အခန်း (၃၄၄)
Vol. 23 Ch. 344
မြူခိုးများက အငွေ့ပျံသွားပြီး အလင်းတိုင်လုံးက ပျောက်ကွယ်သွားသည်။ အတွင်းထဲတွင် အနက်ဝတ် လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့၏။ သူက အသက်(၂၃) (၂၄)နှစ် အရွယ်ရှိပြီး မျက်ခုံးတန်းတန်းနှင့် တောက်ပသော မျက်လုံးများ ရှိသည်။
သူ၏ပါးနှစ်ဖက်က အနည်းငယ် ချိုင့်ဝင်နေပြီး နှာခေါင်းရှည်ရှည် နှုတ်ခမ်းပါးပါး ရှိသည်။ သူ့ပုံစံက အဆင့်အတန်းမြင့်သော ပုံစံမျိုး ရှိ၏။ သူ၏ဝတ်စုံတွင် ထူးထူးခြားခြား အဆင်တန်ဆာများ မရှိချေ။ ထိုအရာက အနီရောင်ပိုးချည်နှင့် အလှဆင်ထားသော အနက်ရောင်ဝတ်စုံတစ်ခုသာ ဖြစ်သည်။ သို့သော် ထိုအင်္ကျီ၏ အရည်အသွေးက သာမန်အင်္ကျီတစ်ခုမဟုတ်ကြောင်း ပြောပြနိုင်၏။
ထိုလူက လက်နောက်ပစ်ထားပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ထားသည်။ သူ၏ဓားအိမ်ပေါ်တွင်တော့ ရွှေရောင်လက်သည်း(၅)ချောင်း နဂါးတစ်ကောင်ရှိနေ၏။ ထိုလူက အံ့ဩနေခြင်း မရှိချေ။
မုန့်ချီတို့ကို မြင်လိုက်ရသည့်အချိန်တွင် သူက နှုတ်ဆက်သလို ခေါင်းညိတ်ပြလိုက်၏။
"ဒီနေ့ကစပြီး ငါတို့က အဖွဲ့သားတွေဖြစ်သွားပြီ.."
သူ၏လေသံက သာမန်သာဖြစ်ပြီး အေးစက်မှုမရှိချေ။ သို့သော် ထိုလူက မြင်နေရသလို ရိုးရှင်းမှု မရှိကြောင်း မုန့်ချီက ဝိုးတဝါး ခံစားမိနေ၏။ သူ့ပုံစံက ရင်းနှီးစရာ ကောင်းသည်ဟု ထင်မှတ်ရသော်လည်း အမှန်အတိုင်းပြောရလျှင်တော့ သူတို့အပေါ် အနည်းငယ် ခပ်တန်းတန်း ဖြစ်နေသည်။ သို့သော် သူက ထို့အရာကို ပြသရန်လည်း မလိုအပ်ပေ။
"ငါက ဒီလိုပုံစံရှိတဲ့ လူတိုင်းအပေါ် မသိစိတ်ထဲကနေများ မကျေမနပ် ဖြစ်နေမိတာလား…"
မုန့်ချီက ကိုယ့်ကိုယ်ကိုယ် လှောင်လိုက်မိပြီး အပြုံးနှင့် ပြောလိုက်သည်။
"ငါတို့က မင်းကို ဘယ်လိုခေါ်ရမှာလဲ။ မင်းရဲ့အရင်အဖွဲ့သားတွေကရော ဘယ်ရောက်သွားတာလဲ…"
သူက အမှန်တရားကို မပြောနိုင်သော်လည်း အနည်းဆုံးတော့ ထိုလူငယ်၏ အဖော်များက သူ သတ်လိုက်ခြင်းကြောင့် သေဆုံးသွားကြောင်း ဟုတ်မဟုတ် သိချင်နေသည်။ မဟုတ်လျှင် သူနှင့် သူ၏အဖွဲ့သားများလည်း ပြဿနာတက်သွားနိုင်၏။
ထိုလူက ရှေ့ကို ခြေလမ်းအနည်းငယ် လျှောက်လာသည့်အတွက် မုန့်ချီတို့နှင့် နီးလာခဲ့သည်။ သို့သော် သူက သူတို့နှင့် (၅)ပေခန့်အကွာသို့ ရောက်လာသည့်အချိန်တွင် ချက်ချင်း ရပ်လိုက်သည့်အတွက် သူတို့၏ကြားထဲတွင် အကွာအဝေးတစ်ခုရှိနေသေး၏။
သူက သတိထားနေခြင်း သို့မဟုတ် တခြားလူများနှင့် နီးနီးကပ်ကပ်နေခြင်းကို သဘောမကျသော လူတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
