အခန်း (၃၄၅)
Vol. 23 Ch. 345
မုန့်ချီ၏ နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ထိုအချက်အလက် တစ်ခုတည်းကပင် ကံကြမ္မာအမှတ် (၃၀၀၀) ကုန်ကျနေ၏။ သူက အမှန်တကယ်ကို ဆင်းရဲသော လူတစ်ယောက်ဖြစ်သည်။
သူက ထိုအကြောင်းအရာကို ခဏဘေးဖယ်ထားလိုက်ပြီး ကျန်းဝူအင်ပါယာအုတ်ဂူထဲမှ နားလည်ထားခဲ့သော ကောင်းကင်မိုးကြိုး (၅)သွယ်ကို ပြန်လည် ဆန်းစစ်ရန် ကြိုးစားလိုက်သည်။ ထိုအရာကို ပြီးဆုံးအောင်လုပ်ရန် တန်ဖိုးလျော့ကျသွားခြင်း ရှိမရှိ သိချင်နေ၏။
"စိတ်ဝိညာဉ်လွှဲပြောင်းမှုက မပြည့်စုံသေးဘူး။ မင်းက ကောင်းကင်မိုးကြိုး (၅)သွယ်ထဲက ကောင်းကင်ည သုတ်သင်ခြင်းလင်းရေး (၉)သွယ်ရဲ့ ပထမသိုင်းကွက်ကိုပဲ သင်ယူနိုင်သေးတယ်။ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ပြည့်စုံချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၁၁၉၂၀၀) လိုအပ်တယ်… "
“မပြည့်စုံသေးတဲ့ ကောင်းကင်မိုးကြိုး (၅)သွယ်ကို ပြည့်စုံချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၄၅၀၀) လိုအပ်တယ်..”
ထို့ကြောင့် မုန့်ချီက အတော်လေး ဝမ်းသာသွားခဲ့သည်။ သူက တစ်ကြိမ်တည်းနှင့် ကံကြမ္မာအမှတ် (၈၀၀)သက်သာသွားခဲ့၏။ သူ နားလည်ထားခဲ့သော အနှစ်သာရ (၄)ခုက အမှန်တကယ်ကို အသုံးဝင်လှသည်။ ဟွမ်ဖူတောင်၏ အကြံပေးချက်ကလည်း အတော်လေး တန်ဖိုးရှိ၏။
ကြည့်ရသည်မှာ သူက သိပ်မကြာခင် ရွာ (၉)ရွာကမ္ဘာကြီးသို့ ပြန်သွားရန် အခွင့်အရေးရှာရမည်ဖြစ်သည်။ ပထမဦးဆုံး သူက ဒုတိယတာဝန် ပြီးဆုံးရန်အတွက် လိပ်နက်ကျောက်စိမ်းပြားကို ခြေရာခံချင်နေသည်။ ဒုတိယတစ်ချက်ကတော့ သူက ဟွမ်ဖူတောင်၏ မျိုးဆက်များဆီမှ ကိုးကားနိုင်သော ပစ္စည်းများကို ပို၍ ရချင်နေ၏။ ထိုအရာက သိုင်းကျမ်းကို ပြည့်စုံအောင်လုပ်ရန် တန်ဖိုးလျော့ကျသွားနိုင်သည်။
သူက ကောင်းကင်မိုးကြိုး(၅)သွယ်၏ ဓမ္မကာရအဆင့်ကို နားလည်နိုင်ခြင်း ရှိမရှိ မည်သူက သိနိုင်မည်နည်း။ မုန့်ချီကတော့ ထိုအတွေးမျိုး ပေါ်လာသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အလွန်ဂုဏ်ယူနေခဲ့သည်။
ထို့နောက် သူက ‘ငါ ဘယ်သူလဲ …ဘယ်သူက ငါလဲ’ ဟူသည့် စာအုပ်နှင့် ကျန်းဟန်ချွန်၏ လျှို့ဝှက်ဆန်းကြယ်သော ပစ္စည်းများကို စစ်ဆေးကြည့်ရန် တောင်းဆိုလိုက်သည်။
"တုန်းရန်နတ်ဘုရားရဲ့ လက်ရေးစာအုပ် … အသက်သွင်းရတဲ့ ပစ္စည်းတစ်ခု ၊ သူ့ရဲ့ အသုံးဝင်မှုကို သိချင်တယ်ဆိုရင်တော့ ကံကြမ္မာအမှတ် (၈၀၀၀) လိုအပ်တယ်…"
"သောကကြယ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေ ။ အဲဒီအထဲမှာ သူ့ကို အသိအမှတ်ပြုထားတဲ့ တံဆိပ်သင်္ကေတတစ်ခု ပါဝင်နေတယ်။ ဒါက ဒဏ္ဍာရီတွေရဲ့ သင်္ကေတပဲ…"
မုန့်ချီက ထိုပစ္စည်းများကို အသုံးပြုနိုင်ခြင်းမရှိချေ။ ထို့ကြောင့် အခန်းထဲတွင် ပြန်ထားလိုက်၏။ သူက စာအုပ်ကိုတော့ ယွမ်ယုရှု၏ လေဟာနယ်လက်စွပ်ထဲသို့ ပစ်ပေးလိုက်သည်။ ထိုအရာက အသက်သွင်းရသည့် ပစ္စည်းတစ်ခုဖြစ်သည့်အတွက် သူတို့က တာဝန်တစ်ခုခု အတောအတွင်း အသုံးပြုလာရနိုင်သည်။ ထိုအရာကို သူတို့နှင့်အတူ ယူသွားခြင်းက ပိုကောင်း၏။
