုင်းမှာပဲ ရှိနေမယ်…."
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။ မြစ်အရှေ့ပိုင်းတွင် အစွမ်းထက် ပညာရှင်များ ပြည့်နှက်နေသည့်အတွက် လေ့ကျင့်ရန် အကောင်းဆုံး နေရာတစ်ခုဖြစ်သည်။
သူက ကျန်းဟွေနှင့် ခဏကြာ စကားပြောနေပြီးနောက် ကျန်းဟွေက တောင်ပေါ်သို့ ပြန်တက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူလည်း လက်နောက်ပစ်ပြီး ခင်းထားသော လမ်းမပေါ်တွင် အလွန်လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ သူ့ပုံစံက နှေးကွေးသည်ဟု ထင်မှတ်ရသော်လည်း အလင်းတန်းတစ်ခုသဖွယ်ဖြစ်နေ၏။
နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးနှင့် ပတ်သက်သော အချက်အလက်များကို သူ့ဆရာဆီသို့ ပြောပြလိုက်ပြီးနောက် သူတို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ အန္တရာယ်မရှိနိုင်တော့ကြောင်း မုန့်ချီက ယုံကြည်နေသည်။
ပထမတစ်ချက်ကတော့ သူ့ကို လိုက်လံနှောင့်ယှက်ပြီး သတ်ပစ်ခြင်းကလည်း တန်ဖိုးမရှိချေ။ ဒုတိယတစ်ချက်ကတော့ အကယ်၍ သူတို့ကသာ လက်တုံ့ပြန်ချင်သည်ဆိုလျှင် ထောင်ချောက်ရှိမရှိ စဉ်းစားရဦးမည်ဖြစ်သည်။
ရှောင်လင်ကျောင်းတော်၏ အကြီးအကဲများကတော့ ထိုအခွင့်အရေးကို အသုံးချပြီး သဲလွန်စများ ၊ သက်သေများကို စုစည်းနိုင်သည့်အတွက် သူက အခြေအနေ တည်ငြိမ်သွားသည့်အချိန်အထိ စောင့်နေပါလိမ့်မည်။ သူတို့က နောက်ပိုင်းကျမှ အလားတူ ကိစ္စမျိုး လုပ်ဆောင်လျှင်လည်း နောက်မကျနိုင်သေးပေ။
ခဏကြာ လျှောက်လာပြီးနောက် ရှောင်လင်ကျောင်းတော်၏ နယ်မြေထဲမှ မထွက်ရသေးခင် မုန့်ချီ၏အရှေ့၌ ကိုယ်တော်တစ်ပါး ပေါ်လာခဲ့သည်။ သူက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် (၂၀)ဝန်းကျင်သာ ရှိသေးပုံပေါ်၏။ သူ့ပုံစံက သိမ်မွေ့ညင်သာပြီး တက်ကြွနေသည်။
သို့သော် သူက ရိုးရှင်းပြီး နှေးကွေးပုံရ၏။ သူ၏ မျက်လုံးများကလည်း အသက်ကင်းမဲ့နေသည်။ သို့သော် သူက မုန့်ချီကို ကြည့်လိုက်မိသည့်အချိန်တွင် မျက်လုံးများက ဝင်းလတ်တောက်ပနေခဲ့၏။
"ငါ့ နာမည်က ကျန်းပန်လို့ခေါ်တယ်။ ငါက မင်းကို တွေ့ခဲ့ဖူးတယ် ဒကာလေးစု … "
ထိုအရာက သိုင်းအရူး ကျန်းပန်ဖြစ်သည်။ မုန့်ချီက ချက်ချင်း နားလည်သွားခဲ့၏။ သူက ရှောင်လင်ကျောင်းတော်ထဲ၌ ရှိနေသေးသည့်အချိန်တွင် ကျန်းပန်နှင့် မတွေ့ခဲ့ဖူးချေ။ သူနှင့် ပတ်သက်သော စိတ်ဝင်စားစရာ ကိစ္စများစွာကိုသာ ကြားခဲ့ဖူး၏။ အကယ်၍ သူ၏ဓမ္မနာမည်ကိုသာ ပြောပြခဲ့ခြင်း မရှိလျှင် မုန့်ချီက သူ့ကို သေချာပေါက် မှတ်မိလိမ့်မည်မဟုတ်ချေ။
