မဂ္ဂီ
Vol. 85 Ch. 1181
အချိန်မြစ်...
ရုတ်ချည်း ဆိုသလိုပင် ဖြစ်ပေါ်လာသည့် အသွင် သဏ္ဌာန်မဲ့ စွမ်းအား အပေါ် ဝေ့ဝူယင် ထံတွင် တုန့်ပြန်ုနိင်စွမ်း မရှိပါချေ။ ၎င်းမှာ အစွမ်းထက်လွန်းရကား ကောင်းကင်တာအို ကိုယ်တိုင် ပစ္စုပ္ပန် အချိန်စွမ်းအင်ကို အသုံးပြုကာ စကြဝဠာကြီး တစ်ခုလုံးကို အေးခဲပစ်လိုက်သလိုပင်။ သို့သော်လည်း ဤသည်က ကောင်းကင်တာအို မဟုတ်ချေ။ ကိုယ်ပိုင် စွမ်းအင်ကို အသုံးပြုကာ ဖန်တီးထားသည့် အချိန်ကိုယ်တိုင်ပင် ဖြစ်သည်။
ဟူး... ဟူး...
အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် ထိုစွမ်းအားမှာ ဝေ့ဝူယင်ကို တဒင်္ဂ အတွင်း လွှမ်းခြုံ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ရုတ်ချည်းဆန်လွန်းရကား ဖြစ်ပေါ်လာခြင်းနှင့် လောကြီး လည်ပတ်နေခြင်းတို့ အကြားတွင် အချိန် တည်ရှိမှုပင် မရှိပါချေ။
ဝိညာဉ်နှင့် ကောင်းကင်တို့ကို ပေါင်းကူးပေးထားသည့် “သာမည” အချိန် ဥပဒေသကြောင့်သာ မဟုတ်ပါက အမွေခံ အပြစ်သား သွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင် အချိန်မြစ် ကျဆင်းလာခြင်းကို သတိထားမိလိမ့်မည် မဟုတ်ပါချေ။
“ဟူး...”
ရှေးဟောင်းဆန်ပြီး သိမ်မွေ့ညင်သာသည့် သက်ပြင်းချသံ တစ်ခုမှာ လောကကြီး အတွင်း ပဲ့တင်ထပ် မြည်ဟီး လာခဲ့သည်။
ပဒါး...
ရုတ်ချည်း ဆိုသလိုပင် အမှန်တရား မျက်လုံး၊ ပုံရိပ်ယောင် မျက်လုံး၊ တန်ခိုးရှင် မျက်လုံးနှင့် ဖန်တီးခြင်း မျက်လုံးတို့မှာ သေခြင်းတရားကို ကြားလိုက်ရသလိုမျိုး အလွန် မြန်ဆန်သည့် ကြိမ်နှုန်များနှင့် တုန်ရီ လာခဲ့ကြ၏။
ရှေးဟောင်းဆန်သည့် အသံမှာ အချိန်၊ အာကာသ၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို သယ်ဆောင်ထားကာ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို မီးတောင် ပေါက်ကွဲ သကဲ့သို့ ဝိညာဉ် အလင်းတန်းများနှင့် လျှံကျ သွားစေခဲ့သည်။
ဘုန်း...
အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အချိန်လေပွေ တစ်ခုလုံးမှာ တုန်ခါ သွားခဲ့၏။
“မင်းက တော်တော် ပြဿနာ ရှာတဲ့ကောင်ပဲကွ...”