သူက ကျန်းကျိဝေနှင့်တခြားလူများကို အခန်းထဲသို့ ဖိတ်ခေါ်ခဲ့ပြီး စစ်ဆေးကြည့်သည့် ရလဒ်များကို ပြောပြလိုက်၏။
ကျန်းကျိဝေက မျက်မှောင်ကြုတ်၍ ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"ရှောင်လင်ကျောင်းတော်ရဲ့ ဘုန်းတော်ကြီးဓမ္မက နိဗ္ဗာန်မရောက်ခင် ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူက သန့်စင်နယ်မြေကို ဖျက်ဆီးပြီး အဲဒီနတ်ဆိုးကို ရှင်းပစ်နိုင်ခဲ့တယ်။ အဲဒီနတ်ဆိုးက မသေခင် အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ကျိန်စာတိုက်ခဲ့တာ များလား ။ လေ့ကျင့်မှုအစီအစဉ် လွဲချော်သွားတာနဲ့ နတ်ဆိုးရဲ့စိတ်ဝိညာဉ်က ကျင့်ကြံသူကို မကောင်းဆိုးဝါး လမ်းစဉ်ရောက်သွားအောင် တွန်းအားပေးနိုင်တာလား”
သူ့ဆရာကို ထိုအကြောင်းကို ပြောခဲ့သည့်အတွက် မုန့်ချီကလည်း ကြားဖူးနေသည်။ သူက ထူးဆန်းသော စကားလုံးကိုသာ တွေးမိနေ၏။
"သစ္စာရှိပြီး သနားကြင်နာတတ်သူ မဝင်ရ … "
"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…"
မုန့်ချီက ခေါင်းညိတ်ကြလိုက်သည်။ သူတို့ဆီတွင် အချိန်မလုံလောက်တော့သည့် အတွက် သူတို့က ထိုကိစ္စကို နောက်ထပ် ဆွေးနွေးခဲ့ခြင်း မရှိချေ။
မုန့်ချီက ပြောလိုက်၏။
"ငါက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ကံကြမ္မာအမှတ်တွေနဲ့ မလဲတော့ဘူး။ ဒါဆိုရင် ငါတို့က ပုံစံ(၉)မျိုးကို အချင်းချင်း ဝေမျှလို့ ရနိုင်တယ်။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ အပိုင်းတွေကို ဖြည့်ဆည်းပြီး မှန်ကန်တဲ့ ပုံစံကို ပြောင်းလဲဖို့ လိုအပ်တဲ့ ကံကြမ္မာအမှတ်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ လူတိုင်းအတွက်လည်း အတူတူပဲ ဖြစ်မယ်ထင်တယ်။ ဒီတော့ အားလုံး ပေါင်းလိုက်မယ်ဆိုရင် ကံကြမ္မာအမှတ် တစ်သောင်းလောက်တော့ ဖြစ်သွားနိုင်တယ်..”
“ငါတို့က တခြားနည်းလမ်းတွေကို စမ်းသပ်ကြည့်ရမှာပေါ့။ နည်းလမ်း မရှိရင်လည်း ထားလိုက်ပါ … "
ရွမ်ယုရှုဆီတွင် အလွန်ထူးခြားသော ခန္ဓာကိုယ်အချိုးအဆစ် ရှိနေပြီး သာမန်ခန္ဓာကိုယ်ကို ဖယ်ရှားထားနိုင်သည်။ သူမ လေ့ကျင့်ထားသော သိုင်းပညာများက ထိပ်တန်းသိုင်းပညာများဖြစ်ပြီး သူမက မည်သည့်သိုင်းကျမ်းကိုမျှ လိုချင်စိတ်မရှိခဲ့ပေ။
ကျန်းကျိဝေက ပြုံးလိုက်၏။
"ခဏထားလိုက်ပါဦး။ ငါတို့က နင့်ရဲ့သိုင်းကျမ်းကို ဒီလိုမျိုး ယူမသွားနိုင်ဘူး။ ငါတို့မှာ ကံကြမ္မာအမှတ်တွေ ရလာတဲ့အချိန်ကျမှ နင့်ကို တစ်ခုခုနဲ့ပြန်ပြီးတော့ အစားထိုးပေးမယ်။ မဟုတ်ရင် ငါတို့က စိတ်ရှင်းရှင်းနဲ့ နေလို့ရမှာမဟုတ်ဘူး။ ဒါက ငါတို့က အတူတူ ရလာခဲ့တဲ့ သိုင်းကျမ်းတစ်ခုမဟုတ်ဘူးလေ…"
ပြောင်းလဲမှုကျင့်စဉ်တုန်းကလည်း အတူတူသာဖြစ်သည်။ ထိုအချိန်တွင် သူတို့က မုန့်ချီအတွက် ကံကြမ္မာအမှတ်များ ပြန်ပေးခဲ့၏။