စလာသည့်အချိန်ကတည်းကစပြီး ထိုအရာကို ထူးဆန်းနေသည်ဟု မုန့်ချီက ခံစားခဲ့ရ၏။ သိုင်းအရူး တစ်ယောက်ဖြစ်သည့်အတွက် ကျန်းပန်က သူ့လို လူတစ်ယောက်နှင့် စိန်ခေါ်ရန် အခွင့်အရေးကို မည်သို့လက်လွှတ်ခံမည်နည်း။
မည်သို့ဖြစ်စေကာမူ မုန့်ချီက ကျန်းမျိုးဆက်ကို ဖောက်ထွက်ပြီး ယခု လူငယ်မှတ်တမ်း၏ ထိပ်ဆုံးတွင် ရပ်တည်နေသည်။ သူက ရှောင်လင်ကျောင်းတော်သို့ ပြန်လာခဲ့သည့်အချိန်တွင် ကျန်းပန်ကလည်း သူနှင့် စိန်ခေါ်ရန် အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက ဤနေရာတွင် စောင့်နေခြင်းဖြစ်၏။
"အစ်ကိုကျန်းပန် … အစ်ကိုကျန်းပန်က အားနာနေတာပဲ …"
မုန့်ချီက အပြုံးနှင့်ပြန်ဖြေလိုက်သည်။
ကျန်းပန်က တည့်တည့်သာ ပြောလိုက်၏။
"ငါက မင်းနဲ့ လက်ရည်စမ်းချင်တယ် ဒကာလေးစု ။ ငါက ပြိုင်ဘက်ကင်း မိုးကြိုးစွမ်းအားကို အဓိက လေ့လာထားပြီး မိုးကြိုးလက်ဝါး ၊ ပရာဏလက်ဝါး ၊ သဏ္ဌာန်မဲ့လက်ညှိုး ၊ အနန္တလက်ညှိုး ၊ ကရုဏာတစ်ထောင်လက်နဲ့ ရေကန်ပေါ်က မြက်ပင် သိုင်းပညာတွေကို လေ့ကျင့်ထားတယ်။ ငါက စွန့်လွှတ်ခြင်းကျင့်စဉ်ကိုလည်း အသက်သွင်းနိုင်တယ်။ ဒီတော့ ငါက ဒကာလေးစုကို ယှဉ်နိုင်မယ်လို့ ထင်ပါတယ်.."
စွန့်လွှတ်ခြင်းကျင့်စဉ်က ထိပ်သီးသိုင်းပညာများကို သင်ကြားရာတွင် အကူအညီတစ်ခု ပေးနိုင်သည်။ သိုင်းပညာတိုင်းနှင့် အသုံးပြုနိုင်၏။ ထို့ကြောင့် ရှောင်လင်ကျောင်းတော်က သူတို့သင်ယူထားသော ထိပ်သီးသိုင်းပညာများ အကြောင်းကို ပြောသည့်အချိန်တွင် ထိုအရာကို ဖယ်ရှားမထားခဲ့ပေ။
ကျန်းပန်က သူတတ်မြောက်ထားသော ပညာများကို ပြောပြလိုက်သည့်အချိန်တွင် မုန့်ချီက ပြုံးလိုက်မိ၏။ သို့သော် ရှောင်လင်ကျောင်းတော်၏ ထိပ်တန်းသိုင်းပညာများကို တခဏအတွင်း ရင်ဆိုင်ရမည်မှာ သူ့အတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သည်။
ထို့ကြောင့် သူကလည်း ပြန်ဖြေလိုက်၏။
"ကျေးဇူးပြုပြီး တိုက်ခိုက်ပါ…"
သူက ထိုစကားများကို ပြောလိုက်သည့်အချိန်တွင် သူ၏အငွေ့အသက်များက ပြောင်းလဲသွားသည်။ သူ့ပုံစံက ယခင်တုန်းကကဲ့သို့ အပြုံးနှင့် အေးအေးဆေးဆေး နေတတ်သော လူငယ်လေးတစ်ယောက် မဟုတ်တော့ပေ။ သူက ကမ္ဘာ့မြေကြီးနှင့် တစ်သားတည်းဖြစ်သွားသလို ထင်မှတ်ရပြီး ပို၍ကြောက်စရာကောင်းလာသလို ထင်မှတ်ရသည်။
