← Chapters

လှည့်ကွက် …

Vol. 012 Ch. 1174

လှည့်ကွက် …

Vol. 012 Ch. 1174

ရီဖူရှင်းက ယောင်းချီကို ကြည့်ပြီး သက်ပြင်းရှည် တစ်ချက် ချလိုက်မိသည်။

နှစ်ယောက်လုံးသည် တူညီသည့် နောက်ခံနှင့် အင်ပါယာရှား၏ သမီးတော်များသာ ဖြစ်သော်လည်း ရှားရှင်းယွန်က တော်ဝင်နန်းတော်တွင် မွေးဖွားပြီး အင်ပါယာရှား၏ ချစ်မြတ်နိုးခြင်း ခံရပြီကာ မွေးကတည်းက ပြီးပြည့်စုံသည်။ သူမ၏ ပါရမီက အင်ပါယာရှားဘုံ တစ်ခုလုံးတွင် ပြိုင်စံရှားသည်ဟု သတင်းစကားများ ရှိပြီး အနာဂတ်၏ ဘုရင်မအဖြစ် သတ်မှတ်ခံထားရ၏။

တစ်ဖက်တွင် ယောင်းချီ၏ အဆင့်အတန်းသည် ယောင်းထိုင် နန်းတော်၏ သမီးတော်ဖြစ်သည်။ ထို့အပြင် သူမသည် ယောင်းထိုင်နန်းတော်၏ သမီးတော်တစ်ပါး အနေဖြင့် အနောက်ဘက် ဒေသတွင်သာ ရိုးရှင်းသော ဘဝဖြင့် အရိုးထုတ်သွားရရန် ရှိနေသည်။

သို့သော်လည်း ယှဉ်ကြည့်ရလျှင် နာကျင်စရာပင် ဖြစ်သည်။ သူမသည်လည်း အင်ပါယာရှား၏ သမီးတော်တစ်ပါး ဖြစ်သော်လည်း သူမအစား တခြားမိန်းကလေး တစ်ယောက်၏ နာမည်ကိုသာ ကြားရင်း ကြီးပြင်းလာရသည်။

သူမ အသေအချာ သိထားသည်က သူမသည် မည်မျှ ထူးချွန် ထက်မြက်နေပါစေ အခြား တစ်ယောက်သည် အမြဲပင် သူမထက် ပို၍ သာလွန်စွာ တောက်ပနေလိမ့်မည်။ ဤသည်က သူမ မပြောင်းလဲနိုင်သည့် အချက်ပင် ဖြစ်၏။

ဤသို့သော အကြောင်းအရာများက ယောင်းချီအတွက်တော့ ရက်စက်လှသော်လည်း ကံကြမ္မာဆိုသည်မှာ ထိုကဲ့သို့ပင် ဖြစ်ကာ ဘယ်သူကမှ ပြောင်းလဲနိုင်စွမ်း မရှိပေ။ တော်ဝင်မျိုးဆက် မင်းသားများသည်လည်း ထီးနန်းရရှိရေးအတွက် အချင်းချင်း တိုက်ခိုက်နေရသည်။ သူတို့သည် ဖခင်တစ်ဦးတည်းမှ မွေးဖွားလာသည့် သူများဖြစ်သော်လည်း ထီးနန်းကိုတော့ တစ်ယောက်တည်းကသာ ဆက်ခံနိုင်မည် ဖြစ်သည်။

ယောင်းချီက ထီးနန်းအတွက် တိုက်ခိုက်နေသည့် မင်းသားများထက် ပို၍ သနားစရာ ကောင်းသည်။ သူမ၏ အနားတွင် ဖခင်ဆိုသည် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

ယောင်းချီက ဆန့်ကျင်ရန် ကြိုးပမ်းလိုသော်လည်း သူမကို မွေးဖွားခဲ့သည့် ဖခင်မှာ အင်ပါယာရှား ဖြစ်နေသည်။ ထို့အတွက် သူမတွင် လုပ်နိုင်သည့် နည်းလမ်း အနည်းငယ်သာ ရှိသည်။

