သေမျိုးနှင့် အာဏာရှင်များ
Vol. 85 Ch. 1189
“အရူး...”
ခွန်ရီမင်က စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ သူမသည်လည်း လူအိုကြီး ကဲ့သို့ ကြိုးစားခဲ့ဖူးပေသည်။ သူတို့၏ ပြဿနာက မူလ သိရှိထားခဲ့သည့် ကျင့်ကြံခြင်း ကန့်သတ်ချက်နှင့် အယူအဆများ အပေါ် စွဲကိုင် ထားခြင်းပင် ဖြစ်သည်။
တိမ်ပြာ၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။ ဝေ့ဝူယင်၏ လောက နယ်မြေကိုသာ ဖြိုခွဲနိုင်ပါက ယင်းနှင့် ဆက်နွယ်နေသည့် နယ်မြေ မျိုးစေ့မှာလည်း ထိခိုက်သွားလိမ့်မည် ဖြစ်သည်။ ထိုနည်းဖြင့် တိုက်ပွဲတွင် သူတို့ အသာစီး ပြန်လည် ရရှိနိုင်ပေသည်။
ဟူး... ဟူး...
သူ၏ လျှို့ဝှက် စွမ်းအားက လျှင်မြန်စွာ ဖြန့်ကျက်လာကာ လောကနယ်မြေမှာ ထိခိုက် လာဟန် ရ၏။ ၎င်းက မတည်မငြိမ် ဖြစ်လာကာ ပြိုကျတော့မလို ပုံစံမျိုး ဖြစ်ပေါ်လာခဲ့သည်။ လျှို့ဝှက် စွမ်းအင် ဖြန့်ကျက်သွားသည့် မည်သည့် နေရာ မဆို လောကနယ်မြေမှာ ပျောက်ကွယ်သွား၏။ မန်နာ၊ အမတေနှင့် လောက စွမ်းအင်များ အပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း လျော့ကျ လာခဲ့သည်။
ဟူး... ဟူး...
တိမ်ပြာ၏ လျှို့ဝှက် စွမ်းအင်များမှာ ပိုမို၍ ဖြန့်ကျက် လာနေခဲ့၏။
ဆယ်မိုင်...
မိုင်သုံးဆယ်...
မိုင်တစ်ရာ...
မိုင်တစ်ထောင်...
မိုင်တစ်သောင်း...
မိုင်ပေါင်း ငါးသောင်း...
မိုင်ပေါင်း တစ်သိန်း...
တိမ်ပြာ၏ လျှို့ဝှက် စွမ်းအင်များမှာ အမှန်တကယ်ပင် ဖျက်ဆီးနိုင်စွမ်း ပြင်းထန်လှကာ အမှန်တကယ် အလုပ်လည်း ဖြစ်လှသည်။
ထို့နောက်တွင်တော့ ၎င်းမှာ မိုင်ပေါင်း တစ်သိန်း နှစ်သောင်း သုံးထောင် အထိပင် ရောက်ရှိ သွားခဲ့၏။ ထိုအခိုက်တွင်ပင် တိမ်ပြာ၏ လျှို့ဝှက် အမြုတေမှာ စွမ်းအင် ကုန်ခမ်းတော့မည့် လက္ခဏာများကို စတင်ကာ ပြသလာခဲ့သည်။ သို့သော်လည်း... လောကနယ်မြေနှင့် ရင်ဆိုင်နေသည့် လျှို့ဝှက် စွမ်းအင်များက ဆက်လက်၍ ဖြန့်ကျက်နေဆဲ ဖြစ်သလို အမြုတေထဲမှ လျှို့ဝှက် စွမ်းအင်များမှာလည်း ဆက်လက် စီးထွက်နေဆဲ ဖြစ်ပေသည်။
