← Chapters

အခန်း (၃၄၃)

Vol. 23 Ch. 343

အခန်း (၃၄၃)

Vol. 23 Ch. 343

မုန့်ချီက သူ၏ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင် နားထဲ၌ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။

"မင်းတို့က သေမင်းတမန်တာဝန်ကို ကျော်ဖြတ်နိုင်ပြီဖြစ်တဲ့အတွက် သံသရာကမ္ဘာကြီးက နောက်တစ်ဆင့်ကို ရောက်သွားပြီ ။ မင်းတို့က ပိုပြီးများပြားတဲ့ လျှို့ဝှက်ချက်တွေကို တွေ့နိုင်ပြီး ပိုပြီးများပြားတဲ့ ဆုလာဘ်တွေရနိုင်တယ်... ။ အခက်အခဲကလည်း တိုးလာလိမ့်မယ်..။ ဒီတာဝန်ကစပြီး သံသရာတာဝန်နဲ့ ပတ်သက်တဲ့ အချက်အလက်တန်ဖိုးက ကံကြမ္မာအမှတ်(၄၀၀) ဖြစ်သွားပြီ ။ ပြီးတော့ အချိန်ကန့်သတ်ချက်လည်း မရှိတော့ဘူး..။ မင်းတို့က မင်းတို့ရဲ့တာဝန်အဆုံးသတ်ချိန် ဒါမှမဟုတ် လက်ရှိတာဝန်မစခင်မှာ သတင်းအချက်အလက်တွေကို မေးမြန်းနိုင်တယ်.”

“သံသရာတာဝန်အတောအတွင်း အဖွဲ့ဝင်အရေအတွက် ကန့်သတ်ချက်လည်း မရှိတော့ဘူး...။ တကယ်လို့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ တာဝန်တစ်ခု မဟုတ်ဘူးဆိုရင် တခြားသူတွေက သံသရာတံဆိပ်ကို သုံးစရာ မလိုတော့ဘူး..။ မင်းတို့က တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းပေးလို့ရတယ်..။ ပြီးတော့ တူညီတဲ့ကမ္ဘာကြီးထဲမှာ မတူညီတဲ့တာဝန်တွေကိုလည်း လုပ်ဆောင်နိုင်တယ်..”

“သတိပေးချက် - အဖွဲ့ထဲမှာရှိတဲ့ လူတစ်ယောက်ယောက်က ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်သွားပြီးသွားရင် မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်တိမ်းဖို့အတွက် သန့်စင်လက်နက်တွေ၊ ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကျမ်းတွေ၊ ဆေးရည်တွေကို လဲရမဲ့တန်ဖိုးက လျော့ကျသွားနိုင်တယ်..”

“အဲဒါက …"

အလွန်တည်ငြိမ်သော စကားသံကြောင့် မုန့်ချီနှင့် တခြားလူများ၏ အမူအရာက ပြောင်းလဲသွားကြသည်။

မုန့်ချီက နှာခေါင်းရှုံ့လိုက်မိ၏။ သူကတော့ လုံလောက်အောင် အစွမ်းထက်လာလျှင် သေမင်းပင်လယ်ကန္တာရထဲ၌ ရှိနေသော ဓားပြများကို လိုက်လံတိုက်ခိုက်ပြီး သန့်စင်လက်နက်များ သိုင်းကျမ်းများကိုရယူရန် စဉ်းစားထားခဲ့သည်။

"သံသရာအရှင်သခင်က ဒီလိုပြဿနာများတဲ့ အလုပ်မျိုးကို တကယ် မလုပ်စေချင်တာပဲ…"

အကယ်၍ သံသရာသခင်ကသာ သတိပေးခြင်း မရှိလျှင် မုန့်ချီက ထိုဟာကွက်ကို အသုံးချပြီး သူ့အတွက် အကျိုးအမြတ်ရှိအောင် လုပ်ဆောင်နိုင်သည်။ အကယ်၍ သူ့ဆီတွင် ကြီးမားသော အင်အားများ ရှိလာလျှင် သံသရာစည်းမျဉ်းများက သူ့အပေါ် သက်ရောက်မှု မရှိနိုင်ပေ။ ထို့ကြောင့် မုန့်ချီက သိုင်းကျမ်းများကို တခြားသူများဆီသို့ လက်ဆင့်ကမ်းပေးပြီးမှ ကံကြမ္မာအမှတ်များ လဲလှယ်သည့်အကြောင်းကို သေချာ မေးမြန်းနေခဲ့သည်။

"မင်းက အဆင်ပြေရဲ့လား... "

