← Chapters

လျှို့ဝှက်အရှင်သခင် အဆင့်သို့ လမ်းကြောင်း

Vol. 85 Ch. 1180

လျှို့ဝှက်အရှင်သခင် အဆင့်သို့ လမ်းကြောင်း

Vol. 85 Ch. 1180

အသစ် ရရှိလာသည့် စွမ်းအားကို ခံစားရင်း ဝေ့ဝူယင်၏ နှလုံးသားက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေခဲ့၏။ ၎င်းက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ စီးဆင်းနေကာ လန်းဆန်းသည့် ခံစားချက် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ အချိန်လေပွေ အတွင်းရှိ စွမ်းအင်များမှာ ကြမ်းတမ်း ခက်ထန်စွာဖြင့် အဆက်မပြတ် ဆက်လက် လှည့်ပတ်နေဆဲ ဖြစ်သော်လည်း... သူ၏ ခန္ဓာကိုယ်ကို အန္တရာယ် မပြုနိုင်တော့ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။ ထိုထက်ပို၍ ဆိုရလျှင်... မည်သည့် အထူးတလှယ် အားထုတ်မှုမှ မလိုပဲ ယင်းတို့က သူ၏ တည်ရှိမှုကို ဦးညွှတ်နေသလို အမိန့်နာခံသည့် အငွေ့အသက်များကိုပင် ထုတ်လွှတ် နေကြသည်။ ထိုအခိုက်၌ ဝေ့ဝူယင်မှာ ဘုရင်တစ်ပါးလိုပင် ခံစားလိုက်ရ၏။

“ရည်ရွယ်ချက်လား...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ထူးဆန်းသည့် စွမ်းအားကို အာရုံခံကြည့်လိုက်၏။

“တူတော့ မတူဘူး...”

ဝေ့ဝူယင် ခပ်မြန်မြန်ပင် အတွေးကို အဆုံးသတ် လိုက်သည်။ ရည်ရွယ်ချက်မှာ မိမိ ကျင့်ကြံသည့် လမ်းစဉ်နှင့် ဆက်နွယ်နေသည့် စွမ်းအင်များ အပေါ် လွှမ်းမိုး အသုံးချနိုင်သည့် ပြိုင်စံရှား စွမ်းအား တစ်မျိုး ဖြစ်သည်။ ကျင့်ကြံသူ တစ်ယောက်မှာ ချီပျစ်ခဲခြင်း အဆင့်သုံး “ဒြပ်စင် မွေးဖွားခြင်း” အဆင့်ကို ရောက်သည်နှင့် အခြေခံ ဒြပ်စင် လေးမျိုး ဖြစ်သော မြေ၊ ရေ၊ လေ၊ မီးတို့၏ အခြေခံ သဘောတရားများကို ဆုပ်ကိုင်နိုင်ရသည်။ ထို့နောက်တွင်တော့ ၎င်းတို့ကို ပေါင်းစပ်ကာ ချီနှလုံးသား တစ်ခု အဖြစ် ဖွဲ့စည်းကြရသည်။ ထိုအရာက လမ်းစဉ် ဖြစ်ကာ ရည်ရွယ်ချက် တစ်ခု၏ အစလည်း ဖြစ်သည်။

“သာမည အာဏာ...”

ဧဒင် နန်းတော် အတွင်း တည်ရှိနေသည့် ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ် အပိုင်းအစ တစ်ခုက ချက်ချင်းပင် ဝေ့ဝူယင်ကို ဉာဏ်အလင်း ရရှိသွားစေ၏။

နိုးထချင်း အဆင့် ရည်ရွယ်ချက် တစ်ခုမှာ ၎င်းနှင့် ကိုက်ညီသည့် စွမ်းအင် အမျိုးအစား အပေါ် သိမ်မွေ့သည့် ထိန်းချုပ် နိုင်စွမ်းကို ရရှိစေသည်။ သို့သော်လည်း... သာမည အာဏာကတော့ ကောင်းကင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ဥပဒေသ တစ်ခုလုံး အပေါ် ထိန်းချုပ်နိုင်စွမ်းကို ရရှိစေသည်။