ထို့ကြောင့်ပင် သူမက ယောင်းထိုင် တည်ခင်းဧည့်ခံပွဲကို အကြောင်းပြ၍ ရီဖူရှင်းကို ချဉ်းကပ်ခဲ့သည်။

ထိုနည်းက သူမ၏ ကံကြမ္မာကို တွန်းလှန်နိုင်မည့် နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ရီဖူရှင်းအနေနဲ့ အင်ပါယာရှားကို ဝေဖန် ပြစ်တင်နိုင်ခြင်း မရှိသလို သူက ယောင်းချီကိုလည်း အပြစ်တင် ဝေဖန်နိုင်သည့် အနေအထား မဟုတ်ပေ။

ရီဖူရှင်းက သူ့ရှေ့မှ အမျိုးသမီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်… “ကျုပ်က တာလီကို ကျင့်ကြံဖို့ အကြာကြီး သွားခဲ့တာ မဟုတ်ဘူး။ အဲဒါကို မင်းလည်း သိမယ်လို့ ထင်တယ်။ ကျုပ် အဲဒီမှာ နေတုန်းက တာလီတော်ဝင်အကြံပေး လက်အောက်မှာ ပညာသင်ခဲ့တယ်။ အရင်တုန်းက တော်ဝင်အကြံပေးက အကြံကြီးတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တော်ဝင်အကြံပေးက အရာရာကို ထွင်းဖောက် မြင်နိုင်စွမ်းရှိတဲ့ တစ်စုံတစ်ယောက်ဆိုတာ သိလာရတယ်။ သူ့ရဲ့ အကြီးမားဆုံးဆန္ဒက သူ့သမီးလေးကို သာမန်ဘဝနဲ့ နေနိုင်စေဖို့ပဲ။ သူ့ရဲ့ တပည့်တွေထဲက တစ်ယောက်ဆိုရင် သူ့အသက်ကိုတောင်မှ လိုချင်နေတာ။ ဒါပေမဲ့ သူက အဲဒါကို ဂရုမစိုက်ဘူး။ သူက ကျုပ် ဘယ်သူလဲ ဆိုတာကို သိနေတာတောင် အင်ပါယာရှားဘုံသို့ ဘေးမသီရန်မခ ပြန်ပို့ပေးခဲ့သေးတယ်”

“သူက သူ့ကို ရန်သူလိုမြင်ပြီး လက်စားချေချင်နေတဲ့ တပည့်ကို ဘာအတွေးမှ မရှိခဲ့ဘူး။ သူက ကျုပ် အင်ပါယာရှားဘုံကို ပြန်ရောက်တာနဲ့ အနာဂတ်မှာ သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမလား မဖြစ်ဘူးလား ဆိုတာကို ဂရုမစိုက်ဘူး။ သူက အတိတ်ကို လွှတ်ချပြီး အနာဂတ်ကို နည်းနည်းပဲ တွေးပြီးတော့ ပစ္စုပ္ပန်မှာပဲ လုပ်နိုင်တာကို လုပ်တယ်။ တကယ်လို့များ မင်း ပြောင်းလဲနိုင်တာ ဘာမှ မရှိဘူးဆိုရင် လွှတ်ချကြည့်လိုက်ဖို့ ဘာလို့ မကြိုးစားရတာလဲ”