ခွန်ရီမင် စိတ်ထဲမှ တိမ်ပြာကို နောက်တစ်ကြိမ် ကျိန်ဆဲ လိုက်သည်။ သူမသည်လည်းပဲ အလားတူပင် ဝေ့ဝူယင်၏လောကနယ်မြေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း ထိုအရာက အလွန်ပင် ကြီးမား လွန်းလှသည်။
ဟုတ်သည်။ ဝေ့ဝူယင်၏ လောကနယ်မြေမှာ ကောက်မက်ဖွယ် ကောင်းအောင် ကြီးမားလွန်းလှသည်။ အနည်းဆုံး ပတ်ဝန်းကျင် မိုင်ပေါက်း ငါးသိန်းခန့် အထိကိုပင် ဖြန့်ကျက်နေသည်။
ပိုမို၍ အရေးကြီးသည့် အရာက မူလ ဒြပ်စင် လောကနယ်မြေကို ပြောင်းလဲခြင်း ဒြပ်စင် ဝိညာဉ် အလင်းက လွှမ်းခြုံထားခြင်း ဖြစ်သည်။ ၎င်းက ပြိုင်စံရှားသည့် အဆုံးမဲ့ အသွင် ပြောင်းလဲခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ တိမ်ပြာ ထုတ်လွှတ်လိုက်သည့် လျှို့ဝှက် စွမ်းအင်များမှာ လောကနယ်မြေ၏ တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးနိုင်ခဲ့ပုံ ပေါ်သော်လည်း တကယ်တမ်းတွင် အမှန်တရားနှင့် အလွန် ဝေးကွာလှပေသည်။
တိမ်ပြာမှာ ဝိညာဉ် ကျင့်ကြံခြင်းကို အလေးထား လေ့ကျင့်သူ တစ်ယောက် ဖြစ်လေရာ အချိန် တစ်ခုကို ရောက်သည်နှင့် တစ်ခုခု လွဲချော်နေကြောင်း အကဲခတ် လိုက်မိပြီ ဖြစ်သည်။ သူ ချက်ချင်းပင် ဝိညာဉ် အာရုံကို အဆုံးစွန်ထိ ရောက်အောင် ဖြန့်ကျက် ကြည့်လိုက်၏။
ဟူး... ဟူး...
မိုင်ပေါင်း သုံးသိန်း...
သို့သော်လည်း အဖြူရောင် ဒြပ်စင် လောကမှ တစ်ပါး သူ ဘာကိုမှ မမြင်ရပါချေ။ တိမ်ပြာ၏ အမူအရာက ပိုမို၍ အကျည်းတန် လာခဲ့၏။
“ဘာလဲ...”
လက်ရှိ၌ ဝေ့ဝူယင်နှင့် သူနှင့် မိုင် နှစ်သောင်းခန့် အကွာတွင်သာ ရှိသည်။ ခန့်မှန်းခြေ အားဖြင့် လောကနယ်မြေ၏ အဆုံးသတ်မှာ သူနှင့် မိုင်ပေါင်း ၂၄၀၀၀၀ ခန့် အကွာအဝေးတွင် ရှိရပေမည်။ သို့သော်လည်း... ယခုတွင်တော့ မိုင်ပေါင်း ၃၀၀၀၀၀ ကျော်သည် အထိ အရာအားလုံးက အဖြူရောင် လောကကြီး တစ်ခု ဖြစ်နေသေးဆဲ ဖြစ်သည်။
ထို့အပြင်... လျှို့ဝှက် စွမ်းအင်များ၏ ဖျက်ဆီးမှုကို ခံထားရသည့်တိုင် အဖြူရောင် လောကမှာ နည်းနည်းလေးမှ ထိခိုက်ထားသည့်ပုံ မရချေ။
“နေဦး...”
တစ်စုံတစ်ခုကို သတိထားမိသည်နှင့် တစ်ပြိုင်နက် တိမ်ပြာ၏ ဝိညာဉ်မှာ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် သွားခဲ့သည်။
“သူ့ လောက နယ်မြေက လျှို့ဝှက် စွမ်းအင်တွေကို ရှောင်ထွက် သွားတာလား...”