မုန့်ချီက မှင်တက်နေသည်ကို မြင်သည့်အခါ ချီကျန်းရန်က လှမ်းမေးလိုက်၏။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်ကို ချိတ်ထားသည်။ သူ၏ နောက်ကျောဘက်ကတော့ ဖြောင့်တန်းနေသည့်အတွက် ဓားသမားတစ်ယောက်ကဲ့သို့ ခံစားရ၏။

သို့သော် ထိုအရာက ကျန်းကျိဝေ၏ ထက်မြက်မှုနှင့် ကွဲပြားသည်။ သူက ဖရိုဖရဲကျင့်စဉ်၏ ကျေးဇူးကြောင့် အလွန်ကြံ့ခိုင်သန်စွမ်းလာပုံရသည်။

မုန့်ချီက ပြန်၍ ပြုံးပြလိုက်၏။

"ကျွန်တော့်ပုံစံက အဆင်မပြေတဲ့ပုံပေါ်နေလို့လား. ။ ကျွန်တော်က ရှောင်လင်ကျောင်းတော်ကနေ ထွက်လာနေပြီ…"

"ကိုရင်လေး …

နင်က ရှောင်လင်ကျောင်းတော်ကို ပြန်သွားခဲ့တာလား... "

အဝါရောင်နှင့် ခရမ်းရောင် စပ်ထားသောဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းကျိဝေက အံ့အားသင့်စွာ မေးလိုက်သည်။ သူမက မွေးနေ့ပွဲတက်ရောက်ပြီးနောက် မြစ်အရှေ့ပိုင်းသို့ နောက်တစ်ကြိမ် ပြန်လာရန် စဉ်းစားထား၏။ ကိုရင်လေးကတော့ ချင်စီရင်စုထဲတွင် ရောက်နေခြင်းပေလော။

ဇရပ်ထဲတွင် ဖြစ်ခဲ့သော တိုက်ပွဲက ယခုအချိန်ထိ အပြင်ဘက်တွင် ပျံ့နှံ့သွားခြင်း မရှိသေးပေ။ ဂိုဏ်းကြီးများနှင့် အထက်တန်းလွှာ မိသားစုများစွာက ထိုအရာကို သိမည်ဆိုလျှင်ပင် ကျန်းကျိဝေကဲ့သို့ အပြင်ဘက်၌ ကျင်လည်ကျက်စားနေသူများက ထိုအရာကို မသိနိုင်ပေ။

ရွမ်ယုရှုက မုန့်ချီကိုကြည့်ပြီး အေးစက်စွာ မေးလိုက်၏။

"နင်က စွမ်းအားပြန်ဖြည့်ဆေးကို သုံးလိုက်ပြီလား... "

သူမက အိမ်၌ ရှိနေသော်လည်း တိနှင့် ချင်စီရင်စုကို လှုပ်ခတ်သွားစေခဲ့သော တိုက်ပွဲအကြောင်းကို သိနေသည်။

"ဟုတ်တယ်...။ တကယ်လို့ ငါက အရိပ်ရေခဲလက်ဝါး ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါး လူသားနဲ့ ဝိညာဉ်ဖျောက်ပုလွေတို့ကို သတ်ပစ်ချင်တယ်ဆိုရင် တစ်ခုခုတော့ ပေးဆပ်ရမှာပဲလေ... "

မုန့်ချီက သူ့ကိုယ်သူ ကျေနပ်နေခဲ့သည်။

"ဟုတ်လား..။ သတ်ဖြတ်ရေးဓားက ဇရပ်ထဲမှာ တော်တော်လေးကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ်လို့ ပြောကြတယ်..။ နင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးတွေ ပေပွနေပြီး မကောင်းဆိုးဝါးသခင် တစ်ယောက်လို ဖြစ်နေတယ်လို့တောင် ပြောကြတယ်... "

ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်၏။

မုန့်ချီက မျက်နှာပျက်သွားသည်။ သူက ထိတ်လန့်တကြား အော်ပြောလိုက်၏။

"ဘာလို့ အဲဒီလိုမျိုး ဖြစ်ရမှာလဲ..။ အဲဒီမှာ အသက်ရှင်နေတဲ့သူတစ်ယောက်မှ မရှိဘူး..."

