လျှို့ဝှက်ဝိညာဉ် အဆင့် သုံးယောက်
Vol. 85 Ch. 1184
မဟာ စက်ဝန်း ရှန့်ထို ညီလာခံမှာ ရွေးချယ်ခံ စံနှုန်းများကို ပြောင်းလဲ လိုက်လေရာ သေမျိုးနှင့် တန်ခိုးရှင် အဆင့် အင်အားစုများ အတွက် အဆင့် သတ်မှတ်ချက်များမှာလည်း ပြောင်းလဲ သွားခဲ့ရပြီ ဖြစ်လေသည်။
ယခင်က ကြေးအဆင့် အင်အားစု တစ်ခု ဖြစ်ရန် အနိမ့်ဆုံး လိုအပ်ချက်မှာ အချိန်သခင် တစ်ယောက် ဖြစ်သော်လည်း ယခုအခါတွင်တော့ ကြယ်တာရာ သခင် တစ်ပါး ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ ထိုသတ်မှတ်ချက်က ၉၉ ရာခိုင်နှုန်းသော အင်အားစုများကို ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင်ရောက်ရန် အခွင့်အရေးမှ တိုက်ရိုက် ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်သည်။
ငွေအဆင့် အင်အားစု တစ်ခုဖြစ်ရန် အတွက်တော့ နည်းလမ်း နှစ်ခု ရှိပေသည်။ ပထမ နည်းလမ်းက အထွတ်အထိပ် အဆင့် ကြယ်တာရာ သခင် တစ်ပါးကို ပိုင်ဆိုင်ထားရန် ဖြစ်သည်။ ဒုတိယမြောက် နည်းလမ်းကတော့ ကြယ်တာရာ သခင် ငါးယောက် ရှိသည့် အင်အားစု တစ်ခု ဖြစ်ရန်ပင်။
ရွှေအဆင့် အင်အားစု တစ်ခု ဖြစ်ရန် အတွက်တော့ သာလွန်ခြင်း အဆင့် ကြယ်တာရာ သခင် တစ်ပါး သို့မဟုတ် ကြယ်တာရာ သခင် ဆယ့်ရှစ်ပါး လိုအပ်ခြင်း ဖြစ်သည်။ လိုလိုအပ်ချက်က... များလှစွာသော ရွှေအဆင့် အင်အားစုများကို အတူတကွ ပူးပေါင်းစေကာ မဟာမိတ် အဖွဲ့များစွာ ဖြစ်တည်လာစေခဲ့သည်။ ထိုကဲ့သို့ ပေါင်းစည်းမှုများက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဝင်ခွင့် နေရာ အရေအတွက်ကို လျော့ကျစေသည် ဆိုသော်လည်း အနည်းဆုံးတော့ သူတို့ ဝင်ခွင့် ရရှိလိမ့်မည် ဖြစ်ပေသည်။
ထိုအပြောင်းအလဲများထဲတွင် အထင်ရှားဆုံးမှာ... ခေါင်းဆောင်မှု အဆင့် အဆင့်အတန်း၌ “လျှို့ဝှက် ကြယ်တာရာ” အဆင့်များကို ဖယ်ရှားလိုက်ခြင်းပင် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်က သေမျိုး အင်အားစုများ အကြား လျှို့ဝှက် အာဏာရှင် အဆင့်တစ်ဟု ခေါ်သည့် ထိုကျင့်ကြံသူများ၏ အရေးပါမှုကို လုံးဝ နိမ့်ကျ သွားစေခဲ့သည်။ ယခင်တုန်းကဆိုလျှင် သူတို့မှာ သေမျိုး အလွှာ၏ အထွတ်အထိပ် အဖြစ် ဂုဏ်ယူစွာနှင့် ကိုယ်စားပြုနိုင်ခဲ့သည်။