ရီဖူရှင်းက ဆက်ပြောလိုက်သည် … “ကျွန်တော့်နေရာက မင်းကို အရာအားလုံး လွှတ်ချထားလိုက်ဖို့ ပြောရအောင် မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ တခြားလူတွေကို အကြံပေးဖို့က လွယ်တယ်။ ဒါပေမဲ့ အဲဒီအရာတွေကို ကိုယ်တိုင် ကြုံလာရတာဆိုရင်တော့ ဒါက အခြေအနေ မတူတော့ဘူးလေ။ မင်း ဘာပဲ လုပ်ဖို့ ကြိုးစားနေပါစေ အင်ပါယာရှားက အင်ပါယာရှားပဲ ဖြစ်ပြီးတော့ ရှားရှင်းယွန်ကလည်း ရှားရှင်းယွန် ဖြစ်နေဦးမှာပဲ။ မင်းက သူတို့ကို အပြစ်ပေးနေတယ်လို့ စဉ်းစားပေမဲ့ တကယ်က မင်းကိုယ်မင်း အပြစ်ပေးနေတာပဲ။ ပြီးတော့ မင်းကမှ ကိုယ့်အဖေ ဘယ်သူလဲဆိုတာ သိသေးတယ်။ ကျုပ်ဆိုရင် ကိုယ့်သွေးရင်း မိဘတွေက ဘယ်သူလဲဆိုတာ သိတောင် မသိရဘူး။ ကျုပ် ဘာလုပ်နိုင်မှာလဲ”

ယောင်းချီက ရီဖူရှင်းကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည် … “ရှင့်မှာ ဒီလို နာကျင်စရာအတိတ် ရှိနေမယ်လို့ လုံးဝ ထင်မထားဘူး။  ရှင်ပြောတာ အကုန်လုံးက အကျိုးအကြောင်း ဆီလျော်တယ်ဆိုတာ သိပေမဲ့ ဒီလို စကားလုံး နည်းနည်းလေးနဲ့တော့ ကျွန်မ အားလုံးကို လက်မလွှတ်လိုက်နိုင်ဘူး”

သူမ၏ အဖြေကနေတဆင့် သူမ၏ နာကြည်းချက်များက နက်ရှိုင်းသည်ကို ရီဖူရှင်း ပြောနိုင်၏။ သည်မျှ စကားလုံးများဖြင့် သူမ၏စိတ်ကို ပြောင်းလဲရန် မလွယ်ပေ။

သူမတွင် ရှားရှင်းယွန်နှင့် ပြင်းထန်သည့် ယှဉ်ပြိုင်မှုလည်း ရှိသေး၏။

ရီဖူရှင်း တိတ်ဆိတ် ငြိမ်သက်နေသည်ကို မြင်လျှင် ယောင်းချီက ပြုံးကာ ပြောလိုက်သည်… “ရှင်က ကု့ချင်း တီးခတ်တဲ့ အနုပညာမှာ ကျွမ်းကျင်တယ်။ အဲဒါကြောင့် ကျွန်မနဲ့အတူ အာရုံခြောက်ပါး ကောင်းကင် မိစ္ဆာသံစဉ်ကို တီးခတ်ဖို့ ရွေးချယ်တာက ရှင့်အတွက် ကောင်းလိမ့်မယ်”

သူမက ရီဖူရှင်း၏ လက်ကို သူမလက်နှင့် ချိတ်လိုက်ပြီး ကြိုးတပ်တူရိယာ ရှိရာသို့ ခေါ်ဆောင် လာခဲ့သည်။ ရီဖူရှင်းက သူမ၏ လက်ထားထားသည့် နေရာကို ကြည့်လိုက်သည်။ သူမ၏ ပျော့ပျောင်းသော လက်ချောင်းလေးများက သူ့ လက်ကောက်ဝတ်ကို ရစ်ပတ်ထားပြီး ကု့ချင်းရှိရာသို့ သူ့ကို ဆွဲခေါ်လာခဲ့သည်။ ယောင်းချီက ထိုင်လိုက်ကာ ဂီတမှတ်စုစာအုပ်ကို ထုတ်၍ ရီဖူရှင်းဆီကို ကမ်းပေးလိုက်သည်… “ကျွန်မတစ်ခေါက် တီးပြတဲ့ အချိန်မှာ ဒီမှတ်စုကို ဖတ်နေလိုက်လေ…”