အသံက သိမ်မွေ့ညင်သာကာ ဝေ့ဝူယင်၏ ဝိညာဉ်ထံ နွေးထွေးမှု၊ သက်တောင့်သက်သာ ရှိမှု စသည့် ခံစားချက်များကို ယူဆောင်လာခဲ့သည်။ လူငယ် အနည်းငယ် ပေါ့ပါး သွားသလို ခံစားလိုက်ရ၏။
အချိန်မြစ်က သူ့ကို ပစ်မှတ်ထားနေသည်။ သို့သော်လည်း ရှေးဟောင်းဆန်သည့် အသံကတော့ ကာကွယ်သူ တစ်ယောက်ထံမှ ပွေ့ဖက်မှုလိုမျိုး ညင်သာလှသည်။ ၎င်း၏ တည်ရှိမှုက သူ့စိတ်အတွင်း ဖြစ်ပေါ်နေသည့် ကြောက်ရွံ့ခြင်းနှင့် သေခြင်းတရားတို့ကိုပင် ဖယ်ရှားလိုက်သလိုပင်။
ဝေ့ဝူယင် ကြောင်အ နေစဉ်မှာပင် ရှေးဟောင်းဆန်သည့် အသံက ဝေ့ဝူယင်၏ ဝိညာဉ်ကို ဆက်လက် စကားပြော လိုက်၏။
“ပထမဆုံး အနေနဲ့ ကောင်းကင်တာအိုရဲ့ အတွင်းပိုင်း အလုပ်လုပ်တဲ့ ပုံစံတွေကို မင်း ကြည့်ရဲတယ်... အခုလည်း စိတ်ရှည် သည်းခံခြင်း မရှိပဲ မင်းရဲ့ ကမ္မနဲ့ ငါ့ရဲ့ ကမ္မကို ချိတ်ဆက်ဖို့ နည်းလမ်း ရှာနေပြန်ပြီ... အဆင်သင့်ဖို့ အဝေးကြီး လိုနေသေးတဲ့ အချိန်မှာပေါ့လေ... မဆင်မခြင်နိုင်တယ်... ဒါပေမဲ့ ချီးကျူးဖို့ပဲ ထိုက်တန်တဲ့ ကလေးပဲ”
အကြီအကဲ တစ်ယောက်က ကလေး တစ်ယောက် အပေါ် ရွှင်မြူးစွာ မာန်ထန် ချီးကျူး သလိုမျိုး အသံမှာ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။
ဝေ့ဝူယင်၏ ကြောက်ရွံ့မှုများက ပိုမို၍ လျော့ပါးလာခဲ့သော်လည်း အချိန်မြစ်ထံမှ ပြင်းထန်သည့် သုတ်သင် သတ်ဖြတ်လိုသလို ခံစားချက်များကိုတော့ သူ ခံစားနေရဆဲ ဖြစ်သည်။ ဝေ့ဝူယင်၏ နှလုံးသားက တဒိတ်ဒိတ် တုန်ရီနေ၏။ အချိန်၍ အချိန်မြစ်သာ သူ့ကို လွှတ်ပေးရန် ငြင်းဆိုပါက အချိန်လေပွေ အတွင်းတွင် သူ ထာဝရ ပိတ်မိနေတော့မည် ဖြစ်သည်။
“အိုး... မင်း နာကျင်နေတယ်”
ရှေးဟောင်းအသံက စူးစမ်းလိုစိတ် အပြည့်ဖြင့် နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ သို့သော်လည်း... ဤတစ်ကြိမ်က သူ့ကို ဦးတည်နေခြင်း မဟုတ်ပဲ အချိန်မြစ်ကိုသာ ဦးတည် နေခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် ချက်ချင်းပင် ခံစားလိုက်မိသည်။
"ဒီကလေးက နည်းနည်း စိတ်မရှည်တတ်ဘူး... မင်းရဲ့ ထိခိုက်မှုကို ငါ ပြန်ပြင်ပေးမယ်လေ ဘယ်လိုလဲ... အပြန်အလှန်နဲ့ ဒါကို မေ့ပစ်လိုက်ပေါ့”
ရှေးဟောင်း အသံက အပေးအယူ လုပ်သည့် လေသံဖြင့် ကမ်းလှမ်းလိုက်၏။ သို့သော်လည်း သူ့ အသံက တောင်းပန်သည့် အငွေ့အသက် ကင်းမဲ့နေသည်။ ပေါင်းစည်းရေး အတွက် မျှော်လင့်ချက် တစ်စုံနှင့်၊ ကောင်းမွန်သည့် ရည်ရွယ်ချက်များသာ ပါဝင်ပေသည်။ ၎င်းကို ငြင်းဆန်ရန်မှာ ခက်ခဲလှသည်။
"..."