"ဟုတ်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တစ်ခုခု ပြန်ပေးရဦးမှာပေါ့။ မင်းက ရွာ(၉)ရွာ ကမ္ဘာကြီးကို မြန်မြန်ပြန်သွားချင်နေမှတော့ ငါတို့ထဲမှာ သံသရာတံဆိပ်တစ်ခုကို ရတဲ့သူတိုင်း မင်းကို ပေးမယ်…"
ချီကျန်းရန်က ကျန်းကျိဝေ၏ စကားကို ထောက်ခံလိုက်သည်။
ကွင်းဆက်တာဝန်များကို လူတိုင်းပါဝင်ရန် မလိုအပ်ပေ။ သူတို့ကသာ ဝေမျှရန် ရွေးချယ်လိုက်မည်ဆိုလျှင် သူတို့က နောက်ပိုင်းမှ အတူတကွ သွား၍ ရနိုင်သေးသည်။ မည်သို့ဖြစ်စေကာမူ သံသရာတံဆိပ်တစ်ခုကို ရရှိရန် မလွယ်ကူနိုင်ပေ။ သူတို့က အမြဲလိုလို အတူတကွ မသွားနိုင်ကြပေ။
တစ်ခါတရံ တချို့သော အရာများကို ပြည့်စုံအောင် လုပ်ဆောင်ရန်အတွက် တစ်ယောက် နှစ်ယောက်ခန့်သာ သွားနိုင်သည်။ ရွာ (၉)ရွာ ကမ္ဘာကြီးက မိုးကြိုးနတ်ဘုရား၏ လွှဲပြောင်းမှု ရှိနေသည့်အတွက် မုန့်ချီက သွားရန် အသင့်တော်ဆုံး ဖြစ်သည်။
"ကောင်းပြီလေ…"
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။ သူက အခန်းထဲမှ ထွက်လာပြီး အလယ်တိုင်လုံးဆီသို့ လျှောက်၍ လဲလှယ်မှုများ စတင်လိုက်သည်။
ကျိးဟမ်က ပြုံးလိုက်ပြီး လက်နောက်ပစ်၍ ကြည့်နေ၏။ သူကတော့ သူတို့၏ သီးသန့်ပြောဆိုမှုများကို စိတ်ဝင်စားနေခြင်း မရှိသလို သူ့ကို ဖယ်ထုတ်ထားသည့်အတွက် မကျေမနပ်ဖြစ်နေခြင်းလည်း မရှိပေ။ လူတိုင်းတွင် လျှို့ဝှက်ချက်များ ရှိနေပြီး သူတို့နှင့် ပထမဆုံးတွေ့သည့် လူတစ်ယောက်ကို အတင်းအကြပ် မျှဝေခိုင်းခြင်းက မသင့်တော်လှပေ။
မုန့်ချီက ကံကြမ္မာအမှတ် (၆၀၀) သုံးလိုက်သည့်အတွက် သူ့ဆီတွင် ကံကြမ္မာအမှတ် (၁၆၃၀) ကျန်နေသေးသည်။ သူက စွမ်းအားပြန်ဖြည့်ဆေးနှင့် နတ်ဆိုးရနံ့ထုတ် ဆေးလုံးကဲ့သို့ လိုအပ်သောအရာများကို အရင်ဆုံးလဲလိုက်ပြီး ကျန်းကျိဝေနှင့် တခြားလူများကို ပြောလိုက်သည်။
"ငါ့ဆီမှာ ဗုဒ္ဓမီးအိမ်ရှိတယ်။ ဒါကြောင့် ငါက နတ်ဆိုးဖယ်ရှားခြင်းအဆောင် မလိုအပ်ဘူး။ ငါက ကံကြမ္မာအမှတ်တွေနဲ့ အဖိုးတန်လက်နက်အဆင့် ဓားတစ်လက် လိုချင်တယ်။ တကယ်လို့ အဲဒီလက်နက်က မကောင်းဆိုးဝါးတွေ ၊ ဖုတ်ကောင်တွေကို ချုပ်နှောင်ဖို့ အသုံးပြုနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ … "
"မဆိုးပါဘူး ။ ဓားကောင်းတစ်လက်ကို ရွေးလိုက်လေ။ တကယ်လို့ နင့်မှာ ကံကြမ္မာအမှတ် မလုံလောက်ရင် ငါက နည်းနည်းစိုက်ပေးလို့ရတယ်…"
ကျန်းကျိဝေက တားဆီးနေခြင်းမရှိပေ။
အဖိုးတန်လက်နက်များက အဝေးမှနေ၍ တိုက်ခိုက်နိုင်ပြီး အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်သည်။ တစ်ဖက်တွင်တော့ မုန့်ချီက သာမန်ဓားသမား တစ်ယောက် မဟုတ်တော့ပေ။ သူက ခန္ဓာကိုယ်ကို အဓိက အလေးထားပြီး သူ့ဓားကတော့ အကူအညီ သက်သက်သာဖြစ်၏။
ရွမ်ယုရှုနှင့်ချီကျန်းရန်တို့ကလည်း စကားများများ မပြောခဲ့ကြပေ။ သူတို့က စာရင်းကို စစ်ဆေးကြည့်လိုက်ပြီး မုန့်ချီကို ကူညီ၍ ဓားတစ်ချောင်း ရွေးပေးနေကြသည်။
