← Chapters

အကူအညီ

Vol. 85 Ch. 1185

အကူအညီ

Vol. 85 Ch. 1185

“သူ လာနေပြီ...”

“...”

ခွန်ရီမင်ထံမှ သတိပေးစကားသံကို ကြားသည်နှင့် တစ်ပြိုင်နက် တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့၏ အမူအရာများက လေးနက်သွားကြ၏။ သူတို့၏ ကိုယ်နေဟန်များက ဆန့်တန်းသွားကြကာ အဝေး တစ်နေရာကို လှမ်းကြည့်လိုက်ကြသည်။ အလွန် လျှင်မြန်စွာ ချဉ်းကပ်လာသည့် ပုံရိပ်ကို တွေ့လိုက်ရသော အခိုက်၌ သူတို့၏ စိတ်များက အံ့သြ ထိတ်လန့်မှုများနှင့် ပြည့်နှက် သွားကြသည်။

အလွန် လျှင်မြန်လွန်းသည်။

လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် မျက်တောင် တစ်ခပ်စာ အချိန်မျှ အတွင်းမှာပင် ပိုင်လင်မှာ သူတို့ ဟင်းလင်းပြင် သင်္ဘော၏ အရှေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝှစ်...

ပိုင်လင်မှာ သင်္ဘော ကုန်းပတ်ပေါ်သို့ ဆင်းလက်လာခဲ့၏။ သူမ၏ ရွှေရောင် မျက်လုံးများက သင်္ဘောသားများနှင့် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်ကို တစ်ချက် ဝှေ့ယမ်းကာ ကြည့်ရှုလိုက်သည်။ လေးစားသည့် အမူအရာဖြင့် ခါးများကို ဆန့်တန်းထားကြသည့် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်နှင့် ကြောက်လန့် တုန်ရီနေသည့် သင်္ဘောသားများကို ကြည့်ရင်း‌ ဝေ့ဝူယင် အနည်းငယ် ပြုံးလိုက်သည်။

ဝှစ်...

ထို့နောက် ပိုင်လင်၏ ကျောထက်မှ ခုန်ချကာ တိမ်ပြာတို့ သုံးယောက် အရှေ့သို့ ရောက်ရှိလာကြ၏။ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်လုံးက ဦးများကို ပြိုင်တူညွှတ်လိုက်ကြကာ သူတို့၏ လေးစားမှုများကို ဖော်ညွှန်း လိုက်ကြသည်။

“အရှင်ဝေ့... “

ဝေ့ဝူယင်က သူတို့ သုံးယောက်ကို စေ့စေ့ကြည့်ကာ ခေါင်းညိတ်လိုက်၏။

“ဒီနှစ်တွေထဲမှာ ခင်ဗျားတို့ သုံးယောက် တော်တော် တိုးတက် လာကြတာပဲ... တိမ်ပြာ ဆိုရင် သေမျိုး တစ်ပိုင်း အရှင် အဆင့်ကိုတောင် ရောက်ခါနီး နေပြီ”

“...”

တိမ်ပြာမှာ ဝေ့ဝူယင်၏ ထိုးထွင်း တွေ့မြင်နိုင်စွမ်းကို ကြည့်ကာ ဆွံ့အ သွားခဲ့၏။ အခြား နှစ်ယောက်မှာလည်း တုန်ရီ သွားခဲ့ကြသည်။ ဝေ့ဝူယင် အပေါ် သူတို့ သုံးယောက်၏ လေးစားမှုများက နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့၏။

“အရှင်ဝေ့ရဲ့ မျက်လုံးက အားလုံးကို ဖြတ်သန်းပြီး မြင်နိုင်တာပဲ”

တိမ်ပြာက ဖြူရော်စွာ ပြုံးရင်း ဆိုလိုက်၏။ သုံးယောက်ထဲ၌ လူအိုကြီးမှာ အချိန် အကြာဆုံး ကျင့်ကြံထားသူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များ အတွင်း ဝေ့ဝူယင်ထံမှ အထောက်အပံ့များနှင့် အတူ တတိယ ခြေချခြင်းကို စိန်ခေါ်ရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“အရှင်ဝေ့... ကျွန်မတို့ကို ဘာလို့‌ ‌ခေါ်လိုက်ရတာလဲ...”