"ငါ့ရဲ့အဖော်တွေက သေမင်းတမန်တာဝန်ကို ဖြတ်ကျော်လာပြီးတဲ့အချိန်မှာ အရာအားလုံး အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ ဒုတိယမြောက် သံသရာတာဝန် အတောအတွင်း ငါတို့က ရှာဖွေနေရင်း လူစုကွဲသွားတယ်။ ပြီးတော့ မတော်တဆမှု ကြုံခဲ့ရတယ်။ အဲဒါက ဒဏ္ဍာရီအဖွဲ့ထဲက တရားဝင်အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ ကောင်းကင်(၉)သွယ် မိုးကြိုးနတ်ဘုရားကို ဒေါသထွက်အောင် လုပ်မိခဲ့တယ်။ အဆုံးမှာတော့ ငါတစ်ယောက်တည်းပဲ အသက်ရှင်နိုင်ခဲ့တယ်…"
"ဒဏ္ဍာရီတွေ... ဟုတ်လား…"
မုန့်ချီက မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။
ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကလည်း သူ့ခြေထောက်ကို လှည့်ကြည့်လိုက်ကြသည်။ မုန့်ချီ၏ ဟန်ဆောင်မှုက လုံးဝကို အစစ်အမှန်ကဲ့သို့ ဖြစ်နေ၏။
ထိုလူက ပြုံးလိုက်သည်။
"ဒဏ္ဍာရီဆိုတာက လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပဲ။ အခြေအနေ တိတိကျကျကိုတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့တရားဝင်အဖွဲ့သားတချို့က သံသရာခရီးသွားတွေ ဆိုတာတော့ ငါလည်း သေချာသိတယ်။ သူတို့က သံသရာခရီးသွားအသစ်တွေကို သူတို့ရဲ့အဖွဲ့သားတွေအဖြစ် လက်ခံပြီး လေ့ကျင့်ပေးချင်ကြတယ်။ ငါ့ကိုလည်း သူတို့က ဖိတ်ခေါ်ခဲ့ပေမယ့် ငါက သူတို့ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်။ တကယ်လို့ မင်းတို့က ဒဏ္ဍာရီတွေအကြောင်း မသိသေးဘူးဆိုရင်တော့ မင်းတို့ရဲ့တိုးတက်မှုက အရမ်းကိုမြန်နေပြီး ရင်ဆိုင်ရတဲ့ တာဝန်ကလည်း အရမ်းနည်းနေသေးလို့ ဖြစ်မှာစိုးရတယ်။ မဟုတ်ရင် မင်းတို့က ဒဏ္ဍာရီတွေနဲ့ အင်မော်တယ်တွေ လေ့ကျင့်ပေးထားတဲ့အဖွဲ့တွေနဲ့ တွေ့နေနိုင်တယ်…"
"အဲဒါက ငါထင်ထားတဲ့အတိုင်းပါပဲလား…"
မုန့်ချီက တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်မိသည်။
ထိုကဲ့သို့ ဖော်ပြချက်ကို နားထောင်နေရင်း သူနှင့် တခြားလူများကလည်း အနာဂတ်တွင် လူသစ်များကို ဦးဆောင်ရသည့်တာဝန်တစ်ခု ရှိလာနိုင်သေးသည်။ သို့သော် လူသစ်များက သူတို့အဖွဲ့နှင့် တိုက်ရိုက်ပူးပေါင်းနိုင်ခြင်း မရှိချေ။ သူတို့နှင့် ဆက်သွယ်မှုတချို့ ရိုးရှင်းစွာ တည်ဆောက်ရန် လိုအပ်သည်။ သူတို့က အဖွဲ့ထဲတွင် အကူများအနေနှင့် ထမ်းဆောင်နိုင်ပြီး သေမင်းတမန်တာဝန်ကို ပြီးဆုံးမှသာ အဖွဲ့နှင့် ပူးပေါင်းနိုင်ကြသည်။