ထို့နောက်တွင်တော့ အချိန်က ထပ်မံ၍ ကျော်လွန်သွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ဘဝ နှစ်ခု၊ ကပ်ဘေး နှစ်ခုမှ ရရှိထားသည့် နားမလည်နိုင်စွမ်း အရ အချိန်မြစ်မှာ သူ့ကို ထိုစကားဝိုင်းမှ ဖယ်ရှားလိုက်ကြောင်း ဝေ့ဝူယင် သဘောပေါက် လိုက်သည်။
“တွေ့လား.. သိပ်မဆိုးပါဘူးကွ”
ရှေးဟောင်းဆန်သည့် အသံက လက်ခံမှု၊ ရွှင်ပြမှုတို့နှင့် ထွက်ပေါ်လာခဲ့၏။ ၎င်းထံမှ မကောင်းသည့် ရည်ရွယ်ချက် တစ်စုံကို ရှာတွေ့ဖို့ ခက်ခဲလှသည်။
တဒင်္ဂအတွင်းမှာပင် ဝေ့ဝူယင်၏ အချိန် စီးဆင်းမှုက ပြန်လည် ရောက်ရှိလာ၏။ သူက အသက်ကို သက်ပြင်းပြင်း ရှူလိုက်သည်။ ချွေးစေးများမှာ သူ့ နောက်ကြောနှင့် ပခုံးထက်တို့၌ စိုရွှဲနေခဲ့ပြီ ဖြစ်လေသည်။ ငွေရောင် မျက်လုံးများမှ ပေါက်ကွဲ ထွက်ပေါ်လာသည့် ဝိညာဉ် အလင်းတန်းများ အောက်တွင် အချိန် လေပွေ အတွင်းရှိ စွမ်းအင်များ ပင်လျှင် ထွန်းလင်းနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် မျက်တောင်များကို ပုတ်ခတ်လိုက်ရင်း ထိုရောင်စဉ်တန်းများကို ထိန်းသိမ်းဖို့ ကြိုးပမ်းလိုက်၏။
“ကမ္မ ဥပဒေသကို လျစ်လျူဖို့ မသင့်ဘူး... ကလေးရဲ့... ဪ... မေ့လို့ မင်းက သေမျိုး အဆင့်မှာပဲ ရှိနေသေးတာ”
ရှေးဟောင်း အသံက ရှည်လျားစွာ ရှင်းပြမလို့ ပြင်ပြီးခါမှ ဝေ့ဝူယင်မှာ အလွန် ငယ်ရွယ်သေးကြောင်းနှင့် သူ ဆိုလိုသမျှကို ဘာမှ နားလည်ဦးမည် မဟုတ်ကြောင်း သဘောပေါက်သွားကာ ရပ်တန့် လိုက်သည်။
“...”
ဝေ့ဝူယင် နှာသီးဝမှ ထွက်သက် ဝင်သက်များမှာ ရပ်နေခဲ့၏။ ဝိညာဉ်ထံမှ အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်မှုကို သူ ခံစားနေရဆဲ ဖြစ်သည်။ စကား တစ်ခွန်း မေးမြန်းရန် အတွက်ပင် အလွန် ပြင်းထန်သည့် ခွန်အားကို ဝေ့ဝူယင် ထုတ်ဖော်လိုက်ရ၏။
“ဘာလို့လဲ...”
သူ့ထံ၌ မေးစရာများ အများအပြား ရှိသည်။ သို့သော်လည်း... ခွန်အား အလုံးစုံ သုံးလိုက်တာတောင် ထိုစကားတစ်ခွန်းသာ ထွက်လာခဲ့သည်။ ကြင်နာ နွေးထွေးလှသည့် ထိုအသံပိုင်ရှင်မှာ တစ်ခါတုန်းက သူ့ကို ကယ်တင်ခဲ့ဖူးသည့် ဖူရှီပင် ဖြစ်ကြောင်း ဝေ့ဝူယင် ခံစားမိနေပြီ ဖြစ်သည်။ ထိုကဲ့သို့ ကြီးကျယ် ခမ်းနားသည့် ပုဂ္ဂိုလ်ကြီးက သူ့ မေးခွန်းကို ပြန်ဖြေလိမ့်မည် မဟုတ်ဟုလည်း ဝေ့ဝူယင် တွေးမိသည်။
သို့သော်လည်း... အံသြဖို့ ကောင်းစွာပင် ဖူရှီမှာ တုန့်ပြန်လာခဲ့ပေသည်။
“ဘာလို့လဲ... ဆိုတော့...”