“မင်းတို့ ကောင်တွေ တော်တော် မျက်နှာပြောင်တိုက်တဲ့ ကောင်တွေပဲ... အညှောင့်ထွက်ခြင်း အဆင့်ကို ဘယ်လိုလုပ်ပြီး ကျော်လိုက်တာလဲ”

ဝေ့ဝူယင် ကြယ်တာရာ ဝိညာဉ်များကို မေးခွန်းထုတ်လိုက်၏။ ဥပဒေသ မျိုးစေ့များကို ဖွံ့ဖြိုးမှု အလိုက် မတူ ကွဲပြားသည့် အဆင့်များ ခွဲခြားထားသည်။ ၎င်းတို့မှာ သန္ဓေတည်ခြင်း အဆင့်၊ ပျိုးထောင်ခြင်း အဆင့်နှင့် အညှောင့်ထွက်ခြင်း အဆင့်တို့ပင် ဖြစ်သည်။

သန္ဓေတည်ခြင်း အဆင့် ဆိုသည်မှာ ဥပဒေသ မျိုး‌စေ့ တစ်ခု သဘာဝ အတိုင်း ဖြစ်တည်လာခြင်း ဖြစ်သည်။ ၎င်းကို ကောင်းကင် အောက်ရှိ လောက သုံးထောင်နှင့် ပဲ့တင်ရိုက်ခတ်စေကာ အကူအညီနှင့် အတူ အတုအယောင် သဘောမျိုးလည်း ဖန်တီးနိုင်သည်။ ထိုကဲ့သို့ ပြုလုပ်ရန် နည်းလမ်းပေါင်း ၃၀၀၀ ရှိသည် ဟုပင် ပြောစမှတ် ပြုကြသည်။ သေမျိုးများ ဖြစ်သည့် လုံချန်နှင့် ကျင်းကျူးတို့သည်ပင်လျှင် သူတို့၏ ကိုယ်ပိုင် ကံကြမ္မာများနှင့် ဥပဒေသ မျိုးစေ့ တစ်ခုကို ဖန်တီးနိုင်ခဲ့ကြသည်။ ဝေ့ဝူယင်ကတော့ ကောင်းကင် ရတနာ တစ်ပါး ဖြစ်သည့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ အကူအညီနှင့် အတူ “အချိန်နှင့် အာကာသ” ဥပဒေသ မျိုးစေ့များကို ဖွဲ့စည်းနိုင်ခဲ့သည်။

သန္ဓေတည်ခြင်း အဆင့် ပြီးသည့် နောက်တွင် ကျင့်ကြံသူ တစ်ယောက်မှာ ပျိုးထောင်ခြင်း အဆင့်ကို အလိုအလျောက်ပင် ရောက်ရှိသွားသည်။ ထိုအဆင့်တွင် ဥပဒေသ မျိုးစေ့၏ စွမ်းအား၊ လွှမ်းမိုးမှုတို့နှင့် ပတ်သက်သည့် ဉာဏ်အလင်းများကို နားလည်ရန် လိုအပ်ပြီး သက်ဆိုင်ရာ ဝိညာဉ် အလင်းနှင့် အဆက်မပြတ် ဆက်သွယ် ရသည်။ ဤနေရာတွင် သတိထားရမည့် အရာ တစ်ခုက သက်ဆိုင်ရာ ဝိညာဉ် အလင်းနှင့်သာ သန့်စင်ဖို့ လိုအပ်ခြင်း ဖြစ်သည်။