ရီဖူရှင်း မှတ်စုကို ဖွင့်လိုက်သည့်အခါ တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ မှတ်စုစာအုပ်ထဲမှ မရေတွက်နိုင်သော ဂီတနုတ်များက သူ့စိတ်ထဲသို့ သူတို့ကိုယ်တိုင် ဝင်ရောက်သွားပြီး ကခုန်နေကြသည်။ ဤသည်က ယောင်းချီ တီးခတ်ခြင်းကြောင့် နုတ်များက တုံ့ပြန်ခြင်းဖြစ်သည်။

သံစဉ်က ချောမွေ့ကာ နူးညံ့ညင်သာသည်။ သံစဉ်သည် ရင်းနှီးသော ခံစားချက်ကို ဖြစ်ပေါ်စေပြီး လှပသည့် နေရာတစ်ခုသို့ ဝင်ရောက်သွား သကဲ့သို့ ဖြစ်သည်။

ရီဖူရှင်းက သံစဉ်ကို နားထောင်ရင်း မှတ်စုများကို ဆက်လက် ဖတ်ရှုနေသည်။ သံစဉ်က မှတ်စုများနှင့်အတူ ပျော်ဝင်သွားပုံရကာ သူ သတိမပြုမိလိုက်မှီ၌ပင် ဂီတတွင် လုံးဝ နစ်မြုပ်သွားခဲ့သည်။

အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာ သံစဉ်သည် လူတို့အား တက်မက်မှုဆန္ဒများ ပေါ်ပေါက်ပြီး ရမ္မက်လွှမ်းသွားစေသည့် မိစ္ဆာတေးသွားမျိုး မဟုတ်ပေ။

ထိုသံစဉ်သည် လူတို့၏ ခံစားချက်နှင့် စိတ်ဆန္ဒအပေါ်တွင်သာ မှီတည်၍ ပဲ့တင်စေခြင်း ဖြစ်သည်။ သံစဉ်က ရှည်လျားကာ အလွန်ပင် ရှုပ်ထွေးလှသည်။ သူသည် ဤမတိုင်မီက တွေ့ကြုံဖူးသည်မှာ သံစဉ်၏ စွမ်းအား အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ၎င်းသည် နားထောင်သူတို့၏ အလိုဆန္ဒများကို အဆက်မပြတ် မြှင့်တင်ပေးပြီး သူတို့ကို လွတ်မြောက်ခွင့်မပြုဘဲ အညံ့ခံလာစေရန် လုပ်ဆောင်သည်။

အလိုဆန္ဒဆိုသည်က လူသားတို့၏ သဘာဝနှင့် စိတ်ခံစားချက် အစိတ်အပိုင်း ဖြစ်သည်။ စိတ်ခံစားချက်နှင့် ဆန္ဒများကို တိုးမြှင့်စေနိုင်သည့် ဘယ်လိုရိုးရှင်းသော သံစဉ်မဆို စိတ်ခံစားချက်များက သံစဉ်၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ကျရောက်သွားသည်နှင့် လွတ်မြောက်ဖို့ရန် မဖြစ်နိုင်တော့ပေ။

ယင်းသည် နားထောင်သူတို့၏ စိတ်ခံစားချက် ထက်သန်မှုကို ခြယ်လှယ်နိုင်စွမ်းရှိ၍ သူတို့ကို တေးသွားအောက်၌ လုံးဝ နစ်မြုပ်သွားစေရန် လုပ်ဆောင်နိုင်သည်။ ထိုသို့ တေးသွားမျိုးသည် ကောင်းကင်မိစ္ဆာတေးသွားဟု နာမည်ကျော်သည်မှာ အံ့သြဖွယ် မရှိတော့ပေ။

ဂီတက သိုင်းပညာနှင့် သဘာဝချင်း အလွန်ပင် ဆင်တူသည်။ အကောင်းနှင့် အဆိုးဟူ၍ ခွဲခြားမရနိုင်ပေ။ အသုံးပြုသူက ကောင်းသည့် နေရာ၌ သုံးလျှင် ကောင်းမည် ဖြစ်ပြီး အသုံးပြုသူက ရက်စက် ယုတ်မာလျှင်တော့ မကောင်းသာ ဖြစ်မည် ဖြစ်၏။