ရှေးဟောင်းဆန်သည့် အသံက အနည်းငယ် တွေးတောဟန် ပြုလိုက်၏။
“ပုံမှန်ဆိုရင် မင်းရဲ့ လုပ်ရပ်တွေက မြစ်ငယ်လေးဆီကို ကြီးမားတဲ့ တုန့်ပြန်မှုတွေ ဖြစ်မလာစေခဲ့ဘူးလေ... ဒါပေမဲ့ အခု မင်းက ပိုပို အတင့်ရဲလာပြီး ဝိရောဓိ ချိတ်ဆက်ခြင်း နည်းလမ်းနဲ့တောင် အချက်အလက် အသစ်တွေကို ရယူဖို့ ကြိုးပမ်းနေပြီ... အချိန်စီးကြောင်းတွေ ကြားထဲမှာ မျှဝေဖို့ ကြိုးပမ်း နေပြီ... ဒါတွေကို အခု မင်းနားလည်ဦးမှာ မဟုတ်သေးပါဘူးလေ... ဒါပေမဲ့ အဲဒီလို လုပ်ရင် မြစ်လေးကို သွားပြီး ထိခိုက်စေတယ် ဆိုတာကိုတော့ သိထားရမယ်... သူက တော်တော်လေး ဒေါသထွက်ခဲတဲ့ကောင်... ဒါပေမဲ့ ဒေါသထွက်ရင်လည်း မလွယ်ဘူး”
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်မိ၏။ အပြစ်သား သွေးမျိုးဆက်နှင့် ကမ္မတန်ဖိုး တို့မှာ ကမ္မ ကံကောင်းမှု၊ ကပ်ဘေးများနှင့် ချိတ်ဆက် နေပေသည်။ အချိန်မြစ် သူ့ကို သတ်ဖြတ်ချင်ရသည့် အကြောင်းရင်းမှာ အပြိုင် စကြဝဠာမှ ဝေ့ဝူယင်က အချိန်မြစ်၏ အခြေခံ စွမ်းအားကို သုံး၍ သူ့ထံ အချက်အလက်များ မျှဝေ ပေးခဲ့သောကြောင့် ဖြစ်သည်။
ထိုအတွက် ဝေ့ဝူယင် အချိန်မြစ်ကို ဝေ့ဝူယင် အပြစ်မတင်ပါချေ။ အပြစ်တင်ရန် အခွင့်အလမ်းနှင့် အာဏာလည်း သူ့ထံတွင် မရှိချေ။
“မင်း နားလည်သွားပြီ... တော်တော်လေး ဉာဏ်ကောင်းတဲ့ ကလေးပဲ”
ရှေးဟောင်းဆန်သည့် အသံက သဘောကျစွာဖြင့် ရယ်မာလိုက်၏။
“လောလောဆယ်တော့ ဒါကို ငါယူ သွားလိုက်မယ်... အချိန်ကျလာတဲ့ အခါကျရင်တော့ မင်း အနှေးနဲ့ အမြန် သိလာမှာပါလေ”
ရုတ်တရက်... ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲမှ မဂ္ဂီနှင့် ပတ်သက်သမျှ အရာအားလုံး တစ်ခုမှ မကျန် ပျောက်ကွယ်သွားသည်ကို ဝေ့ဝူယင် တွေ့ရှိလိုက်ရသည်။ ထိုအတွက် ဝေ့ဝူယင် စိတ်အနှောက်အယှက် မရှိပါချေ။ အသက်ရှင်နေသေးသည်ကိုပင် သူ ကျေးဇူးတင်နေပြီ ဖြစ်သည်။
အချိန်မြစ်မှာ သူ့ကိုယ်ပိုင် ကမ္မတန်ဖိုးများပင်လျှင် ဆန့်ကျင်ရန် မတတ်နိုင်သည့် ဖြစ်တည်မှု တစ်ခု ဖြစ်သည်။ ကောင်းကင်တာအို ပါဝင်လာကာ သူ့ကို ကယ်တင်ဖို့ အတွက်ဆိုလျှင် အလွန် မြင့်မားသည့် ကမ္မတန်ဖိုးများကို လိုအပ်ပေသည်။
“ကလေး... ဒါက မင်း သိသာတဲ့ အပြောင်းအလဲ တစ်ခု မဖွဲ့စည်းခြင်း ငါတို့ တွေ့ဆုံတဲ့ နောက်ဆုံး အကြိမ်ပဲ... အရမ်းကြီး မစွန့်စားနဲ့... အရမ်းကြီးလည်း အတင့်မရဲနဲ့”
ထိုကဲ့သို့ ပြောပြီးနောက် အသံမှာ ပျောက်ကွယ် သွား၏။ သူ့ ဝိညာဉ်မှ ခံစားနေရသည့် ကြီးမားသည့် ဖိအားကြီးမှာလည်း လျှင်မြန်စွာ ပျောက်ကွယ် သွားသည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အလွန် လေးလံသည့် သက်ပြင်း တစ်ချက်ပင်။ သူ့ ခန္ဓာကိုယ်မှာ အချိန် လေပွေ အတွင်း စတင်ကာ မြောလွင့် လာခဲ့၏။ ထူးဆန်းစွာပင် သူ၏ စိတ်များက တည်ငြိမ် နေခဲ့သည်။ သူ၏ မိုးကောင်းကင်က အလွန် ကျယ်ပြန့်လာတာကြောင့် ဖြစ်နိုင်သလို သူ့ ကျင့်ကြံခြင်း နှလုံးသားက အလွန် ခိုင်မာနေတာကြောင့်လည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင် ဆိုစေ... သူ အသက် အန္တရာယ်မှ ကင်းလွတ် သွားခဲ့ပြီ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ချေဖျက်ပြီးနောက် နောက်တစ်ကြိမ်တွင် ပိုမို၍ ဂရုစိုက်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။
“ဟူး...”