"ဒါဆို အဲဒါက အမှန်ပဲပေါ့... "

ရွမ်ယုရှုကတော့ နားလည်သွားသည့်အလား ပြောလိုက်သည်။

ကျန်းကျိဝေက အလွန်အံ့ဩနေခဲ့၏။ သူမက မေးလိုက်သည်။

"နင်က တိုက်ပွဲတစ်ပွဲထဲမှာ အရိပ်ရေခဲလက်ဝါး ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနဲ့ ဝိညာဉ်ဖျောက်ပလွေတို့ကို သတ်ပစ်ခဲ့တာလား..။ ကိုရင်လေး ဘာတွေဖြစ်ခဲ့တာလဲ... "

သူ၏ပြောပြချက်တစ်ခုတည်းနှင့်ပင် တိုက်ပွဲက အလွန်ကြောက်စရာကောင်းပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်ကြောင်း သူမက ခန့်မှန်းကြည့်နိုင်သည်။

မုန့်ချီက တိုက်ပွဲ၏ရလဒ်နှင့် အဖြစ်အပျက်များကို ပြောပြလိုက်၏။ သို့သော် ကျန်းကျိဝေကလည်း အလားတူသာ ဖြစ်သည်။ သူမ၏မျက်နှာလေးက တောက်ပနေပြီး ထိုတိုက်ပွဲကို ကိုယ်တိုင်မြင်ချင်နေသလို ထင်မှတ်ရ၏။

ရွမ်ယုရှုက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခဏစဉ်းစား၍ ပြောလိုက်သည်။

"နင်က လန်းယာ့ကို အရင်ဆုံး လာခဲ့လိုက်..။ ပြီးတော့ တခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းပြချက်တွေကို ရှာလို့ရတယ်... "

သူမ ပြောလိုက်သည့် စကားလုံး၏ နောက်ကွယ်တွင် ရှိနေသော အဓိပ္ပာယ်ကြောင့် မုန့်ချီ၏ ရင်ထဲတွင် အတော်လေး လှုပ်ရှားသွားခဲ့သည်။ အကယ်၍ ထိုအရာက ရွမ်မိသားစု မသိသော ရှောင်လင်ကျောင်းတော်၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေမည်ဆိုလျှင်ပင် သူမနှင့် မုန့်ချီတို့ကတော့ ဝေ့ကျင်းအဆင့် ပညာရှင်များ၏ အကူအညီများကို လိုအပ်သေးသည်။

ထိုအရာက သူတစ်ယောက်တည်း စွန့်စားရန် မလိုအပ်ပေ။ မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်၏။

"ငါက အဲဒါကို လေ့ကျင့်မှုလို့ပဲ သဘောထားပါတယ်... "

သူက ကျေးဇူးတရားကို ပြန်ပေးဆပ်ရန် ခက်ခဲသည်။ သူက တတ်နိုင်သမျှ ယပ်တောင်(၆)လက်ကျောင်းကိုသာ အသုံးပြုချင်နေ၏။

မုန့်ချီက အခြေအနေ ကောင်းသည်ကို မြင်သည့်အခါ ချီကျန်းရန်က စကားများများ မပြောခဲ့ပေ။ သူက ရိုးရှင်းစွာ သတိပေးလိုက်၏။

"ဒါဆိုရင် ငါတို့ရဲ့ပစ္စည်းတွေကို ကံကြမ္မာအမှတ်တွေနဲ့ လဲလိုက်ကြစို့…"

"ဟုတ်တယ်..။ ဒီတစ်ကြိမ်တော့ ငါတို့က တခြားပစ္စည်းတွေကို အလျင်စလို မလဲသေးဘူး..။ အရင်ဆုံး တာဝန်ရဲ့အချက်အလက်တွေကို မေးသင့်တယ်... ။ ပြီးမှ သင့်တော်တဲ့ပစ္စည်းတွေကို ရွေးသင့်တယ်... "

မုန့်ချီက လျင်မြန်စွာ ပြောလိုက်သည်။

ထိုအရာက သေမင်းတမန် တာဝန်ပြီးဆုံးသွားပြီးနောက် သူတို့၏ပထမဆုံး သံသရာတာဝန် ဖြစ်သည်။ ထို့ကြောင့် သူတို့က သေချာဂရုစိုက်ရန် လိုအပ်၏။

"ကောင်းပြီလေ... "

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က ငြင်းဆန်နေခြင်း မရှိကြပေ။ သူတို့က ချွမ်ယွမ်ပုလဲလုံး ၊ တုန်ဟွာစာအုပ်စိမ်းနှင့် သူတို့ရလာသော ပစ္စည်းများကို မုန့်ချီဆီသို့ ပေးလိုက်ကြသည်။ သူတို့က ထိုအရာများကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်လိုက်၏။

မုန့်ချီက အရှေ့ဝင်ရိုး သက်တော်ရှည်ဆေးညွှန်း ပါဝင်နေသော တုန်ဟွာစာအုပ်စိမ်းကို ထုတ်လိုက်သည်။ သူက ထိုအရာကို အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ထည့်လိုက်၏။

