အချိန်မြစ် ကြယ်တာရာ ကပ်ဘေး
Vol. 85 Ch. 1178
ပြင်းထန်သည့် ခံစားချက်များကြောင့် ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်မိ၏။ ထိုအရာက အခြား ဝေ့ဝူယင် တစ်ယောက်၏ မှတ်ဉာဏ်များ ဖြစ်သော်လည်း... ထိုအမှတ်တရများနှင့် ကိုယ့်ကိုယ်ကို ခွဲခြားရန်မှာ ခက်ခဲလွန်းလှသည်။ ထိုအခိုက်၌ သူ တတ်နိုင်သမျှက နာကျင်စွာဖြင့် စောင့်ကြည့်နေရုံသာ ဖြစ်ပေသည်။
ဝူယုမှာ ဝေ့ဝူယင်၏ စိတ်အခြေအနေက ပြောင်းလဲသွားသည်ကို ချက်ချင်းပင် အာရုံခံမိခဲ့သည်။ လူအိုကြီးမှာ ကိုယ့်ကိုယ်ကို မချင့်မရဲ ဖြစ်မှုကို ခံစားလိုက်ရ၏။ အဂ္ဂိရတ် သူရဲကောင်း တစ်ဦး အနေဖြင့် သူသာ သန်မာခဲ့ပါက သခင်လေးမှာ ဆိုးရွားသည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ပါချေ။
စိတ်ပြန်လည် တည်ငြိမ်လာပြီး နောက်တွင် ဝေ့ဝူယင်က ဝူယု၏ မေးခွန်းကို အဖြေပေးလိုက်၏။
“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ အစီအရင်က သွေးမျိုးဆက် ကန့်သတ်ချက်တွေ ရှိတယ်... အဲဒါကို သုံးဖို့ အတွက် လောကရှန့်ထို တစ်ယောက်ဥဲ့ သွေးအမတေကို လိုအပ်တယ်... ဒါပေမဲ့...”
ဝူယု၏ မျက်လုံးများက နားလည် သဘောပေါက်မှုများနှင့် တောက်ပသွား၏။ ထာဝရ ဧကရာဇ် ပျောက်ကွယ်သွားရသည့် အကြောင်းရင်း အပါအဝင် အချက်အလက် များစွာကို ဝေ့ဝူယင်ထံမှ သူ သိရှိခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့်ပင်... ဝေ့ဝူယင်ကို ကိုယ်ပိုင် သွေးမျိုးဆက်နှင့် အတင်းအကြပ် ပေါင်းစည်းကာ အချိန်မတိုင်မှီ ဂိုဏ်းချုပ် နေရာ လွှဲပြောင်း ပေးအပ်ရန် လျူယင်လန်း ဆုံးဖြတ်လိုက်ရသည့် အကြောင်းရင်းကို ဝူယု နားလည်လိုက်သည်။
“သူက သခင်လေး လောကရှန့်ထို မဖြစ်ခင် လောကရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင် ဖြစ်သွားမှာကို ကြောက်နေတာ”
ဝူယုက သူ့ အမြင်ကို ဝင်ထောက်လိုက်၏။ မည်သို့ပင် ဆိုစေ... ထာဝရ ဧကရာဇ်သည်ပင် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာသည်နှင့် ချိပ်ပိတ် နယ်မြေမှ လွတ်လပ်စွာ ထွက်ခွာသွားနိုင်ခဲ့သည် မဟုတ်ပါလား။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ လျူယင်လန်း၏ စိုးရိမ်ပူပန်မှုများက ကျိုးကြောင်း ဆိုလျော်မှု ရှိပေသည်။ အကယ်၍ ရွေးချယ်ခွင့် ရှိပါက ဝေ့ဝူယင်မှာ လောကရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာရန် အမြန်ဆုံး စိုင်းပြင်းကာ လွတ်လပ်မှုကို ရှာဖွေမည် ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် အချုပ်အနှောင် မရှိပဲ သူ ချိပ်ပိတ် နယ်မြေနှင့် အဆုံးမဲ့ ခရီးသွား နယ်မြေတို့ထဲမှ ထွက်ခွာသွားနိုင်လိမ့်မည် ဖြစ်သည်။
ထို့အပြင်... လျူယင်လန်းဘက်မှ ကြည့်လျှင်လည်း သူမ၏ လွတ်လပ်ခွင့် အတွက် သေချာအောင် စီမံသည်မှာ မမှားချေ။
“အဲဒီလိုကိုး...”