ရီဖူရှင်း သံစဉ်ကို အပြည့်အဝ နားထောင်ပြီးသည့်အခါတွင် အချိန်တချို့ ကုန်လွန်သွားပြီ ဖြစ်၏။ သူက သူ့ဘေးမှ ယောင်းချီကို ကြည့်လိုက်သည်။ သူမ၏ လက်ချောင်းလေးများက ကြိုးများပေါ်တွင် ပြေးလွှားနေရာမှ ရပ်တန့်လိုက်သည်။ သူမ နဖူးထက်တွင် ဆံစတချို့က ပြေလျော့နေသည်။ သူမ၏ မျက်နှာထက်မှ အပြုံးလေးက နူးညံ့ကာ ဆွဲဆောင်မှု ရှိလှသည်။ ယင်းမှာ ညှို့ငင်ဖမ်းစားနိုင်ပြီး ချစ်စရာကောင်းသော အမြင်ကိုလည်း ပေးစွမ်းနိုင်သည်။

ရီဖူရှင်းက သူမထံတွင် ဂျီယူ၏ ပုံသဏ္ဌာန် အငွေ့အသက်များကို မြင်လာရသည်။ မျက်နှာနှစ်ခုက တစ်ခုနှင့် တစ်ခု ထပ်တူညီသည့်ပုံပေါ်လာကာ သူမကို သူ့လက်မောင်းအတွင်း ဆွဲသွင်းလိုက်လိုသည့် ဆန္ဒများကို ခံစားလာရစေသည်။

“ဘာဖြစ်လို့လဲ” ယောင်းချီက လှည့်ကြည့်လာကာ သူ့မျက်လုံးများကို ကြည့်၍ ပြုံးပြီး မေးလိုက်သည်… “သံစဉ်ထဲမှာ နစ်မြုပ်သွားတာလား”

“ဟုတ်မှာပေါ့” ရီဖူရှင်းက မငြင်းပယ်ပေ။ ထိုအချိန်တွင် ယောင်းချီက အလွန်ချစ်စဖွယ် ဟန်ပန်ရှိပြီး သူမကို ပွေ့ဖက်လိုစိတ် ဖြစ်ပေါ်လာရန် ပြုလုပ်နိုင်စွမ်းရှိ၏။

“ရှင်က စိတ်အတော်လေး တည်ငြိမ်လို့သာ ဒီအထိ ခံနိုင်ရည်ရှိတာ။ အဲဒါကြောင့် ရှင်က သံစဉ်မှာ ဖမ်းစားခံလိုက်ရမယ်လို့ မထင်ထားမိဘူး” ယောင်းချီက ချိုမြိန်စွာ ပြုံးလိုက်သည်။ ရီဖူရှင်းက သူမထံတွင် သူ၏ ချစ်လှစွာသော ဂျီယူ၏ ပုံရိပ်ကို မြင်နိုင်၏။

“ကျုပ်က သစ်သားတုံး မဟုတ်ဘူးလေ ဟုတ်တယ်မလား” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။

ယောင်းချီက သူ့ကို ရှက်ရွံ့သည့် အကြည့်များနှင့် ကြည့်လိုက်ပြီး ပြောသည်… “ရှင်သာ တစ်ခုခုလုပ်ဖို့ လိုတယ်ဆိုရင် ကျွန်မက ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်”

“ကျုပ် တီးကြည့်မယ်” ရီဖူရှင်းက သူ့ရှေ့မှ ကြိုးတပ်တူရိယာကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ” ယောင်းချီက ဘေးသို့ ရွှေ့ပေးလိုက်ပြီး ရီဖူရှင်းက သူမ နေရာတွင် ဝင်ထိုင်လိုက်ကာ သူ၏ လက်များကို ကြိုးပေါ်သို့ တင်လိုက်သည်။ သူက တေးသွားကို ဖြည်းညင်းစွာ စတင် တီးခတ်လိုက်၏။