ဆိုလိုသည်က... အိုမီဂါ ဆေဘာ လမ်းစဉ်ကို လိုက်စားသည့် ဘုရင်မှာ အချိန်နှင့် အာကာသ ဥပဒေ မျိုးစေ့များကို ဘယ်တော့မှ သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဓိရောဓိနှင့် သီးခြား အချိန်စွမ်းအင် များမှာ ကောင်းကင် ‌အော်ရာနှင့် တိုက်ရိုက် ချိတ်ဆက်ထားသည်။ ဘုရင်နှင့် အိုရီတို့ အချိန် ဥပဒေသ မျိုးစေ့နှင့် ထိတွေ့သော အခါ ကောင်းကင်၏ အချိန် အမတေက ၎င်းတို့ကို တိုက်ရိုက်ပင် သန့်စင်သည်။ ထိုနည်းဖြင့် ပျိုးထောင်ခြင်း အဆင့်ကို တစ်ခါတည်း ကျော်လွန် သွားခဲ့သည်။ ထိုအကြံမှာ အန္တရာယ်များသည့်တိုင် အောင်မြင်ပြီးနောက် ရရှိသည့် အကျိုးအမြတ်များမှာလည်း တကယ် များပြားလှသည်။

ပျိုးထောင်ခြင်း အဆင့်ကို အောင်မြင်ပြီး နောက်တွင် ဥပဒေသ မျိုးစေ့မှာ အ‌ညှောင့်ထွက်ခြင်း အဆင့်ကို ရောက်ရှိသည်။ ထိုအဆင့်ကို ရောက်ရှိပြီးနောက်တွင် ကျင့်ကြံသူများမှာ ဥပဒေကို သုံးကာ များစွာသော အရာများကို လုပ်ဆောင် လာနိုင်ကြသည်။

တစ်ခါတုန်းက ကျင်းကျူး၏ မှတ်ဉာဏ်များထဲတွင် ဥပဒသ မျိုးစေ့ မျိုးစေ့မှာ ‌ကောင်းကင် ရှန့်ထို အဆင့် သို့မဟုတ် အာဏာရှင် ရှန့်ထို အဆင့်ကို တက်လှမ်းရန် လိုအပ်ချက် တစ်ခုဟု သူ တွေ့ရှိခဲ့ဖူးသည်။ သို့သော်လည်း... ဘယ်တစ်ခုက အမှန်မှန်းကိုတော့ မသိခဲ့ချေ။

သို့သော်လည်း... ယခုတွင်တော့ ဝတ်စုံဝတ် ဝေ့ဝူယင်၏ ကျေးဇူးဖြင့် သူ သိရှိခဲ့ပြီ ဖြစ်သည်။ ဥပဒေသ မျိုးစေ့ တစ်ခုမှာ ကောင်းကင်ရှန့်ထို အဆင့်နှင့် အာဏာရှင် ရှန့်ထို အဆင့် နှစ်ခုစလုံး အတွက် လိုအပ်ပေသည်။ လျှို့ဝှက် အာဏာရှင် အဆင့်တွင် “ကောင်းကင် ရှန့်ထို” တစ်ယောက် အဖြစ် တက်လှမ်းရန် လိုအပ်ချက် သုံးခု ရှိပေသည်။

ပထမ လိုအပ်ချက်က လောက နှလုံးသား ရည်ရွယ်ချက် ဖြစ်သည်။ ထိုအဆင့်တွင် ကျင့်ကြံသူ တစ်ယောက်၏ လောက နှလုံးသား ရည်ရွယ်ချက်မှာ လျှို့ဝှက် တာအို၏ အမတေများကို ထိန်းသိမ်း ထားနိုင်ပြီ ဖြစ်လေရာ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက် အဖြစ် ဆင့်ကဲပြောင်းလဲ သွားသည်။

ဒုတိယ လိုအပ်ချက်က ကျင့်ကြံခြင်း ဝိညာဉ်ကို မူလ အဆင့်ထိ ‌ရောက်အောင် ကျင့်ကြံခြင်း ဖြစ်သည်။ ထိုနည်းဖြင့် မန်နာ အပေါ် လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်လာလိမ့်မည် ဖြစ်သည်။ ကျင်းကျူးမှာ ထိုအဆင့် အတွက်ပင် နှစ်ပေါင်း နှစ်ရာကျော်သည် အထိ ကြယ်တာရာ ဝိညာဉ် အဆင့်တွင် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

တတိယမြောက်နှင့် နောက်ဆုံး လိုအပ်ချက်က ဥပဒေသ မျိုးစေ့ တစ်ခုကို ပျိုးထောင်ခြင်း အဆင့်ထိ ရောက်အောင် ကျင့်ကြံခြင်း ဖြစ်သည်။