"တုန်ဟွာစာအုပ်စိမ်း - ကံကြမ္မာအမှတ် (၂၀၀၀) နဲ့ လဲလှယ်လို့ရတယ်...။ အရှေ့ဝင်ရိုး သက်တော်ရှည်ဆေးညွှန်း - ကံကြမ္မာအမှတ် (၄၀၀၀) နဲ့ လဲလို့ရမယ်..။ လူ(၅)ယောက် အတူတူ ယူလာကြတာဆိုတော့ ဒီအမှတ်တွေကို အညီအမျှခွဲဝေပြီးမှ တွက်ချက်လို့ရမယ်... ။ ဒီတော့ ကံကြမ္မာအမှတ် (၁၂၀၀)ပဲရမယ်... "

မုန့်ချီက တိုက်ရိုက်မေးလိုက်သည်။

"တကယ်လို့ သံသရာခရီးသွားမဟုတ်တဲ့ လူတစ်ယောက်က တုန်ဟွာစာအုပ်စိမ်းကို တခြားတစ်ယောက်ဆီ သင်ကြားပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ကံကြမ္မာ အမှတ်တွေအပေါ် သက်ရောက်မှုရှိလား... "

သံသရာအရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဒါကတော့ တမင်ရည်ရွယ်တာလား မတော်တဆလားဆိုတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချရလိမ့်မယ်... "

သူက အသေးစိတ် ဆက်၍ ရှင်းပြလိုက်သည်။

"တကယ်လို့ လူတစ်ယောက်က ကျင့်စဉ်ကိုရခဲ့ပြီး ကံကြမ္မာအမှတ်နဲ့ လဲရမည့်အစား တခြားတစ်ယောက်ဆီကို ပေးလိုက်တယ်..။ သူက လူတစ်ယောက်ဆီကို ပေးလိုက်တဲ့အချိန်တိုင်း လဲရင် ရနိုင်တဲ့ ကံကြမ္မာအမှတ်ပမာဏက တစ်ဝက် လျော့ကျသွားလိမ့်မယ်..။ မူလပိုင်ရှင်က အဲဒီသိုင်းကျမ်းကို ပြန်ယူပြီး ကံကြမ္မာအမှတ်နဲ့ လဲလှယ်ဖို့ ဆန္ဒရှိမယ်ဆိုရင် သိုင်းကျမ်းကို ရသွားတဲ့ လူအရေအတွက်ပေါ် မူတည်ပြီး တွက်ချက်မှာလား..။ အဲဒီထဲမှာ ဘာမှမသိထားတဲ့ သံသရာခရီးသွားတွေလည်း ပါဝင်ပတ်သက်မှု ရှိလာနိုင်တယ်လေ...”

“ဒီလိုဖြစ်စဉ်မျိုးမှာ သံသရာခရီးသွား မဟုတ်တဲ့ လူတစ်ယောက် ပါဝင်လာမယ်ဆိုရင် သံသရာခရီးသွားရဲ့ရည်ရွယ်ချက်ကိုပဲ အခြေခံပြီးဆုံးဖြတ်မယ်..။ တကယ်လို့ သူက ကျင့်စဉ်ကို တခြားသူတွေဆီ ပေးလိုက်ပြီးမှ အဲဒီကျင့်စဉ်ကို ကံကြမ္မာအမှတ်နဲ့ လဲလှယ်လိုက်မယ်ဆိုရင် လူတစ်ယောက်ဆီကို ရောက်သွားတဲ့အချိန်တိုင်း သူ့ရဲ့ကံကြမ္မာအမှတ်ကို တစ်ကြိမ်နှုတ်မယ်..။ တကယ်လို့ သူ့မှာ ပေးဖို့ ကံကြမ္မာအမှတ်မရှိရင် အသတ်ခံရမယ်..”

“တကယ်လို့ သူက ဘာအရိပ်အမြွက်မှ မပြခဲ့ဘူးဆိုရင်တော့ ဘာအကျိုးဆက်မှ ရှိမလာတော့ဘူးပေါ့... "

မုန့်ချီက စည်းမျဉ်းများကို အကြမ်းဖျင်း နားလည်သွားသည့်အတွက် ထပ်၍မမေးတော့ပေ။

သူက လေဟာနယ်လက်စွပ်လည်း အပါအဝင် သူတို့ရရှိထားသော ပစ္စည်းများအားလုံးကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်လိုက်သည်။ ထိုအရာက သူတို့အဖွဲ့ အညီအမျှ ခွဲဝေမှုကို ထိခိုက်မှုမရှိစေရန် ရည်ရွယ်ခြင်းလည်း ဖြစ်၏။ မည်သို့ဖြစ်စေကာမူ အနာဂတ်တွင် သူ့အတွက် လက်စွပ်တစ်ကွင်းရရန် ဖြစ်နိုင်သေးသည်။