လူငယ် ကြုံတွေ့ခဲ့ရသည့် အခြေအနေများက မည်မျှ ဆိုးရွားကြောင်း ဝူယု ပြောနိုင်ပေသည်။ ဝေ့ဝူယင်အား ထိထိရောက်ရောက် အကူအညီ မပေးနိုင်သည့် အပေါ် ဝူယုမှာ အပြစ်မကင်းသလို ခံစားလိုက်ရ၏။
“သခင်လေး... ကျုပ်...”
ဝေ့ဝူယင်က လက်ကာကာ တားလိုက်သည်။
“ကျုပ် သိပါတယ်... ခင်ဗျား အမှားမဟုတ်တဲ့ အတွက် တောင်းပန်စရာ မလိုပါဘူး... ဆက်ပြီး ကျင့်ကြံပါ... ပိုပြီး အစွမ်းထက်အောင် လုပ်ပါ... ခင်ဗျားက ကျုပ်အတွက် အရမ်း အရေးပါတယ်”
“...”
ဝူယုက ခေါင်းညိတ်လိုက်၏။ ကျင့်ကြံခြင်းက သူ့ နှလုံးသား ဖြစ်သည်။ ခွန်အားက သူ့ ရည်ရွယ်ချက် ဖြစ်သည်။ ထိုနှစ်ခု နောက်ကို လိုက်ရန် အတွက် သူ ဘယ်တော့မှ တွန့်ဆုတ်လိမ့်မည် မဟုတ်ပါချေ။ စကား အနည်းငယ် ပြောဆိုပြီးနောက် ဝူယုမှာ ထွက်ခွာ သွားခဲ့၏။
ဝေ့ဝူယင်ကတော့ မျက်လုံးများကို မှိတ်ကာ တိတ်တဆိတ်ပင် ဆက်လက် အနားယူ နေခဲ့သည်။ ထိုအခိုက်၌ သူက လောက အတွင်းရှိ မညသည့် အရာကိုမှ ဂရုမစိုက်သည့်နှယ် ရသည်။ သို့သော်လည်း... သူ၏ အတွင်းစိတ် ကတော့ အခြား ဝေ့ဝူယင်များ၏ မှတ်ဉာဏ်များနှင့် တက်ကြွစွာ လှုပ်ရှား နေခဲ့လေသည်။
“မဂ္ဂီ...”
ဝေ့ဝူယင် စိတ်ထဲမှ ရေရွတ်လိုက်၏။ ဝတ်စုံဝတ် ဝေ့ဝူယင်၏ ဘဝ တစ်လျှောက်လုံးကို သူ အပြည့်အစုံ မြင်ခဲ့သည် ဆိုသော်လည်း အလွန် ထင်ရှားသည့် အစိတ်အပိုင်း တစ်ချို့ကိုတော့ သူ ဆုံးရှုံးခဲ့သည်။ ထိုမှတ်ဉာဏ် အားလုံးက တစ်ခုတည်းသော စကားလုံးနှင့် ဆက်စပ်နေပေသည်။
မဂ္ဂီ...