"ဘာလို့ ငါတို့ကျတော့ စလာကတည်းက တခြားသူတွေရဲ့ လမ်းပြမှုကို မခံရတာလဲ။ ဒါက ကျောက်စိမ်းပြားလေးကြောင့်ပဲလား…"
ထိုလူက လက်နောက်ပစ်ထားပြီး အလွန်တည်ငြိမ်နေခဲ့သည်။ သူက ဆက်ပြောလိုက်၏။
"မင်းတို့က ငါ့ကို ဘယ်လိုခေါ်ရမလဲဆိုရင်တော့ ငါ့နာမည်က လော့ရန် ကျိုးဟမ်လို့ခေါ်တယ်…"
သူ၏အမူအရာက အလွန်တည်ငြိမ်ပြီး သူ၏စကားလုံးများက တိကျပြတ်သားသည်။ ကြည့်ရသည်မှာ သူ့နာမည်ကို ကြေညာလိုက်သည်နှင့် တစ်ဖက်လူက သူ မည်သူဖြစ်ကြောင်း သိနိုင်သည်ဟု တွေးထားပုံပေါ်သည်။
သူက ထိုစကားကို ပြောသည့်အချိန်တွင် မုန့်ချီ၏အသံကို ကြားလိုက်ရသည်။
"လော့ရန် ကျိုးဟမ်... ဟုတ်လား။ သူဘယ်သူလဲဆိုတာ နင်တို့သိလား…"
မုန့်ချီက ကျန်းကျိဝေနှင့် တခြားသူများကို သံသယဝင်စွာ ပြန်လှည့်ကြည့်လိုက်သည်။
"ဘာလို့ဒီလူက နာမည်ကျော်ကြားသယောင် ဟန်ဆောင်နေရတာလဲ…"
ကျိုးဟမ်က အတော်လေး မျက်နှာပျက်သွားခဲ့၏။ သူက စကားပြောချင်နေသော်လည်း ပါးစပ်ပိတ်နေရန်သာ ရွေးချယ်လိုက်သည်။ ကျန်းကျိဝေက လော့ရန်တွင် သူမ သိထားသည့်လူများကို ခက်ခက်ခဲခဲ စဉ်းစားနေသည်။ သူမက မျက်မှောင်ကြုတ်လိုက်၏။
"ငါက အဲဒီနာမည်ကို မကြားဖူးဘူး…"
ချီကျန်းရန်ကလည်း ခေါင်းခါပြလိုက်ပြီး သူ့ကိုမသိကြောင်း အချက်ပြလိုက်သည်။ ရွမ်ယုရှုက စဉ်းစားပြီး ပြောလိုက်၏။
"တော်ဝင်မင်းသား(၅)ရဲ့နာမည်က ကျိုးဟမ်လို့ခေါ်တယ်ဆိုတာကိုပဲ ငါသိတယ်။ ဒါပေမဲ့ သူက သိုင်းလောကသားတစ်ယောက် မဟုတ်တဲ့အတွက် နာမည်မကြီးဘူး.."
ကျိုးဟမ်က သက်ပြင်းချလိုက်၏။
"အဲဒါ ငါပဲ.."
မုန့်ချီက အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သူက တော်ဝင်မင်းသား(၅)နှင့် တွေ့နေရသည့်အတွက် သူနှင့်ပတ်သက်သော အရာတချို့ကို မှတ်မိသွားသည်။ မည်သို့ဖြစ်စေကာမူ သူက လော့ရန်တွင် ရှိနေသော အချက်အလက်များကို ဖတ်ခဲ့ဖူး၏။သူက သိုင်းလောကပညာရှင်များနှင့် ပူးပေါင်းခြင်းမရှိခဲ့ပေ။
သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
"တော်ဝင်မင်းသား(၅)က အားနည်းတဲ့ခန္ဓာကိုယ်နဲ့ မွေးဖွားလာပြီး သာမန်စွမ်းရည်ပဲ ရှိတယ်ဆိုတဲ့ တစ်ယောက်လား…"
"အဲဒါ သူပဲ..။ အသက်(၁၈)နှစ် ပြည့်ပြီးသွားတဲ့အချိန်မှ သူ့ရဲ့ခန္ဓာကိုယ်က ထူးထူးခြားခြား ကြံ့ခိုင်လာပြီး သူ့ရဲ့သိုင်းပညာကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာတယ်။ လက်ရှိအိမ်ရှေ့စံမင်းသားသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် သူက ဘုရင်ဖြစ်ဖို့ အလားအလာအရှိဆုံး လူတစ်ယောက်ပဲ…."