မဟာ စက်ဝန်း ရှန့်ထို ညီလာခံက လျှို့ဝှက် ကြယ်တာရာအဆင့်များ၏ တိုတောင်းသည့် သက်တမ်းနှင့် စွမ်းဆောင်ရည် တို့ကြောင့် အင်အားစုများကို ဦးဆောင်ဖို့ မထိုက်တန်ဟု ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း... သူတို့ကို လုံးဝ ဖယ်ရှားပစ်လိုက်ခြင်းမျိုး မဟုတ်ပဲ ဆက်လက် ရပ်တည်နိုင်သည့် စည်းမျဉ်း တစ်ခုတော့ ရှိပေသေးသည်။ ထိုစည်းမျဉ်းအရ လျှို့ဝှက် ကြယ်တာရာ အဆင့်များမှာ ကြယ်တာရာ သခင် နှစ်ယောက်စာလျှင် ညီမျှပေသည်။ သို့သော်လည်း သူတို့ ကိုယ်တိုင်ကိုယ်ကျ အင်အားစု တစ်ခု ဖွဲ့စည်းမည် ဆိုလျှင်တော့ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ထိုကဲ့သို့ မသတ်မှတ်တော့ပဲ ကြယ်တာရာ သခင် နှစ်ယောက်စာ ဆိုသည့် အရေအတွက်ကို သုည အဖြစ် လျှော့ချပစ်လိုက်သည်။
ထိုဆုံးဖြတ်ချက်ကြောင့် လျှို့ဝှက် ကြယ်တာရာ အဆင့် ဘယ်နှစ်ယောက် သွေးအန်ပြီးပြီကို မည်သူမှ မသိနိုင်ကြချေ။
သူတို့သည် အစွမ်းထက်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင် လူမှု အဖွဲ့အစည်း၏ အမြင်၌ မရေရာသည့် လူများသာ ဖြစ်သည်။ သူတို့ကို လျှို့ဝှက် အာဏာရှင် အဆင့်များဟု ခေါ်ဆို၍ မရသလို သေမျိုးများဟုလည်း ခေါ်ဆို၍ မရပါချေ။ စည်းမျည်းက သူတို့ကို ခေါင်းဆောင် ဖြစ်လာဖို့ ဟန့်တား နေသည့်တိုင် လျှို့ဝှက် ကြယ်တာရာ အဆင့် များစွာမှာ အပြောင်းအလဲများ ကြားမှပင် ကြယ်တာရာ သခင်များစွာကို လိုက်လံ စုစည်းပြီး ကိုယ်ပိုင် အင်အားစုများ တည်ထောင် နေကြဆဲ ဖြစ်သည်။
လူ့အဖွဲ့အစည်းက ရှုံးနိမ့်သူများ အဖြစ် သတ်မှတ်ထားသည့်တိုင် သူတို့မှာ သာမန် ကြယ်တာရာ သခင်များထက် သာလွန်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ မိမိ အင်အားစု အတွင်း လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်ကို ပိုင်ဆိုင်ထားခြင်းက ကြယ်တာရာ သခင် ဆယ်ယောက်ထက် ပိုမို၍ စိတ်ချရပေသည်။
တန်ခိုးရှင် အဆင့်၏ နိုဘယ်နှင့် အင်ပါယာ သတ်မှတ်ချက်များကတော့ သိပ်ပြီးတော့ မပြောင်းလဲချေ။ နိုဘယ် အဆင့်ကို အဆင့် သုံးဆင့် ခွဲထားသည်။ ၎င်းတို့က အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့်တို့ ဟူ၍ပင် ဖြစ်သည်။ ထိုအဆင့် တစ်ခုချင်းစီကို လျှို့ဝှက် ဝိညာဉ် အဆင့်၊ သေမျိုး တစ်ပိုင်း အရှင် အဆင့်နှင့် မြေကြီး ရှန့်ထို အဆင့် အသီးသီးက ဦးဆောင်ကြသည်။
အင်ပါယာ အဆင့် ဆိုသည့် ဘွဲ့ထူးကိုတော့ ကြယ်တာရာ နယ်မြေ၏ အစွမ်း အထက်ဆုံး အင်အားစုကိုသာ ပေးအပ် ချီးမြှင့်ပေသည်။
ထိုအဆင့် နှစ်ခု အပြင် “ထာဝရ” ဆိုသည့် အဆင့် တစ်ခုကိုလည်း ထပ်ပေါင်း ထည့်ခဲ့သည်။ ထိုခေါင်းစဉ်ကိုတော့ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှိ တန်ခိုးရှင် အဆင့် အင်အားစုများထဲမှ အင်အား အကြီးဆုံး အဖွဲ့အစည်း တစ်ခုတည်းကိုသာ ပေးအပ်မည် ဖြစ်သည်။