သူ့ညာလက်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် ကောင်းကင်ပြစ်ဒဏ်ဓားကလည်း ကမ္ဘာမြေကြီး၏ စည်းမျဉ်းစည်းကမ်းများအတိုင်း လှုပ်ရှားလာခဲ့၏။ ချီစွမ်းအင်များကို ထုတ်သုံးလိုက်သည့်အချိန်တွင် မုန့်ချီက ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
တစ်ချိန်တည်းတွင် ကျန်းပန်၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။ သူ၏လက်ဖဝါးပေါ်တွင်လည်း ရွှေရောင်အလွှာတစ်ခု လွှမ်းခြုံလာပြီး မုန့်ချီကို လက်ဝါးနှင့် ရိုက်ချက်လိုက်၏။
မိုးကြိုးလက်ဝါး၏ လှုပ်ရှားမှုများက ရိုးရှင်းပြီး ကြမ်းတမ်းခက်ထန်သော်လည်း အစွမ်းက ကြောက်စရာကောင်းသည်။ လေလှိုင်းအလွှာပေါင်းများစွာကပင် ပျက်စီးသွားခဲ့၏။လေဟာနယ်ကြီးတစ်ခုလုံးက အက်ကွဲသွားသလို ဖြစ်လာပြီး ထူးခြားသောခံစားမှုတစ်ခု ပေါ်လာခဲ့သည်။
ကျန်းမြောင်နှင့်ယှဉ်လိုက်မည်ဆိုလျှင် ကျန်းပန်က အနိုင်ရရန် အလေးထားနေခြင်း မဟုတ်ချေ။ သူက သာမန်အမြင်ကို ဖုံးကွယ်ထားခြင်း မရှိခဲ့ဘဲ သူ၏ အစွမ်းထက်ဆုံး သိုင်းကွက်နှင့် အရင်ဆုံး တိုက်ခိုက်ခဲ့ခြင်း မရှိပေ။
မုန့်ချီ၏ ဓားက မိုးကြိုးကဲ့သို့ဖြစ်နေ၏။ အလွန်ထက်မြက်သော ဓားအလင်းတန်းက အသံမထွက်ဘဲ လေဟာနယ်အလွှာများကို တီးတိုးခုတ်ချလိုက်ပြီး ကျန်းပန်၏ လက်ဝါးနှစ်ဖက်ရှေ့သို့ ရောက်လာခဲ့သည်။ သူက ထိုလက်ဝါးနှစ်ဖက်ကို နောက်သို့ ကွဲသွားအောင် တွန်းပို့ခဲ့သည်။
သူကလည်း သူ၏ ဓားမောက်သိုင်းပညာကို စတင်ပြသနေသည်။ ထိုအရာက လေလှိုင်းကို အန်တုနေသော ပျံလွှားတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။ လျင်မြန်ဖျတ်လတ်မှုက နှေးကွေးမှုကို ကျော်ဖြတ်သွားနိုင်သည်။
သိုင်းကွက်အနည်းငယ်လေးအတွင်း မုန့်ချီက ကျန်းပန်၏ မိုးကြိုးလက်ဝါးကို ဖိနှိပ်နိုင်ခဲ့သည်။ သူတို့က တိုက်ခိုက်နေကြသည့်အချိန်တွင် ဓားက လက်ဝါးအရိပ်ထဲမှနေ၍ ထူးဆန်းစွာ ထွက်ပေါ်လာနေပြီး ကျန်းပန်၏ ဦးခေါင်းရှိရာကို လှမ်းခုတ်လိုက်သည်။
ထိုလှုပ်ရှားက အလွန်နှေးကွေးပြီး တည်ငြိမ်နေသော်လည်း ပြောင်းလဲမှုများစွာ ပါဝင်နေခဲ့၏။ ပြောင်းလဲမှုတိုင်းကလည်း အလွန်လျင်မြန်လွန်းလှသည့်အတွက် အတွေးနှင့်ပင် လိုက်မမီနိုင်ပေ။ တစ်ဖက်လူက မည်သည့်နေရာတွင် ပုန်းနေရန် ကြိုးစားစေကာမူ တိုက်ခိုက်မှုကို ခုခံရန် မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ အားနည်းပြီး အကျိုးမဲ့ ဖြစ်သလိုသာ ခံစားရမည်ဖြစ်၏။