လောက နယ်မြေ တစ်ခုမှာ အကန့်အသတ်ကို ကျော်လွန်၍ ရွေ့လျားနိုင်သည်လော။ စွမ်းအင် တစ်ခုမှ ရှောင်တိမ်းရန် မူလ သွင်ပြင်ကို ပြောင်းလဲ နိုင်သည်လော။
ခွန်ရီမင် ပင်လျှင် ထိုအသေးစိတ် အချက်အလက်ကို သိရှိထားခြင်း မရှိချေ။ သို့သော်လည်း... သိရှိပါက သူမသည်လည်းပဲ အလားတူ ထိတ်လန့် သွားလိမ့်မည် ဖြစ်သည်။ တစ်ချက်ကောင်း လှုပ်ရှားနိုင်မှသာ ဝေ့ဝူယင်၏ လောကနယ်မြေ အတွင်းမှ သူတို့ လွတ်မြောက်နိုင်လိမ့်မည် ဖြစ်သည်။
ကံမကောင်းစွာပင်... တိမ်ပြာမှာ အတော်လေး အားအင် ကုန်ခမ်း နေခဲ့ပြီ ဖြစ်သည်။ တိမ်ပြာ ခပ်မြန်မြန်ပင် လျှို့ဝှက် စွမ်းအင် စီးဆင်းမှုကို ဖြတ်တောက်လိုက်၏။ မည်သည့် လျှို့ဝှက် စွမ်းအင်ကိုမှ သူ ထပ်မံ၍ မဆုံးရှုံးချင်တော့ပေ။
ဝှစ်...
ဝေ့ဝူယင်မှာ သရဲတစ္ဆေ တစ်ကောင်လိုမျိုး တိမ်ပြာ၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။ မျက်တောင် တစ်ချက် မခပ်နိုင်ခင် အချိန်ကလေး အတွင်းမှာပင် ဝေ့ဝူယင်၏ လက်သီး နှစ်ချက်က သူ့ မျက်နှာကို ရှေ့ဆင့် နောက်ဆင့်ပင် ထိမှန် သွားခဲ့သည်။ ထို့နောက်တွင်တော့ ကန်ချက် တစ်ချက် ထပ်မံ ထိမှန်ကာ နောက်သို့ အရှိန်အဟုန်နှင့် လွင့်စဉ် သွားခဲ့ပြန်သည်။ တိမ်ပြာ ပါးစပ် အပြည့် နက်ပြာရောင် သွေးများကို အန်ထုတ် ပစ်လိုက်ရ၏။
ဟူး... ဟူး...
တိမ်ပြာ၏ ခန္ဓာကိုယ်မှာ ရပ်တန့်ခြင်း မရှိပဲ နောက်သို့ မိုင်ပေါင်း သုံးသောင်း တိတိ ပြည့်သည် အထိ ဆက်လက် လွင့်စဉ် သွားခဲ့သည်။ အလွန်အမင်း မောပန်း နာကျင်နေလေရာ လူအိုကြီးမှာ အရှိန်အဟုန်ကို ရပ်တန့်ရန် အတွက် လျှို့ဝှက် စွမ်းအင်ကို လွယ်ကူစွာ ထုတ်ဖော်နိုင်ခြင်း မရှိတော့ချေ။ သူက လောကနယ်မြေ အတွင်း လေနှင်ရာ ရွေ့လျား နေရသည့် သစ်ရွက်ငယ် တစ်ခု ကဲ့သို့ ဖြစ်နေခဲ့၏။
ရွှင်း...
လျှို့ဝှက် ဝိညာဉ် အဆင့် သုံးယောက်ထဲ၌ ခုတ်ပိုင်းခြင်းဓားမှာ အခြေအနေ အကောင်းဆုံး ဖြစ်သည်။ သူက လောက နယ်မြေကို ဖြတ်သန်းကာ ဓားအလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်၏။ အပေါင်းအပါ နှစ်ယောက်နှင့် နှိုင်းယှဉ်ပါက အနီးကပ် တိုက်ပွဲများတွင် အစွမ်း အထက်ဆုံးမှာ ခုတ်ပိုင်းခြင်းဓား ဟု ဆိုလျှင် မှားလိမ့်မည် မထင်ပါချေ။
ဘုန်း...