ခွန်ရီမင်က အနည်းငယ် စဉ်းစားရခက်ဟန်ဖြင့် မေးလိုက်၏။ လွန်ခဲ့သည့် ရှစ်နှစ် အတွင်း၌ သူတို့ သုံးယောက်မှာ ဝေ့ဝူယင်၏ အမိန့်အတိုင်း ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ အတွင်း၌ ကျင့်ကြံ နေခဲ့ခြင်း ဖြစ်ပြီး မြေကြီး ရှန့်ထို ချင်းဖုန်းထံမှလည်း အကူအညီများ ရရှိခဲ့သည်။

ဝေ့ဝူယင် တစ်ယောက် လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်၏ မျက်လုံးများထဲမှ ထွေပြားသည့် အကြည့်များကို ရှင်းလင်းစွာပင် မြင်နိုင်ပေသည်။ ထို့ကြောင့် သူက တိုက်ရိုက်ပင် ပြောရန် ဆုံးဖြတ် လိုက်၏။

“ကျုပ် ခင်ဗျားတို့ကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းက အကူအညီ တစ်ခု တောင်းစရာ ရှိလို့ပါပဲ”

“အကူအညီ...”

လျှို့ဝှက် အာဏာရှင် အဆင့် သုံး‌ယောက်မှာ အံ့သြ သွားကြ၏။ ဝေ့ဝူယင်ထံတွင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည့် မီးဖီးနစ် တစ်ကောင် အပြင်၊ အလွန် အစွမ်းထက်သည့် မြေကြီး ရှန့်ထို အဆင့် လက်အောက်ငယ်သား နှစ်ယောက်လည်း ရှိပေသေးသည်။ သူက သူတို့လို လျှို့ဝှက် ဝိညာဉ် အဆင့်လေးများကို လိုအပ်သည်လော။

"ကျုပ် တောင်းမယ့် အကူအညီက များများစားစား မဟုတ်ပါဘူး... ကျုပ်ကို သတ်ဖို့ သက်သက်ပဲ”

ဝေ့ဝူယင်က လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်ကို စိုက်ကြည့်ရင်း လေးနက်သည့် လေသံဖြင့် ဆိုလိုက်လေ၏။

"သတ်... သတ်ဖို့... အရှင်ဝေ့ကို”

တိမ်ပြာ တစ်ယောက် စကားလုံးများပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့၏။ သူ၏ အမူအရာက မယုံကြည်နိုင်ခြင်း၊ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။

ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့ နှစ်ယောက်စလုံး၏ မျက်နှာများကတော့ ဖြူရော်သွားကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အထူးသဖြင့်... ခွန်ရီမင်၏ မျက်နှာက သရဲတစ္ဆေ တစ်ကောင်ကို တွေ့မြင်ရသလို ဆွတ်ဆွတ်ဖြူနေကာ အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။

ဘုန်း...

သူမက တုန်ရီ ယိမ်းထိုးစွာဖြင့် ချက်ချင်းပင် ဒူးထောက်လိုက်၏။ ထို့နောက် ခေါင်းကို ကြမ်းပြင်နှင့် ထိကပ်ရင်း ဆိုလိုက်လေသည်။

“အရှင်ဝေ့... ကျွန်မတို့ မလုပ်နိုင်ပါဘူး”

ခုတ်ပိုင်းခြင်းဓားမှာ ခွန်ရီမင်၏ အမူအရာကို ကြည့်ကာ ဆွံ့အသွားခဲ့၏။ တစ်ချိန်တည်း၌ နှလုံးသားထဲမှ နာကျင်မှု တစ်ခုကို သူ ခံစားလိုက်ရသည်။

ဘုန်း...

သူသည်လည်း မတုန့်မဆိုင်းပင် လိုက်လံ ဒူးထောက်လိုက်၏။

“အရှင်ဝေ့... ကျုပ်နဲ့ ကျုပ်ဇနီးတို့က အရှင့်ကို ဘယ်တော့မှ သစ္စာ မ‌ဖောက်ပါဘူး... ကျုပ် ဘဝ တစ်လျှောက်လုံး အရှင်ဝေ့ကို ထိခိုက်အောင် လုပ်ဖို့ ဘယ်တော့မှ မကြံစည်ခဲ့ဖူးပါဘူး... လျှို့ဝှက် ကျိန်စာဆို ဆိုရမယ် ဆိုရင်တောင် ကျုပ် ဆိုပါ့မယ်”

“...”