ကျန်းပန်၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက လက်နှစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး သူ၏လက်ဝါးနှင့်ဆက်တိုက် ရိုက်ထုတ်လိုက်သည်။ တခဏအတွင်း သူ့ဆီတွင် လက်ပေါင်းတစ်ရာခန့် ထွက်ပေါ်လာသလို ထင်မှတ်ရ၏။ ထိုအရာက မုန့်ချီ၏ ဓားကို စနစ်တကျ တားဆီးထားလိုက်သည်။
"ချွင် …ချွင်… "
အသံပေါင်းများစွာ ထွက်ပေါ်လာပြီး လှုပ်ရှားမှု၏အရှိန်က ပြောင်းလဲသွားခဲ့သည်။
မုန့်ချီက သူ၏ ခြေထောက်ကို နေရာရွေ့လိုက်ပြီး ဓားရှည်ကို လေးလံစွာ ဝှေ့ယမ်းလိုက်သည့်အချိန်တွင် လေထုကို ဖိနှိပ်လိုက်ပြီး အရာအားလုံး စုပ်ယူနိုင်သော ဝဲကတော့တစ်ခု ဖန်တီးလိုက်သည်။
ကျန်းပန်ကတော့ သူ၏ လက် (၅)ချောင်းနှင့် ကြောက်စရာကောင်းစွာ တိုက်ခိုက်လာပြီး လက်ညှိုးနှင့် လက်ခလယ်တွင် စိမ်းနီရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ဓားသွားကို နောက်သို့ ဖြည်းညင်းစွာ ပြန်ကန်သွားစေခဲ့၏။
သူက စွမ်းအားများကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပြီး သူ့ဆီတွင် ကြောက်စရာကောင်းသော အစွမ်းများ ရှိနေသည်။ အနန္တလက်ညှိုးသိုင်းက မာကျောသော အကာအကွယ် သိုင်းပညာများကို ချိုးဖောက်ရန် အဓိကအသုံးပြုရသော လက်ညှိုးသိုင်းပညာတစ်ခုဖြစ်သည်။
အကယ်၍ ထိုအရာကိုသာ ကျွမ်းကျင်သွားမည်ဆိုလျှင် မချိုးဖောက်နိုင်သော အရာမရှိပေ။ ထိုအရာက ရှောင်လင်ကျောင်းတော်၏ ထိပ်တန်းသိုင်းပညာ (၇၂)မျိုးထဲမှ တစ်ခုလည်းဖြစ်၏။
"ချွင် … "
ဝဲကတော့ ၊ ဓားရှည်နှင့် အနန္တလက်ညှိုးတို့က တိုက်မိသွားခဲ့ပြီး တပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့သည်။ ကျန်းပန်၏ဘယ်လက်ကတော့ ဘေးတွင် ကျနေပြီး သူ၏ တစ်စုံတစ်ခုကို ပြင်ဆင်နေသည်။
မုန့်ချီက သူ၏ချီစွမ်းအင်စီးဆင်းမှုအပေါ် အာရုံခံနိုင်နေခြင်းကလည်း မရှင်းမလင်း ဖြစ်လာကြောင်း ခံစားလိုက်ရ၏။ ထိုအချိန်တွင် မုန့်ချီဆီ၌ အတွေးတစ်ခုပေါ်လာခဲ့သည်။ ထိုအရာက လက်ညှိုးသဏ္ဌာန် တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ပုံသဏ္ဌာန်မရှိသည့်အတွက် ခုခံရန် ခက်ခဲသည်။
"သဏ္ဌာန်မဲ့ လက်ညှိုးသိုင်းလား …”
ထိုအရာက ရှောင်လင်ကျောင်းတော်ထဲတွင် ပန်းခူးလက်ညှိုးသိုင်းကလွဲလျှင် ဒုတိယအခက်ခဲဆုံး လက်ညှိုးသိုင်းပညာတစ်ခုပေလော ။ ထိတွေ့ရန် ပုံသဏ္ဌာန် မရှိသည့်အတွက် မည်သည့်အရာကိုမျှ တိုက်ခိုက်၍ မရချေ။
မုန့်ချီက သူ၏ အာရုံခံနိုင်စွမ်းများကိုသာ အားကိုးနိုင်သည့်အတွက် ကျန်းပန်က ထိုအရာကို စုစည်းပြီး အသုံးချခဲ့သည်။ ထိုအရာက ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေး သိုင်းကွက်တစ်ခုကို သုံးလိုက်ခြင်းနှင့် ညီမျှသည်။
