ကျိုးပျက် နတ်ဘုရား ဆေးလုံး
Vol. 85 Ch. 1182
ကမ္မတန်ဖိုး... ၄၁၁၂၃.၃
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း ... ၉ နှစ်
....
မဟာစက်ဝန်း ကြယ်ကွင်းပြင် ဗဟိုစင်မြင့်ထက်၌ တုလင် အနိုင်ရရှိခဲ့သည်မှာ ရက်ပေါင်း ၅၆ ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ တစ်ချို့သော လူများ အတွက် ထိုနေ့ရက်များမှာ ကြီးမားသည့် စိန်ခေါ်မှု တစ်ခု ကဲ့သို့ ရှည်လျားလှသော်လည်း တစ်ချို့ အတွက်တော့ မျက်စိတစ်မှိတ် အတွင်း ဖြတ်ကျော်သွားသလိုပင် ဖြစ်သည်။
ယနေ့၌ ထာဝရ နတ်ဘုရား ဦးဆောင်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် ၁၄၄ ယောက်နှင့် မြေကြီး ရှန့်ထို ၁၈၇ ယောက်တို့သည် မဟာစက်ဝန်း ရှန့်ထို ညီလာခံကြီး တရားဝင် ပြီးဆုံးကြောင်း ကြေညာခဲ့သည်။ မဟာ သမုဒ္ဒရာ ဧကရီ မပါဝင်ခဲ့သည့် ညီလာခံ၏ နောက်ပိုင်း ဖြစ်ရပ်များမှာ ခြောက်သွေ့သည့် တောအုပ် တစ်ခုထဲတွင် မီးလောင် သကဲ့သို့ လျှင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။
ရွေးချယ်ခံများ၊ တန်ခိုးရှင် နတ်မိမယ်များနှင့် တန်ခိုးရှင် သူရဲကောင်းများ၏ နာမည်များစွာမှာ ဝေ့ဝူယင်၏ လုပ်ရပ်များ နောက်တွင် မှေးမှိန် ပျက်ပြယ်ကာ ကျန်ရစ်ခဲ့သည်။ လူငယ် ရောက်ရှိလာခြင်းက ညီလာခံ၏ မူလ ရည်ရွယ်ချက် တစ်ခုလုံးကို ပြောင်းလဲ စေခဲ့သည်။ ရွေးချယ်ခံများကို စမ်းသပ်ရန် ရည်ရွယ်ထားခဲ့သည့် ပွဲကြီး တစ်ခုလုံးမှာ နောက်ဆုံးတွင်တော့ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အကြားမှ အားပြိုင်မှုဖြင့်သာ အဆုံးသတ် သွားခဲ့ရသည်။
ထို့အပြင်... ပြိုင်ပွဲ၏ အနိုင်ရရှိမှု လောင်းကြေးမှာ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်း ဖြစ်သည်။ ထိုဆေးညွှန်း၏ ဆွဲဆောင်မှု ကြောင့်ပင် ဝေ့ဝူယင်မှာ သူ ကြိုတင် သတ်မှတ်ထားသည့် အတိုင်း စည်းမျဉ်းများကို ပြောင်းလဲနိုင်ခဲ့ကာ သူ့ အတွက် အကျိုးအမြတ်များစွာကို ဆောင်ကျဉ်းနိုင်ခဲ့သည်။
ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အတွက်လည်း လူငယ်မှာ မမျှတမှုများစွာ အကြားမှ ကျော်ကြားလှသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် များစွာကို ချေမှုန်း အနိုင်ယူ ခဲ့ရသည်။ ရွေးချယ်ခံ သူရဲကောင်းများထဲတွင် အရည်အချင်း အနိမ့်ဆုံး ဟု သတ်မှတ်ခံထားရသည့် တုလင်၏ ကံကြမ္မာကို ပြိုင်ဘက်ကင်း အဖြစ် ပြောင်းလဲ ပေးခဲ့ရသည်။