"တုန်ဟွာစာအုပ်စိမ်းနဲ့ အရှေ့ဝင်ရိုးသက်တော်ရှည်ဆေးညွှန်းအတွက် ကံကြမ္မာအမှတ် (၁၂၀၀) ရမယ်...။

လေဟာနယ်လက်စွပ် - ကံကြမ္မာအမှတ် (၁၆၀၀) ၊

ချွမ်ယွမ်ပုလဲလုံး - ကံကြမ္မာအမှတ် (၁၂၀၀) ၊ စုစုပေါင်း ကံကြမ္မာအမှတ် (၄၀၀၀) ရမယ်... "

စုစုပေါင်း ကံကြမ္မာအမှတ် (၄၀၀၀) ရခဲ့သည့်အတွက် သူတို့တစ်ယောက်လျှင် ကံကြမ္မာအမှတ် (၁၀၀၀) သာ ရနိုင်သည်။

ထို့နောက် မုန့်ချီက ဟစ်ကြွေးမီးတောက် မကောင်းဆိုးဝါးဓားနှင့် မီးတောက်သခင်၏ လက်စွပ်များကို ထုတ်လိုက်သည်။ ထိုအရာကတော့ သူ၏ကိုယ်ပိုင်ပစ္စည်းများ ဖြစ်၏။

"ဟစ်ကြွေးမီးတောက် မကောင်းဆိုးဝါးဓား - ကံကြမ္မာအမှတ် (၅၅၀) ၊ မီးတောက်ထိန်းချုပ်ရေးလက်စွပ် - ကံကြမ္မာအမှတ် (၆၀၀)... "

ထို့နောက် ကျန်းကျိဝေ၏အလှည့်ကို ရောက်လာ၏။ သူမကလည်း ပစ္စည်းများကို လဲလှယ်လိုက်ရာ ကံကြမ္မာအမှတ် (၆၀၀) ရခဲ့သည်။ သူမက (၂၃) ချက် ဓားသိုင်းကွက်အတွက် ငှားယူထားသော ကံကြမ္မာအမှတ် (၈၀) ဆီ ပြန်ပေးလိုက်သည်။ ထို့ကြောင့် သူမဆီတွင် ကံကြမ္မာအမှတ် (၁၃၆၀) ရှိနေပြီး မုန့်ချီဆီတွင်တော့ စုစုပေါင်း (၂၂၃၀) ရှိသည်။

ချီကျန်းရန်နှင့် ရွမ်ယုရှုတို့ဆီတွင်လည်း ကံကြမ္မာအမှတ်များ လဲလှယ်နိုင်သည့် သူတို့၏ကိုယ်ပိုင်ပစ္စည်းများ ၊ သိုင်းကျမ်းများ ရှိသည်။ နောက်ဆုံးတွင်တော့ ချီကျန်းရန်ဆီတွင် ကံကြမ္မာအမှတ် (၁၄၈၀) ရှိနေပြီး ရွမ်ယုရှုဆီတွင် ကံကြမ္မာအမှတ် (၁၅၈၀) ရှိသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၁၀၀)ဆီ ပေးလိုက်ပြီး သူတို့၏တာဝန်နှင့် ပတ်သက်သည့်အကြောင်းကို မေးမြန်းလိုက်၏။

"ကောင်းကင်နန်းတော်သခင်ကြီးက မကောင်းဆိုးဝါးဝိညာဉ်တွေထဲမှာ နံပါတ်(၁)ပဲ ။ သူ့ရဲ့နတ်ဆိုးစွမ်းအားတွေက အတော်လေးကို ကြောက်စရာကောင်းတယ်...။ သူက လူတိုင်းကို အကြောက်တရားနဲ့ အုပ်ချုပ်တယ်..။ သူ့ကိုယ်သူ တိုးတက်လာစေဖို့အတွက် နှစ်ပေါင်းများစွာ ကြံစည်နေပြီး နတ်ဆိုးကမ္ဘာအပိုင်းအစနဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတစ်ခု ဖွင့်ထားတယ်..။ အတွင်းထဲမှာ နှစ်ပေါင်းများစွာ အိပ်စက်နေတဲ့ မကောင်းဆိုးဝါးဘိုးဘေးက နိုးထလာပြီး သူ့ရဲ့သိစိတ်က သူ့ကို ထိန်းချုပ်လိုက်တယ်..။ အဲဒီနောက်မှာတော့ သူက လူသားဆန်မှု ပျောက်ကွယ်သွားပြီး ကောင်းကင်ဖျက် မကောင်းဆိုးဝါးဆိုတဲ့နာမည်နဲ့ အစစ်အမှန် မကောင်းဆိုးဝါး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တယ်..။ သူ့ရဲ့လက်အောက်မှာရှိတဲ့ လက်အောက်ငယ်သား (၇) ယောက်ကလည်း ခန္ဓာကိုယ်ထဲကို မကောင်းဆိုးဝါး ချီစွမ်းအင်တွေ ဝင်ရောက်လာပြီး လူတစ်ဝက် နတ်ဆိုးတစ်ဝက်ပုံစံ ပြောင်းလဲသွားတယ်...။ နတ်ဆိုး(၈)ကောင်က ကမ္ဘာကြီးကို ဖျက်ဆီးနေပြီး လူသားတွေက ဆိုးဆိုးဝါးဝါးခံစားနေရတယ်...”