မုန့်ချီက နောက်ပြန်ဆုတ်လိုက်ရ၏။ သူကတော့ ထိုအရာကို အလေးမဲ့ ရင်ဆိုင်ရဲခြင်း မရှိချေ။ သူ၏ဓားပေါ်တွင် ချီစွမ်းအင်နှင့် စိတ်စွမ်းအားများကို လွှမ်းခြုံလိုက်သည်။ ထို့နောက် သူ့ဓားက သူ၏နှလုံးသားနှင့် ပေါင်းစပ်သွားခဲ့ပြီး သူ့ရှေ့ကို တည်ငြိမ်စွာ ခုတ်ချလိုက်၏။
"ချွင် … "
ကောင်းကင်ပြစ်ဒဏ်ဓားဆီမှ အသံတစ်ခုထွက်ပေါ်လာပြီး သဏ္ဌာန်မဲ့လက်ညှိုးကို တားဆီးနိုင်ခဲ့သည်။ အခွင့်အရေးကို အရယူပြီး ကျန်းပန်က မြေပေါ်တွင် လျှောချ၍ မုန့်ချီကို တိုက်ခိုက်လိုက်သည်။
သူက ညာလက်သီးကို မြှောက်လိုက်ပြီး မြေကြီးပေါ်သို့ အားနှင့် ထိုးချလိုက်၏။ လက်ဝါးလှိုင်းများက နေရာတိုင်း ပျံ့နှံ့သွားပြီး ကမ္ဘာမြေကြီးတစ်ခုလုံး လွှမ်းခြုံသွားသလို ဖြစ်လာခဲ့သည်။
သူ၏လက်ဝါးသိုင်းက ရိုးရှင်းပြီး တည်ငြိမ်နေသည်။ သို့သော် အရာအားလုံးကို သိနေသော ခံစားမှုများ ရှိနေပြီး အတွေးများ အားလုံးကို ဖုံးကွယ်၍ မရနိုင်တော့ပေ။ ထိုအရာက ဖြစ်နိုင်ချေများ အားလုံးကို ပိတ်ဆို့ထား၏။
သူ၏ ပရာဏလက်ဝါးက ဗုဒ္ဓ၏အမွေအနှစ်များ အားလုံးကို လက်ဝါးထဲတွင် စုစည်းထားသလို ဖြစ်နေသည်။ ထိုအရာက ပရာဏလက်ဝါးသိုင်းဖြစ်ပြီး မုန့်ချီက ထိုအရာကို ကြုံခဲ့ဖူးသည်။ သို့သော် ကျန်းချန်၏ တိုက်ခိုက်မှုနှင့် ယှဉ်လိုက်မည်ဆိုလျှင် ကျန်းပန်၏ ပရာဏလက်ဝါးက တိုက်ခိုက်သူ၏ စိတ်ဓာတ်ကျမှုများကို ဖျက်ဆီးပစ်နိုင်သော အရှိန်အဝါတစ်ခု ရှိနေ၏။
သူက ပြိုင်ဘက်ကင်း မိုးကြိုးစွမ်းအားကို အသုံးပြုပြီး ထိုလက်ဝါးချက်ကို တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် သူရရှိထားသော အနှစ်သာရများက ယခင်တုန်းက ကျန်းချန်နှင့် လုံးဝကို ကွဲပြားနေ၏။ အသိဉာဏ်က သူ့ဓားသွား ဖြစ်လာသည်။
ထိုအရာက ကောင်းကင် မိုးကြိုးကိုပင် ဖြတ်ကျော်နိုင်သည့်အတွက် စိတ်ဓာတ်ကျမှုများကို ဖယ်ရှားနိုင်ပြီး တိတ်ဆိတ်ငြိမ်သက်မှုကို ရရှိနိုင်သည်။ ထိုကဲ့သို့ လက်ဝါးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အနတ္တကျိန်စာဖျက်ဓားပညာနှင့် ခုခံခြင်းကလည်း အသုံးမဝင်နိုင်ကြောင်း မုန့်ချီက သိနေသည်။
ထို့ကြောင့် သူက ဓားရှည်ကို မြှောက်လိုက်ပြီး လေထဲ၌ အလွန်လျင်မြန်စွာ ခုတ်လိုက်သည်။ ခရမ်းရောင်မိုးကြိုးများက နေရာတွင် စုစည်းလာပြီး နဂါး(၉)ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုအရာက ကျန်းပန်ကို ဖိနှိပ်လိုက်ပြီး သူ၏ အသိဉာဏ်ကို တုံ့ပြန်လိုက်သည်။