ရွမ်ယုရှုက မုန့်ချီ၏စကားကို အတည်ပြုပေးလိုက်သည်။
"ဒါကြောင့်ကိုး..။ ငါ နားလည်သွားပြီ…"
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့၏။ ထိုသို့ဆိုလျှင် သူ၏ခန္ဓာကိုယ် ထူးခြားစွာ တိုးတက်လာပြီး အရည်အချင်းများ တိုးမြင့်လာခဲ့သည်မှာ သံသရာအရှင်သခင်၏ ကျေးဇူးကြောင့်ဖြစ်သည်။
သူတို့နှစ်ယောက်က ကျိုးဟမ်နှင့် ပတ်သက်သော နောက်ကြောင်းများကို ကျန်းကျိဝေနှင့် ချီးကျန်းရန်တို့သိအောင် ပြောခဲ့၏။
ကျိုးဟမ်ကတော့ သူတို့ဆွေးနွေးနေသည်ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့၏။ သူ့ပုံစံက အနည်းငယ်အေးစက်ပြီး ဒေါသထွက်နေပုံရ၏။
"မင်းတို့က လျှို့ဝှက်အသံပို့ဆောင်မှု သုံးနေရင်တောင် ငါ့ရှေ့မှာတော့ ငါ့ရဲ့မကောင်းကြောင်းတွေကို မပြောလောက်ဘူး မဟုတ်လား…"
"အဖွဲ့သားအသစ်အတွက် ငါတို့က အပေါ်ယံမှာတော့ မျှမျှတတ ဆက်ဆံပေးရမှာပေါ့။ ဒါပေမဲ့ ငါတို့က သူ့ရဲ့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သတိထားနေဖို့ လိုအပ်သလို ငါတို့(၄)ယောက်ရဲ့အစွမ်းကို ထိန်းသိမ်းပြီး တာဝန်ပြီးဆုံးအောင်လုပ်ဖို့လည်း လိုအပ်တယ်.."
မုန့်ချီက လျှို့ဝှက်အသံပို့ဆောင်မှု မသုံးခဲ့ပေ။ သိပ်မကြာခင် သူက ကျန်းကျိဝေနှင့် တခြားသူများ၏ သဘောထားကို နားလည်ခဲ့၏။ ထိုအရာက လူသစ်တစ်ယောက်ကို ဆက်ဆံသည့်နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်သည်။
သူက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူတို့၏အကွာအဝေးကို လျှော့ချလိုက်၏။ သူက ရင်ဘတ်ရှေ့တွင် လက်တစ်ဖက်တင်၍ ပြောလိုက်သည်။
"မင်းသား(၅)ကို တွေ့ရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ တောကြိုအုံကြားက ရွာသားလေးတစ်ယောက်ပါ။ သိုင်းလောကမှာ မထင်မရှား ပညာရှင်လေး တစ်ယောက်ပါပဲ။ ဒီတော့ မင်းသားလေးကို မလေးမစား လုပ်မိခဲ့တယ်ဆိုရင် ဗွေမယူပါနဲ့…"
မုန့်ချီက သူ့အနားသို့ကပ်လာသည့်အတွက် ကျိုးဟမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။ ထို့နောက် သူက ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"ကိစ္စမရှိပါဘူး။ ငါက မင်းကို ဘယ်လိုခေါ်ရမလဲ…"
"ငါ့နာမည်က စုမုန့်လို့ ခေါ်တယ်။ ဒါကတော့ ကျိကျန်းဓားစံအိမ်က ကျန်းကျိဝေ။ ဒါက လန်းယာ့ ရွမ်မိသားစုက ရွမ်ယုရှုနဲ့ ဒါကတော့ ဟွမ်ဟွာဓားဂိုဏ်းက ချီကျန်းရန်…"
မုန့်ချီက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ အပေါင်းအဖော်များ ဖြစ်သည့်အတွက် သူတို့က ပူးပေါင်းတိုက်ခိုက်ရမည်ဖြစ်၏။ အကယ်၍ သူတို့က ရုပ်ရည်ကို ပြောင်းလဲလိုက်မည်ဆိုလျှင်ပင် သူတို့၏မူလသိုင်းပညာနှင့် အပြုအမူများကို အခြေခံပြီး သူတို့မည်သူဖြစ်ကြောင်း ခန့်မှန်း၍ ရနိုင်သည်။ ထို့ကြောင့် မုန့်ချီက ရိုးရိုးသားသားပြောပြရန် ဆုံးဖြတ်လိုက်၏။
ကျိုးဟမ်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏အခြေအနေများက မည်သို့ဖြစ်စေကာမူ သူတို့က လူငယ်မှတ်တမ်းထဲတွင် ထိပ်တန်းပညာရှင်များ ဖြစ်နေသည့်အတွက် အနည်းငယ် ထိတ်လန့်သွားခဲ့သေး၏။ ထို့ကြောင့်လည်း သူတို့အဖွဲ့က တာဝန်များများ မအောင်မြင်သေးသော်လည်း လက်ရှိအဆင့်သို့ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။
"ငါသိသွားပြီ..။ ပျက်သုဉ်းခြင်းဓားနတ်သမီးနဲ့ သတ်ဖြတ်ရေးဓားပါလား။ လူငယ်မှတ်တမ်းထဲက အစွမ်းထက်ပညာရှင်နှစ်ယောက်…"
သူက တီးတိုးရေရွတ်လိုက်ပြီး ရွမ်ယုရှုကို အပြုံးနှင့် လှည့်ကြည့်လိုက်သည်။
"ညီမလေးယုရှု...