တိမ်ပြာမှာ မြေးနှင့် မြေးချွေးမတို့၏ အမူအရာများကို ကြည့်ကာ ဆွံ့အသွားခဲ့၏။ သို့သော်လည်း လူအိုကြီးမှာ ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်လေရာ အ‌ကြောင်းရင်း တစ်ခုခုတော့ ရှိနေပြီ ဖြစ်ကြောင်း သူ သိရှိလိုက်သည်။

ဝေ့ဝူယင်၏ အမူအရာကတော့ ထူးမခြားနား တည်ငြိမ်နေ၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ လက်အောက်ငယ်သားနှင့် သခင် ဆက်ဆံရေးတွင် လျှို့ဝှက် ကျိန်စာ ယဉ်ကျေးမှုကို ကျင့်သုံးနေသည့်တိုင် ဝေ့ဝူယင်ကတော့ ထိုအပေါ် အယုံအကြည် သိပ်မရှိပါချေ။ မည်သည့် လျှို့ဝှက် ကျိန်စာတွင် ဖြစ်စေ... ယိုပေါက်များကတော့ ရှိစမြဲ ဖြစ်သည်။

ဥပမာ... ခုတ်ပိုင်းခြင်းဓားမှာ ဝေ့ဝူယင်၏ တည်နေရာကို ဘယ်တော့မှ မဖော်ထုတ်ပါဟု ကျိန်ဆို ထားသည် ဆိုပါစို့။ သူက တိုက်ရိုက် ဖော်ထုတ်ခြင်း မပြုသော်လည်း... အစေခံ တစ်ယောက်ကို ခေါ်လာကာ သွယ်ဝိုက် ထုတ်ဖော် စေခြင်းဖြင့် ကျိန်စာ၏ ယိုပေါက်ကို ချိုးဖျက် နိုင်ပေသည်။

“ထလိုက်ကြပါ...”

ဝေ့ဝူယင်က လေးနက်သည့် လေသံဖြင့် ဆိုလိုက်၏။ သူ၏ အမိန့်က ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ဦး စလုံးကို ပိုမို၍ တုန်ယင်သွားစေခဲ့သည်။ သို့သော်လည်း... သူတို့ မထရဲကြပါချေ။

“ထကြ...”

ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်က ပိုမို ခက်ထန်စွာ အမိန့်ပေးလိုက်၏။ လျှို့ဝှက် ဝိညာဉ် အဆင့် နှစ်ယောက်မှာ တုန်ရီစွာဖြင့် ခေါင်းများကို မော့ကြည့် လိုက်ကြသည်။ အမိန့်ပေးသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည့် ငွေ‌ရောင် မျက်ဝန်း တစ်စုံကို တွေ့လိုက်ရသော အခိုက်၌ သူတို့ ဖြည်းညင်းစွာ ပြန်လည် မတ်တပ်ရပ် လိုက်ကြ၏။

“မင်းတို့ နှစ်ယောက် ဘာတွေလုပ်...”

တိမ်ပြာက သူ့ မြေးနှင့် မြေးချွေးမတို့ကို ဒေါသတကြီးဖြင့် အော်ငေါက်ရန် ပြင်ဆင်လိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်က သူ့ကို လက်ကာပြကာ တားဆီးလိုက်သည်။ သူ၏ မျက်လုံးများက ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ယောက်ကိုသာ စိုက်ကြည့် နေခဲ့၏။

“မင်းတို့ နှစ်ယောက် ထာဝရ အစည်းအရုံးနဲ့ သဘောတူညီချက် ပြုလုပ်တဲ့ အကြောင်းတွေ ၊ အစစ်အမှန် မွေးဖွားခြင်းနဲ့ ဆက်သွယ်တဲ့ အကြောင်းတွေ ငါ သိပြီးပြီ... မင်းတို့ ရင်းမြစ် တစ်ခုခု လိုအပ်ရင် ငါ ဘယ်တုန်းက မပေးပဲ နေဖူးလို့လဲ”

လူငယ်၏ အသံက အေးစက်နေ၏။

“...”

ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ဦးစလုံး ခေါင်းများကို ငုံ့လိုက်ကြသည်။ ထိုအခိုက်၌ ဝေ့ဝူယင် မျက်လုံး အောက်တွင် ကိုယ်တုံးလုံး ရပ်နေရသလိုပင် သူတို့ ခံစားနေရသည်။ လူငယ်ထံမှ မည်သည့် လျှို့ဝှက်ချက်ကိုမှ ဖုံးကွယ်နိုင်ခဲ့သည့်ပုံ မရချေ။

“မင်း အစစ်အမှန် မွေးဖွားခြင်းနဲ့ ဆက်သွယ်ခဲ့သေးလား”