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှ လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ထုတ်ဖော် ပြသခဲ့ပြီး နောက်တွင် အဆုံးမဲ့ ကောင်းကင်၏ အင်ပါယာ ထျန်းကလန်သည်သာလျှင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၌ အင်အား အကြီးဆုံး ဖြစ်ကြောင်း လက်ခံရန် ငြင်းဆိုရဲသည့် အင်အားစု မရှိပါတော့ချေ။ သူတို့၏ အဆင့်အတန်းနှင့် တည်ရှိမှုတို့က လယ်ပြင်တွင် ဆင်သွားသလို ထင်ရှား နေခဲ့ချေပြီ ဖြစ်သည်။
ထိုကဲ့သို့ အင်အားစု အဆင့်များ ပြန်လည် မွမ်းမံ သန့်စင်ခြင်းနှင့် အတူ ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ တက်ကြွစွာဖြင့် လှုပ်ရှား သက်ဝင် နေခဲ့လေသည်။ လူငယ်များမှာ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာစေရေး အတွက် သူတို့ကိုယ် သူတို့ ကျင့်ကြံခြင်း၌ မြှုပ်နှံ ထားကြကာ လူကြီး မျိုးဆက်များမှာလည်း အနာဂတ်တွင် အခြေခံ အုတ်မြစ်ကောင်း တစ်ခု တည်ဆောက်ရန် လုံးပမ်း နေကြလေသည်။
သို့သော်လည်း... ထိုအရာ အားလုံးက နဂါးငွေ့တန်း ကြယ်ကွင်းပြင်၊ အဆုံးမဲ့ အမှောင်ထုထဲ၌ ပျံသန်း နေသည့် လူငယ် တစ်ယောက်နှင့် ဖီးနစ် တစ်ကောင် အတွက်တော့ လုံးဝ အရေးမပါခဲ့ပါချေ။
ဂီး...
ပိုင်လင်က ပျော်ရွှင်မြူးထူးသည့် အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်ရင်း အပျက်အစီး မန်နာများ အကြား၌ တဟုန်ထိုး ပျံသန်း လာခဲ့၏။
“ဟား... ဟား...”
ကျန်းမာသန်စွမ်းသည့် ရယ်မောသံ တစ်ခုမှာ ပိုင်လင်၏ ကျောထက်မှ နေ၍ ပနံတင့်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုရယ်မောသံ ပိုင်ရှင်ကတော့ အခြား မဟုတ်...။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ထံ အပြောင်းအလဲ များစွာကို ဆောင်ကျဉ်းလာခဲ့သည့် ဝေ့ဝူယင်ပင် ဖြစ်လေသည်။
“ငါတို့ ခုလို အတူ မပျံဖြစ်တာတောင် ကြာပြီပဲ... ဟုတ်တယ် မလား”
ဝေ့ဝူယင်က စိတ်ကြည်လင်စွာဖြင့် မေးလိုက်၏။ အပျက်အစီး မန်နာများက သူ့ ခန္ဓာကိုယ် အကြေးခွံများကို နွေးထွေးစွာ ပွတ်တိုက်နေခဲ့သည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း သဏ္ဍာန်ကို ထုတ်ဖော်ထား၏။ ထို့ကြောင့်ပင် အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်က သူ့အတွက် သက်တောင့်သက်သာ ရှိလှကာ အပျက်အစီး မန်နာများကိုလည်း အောက်စီဂျင် ကဲ့သို့ ရှုသွင်း နိုင်ပေသည်။ ထိုနည်းဖြင့် သူ၏ ရုပ်ခန္ဓာက အချိန်တိုင်း ကျင့်ကြံနေသကဲ့သို့ ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များမှာ စက္ကန့်နှင့် အမျှ ပိုမို၍ပင် သန့်စင် လာနေခဲ့သည်။
ဝှစ်... ဝှစ်...