ညီမလေးကို အရင်တုန်းက ချီခဲ့ဖူးတယ်။ မျက်စိတမှိတ်အတွင်း ညီမလေးယုရှုက ဒီလောက်အထိ အရွယ်ရောက်လာလိမ့်မယ်လို့ မယုံနိုင်ဘူး…"
ရွမ်ယုရှုက လော့ရန်တွင် ကြီးပြင်းခဲ့သည်။ ထိုအချိန်တွင် သူမ၏အဖေက ပင်ကျိုးတွင် မှူးမတ် တစ်ယောက်ဖြစ်ခဲ့ပြီး ယခုတော့ ပင်ကျိုးစီရင်စုတွင် နယ်စားတစ်ယောက် ဖြစ်နေသည်။
"ကျွန်မတို့က တွေ့ခဲ့ဖူးပါတယ် မင်းသားလေး…"
ရွမ်ယုရှုက ရင်းနှီးနေသည့် ခံစားချက်မျိုးမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်၏။ သူမက အသက်(၂)နှစ်အရွယ်တွင် အိမ်သို့ပြန်လာခဲ့ခြင်း ဖြစ်သည်။
ကျိုးဟမ်က အံ့ဩနေခြင်း မရှိဘဲ အပြုံးနှင့် ပြောလိုက်၏။
"ငါက မင်းတို့ရဲ့အစွမ်းနဲ့ သိုင်းပညာတွေအပေါ် နည်းနည်းသိထားတယ်။ ငါက တံခါး(၉)ပေါက် ပွင့်နေပြီ။ လူသားနှင့် ကောင်းကင် ဆက်သွယ်မှုကိုလည်း ရထားပြီ။ ငါက ကမ္ဘာမြေထိတ်လန့်ခြင်းကျင့်စဉ် တစ်စိတ်တစ်ပိုင်းကို နားလည်ထားတယ်။ ပြီးတော့ လက်ဝါးသိုင်းပညာတွေ၊ လက်သီးသိုင်းပညာတွေ ကျွမ်းကျင်ပြီး ဓားကိုလည်း အသုံးပြုနိုင်တယ်…"
သူက ခန့်မှန်း၍ရနိုင်သော အချက်အလက်များကိုသာ ပြောပြလိုက်ခြင်းဖြစ်သည်။
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"မင်းသား(၅)..
ငါတို့က တာဝန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကံကြမ္မာအမှတ်နဲ့ လဲလိုက်ပြီ။ မင်းက အဲဒီအတွက် တစ်ခုခုပြန်ပေးချင်လား…"
ကျိုးဟမ်က ပြုံးလိုက်သည်။
"ငါက နောက်ဆုံးတာဝန် လုပ်ဆောင်ပြီးတဲ့အချိန်မှာ လဲလှယ်ထားတဲ့ အချက်အလက်တွေကို မင်းတို့နဲ့ မျှဝေဖို့ စဉ်းစားထားတာ။ စကားမစပ် ငါက မင်းတို့အားလုံးကို ပြောပြချင်တာ ရှိသေးတယ်။ ကောင်းကင်ဖျက် မကောင်းဆိုးဝါးရဲ့အစွမ်းက အနည်းဆုံး ဒုတိယကောင်းကင်ဝေ့ကျင်းအဆင့်ရှိတယ်။ ပြီးတော့ နတ်ဆိုး(၇)ယောက်ထဲမှာ အနည်းဆုံး ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်(၂)ယောက်ပါတယ်…"
"မင်းက အဲဒီကို ရောက်ခဲ့ဖူးတာလား…"
မုန့်ချီက အနည်းငယ်အံ့သြသွားခဲ့၏။ သူက စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသည်။ သူကတော့ အချက်အလက်များကို တိုက်ရိုက်ပင် ပြောပြခဲ့၏။ ချမ်းသာသူများက အမှန်တကယ်ကို ပို၍စွမ်းအားရှိသည်။
ကျိုးဟမ်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ငါက အဲဒီနေရာမှာ တာဝန်လုပ်ခဲ့ဖူးတယ်။ ပြီးတော့ နတ်ဆိုးကမ္ဘာလမ်းကြောင်း ပွင့်လာတာကို ကိုယ်တိုင်မြင်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းကတော့ ငါကိုယ်တိုင်ဝင်ပါဖို့ အစွမ်းမရှိခဲ့ဘူး…"
"ငါတို့က နတ်ဆိုးတွေကို ထိန်းချုပ်ဖို့အတွက် ပစ္စည်းတွေလဲဖို့ စီစဉ်ထားတယ်။ မင်းကရော ငါတို့နဲ့အတူ ပူးပေါင်းမှာလား…"
မုန့်ချီက လူသစ်တစ်ယောက်ကို ဆန့်ကျင်လိုခြင်း မရှိချေ။ သူက နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။
ကျိုးဟမ်က ခေါင်းခါပြလိုက်သည်။
"ငါ အဆင်ပြေပါတယ်။ အရင်တစ်ခေါက်ကတည်းက အကုန်လုံး လဲထားပြီးသွားပြီ.."