ဧဒင်က သက်ပြင်းတစ်ချက် ချလိုက်၏။
“ကလန့်...”
ဘုရင်ကတော့ ဘုရင် အတိုင်းပင် အသံပြုသည်။ ခရာတိုကတော့ သူ့ သဘာဝနှင့် မကိုက်ညီစွာ တိတ်ဆိတ် နေခဲ့၏။ သို့သော်လည်း ၎င်း၏ ခံစားချက်များမှာ ကြယ်တာရာ ဝိညာဉ် လေးခုတွင် ဖရိုဖရဲ အနိုင်ဆုံး ဖြစ်ကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။ အချိန်မြစ်မှာ ဟင်းလင်းပြင် တာအို၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အခြား ကြယ်တာရာ ဝိညာဉ်များနှင့် ယှဉ်လျှင် အချိန်စွမ်းအင်၏ သက်ရောက်မှုက သူ့အပေါ် ပိုမို ကြီးမားပေသည်။
“အဲဒါ သွားပြီလား... သွားပြီလား...”
အိုရီက ခပ်ရှက်ရှက် လေသံဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က နွေးထွေးစွာ ပြုံးရင်း တုန့်ပြန် လိုက်သည်။
“သွားပါပြီကွာ...”
“သွား... သွား... သွား... သေချာတယ်နော်”
အိုရီက နောက်တစ်ကြိမ် အတည်ပြုလိုဟန်ဖြင့် မေးလိုက်၏။ ဝေ့ဝူယင် စိတ်ထဲမှ ရယ်မောလိုက်မိ၏။
“သူ သွား... သွား... သွားပြီ”
အိုရီ၏ ပရမ်းပတာ လေသံအတိုင်းပင် သူ ပြန်လည် ဖြေလိုက်သည်။ ချက်ချင်းဆိုပင် စိတ်သက်သာရာရမှု လှိုင်းများမှာ အိုရီထံမှ အလုံးလိုက် အရင်းလိုက် ထွက်ပေါ်လာခဲ့၏။ ဝေ့ဝူယင် မျက်လုံးများကို မှိတ်ကာ အနားယူ လိုက်သည်။ သူ ကိုယ်တိုင်လည်း ပင်ပန်း နေချေပြီ ဖြစ်သည်။ အလွန်အမင်း နွမ်းနယ် နေလေပြီ။
အချိန်လေပွေ အတွင်းမှာပင် ခဏမျှ အနားယူရန် သူ ဆုံးဖြတ်လိုက်၏။ ထို့နောက်တွင်တော့ သူ ထောင်ချောက်ဆင်ရပေဦးမည်။
အပြိုင်စကြဝဠာများတွင် ဘာမှ မတတ်နိုင်ခဲ့သော်လည်း သည်အချိန်စီးကြောင်းတွင်တော့ သူတို့ကို နည်းနည်းလေးမျှ အခွင့်အရေး မပေးရန် သူ ဆုံးဖြတ်ထားပေသည်။ အထူးသဖြင့်
ဟိုခွေးမ...။
...
ပစ္စုပ္ပန်သို့ ပြန်သွားရပါက...
ဝေ့ဝူယင်မှာ နောက်မှီ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ရှန့်ထို လက်စွပ်ကို တစ်ချက် စစ်ဆေးလိုက်၏။ မဟာ စက်ဝန်း ရှန့်ထို ညီလာခံ ပြီးဆုံးသွားပြီ ဆိုသည့် သတင်းနှင့် တုလင်၏ အောင်မြင်မှုများမှာ ယခုလေးတင် သူ့ထံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထာဝရ အစည်းအရုံးမှာ ရွေးချယ်ခံများ၊ တန်ခိုးရှင် နတ်မိမယ်လေးများ၊ သူရဲကောင်းလေးများကို ကြီးမားစွာ ဆုချီးမြှင့်မည်ဟု ဆိုသည်။
သို့သော်လည်း... ထိုအရာများက သူ့အတွက်တော့ အရေးမပါသည့် အသေးအဖွဲ ကိစ္စလေးများသာ ဖြစ်လေတော့၏။
***