ဝေ့ဝူယင်က ခန္ဓာကိုယ်ကို လှည့်ပတ်ရင်း စွမ်းအင်၊ အမတေ၊ မန်နာနှင့် လောကဖိအားတို့အား သယ်ဆောင်ထားသည့် လက်သီး နှစ်ချက်ကို ထိုးလိုက်၏။ လက်သီးတစ်ချက်က သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် ဓားအလင်းကို ထိုးခွဲလိုက်ကာ နောက်ထပ် လက်သီး တစ်ချက်ကတော့ အလွန် လျှင်မြန်လှသည့် နှုန်းထားနှင့် ခုတ်ပိုင်းခြင်းဓားထံသို့ ဆက်လက် တိုးဝင် သွားခဲ့သည်။
ဘုန်း...
ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာကာ ခုတ်ပိုင်းခြင်းဓားမှာ ဝေ့ဝူယင်၏ လက်သီးချက်ကို ကောင်းစွာ ရင်ဆိုင် လိုက်နိုင်၏။
ခုတ်ပိုင်းခြင်းဓားမှာ ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ ဝေ့ဝူယင်မှာ အစစ်အမှန် နဂါး အသွင်ကို ထုတ်ဖော်ခြင်း မပြုပဲ၊ သို့မဟုတ် ဆေဘာကို အသုံးပြုခြင်း မပြုပဲ သူနှင့် အနီးကပ် မတိုက်ခိုက်ရဲပါချေ။ အထူးသဖြင့်... တိမ်ပြာလို ဝိညာဉ် လမ်းစဉ် အထူးပြု ကျင့်ကြံသူ တစ်ယောက်နှင့် တာဝေး တိုက်ခိုက် နေရချိန်မျိုးတွင် ပို၍ပင် မတိုက်ခိုက်ရဲချေ။
ခြေတစ်လှမ်းဖြင့်ပင် ဝေ့ဝူယင်မှာ ခွန်ရီမင် နောက်သို့ လိုက်ပါသွား၏။
ခွန်ရီမင်၏ မျက်လုံးများက မောပန်း နွမ်းနယ်ခြင်းများနှင့် ပြည့်နှက် နေသည်။ ဝေ့ဝူယင်မှာ သူ့ ကိုယ်ပိုင် စွမ်းအားကို သုံး၍ တိုက်ခိုက်နေခြင်း မဟုတ်ပဲ ပတ်ဝန်းကျင် မိုင်ပေါင်း ငါးသိန်း အတွင်းမှ မန်နာနှင့် အမတေ စွမ်းအင်များကို ကိုယ်ပိုင် စွမ်းအင် အဖြစ် ပြောင်းလဲ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သူမ သဘောပေါက် ပေသည်။ ထို့ကြောင့်ပင်... သူမတို့ တိုက်ခိုက်နေရသည်က ဝေ့ဝူယင် တစ်ယောက်တည်း မဟုတ်ချေ။ ကြယ်တာရာ နယ်မြေ တစ်ခုလုံး ဖြစ်ပေသည်။
ခွန်ရီမင် လွတ်မြောက်ရေး အတွက် အရှိန်ကို ပိုမို တိုးမြှင့်လိုက်၏။ ထိုနည်းဖြင့် သူမမှာ ဝေ့ဝူယင်၏ အာရုံကို ပိုမို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်ကာ တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ယောက် စုစည်းကာ တန်ပြန် တိုက်ခိုက်မှု တစ်ခု ဖော်ထုတ်ဖို့ အချိန်ရလိမ့်မည် ဖြစ်သည်။
အကယ်၍ မဟာစက်ဝန်း ကြယ်ကွင်းပြင်သာ... သေမျိုးတစ်ယောက်၏ တိုက်ခိုက်မှု အောက်၌ လျှို့ဝှက် ဝိညာဉ် အဆင့် သုံးယောက် အသည်းအသန် အထိနာနေကြောင်းကို သိရှိသွားပါက...။
သေချာတာ တစ်ခုက သူတို့ အားလုံး ဘဝတွင် တစ်ခါမှ မတုန့်ပြန်ကြဖူးသည့် ပုံစံများဖြင့် တုန့်ပြန်မည် ဖြစ်လေတော့သည်။
***