ပိုင်လင်က အရှိန်ကို ပိုမို၍ မြှင့်လိုက်၏။ သူ၏ လှုပ်ရှားမှုများက အလွန်ပင် မြန်ဆန် လွန်းရကား အာကာသ ရွှေ့ပြောင်းခြင်းကို အသုံးပြုထားသည့် မြေကြီး ရှန့်ထိုများပင်လျှင် သူမကို မှီဖို့ ခက်ခဲလိမ့်မည် ဖြစ်ပေသည်။
“ဟုတ်တယ်... တော်တော်ကြာပြီ”
ပိုင်လင်က စိတ်စွမ်းအင် ဆက်သွယ်မှုကို သုံးကာ ပြန်လည် အဖြေပေးလိုက်သည်။ သူမက ကြယ်တာရာ ဝါးမြိုသူ ထန်ဂူကို ဝိုင်းပတ်ကာ အဆက်မပြတ် ပျံသန်းနေခြင်း ဖြစ်သည်။ ထန်ဂူ နိုးသွားမည်၊ သတိထားမိမည်ကို သူမ နည်းနည်းလေးမျှ ဂရုစိုက်ခြင်း မရှိပါချေ။
ပထမဆုံး နိဗာန အသွင်ပြောင်းခြင်းမှ ပြန်လည် နိုးထလာလာချင်းပင် ထန်ဂူမှာ သူမ၏ မွေးရပ်မြေကို ဝေ့ဝူယင်ထံမှ သူမ ပြန်လည် သိရှိခဲ့ရသည်။ ထိုနှစ်များ အတွင်း၌ ပိုင်လင်မှာ စိတ်ဆိုး ဒေါသထွက်ကာ ထန်ဂူကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း... ထိုကြယ်တာရာ ဝါးမြိုသူကြီး၏ အမွေးတစ်မျှင်ကိုမှ သူမ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါချေ။
ထိုအချိန်များမှာတုန်းက ထန်ဂူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် မြေဆွဲအား စွမ်းအင်ကိုပင် ခုခံရန် သူမ အတွက် ခက်ခဲခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ အနည်းငယ်ပင် အားထုတ်စရာ မလိုပဲ လွတ်လပ်စွာ ပျံသန်း နိုင်ခဲ့ပြီဖြစ်သည်။ ထိုအရာက သူမ ပိုမို အစွမ်းထက်လာသည် ဆိုသည့် လက္ခဏာ တစ်ရပ်ပင်။
ဝေ့ဝူယင်သည်လည်း ပိုင်လင်၏ ကျောထက်မှ စီးရသည့် အပေါ် လွတ်လပ် ပေါ့ပါး ပျော်ရွှင် နေခဲ့သည်။ သူ လောကီမျက်လုံး အဆင့်ကို ဝင်ရောက်ခဲ့သည်မှာ ရှစ်နှစ်တာ ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ငရဲ၏ တတိယမြောက် ကပ်ဘေးနှင့် ရင်ဆိုင်ရမည့် အချိန်မှာလည်း ပိုမို၍ နီးကပ်လာခဲ့ချေပြီ။ ရလဒ်က အောင်မြင်တာ ဖြစ်နိုင်သလို ကျရှုံးတာလည်း ဖြစ်နိုင်ပေသည်။
သူ့ထံတွင် အသက် ၁၂၈ ရှစ်နှစ် အရွယ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ ရှိသည် ဆိုသော်လည်း... ကံဆိုးစွာပင် ထိုဝေ့ဝူယင်သည်လည်း တတိယ ကပ်ဘေးကို ရင်ဆိုင်ရန် တစ်နှစ် ကျန်ရှိနေပေသေးသည်။ သူနှင့် ခြားနားစွာပင်... ထိုဝေ့ဝူယင်မှာ မည်သည့် ကောင်းချီးခံကိုမှ မသတ်ခဲ့ချေ။
လူချင်း အတူတူ ဆိုသော်လည်း ကျင့်ကြံခြင်း နှလုံးသားများကတော့ ခြားနားခဲ့ပေသည်။ အကယ်၍ ဝေ့ဝူယင်သာ သူ့နေရာတွင် ဆိုပါက ရှိရှိသမျှ ဆေးတောင့် အားလုံးကို မတုန့်မဆိုင်း ထုတ်သုံးကာ လျူယင်လန်းကို သူနှင့် အပါ ခေါ်ခဲ့မည် ဖြစ်သည်။ သူ၏ ကြယ်တာရာ ဝိညာဉ် လေးခုမှာလည်း ထိုဆုံးဖြတ်ချက်ကို သဘောတူပေလိမ့်မည်။ သူတို့ထဲမှ တစ်ယောက် သေဆုံးရမည် ဆိုလျှင် အကုန်လုံး သေဆုံးရလည်း ပြဿနာ မဟုတ်တော့ချေ။
ထိုကဲ့သို့ အဖြစ်မျိုးကိုလည်း ဝေ့ဝူယင် ဘယ်တော့မှ ခွင့်ပြုလိမ့်မည် မဟုတ်ပါချေ။
“အိုး... သူတို့ ရောက်လာပြီ...”