"တကယ့်ကို ချမ်းသာတာပဲ.."
မုန့်ချီက သူ၏ပိုင်ဆိုင်မှုများကို စဉ်းစားကြည့်လိုက်ပြီး အတော်လေးအားကျနေခဲ့သည်။ အကယ်၍ သူသာ ဆင်းရဲပြီး ကံကြမ္မာအမှတ် လိုအပ်မှုမရှိလျှင် သူ၏လေဟာနယ်လက်စွပ်ကို ဘာကြောင့် လဲလှယ်လိုက်ရမည်နည်း။ သူက ကံကြမ္မာအမှတ်များကို ကျန်းကျိဝေတို့ဆီသို့ တိုက်ရိုက်ပေးလိုက်၍ ရနိုင်သည်။
သို့သော် အကယ်၍ သူက ထိုသို့လုပ်လိုက်မည်ဆိုလျှင်ပင် သူ့ဆီ၌ ကံကြမ္မာ အမှတ်(၁၀၀၀)သာ ကျန်နေနိုင်သည်။ ကောင်းကင်နှင့်မြေကြီး ဓားပျံများ၊ အရိုးပျော့မြူခိုးများနှင့် သူ့ဆီ၌ ရှိနေသော အရာအားလုံးကို လဲလှယ်လိုက်မည် ဆိုလျှင်ပင် ကံကြမ္မာအမှတ်(၁၀၀၀)ခန့်သာ ကျန်နေနိုင်သည်။
အချက်အလက်များနှင့် နတ်ဆိုးချုပ်နှောင်ကျောင်းဆောင်တို့ကို လဲလှယ်လိုက်ပြီးနောက် သူ့ဆီတွင် စွမ်းအားပြန်ဖြည့်ဆေးတစ်လုံးအတွက်ပင် အမှတ်မလုံလောက်နိုင်တော့ပေ။
‘စွမ်းအားပြန်ဖြည့်ဆေး(၁)လုံး၊ ဘယ်လက်ဓားသိုင်းပညာအတွက် ဓားအစားထိုးခြင်း၊ ကျင့်စဉ်ပုံစံ(၉)မျိုးကို စစ်ဆေးခြင်း၊ ကောင်းကင်မိုးကြိုး(၅)သွယ်ကို ပြည့်စုံအောင် လုပ်ဆောင်ခြင်းနှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ဝေ့ကျင်းအဆင့် ကျင့်စဉ်ကို လဲလှယ်ခြင်း..’