ဥပဒေသ မျိုးစေ့ တစ်ခု၏ ပျိုးထောင်ခြင်း အဆင့်ကို ၁ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းထိ တိုင်းတာနိုင်လိမ့်မည် ဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်း ပြည့်မြောက်သော အခါတွင်တော့ ၎င်းမှာ အညှောင့်ထွက်ခြင်း အဆင့်ကို ရောက်ရှိ သွားသည်။ အတုအယောင် ဥပဒေ မျိုးစေ့များကတော့ ၁ ရာခိုင်နှုန်းကိုပင် မရောက်ရှိနိုင်လေရာ ထိုအရာက စိတ်မကောင်းရာ ဖြစ်သည်။

ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ အရ ဆိုလျှင် ဥပဒေ မျိုးစေ့မှာ ဝိညာဉ်နှင့် လျှို့ဝှက် တာအို အကြား၌ တံတား တစ်စင်း ဖွဲ့စည်းနိုင်ဖို့ ကူညီပေးနိုင်သည်ဟု ဆိုသည်။ ထိုတံတား၏ ခွန်အားကို ဥပဒေသ မျိုးစေ့၏ သန်မာမှုနှင့် နှိုင်းယှဉ်လေ့ ရှိကြသည်။

အာဏာရှင် ရှန့်ထို အဆင့်ကို တက်လှမ်းရန် အတွက် လိုအပ်ချက်များမှာ ကောင်းကင် အာဏာရှင် အဆင့်နှင့် များစွာ ခြားနားခြင်း မရှိလှချေ။ မူလ ရှိပြီးသား လိုအပ်ချက်များကိုသာ ပိုမို မြင့်မားသည့် အဆင့်တစ်ခုသို့ မြှင့်တင်ရန် လိုအပ်သည်။

အာဏာရှင် ရှန့်ထို အဆင့်ကို တက်လှမ်းရန် အတွက် ပထမဆုံး လိုအပ်ချက်က လျှို့ဝှက် ဆင်းတု ဖြစ်သည်။ ကြယ်တာရာ ဆင်းတု များလိုပင်... လျှို့ဝှက် ဆင်းတု များမှာ ရုပ်ခန္ဓာကို လျှို့ဝှက် တာအို၏ အမြင့်ဆုံး အကန့်အသတ်အထိ သန့်စင်ပြီး နောက်၌ ရရှိလာသည့် စွမ်းအား တစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုအဆင့်ကို အောင်မြင်ရန် မရေမတွက်နိုင်သည့် အချိန်များ၊ ရင်းမြစ်များ လိုအပ်ပေသည်။

ဒုတိယ လိုအပ်ချက်က... အဆင့်ငါး သို့မဟုတ် ထိုထက် ပိုမြင့်သည့် မူလ အဆင့် လျှို့ဝှက် ဝိညာဉ် ဖြစ်သည်။ တတိယ လိုအပ်ချက်ကတော့ ဥပဒေသ မျိုးစေ့ တစ်ခုကို ၈၁ ရာခိုင်နှုန်းထိ ပျိုးထောင်ခြင်းပင်။

လိုအပ်ချက်များ အကြောင်း တွေးတောရင်း ဝေ့ဝူယင်၏ အတွေးများက လျှင်မြန်စွာပင် လှည့်ပတ် နေခဲ့၏။ သို့သော်လည်း... သူ့အမြင်အရ ဆိုလျှင် အဂ္ဂိရတ် တာအို၏ အကူအညီနှင့် ဆိုပါက ယင်းတို့ကို လုံးလုံးလျားလျား လိုအပ်မည်တော့ မဟုတ်ချေ။