ထိုလူငယ် ပါရမီရှင်လေး၏ ပြောင်မြောက်မှုကို မကြာသေးခင်ကမှ မြေကြီးရှန့်ထို အဆင့်ကို ရောက်ရှိထားသည့် ထာဝရ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး စန်းလော့ယန် ပင်လျှင် မယှဉ်နိုင်ခဲ့ချေ။
သို့စေကာမူ... ဝေ့ဝူယင် တစ်ယောက် မည်မျှ ပြိုင်ဘက်ကင်း စွမ်းရည်ကို ပြသစေခဲ့ကာမူ “လုပ်ပွဲ” ဟု ယူဆချက်များလည်း ရှိနေပေသေးသည်။ သူတို့က ကျိုးနင်ထံတွင် အဂ္ဂိရတ် ဝိညာဉ် ရှိခြင်းမှာ မတရားဟု ဆိုကြသည်။ ဝေ့ဝူယင်က အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို အသုံးပြုခဲ့ခြင်းမှာလည်း တရား မမျှတဟု ဆိုကြသည်။ ထို့အပြင်... ဝေ့ဝူယင်မှာ ပြိုင်ပွဲကို အနိုင်ရရှိရန် အတွက် အစကတည်းက ပြင်ဆင်မှု များစွာကို အကွက်ချ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ရှုံးနိမ့်ခဲ့သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များထံမှလည်း မကျေနပ်ချက်များက အန်ထွက်လာကာ ဝေ့ဝူယင်၏ အောင်မြင်မှုများ အပေါ် အပြစ်တင် စွပ်စွဲမှု များစွာကို ပြုလုပ်ခဲ့သည်။ အထူးသဖြင့်... ပြိုင်ပွဲအား အနိုင်ရရှိပြီးနောက် ဝေ့ဝူယင် သတ်မှတ်ခဲ့သည့် ရွေးချယ်ခံ စံနှုန်းများကိုပင်။
“သူပြောတဲ့ အတိုင်းဆိုရင် ဘယ်လောက်ပဲ ပါရမီပါတဲ့ ကလေး ဖြစ်ဖြစ် ရွေးချယ်ခံ ဖြစ်ချင်ရင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို သုံးဖို့ပဲ ရှိတော့တယ်... ဘယ်လိုလုပ်ပြီး တရားမှာလဲ”
"ရွှေရောင် အသက်နန်းတော်က ကြယ်ကိုးကွင့် ကြယ်တာရာ နယ်မြေကိုပဲ ဦးစားပေး ရောင်းနေတာ ဆိုတော့ ငါတို့ ဝယ်ခွင့် ရဖို့ အတွက်ဆိုရင် ဆယ်စုနှစ်၊ ရာစုနှစ်နဲ့ချီပြီး စောင့်ရမှာ သေချာတယ်”
"တစ်ခြားရွေးချယ်စရာ ရှာကြရင်ရော... ဒီဆေးလုံးက ရွေးချယ်ခံတွေရဲ့ ဘဝကို လွှမ်းမိုးနေတာမျိုး ငါတို့ လက်မခံနိုင်ဘူး”
"သောက်ရူး... တစ်ခြား ရွေးချယ်စရာ ရှာမယ် ဟုတ်လား... ထာဝရ နယ်မြေ ဆေးလုံးလား... မင်း မျက်စိကန်းနေလား... စိတ်ရော မှန်သေးရဲ့လား”