ထိုအရာများအားလုံးက လေဟာနယ်လက်စွပ်ထက် ပို၍အရေးကြီးသော အရာများဖြစ်သည်။ မည်သို့ဖြစ်စေကာမူ သူက ထိုအရာကို တာဝန်ကျသော ကမ္ဘာကြီးဆီမှ ရရှိနိုင်သေး၏။ ထို့ပြင် ယပ်တောင်(၆)လက်ကျောင်းမှနေ၍ ဈေးချိုချိုနှင့်လည်း ရနိုင်သေးသည်။
ထို့ကြောင့် မုန့်ချီက လေဟာနယ်လက်စွပ်ထဲမှ စာအုပ်ကို ထုတ်ယူထားလိုက်ပြီး လေဟာနယ်လက်စွပ်ကို လဲလှယ်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် သူ့ဆီ၌ ထိုစာအုပ်နှင့် သံသရာမြေကွက်လပ်ထဲတွင် ရှိနေသော ကျန်းဟန်ချွန်၏ လျှို့ဝှက်အသုံးအဆောင်များကို တန်ဖိုးမတွက်ရသေးပေ။
ကျိုးဟမ်က ပါဝင်လိုခြင်း မရှိသည်ကို မြင်သည့်အခါ သူတို့(၄)ယောက်က စတင်ဆွေးနွေးနေကြ၏။
ချီကျန်းရန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"တုန်းရန်စံအိမ်နဲ့ ပတ်သက်ပြီး ငါက သေချာပြင်ဆင်ထားခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ငါလည်း မမီနိုင်ခဲ့ဘူး။ ငါက တုန်ဟွာစာအုပ်စိမ်းနဲ့ အရှေ့ဝင်ရိုး သက်တော်ရှည်ဆေးအညွှန်းကို ရခဲ့တဲ့အတွက် တော်တော်လေး ကျေနပ်ပါတယ်။ ငါ့မှာ ကံကြမ္မာအမှတ်တွေ ရှိမှတော့ ငါက လူတိုင်းသုံးနိုင်တဲ့ ပစ္စည်းတွေကို လဲလှယ်နိုင်တယ်။ ကျန်တာတွေကတော့ မိန်းကလေးရွမ် ရွေးချယ်လိုက်တဲ့ နတ်ဆိုးရနံ့ဖျောက်ဆေးလုံးနဲ့ နတ်ဆိုးဖယ်ရှားခြင်းအဆောင်တွေပဲ။ …"
တန်းရန်စံအိမ်နှင့် ပတ်သက်ပြီး သူတို့(၃)ယောက်က ချီကျန်းရန်အတွက် တွေးပေးထားကြသည်။ သူက အဝေးမှနေ၍ အလျင်အမြန် ရောက်လာခဲ့သော်လည်း အချိန်မီ မရောက်ခဲ့သည်မှာ တိုက်ပွဲက လျင်မြန်စွာ ပြီးဆုံးသွားခြင်းကြောင့်ဖြစ်သည်။
ထိုအရာများကို ဆွေးနွေးလိုက်ပြီးနောက် မုန့်ချီ၊ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့က သူ့အတွက် ကံကြမ္မာအမှတ်များ မျှဝေပေးရန် ဆုံးဖြတ်လိုက်သည်။ သူတို့အားလုံးက အတူတကွ တာဝန်လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် သူ့ကိုပေးလိုက်ခြင်းက သူတို့အတွက် အသုံးပြုခြင်းသာဖြစ်သည်။
ပစ္စည်းများကို လဲလှယ်လိုက်ပြီးနောက် ချီကျန်းရန်ဆီတွင် ကံကြမ္မာအမှတ်(၈၀) ကျန်နေသေး၏။
မုန့်ချီက အလယ်တွင် ရှိနေသော အလင်းတိုင်လုံး၏ ရှေ့တွင် ရပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူက သွမ့်လွေ၏ ကျင့်စဉ်ပုံစံ(၉)မျိုးကို ပြန်လည်စဉ်းစားပြီး သုံးသပ်ပေးရန် တောင်းဆိုလိုက်သည်။
"အရိုးကြွက်သားအားဖြည့်ကျင့်စဉ် ပထမအတွဲထဲမှာရှိတဲ့ ကျင့်စဉ်ပုံစံတွေ၊ ကံကြမ္မာအမှတ ်(၆၃၀၀)တန်ကြေးရှိတယ်။ ကံကြမ္မာအမှတ်(၃၂၀၀)နဲ့ လဲလို့ရနိုင်မယ်။ တကယ်လို့ ပျောက်ဆုံးနေတဲ့ အပိုင်းတွေကို ဖြည့်ချင်တယ်ဆိုရင်တော့ မှန်ကန်တဲ့ အစီအစဉ်ကို ညှိနှိုင်းဖို့ လိုလိမ့်မယ်။ အဲဒါဆိုရင် မင်းက ကံကြမ္မာအမှတ်(၂၅၀၀) သုံးရလိမ့်မယ်။ အဲဒီအရာတွေကို ဖြည့်ပြီးသွားရင်တော့ အဲဒါက ရောင်းဝယ်လို့ ရတဲ့ပစ္စည်းအဖြစ် သတ်မှတ်နိုင်တဲ့အတွက် တခြားသူတွေဆီ ပေးလို့မရနိုင်တော့ဘူး.."