ယောင်းချီက သူ့ဘေးတွင် နားထောင်ပေးသည်။

သူတီးခတ်သည့် အသံက လှပသည်။ သူက ပထမဆုံးအကြိမ် တီးခတ်ခြင်း ဖြစ်သော်လည်း တေးသွား၏ အနှစ်သာရကို ဆုပ်ကိုင်ထားနိုင်သည်။

တေးသွားသံစဉ်က ထိုသုခဘုံကို ဖြတ်ကာ ကြားနိုင်ပြီး သူ့ဘေးတွင်တော့ လှပသော မိန်းမပျိုလေး ရှိနေသည်။ ထိုမြင်ကွင်းက ပန်းချီကားထဲတွင် ရှိသော မြင်ကွင်းများထက် ပိုလှလေသည်။

သံစဉ်က မကြာခင်၌ အဆုံးသတ်သွားသည်။ ရီဖူရှင်းက သူ့ဘေးမှ ယောင်းချီကို ကြည့်လိုက်ပြီး သူက ဂျီယူအတွက် တေးသွားတီးခတ်ပေးသည့် အချိန်များကို ပြန်အမှတ်ရ လိုက်သည်။ အမျိုးသမီးနှစ်ဦး၏ မျက်နှာမှာ ယခုတိုင် ထပ်ကာ မြင်နေရဆဲ ဖြစ်သည်။

“သံစဉ်က မပြည့်စုံဘူးလား” ရီဖူရှင်းက ယောင်းချီကို ကြည့်ကာ မေးလိုက်သည်”

“ဟုတ်တယ်။ ဒါက အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာတေးသွားရဲ့ တစ်ဝက်ပဲ ရှိသေးတာ။ ကျန်တဲ့ တစ်ဝက်က ယောင်းထိုင်နန်းတော်မှာ မရှိဘူး” ယောင်းချီက ပြောလိုက်သည်။ “ရှင်က အခုမှ ပထမဆုံး တီးတာတောင် သံစဉ်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း ရတယ်။ ရှင်သာ ခဏခဏ တီးဖြစ်ရင် ကျွန်မထက် ပိုကောင်းသွားမှာတောင် ကြောက်ရတယ်။ ရှင် သံစဉ်ကို ပြည့်စုံသွားတဲ့ အခါကျရင် ကျွန်မက ရှင့်အတွက် ဝမ်းမြောက်စွာပဲ တေးသွားနဲ့ ကပြပါ့မယ်”

“သိပ်ကောင်းတာပေါ့” ရီဖူရှင်းက သံစဉ်ကို ဆက်ပြီး မလေ့ကျင့်ခင်မှာ ပြုံး၍ ပြောလိုက်သည်။

အချိန်တွေက ကုန်လွန်သွားပြီး ရီဖူရှင်းကလည်း ထပ်ခါထပ်ခါ လေ့ကျင့်နေသည်။ ယောင်းချီက တစ်ခါတစ်ရံမှာ သူ့ထံသို့ ရောက်လာပြီး နှစ်ယောက်သား သံစဉ်ကို ပူးပေါင်း ခြယ်မှုန်းကြသည်။

သူတို့နှစ်ဦးလုံးမှာ ပန်းချီကားထဲမှ မြင်ကွင်းကဲ့သို့ ထူးခြားကာ သဘာဝဆန်ဆန် လှပနေကြသည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိတော့အောင် ရီဖူရှင်းက သံစဉ်ကို ဆက်လက် တီးခတ်နေသည်။ ယောင်းချီက သူ့ကို မှီထိုင်နေကာ သူမ၏ အဝတ်အစား အောက်ဖျားပိုင်းက မြေပေါ်တွင် ပုံကျနေသည်။ ချစ်ခင်မြတ်နိုးမှုတို့ကို ယောင်းချီ မျက်နှာထက်တွင် မြင်နေရပြီး သူမသည် ပန်းချီကားတစ်ချပ်လို ညှို့ယူဖမ်းစားနိုင်သည်။