ခုတ်ပိုင်းခြင်းဓားက ခွန်ရီမင်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။ ထိုအကြောင်းကို ဇနီးဖြစ်သူက သူ့အား တစ်ခါမှ မပြောပြဖူးချေ။ ထာဝရ အစည်းအရုံးက ဝေ့ဝူယင်၏ ထုတ်ကုန်များကို ပေါက်‌စျေးထက် အဆသုံးဆယ် ပေးဝယ်နေသည့် အကြောင်းကိုတော့ သူမထံမှ သူ ပြန်လည် သိရှိခဲ့ရပေသည်။ သို့သော်လည်း... ထိုကဲ့သို့ ရောင်းချခဲ့သည်က သူတို့ချည်း မဟုတ်ပါချေ။

ထာဝရ နတ်ဘုရား၏ ရည်ရွယ်ချက်က ဝေ့ဝူယင် ဖော်စပ်ထားသည့် အဂ္ဂိရတ် ထုတ်ကုန်များကို လေ့လာကာ ကိုယ်ပိုင် ဉာဏ်အလင်းဖြင့် ပြန်လည် ဖော်စပ်နိုင်ရန် ဖြစ်ပေသည်။ သို့သော်လည်း... သူ မသိသည့် အချက်က ဝေ့ဝူယင်မှာ လွတ်လပ်သည့် နည်းလမ်းများကို အသုံးပြုနေသည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်သည်။ သူက သာမန် သမာရိုးကျ နည်းလမ်းများကို သုံးလေ့ မရှိပဲ နည်းလမ်းများကို အမြဲတစေ ပြောင်းလဲ နေတတ်သည်။ ထို့‌ကြောင့်ပင် သူ့ နည်းလမ်းများကို ခန့်မှန်းဖို့ ဘယ်တော့မှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။

လောဘကြောင့် ထာဝရ အစည်းအရုံးကို အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ ရောင်းချခဲ့သော်လည်း ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့မှာ ဝေ့ဝူယင် အပေါ် ဘယ်တုန်းကမှ သစ္စာ မ‌ဖောက်ခဲ့ပါချေ။

အစစ်အမှန် မွေးဖွားခြင်းနှင့် ဆက်သွယ်ခဲ့သည် ဆိုသည့် အကြောင်းကို ပြောရလျှင် နည်းနည်း ရှုပ်ထွေးသည်။ ခွန်ရီမင်မှာ သာမန်ထက် ပိုမို၍ အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ အစစ်အမှန် မွေးဖွားခြင်းက သူမကို ချဉ်းကပ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း... သူမ ငြင်းခဲ့သည်။ အကျိုးဆက် အနေဖြင့် အစစ်အမှန် မွေးဖွားခြင်းက သူတို့၏ ကြိုးပမ်းမှုကို မထုတ်ဖော်ပါ ဟူ၍ လျှို့ဝှက် ကျိန်စာ ကျိန်ဆို ခိုင်းခဲ့သည်။ ထို့ကြောင့်ပင် သူမက ထိုအကြောင်းကို ရေငုံနှုတ်ပိတ် နေခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာပင် ယခုတွင်တော့ အရာအားလုံးက ဝေ့ဝူယင်၏ မျက်လုံးရှေ့၌ ဘူးပေါ်သလို ပေါ်သွားခဲ့ပြီ ဖြစ်လေသည်။

ခွန်ရီမင် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ ဝေ့ဝူယင်မှာ ထိုကိစ္စကို အစောကြီး ကတည်းက သိပြီးသား ဖြစ်ပုံပေါ်သည်။ ထို့အပြင်... သူတို့မှာ ယနေ့အထိ ဆက်လက် အသက်ရှင်နေသေးသည်။ ထိုအချက်က သူတို့ထံတွင် အခွင့်အရေး ရှိသေးသည်ဟု ဆိုလိုပေသည်။

“ကဲပါတယ်... လိုရင်းကိုပဲ ပြန်သွားရအောင်... ခင်ဗျားတို့ သုံးယောက် ကျုပ်ကို သတ်ကြ... ရနိုင်သမျှ နည်းလမ်း‌တွေ သုံးပြီး ကြိုးစားကြ”

ဝေ့ဝူယင်က ခပ်မြန်မြန်ပင် လိုရင်းကို ပြန်လည် ဦးတည်လိုက်၏။ ခုတ်ပိုင်းခြင်းဓား၊ တိမ်ပြာနှင့် ခွန်ရီမင်တို့ သုံးယောက် စလုံးမှာ တိတ်ဆိတ် နေကြ၏။ မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်း သူတို့ မသိကြပါချေ။