“ပင်မတာဝန် - တစ်လအတွင်း နတ်ဆိုးကမ္ဘာလမ်းကြောင်းကို ပိတ်ဆို့ပြီး မကောင်းဆိုးဝါးဘိုးဘေး လုံးဝနိုးထမလာအောင် ကမ္ဘာပေါ်ကျရောက်မလာအောင် တားဆီးရမယ်... ။ အောင်မြင်မယ်ဆိုရင် ကံကြမ္မာအမှတ် (၁၀၀ဝ)ဆီရမယ်... ။ ကျရှုံးမယ်ဆိုရင်တော့ တူညီတဲ့ ကံကြမ္မာအမှတ်ကို နှုတ်ယူမယ်...”

“သဲလွန်စ (၁) - အနည်းဆုံး နတ်ဆိုး (၆) ယောက်ကို သတ်ပစ်လိုက်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးချီစွမ်းအင် သလင်းကျောက်တွေကို ရမယ်ဆိုရင် မင်းတို့က လမ်းကြောင်းကို လုံးဝဖျက်ဆီးပစ်နိုင်ပြီး နတ်ဆိုးကမ္ဘာအပိုင်းအစကို ပိတ်ဆို့နိုင်လိမ့်မယ်..”

“သဲလွန်စ (၂) - နတ်ဆိုး (၈) ယောက်ရဲ့အစွမ်းက အမျိုးမျိုးပဲ ။ ဥပမာအနေနဲ့ပြောရရင် ကောင်းကင်ဖျက် မကောင်းဆိုးဝါးဆီမှာ ကမ္ဘာမြေကြီးကို လှုပ်ခတ်စေနိုင်တဲ့ နတ်ဆိုးစွမ်းအားတွေ ပိုင်ဆိုင်နေတယ်..။ သံနတ်ဆိုးလို တခြားနတ်ဆိုးတွေကတော့ သာမန်အရာတွေကိုပဲ ဖိနှိပ်နိုင်တယ်... "

"နတ်ဆိုးကမ္ဘာအပိုင်းအစလား... "

မုန့်ချီနှင့် တခြားလူများက အချင်းချင်း စိုက်ကြည့်လိုက်မိကြသည်။ ထိုအရာက မကောင်းဆိုးဝါးသခင် ဖွင့်လှစ်ခဲ့သော နတ်ဆိုးကမ္ဘာကြီးနှင့် ဘာများ ပတ်သက်နေသနည်း။ ထိုအရာက သူသေသွားသည့်အချိန်တွင် နတ်ဆိုးကမ္ဘာကြီး ပျက်စီးသွားရာမှ ကျန်ရှိနေသောအပိုင်းအစတစ်ခုပေလော။

"မကောင်းဆိုးဝါးဘိုးဘေးဆိုတာ ဘာလဲ... "

သူတို့က မကောင်းဆိုးဝါးသခင် ဖွင့်လှစ်ခဲ့သော နတ်ဆိုးကမ္ဘာကြီးထဲကို သွားရမည်ဖြစ်ကြောင်း မုန့်ချီက ခန့်မှန်းမိသည်။ သို့သော် မကောင်းဆိုးဝါးဘိုးဘေးဟူသည်မှာ မည်သူဖြစ်ကြောင်း သူမသိချေ။ ထိုအရာက ရှေးဟောင်းပညာရှင် တစ်ယောက်ပေလော။

ရှေးအချိန်တွင် နတ်ဆိုးကမ္ဘာကြီး ပျက်စီးသွားပြီးနောက် ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။ ထိုအရာနှင့် ပတ်သက်ပြီး ရှေးဟောင်းစာအုပ် အနည်းငယ်နှင့် မှတ်တမ်းအနည်းငယ်သာ ရှိသည်။ ထို့ကြောင့် ကျန်းကျိဝေကပင် ထိုအရာနှင့် ပတ်သက်ပြီး သေချာမသိချေ။