မုန့်ချီက သွေးကြောဓားကို ကံကြမ္မာအမှတ် (၃၅၀)နှင့် လဲလှယ်လိုက်ပြီး လိပ်ပြာနက်၏ လျှို့ဝှက်လက်နက်နှင့် တခြားပစ္စည်းများကို လဲလှယ်လိုက်ရာ ကံကြမ္မာအမှတ် (၂၅၀) ရခဲ့သည်။ သူက အရိုးပျော့အဆိပ်ငွေ့ တစ်ပုလင်းနှင့် ကောင်းကင်နှင့်မြေကြီး ဓားပျံများကိုသာ သူ့အတွက် ချန်ထားခဲ့သည်။
အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဟူသော စကားရှိ၏။ ထို့ကြောင့် သူတို့က လျင်မြန်စွာ ရွေးချယ်လိုက်ပြီး သိပ်မကြာခင် ထူးခြားသော ဓားတစ်လက်ကို တွေ့လိုက်ရသည်။
"ရေလှိုင်းမီးတောက် - အဖိုးတန်ဓားတစ်ချောင်း ။ ကံကြမ္မာအမှတ် (၁၅၀၀) တန်ကြေးရှိတယ်။ သူ့ရဲ့အနီရောင်ကြေးခွံတွေက ကောင်းကင်နဂါးရဲ့အစိတ်အပိုင်း (၈)ခုမှာရှိတဲ့ မြေမီးတောက်ကနေ ထုဆစ်ထားတာ။ ဓားထဲမှာ အပူလှိုင်းတွေကို ထိန်းသိမ်းထားနိုင်တယ်။ အဲဒါက သတ္တုတွေကို အလွယ်တကူ ဖြတ်ပစ်နိုင်ပြီး မီးတောက်တွေ ထုတ်လွှတ်နိုင်တယ်။ အစွမ်းကုန်သုံးလိုက်မယ်ဆိုရင် (၅)မိုင် ပတ်လည်အတွင်း သဘာဝတရားကြီးကို ပြောင်းလဲပစ်နိုင်တယ်။ တိမ်တိုက်တွေက လောင်ကျွမ်းသွားနိုင်ပြီး မီးတောက်တွေက လေထဲမှာ မီးပင်လယ်ကြီးတစ်ခု ဖြစ်လာနိုင်တယ်…”
“သူ့ရဲ့စွမ်းအားတွေ အားလုံးကို စုစည်းလိုက်မယ်ဆိုရင် ဝေ့ကျင်းအဆင့်ကိုတောင် ယှဉ်နိုင်တယ်။ မမြင်ရတဲ့ ဓားချီစွမ်းအင်တွေနဲ့လည်း တိုက်ခိုက်နိုင်သေးတယ်။ ရန်သူကို တိုက်ခိုက်ပြီးသွားရင် ယင်မီးတောက်တွေက သူ့ရဲ့ခြေထောက်အောက်ကနေ ထွက်ပေါ်လာလိမ့်မယ်။ ကောင်းကင်နဂါး အစိတ်အပိုင်း (၈)ခုရဲ့ မီးတောက်တွေကလည်း သူ့ရဲ့မျက်ခုံးကြားကနေ ထွက်ပေါ်လာလိမ့်မယ်။ မီးတောက်နှစ်ခု ပေါင်းစပ်သွားတဲ့အချိန်ကျရင် ရန်သူက ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်…"
ထိုအရာက အနီရောင်အလင်းတန်းများ ထွက်ပေါ်လာနေပြီး အလွန်လှပသည့် ဓားရှည်တစ်လက် ဖြစ်သည်။ ထိုဓားက မီးတောက်များ လောင်ကျွမ်းနေသလို ထင်မှတ်ရ၏။ မုန့်ချီက ဓားကို မြှောက်ကြည့်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်ကို အပြင်သို့ ဖြန့်ကျက်လိုက်သည်။
ဓားပေါ်တွင် အမှတ်အသားတစ်ခုသာ ချန်ထား၏။ သူက ထိုဓားနှင့် တဖြည်းဖြည်း ရင်းနှီးလာပြီး ဓား၏အလေးချိန် ၊ အရွယ်အစားနှင့် စွမ်းအားများကို တဖြည်းဖြည်း အသားကျလာခဲ့သည်။
(၅)မိနစ်ခန့် ကြာပြီးနောက် အလင်းနှင့်အရိပ်များက ပြောင်းလဲသွားပြီး မုန့်ချီတို့၏ ရှေ့တွင် ရှိနေသော မြေကွက်လပ်က ပျောက်ကွယ်သွားခဲ့သည်။ အနည်းငယ် ဝေဝါးသွားပြီးနောက် ရေခဲလှိုင်းများ တိုက်ခတ်နေပြီး မည်းမှောင်အေးစက်နေသော နေရာတစ်ခုကို ရောက်နေကြောင်း သူတို့က တွေ့လိုက်ရ၏။ သူက သစ်တောထဲ၌ ရှိနေပုံရ၏။
သူက ဘယ်ဘက်ခြေထောက်ကတော့ အတော်လေးကို ရှည်လျားသော အရာတစ်ခုကို နင်းမိထားသည်။ ထိုအရာက လောင်ကျွမ်းနေသော တာအိုကျောင်းဆောင်တစ်ခု ဖြစ်ပုံရ၏။ ထိုနေရာတွင် လောင်ကျွမ်းမှုကြောင့် ပတ်ပတ်လည်တွင် ရှိနေသော နံရံများက မည်းတူးနေသော်လည်း ခန်းမများ ၊ အခန်းငယ်များ ရှိနေသေးကြောင်း သိနိုင်သည်။
"ဒါက ဘယ်နေရာလဲ … "