အငြင်းပွားမှုများက ပြင်းထန်နေကာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာလည်း စိတ်ထဲ ဒေါသများ တနုံ့နုံ့ ဖြစ်နေကြသည်။ ထာဝရ နယ်မြေဆေးလုံးမှာ တစ်ခုတည်းသော အစားထိုး ထုတ်ကုန် ဖြစ်သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုများက အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ အာနိသင်နှင့် ယှဉ်လျှင် ရေနှင့် ဆီလိုပင် ဖြစ်သည်။ တုလင်၏ အနိုင်ရရှိခဲ့မှုက ထိုအချက်ကို ရှင်းလင်းစွာပင် ပြသခဲ့သည်။
လွန်ခဲ့သည့် လပိုင်း အတွင်း၌ မြေကြီး ရှန့်ထိုများမှာ တုလင်၏ အောင်မြင်မှုများ အပေါ် သင်္ကာမကင်း ဖြစ်ခဲ့လေရာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထိုလုပ်ရပ်က သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အတွက်တော့ အချိုပေါ် သကာဆင့် သကဲ့သို့ ဖြစ်ကာ သူတို့ အတ္တများ အတွက် နှစ်သိမ့်စရာ တစ်ခုလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း ရလဒ် ထွက်ပေါ်လာသည့် အချိန်တွင်တော့ အရာအားလုံးက သူတို့ အတွက် စိတ်ပျက်ဖွယ်ရာ ကောင်းလွန်းခဲ့သည်။
တုလင်၏ ပါရမီမှာ ပင်ကိုယ်အားဖြင့် အလွန် နိမ့်ကျသည်။ ဝိညာဉ် ကျင့်စဉ် တစ်ခုကို အလွန် တိုတောင်းသည့် အချိန်အတွင်း ဉာဏ်အလင်း ရရှိကာ ကျွမ်းကျင် တတ်မြောက်ဖို့ လုံးဝ မဖြစ်နိုင်ချေ။ သို့သော်လည်း... တုလင် ဝိညာဉ် ကျင့်စဉ် တတ်မြောက်သွားရသည့် အကြောင်းပြချက်ကို ရှာတွေ့သော အခါတွင်တော့ သူတို့ ပို၍ပင် စိတ်ပျက်သွားရတော့သည်။
ထာဝရ အစည်းအရုံးသည် ပြိုင်ပွဲဝင်များ မသမာမှု မကျူးလွန်စေရန် လုံခြုံရေး စနစ်များစွာ ချမှတ်ထားခဲ့သည်။ ထိုစနစ်မှ တစ်ဆင့် ပြိုင်ပွဲဝင်များ အသုံးပြုခဲ့သည့် ထုတ်ကုန်စာရင်ကို ပြန်လည် စစ်ဆေးကြည့်ခဲ့ကြသည်။ တုလင် အသုံးပြုခဲ့သည့် ထုတ်ကုန်စာရင်း၌ နားလည်မှုကို မြှင့်တင်ပေးနိုင်သည့် ထုတ်ကုန် တစ်ခုမှ မပါဝင်ချေ။
သို့ဖြစ်လေရာ... သေမျိုး အဂ္ဂိရတ် ပညာရှင်များနှင့် မြေကြီး ရှန့်ထိုများ အတွက် တုလင် ဝိညာဉ် ကျင့်စဉ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရသည့် တစ်ခုတည်းသော ဖြစ်နိုင်ချေက အထွတ်အထိပ် အဆင့် အရည်အသွေး ရှိသည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို အသုံးပြုခဲ့ခြင်း တစ်ခုသာ ရှိပေတော့သည်။ လောကနယ်မြေများမှာ မကုန်ခမ်းနိုင်သည့် ကောင်းကျိုးများစွာကို ပေးနိုင်စွမ်း ရှိကာ၊ ထိုအထဲ၌ နက်နဲသည့် ဉာဏ်အလင်းများ ရရှိစေခြင်းလည်း တစ်ခု အပါအဝင် ဖြစ်သည်။