တစ်ဖက်တွင်တော့ ရွမ်ယုရှုက သေချာစဉ်းစားပြီး ပြောလိုက်၏။

"နတ်ဆိုးကမ္ဘာကြီးက အလိုလို အသက်ဝင်လာတတ်တယ်..။ အဲဒီကမ္ဘာကြီးက သူတို့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖန်တီးပြီး တိုးပွားလာစေနိုင်တယ်..။ အဲဒီမကောင်းဆိုးဝါးဝိညာဉ်တွေအားလုံးရဲ့ မူလဇစ်မြစ်က မကောင်းဆိုးဝါးဘိုးဘေးပဲ ။ မကောင်းဆိုးဝါးဝိညာဉ်အရေအတွက် များလာပြီဆိုရင် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး သေသွားတဲ့အလား သူ့ရဲ့သိစိတ်ကို ဆုံးရှုံးသွားရလိမ့်မယ်..။ မကောင်းဆိုးဝါးဝိညာဉ်တွေ သေဆုံးသွားပြီဆိုရင် သူတို့အားလုံးက သူ့ဆီကို ပြန်ရောက်သွားကြတယ်..။ သတ်မှတ်ချက်ကို ရောက်သွားပြီဆိုရင်တော့ သူက နောက်တစ်ကြိမ် နိုးထလာနိုင်ပြီး သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်ရလာနိုင်တယ်... ။ ပြီးတော့ မကောင်းဆိုးဝါး ဘိုးဘေးအသစ် တစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်..”

“အဲဒါက အရမ်းကြောက်စရာကောင်းတယ်... "

ချီကျန်းရန်က ပင့်သက်ရှိုက်ပြီး ပြောလိုက်သည်။

"ငါတို့က မကောင်းဆိုးဝါးတွေကို ဖိနှိပ်နိုင်တဲ့ပစ္စည်းတွေကို လဲသင့်တာပေါ့... "

မုန့်ချီ၏ ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ဗုဒ္ဓမီးအိမ်လေးက မကောင်းဆိုးဝါးဝိညာဉ်များကို ဖိနှိပ်ရန် အကျိုးသက်ရောက်မှု ရှိသည်။ ကျန်းကျိဝေ၏ နေဖောက်သက်တန့်ဓားကလည်း အတူတူသာ ဖြစ်၏။ ထို့ကြောင့် သူတို့အဖွဲ့က အလွန်အစွမ်းထက်သော ပစ္စည်းတစ်ခုကို အတူတကွ လဲလှယ်ရန် ဆန္ဒရှိသည်။

ရွမ်ယုရှုနှင့် ချီကျန်းရန်တို့ကတော့ မကောင်းဆိုးဝါးဝိညာဉ်များကို ကာကွယ်နိုင်သော ပစ္စည်းတစ်ခု လဲလှယ်ရပါလိမ့်မည်။

"ဒီတစ်ခုက မဆိုးဘူး..။ ဒါက တစ်ကြိမ်ပဲ သုံးလို့ရပေမယ့် အတော်လေး အကျိုးသက်ရောက်မှု ရှိတယ်... "

ချီကျန်းရန်က ပစ္စည်းတစ်ခုကို ရုတ်တရက် လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

မုန့်ချီက သေချာစိုက်ကြည့်လိုက်ရာ ချီကျန်းရန် လက်ညှိုးထိုးပြသောနေရာတွင် ကျောက်စိမ်းစာရွက်လေးတစ်ရွက်ကို မြင်လိုက်ရသည်။

"နတ်ဆိုးချုပ်နှောင်ကျောင်းဆောင်...၊ အဖိုးတန်လက်နက်တစ်ခု...၊ ဒီကျောင်းဆောင်ပေါ်လာပြီဆိုရင် ကောင်းကင် (၃) သွယ် ဝေ့ကျင်းအဆင့်မှာရှိတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကတောင် သူတို့ရဲ့မကောင်းဆိုးဝါးချီစွမ်းအင်တွေနဲ့ စွမ်းအားကို (၅) စက္ကန့် ဆုံးရှုံးသွားလိမ့်မယ်..။ ဒါကို တစ်ကြိမ်ပဲအသုံးပြုနိုင်တယ်... ။ သူ့ရဲ့တန်ဖိုးက ကံကြမ္မာအမှတ် (၂၀၀၀) ..”