မုန့်ချီက ကျိုးဟမ်ကို ကြည့်လိုက်သည်။ ကျိုးဟမ်က ဤကမ္ဘာကြီးထဲကို ရောက်ခဲ့ဖူးသည့်အတွက် သူတို့ရောက်နေသည့်နေရာကို သိနိုင်သည်။
ကျိုးဟမ်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး အပျက်အစီးများထဲမှ ခန်းမတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
"ဟိုမှာအလင်းရောင်တွေ့တယ်။ တစ်ယောက်ယောက်ရှိမယ်ထင်တယ်။ ငါတို့သွားပြီး မေးကြစို့ … "
သူက သူ့အဖွဲ့အပေါ် ယုံကြည်ချက် ရှိနေသည့်အတွက် ကောင်းကင်ဖျက် မကောင်းဆိုးဝါးကိုသာ မတွေ့လျှင် မည်သည့်အရာကိုမျှ ကြောက်စရာမလိုအပ်ပေ။ ထို့ကြောင့် သူက တည့်တည့်သွားမေးရန်သာ ဆုံးဖြတ်လိုက်သည်။
အကယ်၍ ထိုနေရာတွင် ကောင်းကင်ဖျက် မကောင်းဆိုးဝါးရှိနေမည်ဆိုလျှင် သူတို့က ကြောက်စရာကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များကို ခံစားမိမည်ဖြစ်၏။
"ကောင်းပြီလေ… "
မုန့်ချီ ၊ ကျန်းကျိဝေတို့ကလည်း အချင်းချင်းကြည့်လိုက်မိကြပြီး သူ၏ အကြံပေးချက်ကို ဆန့်ကျင်မနေခဲ့ပေ။
အကယ်၍ သူတို့ကသာ တစ်လအတွင်း နတ်ဆိုးကမ္ဘာကြီး၏ လမ်းကြောင်းကို ဖျက်ဆီးချင်သည်ဆိုလျှင် အချိန်မလုံလောက်တော့ပေ။ မည်သို့ဖြစ်စေကာမူ နတ်ဆိုး (၈)ယောက်က ဤနေရာတွင် ရှိနေသော သက်ရှိများကို နှိပ်စက်ရန် အတူတကွ ရှိနေလိမ့်မည် မဟုတ်ချေ။
ဤအရာက အလွန်ကြီးမားသော ကမ္ဘာကြီးတစ်ခုဖြစ်ပြီး သူတို့က ထိုနတ်ဆိုးများကို ရှင်းပစ်ရန် အချိန်ယူရပါလိမ့်မည်။ ထိုတာဝန်တွင် ခက်ခဲသည့်အရာက အချိန်သာ ဖြစ်၏။
…………
ပင်မခန်းမကြီးထဲတွင် သိုင်းလောကသားများစွာ စုစည်းနေကြသည်။ သူတို့က အဖွဲ့ (၃)ဖွဲ့ ဖြစ်နေပြီး သူတို့အားလုံးတွင် ခေါင်းဆောင်များ ရှိကြ၏။ သူတို့ထဲမှ တစ်ယောက်ကတော့ ရိုးရှင်းပြီး ဆံပင်အဖြူများရှိနေသည်။ သူက တာအိုဝတ်စုံကို ဝတ်ဆင်ထား၏။
သူက အဖွဲ့သားများကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"သံနတ်ဆိုးဆီကနေ ငါတို့ကြားခဲ့တဲ့ စကားအရ သူတို့တွေက ငါတို့ကို လုံးဝရှင်းမပစ်နိုင်ဘူးဆိုတာ ကမ္ဘာမြေကြီးရဲ့ကံကြမ္မာကို ဖိနှိပ်ထားတဲ့ ပစ္စည်း (၃)ခု ရှိနေလို့ပဲ။ တစ်ခုကတော့ အမြဲစိမ်းကျောင်းဆောင် အပျက်အစီးထဲမှာ ကောင်းကျန် ချန်ထားခဲ့တဲ့ အရာပဲ။ သူက မကောင်းဆိုးဝါး (၃)ယောက်နဲ့ တိတ်တဆိတ် ဆက်သွယ်ပြီး အဲဒီအရာတွေကို ဖျက်ဆီးဖို့ စဉ်းစားနေကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ထိန်းချုပ်မှုကို ယာယီခုခံနိုင်ပြီး လမ်းမှန်ကို ယုံကြည်နေသေးတဲ့လူတွေ ရှိနေသေးတာ ကံကောင်းသွားတယ်။ မကောင်းဆိုးဝါး (၄)ယောက်ကို တားဆီးဖို့အတွက် ငါက မိုးကြိုးနတ်ဘုရားမ မိန်းကလေးတုံနဲ့ လက် (၈)ချောင်း ကောင်းကင်လက်ဝါး ဆရာကြီးကျူးတို့ကို ဆက်သွယ်လိုက်ရတယ်…”
“ငါတို့ကတော့ နတ်ဆိုး (၄)ယောက်ကို ရှင်းပစ်ဖို့တော့ တော်တော်လေး အလှမ်းကွာပါသေးတယ်။ ကောင်းကျန်ရဲ့ အမွေအနှစ်တွေက အမြဲစိမ်းကျောင်းဆောင်ထဲမှာ ရှိနေတယ်။ တည်နေရာကိုတော့ ငါလည်း မသိဘူး။ ဒါကြောင့် ငါတို့က ဖြည်းဖြည်းချင်း ရှာရလိမ့်မယ်..”