၎င်းမှ တစ်ပါး မွေးဖွားသည်မှ အစ၊ အချိန်မြစ် အတွင်း ရောက်ရှိသည် အထိ အခြား မှတ်ဉာဏ် အားလုံးကိုတော့ သူ ဆုပ်ကိုင်နိုင်ခဲ့ပေသည်။ ဝတ်စုံဝတ် ဝေ့ဝူယင်မှာ အမာရွတ် ဝေ့ဝူယင်နှင့် စကားပြောခဲ့ကာ သူ မည်မျှ ဆုံးရှုံးခဲ့သည်ကို သိရှိခဲ့သည်။
အမာရွတ် ဝေ့ဝူယင်မှာ သူတို့ နှစ်ယောက်ကို “စုမေ့ အသက်ရှင် နေသေးသလား” ဟု မေးခဲ့သည်။ ဝတ်စုံဝတ် ဝေ့ဝူယင်၏ ဘဝ ဇာတ်ကြောင်းတွင်လည်း စုမေ့မှာ အသက် မရှင်ခဲ့ချေ။
အမာရွတ်နှင့် ဝတ်စုံဝတ် ဝေ့ဝူယင်တို့ နှစ်ယောက်မှာ မတူကွဲပြားသည့် လမ်းများကို လျှောက်လှမ်း ခဲ့ကြသည့်တိုင် သူတို့ ဘဝတွင် ဆိုးရွားသည့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရပေသည်။ ထိုအထဲ၌ စုမေ့မှာ ဘုံ ဆုံးရှုံးမှုပင် ဖြစ်သည်။ သူမက သူတို့ နှစ်ယောက်စလုံး၏ ရှေ့တွင်ပင် သေဆုံးခဲ့သည်။
“ခင်ဗျားတို့ နှစ်ယောက် ကြုံတွေ့ခဲ့ရသလိုမျိုး ကျုပ် ဘဝကို အဖြစ် မခံနိုင်ဘူး... ကျုပ် ဘဝမှာ ဘယ်သူ့ကိုမှ ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ အပြိုင် စကြဝဠာများ၌ အမာရွတ် ဝေ့ဝူယင်မှာ သက်တောင့် သက်သာ ရှိမှုကို ရွေးချယ်ခဲ့ကာ ဝတ်စုံဝတ် ဝေ့ဝူယင်ကတော့ အမြန်နှုန်းကို ရွေးချယ်ခဲ့သည်။ ဝေ့ဝူယင်မှာ သူတို့ နှစ်ယောက်စလုံးနှင့် ခြားနားသည့် လမ်းကြောင်း တစ်ခုကို လျှောက်လှမ်း နေခဲ့ခြင်း ဖြစ်သည်။
သူ၏ လမ်းစဉ်က ရှင်းလင်းသည်။ အုတ်မြစ်ကို အခိုင်မာဆုံး ချမှတ်ခြင်း ဖြစ်သည်။ ခြေလှမ်းတစ်ခုချင်းစီကို အမြင့်ဆုံး အဆင့်ထိ လျှောက်လှမ်းခြင်း ဖြစ်သည်။ စိန်ခေါ်မှု၊ အခက်အခဲများ ကြား၌ သေဆုံးရမည် ဆိုလျှင်ပင် သူ နောင်တရလိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့် ဆိုသော်... သူ ကြိုးစားခဲ့၍ ဖြစ်သည်။ အခိုင်မာဆုံးသော လမ်းကြောင်းကို လျှောက်လှမ်းရန် သူ အရာအားလုံးနှင့် ရင်းနှီး၍ အစွမ်းကုန် ကြိုးစားခဲ့ပေသည်။
ထိုင်ခုံ၌ ထိုင်ကာ မျက်လုံးများကို မှိတ်ထားရင်း အတိတ်၏ မှတ်ဉာဏ်များက ဝေ့ဝူယင် အာရုံအတွင်း ဖြည်းညင်းစွာ ပြန်လည် ပေါ်လာနေခဲ့လေသည်။
....