အချိန်အတန်ကြာပြီး နောက်တွင်မှ ခုတ်ပိုင်းခြင်းဓားက မဝံ့မရဲဖြင့် ဆိုလိုက်သည်။

“ဒါပေမဲ့... အရှင်ဝေ့က ကြယ်တာရာ အမြုတေ အဆင့်မှာပဲ ရှိသေးတာလေ”

လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သေမျိုးဘုံ၌ ပြိုင်ဘက်ကင်းသည်။ ထို့အပြင်... သူတို့မှာ လျှို့ဝှက် ကြယ်တာရာ အဆင့်များ မဟုတ်ချေ။ အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်သည်။ လျှို့ဝှက် ဝိညာဉ် အဆင့်များ ဖြစ်ကြသည်။ သူတို့ တစ်ယောက်ချင်းစီမှာ တန်ခိုးရှင် အဆင့် အင်အားစု တစ်ခုချင်းစီကို ဦးစီးရန် အရည်အချင်း ရှိကြသူများ ဖြစ်သည်။

အချိန်သခင် တစ်ယောက် မဆိုထားနှင့်...။ ကြယ်တာရာ သခင် အယောက် တစ်ရာကိုပင် သူတို့ လက်ဖျောက် တစ်ချက် တီးရုံဖြင့် သတ်ဖြတ်နိုင်သည်။

“ကျုပ် သိတယ်”

ဝေ့ဝူယင်က အသာအယာ ပြုံးရင်း ဆိုလိုက်၏။

“...”

ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဝေ့ဝူယင် ဆိုလိုသည့် အဓိပ္ပာယ်ကို သူတို့ ယခုတိုင် နားမလည်နိုင်ကြပါသေးချေ။

“ကောင်းပါပြီ...”

တိမ်ပြာက ခေါင်းညိတ်ကာ ဝေ့ဝူယင်၏ အမိန့်ကို နာခံလိုက်သည်။

“လျှို့ဝှက် အာဏာရှင် အဆင့်တွေနဲ့ သေမျိုးတွေ ကြားက ခြားနားချက်ကို အရှင်ဝေ့ နားလည်အောင် ကျုပ်တို့ ကြိုးစားပေးပါ့မယ်”

“...”

တိမ်ပြာ၏ စကားက များစွာသော သင်္ဘောသားများ အပါအဝင် ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ယောက် စလုံး၏ မျက်လုံးများကို တောက်ပသွားစေခဲ့သည်။ ဝေ့ဝူယင်က သူ့ အကန့်အသတ်ကို စမ်းသပ်ချင်ရုံ သက်သက်လော။ သူတို့ အနည်းငယ်ပင် စိတ်ပေါ့ပါး သွားခဲ့၏။

သို့သော်လည်း... ဝေ့ဝူယင်က ခေါင်းကို ခါယမ်း လိုက်သည်။

“မဟုတ်ဘူး... ကျုပ်က ခင်ဗျားတို့ကို တကယ့် တိုက်ပွဲ တစ်ခုလိုမျိုး သဘောထား စေချင်တာ... ကျုပ်ကို မရ ရအောင်သတ်စေချင်တာ... အခု ကျုပ်မှာ ဘာအကာအကွယ်မှ မရှိဘူး... ကျုပ်ရဲ့ အဂ္ဂိရတ် သူရဲကောင်းတွေ အားလုံးလည်း တံခါးပိတ် ကျင့်ကြံနေကြတယ်... ပိုင်လင်လည်း ဘာမှ ဝင်ပါမှာ မဟုတ်ဘူး”

“...”

တိမ်ပြာတို့ သုံးယောက်မှာ သူတို့ကိုယ် သူတို့ နားကြားလွဲ နေသလိုပင် ခံစားနေရ၏။ သို့သော်လည်း ဝေ့ဝူယင်က ရှင်းလင်း ပြတ်သားစွာဖြင့် ဆက်လက်၍ ပြောလိုက်လေသည်။

“ခင်ဗျားတို့ ပေါ့သေးသေး မမှတ်နဲ့... အမှား မလုပ်မိစေနဲ့... ကျုပ်ကလည်း ခင်ဗျားတို့ကို ပြန်ပြီး သတ်ဖို့ ကြိုးစားမှာပဲ... သုံးနာရီ အတွင်းမှာ ခင်ဗျားတို့ ကျုပ်ကို မသတ်နိုင်ဘူး ဆိုရင်... ကျုပ် ကတိပေးတယ်... ခင်ဗျားတို့ အသက် ဆက်ရှင်တော့မှာ မဟုတ်ဘူး”

***

All Chapters