“ဒါပေမယ့် မကောင်းဆိုးဝါး (၄)ယောက်က ရောက်လာပြီး ငါတို့ကို အချိန်မရွေး တားဆီးနိုင်တယ်။ အဲဒါက အရမ်းအန္တရာယ်များတဲ့ တာဝန်တစ်ခုပဲ။ သူရဲကောင်းတို့ …အားလုံးက နောက်ဆုတ်သွားမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး…"
ရုပ်ရည်ကြမ်းတမ်းသော တာအိုသခင်က အဖြစ်အပျက်များကို သေချာပြောပြနေသည်။ သူကတော့ ထိုလူများကို အားပေးရန် စကားလုံးမျိုးပင် မပြောခဲ့ပေ။
သူ့နောက်တွင်တော့ အသက်အရွယ်မျိုးစုံ ရှိနေသော တာအိုသခင်များစွာ ရှိနေပြီး သူတို့အားလုံးက သူ့နောက်ကို လိုက်လာကြပုံပေါ်သည်။ တခြား (၂)ဖွဲ့၏ ခေါင်းဆောင်များကတော့ နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် မိန်းမပျိုတစ်ယောက်နှင့် အနက်ရောင်ဝတ်စုံဝတ်ထားသော အဘိုးအို တစ်ယောက်ဖြစ်သည်။
သူတို့က တာအိုသခင်ပြောခဲ့သော တုံယောင်နှင့် ကျူးဝမ်ကျုံးတို့ ဖြစ်ကြသည်။ တုံယောင်၏ မျက်နှာအမူအရာက ရိုးရှင်းသော်လည်း ကြမ်းတမ်းခက်ထန်သည်။ သူမက အစိမ်းရောင်သားရေပြား ပတ်ထားသော ဓားတစ်လက်ကို သယ်ဆောင်ထားပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွန်မတို့က အကြိမ်ပေါင်းများစွာ နောက်ဆုတ်ခဲ့ပြီးသွားပြီ။ တကယ်လို့ ဒီနေ့သာ နောက်ဆုတ်လိုက်မယ်ဆိုရင် ကျွန်မတို့ သွားစရာ နေရာမရှိတော့မှာ စိုးရတယ်။ ကျွန်မတို့က တုံ့ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရှိနိုင်တော့ဘူး။ ကျွန်မရဲ့ တပည့်တွေက နတ်ဆိုးတွေ သိမ်းပိုက်တာကို မခံချင်ကြဘူး။ လိုအပ်မယ်ဆိုရင် သူသေ ကိုယ်သေ တိုက်ခိုက်ကြမှာပဲ…”
“ကျွန်မရဲ့လက်ထဲမှာ ကိုင်ထားတဲ့ (၇)ပေဓားက ကမ္ဘာမြေကယ်တင်ခြင်း သူတော်စင် (၃)ယောက်ကို မမီပေမဲ့ ကျွန်မက သူသေ ကိုယ်သေ တိုက်ခိုက်နိုင်သေးတယ်။ အဲဒီနတ်ဆိုးတွေကိုလည်း ထိခိုက်အောင် လုပ်နိုင်သေးတယ်… "
ထိုစကားပြောလိုက်သည့်အချိန်တွင် သူမ၏ အငွေ့အသက်များက ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်ကပင် တုန်လှုပ်သွားခဲ့သည်။ ထိုအချိန်တွင် အလွန်ထက်မြက်သော ဓားပေါင်းများစွာက တိုက်ခိုက်ရန် စောင့်ဆိုင်းနေသလို ဖြစ်လာခဲ့၏။
သူမ၏ လွှမ်းမိုးမှုက တပည့်အများစုကို သက်ရောက်စေနိုင်သည်။ သူတို့အများစုက မိန်းကလေးများဖြစ်ကြပြီး သူတို့၏ စိတ်ဆန္ဒကို ဖော်ပြနေကြ၏။ အနည်းငယ်ကသာ တုန်လှုပ်နေကြပြီး မော့မကြည့်ရဲကြပေ။ သို့သော် သူတို့ကလည်း ထွက်မသွားရဲကြပေ။
မျက်နှာကြမ်းကြမ်းနှင့် တာအိုသခင်က တာအိုသခင် ပိုင်ကျန်းဖြစ်သည်။ သူကတော့ အမှန်တရားလမ်းစဉ် သိုင်းသခင်အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။ တခြားသော ဘုန်းတော်ကြီးတစ်ယောက်နှင့် သာမန်လူတစ်ယောက် ပေါင်း၍ သူတို့ကို ကမ္ဘာကယ်တင်ခြင်း သူတော်စင် (၃)ယောက်ဟု ခေါ်ကြသည်။