“ဒီတစ်ကြိမ်က သေမင်းတမန်တာဝန် မဟုတ်ဘူး..။ ဒါကြောင့် ဝေ့ကျင်းအဆင့် ပညာရှင်ကလည်း ကောင်းကင်ဖျက် မကောင်းဆိုးဝါးတစ်ကောင်ပဲ ရှိနိုင်မယ်... ။ နတ်ဆိုးချုပ်နှောင် ကျောင်းဆောင်တစ်ခုက အန္တရာယ်များတဲ့ အခြေအနေတွေကို တုံ့ပြန်ဖို့အတွက် လုံလောက်ပါတယ်... "

ကျန်းကျိဝေက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

နတ်ဆိုးချုပ်နှောင် ကျောင်းဆောင်က အမှန်တကယ်လည်း ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ကြောင်း ကျန်းကျိဝေက ခံစားမိသည်။ သူတို့ဆီတွင် စာရင်းတစ်ခုလုံးကို ရှာဖွေနိုင်လောက်သည့် အချိန်အလုံအလောက် မရှိတော့ကြောင်း မုန့်ချီက သိနေ၏။ ထို့ကြောင့် သူလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

သူတို့က သင့်တော်သော ပစ္စည်းတစ်ခုကို တွေ့လိုက်ရသည့်အတွက် ကုန်ကျမည့် ကံကြမ္မာအမှတ်များကို တွက်နေရန် မလိုအပ်ပေ။ သူတို့က တစ်ယောက်လျှင် ကံကြမ္မာအမှတ် (၅၀၀) ဆီပေးလိုက်ရာ တစ်ခဏအတွင်း မြူခိုးများထဲတွင် (၇) ထပ်ရောင်စုံကျောင်းဆောက်ငယ်လေးတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာက ဗုဒ္ဓ၏အငွေ့အသက်များ လွှမ်းခြုံနေပြီး မကြာခဏဆိုသလို တရားဓမ္မအသံများ ထွက်ပေါ်လာနေ၏။ ရွမ်ယုရှုက ထိုအရာကို သူမ၏လေဟာနယ် လက်စွပ်ထဲတွင် ထည့်လိုက်ပြီး ကံကြမ္မာအမှတ် (၆၀၀) သုံး၍ နတ်ဆိုးဖယ်ရှားခြင်းအဆောင်ကို သုံးလိုက်သည်။

ထိုအရာက သူမ၏ ပတ်ပတ်လည်တွင် ရှိနေသော မကောင်းဆိုးဝါးဝိညာဉ်များကို ကာကွယ်နိုင်ပြီး မကောင်းဆိုးဝါးချီစွမ်းအင်များ တိုက်ခိုက်ခြင်းကိုလည်း တားဆီးပေးနိုင်သည်။

ထို့နောက် သူမက ကံကြမ္မာအမှတ် (၂၀၀) သုံးပြီး နတ်ဆိုးရနံ့ထုတ် ဆေးလုံးတစ်လုံးကို လဲလှယ်လိုက်သည်။ အကယ်၍ မကောင်းဆိုးဝါး ချီစွမ်းအင်များကသာ သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာမည်ဆိုလျှင် သူမက ထိုအရာကိုသုံး၍ ဖယ်ထုတ်နိုင်သည်။ ကျန်ရှိနေသော အမှတ်များကိုတော့ အရံအနေနှင့် ထားလိုက်၏။

ကျန်းကျိဝေကလည်း နတ်ဆိုးရနံ့ထုတ် ဆေးလုံးတစ်လုံးနှင့် စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးကို ကံကြမ္မာအမှတ်များနှင့် လဲလိုက်သည်။

သူမက မုန့်ချီနှင့် ချီကျန်းရန်တို့ ပစ္စည်းရွေးချယ်မည့်အရာကို ကြည့်နေခဲ့၏။ ထိုအချိန်တွင် ကောင်းကင်ပေါ်မှ နောက်ထပ် အလင်းတိုင်လုံးတစ်ခု ပေါ်လာခဲ့သည်။ ပတ်ပတ်လည်တွင် မီးခိုးများ လွှမ်းခြုံနေပြီး အတွင်းထဲတွင် လူတစ်ယောက်ရှိနေ၏။

"လူသစ်လား... ။ နောက်ထပ် သံသရာခရီးသွားတစ်ယောက်လား... "

သူတို့၏ခေါင်းထဲတွင် မတူညီသော အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။

မုန့်ချီကတော့ အနည်းငယ် သံသယဝင်လာမိ၏။

"သေမင်းတမန် တာဝန်ပြီးသွားတဲ့အချိန်ကျမှ ဘာလို့ လူသစ်တစ်ယောက် ရောက်လာရတာလဲ... "

Translated by Hein Htet

All Chapters