“ဒါဆို ကျုပ်တို့က ဘာလုပ်ရမှာလဲ... သူတို့ ကျုပ်တို့ဆီ ထုတ်ရောင်းတဲ့ အထိ စောင့်ရမှာလား... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲပြီးမှ ရတော့ ဘာလုပ်ရမှာလဲ”
သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦးက စိတ်ဆိုးစွာဖြင့် ပြောလိုက်၏။ မခံမရပ်နိုင်သည့် ခံစားချက်က ပါရမီရှင် လူငယ်လေးများ၏ စိတ်ထဲ၌ တဖွားဖွား ပေါက်ဖွားလာကြသည်။
သို့သော်လည်း... အခြေအနေ တစ်ခုလုံးကို ပြောင်းလဲရန်က မလွယ်ကူလှချေ။ ဝေ့ဝူယင်ကို ဖိအားပေး၍ ဆေးညွှန်ကို ထုတ်ဖော်ခိုင်းစေခြင်း ဖြစ်စေ... ရွေးချယ်ခံ စံနှုန်းများကို ပြောင်းလဲစေခိုင်းခြင်း ဖြစ်စေ... ယင်းတို့က လွယ်ကူသည့် ဖြေရှင်းနည်းများ မဟုတ်ပါချေ။
ပထမ တစ်ချက်... ၎င်းတို့က လက်တွေ့ မကျချေ။ ဝေ့ဝူယင်မှာ ထိပ်သီး မြေကြီး ရှန့်ထို နှစ်ဦးကို အဂ္ဂိရတ် သူရဲကောင်းများ အဖြစ် ပိုင်ဆိုင်ထားကာ ရှေးဟောင်း ဖီးနစ် တစ်ကောင်ကိုလည်း မွေးမြူထားသည်။ ထို့အပြင်... သူ့ နောက်၌ ရွှေရောင် အသက်နန်းတော် ရှိသည်။
ဒုတိယ တစ်ချက်... ရွေးချယ်ခံ စံနှုန်းကို ပြောင်းလဲရန် ကြိုးပမ်းခြင်းက အလွန်ပင် ရှက်စရာ ကောင်းလှသည်။ ၎င်းက ဝေ့ဝူယင်ထက် နိမ့်ကျကြောင်း သူတို့ လူသိရှင်ကြား ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ အရှက်ရမှုမျိုးကို သေရမည် ဆိုလျှင်ပင် သူတို့ ကျူးလွန်လိမ့်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာပင် သူတို့၏ ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် သတင်းကောင်း ပေါ်ထွက် လာခဲ့သည်။ ၎င်းက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေထံ ဦးစားပေး ရောင်းချခွင့် ပြည့်မှီသွားပြီ ဖြစ်ကြောင်း မာ့ကျန်း၏ ကြေညာချက်ပင်။ ထို့အပြင် မာ့ကျန်းက ညီလာခံ ပြီးသည်နှင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံး ၉၉၉ လုံးကို လေလံတင် ရောင်းချမည် ဖြစ်ကြောင်းကိုပါ တစ်ဆက်တည်း သတင်းကောင်း ပါးခဲ့သည်။ ထိုလေလံပွဲ၌ အထွတ်အထိပ် အရည်အသွေး အဆင့် ၉ လုံး၊ အဆင့်မြင့် အရည်အသွေး ၉၀ လုံးနှင့် အဆင့်နိမ့် အရည်အသွေး ၉၀၀ လုံးတို့ ပါဝင်မည် ဖြစ်သည်။
“ဘာကြီး... တစ်ထောင်နီးပါး တောင်မှလား...”