ပိုင်လင်က ထန်ဂူ၏ ကွေးညွှတ်နေသည့် အမွေး တစ်ချောင်းအတွင်း ဖြတ်သန်း ပျံသန်းရင်း ရေရွတ်လိုက်သည်။ ဝေ့ဝူယင်မှာ အဝေး တစ်နေရာသို့ လှမ်းကြည့်လိုက်ရာ ဧရာမ အရွယ်အစား ရှိသည့် ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်း တဖြည်းဖြည်း နီးကပ်လာနေသည်ကို တွေ့လိုက်ရ၏။
“သွားရအောင်...”
ဝေ့ဝူယင် အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်လင်မှာ အတောင်ပံများကို ဖြန့်ကျက်ကာ ဟင်းလင်းပြင် သင်္ဘောထံသို့ အရှိန်အဟုန်နှင့် ပျံသန်းလေတော့သည်။
ထိုဟင်းလင်းပြင် သင်္ဘောကြီးကို ဝေ့ဝူယင် ရင်းနှီးပြီးသား ဖြစ်သည့် ပုဂ္ဂိုလ် သုံးဦးက ပိုင်ဆိုင်ပေသည်။ သူတို့မှာ ဝေ့ဝူယင် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်ရောက်ချင်း ပထမဆုံး လက်ခံခဲ့သည့် လက်အောက်ငယ်သားများ ဖြစ်ကြသည့် တိမ်ပြာ၊ ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့မှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။
“ခွန်ရီမင် တွက်ချက်တဲ့ အတိုင်း ကွက်တိပဲ... ဒီနေရာာက ငါတို့ သခင်လေးရဲ့ မွေးရပ်မြေလို့ နာမည် ကျော်ကြားတဲ့ ထာဝရ ကြယ်တာရာ နယ်မြေဟောင်း နေရာပဲ”
တိမ်ပြာက ခွန်ရီမင်ကို ကြည့်ကာ ချီးမွမ်းလိုက်၏။ သူက မျက်နှာထက်၌ အရေး အကြောင်းများ စွန်းထင်းနေသည့် သက်လတ်ပိုင်း အရွယ် တစ်ယောက် ဖြစ်သော်လည်း ခွန်ရီမင်ကတော့ အသက် နှစ်ဆယ်ကျော် အရွယ် မိန်းမငယ်လေး တစ်ယောက်လို လှသွေးကြွယ်တုန်း ဖြစ်သည်။
ခုတ်ပိုင်းခြင်းဓားက ကျေနပ်စွာ ပြုံးလိုက်၏။
“ဒါပေါ့... မှန်ရမှာပေါ့... သူက ကျုပ် မိန်းမပဲ အဘိုးကြီးရဲ့...”
“ဟုတ်ပါတယ်ကွာ... မင်းရဲ့ မိန်းမပါ... ကောင်လေး... ငါက အဘိုးကြီး ဖြစ်လာပြီ ဆိုပေမဲ့ မင်းတို့လည်း ငယ်လာတာတော့ မဟုတ်ပါဘူး… ငါ မြေးချီခွင့်တောင် ရပါတော့မလား”
တိမ်ပြာက ရယ်မောရင်း ပြန်လည် ခနဲ့လိုက်သည်။ ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ယောက် ပေါင်းဖက်လာခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခုအထိ သားသမီး ရတနာ ထွန်းကားခြင်း မရှိသေးချေ။ ခွန်ရီမင်သာ သေမျိုး တစ်ပိုင်းအရှင် အဆင့်ကို မတက်လှမ်းနိုင်လျှင် လက်ရှိ အသက်အရွယ် အရ သူမမှာ သွေးဆုံးခါနီးနေပြီ ဖြစ်သည်။
“ခင်ဗျား...”
ခုတ်ပိုင်းခြင်းဓားက ဒေါသတကြီးဖြင့် ထသတ်တော့မည့်ဟန် ပြုလိုက်၏။ ခွန်ရီမင်က ဘာမှ ပြန်မပြောပဲ သူတို့ နှစ်ယောက်ကို လျစ်လျူထားသည်။ သူမက အဝေး တစ်နေရာကိုသာ လှမ်းကာ မျှော်ငေးကြည့် နေခဲ့၏။ မကြာခင်မှာပင် ရွှေသွေးရောင် မီးတောက်တစ်ခု အဝေးမှ ပျံသန်းလာသည်ကို သူမ တွေ့မြင် လိုက်ရလေသည်။
“သူ လာနေပြီ...”
***