သူတို့ဆီတွင် အလွန်အံ့ဩစရာကောင်းသော စွမ်းအားများရှိနေပြီး ကောင်းကင်ဖျက် မကောင်းဆိုးဝါး၏ လက်အောက်တွင် ရှိနေသော အစွမ်းထက်ဆုံး နတ်ဆိုးများကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
သူက သက်ပြင်းချလိုက်၏။
"ငါတို့က သေမှာကို မကြောက်ပါဘူး။ ဒါပေမယ့် ငါတို့ရဲ့ မျိုးဆက်လူငယ်လေးတွေက ငယ်ငယ်ရွယ်ရွယ်ပဲ ရှိနေသေးတယ်။ တကယ်လို့ သူတို့ဆန္ဒမရှိရင် ကျေးဇူးပြုပြီး သူတို့ကို တွန်းအားမပေးပါနဲ့။ အနာဂတ်မှာ သူတို့တွေထဲက တစ်ယောက်ယောက်က ကောင်းကင်ဖျက် မကောင်းဆိုးဝါးကို အနိုင်ရနိုင်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်…"
ကျူးဝမ်ကျုံးက လက်နောက်ပစ်ထားသည်။ သူက သူ့နောက်တွင် ရှိနေသော တပည့်များနှင့် မိတ်ဆွေများ ၊ သတင်းကြား၍ ရောက်လာသော တစ်ကိုယ်တော် ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
"မင်းတို့က ထွက်သွားမှာလား … နေခဲ့မှာလားဆိုတာကို ဆုံးဖြတ်လို့ရတယ်…"
သူတို့အားလုံးက သတင်းကို ကြားလိုက်ရပြီးနောက် ဆုံးဖြတ်ပြီး ရောက်လာကြခြင်းဖြစ်သည်။ သူတို့က ကြောက်လန့်နေကြသော်လည်း အားတက်သရော ပြန်ဖြေလိုက်ကြ၏။
"ငါတို့ရဲ့ နယ်မြေက နတ်ဆိုးတွေရဲ့လက်ထဲကို ကျရောက်နေတယ်။ တိုင်းပြည်ကြီးကလည်း ပရမ်းပတာဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ ငါတို့က ထွက်ပြေးပြီး သက်သောင့်သက်သာ နေနိုင်မှာလား … "
တာအိုသခင် ပိုင်ကျန်း၏ အမူအရာက လေးနက်လာခဲ့သည်။
"ဒီလိုဆိုမှတော့ ငါက အရှက်မရှိ အမိန့်ပေးရတော့မယ်။ မိန်းကလေးတုံနဲ့ ဆရာကြီးကျူးတို့က ငါနဲ့အတူ နတ်ဆိုး (၄)ယောက်ရဲ့ အလစ်ချောင်းတိုက်ခိုက်မှုကို စောင့်ကြည့်ဖို့ လိုက်ခဲ့ပေးပါ။ တကယ်လို့ သူတို့ရောက်လာမယ်ဆိုရင် ငါတို့က သူတို့ကို တားထားပြီး ငါတို့ရဲ့မျိုးဆက်လူငယ်လေးတွေ ထွက်သွားဖို့အတွက် အချိန်ဆွဲထားရမယ်။ ကျန်တဲ့မိတ်ဆွေတွေကတော့ အမြဲစိမ်းကျောင်းဆောင်ထဲမှာ ကောင်းကျန်ရဲ့အမွေအနှစ်ကို လူခွဲပြီး ရှာဖွေကြရမယ်။ အဲဒါက ရှေးဟောင်းသုံးချောင်းထောက်တစ်ခု ဖြစ်မယ်ထင်တယ်…"
"ကောင်းပါပြီ…"
တုံယောင်က ချက်ချင်း သဘောတူလိုက်သည်။
သူမ၏ တပည့်တစ်ယောက် စိုးရိမ်စွာ မေးလိုက်၏။
"ဆရာ …
ဆရာတို့ (၃)ယောက်က နတ်ဆိုး(၄)ယောက်ကို ရင်ဆိုင်ရမှာ။ အဲဒါက တော်တော်လေး ခက်မယ်ထင်တယ်။ ကျွန်မတို့က လူခွဲပြီး တိုက်ပွဲဝင်္ကပါနဲ့ အကူအညီပေးလို့ မရဘူးလား…"
သူမက ထိုမေးခွန်းကို ပြောလိုက်သည့်အချိန်တွင် အလွန်ကျယ်လောင်သော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။
"ဒီလိုကိစ္စမျိုးမှာ ငါ့ကို ဖယ်ထားလို့ရမှာလား … "