သူမ၏ ကိုယ်သင်းနံ့က ရီဖူရှင်း၏ အာရုံကို တိုက်ခိုက်နေပြီး သူ မလိုလားသော ဆန္ဒများကို ခံစားလာအောင် ပြုလုပ်နေသည်။

သံစဉ် အဆုံးသတ်သွားသည့်အခါ ယောင်းချီ၏ လက်များက သူ့ခန္ဓာတွင် ရစ်ပတ်နေကာ သူ့ကို နူးညံ့စွာ ပွေ့ဖက်ထား၏။ သူမ၏ နူးညံ့ပြီး ပျော့ပျောင်းသည့် ကိုယ်လေးက သူ့နှင့် နီးကပ်စွာ ဖိမိနေသည်။ ရီဖူရှင်းသည် ခန္ဓာကိုယ်အတွင်းမှ တောက်လောင်လာသည့် မီးတောက်ကို ခံစားသိရှိလိုက်၏။

“ယောင်းချီ” ရီဖူရှင်းက နူးညံ့စွာ ခေါ်လိုက်သည်။

“ဆရာရီ အာရုံခြောက်ပါး ကောင်းကင်မိစ္ဆာသံစဉ်က ဝိညာဉ်တေးသွားပဲ။ နားထောင်တဲ့ သူတွေရဲ့ စိတ်ဆန္ဒနဲ့ ခံစားချက်တွေကို သက်ရောက်စေတယ်။ သံစဉ်ရဲ့ ညှို့ယူမှုအောက်မှာ ရှင် ဒီလောက်ထိ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားစရာ မလိုပါဘူး။ ရှင့်ရဲ့ ဆန္ဒတွေကို ဖွင့်ထုတ်လိုက်တာက ဝိညာဉ်စွမ်းအား လေ့ကျင့်ရေးမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်” ယောင်းချီ၏ အသံက အိပ်မက်အတွင်းမှ လာသကဲ့သို့ ဖြစ်ကာ ဆန်းကြယ်သည့် မှော်အစွမ်းက ရီဖူရှင်း၏ နားစည်အတွင်းသို့ တိုးဝင်သွားပြီး သူ့အသည်းညှာကို ဆုပ်ဆွဲထားသလိုပင် ခံစားရသည်။

“ကျွန်မက ရှင်ကြိုက်တဲ့လူ မဟုတ်ရင်တောင် သူစိမ်းတစ်ယောက်လို ဆိုရင်တောင် အချိန်မရွေး လာတွေ့လို့ရပါတယ်။ ဒီလိုဆိုရင်တောင်မှ ကျွန်မအဆင်ပြေတယ်” ယောင်းချီက ပြောလိုက်သည်။ ရီဖူရှင်းက သူ့မျက်စိရှေ့ရှိ မျက်နှာလေးကို ကြည့်လိုက်သည်။ သူ ကြည့်နေရင်းနှင့်ပင် ယောင်းချီ၊ ဂျီယူ၊ မှန်နန်းသခင်မ နှင့် အခြားလူများကို တစ်ချိန်တည်းတွင် မြင်နေရသည်။ ထိုပတ်ဝန်းကျင်သည် သူ့ကို ကျေနပ်စေသည်။

***

ထိုအချိန်တွင် အင်ပါယာရှား၏ နန်းတော်၌ လူရိပ်တစ်ခုသည် မင်းသမီးအိမ်တော်တွင် မတ်တတ်ရပ်နေသည်။ ပုံမှန်တွင် တည်ငြိမ်နေတတ်သည့် မျက်နှာပိုင်ရှင် မိန်းကလေးမှာ အခုတွင် ပြဿနာ တစ်ခုခု ရှိနေပုံရ၏။