လေထဲတွင် မိုးကြိုးများ ပေါက်ကွဲသွားသည့်အသံများ ထွက်ပေါ်လာသည်။ အသိဉာဏ်များက နှောင့်ယှက်ခံလိုက်ရပြီး ကောင်းကင်မိုးကြိုးကလည်း မရှိနိုင်တော့ပေ။
မုန့်ချီက စွမ်းအားနှင့် အဆင့်အရ အသာစီးရနေသည့်အတွက် ကျန်းပန်၏ တိုက်ခိုက်မှုကို တစ်ချက်တည်းနှင့် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူက အသာစီးရနေခဲ့၏။
သူက သူ၏ဓားသိုင်းပညာကို သုံးပြီး ကျန်းပန်ကို မရှုမလှဖြစ်သွားအောင် တိုက်ခိုက်တော့မည့်အချိန်တွင် ကျန်းပန်က ချက်ချင်းနောက်ဆုတ်သွားပြီး ပြောလိုက်သည်။
"ဒီနေရာပဲ ရပ်လိုက်ကြမယ် ။ ငါ့မှာ နောက်ထပ် တိုက်ခိုက်ဖို့ စွမ်းအားမရှိတော့ဘူး…"
မုန့်ချီက ဇဝေဇဝါဖြစ်သွားခဲ့၏။ အစ်ကိုတော် ကျန်းပန်ဆီတွင် အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းသော စွမ်းရည်တစ်ခုရှိသည်။ သူတို့က လက်ရည်စမ်းခြင် းဖြစ်သည့်အတွက် မုန့်ချီလည်း ဓားကို သိမ်းလိုက်ပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ရသည်။
ကျန်းပန်က စိတ်လိုက်လက်ရ ပြောလိုက်၏။
"ဒကာလေးစုက ငါ့ထက်ပိုပြီး အစွမ်းထက်တယ် ။ တကယ်လို့ ငါက တံခါး (၇)ပေါက်အဆင့် ရှိနေမယ်ဆိုရင်တောင် ဒကာလေးစုကို အနိုင်ရနိုင်မှာ မဟုတ်ဘူး။ ငါက တံခါး (၈)ပေါက်အဆင့်ကို ရောက်မှပဲ တိုက်ခိုက်နိုင်လိမ့်မယ်။ မဟုတ်သေးဘူး။ ငါ တံခါး (၈)ပေါက်အဆင့်ကို ရောက်တဲ့အချိန်ကျရင်လည်း မင်းက တံခါး(၉)ပေါက်အဆင့်ကို ရောက်နေလောက်ပြီ။ ငါက မင်းကို အနိုင်ရဦးမှာ မဟုတ်ဘူး.."
သူက အလွန်ရှုပ်ထွေးစွာ တွက်ချက်နေပြီး ခဏအကြာ စိတ်ဓာတ်ကျသွား၏။ သူ၏ မျက်လုံးများကလည်း အသက်မဲ့သလို ပြန်ဖြစ်သွားခဲ့သည်။
မုန့်ချီက သူ့ကို မနှောင့်ယှက်ခဲ့ပေ။ သူက ကျန်းပန်ကို ကျော်ပြီး ထွက်လာခဲ့၏။ ကျန်းပန်ကဲ့သို့ လူမျိုးနှင့် အချိန်ကြာကြာ နေလိုက်မည်ဆိုလျှင် သူ့အတွက် အန္တရာယ်ရှိနိုင်သည်။
နေ့ဝက်ခန့် ခရီးသွားလာပြီးနောက် မုန့်ချီက မြို့ထဲသို့ ရောက်လာပြီး တည်းခိုဆောင်တွင် အနားယူခဲ့၏။ သူက ပထမဆုံး ကျင့်စဉ်ဖြစ်သော လေမျက်နှာကိုယ်ဖော့ပညာနှင့် သွေးကြောတိုက်ခိုက်ရေးလက်ညှိုးသိုင်းတို့ကို စတင်လေ့ကျင့်နေခဲ့သည်။
ရုတ်တရက်ဆိုသလို အရာအားလုံးက မည်းမှောင်သွားခဲ့ပြီး သူ့မျက်စိရှေ့တွင် အလွန်သိပ်သည်းသော မီးခိုးငွေ့များ လွှမ်းခြုံလာခဲ့၏။ နောက်တစ်ကြိမ် သံသရာတာဝန် လုပ်ဆောင်ရမည့်အချိန် ကျရောက်လာခဲ့ပါပြီ။
Translated by Hein Htet