ဝတ်စုံဝတ် ဝေ့ဝူယင် ဝေ့ဝူယင် တစ်ယောက် အငြိမ်းချမ်းဆုံး၊ အသိမ်မွေ့ဆုံးသော နည်းလမ်းနှင့် အသက်ထွက် သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... အဂ္ဂိရတ် ဧဒင် အင်အားနှင့် အတူ သူ၏ တစ်ရာ နှစ်ဆယ့် ရှစ်နှစ်တာ ဘဝ တစ်သက်စာ အမှတ်တရများကတော့ ဝေ့ဝူယင်၏ အာရုံထဲတွင် စွဲထင် နေခဲ့ပြီ ဖြစ်သည်။ အနှစ်ခြောက်ဆယ်စာ မှတ်ဉာဏ်များကိုတော့ ကပ်ဘေး အတွင်း သူ ယခင်ကတည်းက မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
သူ့အတွက်တော့ ၎င်းက လောကီ မျက်လုံး အဆင့် ကြယ်တာရာ ကပ်ဘေး ဖြစ်ကာ ကြယ်တာရာ ဝိညာဉ် လေးခု၏ အဆုံးစွန်သော ဆင့်ခေါ်မှုနှင့် အတူ အချိန်မြစ် အတွင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အချိန်လေပွေ အတွင်း ရှိနေခဲ့ခြင်းနှင့် အချိန်စွမ်းအင်များကို အလွန်အကျွံ စုပ်ယူမိခြင်းကလည်း တစ်စိတ်တစ်ပိုင်း အထောက်အပံ့ ဖြစ်ခဲ့ဟန် ရသည်။ သူ၏ ကြယ်တာရာ ဝိညာဉ်များ၊ အထူးသဖြင့် ခရာတိုမှာ ထိုဖြစ်စဉ်ကို ဟန့်တားဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပါသေးသည်။ သို့သော်လည်း.. ရလဒ်က ကျရှုံးခြင်းပင်...။ ကံကောင်း ထောက်မစွာပင် ကပ်ဘေး၏ စည်းမျဉ်းများက ဆက်စပ်မှု စစ်မြေပြင် နည်းတူပင် ဝေ့ဝူယင်ကို ကြီးမားစွာ အကျိုးအမြတ် ဖြစ်ထွန်းစေခဲ့ပေသည်။
အမာရွတ် ဝေ့ဝူယင် အတွက်တော့ ဤသည်က မြေကြီး ဂိတ်တံခါး ကပ်ဘေး ဖြစ်သည်။ သူသည်လည်းပဲ ကျင့်ကြံခြင်း ဝိညာဉ်များ၏ နှိုးဆွမှုကြောင့်ပင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... တကယ်အားဖြင့် သူက ဝတ်စုံဝတ်၏ ဝေ့ဝူယင်၏ ကပ်ဘေးအတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အချိန်မြစ် ကြယ်တာရာ ကပ်ဘေး၏ အဓိက ပစ်မှတ်ကတော့ ဝတ်စုံဝတ် ဝေ့ဝူယင်ပင်။ သူ၏ မှတ်ဉာဏ်များ အရ ဆိုလျှင် ကပ်ဘေးအား အောင်မြင်ပြီးနောက် ဘဝတွင် တစ်ကြိမ် ဖြစ်ဖြစ် “အဓိက အချိန် လမ်းကြောင်” ဟု ခေါ်ဆိုသော အရာကို ဆုံးဖြတ်ရန် အတွက် အခြား စကြဝဠာ တစ်ခုမှ အပြိုင် ဗားရှင်း တစ်ခုနှင့် ရင်ဆိုင် ကြရသည်။
သို့သော်လည်း... ၎င်းက အဘယ်ကို ဆိုလိုကြောင်းကိုတော့ သူတို့ တစ်ယောက်မှ မသိကြချေ။ ဝေ့ဝူယင် နောက်ထပ် သိရတာ တစ်ခုက ၎င်းမှာ လျှို့ဝှက် အာဏာရှင် အဆင့် အထက် ကျင့်ကြံခြင်း အဆင့်များ အတွက် စမ်းသပ်ချက် တစ်ခုသာ ဖြစ်သည်။
ဝတ်စုံဝတ် ဝေ့ဝူယင် ငွေရောင် ပန်းတစ်ပွင့် အဖြစ် ပွင့်ဝေ လာခဲ့ပြီး နောက်ပိုင်းတွင် အချိန်မြစ်မှာ ပြိုကွဲတော့မည့် လက္ခဏာ အဖြစ် စတင်ကာ တုန်လှုပ် လာခဲ့သည်။ ဝေ့ဝူယင် အတွက်တော့ အဆန်းတကြယ် မဟုတ်။ ထိုကဲ့သို့ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များမှ တစ်ဆင့် သူ သိရှိပြီး ဖြစ်ပေသည်။