မုန့်ချီ၏နားထဲတွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည့်အတွက် သူလည်း အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
"ဒါက တကယ့်ကို အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ပဲ…."
ထိုအရာကို မှန်ကန်သောနည်းလမ်းအတိုင်း ပြင်ဆင်ရန် လိုအပ်နေသေးသည်။ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်က အကူအညီပေးနိုင်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ ထိုအရာက ဓမ္မကာရအဆင့် ကျင့်စဉ်တစ်ခုလည်း ဖြစ်၏။
သူ၏စုစုပေါင်းတန်ကြေးက ကံကြမ္မာအမှတ် (၁၅၀၀၀၀) ဖြစ်ပြီး အတွဲ(၃)တွဲ ခွဲခြားနိုင်သည်။ တစ်ခုချင်းဆီ လဲလှယ်၍လည်း ရနိုင်၏။ တတိယအတွဲက ကံကြမ္မာအမှတ်(၁)သိန်း တန်ကြေးရှိ၏။ ဒုတိယအတွဲကတော့ ကံကြမ္မာအမှတ် (၄)သောင်း တန်ကြေးရှိပြီး ပထမအတွဲက ကံကြမ္မာအမှတ် (၁)သောင်းတန်ကြေးရှိသည်။
မုန့်ချီက သူ၏မူလခန္ဓာကိုယ်ကို ဖယ်ရှားနိုင်ခဲ့သော်လည်း အရိုးကြွက်သား အားဖြည့်ကျင့်စဉ်က ခန္ဓာကိုယ်၏လက်ရှိစွမ်းအင်ကို မြှင့်တင်ပေးနိုင်သေးသည်။ ထိုအရာက ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည့်အပြင် သူသုံးလိုက်သော သိုင်းပညာများ၏ အဆင့်ကိုလည်း မြှင့်တင်ပေးနိုင်သည်။ ထိုအရာက ရပ်တန့်နေသော သိုင်းပညာများအားလုံးကို တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်၏။
ထိုအရာက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်အပေါ် အကျိုးသက်ရောက်မှု မရှိသော်လည်း လမ်းကြောင်း(၆)ခုလုံးတွင် အမြင့်ဆုံးအဆင့်ဟု သတ်မှတ်နိုင်သည်။ မုန့်ချီ၏ ကိုယ်ပိုင်ဓားရှည်သိုင်းပညာ၊ ဓားမောက်သိုင်းပညာ၊ ကိုယ်ဖော့ပညာနှင့် တခြားအရာများအားလုံးက သိသိသာသာ မြင့်တက်လာနိုင်၏။
ဥပမာအနေနှင့် ပြောရလျှင် တူကူးဓား(၉)ကွက်ကပင် ဆက်လက်တိုးတက်လာနိုင်ပြီး ချီဖျက်ဆီးရေးအဆင့်မှနေ၍ အရှိန်အဝါဖျက်ဆီးရေးအဆင့်သို့ ရောက်ရှိသွားကာ လူသားနှင့်ကောင်းကင် တစ်သားတည်းအဆင့်ကို ရောက်လာနိုင်သည်။
သူ့ဆီတွင် ကံကြမ္မာအမှတ် မလုံလောက်သေးသည်မှာ ကံဆိုးသွား၏။ သို့သော် မုန့်ချီက နတ်ဘုရားကျင့်စဉ်ကို ပြည့်စုံသည့်အချိန်အထိ စောင့်နေ၍ ရသေးသည်။ သူက ထိုအရာကို ကံကြမ္မာအမှတ်နှင့် မလဲခဲ့ပေ။ မည်သို့ဖြစ်စေကာမူ အကယ်၍ သူသာ နောက်ပိုင်းကျမှ လိုချင်နေသည်ဆိုလျှင် အလွန်ခက်ခဲသွားပါလိမ့်မည်။
"ဒါဆိုရင် အရိုးကြွက်သားအားဖြည့်ကျင့်စဉ်က လေ့ကျင့်မှုအစီအစဉ် မှားယွင်းသွားတာနဲ့ ဘာလို့ နတ်ဆိုးကျင့်စဉ်အဖြစ် ပြောင်းလဲသွားရတာလဲ…"
မုန့်ချီက သံသရာအရှင်သခင်ကို မေးလိုက်သည်။
“ဒီအချက်အလက်က ကံကြမ္မာအမှတ်(၃၀၀၀) တန်ကြေးရှိတယ်..”
သံသရာအရှင်သခင်က တည်ငြိမ်စွာ ပြောလိုက်၏။
Translated by Hein Htet.