“ရွှေရောင် အသက်နန်းတော်က အမြဲတမ်း အဆင်သင့် ဖြစ်နေတာပဲ... အဘိုးကြီးက ဒါကို ကြိုမြင်နေတာ သေချာတယ်... ရွှေရောင် အသက်နန်းတော်ကို တည်ထောင်ခဲ့တဲ့ နန်းတော်သခင် မာ့ကျန်း ပီသပါပေတယ်”
သို့သော်လည်း... မာ့ကျန်း၏ ကြေညာချက်များက ထိုနေရာတွင် မရပ်တန့်သေးချေ။ ထာဝရ နယ်မြေ ဆေးလုံးမှ ဆင်းသက်လာသည့် “အဆင့်ရှစ် အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု၏ ဆေးညွှန်း” ကိုလည်း ရောင်းချမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း ဝယ်ယူသူမှာ ကန့်သတ်သည့် အရေအတွက်ဘောင် အတွင်းတွင်သာ ထုတ်လုပ်မည် ဖြစ်ကြောင်းနှင့် မည်သူကိုမှ လက်လွှဲ မပေးမည့် အကြောင်း လျှို့ဝှက်ကျိန်စာ ကျိန်ဆိုရမည် ဖြစ်သည်။
မာ့ကျန်း၏ ကြေညာချက်က ညီလာခံ တစ်ခုလုံးကို လှိုင်းလုံးများ သဖွယ် ဆင့်ကဲ ရိုက်ခတ် သွားခဲ့သည်။ ထာဝရ အစည်းအရုံးသားတို့၏ မျက်နှာများကတော့ ပြာမည်း နေကြပြီ ဖြစ်သည်။
“ထာဝရ နယ်မြေ ဆေးလုံးကနေ ဆင်းသက်လာတဲ့ ဆေးညွှန်းလား... ဘယ်လိုမျိုးလဲ”
ဧကရီ ရှောင်ချွမ်းမှာ အပါအဝင် လူတိုင်းမှာ ထိုကြေညာချက်ကို အလွန်ပင် စိတ်ဝင်စား နေကြ၏။ ၎င်းမှာ ထာဝရ နယ်မြေ ဆေးလုံးနှင့် အာနိသင်ချင်း တူသည်ဟု ဆိုလေရာ ၎င်းက ပိုမို၍ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းပေသည်။
“ဘယ်လိုမျိုးလဲ ဆိုတော့... ကျုပ် ရောင်းမယ့် အဆင့်ရှစ် ဆေးညွှန်းရဲ့ အရည်အသွေးနိမ့် အဆင့်က ထာဝရ နယ်မြေ ဆေးလုံးရဲ့ အရည်အသွေး အထွတ်အထိပ် အဆင့်နဲ့ တူညီတယ်”
“...”
လူအုပ်ကြီး တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် သွားခဲ့၏။ အားလုံး၏ အကြည့်များက စန်းလော့ယန်ကို တစ်လှည့်၊ မာ့ကျန်းထံတွင် တစ်သွယ် ကျရောက် နေကြသည်။
လူတိုင်း စိတ်အတွင်း ပေါ်လာသ်ည့ ပထမဆုံး မေးခွန်းက “မာ့ကျန်း လိမ်နေသလား” ဟူ၍ပင်။ သို့သော်လည်း... မာ့ကျန်း၏ အမူအရာက စနောက်နေခြင်း မဟုတ်ကြောင်း သူတို့ အကဲခတ် မိကြသည်။ ထို့အပြင် ရွှေရောင် အသက်နန်းတော် သခင် ဟူသည့် ရာထူးကို ထောက်ချင့်ရပါက လူအိုကြီးမှာ ထိုကဲ့သို့ ကိစ္စမျိုးကို ဘယ်တော့မှ လိမ်လည် လိမ့်မည် မဟုတ်ချေ။
“မဖြစ်နိုင်တာ...”
စန်းလော့ယန်၏ အမူအရာက ယုံကြည်ရန် ခက်ခဲနေခဲ့၏။ ထိုကဲ့သို့ ဆေးလုံးမျိုးသာ အမှန်တကယ် ရှိပါက ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ ပြန်လည် ပြင်ဆင်ရန်ပင် လွယ်ကူတော့မည် မထင်ချေ။
သို့သော်လည်း... မာ့ကျန်းက ဆေးလုံးကို ထုတ်ဖော်ပြသခဲ့သည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၀၀ ကျော်က ထိုဆေးလုံးကို စစ်ဆေးခဲ့ကြသည်။ ထို့နောက်တွင်တော့ ၎င်းမှာ မာ့ကျန်းပြောသည့် အတိုင်း အတိအကျပင် ဖြစ်ကြောင်း သူတို့ အားလုံး တွေ့ရှိခဲ့ကြသည်။
၎င်းက အဆင့်ရှစ် ဆေးလုံး ဖြစ်သည်။ အမှန်တကယ်ပင် အရည်အသွေးနိမ့် အဆင့် ဖြစ်သည်။ ထို့အပြင်... ထာဝရ နယ်မြေ ဆေးလုံး၏ အရည်အသွေး အထွတ်အထိပ် အဆင့်နှင့်လည်း အတူတူပင် ဖြစ်သည်။
“...”