ထို့ကြောင့်... ရိုးရှင်းစွာပင် သူ စောင့်ခဲ့သည်။ မူလ ကမ္ဘာဆီ ပြန်လည် ပို့လွှတ်နေသည့် အတောအတွင်း အမှတ်တရများက သူ့ မှတ်ဉာဏ်အတွင်း လွင့်မြော နေခဲ့သည်။ ထို့နောက်တွင်တော့ အလွန် သက်တောင့်သက်သာ ရှိသည့် အင်အား တစ်ခုက သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားသလို ဝေ့ဝူယင် ခံစား လိုက်ရသည်။ သူ့ ဝိညာဉ် ပင်လျှင် နွေးထွေး သွားခဲ့၏။ ဝေ့ဝူယင် ထိုခံစားချက်ကို ရင်းနှီးပေသည်။ ၎င်းက သေမျိုး တာအို၏ အော်ရာပင်။
ထိုအခိုက်အတန့်တွင်ပင် လောကီ မျက်လုံး အဆင့် ကြယ်တာရာ ကပ်ဘေးကို အောင်မြင်သွားပြီ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ သူ ကြယ်တာရာ အမြုတေ အဆင့်ရှစ်ကို ကျော်ဖြတ်ကာ အချိန်သခင် တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ မကြာခင်မှာပင် ကပ်ဘေးအား အောင်နိုင်ခြင်းနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများကို သူ ရရှိတော့မည် ဖြစ်သည်။
ဝေ့ဝူယင် သူ ဖတ်ရှု မှတ်သားဖူးသည့် အချိန်သခင် အဆင့်၏ အသေးစိတ် အချက်အလက်များကို ပြန်လည် စဉ်းစားလိုက်၏။ ကပ်အား အောင်မြင်ပြီး နောက်တွင်... အချိန် စွမ်းအင်များမှာ ကျင့်ကြံသူ၏ စိတ်မျက်လုံးအား သန့်စင်လိမ့်မည် ဟု ဆိုကြကာ ၎င်းက အသိစိတ် ပင်လယ် အပေါ် အကျိုးသက်ရောက်မှုများ ရှိလိမ့်မည်ဟု ဆိုသည်။
မှတ်တမ်းများ အရ ဆိုလျှင် ထိုအချိန်စွမ်းအင်များကို အတိတ်နှင့် အနာဂတ် အချိန်စွမ်းအင်များ အဖြစ် ယူဆနိုင်လိမ့်မည် ဖြစ်သည်။ အခြား သုံးမျိုး ဖြစ်သည့် ပစ္စုပ္ပန်၊ သီးခြားနှင့် ဝိရောဓိ အချိန် စွမ်းအင်များကတော့ ကင်းမဲ့နေလိမ့်မည် ဖြစ်သည်။
အာကာသ ပဲ့တင်သံ အဆင့်မှာ ပုံသေ အာကာသ စွမ်းအင်ကို ဗဟိုပြု သကဲ့သို့၊ လောက သခင် အဆင့်မှာ တည်ငြိမ် အဆင့် အာကာသ စွမ်းအင်ကို ဗဟိုပြု သကဲ့သို့ ... လောကီ မျက်လုံး အဆင့်သည်လည်း ထိုနှစ်ခုကိုသာ ကန့်သတ် ထားသည်။ တစ်နည်းဆိုရသော် ပိုမို မြင့်မားသည့် အဆင့်သစ် တစ်ခု အတွက် အခြေခံ အုတ်မြစ်ချခြင်း သဘောတရားလိုပင်။
ဟူး... ဟူး...
နတ်ဘုရား တစ်ပါး၏ သိမ်မွေ့သည့် လက်ကဲ့သို့ သေမျိုး တာအို ဆင်းသက် လာချိန်တွင် အချိန် လေပွေ အတွင်းရှိ အချိန်စွမ်းအင်များမှာ နောက်သို့ ဆုတ်ခွာ သွားကြ၏။
ဝေ့ဝူယင်မှာ ကောင်းကင်တာအို ဖန်တီးသည့် အချိန်စွမ်းအင်များ၏ သန့်စင်မှုကို လက်ခံရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
***