ထိုအချိန်တွင် သူတို့က လက်နောက်ပစ်၍ လျှောက်လာသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏အဝတ်အစားက အနက်ရောင်ဖြစ်နေပြီး အနီရောင် ပိုးချည်များနှင့် ရက်လုပ်ထားသည်။ သူ့ခါးတွင် လှပသော ဓားရှည်တစ်လက်ရှိနေပြီး သူ၏မျက်နှာက အလွန်ချောမော ခန့်ညား၏။
သူ့နောက်တွင်တော့ လူ(၄)ယောက်ရှိနေ၏။ လူငယ် (၂)ယောက်နှင့် မိန်းမပျို (၂)ယောက်ဖြစ်သည်။ မိန်းမပျို (၂)ယောက်ကတော့ အလွန်ထူးခြားသော မိန်းမလှလေးများ ဖြစ်ကြပြီး လူငယ်နှစ်ယောက်ကတော့ အေးအေးဆေးဆေး နှင့် ထူးခြားသူများဖြစ်ပုံရသည်။
တာအိုသခင် ပိုင်ကျန်းက ပြောလိုက်၏။
"ကမ္ဘာမြေလှုပ်ရှားခြင်း ဒကာကြီးကျိုးလား … "
သူက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်သော သိုင်းသူရဲကောင်း တစ်ယောက်ဖြစ်သည်။ သူက တာအိုသခင် ပိုင်ကျန်းတို့နှင့် ယှဉ်ပြိုင်ရန် အနည်းငယ် လိုသေးသည်။ သူ့အကူအညီသာ ရှိနေလျှင် သူတို့၏ မျှော်လင့်ချက်က သိသိသာသာ တိုးမြင့်လာနိုင်၏။
တာအိုသခင်၏ စကားကို ကြားသည့်အခါ အလွန်နာမည်ကျော်ကြားသော ကျိုးဟမ်က ရယ်လိုက်သည်။
"ဆရာကြီးပိုင်ကျန်း …
မတွေ့ရတာ တော်တော်လေးတောင် ကြာပြီ။ နေကောင်းရဲ့လား … "
"ဒါဆိုရင် အဲဒီသခင်လေးက ကမ္ဘာမြေလှုပ်ရှားခြင်းလား…"
သူတို့ထဲတွင် ရှိနေသော သိုင်းလောကသားများစွာက ရင်ထဲတွင် တင်းကြပ်မှုများ အနည်းငယ် ပြေလျော့သွားကြသည်။ ထိုကဲ့သို့ ပညာရှင်တစ်ယောက်ရှိနေလျှင် နတ်ဆိုး (၄)ယောက်ကို အချိန်တော်တော်ကြာ တားဆီးထားရန် ဖြစ်နိုင်သည်။
တာအိုသခင် ပိုင်ကျန်းက ကျိုးဟမ်၏ နောက်တွင် ရှိနေသော မုန့်ချီနှင့်တခြားလူများကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
"မင်းက သိုင်းလောကမှာ ပေါ်မလာတာ နှစ်ပေါင်းများစွာ ကြာနေပြီ ။ မင်းကို နတ်ဆိုးတွေ သတ်သွားပြီလို့တောင် ထင်နေတာ…"
ကျိုးဟမ်၏ အမူအရာက လေးနက်သွားခဲ့သည်။
"နတ်ဆိုး (၈)ယောက်က ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးနေတာ။ အမှန်တရားလမ်းစဉ်ကလည်း ပျက်စီးနေပြီ။ ဒီတော့ ကျွန်တော်လည်း အကူအညီသွားတောင်းရတာပေါ့…"
သူက ကျန်းကျိဝေ ၊ မုန့်ချီနှင့် တခြားလူများကို ကြည့်ပြီး ပြောလိုက်သည်။
"သူတို့ (၄)ယောက်က တခြားနေရာကနေ ကျွန်တော် ဖိတ်ခေါ်လာတဲ့ ပညာရှင်တွေပါ။ သူတို့က ြပိုင်ဘက်ကင်းပညာရှင်တွေပဲ…"
"ပြိုင်ဘက်ကင်းပညာရှင်တွေ ဟုတ်လား … "
သူရဲကောင်းများက လူသစ်များကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိကြသည်။
ကျိုးဟမ်က နာမည်တစ်ခု ရလာခဲ့သည့်အချိန်တွင် သူ့အသက်ကြောင့် တခြားလူများက အံ့ဩနေခဲ့ကြသည်။ သို့သော် ပြိုင်ဘက်ကင်းပညာရှင်ဟု ခေါ်သော ထို(၄)ယောက်က ပို၍ ငယ်ရွယ်နေသေးပုံရ၏။
Translated by Hein Htet