ဆေးလုံးကို စစ်ဆေးရင်း စန်းလော့ယန်၏ အမူအရာက စိတ်ဝင်စားခြင်းများနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း... သူ့ မျက်နှာထက်၌ စိတ်ဆိုး၊ ဒေါသထွက်သည့် အငွေ့အသက် တစ်ချက်မှ မရှိပါချေ။
"ရွှေရောင် အသက်နန်းတော်က ထာဝရ ဧကရာဇ် တစ်ပိုင်းတစ်စ ထားခဲ့တဲ့ ဆေးညွှန်းကို ပြည့်စုံအောင် လုပ်နိုင်ခဲ့တာပဲ... အံသြစရာ မရှိတော့ဘူး... အံ့သြစရာ မရှိတော့ဘူး"
သူက စိတ်လိုလက်ရပင် ဆေးလုံးကို ချီးကျူးလိုက်၏။ သူ၏ အမူအရာနှင့် စကားလုံးများက ပရိသတ်များအား ထာဝရ နယ်မြေ ဆေးလုံး စျေးကွက် အတွင်း ဝင်ရောက်လာခဲ့သည့် အချိန်ကို သွားရောက် သတိရစေခဲ့သည်။ ၎င်းက ထာဝရ ဧကရာဇ် ပြီးဆုံးအောင် မဖန်တီးရသေးသည့် ထုတ်ကုန် တစ်ခုလော။ မမြင်နိုင်သည့် ကိစ္စရပ်များကြောင့် သူက ထိုအရာကို တစ်ပိုင်းတစ်စ ထားခဲ့သည်လော။ ကြည့်ရသည်က ထာဝရ အစည်းအရုံးမှာ ဝေ့ဝူယင်၏ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ယှဉ်ပြိုင်နိုင်ရန် အတွက် ထို မပြည့်စုံသည့် ဆေးညွှန်းကို အလျင်စလို ထုတ်သုံးခဲ့ရဟန် ရသည်။
မမြင်နိုင်သည့် ဖက်ခြမ်း၌- စန်းလော့ယန်မှာ စကားလုံးများဖြင့် ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်းကို ကာကွယ်လိုက်ခြင်းပင် ဖြစ်သည်။
"ဒီဆေးလုံးရဲ့ နာမည်က ဘာလဲ...”
မြေခွေးအိုက ဆက်လက်၍ မေးလိုက်၏။ မာ့ကျန်းက အသာအယာပင် ပြုံးလိုက်သည်။ ဝေ့ဝူယင် ပေးအပ်လိုက်သည့် ရှန့်ထို လက်စွပ် အတွင်း၌ ညီလာခံ အဆုံးသတ်ပြီးနောက်တွင် လုပ်ဆောင်ရမည့် လမ်းညွှန်ချက် တစ်ချို့ကို ဝေ့ဝူယင်က ထည့်သွင်းထားပေသည်။
“ဒါက ပြီးပြည့်စုံအောင် လုပ်ထားတာ မဟုတ်ဘူး... ဆင်းသက်လာတဲ့ ဆေးညွှန်း သက်သက်ပါပဲ”
မာ့ကျန်းမှာ ထိုလှုပ်ရှားမှုဖြင့် ထာဝရ အစည်းအရုံးကို တိုက်ခိုက်ဖို့ ရည်ရွယ်မထားသည့်တိုင် စန်းလော့ယန်၏ နာမည်ကောင်း ဝင်ယူခြင်းကိုလည်း ခွင့်ပြုရန် ဆန္ဒ မရှိပါချေ။
"နာမည်ကတော့ ကွဲပျက် နတ်ဘုရား ဆေးလုံးတဲ့...” "
***