နောက်ထပ် လိုအပ်ချက်ကတော့ အလွန် မြင့်မားသည့် ကျင့်စဉ် တစ်ခု ဖြစ်သည်။ ကွမ်ယု၏ အဆိုအရ ဆိုလျှင် တစ်ချို့သော ကျင့်ကြံသူများ၏ ရုပ်ခန္ဓာများမှာ ကြယ်တာရာ ဆင်းတုများကို ဘယ်တော့မှ မဖန်တီးနိုင်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက် တာအို၏ အထွတ်အထိပ်ကို သူတို့ ဘယ်တော့မှ မရောက်ရှိ နိုင်သောကြောင့် ဖြစ်သည်။ လျှို့ဝှက် ဆင်းတုများမှာလည်း အတူတူပင် ဖြစ်သည်။

လိုအပ်ချက်များထဲ၌ အရက်စက်ဆုံးက လျှို့ဝှက် ဝိညာဉ်ကို မူလ အဆင့်ထိ ရောက်ရှိအောင် ကျင့်ကြံရန် လိုအပ်သည့် ရင်းမြစ်ပင် ဖြစ်သည်။ ဝိညာဉ် အဆင့် တစ်ခုမှာ မည်မျှ ပြောင်းလဲရန် ခက်ခဲကြောင်း ကျင်းကျူး နှစ်ပေါင်း နှစ်‌ရာကျော် ကျင့်ကြံခဲ့ရခြင်းက သက်သေပင် ဖြစ်သည်။ ဝေ့ဝူယင်မှာ မူလ အဆင့်ကို ရောက်ရှိရန် အတွက် ချီပျစ်ခဲခြင်း အဆင့်တွင် “အဆင့်ကိုး ထာဝရ ခြေချခြင်း” ဆေးလုံး တစ်လုံးကို သောက်သုံး ခဲ့ရသည်။

လျှို့ဝှက် အာဏာရှင် အဆင့် အတွက် ဆိုလျှင်ရော မည်သည့် ထုတ်ကုန်မျိုးကို လိုအပ်မည်နည်း။ လျှို့ဝှက် ကောင်းကင်လော။ သို့မဟုတ် လျှို့ဝှက် ဝိညာဉ်လော။

“...”

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကျင့်ကြံခြင်းက တကယ်ပင် ခက်ခဲလှသည်။ သို့သော်လည်း... ကံကောင်းထောက်မစွာပင် သူကတော့ ဥပဒေသ မျိုးစေ့ လိုအပ်ချက်တွင် အညှောင့်ထွက်ခြင်း အဆင့်ကို ကျော်လွန်ကာ သာမည အာဏာ အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ထိုအရာက ဝေ့ဝူယင် ကိုယ်တိုင်ပင် မျှော်လင့်မထားသည့် ရလဒ် တစ်ခု ဖြစ်သည်။

“...”

ကြယ်တာရာ ဝိညာဉ်များမှာ တိတ်ဆိတ် ငြိမ်သက် နေကြ၏။ သို့သော်လည်း... သူတို့ထံမှ ဂုဏ်ယူသည့် အငွေ့အသက်များကို ဝေ့ဝူယင် ခံစားနိုင်ပေသည်။ တကယ်တမ်း၌ သူတို့၏ လုပ်ဆောင်ချက်က ဥပဒေသ မျိုးစေ့ကို ပျိုးထောင်ရန် အတွက်သာ ရည်ရွယ်ခဲ့ကြခြင်း ဖြစ်သည်။ ဝေ့ဝူယင် နည်းတူပင် ကြယ်တာရာ ဝိညာဉ်များသည်လည်း ထိုကဲ့သို့ ရလဒ်မျိုးကို မျှော်လင့် မထားခဲ့ကြချေ။

အချိန်လေပွေ အတွင်း ဆက်လက် လွင့်မြောရင်း ဝေ့ဝူယင် ပြုံးလိုက်မိ၏။ နောက်ဆုံး၌ အချိန်မြစ် ကြယ်တာရာ ကပ်ဘေး၏ အကျိုးအမြတ်များကို သူ ဖမ်းဆုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က မျှော်လင့် မထားလောက်အောင် ကြီးကျယ် ခဲ့ပေသည်။

ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးက စိတ်လက် ပေါ့ပါးမှု၊ ပျော်ရွှင်မှုတို့ဖြင့် တက်ကြွ နေခဲ့၏။ ရုပ်ခန္ဓာ သန့်စင်ရန် လိုအပ်ချက်မှ တစ်ပါး လျှို့ဝှက် ဝိညာဉ် အဆင့်မှ အာဏာရှင် ရှန့်ထို အဆင့်ကို တက်လှမ်းရန် ရှင်းလင်းသည့် လမ်းကြောင်း တစ်ခုကို သူ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအတွက် သူ ကြယ်တာရာ ဝိညာဉ်များကို စိတ်ထဲမှ ကြိတ်ကာ ကျေးဇူးတင်လိုက်မိ၏။

ဝေ့ဝူယင် မူလ နေရာတွင်ပင် ရပ်ရင်း သာမည အချိန် ဥပဒေသ၏ အကျိုးကျေးဇူးနှင့် အတိမ်အနက်များ အကြောင်းကို အချိန် အကြာကြီး ဆက်လက် ရှာဖွေ နေမိခဲ့သည်။ နာရီပေါင်းများစွာ ကြာမြင့်ပြီး နောက်တွင်တော့ သူ၏ စိတ်များက ပြန်လည် တည်ငြိမ်လာကာ သက်ပြင်းတစ်ချက် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ ထို့နောက် ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ အကြောင်း ပြန်လည် တွေးတောရင်း အနာဂတ် အစီအစဉ်များကို ပုံဖော် ကြည့်လိုက်၏။

“မဂ္ဂီ...”

အလွန်တရာ အဖိုးတန်လှသည့် မှတ်ဉာဏ်များ အကြောင်း ပြန်လည် စဉ်းစားလိုက်သည်နှင့် ဝေ့ဝူယင် စိတ်ထဲ ပထမဆုံး ပေါ်လာသည်က မဂ္ဂီ ဆိုသည့် စကားလုံး ဖြစ်သည်။ ၎င်းက သူ တွေ့ရှိထားသမျှထဲတွင် အဖိုးအတန်ဆုံး၊ စိတ်အဝင်စားဆုံး အကြောင်းအရာလည်း ဖြစ်သည်။

ဝေ့ဝူယင် ချက်ချင်းပင် မဂ္ဂီ အကြောင်း ရှင်းလင်းထားသည့် မှတ်ဉာဏ်ဖိုင် အစုအဝေးထံ အာရုံစိုက် လိုက်၏။ ၎င်းက ချိပ်ပိတ်ထားသည့် ဖိုင်တစ်ဖိုင်နှင့် တူကာ တစ်ခါတစ်ရံတွင်တော့ ပွင့်ဟ လာတတ်သည်။ ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင် ၎င်းကို အပြည့်အဝ ဖွင့်ဖို့ ဆုံးဖြတ်ထားပေသည်။

လူငယ်က တွန့်ဆုတ်ခြင်း မပြုပဲ အဂ္ဂိရတ် ဧဒင် အင်အားနှင့် ဆက်သွယ်ကာ ၎င်းကို ဖြည်းညင်းစွာ ဖွင့်ဖို့ ကြိုးစား လိုက်လေ၏။ ထိုအခိုက်တွင်ပင် အမျိုးအမည် မသိ စွမ်းအား တစ်ခုက ပေါက်ကွဲ ထွက်ပေါ်လာသလို သူ ခံစားလိုက်ရသည်။

ခရက်...

ရုတ်ချည်း ဆိုသလိုပင် အချိန်လေပွေမှာ အေးခဲ သွားခဲ့၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ အပ်ပေါက်များ ကဲ့သို့ ကျဉ်းမြောင်း သွားခဲ့သည်။

အလွန်ပြင်းထန်သည့် စွမ်းအား တစ်ခု...

အလွန် ကြီးကျယ် ခမ်းနားသည့် စွမ်းအား တစ်ခု...

၎င်းက သူ့ အပေါ်သို့ ကျဆင်းလာနေခဲ့ပေသည်။ ဝေ့ဝူယင် ချက်ချင်းပင် မည်သည့် အရာက သူ့ကို ပစ်မှတ်ထားနေကြောင်း သိရှိလိုက်ပြီ ဖြစ်သည်။

အချိန်မြစ်....

***

All Chapters