ယောင်းထိုင် နန်းတော်မှာ ဘာများ ဖြစ်နေလို့လဲ။

ယောင်းထိုင် တည်ခင်းဧည့်ခံပွဲ ကျင်းပခြင်းက အနောက်ဘက်ဒေသ အရှင်မ၏ စိတ်ကူးလား။

သို့မဟုတ်လျှင် ယောင်းချီ၏ စိတ်ကူးလား။

ယောင်းထိုင်နန်းတော်၏ တည်ခင်းဧည့်ခံပွဲသည် သမီးတော်ဖြစ်သည့် ယောင်းချီအတွက် တာအိုလက်တွဲဖော် ရှာဖွေပေးရန် ကျင်းပခြင်း ဖြစ်သည်ဟု သူမ ကြားသည်။

ယောင်းချီက ဘယ်သူ့ကို ရွေးချယ်လိုက်မှာလဲ။

သူမ အဘိုး၏ မွေးနေ့ပွဲတွင် ယောင်းချီသည် ရီဖူရှင်းနှင့် အလွန်ပင် ရင်းနှီးသည်။ နတ္ထိဘုံတိုက်ပွဲတွင်လည်း ရီဖူရှင်းနောက်တွင်သာ အမြဲလိုက်ပါနေခဲ့သည်။ သူမက ထိုအကြောင်းအရာ အားလုံးကို သတိထားမိခဲ့သည်။

သူမက အဝေးကို မျှော်ကြည့်ရင်း တွေးလိုက်သည်။

“အဲဒီအကောင်စုတ် ငါက သူ့ကို ရွှေကြာပန်းခန်းမမှာ လေ့ကျင့်ဖို့ ခေါ်ခိုင်း လိုက်တာတောင် သူက ဧည့်ခံပွဲကို သွားခဲ့တယ်”

ယောင်းချီမှာ ကောင်းတဲ့အကြံ မရှိဘူးဆိုတာ သူ မသိဘူးလား။

“ဘာတွေ စဉ်းစားနေတာလဲ ရှင်းယွန်” အသံက မေးလိုက်သည်။ အင်ပါယာရှားက သူမရှေ့တွင် ပေါ်လာခဲ့သည်။

“ဘာမှ မဟုတ်ပါဘူး” ရှားရှင်းယွန်က ပြန် ဖြေလိုက်သည်။

“ဒါဆို ဘာလို့ အပြင်ထွက် နေတာလဲ…” အင်ပါယာရှားက ပြုံးကာ ထပ်ပြောလိုက်သည်… “သမီးရဲ့ စိတ်က တစ်နေရာရာ ရောက်နေတယ် ထင်တယ်”

“ခမည်းတော် ဘာပြောနေလဲ သမီးမသိဘူး” ရှားရှင်းယွန်က ပြောသည်။

အင်ပါယာရှားက ပြုံးလိုက်ပြီး သူမကို ရှက်သွားအောင် မစတော့ပေ။ ထို့နောက် သူက တည်ငြိမ်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်… “ရှင်းယွန် ... ခမည်းတော် သမီးကို ဘယ်တုန်းကမှ မပြောပြဖူးတဲ့ အကြောင်းရှိတယ်။ ဒါပေမဲ့ အခုတော့ သမီးပါ ပတ်သက်လာတော့မှာမို့ ဒီအကြောင်းကို သမီး သိသင့်တဲ့ အချိန်ရောက်ပြီ”

ရှားရှင်းယွန်က သူမ၏ အဖေကို စူးစမ်းသလို ကြည့်သည်။

“ယောင်းထိုင်နန်းတော်က ယောင်းချီဟာ သမီးရဲ့ အစ်မတော်ပဲ” အင်ပါယာရှားက ပြောလိုက်သည်။ ထိုအဖြစ်မှန်က ရှားရှင်းယွန်ကို အေးခဲသွားစေသည်။ သူမ မည်သို့ တုံ့ပြန်ရမည် မသိတော့ပေ။

“ယောင်းချီက သမီးရဲ့ အစ်မတဲ့လား”

***

All Chapters